Switch Mode

အခန်း ( ၃၀၁ )

ငါက ဘာကိုကြောက်နေရမှာတုံး

မီးဝိညာဉ်ကျောင်းမှ ကျောင်းအုပ်၏ မျက်လုံးများမှာ နီမြန်းသွား၏။ သူသည် စွမ်းအားအကုန်ထုတ်၍ ထိုတိုက်ကွက်ကို တွန်းလှန်ခုခံလိုက်ပါသော်လည်း ဝမ်ပေါင်လဲ့ ထုတ်သုံးလိုက်သော တိုက်ကွက်ကြီး၏ ပြင်းအားကို ခုခံနိုင်စွမ်းမရှိပေ။ ထိုဓားကြီး အောက်သို့ကျဆင်းလာချိန်တွင် လေထုထဲ၌ မိုးခြိမ်းသံတစ်သံ ပေါက်ကွဲထွက်ပေါ်လာ၏။

ထို တိုက်ကွက်ကြီး၏ ပြင်းအားကြောင့် လှိုင်းများ အဆက်မပြတ် ထလာ၏။ ဟိုတယ်အပြင်ဘက်တွင် စုဝေးနေကြသော ကျောင်းသားများမှာ တုန်လှုပ်ချောက်ချားသွားကြပြီး အများစုမှာ ပါးစပ်ထဲမှ သွေးများအန်ထွက်လာတော့သည်။ လူတိုင်း နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြ၏။ မီးဝိညာဉ်ကျောင်းမှ ဆရာများပင်လျှင် အပြင်းအထန် တုန်ရီသွားကြပြီး သွေးများအန်ထွက်လာတော့သည်။ ထို့နောက် သူတို့မှာ ကြိုးပြတ်သွားသော စွန်များကဲ့သို့ နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွားကြတော့သည်။

မီးဝိညာဉ်ကျောင်းမှ ကျောင်းအုပ်မှာလည်း ပါးစပ်ထဲမှ သွေးများစီးကျလာ၏။ သူ၏ ဆံပင်များမှာလည်း အပိုင်းပိုင်းပြတ်သွားပြီး သူ၏ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရတော့သည်။ ထိုအချိန်တွင် ဓားပြားကြီးမှာ သူ၏ရင်ဘတ်ကို အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်သွား၏။ ထို့ကြောင့် သူသည် တစ်ကိုယ်လုံး တွန့်လိမ်ကောက်ကွေးသွားကာ လမ်း၏ အခြားတစ်ဖက်အခြမ်းသို့ လွင့်ထွက်သွားပြီး သူ၏ ကျောင်းဝန်းထဲသို့ ပြန်ရောက်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာ သူ့အား သက်ညှာပေးလိုက်ခြင်းဖြစ်သည်။ သူသည် နောက်ဆုံးတွင် သူ၏ဓားကို လှည့်လိုက်သောကြောင့်သာ ကျောင်းအုပ်မှာ ဓားပြားဖြင့် ရိုက်နှက်ခံလိုက်ရခြင်း ဖြစ်သည်။ အကယ်၍ ထိုသို့သာ မလှည့်ခဲ့ပါက ကျောင်းအုပ်မှာ သူ၏ဓားကြောင့် ခေါင်းပြတ်နေလောက်ပြီ ဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲတွင် ရှိခဲ့စဉ်တုန်းကဆိုလျှင် ဝမ်ပေါင်လဲ့မှာ ဤတိုက်ကွက်ကို ထုတ်သုံးနိုင်ခဲ့မည်မဟုတ်ပေ။ ထိုစဉ်တုန်းက သူသည် အခြေတည်အဆင့်သို့ ရောက်ရှိခါစ အနေအထားတွင်သာ ရှိသေးသည်ဖြစ်ရာ အခြေတည်အဆင့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုတစ်လေကိုပင် တတ်မြောက်ထားခြင်း မရှိပေ။ သို့သော် သူသည် ကမ္ဘာပေါ်သို့ ပြန်ရောက်လာခဲ့သည့် အချိန်ကတည်းက လျှပ်စီးတာအို အတွဲတစ်ကို လေ့ကျင့်နေခဲ့သည် မဟုတ်ပါလော။ သူသည် ပထမအဆင့်ကိုသာ ကျွမ်းကျင်တတ်မြောက်ထားပြီး သူ၏ ညာဘက်ခြေထောက်ပေါ်၌ လျှပ်စီးမင်ကြောင်တစ်ခု ရေးထိုးထားသည့်ပုံသာ ပေါက်နေပါသော်လည်း လက်တွေ့တွင်မူ ထိုကဲ့သို့ မဟုတ်ပေ။ ထို လျှို့ဝှက်ဆန်းကြယ် ပညာရပ်အား လေ့ကျင့်ခဲ့သောကြောင့် သူ၏ ဝိညာဉ်ချီများကို သန့်စင်နိုင်ခဲ့သဖြင့် ၎င်းတို့မှာ ပိုမို သန့်ရှင်းစင်ကြယ်လာပြီဖြစ်သလို ပို၍လည်း အစွမ်းထက်လာပြီဖြစ်သည်။

ထိုကာလအတွင်း သူ၏ အပြင်ခန္ဓာကိုယ်မှာလည်း အာဟာရဓာတ်များ ကြွယ်ဝလာခဲ့ပြီး ထိပ်ဆုံးအဆင့်၌ ရှိနေခဲ့၏။ သူသည် အစိမ်းရောင်ကြာပွင့်နှင့် တစ်သားတည်း ပေါင်းစည်းနိုင်ခဲ့သောကြောင့် သူ၏အပြင်ခန္ဓာကိုယ်မှာ ယခင်တုန်းကနှင့် မတူလောက်အောင် တောင့်တင်းခိုင်မာလာပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် လက်ရှိ တိုက်ရည်ခိုက်ရည်များမှာ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲတွင် ရှိခဲ့စဉ်တုန်းကထက် ပို၍ သာလွန်နေခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ဓားဖြင့် တစ်ချက်ရိုက်လိုက်ရုံမျှဖြင့် ကျောင်းအုပ်အား အဝေးသို့လွင့်ထွက်သွားအောင် လုပ်နိုင်လိုက်သောကြောင့် အခြားဆရာများမှာ အံ့ဩတုန်လှုပ်ကာ ကြောက်ရွံ့သွားကြတော့သည်။ ထို့နောက် သူသည် အသက်ရှူနှုန်းများ မတည်မငြိမ်ဖြစ်နေသည့် အမူအရာဖြင့် ရုတ်တရက်ဆိုသလို နောက်သို့လှည့်လာပြီး လီဝူချန်းအား စိုက်ကြည့်နေလိုက်တော့သည်။

လီဝူချန်း၏ မျက်နှာမှာ ဖြူဆုတ်နေပြီ ဖြစ်ပြီး သူ၏ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ သူသည် ဝမ်ပေါင်လဲ့မှာ အလွန် အစွမ်းထက်ကြောင်း သိထားပါသော်လည်း ယခုလောက်အထိ အစွမ်းထက်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ ဝမ်ပေါင်လဲ့မှာ ယခုလောက်အထိ ကြောက်မက်ဖွယ်ရာ ကောင်းနေလိမ့်မည်ဟုလည်း သူက ထင်မှတ်မထားခဲ့ပေ။

” ဝမ်ပေါင်လဲ့။ မင်း သတ္တိရှိရင် မင်းရဲ့ ဓမ္မလက်နက်တွေကို မသုံးနဲ့လေ ”
လီဝူချန်းမှာ နောက်သို့ အလောတကောနှင့် ဆုတ်ခွာနေရင်း အော်ပြောလိုက်၏။ သူသည် အရှုံမပေးလိုသေးပေ။

” မင်း ငါ့ကျောင်းသားတွေကို ထိရင်တော့ ငါက ငါ့ရဲ့ ဓမ္မလက်နက်တွေနဲ့ မင်းတို့ကို သင်ခန်းစာပြန်ပေးရမှာပဲ ”
ဝမ်ပေါင်လဲ့မှာ စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီး ချက်ချင်းပင် ပြန်ပြောလိုက်၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို ရှေ့သို့ ပြေးထွက်သွားလိုက်သဖြင့် လီဝူချန်းအား ချက်ချင်းပင် လိုက်မီသွားတော့သည်။ ထို့နောက် သူသည် သူ၏ ဓားကို‌မြှောက်ကာ လှမ်းခုတ်လိုက်၏။

” ငါ ဘာမှ မလုပ်…. ”
လီဝူချန်းမှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ ကြက်သေသေသွားရ၏။ သူသည် ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် သူငယ်အိမ်များ ကျဉ်းမြောင်းသွားရပြီး ထိုတိုက်ကွက်ကြီးကို အလျင်စလို ခုခံလိုက်ရ၏။ သူသည် သူ၏ ခေါင်းပေါ်သို့ ကျလာသော ဓားကြီးကို အာရုံအပြည့် စိုက်ထားသောကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် မျက်လုံးများ အရောင်လက်သွားပြီး လျှပ်စီးကဲ့သို့သော အမြန်နှုန်းမျိုးနှင့် သူ၏ ညာခြေထောက်‌ဖြင့် လှမ်းကန်လိုက်သည်ကို မမြင်လိုက်ရပေ။

သို့သော် သူ၏ တုံ့ပြန်နိုင်စွမ်းမှာလည်း အလွန်အင်မတန်မှ လျင်မြန်နေ၏။ သူသည် အံ့ဩတုန်လှုပ်သွားသော မျက်နှာအမူအရာဖြင့် သူ၏ ဘယ်ဘက်လက်ကို အောက်သို့ချ၍ ထိုကန်ချက်ကြီးကို ခုခံတားဆီးလိုက်၏။ ထိုအခါ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး သူ၏ ဘယ်ဘက်လက်ထဲမှ အရိုးမှာ ချက်ချင်းပင် ကြေမွသွား၏။ ထို ပြင်းထန်လှသော နာကျင်မှုကြီးကြောင့် သူ၏ နဖူးပေါ်တွင် ဇောချွေးများ ပြန်လာတော့သည်။ သို့သော် သူသည် အနည်းဆုံးတော့ ဝမ်ပေါင်လဲ့၏ အလစ်ကန်ချက်ကို ခုခံတားဆီးနိုင်လိုက်ပေသည်။

” မင်းရဲ့ အပြင်ခန္ဓာကိုယ်က တော်တော်လေးကို သန်မာတာပဲကွ ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွား၏။ သူသည် အစွမ်းကုန် ထုတ်မသုံးခဲ့ပေ။ သူတို့မှာ ကျောင်းတူတူတက်ခဲ့ကြသူများ ဖြစ်ပြီး ကမ္ဘာ့ရန်သူများလည်း မဟုတ်ကြပေ။ သူတို့ကြားမှ သဘောထားကွဲလွဲမှုမှာ အသေးအဖွဲ ကိစ္စတစ်ခုသာဖြစ်ပြီး သူသည် သူတို့အား သင်ခန်းစာတစ်ခု ပေးရုံလောက်သာ ကြံရွယ်ထားသည်။ သို့သော် သူ၏ကန်ချက် တားဆီးခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ သူ နှာမှုတ်လိုက်၏။ ထိုအခါ သူ၏ညာဘက်ခြေထောက်ထဲတွင် ကိန်းအောင်းနေသော လျှပ်စီးများမှာ ထွက်ပေါ်လာတော့သည်။

ဝမ်ပေါင်လဲ့၏ ညာဘက်ခြေထောက်ထဲမှ မိုးကြိုးသွားတစ်ခု အသံအကျယ်ကြီးမြည်ကာ ရုတ်တရက်ဆိုသလို ဖြာထွက်လာပြီး လီဝူချန်း၏ ဒဏ်ရာရထားသော ဘယ်ဘက်လက်အား ရစ်ပတ်သွား၏။ လီဝူချန်းမှာ ထိုမြင်ကွင်းအား အံ့သြတုန်လှုပ်စွာနှင့် ကြည့်နေစဉ်မှာပင် ထိုမိုးကြိုးသွားကြီးမှာ သူ၏ ပေါင်ကြားထဲရှိ နေရာအား ရိုက်ခတ်သွားတော့သည်။

ထိုအခါ သွေးပျက်ခြောက်ခြားဖွယ်ရာ အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာပြီး လီဝူချန်းမှာ နောက်သို့လွင့်ထွက်သွားတော့သည်။ အသက်အန္တရာယ်နှင့် ကြုံခဲ့ရသည့် တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်လာခဲ့ရသဖြင့် တဖြည်းဖြည်းပို၍ အစွမ်းထက်လာသော ဝမ်ပေါင်လဲ့နှင့် ယှဉ်လိုက်မည်ဆိုပါက လီဝူချန်းမှာ ကျင့်ကြံခြင်းအပိုင်းတွင်သာမက တိုက်ရည်ခိုက်ရည်အပိုင်းနှင့် အတွေ့အကြုံအပိုင်းတို့တွင်ပါ နိမ့်ကျနေသည်။

သူတို့နှစ်ယောက်စလုံး အာနာပါနအဆင့်တွင် ရှိခဲ့စဉ်တုန်းက လီဝူချန်းမှာ ဝမ်ပေါင်လဲ့အား ယှဉ်နိုင်လောက်ပါသော်လည်း ယခုတွင်မူ သူတို့နှစ်ယောက်မှာ လုံးဝ အဆင့်မတူတော့ပေ။

ဘေးပတ်ပတ်လည်ရှိ ကျောင်းသားများမှာ သူတို့ရှေ့ရှိ မြင်ကွင်းကြီးကို မြင်လိုက်ရသောအခါ ဆွံ့အမှင်တက်သွားကြတော့သည်။ မီးဝိညာဉ်ကျောင်းမှ ကျောင်းသားများမှာဆိုလျှင် အသားများ တုန်ရီလာကြတော့သည်။ သူတို့မှာ ကြောက်ရွံ့နေကြသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေမိတော့သည်။

အထူးသဖြင့် မကြာသေးမီတုန်းက ပမာမခန့် ပြောဆိုခဲ့သော ကျောင်းသားများမှာဆိုလျှင် သွေးပျက်လုမတတ် ထိတ်လန့်နေကြပြီဖြစ်သည်။ သူတို့အားလုံးမှာ သူတို့၏ ပေါင်ကြားများထဲတွင် စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သော စူးရှရှ နာကျင်မှုကြီးတစ်ခုကို ခံစားနေရသကဲ့သို့ ဖြစ်နေကြ၏။ သူတို့၏ ကျောင်းအုပ်အား အဝေးသို့လွင့်ထွက်သွားစေခဲ့သော ဝမ်ပေါင်လဲ့၏ ဓားချက်ကြီးပင်လျှင် ထိုကျောင်းသားများအား ယခုလိုခံစားရအောင် မလုပ်နိုင်ခဲ့ပေ။ သူတို့မှာ သူ့အား ကြောက်မက်ဖွယ်ရာ ကောင်းပြီး အလွန်အင်မတန်မှ အစွမ်းထက်သည်ဟုသာ မှတ်ယူထားခဲ့ကြပါသော်လည်း ထိုတိုက်ကွက်အား အထင်မကြီးခဲ့ပေ။

သို့သော် ပေါင်ကြားထဲသို့ လှမ်းကန်လိုက်သော သူ၏ ကန်ချက်ကြီးနှင့် ၎င်း၏ နောက်မှ ထွက်ပေါ်လာသော မိုးကြိုးသွားတို့မှာ မီးဝိညာဉ်ကျောင်းမှ ကျောင်းသားများအားလုံးကို တုန်လှုပ်ချောက်ချားသွားစေခဲ့၏။ သူတို့မှာ ရုတ်တရက်ဆိုသလို ကျောချမ်းသွားကြတော့သည်။

” သူက တကယ့်ကို ပေါင်ကြားထဲ ကန်လိုက်တာပဲဟ။ အဲ့ကန်ချက်နဲ့သာဆိုရင် ပေါင်ကြားထဲက ရှိသမျှ အကုန်လုံး ကြေမွသွားနိုင်တယ် ”

” တော်တော်ကို ယုတ်မာတာပဲ။ ကန်ရုံတင် မဟုတ်ဘူး။ နောက်က မိုးကြိုးသွားပါ ပါလာသေးတာဆိုတော့ မကြေမွပဲ ကျန်ခဲ့တဲ့ ပစ္စည်းတွေလည်း အကင်ခံလိုက်ရသလို ဖြစ်သွားမှာ ”

” မြူခိုးတာအိုကျောင်းက ဒီ ကျောင်းအုပ်က လူတွေရဲ့ ပေါင်ကြားတွေကို တော်‌တော်ကို မုန်းနေတာပဲ ဖြစ်ရမယ်။ သူ့ဆီမှာ ရောဂါအဆန်းအပြားကြီးတွေများ ရှိနေတာလား ”

မီးဝိညာဉ်ကျောင်းမှ မျက်နှာများ ဖြူဆုတ်နေကြသော ကျောင်းသားများမှာ နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြစဉ် ကျင့်သိုကျစ် အပါအဝင် မြူခိုးတာအိုကျောင်းမှ ကျောင်းသားများ၏ ရင်ထဲတွင် ခံစားချက်မျိုးစုံဖြင့် ဗလောင်ဆူနေရပြီဖြစ်သည်။ သူတို့မှာ မျက်နှာများ ညိုမည်းကာ မျက်လုံးများ ဖူးရောင်နေကြပါသော်လည်း သူတို့၏ ဝမ်ပေါင်လဲ့အား ကြည့်သော အကြည့်မှာ ယခင်ကနှင့် လုံးဝမတူတော့ပေ။

သူတို့မှာ ဝမ်​ေပါင်လဲ့အား ကျောင်းစီမံခန့်ခွဲရေးအဖွဲ့ထဲမှ သာမန်အဖွဲ့ဝင်တစ်ယောက်အဖြစ်သာ သတ်မှတ်ထားခဲ့ကြသည် ဖြစ်ပါသော်လည်း ယခုတွင်မူ ရိုသေလေးစားမှုများနှင့် ကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်နေကြပြီဖြစ်သည်။

သူတို့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေကြပြီး ဝမ်ပေါင်လဲ့မှာ သူတို့ဘက်မှ ရပ်တည်ပေးနေသောကြောင့် သူတို့၏ နှလုံးသားထဲ၌ ထူးဆန်းသော ခံစားချက်ကြီးတစ်မျိုး ထွက်ပေါ်လာ၏။ သူတို့အား ရိုက်နှက်ခဲ့သည့်သူမှာ လီဝူချန်း မဟုတ်ဘဲ မီးဝိညာဉ်ကျောင်းမှ ကျောင်းသားများသာ ဖြစ်ပါသော်လည်း ကျောင်းအုပ်ဝမ်မှာ ထိုအချက်အား မသိနိုင်လောက်ပေ။ ထိုကဲ့သို့သော အခြေအနေမျိုးမှာပင် သူသည် သူတို့ဘက်မှ ရပ်တည်ပေးခဲ့ပြီး အခြားကျောင်းမှ ဆရာများနှင့် ကျောင်းအုပ်များကို ရိုက်နှက်ကန်ကျောက်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ အတိုင်းမသိနိုင်လောက်အောင် စိတ်နှလုံး လှုပ်ရှားနေရပြီဖြစ်သည်။

ထို့အပြင် သူတို့မှာ ဝမ်ပေါင်လဲ့ မည်မျှအစွမ်းထက်သည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရပေသည်။ သူသည် ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ကျောင်းအုပ်အား အဝေးသို့လွင့်ထွက်သွားအောင် လုပ်နိုင်ခဲ့ပြီး လက်ထောက်ကျောင်းအုပ်ကိုပါ ကန်ကျောက်ခဲ့သည့်အပြင် ကျန်ရှိနေသေးသည် ဆရာ ခုနစ်ယောက် ရှစ်ယောက်ခန့်ကိုလည်း အဝေးသို့ လွင့်ထွက်သွားအောင် လုပ်နိုင်ခဲ့သည်ဖြစ်သည်။

ထိုအဖြစ်အပျက်များကြောင့် သူတို့၏ ငယ်ရွယ်နုနယ်သော နှလုံးသားလေးများမှာ ရင်ခုန်နှုန်းများ မြန်ဆန်လာကြပြီး သူတို့မှာ ဝမ်ပေါင်လဲ့အား ရိုသေလေးစားသွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း ကျင့်သိုကျစ်နှင့် သူ၏ ကျောင်းသားများ၏ မျက်နှာအမူအရာကို သတိထားမိလိုက်၏။ ထို့ကြောင့် သူသည် မျက်တောင် တဖျတ်ဖျတ် ခပ်လိုက်ပြီး ချက်ချင်းပင် ရင်ကော့လိုက်၏။ ထို့နောက် သူ၏ဓားကိုမြှောက်ကာ လီဝူချန်းအား ချိန်ရွယ်၍ တည်ကြည်စွာ ဆိုလိုက်၏။

” ငါ့ရဲ့ ကျောင်းသား‌တွေကို ရိုက်နှက်ကန်ကျောက်ချင်ဦး ”

” သေချာမှတ်ထား။ ငါတစ်ယောက်ပဲ ငါ့ရဲ့ ကျောင်းသားတွေကို အနိုင်ကျင့်ခွင့်ရှိတယ်။ တခြားဘယ်သူမှ အနိုင်ကျင့်ခွင့်မရှိဘူး ”
ဝမ်ပေါင်လဲ့မှာ မောက်မာဝင့်ကြွားမှု အပြည့်ဖြင့် ဆိုလိုက်၏။ ခပ်လှမ်းလှမ်းတွင်မူ လီဝူချန်းမှာ စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲနေတော့သည်။ သူ့တွင် သူ့ကိုယ်သူကာကွယ်နိုင်သည့် နည်းလမ်းတစ်ခုခု ရှိနေသည့်ပုံပင်။ ဝမ်ပေါင်လဲ့၏ လျှပ်စီးကန်ချက်ကြောင့် သူ၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီးနောက် သူ၏ ခန္ဓာကိုယ်အား မျက်စိကျိန်းစရာကောင်းသော ခရမ်းရောင်အလင်းတန်းတစ်ခုက လွှမ်းခြုံသွား၏။ ထို့နောက် သူ၏ ဒဏ်ရာပျောက်ကင်းနှုန်းမှာ သာမန်လူတစ်ယောက်နှင့် မတူလောက်အောင် မြန်ဆန်လာသောကြောင့် သူသည် ကြိုးစားရုန်းကန်၍ မတ်တတ်ပြန်ထလာတော့သည်။

ဝမ်ပေါင်လဲ့၏ စကားများကြောင့် သူသည် ယခင်ကအတိုင်း အရှက်မရှိသော လူတစ်ယောက် ဖြစ်နေဆဲပင်ဖြစ်ကြောင်း သူက သိလိုက်ရ၏။ သူသည် ထိုကျောင်းသားများကို လက်ဖျားနှင့်ပင် မထိရသေးပေ။ ထို့ကြောင့် သူသည် အမျက်ချောင်းချောင်းထွက်သွားပြီး စောဒကတက်ရန် ပြင်လိုက်၏။

သို့သော် သူ ပါးစပ်ဟလိုက်ပြီး စကားတစ်ခွန်းပင် မပြောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ လှောင်ပြောင်သောလေသံဖြင့် ဆိုလိုက်၏။

” မင်းပြောတာ သိပ်မှန်တယ်။ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက ငါ့ရဲ့ ကျောင်းသားတွေအပေါ် ဘက်လိုက်တယ်ကွာ ”

” ငါ ဘာမှ မပြောရသေး…. ”
လီဝူချန်းမှာ ဆွံ့အသွားရတော့သည်။ သူသည် ဝမ်ပေါင်လဲ့အား ဘက်လိုက်ကြောင်း မပြောရသေးသလို စကားတစ်ခွန်းတစ်လေပင် ထုတ်မပြောရသေးပေ။

” မင်းဆီမှာ ညီမတစ်ယောက်ရှိတာ ငါသိတယ်။ အဲ့ကိစ္စနဲ့ ဒီနေ့ ဖြစ်သွားခဲ့တဲ့ကိစ္စတွေနဲ့ ဘာမှမဆိုင်ဘူး။ လီရှို့က သူ့ရဲ့အစ်မနဲ့ ငါ့ကို မိတ်ဆက်ပေးမယ်လို့ ပြောထားပြီးသား။ အဲဒီတော့ ငါ မင်းညီမကို စိတ်မဝင်စားဘူး။ ဒီနေ့ ငါ မင်းတို့တွေအားလုံး ရှင်းရှင်းလင်းလင်းသိအောင် ပြောထားမယ်။ ငါ့ကို ကျောင်းအုပ်လို့ခေါ်ပြီး ငါ့ရဲ့အမိန့်တွေကို တရိုတသေနဲ့ နာခံတတ်တဲ့ ငါ့ရဲ့ ကျောင်းသားတွေ ဖြစ်နေသရွေ့ ဘယ်သူမှ မင်းတို့ကို အနိုင်မကျင့်စေရဘူး ”

” လီဝူချန်းဆိုတဲ့မင်းရော။ မီးဝိညာဉ်ကျောင်းက မင်းတို့ရဲ့ ဆရာတွေရော မင်းတို့ရဲ့ ကျောင်းအုပ်ရော ငါ့တပည့်တွေကို အနိုင်ကျင့်လို့ရမယ် မထင်နဲ့။ ကုန်ကုန်ပြောမယ်။ ပြည်ထောင်စုဥက္ကဋ္ဌကြီးကိုယ်တိုင်တောင် အနိုင်ကျင့်လို့ မရစေရဘူးကွာ ”
ဝမ်ပေါင်လဲ့မှာ မောင်မာဝင့်ကြွားမှု အပြည့်ဖြင့် ကြိမ်းဝါးလိုက်၏။ သူသည် စိတ်ထဲတွင်ကျိတ်၍ ကျေနပ်နေတော့သည်။ သူသည် ယခုလို ကြွားလုံးထုတ်ရာ၌ မည်သည့်အခါက ရှုံးနိမ့်ခဲ့ ဖူးပါသနည်း။

သူ ထိုသို့ ဆိုလိုက်သည်နှင့် မြူခိုးတာအိုကျောင်းမှ ကျောင်းသားများအားလုံးမှာ ရင်ထဲတွင် လှိုက်ခနဲ ဖြစ်သွားကာ အလွန် စိတ်လှုပ်ရှားသွားကြပြီး စကားလုံးများနှင့်ပင် ဖော်ပြ၍ မရနိုင်လောက်အောင် ခံစားလိုက်ရတော့သည်။ သူတို့မှာ အသက်ငယ်ငယ်ကလေး ရှိသေးသည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့ သူတို့ဘက်မှ ရပ်တည်ပေးကာ တိုက်ပွဲထဲတွင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သည်ကို မြင်လိုက်ရပြီး သူ၏ အားမာန်အပြည့်ပါသော စကားများကို ကြားလိုက်ရသောအခါ သူတို့မှာ မျက်ရည်စမ်းစမ်းနှင့် ဖြစ်သွားကြတော့သည်။

” ကျောင်းအုပ် ”

” အခုကစပြီးတော့ ကျနော်တို့တွေ ကျောင်းအုပ်ပြောသမျှ စကားအကုန်လုံးကို နားထောင်ပါတော့မယ်။ ကျောင်းအုပ် ခိုင်းသမျှကိုလည်း ကျနော်တို့ လုပ်ပါ့မယ် ”

” ကျောင်းအုပ်က ကြီးမြတ်လှပါပေတယ် ”

” ကျောင်းအုပ်။ ခေါင်းကိုင်သားတစ်ယောက် လိုချင်လား။ အခုကစပြီးတော့ ကျင့်သိုကျစ်ဆိုတဲ့ ကျနော် ကျောင်းအုပ်ကို ကျနော့်ရဲ့ ခေါင်းကိုင်ဖခင်လိုပဲ သဘောထားဆက်ဆံတော့မယ်ဗျာ ”

လီဝူချန်း၊ ထော့နဲ့ထော့နဲ့နှင့် အပြေးပြန်ရောက်လာသော မီးဝိညာဉ်ကျောင်းမှ ကျောင်းအုပ်နှင့် အခြားဆရာများ အားလုံးမှာ ထိုကဲ့သို့ စိတ်လှုပ်တရှားနှင့် အော်ဟစ်နေကြသော ကျောင်းသားများကို စိုက်ကြည့်ရင်း ကြက်သေသေနေတော့သည်။ သူတို့မှာ သူတို့ကျောင်းမှ ကျောင်းသားများကို ကြည့်လိုက်ကြသောအခါ အများစုမှာ ဝမ်ပေါင်လဲ့အား ရိုသေလေးစားသော မျက်ဝန်းများဖြင့် ကြည့်နေကြသည်ကို မြင်လိုက်ရသည်။ ထိုကျောင်းသားများမှာ ကျင့်သိုကျစ်နှင့် မြူခိုးတာအိုကျောင်းမှ အခြားကျောင်းသားများကို အားကျသောအကြည့်များဖြင့် ကြည့်နေကြ၏။ ထို့ကြောင့် သူတို့မှာ ခေါင်းများ ထူပူသွားကြပြီ ပျာပျာသလဲ ဖြစ်သွားကြတော့သည်။ အခြေအနေများမှာ မဟန်တော့ပေ။

လီဝူချန်းမှာလည်း သူတို့နည်းတူ စိုးထိတ်သွားပြီး အလောတကောနှင့် အော်ပြောလိုက်၏။

” ဝမ်ပေါင်လဲ့။ ငါတို့နှစ်ယောက်စလုံးက ကျင့်ကြံသူတွေဆိုပေမဲ့ သက်ဆိုင်ရာကျောင်းနှစ်ကျောင်းရဲ့ လက်ထောက်ကျောင်းအုပ်တွေဆိုရင်လည်း မမှားဘူးနော်။ မင်းတစ်ယောက်တည်း အနိုင်ရတာ ဘာလုပ်ရမှာလဲ။ မင်း နောက်သုံးလနေလို့ အင်္ဂါဂြိုဟ်နေ့ရောက်ရင် ပြိုင်ပွဲတစ်ခုကျင်းပပြီးတော့ ငါတို့ရဲ့ ကျောင်းသားတွေကို အချင်းချင်း တိုက်ခိုက်ခိုင်းရဲလား။ ချစ်ကြည်ရေးပွဲ တစ်ပွဲလောက် နွှဲကြမယ်လေ။ ဘယ်သူ့ရဲ့ ကျောင်းသားတွေက အစွမ်းထက်ဆုံးလဲဆိုတာ ကြည့်ကြတာပေါ့။ ရှုံးတဲ့လူက မြေးလုပ်ကြေး။ အနိုင်ရတဲ့လူကို လမ်းမှာတွေ့တိုင်း ဦးညွှတ်အရိုအသေပေးပြီးတော့ အဘိုးလို့ ခေါ်ကြေးကွာ ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်ခုံးများပင့်မိသွား၏။ လီဝူချန်း၏ စကားမှာ အကျိုးသင့် အကြောင်းသင့်လွန်းနေ၏။ ထို့ကြောင့် သူသည် မျက်လုံးများမှေးလိုက်ပြီး သူ၏ဓားကို ဘေးဘက်သို့ ဝှေ့ယမ်းကာ တည်ကြည်စွာ ဆိုလိုက်၏။

” ရတယ်လေ။ ငါက ဘာကိုကြောက်နေရမှာလဲ ”
လေပြေလေညင်းလေး တစ်ခုမှာ သူ၏ဆံနွယ်များအား ဖြတ်တိုက်သွား၏။ နေဝင်ရီတရောအချိန်၏ မှိုင်းညို့ညို့အလင်းရောင်မှာ ဝမ်ပေါင်လဲ့၏ မျက်နှာ ဘေးဘက်ခြမ်းပေါ်တွင် ထင်ဟပ်နေသောကြောင့် သူသည် ရှိရင်းစွဲထက် အနည်းငယ်ခန့်ပိုပိန်သွားသည့်ပုံ ပေါက်နေပြီး သူ၏ ပတ်ပတ်လည်၌ အမည်မသိအငွေ့အသက်တစ်မျိုး ရစ်ဝဲနေသလို ဖြစ်သွား၏။

ထိုအချိန်တွင် လူအုပ်ထဲရှိ မီးဝိညာဉ်ကျောင်းနှင့် မြူခိုးတာအိုကျောင်း နှစ်ကျောင်းစလုံးမှ ကျောင်းသူများမှာ ဝမ်ပေါင်လဲ့အား ယခင်ကထက်ပင် ပို၍ မြတ်နိုးသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြတော့သည်။ ကျောင်းသူတစ်ယောက်မှာဆိုလျှင် တိုးတိုးလေး ရေရွတ်လိုက်၏။
” ကျောင်းအုပ်ဝမ်က… သိပ်မိုက်တာပဲ “

Comment

  1. thakinmagyigyi says:

    ဖက်တီး၀မ်တစ်ကယ်စွံလေပြီ

Leave a Reply

Options

not work with dark mode
Reset