Switch Mode

အခန်း ( ၂၉၈ )

ဓမ္မလက်နက်ဆရာအသစ်

ဝမ်ပေါင်လဲ့မှာ သူ၏ ရုပ်သေးရုပ်များကို ရောင်းချရင်း ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သူ့အား ဆင့်ခေါ်လိမ့်မည်လော တွေးတောကာ စိုးရိမ်နေစဉ်တွင် သူ၏ အစားထိုးဆရာအဖြစ် ထမ်းဆောင်ရသော တာဝန်မှာ ပြီးဆုံးသွား၏။ ဓမ္မလက်နက် ဆရာအသစ် ရောက်ရှိလာပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ဖိုင်တွဲများကို ကောက်ကိုင်လိုက်ပြီး ထို ဆရာအသစ်အကြောင်းကို ဖတ်ရှုရသောအခါ အံအားသင့်သွားရသလို ကျေလည်း ကျေနပ်သွား၏။

” တိုင်းတစ်ပါးမှာ မိတ်ဆွေဟောင်းနဲ့ ပြန်ကြုံရပြီပဲ ”
ဝမ်ပေါင်လဲ့မှာ သက်ပြင်းချလိုက်၏။ သူသည် အချိန်အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် ထိုဆရာအသစ်အား ကျောင်းအပေါက်ဝတွင် ကြိုဆိုရန် လူတစ်ယောက်ကို တာဝန်ပေးလိုက်၏။ ထို့အပြင် ထိုဆရာအသစ် ရောက်ရှိလာလျှင် သူ့ဆီသို့ အရင်ဆုံးခေါ်ခဲ့ရန် မှာကြားလိုက်သေးသည်။

ဝမ်ပေါင်လဲ့ အာလူးကြော် နှစ်ထုပ်သုံးထုပ်ခန့် စားပြီးချိန်တွင် ထို ဓမ္မလက်နက်ဆရာအသစ် ရောက်ရှိလာ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ရုံးခန်းတံခါးခေါက်သံကို ကြားလိုက်ရသောအခါ မတ်တတ်ထလာပြီး သူ၏အခန်းထဲတွင် ချိတ်ဆွဲထားသော မြေပုံကြီးဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ ထို့နောက် သူသည် တံခါးပေါက်ကို ကျောပေး၍ တည်ကြည်စွာ ဆိုလိုက်၏။
” ဝင်ခဲ့ ”

ထို ဓမ္မလက်နက် ဆရာအသစ်မှာ မရွှင်မပျဖြစ်နေသော မျက်နှာထားဖြင့် တံခါးခေါက်နေခြင်း ဖြစ်သည်။ ထို့နောက် သူသည် အခန်းထဲမှ စကားသံကို ကြားလိုက်ရသောအခါ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် တံခါးကို တွန်းဖွင့်လိုက်၏။ ဝမ်ပေါင်လဲ့၏ နောက်ကျောကို မြင်လိုက်ရသောအခါတွင် သူ၏မျက်နှာမှာ ရှုံ့မဲ့သွားတော့သည်။ သူသည် ခန္ဓာကိုယ်တခုလုံး မအီမလည် ဖြစ်နေသလို ခံစားနေရ၏။ သို့သော် သူ့တွင် အခြားရွေးချယ်စရာ မရှိသောကြောင့် မာန်တင်းကာ ညာလက်သီးပေါ် ဘယ်လက်ဝါး တင်လိုက်ပြီး ဝမ်ပေါင်လဲ့အား အရိုအသေပေးလိုက်တော့သည်။

” လက်ထောက်ကျောင်းအုပ်ဝမ်… လင်းတျန်ဟောက် ဂါရဝပြုပါတယ် ”

ဓမ္မလက်နက် ဆရာအသစ်မှာ လင်းတျန်ဟောက် ဖြစ်နေ၏။

လင်းတျန်ဟောက်၏ နှလုံးသားထဲမှ ခံပြင်းမှုများမှာ အမြင်ဆုံးအဆင့်အထိ ရောက်ရှိနေပြီဖြစ်သည်။ အကယ်၍ ဤကျောင်းတွင် ဝမ်ပေါင်လဲ့ ရှိနေသည်ကို သူ ကြိုသိခဲ့ပါက သူသည် ယခုလို ရွေးချယ်ခဲ့မည်မဟုတ်ပေ။ သို့သော် သူသိလိုက်ရသောအချိန်တွင် အရာအားလုံးမှာ နောက်ကျသွားပြီဖြစ်သည်။ အမိန့်များကို ထုတ်ပြန်ပြီးသွားပြီဖြစ်ပြီး သူ၏ လက်ရှိရာထူးအတွက် သူ၏ ဖခင်ဖြစ်သူမှာ အများကြီးပေးဆပ်ထားရသည်။ ထို့ကြောင့် လင်းတျန်ဟောက်မှာ အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူ၏ကံကြမ္မာကို လက်ခံလိုက်ပြီး ဤကျောင်းသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

လင်းတျန်ဟောက်၏ နှလုံးသားထဲ၌ ခံပြင်းမှုများဖြင့် ဆူပွက်နေချိန်တွင် သူ့အား ကျောပေးထားဆဲဖြစ်သော ဝမ်ပေါင်လဲ့က လှမ်းခေါ်လိုက်၏။

” တျန်ဟောက်၊ လာခဲ့လေ ”

ဝမ်ပေါင်လဲ့၏ သူ့အား ခေါ်ဝေါ်ပုံကို လင်းတျန်ဟောက်မှာ မနှစ်သက်ပါသော်လည်း ဘာမှ မလုပ်နိုင်ချေ။ သူသည် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်ပြီး မျက်မှောင်ကြုတ်ကာ ဝမ်ပေါင်လဲ့ဆီသို့ လျှောက်လှမ်းသွားလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့ဘေး၌ ရပ်လိုက်သည်။

ဝမ်ပေါင်လဲ့ကမူ သူ့အား တစ်ချက်မျှသာ ကြည့်လိုက်ပြီး စကားတစ်ခွန်းမှ မပြောပေ။ သူသည် မြေပုံကြီးကို ဆက်၍ စိုက်ကြည့်နေလိုက်၏။

အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး နာရီဝက်တိတိ ကုန်ဆုံးသွားသည်။ လင်းတျန်ဟောက်မှာ မည်မျှပင် မရွှင်မပျ ဖြစ်နေစေကာမူ တစ်ခုခု လွဲနေပြီဖြစ်ကြောင်း အာရုံခံမိလိုက်၏။ ထိုအချိန်တွင် သူနှင့် ဝမ်ပေါင်လဲ့တို့ ရပ်နေသည့် နေရာနှစ်ခုကို နှိုင်းယှဉ်မိလိုက်သောအခါ သူ၏ ဖခင်ဖြစ်သူ သင်ပေးခဲ့သည့် သင်ခန်းစာများကို ပြန်၍အမှတ်ရသွားတော့သည်။ သူရပ်နေသည့်နေရာမှာ မှားယွင်းနေခြင်းဖြစ်ကြောင်း သူက သိလိုက်ရ၏။

အကယ်၍ အခြားတစ်ယောက်ယောက်သာ လက်ထောက်ကျောင်းအုပ် ဖြစ်နေခဲ့မည်ဆိုပါက လင်းတျန်ဟောက်မှာ ယခုလိုအမှားမျိုး လုပ်မိမည်မဟုတ်ပေ။ သို့သော် သူ၏ ဝမ်ပေါင်လဲ့အပေါ် ထားရှိသော ခံစားချက်များမှာ ရှုပ်ထွေးလွန်းနေ၏။ သူ၏ နှလုံးသားထဲတွင် မကျေနပ်ချက်များနှင့် အားကိုးရာမဲ့ ဖြစ်နေသည့် ခံစားချက်များအပြင် အရှုံးမပေးလိုသော စိတ်များဖြင့် ပြည့်နှက်နေ၏။ ထို့ကြောင့် သူသည် ဝေခွဲမရ ဖြစ်နေပြီး အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်ပြီး နောက်သို့ခြေတစ်လှမ်း ဆုတ်သွား၏။

သူ ထိုသို့နောက်ဆုတ်သွားသည်နှင့် ဝမ်ပေါင်လဲ့၏ မျက်နှာမှာ ရွှင်ပျစွာ ပြုံးသွား၏။ ထို့နောက် သူသည် နောက်သို့လှည့်လာပြီး ရယ်မောကာ အားမာန်တက်ကြွစွာ ဆိုလိုက်၏။

” တျန်ဟောက်။ မြူခိုးတာအိုကျောင်းကနေ ကြိုဆိုပါတယ် ”
ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက်အား ခေါ်ဆောင်သွားပြီး ဆိုဖာပေါ်တွင် သူနှင့်အတူ ထိုင်ခိုင်းလိုက်၏။ သူ၏မျက်နှာမှာ ပြုံးနေဆဲဖြစ်ပြီး သူ၏ မျက်ဝန်းများထဲတွင်လည်း အားပေးလိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ သူသည် လင်းတျန်ဟောက် ထိုင်ချလိုက်ပြီးမှ ပြုံးကာဆိုလိုက်၏။

” ငါတို့ မြူခိုးတာအိုကျောင်းရဲ့ တာဝန်က အရမ်းကြီးတယ်။ ငါတို့ရဲ့ တာဝန်က အင်္ဂါဂြိုဟ်နဲ့ ပြည်ထောင်စုကြီးအတွက် နောက်ထပ်မျိုးဆက်သစ်တွေကို မွေးထုတ်ပေးဖို့ပဲ။ အထူးသဖြင့် ဓမ္မလက်နက်ပညာရပ်က အရမ်းကိုအရေးကြီးတယ်။ အခု မင်း ကျောင်းကို ရောက်လာပြီဆိုမှတော့ ငါ စိတ်အေးရပါပြီ။ မင်းရဲ့ တာဝန်တွေက အရမ်းကြီးတာမလို့ မင်း ပင်ပင်ပန်းပန်း ကြိုးစားဖို့တော့လိုမယ်နော် ”

” လက်ထောက်ကျောင်းအုပ်ဝမ်။ ကျနော်အကောင်းဆုံး ကြိုးစားပါ့မယ် ”

လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့နှင့် သူ၏ကြားရှိ အထက်လူကြီးနှင့် လက်အောက်ငယ်သားဆက်ဆံရေးနှင့် သူတို့နှစ်‌ယောက်၏ အပြန်အလှန် စကားပြောနေသည့် ပုံစံကို ကျင့်သားမရသေးဘဲ ဖြစ်နေ၏။ သူသည် သူ့ကိုယ်သူ စိတ်ရွှင်လန်းအောင် မလုပ်နိုင်တော့သဖြင့် သူ၏နှလုံးသားထဲမှ ခံပြင်းမှုများမှာ ပို၍ပင်ကြီးထွားလာရတော့သည်။

” အကောင်းဆုံးကြိုးစားမယ် ဟုတ်လား။ တျန်ဟောက်ရာ မင်းက ကောင်းကင်တာအိုကျောင်းက ကျောင်းသားတစ်ယောက် မဟုတ်တော့ဘူးလေ။ အခု ဆရာတစ်ယောက်ဖြစ်နေပြီ။ မင်းက မင်းရဲ့ကျောင်းသားတွေရဲ့ ကမ္ဘာကြီးကို အလင်းထွန်းညှိပေးမယ့် ဖယောင်းတိုင်ပဲ။ အဲဒီတော့ မင်း အကောင်းဆုံးကြိုးစားရုံလောက်နဲ့ မလုံလောက်ဘူး။ အစွမ်းကုန်ပေးဆပ်မှကို ရမှာ။ မင်း ဒီကလေးတွေကို ဓမ္မလက်နက်တွေနဲ့ ပတ်သတ်တဲ့ မင်းသိနားလည်ထားသမျှ ပညာရပ်တွေအားလုံးကို လက်ဆင့်ကမ်းပေးရမှာ ”
ဝမ်ပေါင်လဲ့မှာ တည်ကြည်မှု အပြည့်ရှိပြီး ရက်စက်ကြမ်းတမ်းသော မျက်နှာအမူအရာဖြင့် သူ၏ ဩဝါဒမိန့်ခွန်းကို အဆုံးသတ်လိုက်သည်။ ထို့နောက် သူသည် ဆိုဖာပေါ်မှ မခွာတမ်း ထိုင်နေသော လင်းတျန်ဟောက်အား ဖျတ်ခနဲ လှမ်းကြည့်လိုက်၏။

လင်းတျန်ဟောက်မှာမူ အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် သူသည် ခါးကို မတ်မတ်ထားကာ ခေါင်းညိတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို သူ၏ ပခုံးကိုပုတ်၍ တည်ကြည်စွာ ဆိုလိုက်၏။

” တျန်ဟောက်။ ငါတို့တွေ တစ်ယောက်နဲ့ တစ်ယောက်သိတာ နှစ်နဲ့ချီနေပြီ။ အရင်တုန်းက ငါတို့နှစ်ယောက်ကြားမှာ တင်းမာမှုတွေ ရှိရင်ရှိခဲ့နိုင်ပေမယ့် မင်းလည်း ငါ့အကြောင်းကို သိပါတယ်။ ငါက အမြဲတမ်း ရွှင်ရွှင်မြူးမြူးနဲ့ နေတတ်ပြီးတော့ တော်ရုံလောက်နဲ့လည်း ဒေါသမထွက်တတ်တဲ့ လူတစ်ယောက်လေ။ ပြီးတော့ ငါက အငြိုးအတေးတွေလည်း မထားတတ်ဘူး။ အဲဒီတော့ မင်း စိတ်မပူပါနဲ့။ ငါ တကယ်ကို အငြိုးအတေး မထားတာပါ။ လုံးဝကို အငြိုးအတေး မထားတာပါ ”
ဝမ်ပေါင်လဲ့မှာ ‘ အငြိုးအတေး ‘ဟူသော စကားလုံးကို ဆိုလိုက်သည့် အချိန်တိုင်း လင်းတျန်ဟောက်၏ ပခုံးကို တစ်ချက် ပုတ်လိုက်၏။ ယခုတွင် သူသည် ထိုကဲ့သို့ သုံးကြိမ်တိတိ ဆိုလိုက်ပြီး လင်းတျန်ဟောက်အား သုံးကြိမ်တိတိ ပုတ်လိုက်၏။

၎င်းမှာ သူ ဧရာမသစ်ပင်ကြီးဆီမှရရှိခဲ့သော ပညာတစ်ခုဖြစ်သည်။ သူသည် လင်းတျန်ဟောက် သူ့အား အရှုံးပေးသည်ကို မြင်ချင်သောကြောင့် ထိုပညာအား လင်းတျန်ဟောက်ပေါ်တွင် အသုံးပြုလိုက်ခြင်းဖြစ်သည်။ သူသည် လင်းတျန်ဟောက်အား သူ၏ သစ္စာရှိသော နောက်လိုက်တစ်ယောက်အဖြစ် ပြောင်းလဲချင်နေခြင်းဖြစ်သည်။ ထိုသို့ပြောင်းလဲနိုင်ပါက သူသည် ကိုလိုနီနယ်မြေထဲတွင် တစ်ယောက်တည်း ဖြစ်နေတော့မည် မဟုတ်ပေ။

သူ ဧရာမသစ်ပင်ကြီးဆီမှ လေ့လာခဲ့သော ပညာရပ်မှာ အမှန်တကယ်ပင် အလုပ်ဖြစ်ပေသည်။ လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့၏ အကြင်နာတရားကင်းမဲ့သော လုပ်ရပ်များအကြောင်းကို ပြန်၍အမှတ်ရသွားသောအခါ သူ၏ ခံပြင်းမှုများမှာ စိုးရိမ်မှုများနှင့် မသေချာမရေရာမှုများအသွင် ပြောင်းလဲသွားရတော့သည်။ ထို့နောက် သူသည် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းအရှည်ကြီး ချလိုက်၏။

အကယ်၍ အခြားတစ်ယောက်ယောက်သာ ဆိုပါက သူသည် သူ့မိသားစု၏ အချိတ်အဆက်များကို အသုံးပြု၍ ရပေမည်။ သို့သော် ဝမ်ပေါင်လဲ့မှာ သာမန်လူတန်းစား မိသားစုတစ်ခုမှ ထွက်ပေါ်လာခဲ့သည့်တိုင်အောင် သူ၏နောက်တွင် သူ့မိသားစုလောက်ပင် အံ့ဩဖွယ်ရာကောင်းသော လူများက ထောက်ပံ့ပေးထား၏။ သူသည် ဝမ်ပေါင်လဲ့နှင့် ကျောင်းအတူတူ တက်ခဲ့ဖူးသောကြောင့် ထိုအချက်ကို ကောင်းကောင်းကြီးသိထားသည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ အန္တရာယ်အမျိုးမျိုးထဲမှ ကြိမ်ဖန်များစွာ ဘေးမသီရန်မခ ပြန်ထွက်လာနိုင်ခဲ့သည်ဖြစ်ရာ သူ့အား ကူညီထောက်ပံ့ပေးနေသည့် လျှို့ဝှက်ဆန်းကြယ် ခေါင်းကိုင်အဘိုးကြီးတစ်ယောက် ရှိနေရမည်ဟု သူက ယုံကြည်ထားဆဲပင်။

သူသည် နောက်ထပ်နှစ်အနည်းငယ်အထိ သူ၏ လက်အောက်ငယ်သားအဖြစ် မည်ကဲ့သို့ ဆက်ရှိနေရမည်နည်းဟု တွေးတောနေမိတော့သည်။ လင်းတျန်ဟောက်မှာ သူ၏ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်း မရှိတော့သောကြောင့် ရှေ့သို့ လက်မဝက်ခန့် တိုးလာ၏။ ထို့နောက် သူသည် အံကြိတ်ကာ မာန်တင်း၍ သူ၏ သက်တမ်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် သိုလှောင်လက်ကောက်တစ်ခုကို ထုတ်ယူလိုက်ပြီး ဘေးဘက်တွင် ဂရုတစိုက် ချထားလိုက်တော့သည်။

” လက်ထောက်ကျောင်းအုပ်ဝမ်…. ဒါ အသေးစား လက်ဆောင်လေးတစ်ခုပါ။ ကျေးဇူးပြုပြီးတော့ လက်ခံပေးပါ ”

ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက်၏ သဘောထားများ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် သူ၏ အပြုံးမှာ ပို၍ပင် အသက်ပါလာတော့သည်။ ထို့နောက် သူသည် သူတို့နှစ်ယောက် ကျောင်းတွင်ရှိခဲ့စဉ်တုန်းက ဖြတ်သန်းခဲ့ရသည့် အမှတ်တရများကို ပြန်ပြောင်းပြောဆိုလိုက်ပြီးနောက် စကားစ ဖြတ်လိုက်၏။ သူသည် သူ၏ လက်ဖက်ရည်ခွက်ကို မြှောက်၍ လင်းတျန်ဟောက်အား ထွက်သွားခွင့် မပေးခင် သူ၏ သိုလှောင်လက်ကောက်အား ပြန်ယူသွားစေလိုက်၏။ ထို့နောက် သူသည် ရိုးသားမှုအပြည့်ရှိသော မျက်ဝန်းများဖြင့် တည်ကြည်စွာ ဆိုလိုက်၏။

” တျန်ဟောက်။ မင်းနဲ့ ငါက ကျောင်းနေဖော် ကျောင်းနေဖက်တွေပဲ။ ဒါတွေ မလိုပါဘူး။ ငါတို့နှစ်ယောက်ကြားမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက ငါတို့တွေ မစဉ်းစား မဆင်ခြင်တတ်တဲ့ ငယ်ရွယ်စဉ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေပါ။ မြို့စားလီရဲ့ သစ်သီးစားပွဲမှာ အဲဒီပြဿနာတွေအကုန်လုံး ပြေလည်သွားပြီ။ မင်းနဲ့ငါ မြူခိုးတာအိုကျောင်းကို နောက်တစ်ဆင့်ထိရောက်အောင် မြှင့်တင်ပေးပြီးတော့ ငါတို့ရဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့ မျှော်လင့်ပါတယ် ”

ဝမ်ပေါင်လဲ့၏ စကားလုံးများထဲတွင် ရိုးသားမှုများ ကိန်းအောင်းနေသောကြောင့် လင်းတျန်ဟောက်မှာ စိတ်နှလုံး လှုပ်ရှားသွားရ၏။ သူသည် ဝမ်ပေါင်လဲ့အား အချိန်အတော်အတန်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးမှ သိုလှောင်လက်ကောက်ကို သိမ်းဆည်းလိုက်၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်လိုက်ပြီး တရိုတသေ ဦးညွှတ်လိုက်တော့သည်။

” ကျနော် အကောင်းဆုံးကြိုးစားပါ့မယ် ” လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့အား ကတိပေးလိုက်ပြီး ထွက်ခွာလာ၏။ သူသည် ကျောင်းသို့ ယခုမှ ရောက်လာသည်ဖြစ်ရာ အခြား လုပ်စရာများစွာ ရှိနေသေးသည်။ ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက် အခန်းထဲမှထွက်ခွာသွားပြီး တံခါးနောက်ဘက်၌ ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်၏။ ထိုအခါမှသာ သူသည် သူ၏ လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ပြီး ဝိညာဉ်ရေခဲရေဘူးတစ်ဘူးကို ထုတ်ကာ တဝကြီး မော့သောက်လိုက်တော့သည်။ သူသည် အလွန်အင်မတန်မှ ကျေနပ်နေ၏။

” လင်းတျန်ဟောက်ကို သိမ်းသွင်းနိုင်ဖို့ လောနေစရာမလိုဘူး။ တစ်ဆင့်ချင်းစီ တက်ရုံပဲ…. ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် ဧရာမသစ်ပင်ကြီး ရှိနေသည့်တိုင်အောင် အင်္ဂါဂြိုဟ်ပေါ်မှ ဘဝမှာ ပျော်စရာနှင့် စိတ်လှုပ်ရှားစရာများ ရှိနေသေးကြောင်း မှတ်ယူလိုက်၏။ သူသည် သူ၏ ကြွယ်ဝချမ်းသာမှုကို တိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့သလို လင်းတျန်ဟောက်၏ အထက်အရာရှိလည်း ဖြစ်လာခဲ့ပြီ မဟုတ်ပါလော။ ထိုအချက် နှစ်ချက်စလုံးကြောင့် သူသည် အလွန် ပျော်ရွှင်နေတော့သည်။

သူသည် လေတချွန်ချွန်နှင့် အာလူးကြော်ထုပ်တစ်ထုပ်ကို ဖွင့်ဖောက်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ အသံလွှင့်လက်စွပ်မှာ ရုတ်တရက်ဆိုသလို တုန်ရီသွား၏။ ထို့ကြောင့် သူသည် ခေါင်းငုံ့၍ ကြည့်လိုက်သောအခါ သူမြင်လိုက်ရသည့် အရာကြောင့် အားသင့်သွားရတော့သည်။

” လီယီပါလားဟ ”
ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွား၏။ သူသည် သူ၏ အသံလွှင့်လက်စွပ်ကို ဖွင့်လိုက်သောအခါ လီယီ၏ အသံမှာ သူ၏ နားထဲ၌ ချက်ချင်းပင် ပေါ်ထွက်လာ၏။ သူမ၏ လေသံမှာ တည်ကြည်ကာ အနည်းငယ်ခန့် ပင်ပန်းနေသည့်ပုံ ပေါက်နေ၏။

” ဝမ်ပေါင်လဲ့။ နင် အင်္ဂါဂြိုဟ်ပေါ်မှာဆိုတာ ငါ သိတယ်။ ငါလည်း အင်္ဂါဂြိုဟ်ပေါ်မှာပဲ တာဝန်ကျတာ ”

” ငါ ဘွဲ့မရခင်တုန်းကတော့ သေချာ မစဉ်းစားမိခဲ့ဘူး။ ဒါပေမဲ့ ငါ ဘွဲ့ရပြီး ပြည်ထောင်စုကြီးနဲ့ ပူးပေါင်းပြီးတဲ့ နောက်ပိုင်းမှာ အရမ်းကို ပင်ပန်းလာတာ…. ငါတို့ရဲ့ အတိတ်တွေကို ပြန်တွေးလိုက်တိုင်း နင့်အပေါ်မှာ ငါ ထားခဲ့တဲ့ မကျေနပ်ချက်တွေကိုပဲ ပြန်ပြီးတော့ သတိရနေတာ။ အဲဒီခံစားချက်တွေ အားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ။ အဲဒီတော့ ငါတို့တွေက ဘာလို့ အဲဒီကိစ္စတွေကို ဆက်ပြီးတော့ စွဲလမ်းနေရဦးမှာလဲ ”

” ငါတို့တွေ ရှေ့ဆက်လျှောက်ရမယ့် ခရီးလမ်းတွေ အရှည်ကြီး ကျန်သေးတယ်။ အဲဒီတော့ ငါတို့နှစ်ယောက်ကြားက ပဋိပက္ခတွေကို ငါ ဖြေရှင်းချင်တယ်ဟာ။ နင် အားလား။ ငါ နင့်ကို ထမင်းလိုက်ကျွေးမယ် ”

ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် ဇဝေဇဝါ ဖြစ်သွားရ၏။ လီယီ၏ အသံလွှင့်အကြောင်းကြားစာမှာ ဗြုန်းစားကြီး ရောက်လာခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရုံသာမက မယုံသင်္ကာလည်း ဖြစ်သွား၏။ လီယီမှာ သဘောထားသေးသိမ်ပြီး အငြိုးအတေးများထားကာ ကလက်စားချေတတ်သည့် လူတစ်ယောက်ဖြစ်ကြောင်း သူက ယုံကြည်ထားသည်။ သို့ဖြစ်ရာ အဘယ့်ကြောင့် သူမမှာ ရုတ်တရက်ဆိုသလို ယခုလို စကားများ ပြောပါ့မည်နည်း။

” နင် ပြန်ပေးဆွဲခံလိုက်ရတာလား။ ငါ့ရန်သူတွေက နင့်ကို ဖမ်းသွားတာလား။ မဟုတ်သေးပါဘူး။ ငါ့ရန်သူတွေက နင့်ကို ဖမ်းမှာမဟုတ်ဘူး။ နင် လီယီမဟုတ်ဘူးမလား မှန်မှန်ပြောစမ်း။ နင် ဘယ်သူလဲ ”

ထိုအချိန်တွင် အင်္ဂါဂြိုဟ်ကိုလိုနီမြို့တော်၏ နယ်မြေဆယ့်ရှစ်ထဲရှိ အင်္ဂါဂြိုဟ်မြို့တော် လက်ထောက်ဘုရင်ခံ၏ ရုံးထဲတွင် လီယီမှာ ရုံးခန်းတစ်ခန်းထဲတွင် ထိုင်နေ၏။ သူမသည် အသံလွှင့်လက်စွပ်ထဲရှိ ဝမ်ပေါင်လဲ့၏ စကားသံကိုနားထောင်ရင်း အံတကြိတ်ကြိတ် ဖြစ်နေ၏။ နောက်ဆုံးတွင် သူမသည် အကြိမ်အနည်းငယ်ခန့် အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ၏ လေသံအား မောပန်းနွမ်းနယ်နေသည့် လေသံပေါက်အောင် ဟန်ဆောင်ကာ တိုးတိုးလေး ထပ်ပြောလိုက်တော့သည်။

” ဝမ်ပေါင်လဲ့။ နင် နားလည်မှု လွဲနေပြီ။ ငါက… ”

သို့သော် သူမ စကားဆုံးအောင် မပြောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ထိုဆက်သွယ်မှုကို ချက်ချင်းပင် ဖြတ်တောက်လိုက်၏။ ထို့ကြောင့် သူမမှာ သူမ၏လက်ထဲရှိ အသံလွှင့်လက်စွပ်ကို အချိန်အတော်အတန်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် သူမ၏‌ခုံကို အားပါပါနှင့် ထုနှက်လိုက်တော့သည်။

” ခွေးကောင်။ ငါ့ကိုများ အဆက်အသွယ် ဖြတ်လိုက်ရတယ်လို့ ”
လီယီမှာ အမျက်ချောင်းချောင်းထွက်နေတော့သည်။ သူမ၏ ရင်ဘတ်မှာ ဒေါသစိတ်များကြောင့် မြင့်ချည်နိမ့်ချည် ဖြစ်နေ၏။ နောက်ဆုံးတွင် သူမသည် အံကြိတ်လိုက်ပြီး သူမ၏ မျက်ဝန်းများထဲတွင် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်သွားတော့သည်။

” စောစောတုန်းက ငါက တွေဝေနေခဲ့လို့။ အခု ငါ စိတ်ပိုင်းဖြတ်ပြီးသွားပြီ။ သူ ဖြစ်မှကို ရမှာ။ ငါ့ရဲ့ လျှို့ဝှက်ဆန်းကြယ် ပညာရပ်ကို ကျွမ်းကျင်တတ်မြောက်နိုင်ဖို့အတွက် သူ့ကို အသုံးချမှရမယ် ”
လီယီမှာ အသက်ပြင်းပြင်းရှူလိုက်၏။ သူမ ဝမ်ပေါင်လဲ့အား ရင်ကြားစေ့ရန် ကမ်းလှမ်းရသည့် အကြောင်းအရင်းမှာ သူမသည် လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုကို ရှာတွေ့ထားသောကြောင့် ဖြစ်သည်။ ထိုပညာရပ်အား ကျွမ်းကျင်တတ်မြောက်နိုင်ရန် လိုအပ်သည့်အချက်မှာ အလွန် ထူးဆန်း၏။ ထိုလိုအပ်ချက်မှာ သူမ အမုန်းဆုံးလူနှင့် ချစ်ကျွမ်းဝင်ပြီး သူတို့၏ ဆက်ဆံရေးအား ဖြတ်တောက်ပစ်ရန်ဖြစ်သည်။ သို့မှသာ ထိုပညာရပ်ကို ကျွမ်းကျင်တတ်မြောက်နိုင်မည်ဖြစ်သည်။

ထိုပညာရပ်ကို မိုးမခအကြင်နာမဲ့ ပညာရပ်ဟု ခေါ်ဆိုပေသည်။

ထိုပညာရပ်မှာ သမင်ဖြူတာအိုကျောင်း၏ မှတ်တမ်းများထဲတွင် ဖော်ပြထားသော ပညာရပ်တစ်ခုမဟုတ်ဘဲ အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်ရှိခဲ့ပြီး လက်ထောက်ဘုရင်ခံ၏ အတွင်းရေးမှူး ဖြစ်လာသောအခါမှ ထိုလက်ထောက်ဘုရင်ခံက ပေးအပ်ခဲ့သော ပညာရပ်တစ်ခု ဖြစ်သည်။

သူမသည် တာအိုကျောင်းကိုပင် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး ထို လျှို့ဝှက်ဆန်းကြယ်ပညာရပ်အကြောင်းကို အသိပေးခဲ့သေးသည်။ ထိုအခါ သမင်ဖြူတာအိုကျောင်း၏ ထိပ်တန်းအဆင့် ကျင့်ကြံသူများမှာ အံ့အားသင့်သွားခဲ့ပြီး သူမအား ထိုပညာရပ်အား ကျွမ်းကျင်တတ်မြောက်အောင် လေ့လာရန် တိုက်တွန်းခဲ့၏။

ထို့ကြောင့်လည်း သူမမှာ စိုးရိမ်ကြောင့်ကြမှုများကို လျစ်လျူရှုကာ ထိုလျှို့ဝှက်ဆန်းကြယ် ပညာရပ်အား ကျွမ်းကျင်တတ်မြောက်နိုင်ရန် အာရုံစိုက်နေခြင်းဖြစ်သည်။ သူမသည် အချိန်အကြာကြီးပေး၍ သေသေချာချာ စဉ်းစား‌တွေးတောခဲ့၏။ သူမ၏ ဘဝတစ်လျှောက်လုံးတွင် သူမ မမြင်ချင်လောက်အောင် မုန်းတီးသူ များများစားစား မရှိပေ။ သို့သော် ထိုသူများထဲတွင် သူမ အမုန်းတီးဆုံးလူမှာ ဝမ်ပေါင်လဲ့ပင်ဖြစ်သည်။

Comment

  1. thakinmagyigyi says:

    အေး ဟုတ်ကုန်ပြီ ချချ

Leave a Reply

Options

not work with dark mode
Reset