ဝမ်ပေါင်လဲ့ အရှိန်ဖြင့် ထွက်ခွာသွားသောအခါ မြူခိုးတာအိုကျောင်းတော် ဂိတ်တံခါးရှေ့တွင် ကျယ်လောင်သောအသံကြီးတစ်ခု ထွက်ပေါ်သွားလေသည်။ ကျောင်းသူ၊ ကျောင်းသားများသည် အကြိတ်အနယ်ဆွေးနွေးနေကြသည့်အပြင် ဆရာ၊ ဆရာမများသည်လည်း အချင်းချင်း စတင်ဆွေးနွေးနေကြတော့သည်။ ကျောင်းအုပ်သည် သူရုံးခန်းပြတင်းပေါက်တွင် ရပ်နေပြီး ထိုအဖြစ်အပျက်ကို စိတ်ဝင်တစားစောင့်ကြည့်နေသည်မှာ ကြာခဲ့ပြီဖြစ်သည်။
လီယီသည် ဒေါသူပုန်ထနေလေသည်။ သူမသည် သူမ၏အပြုအမူကို အကြီးအကျယ်နောင်တရနေသော်လည်း စိတ်ဆုံးဖြတ်ပြီးပြီဖြစ်သည်။ သူမသည် စိတ်ဆုံးဖြတ်ပြီးသွားပြီဆိုလျှင် အလွယ်တကူပြန်မပြောင်းတတ်ပေ။ သူမ၏အကြံအစည်အတွင်းရှိ လုပ်ရမည့်ကိစ္စများသည် သူမ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားပြီဖြစ်သည်။ သို့သော် သူမသည် ဝမ်ပေါင်လဲ့တစ်ယောက် သူမကိုကြည့်သည့်အကြည့်များကို သတိပြုမိခဲ့သည်။ သူမအောင်မြင်လိမ့်မည်ဟု ယုံကြည်ချက်ရှိပေသည်။
‘ အဲ့ ရွံစရာဖက်တီးကောင်.. ငါ လီယီ.. နင့်ကို ငါ့ရဲ့မှော်ပညာကျင့်ကြံဖို့ အသုံးချတော့မယ် ’
ထိုအခိုက်တွင် ဝမ်ပေါင်လဲ့သည် သူ၏သင်္ဘောပျံပေါ်တွင် ရပ်ကာ တိုက်ပွဲဝင်ပုဆိန်ဟိုတယ်သို့ အရှိန်အဟုန်အပြည့်ဖြင့် ပျံသန်းနေလေသည်။ သူသည် ဒေါသထွက်နေသလို၊ သူ၏ဆွဲဆောင်မှုအတွက်လည်း ကျေနပ်နေသည်။
‘ ဟ.. သူက ငါနဲ့ဖက်လိုက်ရုံလေးနဲ့တင် တော်တော်လေး စိတ်လှုပ်ရှားသွားတာပဲ။ ပြီးတော့ သူ့ကိုယ်သူ သက်သေပြဖို့ အခွင့်အရေးပေးမယ်လို့ ငါပြောလိုက်တုန်းကလည်း တော်တော်လေး လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်… ’
ဝမ်ပေါင်လဲ့ လှောင်ရယ်လိုက်ပြီး သူ၏မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းတစ်ချက် ဖြတ်သန်းသွားလေသည်။
‘ ဒီလီယီက တစ်ခုခုတော့မှားနေပြီ။ သူက ငါ့ကိုတော်တော်လေး မုန်းနေတာပဲ…. ဒါပေမဲ့ ခုနတုန်းကတော့ ငါဖက်တာတွေ၊ ငါ့ရဲ့စကားနာထိုးတာတွေကို သည်းခံနေတာပဲ… သူ့မှာ အကြံဆိုးတစ်ခုရှိနေပုံရတယ် ’
ဝမ်ပေါင်လဲ့ မျက်မှောင်ကြုတ်သွားသည်။ အစောပိုင်းက သူလုပ်ခဲ့သောအရာများသည် စော်ကားသည့်ပုံပေါက်နေသော်လည်း အမှန်တွင် သူသည် သူမကိုစနောက်နေခြင်းသာဖြစ်သည်။
လီယီ၏ သင့်သင့်မြတ်မြတ်နေရန် တောင်းဆိုလာမှုနှင့် ကျောင်းသို့ ရုတ်တရက် ရောက်လာမှုများသည် သံသယဝင်စရာကောင်းသည်ဟု သူတွေးမိနေသည်။
သူ၏ အစောပိုင်းက စမ်းသပ်မှုလေးပြီးဆုံးသွားအခါ သူ၏သံသယကို သူအတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ သို့သော် သူသည် ထိုအကြောင်းကို သူ၏စိတ်ထဲမှာပဲ သိမ်းထားခဲ့သည်။
ဝမ်ပေါင်လဲ့သည် ထိုကိစ္စကိုဘေးဖယ်ထားလိုက်ပြီး သူ့ကိုယ်သူ အားတင်းလိုက်သည်။ သင်္ဘောပျံသည် တိုက်ပွဲဝင်ပုဆိန်ဟိုတယ်ဆီသို့ အရှိန်အဟုန်အပြည့်ဖြင့် ပျံသန်းနေရာ ဟိုတယ်နှင့် တဖြည်းဖြည်း နီးကပ်လာလေတော့သည်။
တချိန်တည်းမှာပင် တိုက်ပွဲဝင်ပုဆိန်ဟိုတယ်အပြင်တွင် မီးဝိညာဉ်ကျောင်းတော်နှင့် မြူခိုးတာအိုကျောင်းတော်မှ ကျောင်းသားများသည် တစ်ဖက်နှင့်တစ်ဖက် ရန်ဆောင်နေကြပြီး တင်းမာမှုများ ရှိနေသည်။ အချိန်မရွေး ရန်ပွဲတစ်ခုဖြစ်လာနိုင်လေသည်။
“ ကျင့်သိုကျစ်တဲ့… မင်းရဲ့နာမည်က မင်းနဲ့လုံးတမလိုက်ဖက်ဘူး… မင်းနာမည်က ကျင့်ဝက်ပေါက် ဖြစ်သင့်တာ ”
“ စွင်းချောင်… မင်းက ငါမျက်စိကျနေတဲ့ သင်္ဘောကို ငါနဲ့ပြိုင်လုရဲတယ်ပေါ့လေ။ ဒီနေ့ ငါမင်းကို သတ်ပစ်မယ် ”
“ လီဟယ်… မင်းက အပြောပဲအရှိပြီး အလုပ်မရှိတဲ့ကောင်ပဲ။ ငါ့အစ်ကိုက မင်းအစ်ကိုကို ပြီးခဲ့တဲ့ရက်ကမှ ဆုံးမထားတာကွ… ဒီနေ့ ငါမင်းကို ဆုံးမပေးမယ် ”
ဟိုတယ်အတွင်း ကျောင်းသားတစ်ရာကျော်စုဝေးနေသည်။ ထိုထဲမှအများစုသည် မီးဝိညာဉ်ကျောင်းတော်မှဖြစ်ပြီး မြူခိုးတာအိုကျောင်းတော်မှ ကျောင်းသား နှစ်ဒါဇင်သာရှိလေသည်။ မြူခိုးတာအိုကျောင်းတော်မှ ကျောင်းသားများသည် ဒဏ်ရာများရကာ ခြေကုန်လက်ပန်းကျနေပြီဖြစ်သည်။
သူတို့သည် ချောင်ပိတ်ခံရနေပြီဖြစ်သော်လည်း သတ္တိရှိနေဆဲဖြစ်သည်။ ဆဲဆိုမှုများ၊ စော်ကားမှုများသည် လေထဲတွင် အဆက်မပြတ်ဝဲနေပေသည်။ ကျောင်းတော်နှစ်ကျောင်း၏ ပြိုင်ဆိုင်မှုသည် ကျောင်းသားများ၏ စိတ်သဘောထားများကိုလည်း လွှမ်းမိုးမှုရှိလေသည်။ ထိုနှစ်ဖွဲ့သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မုန်းတီးနေကြသည်။
ထိုနှစ်ဖွဲ့စလုံးမှ ကျောင်းသားများသည် တူညီသောနိုင်ငံရေးအင်အားစုများမှ လူများဖြစ်နိုင်ပေသည်။ သို့သော် နိုင်ငံရေးအင်အားစုတစ်ခုထဲမှာပင် အဖွဲ့အစည်းများစွာရှိပေသေးသည်။ ထိုအဖွဲ့အစည်းများအကြားတွင် မဆုံးနိုင်သောပဋိပက္ခများ ရှိလေသည်။
ကျင့်သိုကျစ်နှင့် သူ့သူငယ်ချင်းအုပ်စုသည် ဟိုတယ်သို့ ပြဿနာရှာရန်ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်းမဟုတ်ပေ။ သူတို့သည် တိုက်ပွဲဝင်ပုဆိန်များကို ကြည့်လို၍ လာခဲ့ခြင်းဖြစ်သည်။ သူတို့ မီးဝိညာဉ်ကျောင်းတော်မှ ကျောင်းသားများနှင့် တွေ့ဆုံခဲ့ခြင်းမှာ တိုက်ဆိုင်မှုသက်သက်သာဖြစ်ပြီး လွန်စွာကံဆိုးမှုဖြစ်ပေသည်။ တစ်ဖက်နှင့်တစ်ဖက် စော်ကားပြောဆိုကျရာမှနေ၍ ရန်ပွဲတစ်ခုဖြစ်လာခြင်းပင်။
မီးဝိညာဉ်ကျောင်းတော်သည် လမ်းတစ်ဖက်တွင် တည်ရှိသည်ဖြစ်ရာ ထိုကျောင်းတော်မှ ကျောင်းသားတစ်ရာကျော်သည် တစ်ခဏအတွင်း ရောက်ရှိလာလေသည်။ ဟိုတယ်ဝန်ထမ်းသည် ထိုတင်းမာလာသည့်အခြေအနေကို လေ့လာ၍ ထိုအုပ်စုနှစ်စုကြားသို့ဝင်ကာ ဖြန်ဖြေပေးရန် လုပ်လိုက်စဉ်တွင် လီဝူချန်းသည် သူ၏အခွင့်အရေးကို တွေ့ရှိသွားပြီး ထိုအုပ်စုနှစ်စုအကြားမှ ပရမ်းပတာအခြေအနေများကို အသုံးချခဲ့လေသည်။ သူသည် ထိုအခြေအနေကို အခွင့်ကောင်းယူ၍ တိုက်ပွဲဝင်ပုဆိန်ကြီးသုံးခုကို ချက်ချင်းဖျက်ဆီးပစ်လိုက်သည်။
ထို့ကြောင့် ပဋိပက္ခများသည် ပို၍တိုးပွားလာပြီး မဆုံးနိုင်ဖြစ်နေလေတော့သည်။
လီဝူချန်းသည် ဟိုတယ်ပိုင်ရှင်ပြောင်းသွားကြောင်းကို မသိခဲ့လျှင် တိုက်ပွဲဝင်ပုဆိန်ကြီးများကို ဖျက်ဆီးခဲ့ပါက လသုံးဆင်းမဟာမိတ်နှင့်ရင်ဆိုင်ရမည်ကို ကြောက်ရွံ့ပေလိမ့်မည်။ သို့သော် သူသည် ဟိုတယ်မှာ လသုံးစင်းမဟာမိတ်၏လက်အောက်တွင် မရှိတော့ကြောင်း သိသွားသောအခါ သူ့လုပ်ရပ်များ၏ နောက်ဆက်တွဲကို မကြောက်ရွံ့တော့ပေ။ သူသည် တိုက်ပွဲဝင်ပုဆိန်ကြီးများကို မကြောက်မရွံ့ဖျက်ဆီးပစ်လိုက်သည်။
သူသည် ထိုရန်စောင်မှုအတွင်း ပုဆိန်ကြီးများကို ဆက်လက်ဖျက်ဆီးလိုက်သည်။ အသစ်သွန်းလုပ်ထားသော တိုက်ပွဲဝင်ပုဆိန်ကြီးဆယ်ခု ပျက်ဆီးသွားပြီး လေထုထဲတွင် မိုးချုန်းသံကဲ့သို့ ကျယ်လောင်သောပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။
သူသည် နောက်ဆုံးကျန်နေသည့် ဟိုတယ်၏ မူလတိုက်ပွဲဝင်ပုဆိန်ကြီးကို ဆက်လက်ဖျက်ဆီးလိုက်သည်။ ၎င်းသည် ကွဲပြားသောသတ္တုဖြင့် ပြုလုပ်ထားပုံရလေရာ ချက်ချင်းပျက်ဆီးမသွားဘဲ သူ၏တိုက်ခိုက်မှုကို တောင့်ခံနိုင်လေသည်။ သို့သော် တိုက်ခိုက်မှုအချက်တိုင်းတွင် ၎င်းပေါ်ရှိ အက်ကြောင်းများ ပို၍များပြားလာသည်။
ဟိုတယ်၏အစောင့်အများစုသည် အာနာပါနအဆင့်ကျင့်ကြံသူများဖြစ်သည်။ သူတို့သည် လီဝူချန်းနှင့် မယှဉ်နိုင်ကြပေ။ သူတို့သည် သူ့ကိုမတားဆီးနိုင်ဘဲ ဘေးကသာ စိုးရိမ်တကြီး ရပ်ကြည့်နေရလေသည်။
“ အားလုံး မြင့်မြတ်တဲ့ ကျောင်းအုပ်လီကို ဦးညွှတ်ကြ။ ဒီတိုက်ပွဲဝင်ပုဆိန်ဟိုတယ်ကို ဖျက်ဆီးပစ်ကြမယ် ”
“ အားလုံး စွမ်းအားကြီးတဲ့ ကျောင်းအုပ်လီကို ဦးညွှတ်ကြ… ဟားဟား ”
လီဝူချန်းတစ်ယောက် ဆက်၍ အပြင်းအထန်တိုက်ခိုက်နေရာ လေထဲတွင် ကျောက်တုံးအပဲ့များ ဝဲလွင့်နေပေသည်။ တိုက်ပွဲဝင်ပုဆိန်ကြီးပေါ်တွင် အက်ကြောင်းများ ပို၍ပေါ်လာသည်။ ကျင့်သိုကျစ်နှင့် သူ၏သူငယ်ချင်းများသည် စတင်တုန်လှုပ်လာသည်။
“ မင်းတို့ကောင်တွေ တော်တော်လေးလွန်သွားပြီ။ ငါတို့ရဲ့ ကျောင်းအုပ်က ဝမ်ပေါင်လဲ့ကွ… မကြာခင် သူရောက်လာတော့မယ် ”
“ မင်းတို့ ဝမ်ပေါင်လဲ့ကို မကြားဖူးကြဘူးလား ”
မီးဝိညာဉ်ကျောင်းတော်မှ ကျောင်းသားများ ရယ်လိုက်ကြ၏။ သူတို့သည် ကျင့်သိုကျစ်နှင့် သူ့သူငယ်ချင်းများကို အထင်းသေးဟန်ဖြင့် ကြည့်လိုက်သည်။ တချို့သည် သူတို့ကို ခနဲ့စကားပြောလိုက်ကြသည်။
“ ဒါပေါ့…ငါတို့သိတာပေါ့။ မင်းပြောတာ ဟိုဖက်တီးမလား။ ဒီနေ့ သူသာ ဒီနေရာကိုလာရဲရင် ငါတို့ရဲ့ ကျောင်းအုပ်လီက သူ့ကိုဆုံးမပေးလိုက်မှာပေါ့။ သူ့ရဲ့ အခုအရွယ်အစားထက် နှစ်ဆလောက်အထိ ရောင်ကိုင်းသွားလိမ့်မယ် ”
“ ဟုတ်တယ်… မင်းတို့ရဲ့ ကျောင်းအုပ်ဝမ်က စွမ်းအားကြီးတယ်လို့ ထင်ရပေမယ့် အမှန်တော့ ငကြောက်တစ်ယောက်ပဲကွ။ မင်းလည်း ငကြောက်ပဲ ကျင့်သိုကျစ်။ မင်းကလည်း နောက်ထပ် ဝက်ခေါင်းပဲ… ဘယ်သူကများ ဟိုတယ်နဲ့ ရုပ်သေးရုပ်ကို လဲလို့လဲ… မင်း ရူးများနေလား ”
“ လက်ထောက်အုပ်ချုပ်ရေးမှူးက သူ့ကိုသိပ်သဘောမကျဘူးလို့ ငါကြားတယ်။ ငါ့ရဲ့အဖေက လက်ထောက်အုပ်ချုပ်ရေးမှူးဆီမှာ အလုပ်လုပ်တာ… သူသာ ဒီနေ့ရောက်လာရဲရင် သူ့ကို ငါ့အဖေဆီ တိုင်ပြောလိုက်မယ် ”
ငြင်းခုံမှုများ ဆက်လက်ဖြစ်နေသည်။ မီးဝိညာဉ်ကျောင်းတော်မှ ကျောင်းသားများ၏ ခနဲ့စကားများ၊ မြူခိုးတာအိုကျောင်းတော်မှ ကျောင်းသားများ၏ ဒေါသတကြီးပြန်လည်ချေပမှုများနှင့် လီဝူချန်းတစ်ယောက် တိုက်ပွဲဝင်ပုဆိန်ကြီးကို အဆက်မပြတ်ထုနှက်နေသောအသံများသည် အဆက်မပြတ်ထွက်ပေါ်နေပေသည်။ ထို့နောက် ရုတ်တရက် အဝေးမှနေ၍ အရှိန်အဟုန်အပြည့်ဖြင့် ပျံသန်းလာသော သင်္ဘောပျံတစ်စင်း၏အသံသည် လေဟုန်ခွင်း၍ ရောက်လာသည်။
သင်္ဘောပျံအနီးသို့ ရောက်မလာခင်မှာပင် သင်္ဘောပျံမှနေ၍ ဒေါသတကြီးကြုံးဝါးလိုက်သံတစ်သံ ထွက်ပေါ်လာသည်။
“ လီဝူချန်း… မင်းက သေချင်နေတာလား ”
ဝမ်ပေါင်လဲ့၏အသံ လေထဲတွင် ပျံ့နှံ့သွား၏။ သူသည် သင်္ဘောပျံအတွင်းမှ ထွက်လာသည်။ သူသည် လွန်စွာလျင်မြန်ရာ သူ၏သင်္ဘောပျံကိုပင် ကျော်တက်သွားသည်။ သူသည် ကိုက်တစ်ရာကျော်ကို ခြေတစ်လှမ်းဖြင့် ဖြတ်ကျော်သွားပြီး သူချဉ်းကပ်လာသည်ကို မြင်လိုက်သူတိုင်းကို တုန်လှုပ်သွားစေလေသည်။ သူသည် နောက်ထပ်နှစ်လှမ်းထပ်လှမ်းလိုက်ပြီး လီဝူချန်း၏ရှေ့တွင် ပေါ်လာပေသည်။ သူ၏ လက်သီးသည် ရှေ့သို့ပျံထွက်သွားသည်။
လီဝူချန်း၏ သူငယ်အိမ်များ ကျဉ်းသွား၏။ သူ ရုတ်ခြည်းနောက်ဆုတ်လိုက်ပြီး သူ၏လက်ချောင်းများဖြင့် လက်ဟန်ဖော်လိုက်ရာ ရုတ်ခြည်းပင် သူ့ရှေ့တွင် ရေတစ်စက်ပေါ်ထွက်လာသည်။ ထိုရေစက်သည် သန့်ရှင်းကြည်လင်ပြီး ကာကွယ်အလွှာတစ်ခုဖြစ်သွားကာ ဝမ်ပေါင်လဲ့၏ ဒေါသလက်သီးကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး မြေပြင်နှင့် ကောင်းကင်ကို တုန်ခါသွားစေလေသည်။ လီဝူချန်း တုန်လှုပ်သွား၏။ သူ့အရှေ့ရှိ ရေအကာအရံသည် ဝမ်ပေါင်လဲ့လက်သီး၏ ပြင်းအားကို မတောင့်ခံနိုင်ပေ။ ၎င်းသည် ချက်ချင်းပင် ပျက်ဆီးသွားသည်။ ထိုအခိုက်တွင် မီးဝိညာဉ်ကျောင်းတော်မှနေ၍ နှာမှုတ်သံတစ်သံထွက်ပေါ်လာပြီး သူတို့ဆီသို့ လူခုနစ်ယောက်၊ ရှစ်ယောက် ပြေးလာ၏။
သူတို့ကြားတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးပါလေသည်။ သူ၏ကျင့်ကြံခြင်းအဆင့်သည် အခြေတည်နှောင်းပိုင်းအဆင့်ဖြစ်ပြီး အခြားသူများထက် မြင့်ပေသည်။ သူသည် အခြားသူများထက် သာလွန်ပြီး ကြောက်မက်ဖွယ်ကောင်းသော မာန်မာနအရိပ်အယောင်များပါဝင်နေသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ထိုသူကား… မီးဝိညာဉ်ကျောင်းတော်၏ ကျောင်းအုပ်ဖြစ်သည်။ ကျန်လူများမှာ မီးဝိညာဉ်ကျောင်းတော်မှ ဆရာများဖြစ်သည်။ ထိုသူများသည် လီဝူချန်းစုရုံးထားသော စစ်ကူများဖြစ်လေသည်။ လီဝူချန်းသည် ဝမ်ပေါင်လဲ့ မည်မျှစွမ်းအားကြီးကြောင်းသိ၏။ သူသည် ဝမ်ပေါင်လဲ့ အမှန်တကယ်တိုက်ခိုက်သည်ကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။ သူသိသော ဝမ်ပေါင်လဲ့၏အကြောင်းများသည် ကြားဖူးနားဝသာဖြစ်သော်လည်း ဝမ်ပေါင်လဲ့သည် စွမ်းအားကြီးသောပြိုင်ဘက်တစ်ဦးဖြစ်ကြောင်း သူသိပေသည်။
ထိုသူများသည် လီဝူချန်းက သူတို့ကိုအကူအညီတောင်းသောအခါ ကူညီပေးရန် သဘောတူခဲ့သည်။ ထိုသို့ကူညီရသည့် အကြောင်းတစ်ခုမှာ တိုက်ပွဲဝင်ပုဆိန်ဆယ့်တစ်လက်ဟူသော အကြံသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု သူတို့လည်းထင်၍ဖြစ်သည်။ အရေးအကြီးဆုံးအကြောင်းပြချက်မှာ ကျောင်းတော်နှစ်ခုအကြားတွင်ရှိနေသည့် ပဋိပက္ခနှင့် ပြိုင်ဆိုင်မှုတို့ဖြစ်ပေသည်။ သူတို့သည် ထိုအခွင့်အရေးကို အသုံးချ၍ သူတို့ကျောင်းတော်က ပို၍သာကြောင်း ပြသလိုလေသည်။
ဝမ်ပေါင်လဲ့သည် လက်ထောက်ကျောင်းအုပ်အသစ်ဆိုလျှင်လည်း ဘာအရေးနည်း။ မြူခိုးတာအိုကျောင်းတော်၏ ကျောင်းအုပ်သည် အိုလာပြီဖြစ်ရာ မြူခိုးတာအိုကျောင်းတော်သည် ယခင်ကကဲ့သို့ အခြေအနေမကောင်းတော့ပေ။ မီးဝိညာဉ်ကျောင်းတော်သည် အင်္ဂါဂြိုလ်ပေါ်ရှိ ထိပ်သီးကျောင်းတော်နှစ်ကျောင်းအတွင်းမှ တစ်ကျောင်းဖြစ်ရမည်မဟုတ်ပေ။ မီးဝိညာဉ်ကျောင်းတော်သည် အင်္ဂါဂြိုလ်ပေါ်ရှိ တစ်ခုတည်းသော ထိပ်သီးကျောင်းတော်တစ်ကျောင်း ဖြစ်ရပေမည်။ သူတို့ကျောင်းတော်သည် အင်္ဂါဂြိုလ်ပေါ်ရှိ အကောင်းဆုံးကျောင်းတော်ဟူ၍ အသိအမှတ်ပြုခံရသင့်ပေသည်။
သူတို့၏ရည်ရွယ်ချက်သည် သူတို့ကျောင်းတော်က ပိုသာကြောင်း သက်သေပြသလိုခြင်းဖြစ်သည်။ သူတို့သည် နောင်တွင် ဝမ်ပေါင်လဲ့တစ်ယောက် မီးဝိညာဉ်ကျောင်းတော်မှမည်သူ့ကိုမဆို တွေ့သည့်အခါတိုင်း ရိုရိုကျိုးကျိုးဦးညွှတ်စေလိုပေသည်။ မီးဝိညာဉ်ကျောင်းတော်၏ ကျောင်းအုပ်သည် ဝမ်ပေါင်လဲ့၏ တိုက်ခိုက်ရေးစွမ်းရည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို လှည့်ပတ်မေးခဲ့သည်။ ဝမ်ပေါင်လဲ့သည် လကမ္ဘာပေါ်တွင် အခြေတည်နှောင်းပိုင်းအဆင့်ကျင့်ကြံသူများကို တိုက်ခိုက်ရန် ရှောင်ခဲ့ပြီး ထိုအစား ထိုသူများကို တည်နေရာရွှေ့ပြောင်းရန် ရွေးချယ်ခဲ့ကြောင်း သူသိလေသည်။ ထို့ကြောင့် သူပို၍ ယုံကြည်မှုရှိလာ၏။
မီးဝိညာဉ်ကျောင်းတော်၏ ကျောင်းအုပ်သည် ဝမ်ပေါင်လဲ့နှင့်နီးကပ်လာသောအခါ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ ထွက်သွားစမ်း ”
ကျယ်လောင်သောအသံကြီးသည် လေထဲတွင်ပျံ့လွင့်သွားပြီး လီဝူချန်းနောက်သို့လိုက်ရန် ဟန်ပြင်နေသော ဝမ်ပေါင်လဲ့ထံသို့ အသံလှိုင်းတိုက်ကွက်အနေဖြင့် ရောက်ရှိသွားသည်။
လီဝူချန်း ခွက်ထိုးခွက်လန်ရယ်လိုက်သည်။ သူသည် နောက်ဆုတ်နေခြင်းကို ရပ်လိုက်ပြီး ဝမ်ပေါင်လဲ့ဆီ ပြန်ပြေးဝင်သွားလိုက်သည်။ သူတို့သည် ဝမ်ပေါင်လဲ့ဆီသို့ ညှပ်ပူးညှပ်ပိတ်သွားလိုက်ကြသည်။
“ ငါက အခြေတည်နှောင်းပိုင်းအဆင့်ပြိုင်ဘက်ကို မယှဉ်နိုင်ဘူးလို့ မင်းတို့ထင်နေတာလားကွ ”
ဝမ်ပေါင်လဲ့သည် သတ်ဖြတ်လိုသည့်ဒေါသခိုးများဝေနေသော မျက်လုံးများဖြင့် ကျယ်လောင်စွာအော်ပြောလိုက်သည်။ သူသည် ညာဘက်လက်ကို မြှောက်လိုက်ပြီး သူ၏ သတ္တမအဆင့်ဓမ္မလက်နက်ဓားကြီးကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူသည် ချဉ်းကပ်လာသော မီးဝိညာဉ်ကျောင်းတော်၏ ကျောင်းအုပ်ကို ထိုဓားဖြင့် ခုတ်ချလိုက်သည်။
ဓားကြီး လေထဲတွင် ဖြတ်သန်းသွားစဉ် သူ့ပတ်လည်တွင် အနက်ရောင်လေဆင်နှာမောင်းကြီးတစ်ခု ထွက်ပေါ်လာလေသည်။ ၎င်းသည် အနက်ရောင်မိကျောင်းကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ မိကျောင်းကြီး အော်ဟစ်လိုက်ချိန်တွင် ဝမ်ပေါင်လဲ့ကိုယ်တွင်းရှိ အစိမ်းရောင်ကြာပွင့်သည် အလွန်အမင်း တုန်ခါသွားသည်။ သူ့ခန္ဓာကိုယ်မှနေ၍ အားပြင်းသော ဝိညာဉ်စွမ်းအားလှိုင်းများထွက်ပေါ်လာ၏။ ၎င်းတို့သည် ဝမ်ပေါင်လဲ့၏ကျင့်ကြံခြင်းအစွမ်းကို တိုးမြှင့်ပေးပြီး ခန္ဓာကိုယ်ကို အဆုံးစွန်အထိ သန်မာလာစေလေသည်။
အရာအားလုံးသည် ရုတ်တရက်အတွင်း အမြင့်ဆုံးအဆင့်သို့ရောက်သွားသည်။ ဝမ်ပေါင်လဲ့၏ကြုံးဝါးသံကြီးသည် မီးဝိညာဉ်ကျောင်းတော်၏ကျောင်းအုပ်ကို လွှမ်းခြုံသွားသည်။ သူ၏ အားကောင်းသောအရှိန်အဝါသည် ကောင်းကင်ထက်သို့ထိုးတက်သွားပြီး သူ၏ဓားကြီးသည် ကောင်းကင်ထက်မှ ကျဆင်းလာလေတော့သည်။ ကောင်းကင်သည် ပြောင်းလဲသွား၏။ အရာအားလုံး ရပ်တံ့သွားသည်။
လီဝူချန်းသည် ကြောက်ရွံ့တုန်လှုပ်စွာ နောက်သို့ဆုတ်လိုက်သည်။ မီးဝိညာဥ်ကျောင်းတော်မှ အခြားဆရာများသည်လည်း အံ့အားသင့်သွားကြသည်။ မီးဝိညာဉ်ကျောင်းတော်မှ ကျောင်းအုပ်သည် စိတ်ထဲတွင် အားကောင်းသောအန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသောကြောင့် မျက်လုံးများပြူးသွားလေသည်။ ထိုခံစားချက်သည် ရုတ်တရက်ဖြစ်ပေါ်လာသော မုန်တိုင်းကြီးတစ်ခုသည် သူ့ကိုဆွဲခေါ်သွားရန် ခြိမ်းခြောက်နေသကဲ့သို့ပင်။
“ ဒါမဖြစ်နိုင်ဘူး ”
အံ့အားသင့်နေသော အာမေဋိတ်သံများအကြား၊ လူအားလုံး၏မျက်လုံးများအရှေ့တွင် ဝမ်ပေါင်လဲ့သည် ကောင်းကင်မှနေ၍ လေဆင်နှာမောင်းကြီးနှင့်အတူ ဆင်းသက်လာသည်။ သူ၏ ထက်ရှသော ဓားအလင်းတန်းသည် ပေတစ်ရာကျော်ရှည်လျားပြီး ကောင်းကင်ကို ထက်ခြမ်းခွဲသွားလေတော့သည်။
Likess