ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ချီများကို အသုံးပြု၍ အသံလွှင့်လက်စွပ်များအား လည်ပတ်စေရသည်ဖြစ်ရာ ပုံမှန်ဆိုလျှင် ၎င်းတို့ဆီမှ အချက်ပေးသံ ထွက်ပေါ်လာလေ့မရှိပေ။ သို့သော် ဆန္ဒရှိပါက ၎င်းတို့အား တုန်ခါအောင် လုပ်၍ရသလို အသံမြည်အောင်လုပ်၍လည်း ရပေသည်။
ဝမ်ပေါင်လဲ့မှာ စောစောတုန်းက သူ၏အသံလွှင့်လက်စွပ်ထဲမှ အချက်ပေးအသံများ ထွက်ပေါ်လာစေရန် ၎င်းအား လိုသလို ပြောင်းလဲနေခဲ့ခြင်း ဖြစ်သည်။ ယခုတွင် ထို အသံလွှင့်လက်စွပ်၏ အချက်ပေးသံများမှာ လေထဲတွင် ပဲ့တင်ထပ်နေပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့ကမူ ချောင်းဟန့်ကာ အချိန်အနည်းငယ်ခန့် စောင့်ဆိုင်းလိုက်ပြီးမှ ထိုဆက်သွယ်မှုနှင့် ချိတ်ဆက်လိုက်၏။ သူ၏မျက်လုံးများမှာမူ လီဝူချန်းပေါ်မှ လုံးဝမခွာပေ။
ထိုဆက်သွယ်မှုနှင့် ချိတ်ဆက်ပြီးသွားသည်နှင့် တစ်ပြိုင်နက် သူ၏ အသံလွှင့်လက်စွပ်ထဲမှ ‘ ရွှီ ‘ ဟူသော မျိုးရိုးနာမည်ကို ပိုင်ဆိုင်ထားသည့် လူကြီး၏အသံနှင့် ဆင်တူသော စကားသံတစ်သံ ထွက်ပေါ်လာသည်။
” အခုပြောနေတာ လူကြီးမင်းဝမ်လား ခင်ဗျ။ မင်္ဂလာရှိသော နေ့လေးပါ။ ကျနော်က လူကြီးမင်းရဲ့ နာမည်အောက်က တိုက်ပွဲဝင်ပုဆိန်ဟိုတယ်ကို တာဝန်ယူထားတဲ့ လူပါခင်ဗျ။ ကျနော့်နာမည်က ရွှီကျန်းကျင့်ပါ။ ဒါပေမဲ့ ရွှီလေးလို့ပဲ ခေါ်လို့ရပါတယ် ”
အသံလွှင့်လက်စွပ်ထဲမှ ထိုစကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အခန်း၏ အခြားတစ်ဖက်တွင် ထိုင်၍ သူ၏ အသံလွှင့်လက်စွပ်ထဲသို့ စကားပြောနေသော ရွှီကျန်းကျင့်မှာ ဝမ်ပေါင်လဲ့၏ အသံလွှင့်လက်စွပ်ထဲမှ သူ၏ စကားသံ ထွက်လာသည်ကို ကြားလိုက်ရသဖြင့် ကြက်သေသေသွားတော့သည်။ ထို့နောက် သူသည် ခေါင်းမော့လာပြီး သူတို့နှင့် မနီးမဝေးရှိ ဆိုဖာတစ်ခုပေါ်တွင် ထိုင်နေသော ဝမ်ပေါင်လဲ့အား ဇဝေဇဝါနှင့် စိုက်ကြည့်နေလိုက်တော့သည်။
သူ တစ်ယောက်တည်း ဆွံ့အမှင်တက်သွားရသည်တော့ မဟုတ်ပေ။ လီဝူချန်းမှာလည်း မျက်လုံးများ ကျွတ်ထွက်လာလုမတတ် ဖြစ်သွားပြီး မိန်းမောတွေဝေနေတော့သည်။
ဝမ်ပေါင်လဲ့မှာမူ ထိုနှစ်ယောက်၏ အမူအရာများကြောင့် ကျေနပ်အားရသွား၏။ ထို့နောက် သူသည် ချောင်းဟန့်ကာ ခေါင်းငုံ့၍ အသံလွှင့်လက်စွပ်ထဲသို့ စကားပြောလိုက်၏။
” ဟုတ်တယ်။ ငါ လူကြီးမင်းဝမ်ပဲ ရွှီလေး။ ငါ မအားဘူး။ ဘာကိစ္စရှိလို့လဲ ”
ရွှီကျန်းကျင့်မှာ အသက်ပြင်းပြင်း ရှူမိသွား၏။ သူသည် အသံလွှင့်လက်စွပ်အား ကြည့်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေမိတော့သည်။ အချိန်အတော်အတန် ကြာသွားပြီမှ နောက်ဆုံးတွင် သူသည် အသိစိတ်ပြန်ဝင်လာပြီး နှုတ်ဆက်စကားဆိုရန် အလျင်စလို ပြေးသွားလိုက်၏။ သို့သော် ဝမ်ပေါင်လဲ့မှာမူ သူ၏ အသံလွှင့်လက်စွပ်ပေါ်ကိုသာ အာရုံရောက်နေသည့်ပုံပင်။
ထို့ကြောင့် သူသည် စောစောတုန်းက ဝမ်ပေါင်လဲ့အား အပြစ်လုပ်ခဲ့မိလေသလား ပြန်တွေးကြည့်လိုက်သောအခါ သူသည် လီဝူချန်းအပေါ်သာ အာရုံစိုက်နေခဲ့ပြီး သူ၏ ပိုင်ရှင်အသစ်အား လစ်လျူရှုခဲ့မိသည်ဖြစ်ကြောင်း ပြန်၍အမှတ်ရသွား၏။ ထို့ကြောင့် သူသည် စိတ်နှလုံး တုန်ရီသွားရပြီး ရှုံ့မဲ့သွားရတော့သည်။
” ဘာလို့ သူဌေးက မလာခင် ကြိုမပြောခဲ့တာလဲ
”
သူသည် စိုးရိမ်စိတ်များကြောင့် ဗျာများကာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီးမှ အသံလွှင့်လက်စွပ်ထဲသို့သာ ယဉ်ယဉ်ကျေးကျေးနှင့် စကားဆက်ပြောရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူသည် လီဝူချန်း၏ တောင်းဆိုချက်အား အလျင်စလို ရှင်းပြလိုက်ပြီး ခေါင်းမော့ကာ ဝမ်ပေါင်လဲ့အား ရင်တထိတ်ထိတ်နှင့် စိုက်ကြည့်နေလိုက်တော့သည်။
လီဝူချန်းမှာ ကြောင်အန်းအန်း ဖြစ်နေရဆဲပင်။ သူသည် သူ၏ရှေ့တွင် မြင်နေရသော မြင်ကွင်းကြီးကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေ၏။ သူသည် ယခုလို ဖြစ်လာလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့သောကြောင့် အမှန်တရားကို လွယ်လင့်တကူ လက်မခံနိုင်ဘဲ ဖြစ်နေရတော့သည်။ ထို့ကြောင့် သူသည် ကိုက်အနည်းငယ်ခန့်သာ ခြား၍ ထိုင်နေပါသော်လည်း အသံလွှင့်လက်စွပ်များကိုသာ သုံး၍ အပြန်အလှန်ဆက်သွယ်နေကြသည့် ဝမ်ပေါင်လဲ့နှင့် ရွှီကျန်းကျင့်တို့အား ရီဝေဝေနှင့် စိုက်ကြည့်နေမိတော့သည်။
ဝမ်ပေါင်လဲ့မှာမူ သူ့ကိုယ်သူ အလွန် ကျေနပ်သွား၏။ ထို့နောက် သူသည် ဇဝေဇဝါဖြစ်နေသော လီဝူချန်းအား စိုက်ကြည့်လိုက်ပြီး သူ၏ အသံလွှင့်လက်စွပ်ထဲသို့ တည်ကြည်စွာ ပြန်ပြောလိုက်၏။
” ဘယ်ဖြစ်ပါ့မလဲ။ တိုက်ပွဲဝင်ပုဆိန်က ဟိုတယ်ရဲ့ ပုံရိပ်ကို ကိုယ်စားပြုတာလေ။ ဘယ်လိုလုပ်ပြီးတော့ ဒီအတိုင်းကြီး ပြောင်းလိုက်လို့ ဖြစ်ပါ့မလဲ ”
” နောက်ထပ် ပုံစံတူ တိုက်ပွဲဝင်ပုဆိန်ရုပ်ထု သုံးခုကိုပါ မြန်မြန်လေး လုပ်ထားဦး။ ပြီးရင် အဲဒီ ရုပ်ထုတွေအားလုံးကို ဟိုတယ်ဝင်ပေါက်ရှေ့မှာ တန်းစီပြီး ချထား။ ပုဆိန်သွားတွေကိုလည်း မီးဝိညာဉ်ကျောင်းဘက်ကို လှည့်ထားနော် ”
ဝမ်ပေါင်လဲ့ ထိုသို့အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ရွှီကျန်းကျင့်မှာ ပင်သက်ရှိုက်မိသွား၏။ သို့သော် သူသည် စကားတစ်ခွန်းမှ ပြန်မပြောရဲသောကြောင့် ဝမ်ပေါင်လဲ့၏ အမိန့်များကို ချက်ချင်းပင် လက်ခံလိုက်ရတော့သည်။ ထိုအခါ ရွှီကျန်းကျင့်ဘေးတွင် ထိုင်နေသော လီဝူချန်းမှာ ယမ်းပုံမီးကျ ပေါက်ကွဲသွားတော့သည်။ သူ၏ နဖူးပေါ်တွင် သွေးကြောကြီးများ ထောင်မတ်လာပြီး သူ၏ ခေါင်းထဲတွင်လည်း ဆူညံပွက်လောရိုက်သွားတော့သည်။ ထို့နောက် သူသည် မျက်လုံးနီကြီးများဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။
” ဝမ်ပေါင်လဲ့။ မင်း အတင့်ရဲလှပါလား ”
ဝမ်ပေါင်လဲ့၏ လုပ်ရပ်မှာ တရားလွန်သွားပြီဖြစ်သည်။ ပုဆိန်လေးလက်ပင် မဆိုထားနှင့် တစ်လက်တည်းနှင့်ပင် လက်ထောက်ကျောင်းအုပ်မှာ အကျပ်ရိုက်နေရသည် မဟုတ်ပါလော။ ထို့ကြောင့် လီဝူချန်းမှာ အမျက်ချောင်းချောင်း ထွက်နေပြီဖြစ်သည်။ သူသည် သူ၏ခေါင်းပေါ်တွင် အနက်ရောင် မိုးကြိုးတိမ်တိုက်ကြီးများ စုဝေးလာပြီး အသက်အန္တရာယ်နှင့် ကြုံရတော့မည့်အလား ခံစားလိုက်ရသဖြင့် တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။
ထိုကဲ့သို့ လီဝူချန်းတစ်ယောက် အသံကုန်အော်ဟစ်နေစဉ်တွင် ဝမ်ပေါင်လဲ့မှာ အမူအရာ ပျက်သွားခြင်းမရှိဘဲ တည်ကြည်မှုအပြည့်ဖြင့် သူ၏ အသံလွှင့်လက်စွပ်ထဲသို့ ထပ်၍ စကားပြောလိုက်ပြန်သည်။
” မင်းဘက်က လူတစ်ယောက် ငါ့နာမည်ကို အော်ခေါ်နေတာကို ငါ ကြားလိုက်သလားလို့။ အဲဒါဆိုရင် ပုဆိန်သုံးလက်တည်း မဟုတ်ဘဲ ဆယ်လက်အထိ အသစ်လုပ်ပစ်ကွာ။ ပြီးရင် မင်းဘက်က လူတစ်ယောက်ယောက် ငါ့နာမည်ကို အော်ခေါ်တိုင်း နောက်ထပ် ပုဆိန်ဆယ်လက် ထပ်ပြီးတော့ အသစ်လုပ်လိုက် ”
” ဪ။ ပြီးတော့ မီးဝိညာဉ်ကျောင်းက လက်ထောက်ကျောင်းအုပ်က ငါ့ ဆုံးဖြတ်ချက်ကို မကျေနပ်ဘူးဆိုရင် ငါ့ဆီကို လာတွေ့ခိုင်းလိုက်။ သူ သင့်တင့်လျောက်ပတ်တဲ့ ဈေးနှုန်းတစ်ခုခု ကမ်းလှမ်းနိုင်မယ်ဆိုရင်တော့ ညှိနှိုင်းလို့ရမှာပါ။ ကောင်းပြီလေ။ ငါ့မှာ တခြားလုပ်စရာကိစ္စတွေ ရှိသေးတယ်။ ဒါပဲ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီး ထိုဆက်သွယ်မှုကို အဆုံးသတ်လိုက်၏။ ထို့နောက် သူသည် ဆိုဖာပေါ်မှထကာ အကြောဆန့်လိုက်ပြီး ကျေနပ်အားရနေသော မျက်နှာထားဖြင့် ဘေးဘီဝဲယာအား လှည့်ပတ်ကြည့်ရှုလိုက်၏။
” ဒီ ဟိုတယ်က ဘယ်ဆိုးလို့လဲကွ ”
သူသည် ကျေနပ်အားရမှု အပြည့်ဖြင့် သက်ပြင်းချလိုက်ပြီး လီဝူချန်း၏ အမုန်းမီးများ တောက်လောင်နေသော အကြည့်အောက်တွင် နောက်သို့လှည့်၍ ဟိုတယ်ဝင်ပေါက်ဆီသို့ ဦးတည်သွားလိုက်တော့သည်။
ထိုအချိန်တွင် ရွှီကျန်းကျင့်မှာ ရုတ်တရက်ဆိုသလို အကြံတစ်ခု ရသွားပြီး လီဝူချန်းအား လစ်လျူရှုကာ ဝမ်ပေါင်လဲ့ဆီသို့ ပြေးသွားလိုက်သည်။ ထို့နောက် သူသည် လက်ရှိအခြေအနေကြီးအား အဖက်ဆယ်ရန် အလို့ငှာ ခေါင်းတညိတ်ညိတ်လုပ်၍ တရိုတသေ ဦးညွှတ်အရိုအသေပေးလိုက်ပြီး ဝမ်ပေါင်လဲ့အား နှုတ်ဆက်လိုက်တော့သည်။
လီဝူချန်းမှာမူ သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူ၏ မျက်လုံးများထဲတွင် အနီရောင်သွေးကြောကြီးများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သူသည် အချိန်အတော်အတန် ကြာပြီးမှ သူ၏ ဒေါသများကို ခက်ခက်ခဲခဲနှင့် မျိုသိပ်လိုက်၏။ ထို့နောက် သူသည် အံကြိတ်ကာ ဟိုတယ်အပြင်ဘက်သို့ ပြေးထွက်သွားပြီး ဧရာမ တိုက်ပွဲဝင်ပုဆိန်ကြီးအားကြည့်ကာ အသက်ရှူသံများ မြန်ဆန်လာတော့သည်။
” ဝမ်ပေါင်လဲ့။ မင်းက ငါ အောက်ကျနောက်ကျခံပြီး မင်းနဲ့ လာညှိနှိုင်းတာကို လိုချင်တယ်ပေါ့ ဟုတ်လား။ ဆုသာတောင်းနေ ”
လီဝူချန်းမှာ နှာမှုတ်၍ ထွက်ခွာသွားတော့သည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရမှုအပြည့်ဖြင့် သူ၏ သင်္ဘောပျံကြီးကို စီးနင်းကာ မြူခိုးတာအိုကျောင်းဆီသို့ ပြန်သွားနေ၏။ တိုက်ပွဲဝင်ပုဆိန်ဟိုတယ်ကြီးမှာ သူ့အတွက် အလွန်အင်မတန်မှကောင်းမွန်သည့် ပိုင်ဆိုင်မှုကြီးတစ်ခုပင် ဖြစ်သည်။ တိုက်ပွဲဝင်ပုဆိန်ကြီးဆီမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရသလို စိတ်ကျေနပ်သွားရ၏။ ထို့နောက် သူသည် လီဝူချန်းတစ်ယောက် အစပိုင်းတုန်းက သူ့အား အထင်သေးသည့် အကြည့်ဖြင့်ကြည့်ခဲ့ပြီးနောက် ခဏအကြာတွင် သူ၏ အထင်သေးသော အမူအရာများ အမျက်ဒေါသများအဖြစ် ပြောင်းလဲသွားခဲ့သည့် မြင်ကွင်းကို စိတ်ကူးထဲတွင် ပြန်၍ပုံဖော်ကြည့်လိုက်၏။ ထို့ကြောင့် သူသည် အလွန်အင်မတန်မှ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရတော့သည်။
” ထိပ်ပြောင်ချန်းရာ။ မင်းကများ ငါနဲ့ ယှဉ်ချင်တယ်ပေါ့။ မင်း ခေါင်းငုံ့ပြီး ငါ့ရှေ့မှာ အရှုံးပေးမယ်ဆိုရင် ငါတို့နှစ်ယောက် ကျောင်းတူတူတက်ခဲ့တဲ့ အချက်ကို ထောက်ပြီးတော့ ငါက မင်းကို ပြဿနာရှာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းက ခေါင်းမာတာကိုးကွ။ နောက်ဖြစ်လာမယ့် အကျိုးဆက်တွေအတွက် ငါ့ကို အပြစ်တင်ဖို့ စိတ်မကူးနဲ့ ” ဝမ်ပေါင်လဲ့မှာ နှာမှုတ်ကာ ရေရွတ်လိုက်၏။ ထို့နောက် သူသည် ပျော်ရွှင်ဝမ်းမြောက်စွာ ကျောင်းသို့ ပြန်သွားလိုက်ပြီး သူ၏ နတ်ဘုရားရတနာများကို စတင် မြှင့်တင်လိုက်တော့သည်။
သုံးရက်ဆိုသော အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။ ရွှီကျန်းကျင့်မှာ သူ၏ လုပ်ရည်ကိုင်ရည်ကို သက်သေပြလိုသောကြောင့် ပုဆိန်အသစ်များ၏ ထုတ်လုပ်ဖန်တီးမှုကို သူကိုယ်တိုင် ကြီးကြပ်နေခဲ့၏။ ထို့ကြောင့် သိပ်မကြာခင် အသစ်စက်စက် တိုက်ပွဲဝင်ပုဆိန်ဆယ်လက် ရောက်ရှိလာပြီး ဧရာမ တိုက်ပွဲဝင်ပုဆိန်ကြီး ဆယ့်တစ်လက်စလုံးကို ဟိုတယ်ရှေ့တွင် အစီအရီ နေရာချထားလိုက်တော့သည်။ ၎င်းတို့ဆီမှ ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များ ထွက်ပေါ်နေပြီး ၎င်းတို့၏ ပုဆိန်သွားများကို မီးဝိညာဉ်ကျောင်း ရှိရာဘက်သို့ လှည့်ထားသောကြောင့် ထိုကျောင်းထဲမှ လူတိုင်း အံ့အားသင့်သွားရတော့သည်။
” ဘုရားရေ။ တိုက်ပွဲဝင်ပုဆိန်ဟိုတယ်ပိုင်ရှင်က ရူးသွားပြီပဲ… ”
” တိုက်ပွဲဝင်ပုဆိန်တစ်လက်နဲ့တင် လက်ထောက်ကျောင်းအုပ်က အလုပ်ပြုတ်ခါနီး ဖြစ်နေတာကို အခု ဆယ့်တစ်လက်တောင်ဆိုတော့…. ငါ့အထင် လက်ထောက်ကျောင်းအုပ် အမဲဖျက်ခံရတော့မယ် ထင်တယ် ”
” အဲဒီဟိုတယ် ပိုင်ရှင်က ကျောင်းအုပ်လီနဲ့ ရန်ငြိုးတွေများ ရှိနေတာလား ”
မီးဝိညာဉ်ကျောင်းထဲ၌သာ အုတ်အော်သောင်းတင်း ဖြစ်နေသည်တော့ မဟုတ်ပေ။ အနီးအနားရှိ နယ်မြေအချို့မှာလည်း ထိုအကြောင်းကို ကြားသိလိုက်ရသဖြင့် ဆွံ့အသွားကြရ၏။ ထိုမြင်ကွင်းကြီးကို လူပေါင်းများစွာ လာရောက်ကြည့်ရှုကြသောကြောင့် လူအုပ်ကြီးမှာ အတောမသတ်နိုင်လောက်အောင် ကြီးထွားလာသဖြင့် တိုက်ပွဲဝင်ပုဆိန်ဟိုတယ်မှာလည်း စီးပွားတက်သွားတော့သည်။
မီးဝိညာဉ်ကျောင်း၏ ပြိုင်ဘက်ဖြစ်သော မြူခိုးတာအိုကျောင်းမှ ကျောင်းသားများစွာမှာလည်း ထိုအကြောင်းကို ကြားသိသွားကြသည်။ ထို့ကြောင့် သူတို့မှာ ထိုကိစ္စနှင့် ပတ်သတ်၍ သဲကြီးမဲကြီး ငြင်းခုံဆွေးနွေးနေကြတော့သည်။ သူတို့အားလုံးမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေကြပြီး ထိုအကြောင်းအား နှုတ်မှ မချနိုင်လောက်အောင် ဖြစ်နေတော့သည်။
ထိုဟိုတယ်အား ဝမ်ပေါင်လဲ့ဆီသို့ ရောင်းချခဲ့သည့် လသုံးစင်းမဟာမိတ်အဖွဲ့မှ လူငယ်လေးမှာ အံ့ဩတုန်လှုပ်သွားရ၏။ သူ၏ ဖခင်ဖြစ်သူက မကြာသေးမီကမှ ထိုဟိုတယ်ကို သူ့အား လက်ဆောင်ပေးခဲ့သည်ဖြစ်ရာ ထိုဟိုတယ်နှင့် ပတ်သက်သည့် စီမံခန့်ခွဲရေး တာဝန်များမှာ သူ၏လက်ထဲ၌ ရှိမနေခဲ့ပေ။ သူသည် ယုံတမ်းစကားများအကြောင်းကို ကြားဖူးထားပါသော်လည်း ကျောင်းသားတစ်ယောက်သာ ဖြစ်နေသောကြောင့် ထိုကိစ္စများအပေါ် အာရုံသိပ်မစိုက်ခဲ့ပေ။ သို့သော် သူသည် ဟိုတယ်၏ ပိုင်ဆိုင်မှုကို လွှဲပြောင်းပေးလိုက်ပြီးနောက် ဝမ်ပေါင်လဲ့မှာ နောက်ထပ်တိုက်ပွဲဝင်ပုဆိန် ဆယ်လက်အား ထပ်၍ဆောက်လုပ်ရန် အမိန့်ပေးလိုက်သည်ကို ကြားသိလိုက်ရသောအခါ ထိုကိစ္စအား အကြီးအကျယ် စိတ်ဝင်စားသွားတော့သည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ သတ္တိကောင်းပြီး အများနှင့်မတူကြောင်း သူက ရိပ်မိသွား၏။
” သူက မီးဝိညာဉ်ကျောင်းက ကျောင်းအုပ်လီနဲ့ ရန်ငြိုးတွေ ရှိလို့ ဒီလိုလုပ်လိုက်တာလို့ ငါ ကြားထားတယ် ”
” သူက ကျောင်းအုပ်လီကို သွက်သွက်ခါအောင် ရူးသွားတဲ့အထိ လုပ်နေတာပဲ ”
ကျောင်းသားထုများကြားတွင် ထိုကဲ့သို့ စိတ်လှုပ်တရှားဖြစ်နေကြသည့် ဆွေးနွေးငြင်းခုန်သံများဖြင့် ပလူပျံနေကြစဥ်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ ဓမ္မလက်နက် သင်ခန်းစာများကို ဆက်လက် သင်ကြားပေးနေဆဲပင်။ ယခုတွင် သူသည် သူ၏ ပထမအတန်းအား ဒုတိယမြောက် သင်ခန်းစာ သင်ကြားပေးရမည်ဖြစ်သည်။ သူ စာသင်ခန်းထဲသို့ ရောက်လာသောအချိန်တွင် ကျောင်းသားများမှာ ယခင်ကထက်ပို၍ အာရုံစိုက်ထားကြသည့်ပုံ ပေါက်နေကြသည်။
သို့သော် သူတို့မှာ ဝမ်ပေါင်လဲ့ ပို့ချနေသော သင်ခန်းစာများအပေါ် အာရုံစိုက်ထားကြခြင်းမဟုတ်ဘဲ ဝမ်ပေါင်လဲ့ကိုသာ စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။
သူတို့ ထိုကဲ့သို့ စိတ်ဝင်စားနေရသည့် နောက်ထပ် အကြောင်းအရင်းတစ်ခု ရှိနေသေးသည်။ လသုံးစင်းမဟာမိတ်အဖွဲ့မှ လူငယ်လေး ဝယ်ယူခဲ့သော ရုပ်သေးရုပ်မှာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျောင်းဝင်းထဲ၌ အလွန်အင်မတန်မှ နာမည်ကျော်သွားခဲ့၏။ ထိုလူငယ်လေးမှာ ကြွားဝါရသည်ကို အလွန် နှစ်သက်သောကြောင့်လည်း ထိုကဲ့သို့ နာမည်ကျော်သွားရခြင်းဖြစ်သည်။ သူသည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ထို ချောမောလှပပြီး စွဲမက်ဖွယ် ကိုယ်လုံးကိုယ်ပေါက်တစ်ခုကို ပိုင်ဆိုင်ထားသည့် အမျိုးသမီး ရုပ်သေးရုပ်ကြီးအား သူနှင့်အတူ ယူသွားလေ့ရှိသည်။ ထိုရုပ်သေးရုပ်မှာ အလွန်အင်မတန်မှ အသုံးဝင်လှပေသည်။ ၎င်းမှာ သူ့အတွက် မှတ်စုများ ရေးမှတ်ပေးရာ၌ ကူညီပေးရုံသာမက အိမ်စာများကိုပါ ကူလုပ်ပေးနေ၏။
၎င်းမှာ လူအစစ်တစ်ယောက် ကဲ့သို့ပင်။ သူ၏ ပခုံးနှင့် ကျောကုန်းတို့ကို နှိပ်နယ်ပေးပြီး သူ ဘယ်သွားသွား သူ၏နောက်မှလိုက်ကာ သူ့အား ကာကွယ်ပေးပြီး သူ၏ ဝေယျာဝစ္စအားလုံးကို ဖြည့်ဆည်းပေးနေ၏။
ထို့ကြောင့် အခြားကျောင်းသားများမှာ မနာလိုဖြစ်ကာ ကိုယ်ပိုင်ရုပ်သေးရုပ် တစ်ရုပ်စီ ပိုင်ဆိုင်ချင်စိတ်များ ပေါ်လာကြတော့သည်။ သို့သော် ထိုရုပ်သေးရုပ်၏ ပေါက်ဈေးမှာ အလွန် မြင့်မားနေသောကြောင့် သူတို့မှ မည်မျှပင် လိုချင်စေကာမူ မတတ်နိုင်ဘဲ ဖြစ်နေရ၏။
ထို ရုပ်သေးရုပ်အား ဟိုတယ်တစ်လုံးဈေးဖြင့် ရရှိခဲ့သော လသုံးစင်းမဟာမိတ်ဖွဲ့မှ လူငယ်လေးမှာ အလွန် ကျေနပ်နေ၏။ သူသည် ဤကိစ္စအား ကောင်းကောင်းမွန်မွန်နှင့် ပါးပါးနပ်နပ် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်ဟု သူ့ကိုယ်သူ မှတ်ယူထား၏။
” ဟွန်း။ လူတိုင်းက ငါ့ကို အသုံးအဖြုန်းကြီးတယ်လို့ပဲ ပြောကြတာ။ ငါ ဒီရုပ်သေးရုပ်ကို ဟိုတယ်တစ်လုံးနဲ့ တမင်တကာ လဲခဲ့ပြီးတော့ အဲဒီရုပ်သေးရုပ်ကို ဈေးတက်သွားအောင် လုပ်ခဲ့တာကိုတော့ ဘယ်သူမှ မသိဘူး။ အခုဆိုရင် တခြားသူတွေက လွယ်လွယ်နဲ့ ဝယ်လို့ရတော့မှာ မဟုတ်လို့ ငါ့ရဲ့ ရုပ်သေးရုပ်က အရေအတွက် အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ရုပ်သေးရုပ်တစ်ရုပ်လို ဖြစ်သွားတော့မှာ။ ပြီးရင် ဝယ်လက်တွေကလည်း အများကြီးရှိနေမှာမလို့ ငါ ရောင်းချင်တဲ့အချိန် ရောင်းထုတ်ပစ်လိုက်လို့ရတယ်။ ဝမ်ပေါင်လဲ့ကလည်း သူ့ရဲ့ ရုပ်သေးရုပ်တွေကို ဈေးပေါပေါနဲ့ ရောင်းမှာမဟုတ်ဘူးဆိုတာ ငါ ယုံတယ် ”
သူတွက်ချက်ထားသည့် အတိုင်းပင်။ ဝမ်ပေါင်လဲ့မှာ ရုပ်သေးရုပ်တစ်ရုပ်အတွက် ဟိုတယ်တစ်လုံးအား ရရှိခဲ့ပြီးနောက် သူ၏ရုပ်သေးရုပ်များကို ဈေးချ၍ ရောင်းနိုင်တော့မည် မဟုတ်ပေ။ ထို့အပြင် သူသည် ထိုသို့ ရောင်းချခွင့်ပင် မရလိုက်ပေ။ လသုံးစင်းမဟာမိတ်အဖွဲ့နှင့် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုတို့မှ အသုံးအဖြုန်းကြီးသော သားများမှာ သူ့ဆီသို့ ရောက်ရှိလာကြ၏။ သူတို့မှာ ပြိုင်ဆိုင်မှုပြင်းထန်ပြီး ငွေကြေးအမြောက်အမြားကို ပိုင်ဆိုင်ထားကြသည်ဖြစ်ရာ အလားတူဈေးများ ပေးကာ ဝယ်ယူသွားကြ၏။ ဝမ်ပေါင်လဲ့မှာ ရုပ်သေးရုပ် အနည်းငယ်ခန့် ထပ်၍ ရောင်ချပြီးသွားပြီးနောက် အင်္ဂါဂြိုဟ်ပေါ်ရှိ ဟိုတယ်နှစ်လုံးနှင့် ဈေးဆိုင်သုံးဆိုင်တို့မှာ သူ၏နာမည်အောက်သို့ ရောက်သွားတော့သည်။
သူသည် သူတို့၏ ချမ်းသာကြွယ်ဝမှုများကြောင့် အံ့ဩတုန်လှုပ်သွားရ၏။
” သူကြွယ်တွေရဲ့ တွေးခေါ်ပုံတွေကို ငါ လိုက်မမီတော့ပါဘူး။ အရင်တုန်းက ငါ့ရဲ့ ရုပ်သေးရုပ်တွေကို အလကား ဖြုန်းတီးမိခဲ့တာ နှမြောတယ်ကွာ။ အဲဒီ ရုပ်သေးရုပ်တွေ အကုန်လုံးက ငွေဝင်ပေါက်တွေပဲ။ ဒါပေမဲ့ ငါက ဒီကို အရာရှိလုပ်ဖို့ ရောက်လာတာ… ငွေရှာဖို့ရောက်လာတာမဟုတ်ဘူး။ ဒီလို ဆက်လုပ်နေမယ်ဆိုရင် ကိုလိုနီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ငါ့အိမ်ရှေ့ တံခါးလာခေါက်နေလိမ့်မယ် “