‘ သူက ရူးနေပြီ ’
မြူခိုးတာအိုကျောင်းတော်ထဲတွင် ဝမ်ပေါင်လဲ့သည် အသံပို့လွှတ်မှုကို တုံးတိရပ်တန့်လိုက်သည်။ လီယီ၏ ရုတ်တရက် ငြိမ်းချမ်းရေးယူရန် ကမ်းလှမ်းချက်သည် မရိုးသားမှုများပါနေပေသည်။ တစ်စုံတစ်ခု မူမမှန်ကြောင်း အရူးပင်ပြောနိုင်လေသည်။
‘ ရင်သားကြီးတဲ့လူတွေက ဦးနှောက်မရှိဘူးလို့ ပြောကြတယ်။ လီယီရဲ့ရင်သားက ကြီးမှမကြီးတာ… အဲဒါကို ဘာလို့ ဦးနှောက်မရှိဖြစ်နေတာလဲ မသိဘူး ’
ဝမ်ပေါင်လဲ့ နှာခေါင်းရှုံ့လိုက်သည်။ သူသည် သူ့ကိုယ်သူ သူမထက်ဉာဏ်ကောင်းသည်ဟု ထင်နေသည်။ သူမ၏ရုတ်တရက် ကြင်နာလာမှုသည် အလကားမဟုတ်နိုင်ပေ။ အကြောင်းပြချက်မရှိဘဲ ရင်းရင်းနှီးနှီးဆက်ဆံလာသောသူများသည် ဓားပြများ၊ မုဒိမ်းကောင်များ ဖြစ်နေတတ်သည်။
‘ မဟုတ်လောက်ပါဘူး… လီယီလုပ်ဖို့ ကြိုးစားနေတာက… ’
ဝမ်ပေါင်လဲ့၏အတွေးထဲတွင် ဓားပြများ၊ မုဒိမ်းကောင်းများကိုသာ စွဲနေလေသည်။ သူ့ခေါင်းထဲတွင် အချက်ပေးခေါင်းလောင်းသံများ ချက်ချင်းမြည်လာသည်။ သူသည် သူ့ကိုယ်သူ မှန်ထဲတွင်ပြန်ကြည့်လိုက်ရာ အချက်ပေးသံများ ပို၍ကျယ်လာလေတော့သည်။ လီယီသည် သူ၏ချောမောခံ့ညားသောရုပ်သွင်ကြောင့် သူ့ကိုတပ်မက်နေခြင်းဖြစ်ရပေမည်။
‘ သူကအရှက်မရှိဘူးလား ’
ဝမ်ပေါင်လဲ့၏မျက်နှာထား တည်သွား၏။ သူသည် ကျေနပ်သွားသလို၊ စိတ်လည်းရှုပ်သွားလေသည်။ ရုပ်ချောခြင်းသည် ကောင်းချီးလည်းဖြစ်သလို၊ ကျိန်စာလည်းဖြစ်သည်ဟု သူ ကောက်ချက်ချလိုက်သည်။ သူသည် လွန်စွာချောမောခံ့ညားပေရာ လူများက သူ့ကိုတပ်မက်ခြင်းကို သူ့ဘဝတစ်လျှောက်လုံးခံရမည့်ကိစ္စသည့် စိတ်ရှုပ်စရာကောင်းပြီး လွန်စွာစိတ်အနှောင့်အယှက်ဖြစ်စေပေလိမ့်မည်။
ဝမ်ပေါင်လဲ့သည် စိတ်ရှုပ်စွာသက်ပြင်းချလိုက်ပြီး အာလူးကြော်တစ်ထုပ်ကိုထုတ်လိုက်သည်။ သူသည် ခုံကိုမှီ၍ထိုင်ရင်း အာလူးကြော်များကို ဝါးစားလိုက်သည်။ မကြာခဏဆိုသလို ဆရာ၊ ဆရာမများသည် သူ၏တံခါးကိုခေါက်ကာ အခန်းအတွင်းသို့ဝင်လာပြီး သူ့အား သူတို့၏တင်ပြချက်များကို ပေးခဲ့လေသည်။
မြူခိုးတာအိုကျောင်းတော်တွင် ဆရာများသာမက ဆရာမများပါရှိ၏။ ဆရာ၊ဆရာမ အများစုသည် ကျင့်ကြံသူများဖြစ်ကြပြီး အဆင့်အနိမ့်ဆုံးကျင့်ကြံသူသည် ရှေးဟောင်းသိုင်းအဆင့်အထွတ်အထိပ်တွင် ရှိပေသည်။ သူတို့၏ကိုယ်လုံးကိုယ်ပေါက်များသည် လှပကြပြီး သူတို့သည်လည်း တပည့်များကဲ့သို့ပင် သတ်မှတ်ထားသော တူညီဝတ်စုံကိုဝတ်ဆင်ကြရသည်။ ထို့ကြောင့် မြင်ကွင်းသည် လွန်စွာ မျက်စိပသာဒဖြစ်စေသည်။
‘ ကျောင်းတစ်ကျောင်းကို အုပ်ချုပ်ရတာ ဘာအခွင့်အာဏာမှသိပ်မရှိဘူး ဆိုပေမယ့် လူတစ်ရာကျော်လောက်ကတော့ ငါ့ကို လာပြီး တင်ပြရတာပဲ။ အဲဒါက ဓမ္မလက်နက်အဆောင်ရဲ့ အဆောင်မှူးဖြစ်ရတာနဲ့ သိပ်မကွာပါဘူး ’
ဝမ်ပေါင်လဲ့သည် ကျန်တစ်ရက်လုံးတွင် မုန့်စားရင်း မျက်စိအစာကျွေးနေလိုက်သည်။ ကျောင်းသားရေးရာဌာန၏ မော်ကွန်းထိန်းသည် အသက်သုံးဆယ်ပင်မရှိသေးသည့် လက်ထပ်ထားပြီးသော မိန်းမပျိုလေးဖြစ်သည်။ သူမ၏ ရုပ်ရည်သည် သာမန်သာဖြစ်သော်လည်း သူမ၏မျက်ဝန်းများသည် အထူးလှပပေသည်။ ထိုမျက်ဝန်းများထဲတွင် ချိတ်များပုန်းအောင်းနေသကဲ့သို့ပင်။ ထို့ပြင် ဝမ်ပေါင်လဲ့သည် သူမ၏အကြည့်ကိုခံလိုက်ရတိုင်း သူသည် ထိုချိတ်များတွင် ချိတ်မိသွားပြီး သူမထံသို့ ဖြည်းဖြည်းချင်းပါသွားသည်ဟု ခံစားနေရလေသည်။
သူသည် လက်ရှိအခြေအနေကို များစွာကျေနပ်နေသည်။ အကယ်၍ အင်္ဂါဂြိုလ်ပေါ်တွင် ဧရာမသစ်ပင်သာမရှိခဲ့ပါက သူ၏လက်ရှိအခြေအနေသည် ပြီးပြည့်စုံနေပေလိမ့်မည်ဟု ခံစားနေရသည်။
အချိန်သည် လျင်မြန်စွာကုန်ဆုံးသွား၏။ မကြာခင်မှာပင် နေဝင်လာလေတော့သည်။ ကျောင်းချိန်ပြီးဆုံးသွားသောအခါ မြူခိုးတာအိုကျောင်းတော်မှ ကျောင်းသူ၊ ကျောင်းသားများသည် အိမ်ပြန်ရန် စတင်လုပ်ဆောင်နေကြပြီဖြစ်သည်။ သူတို့သည် သူတို့၏နိစ္စဓူဝဟန်ထုတ်ခြင်းကို ဆက်လုပ်နေပြီး သူတို့၏လွန်စွာခမ်းနားသော သင်္ဘောပျံများပေါ်သို့တက်သွားကြ၏။ ကျောင်းတော်အတွင်းမှ ပျံသန်းထွက်ခွာသွားသော သင်္ဘောပျံများ၏အသံများသည် လေထုထဲတွင် ပျံ့နှံ့သွားပေသည်။
လသုံးစင်းမဟာမိတ်မှ လူငယ်လေးသည် သူ၏အတန်းဖော်တစ်ဒါဇင်နှင့်အတူ ကျောင်းမှနေ၍ ထိပ်ဆုံးကထွက်သွားလေသည်။ သူတို့သည် ထိုနေ့တွင် ဟိုတယ်သို့သွားကာ ခမ်းနားသော တိုက်ပွဲဝင်ပုဆိန်ကြီးဆယ့်တစ်ခုကိုသွားကြည့်ရန် သဘောတူထားကြသည်။
ကျောင်းသူ၊ ကျောင်းသား တစ်ဝက်မျှ အိမ်ပြန်သွားပြီးနောက် ဝမ်ပေါင်လဲ့သည် အဆောက်အဦးအတွင်းမှထွက်ကာ ကျင့်ကြံရန် သူ့အဆောင်သို့ပြန်ရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်တွင် တစ်နေ့လုံးဒေါသူပုန်ထနေသည့် မမျှော်လင့်ထားသော ဧည့်သည်တစ်ဦးရောက်ရှိနေလေသည်။
ထိုသူကား လီယီပင်။
လီယီသည် အမှန်တွင် အတော်လေးချောမောလှပပေသည်။ သူမ၏ မာနကြီးမှုနှင့် သွားသည့်နေရာတိုင်းသို့ မှန်တစ်ချပ်သယ်သွားခြင်းမှလွဲ၍ သူမသည် ချောမောလှပသောမိန်းမပျိုတစ်ဦးတွင် ရှိရမည့်စံနှုန်းများ အပြည့်အဝရှိပေသည်။ သူမ၏ နူးညံ့ဖြူဝင်းသော အသားအရေနှင့် စွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်တို့က သူမကို ညှို့ဓာတ်ရှိကာ ဆွဲဆောင်မှုရှိသော မိန်းမပျိုတစ်ဦးဖြစ်စေလေသည်။
အထူးသဖြင့် ကောင်ကြောင်းပေါ်သော သူမ၏တင်ပါးနှစ်ဖက်နှင့် လွန်စွာသွယ်လျသောခါးလေးတို့ရှိသည့် သူမ၏နောက်ပိုင်းအလှသည် အာခေါင်ခြောက်စေသောမြင်ကွင်းဖြစ်ပေသည်။ သူမသည် မြူခိုးတာအိုကျောင်းတော်၏ ဂိတ်တံခါးတွင် ရပ်နေရာ အိမ်သို့ပြန်နေကြသည့် ကျောင်းသူ၊ ကျောင်းသားများက သူမကို ကွက်ကြည့်၊ ကွက်ကြည့်လုပ်သွားကြလေသည်။ ထိုသို့ကြည့်သွားသူအများစုမှာ ဆယ်ကျော်သက်အရွယ်ကောင်လေးများနှင့် အရွယ်ရောက်စကောင်လေးများဖြစ်ကြသည်။ သူတို့သည် ရိုးသားသောအရွယ်လေးများဖြစ်သော်လည်း လီယီကိုမြင်လိုက်ရသောအခါ မျက်လုံးများပင် ကျွတ်ကျတော့မတတ်ဖြစ်သွားကြသည်။
လီယီသည် သူမ၏ဆွဲဆောင်မှု၏ အကျိုးသက်ရောက်မှုကို မြင်လိုက်ရသောအခါ အတော်လေးကျေနပ်နေလေသည်။ သူမသည် မှန်တစ်ချပ်ကို ထုတ်လိုက်ပြီး ကြည့်လိုက်သည်။ သူမသည် ကိုယ့်အလှ၏ ဆွဲဆောင်မှုကို ကိုယ်ပြန်ခံလိုက်ရ၏။
သူမသည် ရင်ထဲမှသက်ပြင်းချလိုက်ပြီး သူမ၏အလှကို အံ့အားသင့်နေလေသည်။
သူမဘေးမှ ကျောင်းသူများသည် သူမကို စူးစူးဝါးဝါးကြည့်လိုက်၏။ ထိုကျောင်းသူများသည် အကြည့်ဖြင့် ဓားမြှောင်များပစ်လွှတ်နေ၏။ သူမတို့သည် လီယီနှင့်ယှဉ်လျှင် နံ့သာဆီနှင့်အီးကဲ့သို့ ကွာခြားလေသည်။ သူမတို့သည် လီယီကို မကျေနပ်သောမျက်ဝန်းများဖြင့် ကြည့်လိုက်ကြပြီး ပမာမခန့်လုပ်တတ်ကာ သိပ်မရှက်တတ်သော ကျောင်းသူတချို့သည် စတင်အတင်းတုတ်လေတော့သည်။
“ အဲ့မြေခွေးမက ဘယ်သူလဲ ”
“ သူက အိုနေပါပြီဟယ်… အဲဒီလိုအသက်အရွယ်နဲ့ အိမ်ထဲကထွက်ရတာ မရှက်ဘူးလားမသိပါဘူး ”
“ တင်ပါးတွေကလည်း အဆီတွေနဲ့ပြည့်နေပြီး ရုပ်ဆိုးလိုက်တာ ”
ကျောင်းသားများ၏ မမှိတ်မသုန်အကြည့်များ၊ ရန်လိုနေသောအကြည့်များအကြားတွင် လီယီသည် ခေါင်းမော့ရင်ကော့၍ မြူခိုးတာအိုကျောင်းတော်ဘက်သို့ လှမ်းအော်လိုက်သည်။
“ ဝမ်ပေါင်လဲ့… ဒီကိုထွက်ခဲ့စမ်း ”
သူမ၏ အခြေတည်အဆင့်ကျင့်ကြံခြင်းအစွမ်းသည် သူမအသံ၏ကျယ်လောင်မှုကို တိုးမြှင့်ပေးကာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စေလေသည်။ ထိုအသံသည် အရှေ့သို့ ဟိန်းထွက်သွားလေသည်။ ပတ်ဝန်းကျင်ရှိ ကျောင်းသူ၊ ကျောင်းသားများသည် အံ့အားသင့်ကာ တုံ့ဆိုင်းသွားကြသည်။ သူတို့၏မျက်နှာများပေါ်တွင် စပ်စုလိုမှုများ၊ စိတ်ဝင်စားမှုများ ရုတ်ခြည်းပေါ်လာလေတော့သည်။
ဝမ်ပေါင်လဲ့သည် ရုံးအဆောက်အဦးအတွင်းမှ ထွက်လာလာချင်း သူမ၏အသံကို ကြားလိုက်ရသည်။ သူလှမ်းကြည့်လိုက်ရာ ကျောင်းမှပြန်နေသာ ကျောင်းသူ၊ ကျောင်းသားအုပ်ကို ဖြတ်ကျော်ကာ ကျောင်ဂိတ်တံခါးအပြင်တွင် ရပ်နေသော လီယီကို တွေ့လိုက်လေသည်။
‘ သူ ဒီလိုတိုနှံ့နှံ့အဝတ်တွေဝတ်လာတာက ငါ့ရဲ့နှလုံးသားနဲ့ ငါရဲ့လှပတဲ့ခန္ဓာကိုယ်လေးကို သူတစ်ယောက်တည်း မောင်ပိုင်စီးချင်လို့လား။ သူက ငါ့ကို ကိုယ်တိုင်လာရှာတယ်ပေါ့လေ ’
ဝမ်ပေါင်လဲ့ ချက်ချင်းပင် သတိကြီးကြီးထားလိုက်၏။ သူသည် သူ၏ဝိုင်းစက်သောမျက်နှာကို ထိလိုက်ပြီး သူ့နဖူးသူရိုက်လိုက်သည်။ သူ ဒုက္ခရောက်နေပေပြီ။ သူ ထိုကိစ္စကို တစ်ခါတည်းပြီးသွားအောင် အဆုံးသတ်မှရပေမည်။ သူသည် ကျောင်းဂိတ်ဝသို့ သွားလိုက်သည်။
ဝမ်ပေါင်လဲ့ ဂိတ်ဝသို့ရောက်လာ၏။ သူသည် စပ်စုစိန်ကျောင်းသူ၊ ကျောင်းသားများကို လျစ်လျူရှုကာ လီယီကိုစကားပြောခွင့်ပင်မပေးဘဲ လေးနက်သောအသံဖြင့် ကရားရေလွှတ်ပြောလိုက်လေသည်။
“ လီယီ… ငါ့မှာ လှပတဲ့ခန္ဓာကိုယ်နဲ့ ခံ့ညားတဲ့မျက်နှာရှိမှန်း ငါသိပါတယ်။ ငါက ပြည်ထောင်စုပျိုးပင်တစ်ရာထဲက တစ်ယောက်ဖြစ်ရုံတင်မကဘူး ငါနဲ့ကျင့်ကြံခြင်းအဆင့်တူတဲ့သူတွေထဲမှာ ငါကပြိုင်ဘက်ကင်းဆိုတာလည်း သိပါတယ်။ ငါ့ရဲ့ အလားအလာနဲ့ပါရမီက ပြည်ထောင်စုတစ်ခုလုံးက လူတိုင်းထက် သာလွန်တယ်… ပြည်ထောင်စုဥက္ကဋ္ဌကိုယ်တိုင်ကတောင် ငါကပါရမီရှင်ပဲလို့ပြောတယ်… ဒါပေမဲ့ ငါက ကိုယ်ကျင့်သိက္ခာကင်းမဲ့ပြီး အဆင့်အတန်းမရှိတဲ့သူတစ်ဦးမဟုတ်ပါဘူး ”
ပတ်ဝန်းကျင်ရှိ ကျောင်းသူ၊ ကျောင်းသားများသည် ဝမ်ပေါင်လဲ့ ပြောလိုက်သောစကားကို ကြားလိုက်သောအခါ မျက်လုံးပြူးသွားကြလေသည်။ သူတို့သည် ဝမ်ပေါင်လဲ့ကို မယုံနိုင်ဟန်ဖြင့် ငေးကြည့်နေကြသည်။ ထို့နောက် လီယီကို ကြည့်လိုက်ကြပြန်သည်။ သူတို့သည် သူတို့မြင်နေ၊ ကြားနေရသည်များကို မယုံနိုင်ဖြစ်နေသည်။
“ လက်ထောက်ကျောင်းအုပ်ဝမ်က သူ့ကိုသူ ချီးကျုးနေတာလား။ သူက အဲ့မမလေးကို ငြင်းနေတာလား ”
“ ဒါက တော်တော်လေး အရှက်မရှိတာပဲ… ”
“ မမလေးလီယီက လက်ထောက်ကျောင်းအုပ်ဝမ်ကို ကြိုက်တယ်လို့တောင် မပြောဖူးဘူး ”
လီယီသည်လည်း မှင်တက်သွားသည်။ သူမသည် သူမ၏ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ ပေါက်ကွဲမိသွားတော့မတတ်ဖြစ်သွားသည်။ ဝမ်ပေါင်လဲ့၏စကားများကို တစ်နည်းအဓိပ္ပာယ်ကောက်လျှင် သူမကပင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ကာ အဆင့်အတန်းမရှိသူတစ်ဦး ဖြစ်နေသကဲ့သို့ပင်။
သို့သော် သူမသည် မကြာခင် မရေမရာဖြစ်လာကာ သံသယဝင်လာလေသည်။ ဝမ်ပေါင်လဲ့ပြောသည့်စကားများမှာ အမှန်ပင်ဒေါသထွက်စရာကောင်းသော်လည်း သူမ၏ရည်ရွယ်ချင်အမှန်နှင့် အတန်ငယ်ကိုက်ညီနေပေသည်။ သူမထိုသို့လာခဲ့ရခြင်းမှာ ဝမ်ပေါင်လဲ့ကိုအသုံးချ၍ သူမ၏မှော်ပညာရပ်ကို ကျင့်ကြံနိုင်ရန်ဖြစ်သည်။ သူမ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။
“ ဝမ်ပေါင်လဲ့..ငါက… ”
“ မင်း ဘာစကားတစ်ခွန်းမှ ထပ်ပြောစရာမလိုတော့ပါဘူး ”
ဝမ်ပေါင်လဲ့ လက်ဝှေ့ယမ်းလိုက်သည်။ သူ၏မျက်ဝန်းများထဲတွင် စိတ်ရှုပ်မှု၊ စိတ်အနှောင့်အယှက်ဖြစ်မှုများနှင့် ပြည့်နှက်နေလေသည်။ သူသည် ထိုမျက်ဝန်းများဖြင့် လီယီကို ခေါင်းအစခြေအဆုံး ကြည့်လိုက်ပြီး ချောင်းဟန့်ကာ ဆက်ပြောလိုက်သည်။
“ မင်းဘာလိုချင်လဲဆိုတာ ငါသိပါတယ်။ ကောင်းပြီ။ ဒါက မင်းရဲ့ခေါင်းထဲမှာရှိနေတဲ့ အကြံတွေကို ပျောက်သွားစေလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ် ”
ဝမ်ပေါင်လဲ့သည် သက်ပြင်းချကာ ရှေ့သို့ ခြေလှမ်းကျဲကြီးတစ်လှမ်း လှမ်းလိုက်သည်။ သူတို့ပတ်ဝန်းကျင်ရှိ ကျောင်းသူ၊ ကျောင်းသားများသည် အံ့ဩတကြီးကြည့်နေကြသည်။ ဝမ်ပေါင်လဲ့သည် နားမလည်နိုင်ဖြစ်နေသောလီယီဆီသို့ လျှောက်သွားလိုက်ပြီး လက်ဆန့်ကာ သူမကို တင်းတင်းကြပ်ကြပ်ဖက်လိုက်လေသည်။
လီယီသည် ရုတ်ခြည်းပင် မျက်လုံးပြူးသွား၏။ သူမသည် အဖက်ခံထားရသည်မှ ရုန်းထွက်ကာ ဝမ်ပေါင်လဲ့ကို မှတ်လောက်သားလောက်အောင် ရိုက်နှက်ပစ်လိုက်လိုသော်လည်း သူမ၏အကြံအစည်နှင့် ရည်ရွယ်ချက်ကို အမှတ်ရသွားသည်။ သူမသည် အသက်ပြင်းပြင်းရှူလိုက်၏။ သူမ၏ခန္ဓာကိုယ်သည် တုန်ခါသွားသော်လည်း သူမသည် မနှစ်မြို့မှု၊ ရွံရှာမှုများကို မျိုသိပ်ကာ သူမကိုယ်သူမ ထိန်းချုပ်နိုင်ရန် ကြိုးစားနေလေသည်။
ထိုမြင်ကွင်းကြောင့် ကျောင်းမှမပြန်ရသေးသော ကျောင်းသူ၊ ကျောင်းသားများအကြားတွင် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ သူတို့သည် ဝမ်ပေါင်လဲ့နှင့်လီယီတို့ ဖက်နေသည့်မြင်ကွင်းကို မယုံနိုင်ဖွယ် မြင်နေရလေသည်။ ထိုမြင်ကွင်းကို မြင်ရလိမ့်မည်ဟု သူတို့ပျော်စေပျက်စေပင် မတွေးခဲ့ဖူးပေ။
“ ဘုရားရေ… ငါ့ရဲ့မျက်လုံးတွေက ဒါကိုမြင်နေတာရော ဟုတ်ရဲ့လား။ ငါတို့ရဲ့ လက်ထောက်ကျောင်းအုပ်က အရမ်းမိုက်တာပဲ ”
“ အဲ့လို ချောတဲ့၊ လှတဲ့မမလေးကတောင် သူ့ကိုပြန်လိုက်နေရတယ်… ’
“ ဒီလောကကြီးထဲမှာ တရားမျှတမှုဆိုတာ မရှိဘူးပဲ ”
ကျောင်းသူ၊ ကျောင်းသားများအကြားတွင် ရုတ်ရုတ်သဲသဲဖြစ်နေစဉ်တွင် ဝမ်ပေါင်လဲ့သည် လီယီကိုဖက်နေရင်းဖြင့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ထိုခံစားချက်သည် ကောင်းသည်ဟု ဆိုရပေမည်။ သူဆက်၍ဖက်ထားချင်သော်လည်း လီယီတစ်ယောက် သူ့အား အသားယူနေမည်ကို မလိုလားပေ။ ထို့ကြောင့် သူသည် သူမကိုခပ်မြန်မြန် လွှတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပြောလိုက်လေသည်။
“ အခု မင်းငါ့ကို ဖက်ပြီးသွားပြီပဲ။ မင်းအခုသွားလို့ရပါပြီ ”
လီယီသည် စိတ်ထဲမှ ကျိန်ဆဲနေ၏။ သူမသည် သူမ၏ဆုံးဖြတ်ချက်ကို နောင်တရမိမလိုပင် ဖြစ်လာသည်။ သို့သော် သူမသည် မှော်ပညာရပ်ကို တွေးလိုက်သောအခါ အံ့ကြိတ်လိုက်လေသည်။ သူမသည် ထိုပညာရပ်ကို ရအောင်ကျင့်ကြံမည်ဖြစ်သည်။ သူမခေါင်းမော့လိုက်ပြီး သူမ၏အကြည့်ကို နူးညံ့သည်ထက်နူးညံ့အောင် ကြိုးစားလိုက်ပြီး နှုတ်ခမ်းဟ၍ စကားပြောရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ အသံလွှင့်လက်စွပ်သည် ရုတ်တရက် တုန်ခါလာ၏။ သူ ခေါင်းငုံ့လိုက်ပြီး အသံပို့လွှတ်မှုကို စစ်ဆေးလိုက်သည်။ သူ့မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ရုတ်ခြည်းဖြတ်သန်းသွားပြီး သူ့မျက်လုံးများသည် အမျက်ဒေါသများဖြင့် တောက်လောင်လာတော့သည်။
‘ ငါ့ရဲ့ တိုက်ပွဲဝင်ပုဆိန်တွေကို ဖျက်ဆီးပစ်တယ်ပေါ့လေ ’
အသံပို့လွှတ်လိုက်သူမှာ တိုက်ပွဲဝင်ပုဆိန်ဟိုတယ်မှ ရွှီကျန်းကျင့်ဖြစ်သည်။ သူသည် အသံတုန်တုန်ယင်ယင်ဖြင့် မီးဝိညာဉ်ကျောင်းတော်မှ လီဝူချန်းသည် သူ၏ကျောင်းသူ၊ ကျောင်းသားအုပ်ကြီးတစ်အုပ်ကို ဦးဆောင်၍ ဟိုတယ်သို့ရောက်လာကြောင်း အသံပို့လွှတ်ခဲ့သည်။ သူတို့သည် တိုက်ပွဲဝင်ပုဆိန်များကို ဖျက်ဆီးပစ်လိုနေကြသည်။ သူသည် ထိုသူများကို ကြာရှည်ထိန်းထားနိုင်မည်မဟုတ်သဖြင့် အကူအညီအတွက် အသံပို့လွှတ်လိုက်ခြင်းဖြစ်သည်။
‘ လီဝူချန်း… မင်းက သောက်ရူးတစ်ကောင် ဖြစ်လာတာပဲ ’
ဝမ်ပေါင်လဲ့ ဒေါသထွက်နေ၏။ သူသည် ဟိုတယ်သို့သွားရန် ဟန်ပြင်လိုက်စဉ် လီယီကိုကြည့်လိုက်၏။ သူ၏အကြည့်များသည် လီယီ၏ ရှိုက်ကြီးဖိုငယ်အသွယ်သွယ်နှင့်ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။ သူသည် ခေါင်းငဲ့၍ စကားတစ်ခွန်းပြောလိုက်၏။
“ လီယီ… မင်းက ငါ့ရဲ့ ခံ့ညားတဲ့အသွင်အပြင်ကို တပ်မက်နေတာ ငါသိပါတယ်။ ငါမင်းကို ငါနဲ့အတူရေတစ်ခါချိုးနိုင်မယ့် အခွင့်အရေးတစ်ခုပေးနိုင်ပါတယ်… မင်းသာ ငါ့ကို အင်္ဂါဂြိုလ်ပေါ်က ရှိသမျှမုန့်မျိုးစုံကို တစ်ထုပ်စီဝယ်ပေးမယ်ဆိုရင် ငါမင်းရဲ့စစ်မှန်တဲ့သဘောထားကို အသိအမှတ်ပြုပေးလိုက်မယ် ”
ဝမ်ပေါင်လဲ့သည် ကျောင်းသူ၊ ကျောင်းသားများအကြားမှ ပို၍ကျယ်လောင်လာသော နောက်ဆက်တွဲမှတ်ချက်များနှင့် မျက်လုံးပြူးကာ ခန္ဓာကိုယ်တုန်တုန်ယင်ယင်ဖြစ်နေသည့် လီယီကို လျစ်လျူရှုလိုက်သည်။ သူမသည် သူပြောလိုက်သောစကားကြောင့် စိတ်လှုပ်ရှားသွားပုံရပေသည်။ သူသည် နောက်သို့ပြန်လှည့်လိုက်ပြီး သူ့သင်္ဘောပျံပေါ်သို့တက်ကာ တိုက်ပွဲဝင်ပုဆိန်ဟိုတယ်သို့ ပျံသန်းသွားလိုက်လေတော့သည်။
100% confidence BOy
အကန်းရဲ့သားတော်တွေထဲမှာပညာအတတ်ဆုံးနဲ့ယုံကြည်မှုအရှိဆုံးကောင်ပဲဟ