Switch Mode

အပိုင်း(၇၆၅)

ဆက်တိုက်အနိုင်ရခြင်း

“ကောင်းကင်အလင်း၏ ဒဏ်ခတ်ခြင်း…” ရှီရှန်းက အေးစက်စွာ ပြောသည်။ သူက ထိုသို့ ပြောလိုက်သည်နှင့်ပင် တော်ဝင် အလင်းတန်းများက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကာ တခြားပြည်နယ်မှ လူများထံသို့ တိုးဝင် သွားကြသည်။ နာကျင်စွာ အော်ဟစ်သံများ ထွက်လာပြီး ပြိုင်ပွဲဝင်များ၏ ခန္ဓာကိုယ်များက ထွင်းဖောက် ခံကြရတော့သည်။

“ကျုပ် နုတ်ထွက်တယ်…” အသံများ တစ်သံပြီးတစ်သံ ကြားကြရသည်။ လူခုနစ်ယောက်၏ အသံများက ဆက်တိုက် ထွက်ပေါ်လာကာ နောက်ဆုံး ကျန်သော တစ်ယောက်ကား မြန်ဆန်စွာပင် အလင်းဓားအား ရှောင်တိမ်းနေသည်။ သူကား သည်တိုက်ပွဲတွင် ရှီရှန်း ပစ်မှတ်ထားသော စုချွဲဖြစ်၏။ သူကား မြေရိုင်းပြည်နယ်၏ နိုင်ပွဲဆက်မှုအား ချိုးဖျက်ရန် ဆုံးဖြတ်ထားသည်။

ကောင်းကင်အလင်း၏ ဒဏ်ခတ်ခြင်းက စုချွဲထံကို ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် တိုးဝင်လာသည်။ သို့သော်လည်း စုချွဲကား အရိပ်တစ်ခုအလား မြန်ဆန်စွာပင် ရှောင်တိမ်း သွားသည်။ သူ၏ ပုံရိပ်ယောင်များအား အလင်းတန်းများက ထွင်းဖောက်သွားကာ စုချွဲက အလင်းတန်း ထိမှန်ခြင်း ခံရပြီဟု မကြာခဏ ထင်မြင်ခဲ့ကြရ၏။

“တော်တော် မြန်တာပဲ…” လူအများအပြားက ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။

“ဟင်း…” ရှီရှန်းက အေးစက်စွာ နှုတ်ခမ်း ရှုံ့လိုက်သည်။ သူက လက်ဆန့်တန်းသည်တွင် ပိုမိုတောက်ပသော အလင်းတန်းများက နေရာအနှံ့မှ ဖြစ်ပေါ်လာပြီး စုချွဲထံသို့ တိုးဝင် သွားကြသည်။

“သေစမ်း…” စုချွဲက အေးစက်စွာ ကြိမ်းဝါးသည်။ မရေမတွက်နိုင်သော အလင်းတန်းများက ကောင်းကင်ကို အုပ်မိုး၍​ ဆင်းသက် လာကြ၏။ စုချွဲက ရှေ့ကို တည့်တည့် ကြည့်သည်တွင် ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်ခြင်း အငွေ့အသက်များက လေထုကို ပျံ့နှံ့သွားသည်။ သတ်ဖြတ်ခြင်း ဓားချက်များ တစ်ခုပြီးတစ်ခု ရှေ့ကို တိုးဝင်သွားကြ၏။

သတ်ဖြတ်ခြင်း အလင်းတန်းများက သတ်ဖြတ်ခြင်းဓားနှင့် အဆက်မပြတ် ရင်ဆိုင်မိကြသည်။ တိုက်ပွဲကွင်းပြင် တစ်ခုလုံး ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင် အပိုင်းအစများ ပြန့်ကျဲသွားကြသည်။ ရှီရှန်း၏ ခန္ဓာကိုယ်ကလည်း နတ်ဘုရား အလင်းတန်းအလား စုချွဲထံကို ဆင်းသက်လာကာ ထွင်းဖောက်ရန် ကြိုးစားသည်။

စုချွဲ၏ပုံရိပ်က ပေါက်ကွဲသွားကာ အနက်ရောင် အငွေ့အသက်များ အဖြစ် ပြောင်းလဲသွားသည်။ ရှီရှန်းက မျက်မှောင်ကြုတ် လိုက်သည်။ ထိုအခိုက်တွင်ပင် သူ၏နောက်၌​ အနက်ရောင်လှိုင်းများ ဖြစ်ပေါ်လာပြီး အမှောင်နယ်ပယ်တစ်ခု ဖြစ်သွားသည်။ ရှီရှန်း၏ ခန္ဓာကိုယ်က အေးခဲသွားကာ ပုဂ္ဂိုလ်ကြီးများ၏ အမူအရာကလည်း ထူးဆန်းသွားသည်။

“ဒါ…” ဖုန်းပြည်နယ်မှ စီကလန်လူများ အားလုံးက အလွန်လေးနက်သော အမူအရာဖြင့် ကြည့်ကြသည်။ အလင်းတန်းများက ဆက်တိုက် ဖြစ်ပေါ်လာကာ မီးခိုးရောင် နယ်ပယ်ထဲကို တိုးဝင် သွားကြသော်လည်း အလင်းတန်းများက အမှန်ပင် ပျော်ဝင် ပျောက်ကွယ် သွားကြသည်။

မရေမတွက်နိုင်သော သတ်ဖြတ်ခြင်း ဓားများက မီးခိုးရောင် နယ်ပယ်ထဲတွင် ပေါ်လာသည်တွင် ရှီရှန်း၏ အမူအရာက ပြောင်းလဲသွားပြီး ထိုနေရာမှ မြန်ဆန်စွာ နောက်ဆုတ်သည်။ သို့သော် မီးခိုးရောင် နယ်ပယ်ထဲမှ ပုံသဏ္ဌာန်တစ်ခု ရိပ်ခနဲ မြင်လိုက်ရကာ အလွန်ကြီးမားသော သတ်ဖြတ်ခြင်း အငွေ့အသက် တစ်ခုက သူရွေ့လျားရာနေရာမှ​ ဆီးကြိုသည်။

ရှီရှန်း၏အမြန်နှုန်းကား ထူးဆန်း အံ့အားသင့်ဖွယ် ကောင်းအောင် မြန်ဆန်လွန်း လှသော်လည်း တစ်ဖက်လူကား သူ၏အမြန်နှုန်းကိုပင် အသုံးချကာ ဓားချက်အား ထုတ်ခဲ့ခြင်းဖြစ်ရာ ရှီရှန်းအတွက် ရှောင်တိမ်းရန် နောက်ကျခဲ့ရသည်။

အလင်းတန်းများက ဆက်တိုက် ထွက်ပေါ် လာသော်လည်း ဓားချက်တွင် မြန်ဆန်စွာပင် ပျက်ပြယ်သွားကြ၏။ သတ်ဖြတ်ခြင်းဓားက သူ၏လည်ပင်းသို့ တိုက်ရိုက် ဝင်ရောက်လာသည်။ ရှီရှန်း၏ ခန္ဓာကိုယ်ကလည်း အရပ်ရှစ်မျက်နှာသို့ အလင်းများခွဲဖြာ၍​ အလွန်အမင်း မြန်ဆန်စွာ ရွေ့လျားသွားသည်။ သို့တိုင်အောင် ဓားက သူ၏ခန္ဓာကိုယ်ကို ထွင်းဖောက် သွားသည်သာ။ ရှီရှန်းက ထောင့်တစ်နေရာတွင် ပေါ်လာကာ ပါးစပ်မှ သွေးများ ယိုစီးကျလာပြီး မျက်နှာက ပြာနှမ်းနေသည်။

“အမှောင်လောကဓာတ်…” ရှီရှန်းက စုချွဲကို စိုက်ကြည့်ကာ ရေရွက်သည်။ သည်ဓာတ်ကား သူ၏အလင်းဓာတ်ကို တိုက်ရိုက် ဆန့်ကျင်သော လောကဓာတ်ဖြစ်၏။ သည်လောကဓာတ်ကား လုပ်ကြံ သတ်ဖြတ်ခြင်းတွင် အလွန် အသုံးဝင်စေရာ စုချွဲကား သဘာဝ အလျောက်ပင် အလွန် အန္တရာယ်ကြီးမားသော လုပ်ကြံသတ်ဖြတ်သူ တစ်ယောက် ဖြစ်စေ၏။

ပုဂ္ဂိုလ်ကြီး အများအပြားက စီကလန်မှ တန်ခိုးရှင်များကို လှမ်းကြည့်ကြသည်။ စီကလန်၏ ရှန့်ထိုခေါင်းဆောင်ကား သတ်ဖြတ်ခြင်း ရှန့်ထိုဟု နာမည်ကျော်သော စီမိန်ဖြစ်သည်။ စုချွဲထုတ်ပြသော လောကဓာတ်ကပင် သူ့အား စီမိန်၏ဆက်ခံသူဟု ထင်မှတ်ရစေသည်။ သို့သော်လည်း ကြည့်ရသည်မှာ မြေရိုင်းပြည်နယ်၏ တပည့်တစ်ယောက်က သတ်ဖြတ်ခြင်း ရှန့်ထိုနှင့် အဆက်အစပ် ရှိသည်ဆိုသည်မှာ ဖြစ်နိုင်ဖွယ်ရာ မရှိပေ။

မြေရိုင်းပြည်နယ်တွင် ရှန့်ထိုတစ်ပါး မရှိဘဲ​ စုချွဲက သည်မျှ အားကောင်းသော လောကဓာတ်အား ကိုယ်တိုင် နားလည် ဆင်ခြင်နိုင်ခဲ့၏။ အကယ်၍​ သတ်ဖြတ်ခြင်း ရှန့်ထိုကသာ စုချွဲအား တွေ့ပါက သေချာပေါက် သဘောကျကာ တပည့်အဖြစ် လက်ခံပေလိမ့်မည်။

“အလင်းလောကဓာတ်… ဒါက တကယ်ပဲ​ တိုက်ရခိုက်ရ ခက်ခဲတယ်… ဒါကြောင့် ကျုပ်က နည်းနည်း ပြင်းပြင်းထန်ထန် တိုက်ခဲ့ရတယ်…” စုချွဲက ရှီရှန်းအား ကြည့်ကာ ပျင်းရိစွာ ပြောသည်။

“မင်း နိုင်တယ်…” ရှီရှန်းက အပိုမပြောတော့ပေ။ သူရှုံးနိမ့်ခဲ့ကာ ထိုအရာကပင် အဆုံးအဖြတ် ဖြစ်သည်။ သူက စုချွဲအပေါ်တွင် မည်သည့် အငြိုးအတေးမှ ထားမည် မဟုတ်ပေ။

“အနိုင်ရသူ… မြေရိုင်းပြည်နယ်က စုချွဲ…” အကြီးအကဲက ထူးဆန်းသော အမူအရာဖြင့် ကြေညာသည်။ မြေရိုင်းပြည်နယ်က လေးပွဲဆက် အနိုင်ရခြင်းပင်။

မြေရိုင်းပြည်နယ်တွင်ကား ဝင်ပြိုင်သူ ရှစ်ယောက်သာ ရှိပေသည်။ သို့သော်လည်း ရီဝူချင်းနှင့် စုချွဲတို့ လက်အောက်တွင် လို့ဟွားနန်းတော်နှင့် အလင်းနန်းတော်တို့မှ ထူးချွန်သော တပည့်နှစ်ယောက်ပင် ရှုံးနိမ့်သွားရသည်။ မြေရိုင်းပြည်နယ်မှ ပါရမီရှင်များကား လောကဓာတ်များကို ရင့်သန်ပြီးသည်သာက အလွန် ထူးခြား ကောင်းမွန်သော လောကဓာတ်များ ကိုလည်း ပိုင်ဆိုင်ကြဟန် ရ၏။

“မြေရိုင်းပြည်နယ်က တကယ်ပဲ​ရှစ်ပွဲကို ပတ်လည် အနိုင်ယူ နေတော့မှာလား…” အချို့က  တွေးတောကာ ရေရွတ်မိကြသည်။ အကယ်၍​ မြေရိုင်းပြည်နယ်ကသာ ရှစ်ပွဲဆက်တိုက် အနိုင်ရပါက တခြားပြည်နယ်မှ လူများက တစ်ယောက်မှ နောက်တစ်ဆင့် တက်ရန် အခွင့်အလင်း မရှိ ဖြစ်တော့မည်ဟု တွေးမိကြသည်။ ဤသို့ဆိုလျှင် ရှီဟွာတောင် ရှန့်ထိုပင်လျှင် မြေရိုင်းပြည်နယ်မှ လူရှစ်ယောက်အား တစ်ကျော့ပြီးတစ်ကျော့ တိုက်ခိုက်စေခြင်းက သူ့အတွက် မသက်မသာ ခံစားရမည် ဖြစ်သည်။

အကယ်၍ မြေရိုင်းပြည်နယ်ကသာ အားနည်းပါက သူတို့အားလုံးက သိပ်မကြာဘဲ ပြိုင်ပွဲမှ ထွက်သွားရမည် ဖြစ်ကာ ဘယ်သူက ဘာမှ ခံစားရမည် မဟုတ်ပေ။ သို့သော်လည်း မြေရိုင်းပြည်နယ်ကသာ ဆက်တိုက် ရှုံးပွဲမရှိပါက တခြားပြည်နယ်များမှ လူများကလည်း နောက်တစ်ဆင့် တက်ရောက်တော့မည် မဟုတ်သလို တော်ဝင်မြေများ အားလုံးအတွက် မျက်နှာပျက်စရာများ ဖြစ်ပေရော့မည်။

စုချွဲက သူ၏ထောင့်ကို ပြန်ရောက် သွားသောအခါ ဝမ်ရှင်း၊ ကျူးကော့ချန်းဖန်နှင့် တခြားလူများက ရီဖူရှင်းကို လှမ်းကြည့်ကြသည်။ သူတို့ပင်လျှင် မြေရိုင်းပြည်နယ်မှ ပြိုင်ပွဲဝင်များ၏ စွမ်းရည်များအား အတိအကျ သိနားလည်ခြင်း မရှိကြပေ။

တော်ဝင်ကျဲနန်းတော်၏ သခင်ငယ်က သူတို့နှင့်အတူ ရှီနန်းတော်ထဲတွင် လေ့ကျင့်ခဲ့ကာ တစ်နှစ်အကြာတွင် သီးသန့်လေ့ကျင့်ခြင်းမှ ထွက်လာခဲ့ကြ၏။ ထိုတစ်နှစ်အတွင်း သူတို့ မည်သို့မည်ပုံ လေ့ကျင့်ခဲ့ကြသည်ကို ဘယ်သူမှ မသိကြပေ။ တစ်နှစ်အကြာ ရှီနန်းတော်ထဲမှ ထွက်လာပြီး နောက်ပိုင်း တစ်ဦးတည်းသော တိုက်ခိုက်သူကား စီမင်ဟန်ကျင့်ကို အနိုင်ယူခဲ့သော ရီဖူရှင်းပင်။

ပြည်နယ်ကိုးခု ညီလာခံတွင် မြေရိုင်းပြည်နယ်မှ ရှစ်ယောက်ကား အလွန် ကောင်းမွန်သော စွမ်းဆောင်ရည်ကို ပြသနိုင်ကြ၏။

သူတို့က ဤမျှ အားကောင်းသည်တွင် ရှီနန်းတော်ထဲကို ဝင်ရောက်ခဲ့သော တခြားလူများကရော…။ ဓားသခင်၊ ကျူးကော့မင်းယွီ၊ ဂူတုံးလျို၊ ရွှီယီ၊ လျိုဖန်း၊ ဟောင်ကျူဂီ၊ ယွန်စွေ့ရှင်းနှင့် တခြားလူများကရော…။ သူတို့၏စွမ်းရည်များက မည်သို့ ဖြစ်နေမည်နည်း။

သို့သော်လည်း သူတို့က ရီဖူရှင်း၏ စွမ်းရည်နှင့် ပတ်သက်၍ ပိုမို စိတ်ဝင်စားကြရသည်။ သူကား တခြားလူများနှင့် မတူအောင်ပင် ထူးခြား နက်နဲသော ပညာပါရမီအား နိုဘယ်အဆင့်၌ ကတည်းက ဖော်ပြခဲ့ကာ ယခု ရှီအဆင့်ကို တက်လှမ်းခဲ့ပြီ ဖြစ်သည်။ ယခု သူက စွမ်းအင်များ မည်မျှ တိုးတက်လာမည်ကို သူတို့အားလုံး သိလိုကြ၏။

ယခုတွင်ကား မည်သူမှ မသိပေ။

ဟောင်ကျူဂီက ပြိုင်ပွဲ ကွင်းပြင်နေရာကို ကြည့်သည်။ ရှီဟွာတောင်က မြေရိုင်းပြည်အား ပြိုင်ပွဲ၏အဖြည့်ခံ တစ်ခုအဖြစ် သဘောထား လိုခဲ့သော်လည်း အခြေအနေက သူတို့ထင်သလို ဖြစ်လာတော့မည် မဟုတ်ပေ။

ဟောင်ကျူဂီကား ရှီနန်းတော်ထဲတွင် သူတို့နှင့်အတူ လေ့ကျင့်ခဲ့သူဖြစ်ရာ ထိုတစ်နှစ်အတွင်း ထိုလူများ မည်မျှ တိုးတက်ခဲ့သည်ကို သူအသိဆုံး ဖြစ်သည်။ သူတို့က အတူတူ လေ့ကျင့်ကြကာ နားလည်ဆင်ခြင်မှု အသိများ အားလုံးကို အချင်းချင်း မျှဝေဆွေးနွေးကြသည်။ ထို့အပြင် ရီဖူရှင်းကလည်း သူတို့၏ပညာရပ် အသီးသီးများတွင် အားနည်းချက် အားသာချက်များနှင့် ထူးခြားသော အရည်အသွေးများအား ထုတ်ဖော်ခြင်းများတွင် သူ၏ထူးခြားသော ပါရမီဖြင့် လေ့လာဆန်းစစ် ဆွေးနွေးပေးခဲ့သည်။ ရီဖူရှင်း၏ လမ်းညွန် ပြသမှုများက အလွန်အမင်း အကူအညီဖြစ်ခဲ့ကာ သူတို့၏ တိုးတက်မှုများကလည်း ကြောက်ခမန်းလိလိ ဟုပင် ပြော၍ ရပေသည်။

ရီဖူရှင်းက ထိုအရာများအား သိပ်မတွေးပေ။ သူ၏အကြည့်က တိုက်ပွဲ ကွင်းထဲတွင်သာ ရှိသည်။ မြေရိုင်းပြည်နယ်က လေးပွဲဆက်တိုက် အနိုင်ရထားကာ သည်တစ်ခေါက်တွင် အလွန်မြင့်မားသော အရည်အသွေးရှိသော တခြား ပြည်နယ် ပါရမီရှင်များက မြေရိုင်းပြည်နယ်ကို ဦးတည် တိုက်ခိုက်တော့မည့် အချိန်အခါလည်း ဖြစ်သည်။ အကယ်၍​ သူတို့က မြေရိုင်းပြည်နယ်မှ ရှစ်ယောက်ကို ဆက်လက်၍​ လွှတ်ထားသည့် တိုင်အောင် အနှေးနှင့်အမြန် ထိုလူများနှင့် တွေ့ဆုံ တိုက်ခိုက်ရမည်သာ…။

ပြိုင်ပွဲ ကြီးကြပ်သူက ပြိုင်ပွဲအား ဆက်ရန် ကြေညာသောအခါ လေထု အခြေအနေက ထူးဆန်းနေသည်။ မည်သို့ဆိုစေ မြေရိုင်းပြည်နယ်က လေးပွဲဆက် အနိုင်ယူခဲ့သည် မဟုတ်ပါလား။

သည်ကိစ္စကား ရှီဟွာတောင်၏ အကြံအစည်ကြောင့် ဖြစ်လာခြင်းပင်…။ သူတို့ကိုသာ တိုက်ရိုက် ဖြေရှင်းစေမည်…။ တခြားပြည်နယ်၏ တော်ဝင်မြေများ အားလုံးက ထိုသို့ တိတ်တဆိတ် တွေးတော ထားကြသည်။ လို့ဟွားနန်းတော်နှင့် အလင်းနန်းတော်တို့ နှစ်ဖွဲ့လုံးက သူတို့၏ အကောင်းဆုံး ပါရမီရှင် တစ်ယောက်ကို စေလွှတ်ခဲ့ကြကာ ရှုံးနိမ့်ခဲ့ကြသည်။ အမှန်တကယ်အားဖြင့် ထိုလူနှစ်ယောက်ကား နောက်ဆုံး လူစာရင်းတစ်ရာသို့ ဝင်ရောက်နိုင်ခြေ ရှိသူများ ဖြစ်ကြပေသည်။

မြေရိုင်းပြည်နယ်မှ ကျန်သော သူများ၏ စွမ်းဆောင်ရည်များက မသိရှိရသေး သော်လည်း ထင်ထားသည်ထက် ခက်ခဲမည်မှာ သေချာပေ၏။ မည်သူကမှ မြေရိုင်းပြည်နယ်မှ လူများနှင့် ရင်ဆိုင်ကာ နောက်ဆုံးလူ စာရင်းတစ်ရာသို့ ဝင်ရောက်နိုင်မည့် အခွင့်အလမ်းအား လွှင့်မပစ်လိုကြပေ။ အစောပိုင်း တိုက်ပွဲများတွင် ထွက်ရခြင်းက သူတို့၏မာန်မာနနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေပေသည်။ ထို့ကြောင့် သည်ကိစ္စအား ရှီဟွာတောင်ကို ဖြေရှင်းစေပေမည်။

တိုက်ပွဲထဲကို ပြည်နယ်များမှ ပြိုင်ပွဲဝင်များ ဝင်လာကြသည်။ သည်တစ်ခေါက် အရှေ့ဘက်ပြည်နယ်မှ စေလွတ်ခဲ့သူကား မှန်နန်းတော်မှ ဖြစ်သည်။ ထို့ကြောင့် ရှီဟွာတောင်က မြေရိုင်းပြည်နယ်အား တမင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သည် မဟုတ်ကြောင်း ထင်ရှား၏။

မြေရိုင်းပြည်နယ်မှ ထွက်လာသူကား ဖီးနစ်ဖြစ်သည်။ ဟွာဂျီယူက သူမ၏မျက်နှာကို ဖုံးကွယ်ထားသော ပဝါအား ဖယ်ရှားခဲ့ရာ ဖီးနစ်ကလည်း သူမ၏ပါဝါကို ဖယ်ရှားခဲ့၏။ သူမ၏ လှပချောမောသော မျက်နှာလေး လူအများ၏ စိတ်ဝင်စားမှုကို များစွာ ရရှိပေသည်။

ဖီးနစ်ထံမှ မီးသဘာဝလောကဓာတ်များ အားကောင်းစွာ စီးဆင်းနေသည်။ သူမ၏ခန္ဓာကိုယ်မှ တောက်ပ လင်းလက်သော မီးဓာတ်များ ဖြာထွက်နေပြီး ကိုယ်ရောင် ကိုယ်ဝါက တစ်နေရာလုံးကို ဖြန့်ကြက်သည်။ ကွင်းထဲ၌ ဧရာမဖီးနစ်ငှက်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

ဖီးနစ်ငှက်ပုံရိပ်က ကောင်းကင်ကို ဖုံးအုပ်သွားသည့် တိုင်အောင် ကြီးမား လင်းလက် သွားသည်။ လေထုက ကြောက်မက်ဖွယ် ကောင်းသော မီးသဘာဝဓာတ်များဖြင့် ပြည့်နှက်နေပြီး ပရိသတ်များက သူတို့၏ခန္ဓာကိုယ်များ ပူနွေးလာသည်ကို ခံစားမိကြသည်။

မှန်နန်းတော်မှ ထွက်လာသူကား ဆန့်ကျင်ဘက် စွမ်းရည်ကို ပိုင်ဆိုင်ထား၏။ သူမကား ရေခဲပညာတွင် ထူးချွန်သူဖြစ်သည်။ စွမ်းအင်နှစ်ခုက တိုက်ရိုက် ဆန့်ကျင့်ကာ တစ်ယောက် ပူ၍​တစ်ယောက်က အေးသည်။ တခြား ပြိုင်ပွဲဝင်များကား ရင့်သန်သော လောကဓာတ်များ မရှိကြရာ ပွဲမစမီတွင်ပင် ကြီးမားသော ဖိအားများကို ရင်ဆိုင်နေကြရသည်။

“ကြည့်ရတာ ဒီတိုက်ပွဲက လူနှစ်ယောက်အကြား တိုက်ပွဲပဲ…” လူအများအပြားက တိတ်တခိုး မှတ်ချက်ချကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset