အခန်း (၈၅) ယှဉ်ပြိုင်ပွဲကိုစောင့်ဆိုင်း
ကျန်းလန်က ယှဉ်ပြိုင်ပွဲအခြေအနေသတင်းများ သိရှိရရန် နဝမတောင်ထွတ်မှ ထွက်လာပြီး လေ့လာနေခြင်း ဖြစ်သည်။
သူက တပည့်အုပ်စုများဘေးမှ ဖြတ်သွားရင်း ဝေဖန်သံများကို နားထောင်နေခဲ့သည်။
တိုက်ပွဲရလဒ်များကို သိရှိပြီးသားဖြစ်သော်လည်း ခွန်လွန်တောင်မှတပည့်များ ထိုမျှ အထိနာလိမ့်မည်ဟု ကျန်းလန် ထင်မထားခဲ့ပေ။
တစ်ဖက်လူက ကျကျနနကြိုတင်ပြင်ဆင်ပြီးမှ ရောက်လာသည်မှာ သေချာသည်။
ထို့ကြောင့်… ခွန်လွန်တောင်တွင် မြောက်ရှိုး၏ ခြေလှမ်းများကို ရပ်တန့်နိုင်မည့်သူ တစ်ယောက်မှ မရှိခြင်းဖြစ်၏။
ဝေဖန်သံများနှင့် သတင်းများကို နားထောင်ပြီး ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်လာခဲ့သည်။ ထို့နောက်… မရဏဂူထဲတွင်ပင် ဆက်လက်ကျင့်ကြံနေခဲ့လေသည်။
ယနေ့က ယှဉ်ပြိုင်ပွဲ စတင်သည့်နေ့ဖြစ်သည်။
အစပိုင်းတွင် ခွန်လွန်တောင်မှ တပည့်များက စိန်ခေါ်မှုကို သိပ်ပြီး အလေးအနက် မထားခဲ့ကြပေ။
သို့သော်… ယနေ့တော့ တစ်ဖက်လူ၏ အောင်မြင်မှုက ခွန်လွန်တောင်မှ တပည့်များအားလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။
ထို့ကြောင့်… နောက်လာမည့် တိုက်ပွဲများတွင် တပည့်များအနေဖြင့် အကောင်းဆုံး ပြင်ဆင်ကာ ကြိုးစားတိုက်ခိုက်ရပေတော့မည်။
ဤသည်က ခွန်လွန်တောင်အတွက် အလှည့်အပြောင်းတစ်ခုလည်း ဖြစ်ကောင်း ဖြစ်သွားနိုင်၏။
အကယ်၍ မနက်ဖန်သာ တစ်ဖက်လူကို တားဆီးနိုင်ခြင်း မရှိခဲ့ပါက…
ကျန်းလန်အနေဖြင့် နဝမတောင်ထွတ်၏ ရင်ပြင်ထက်တွင် တစ်ဖက်လူကို တိုက်ခိုက်ရန် စောင့်ဆိုင်းရသည့်အချိန်သို့ ရောက်ရှိလာပေလိမ့်မည်။
သူ ရှုံးနိမ့်သွားခဲ့လျှင်တော့… မြောက်ရှိုးက ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် ဆက်လက်ရင်ဆိုင်မည် ဖြစ်သည်။
ကျန်းလန် ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကို ဖွင့်ကြည့်လိုက်သည်။
လုန်ယွိက ရေကန်နံဘေးတွင် မြွေတစ်ကောင်အလားခွေခွေလေး ငြိမ်သက်နေဆဲ ဖြစ်သည်။ သူမကို ကြည့်ရသည်မှာ အားနည်းနေဆဲ ဖြစ်ဟန်တူသည်။
လုန်ယွိ အားနည်းနေသည့်အချိန်ကို တွက်ချက်ပြီး တစ်ဖက်လူက တမင်တကာ ရောက်ရှိလာလေသလား မပြောတတ်ပေ။
သို့သော်… ထိုကိစ္စက ကျန်းလန် သိစရာမလိုသည့်ကိစ္စ ဖြစ်၏။ သူ့အနေဖြင့် တစ်ဖက်လူကို အကောင်းဆုံး ရင်ဆိုင်တိုက်ခိုက်ရန်သာ လိုအပ်သည်။
ဤစိန်ခေါ်ပွဲ ပြဿနာက သူ ကိုင်တွယ်ဖြေရှင်းနိုင်သည့် ပြဿနာ မဟုတ်ပေ။
သူလုပ်နိုင်သည်က တစ်ဖက်လူကို ရင်ဆိုင်ရန် အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားရန်သာ ဖြစ်သည်။
ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့မည်ဆိုလျှင်တောင်မှ ရွှေပြဒါးအမြုတေအဆင့် ၊ နောက်ဆုံးအဆင့် တန်ခိုးစွမ်းအားကို အပြည့်အ၀ ထုတ်ဖော်အသုံးပြုပြီး အစွမ်းကုန်တိုက်ခိုက်ရမည် ဖြစ်သည်။
ကျန်းလန် လွယ်လွယ်နှင့်တော့ အရှုံးပေးရန် ဆုံးဖြတ်မထားပေ။ သူ့ကြောင့်… နဝမတောင်ထွတ်ကို အရှက်ကွဲ မခံနိုင်ပေ။
နောက်တစ်နေ့…
ကျန်းလန် နံနက်ခင်းတစ်ခုလုံး ကျင့်ကြံနေခဲ့သည်။ အထူးသဖြင့် တိုက်ပွဲတွင် အသုံးပြုမည့် မန္တန်များနှင့် ကျင့်စဉ်များကို ကျင့်ကြံနေခြင်း ဖြစ်သည်။
နေ့လည်ခင်းပိုင်းတွင်တော့ ကျန်းလန် ကျင့်ကြံခြင်းကို ရပ်နားလိုက်၏။
“ဆရာ့ဆီက ဘာသတင်းမှ မကြားပုံထောက်တော့… စတုတ္ထတောင်ထွတ် ၊ ပဉ္စမတောင်ထွတ်နဲ့ ဆဋ္ဌမတောင်ထွတ်တွေလည်း ရှုံးနိမ့်ကုန်ကြပြီထင်တယ်…”
သားရဲဥလေးကို ဝိညာဉ်ဆေးရည်များလောင်းပေးနေရင်း ကျန်းလန်တွေးလိုက်သည်။
ထို့နောက်… တိုက်ပွဲသတင်းများ စုံစမ်းရန် နဝမတောင်ထွတ်မှ ထွက်ခွာလာခဲ့သည်။
ခွန်လွန်တောင်တွင် တပည့်များ စုပေါင်းကျင့်ကြံရန် ပြုလုပ်ပေးထားသည့် ကျင့်ကြံရေးရင်ပြင်ကျယ်တစ်ခု ရှိလေသည်။
ထိုနေရာသို့ ကျန်းလန် ထွက်ခွာလာခဲ့သည်။
ကျန်းလန် ရောက်လာချိန်တွင်… ထိုနေရာတွင် တပည့်အနည်းငယ်သာရှိပြီး မည်သူမှ ကျန်းလန်ကို အရေးမစိုက်ကြသလို ကျန်းလန်ကို သိရှိသူလည်း တစ်ယောက်မှ မရှိကြပေ။
ခွန်လွန်တောင်တွင် တပည့်ပေါင်းများစွာ ရှိလေသည်။ သို့သော်… နဝမတောင်ထွတ်မှ တပည့်ကိုတော့ သိရှိသူ ရှားပါးလှ၏။
ကျန်းလန်က နှစ်ပေါင်း (၆၀) တိုင်တိုင် နဝမတောင်ထွတ်မှ တစ်ဖဝါးမှမခွာဘဲ ကျင့်ကြံနေခဲ့သူဖြစ်လေရာ သူ့ကို မည်သူမှ မသိကြသည်မှာ သဘာဝကျပေသည်။
တပည့်များက အုပ်စုဖွဲ့ပြီး စကားပြောနေကြလေ၏။
“နတ်လူသားမျိုးနွယ်စုက တော်တော်လွန်တာပဲကွာ…”
“ဆဋ္ဌမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကို အနိုင်ယူပြီးတော့ သူက ဘာပြောလဲသိလား… ၊ ‘အရည်အချင်းက ဒီလောက်ပဲလား…’ လို့ပြောပြီးတော့ စော်ကားသွားတာကွ…”
တပည့်အချို့၏ ဒေါသတကြီး ပြောဆိုဝေဖန်ခြင်းများကို ကျန်းလန် ကြားနေရသည်။
“ကျုပ်အထင်ပြောရရင်… နတ်လူသားမျိုးနွယ်ကကျင့်ကြံသူက သာမန် ပါရမီရှင်တစ်ယောက်တော့ မဟုတ်နိုင်ဘူးနော်…၊ သူက အတော်လေး အစွမ်းထက်တယ်…”
“စတုတ္ထတောင်ထွတ်က ဂိုဏ်းတူအစ်မလည်း အစီအရင်ပညာမှာ သူ့ကို ရှုံးသွားတယ်… ၊ ပဉ္စမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုလည်း အဂ္ဂိရတ်ပညာမှာ သူ့ကို ရှုံးသွားတယ်… ၊ သူက ပြောလိုက်သေးတယ်… ခွန်လွန်တောင်က အဂ္ဂိရတ်ပညာက လမ်းဘေးမှာ ဆေးရောင်းနေတဲ့ ကလေးတွေလောက်တောင် မတော်ဘူးဆိုပဲ… ”
“ဒါပေမဲ့ကွာ… မှော်ဝင်တိမ်တိုက်တောင်ကို သွားကြတဲ့ ကျုပ်တို့ ဂိုဏ်းတူအစ်ကိုတွေ အစ်မတွေသာ ရှိမယ်ဆိုရင် သူ ဒီလောက်မောက်မာနိုင်မှာ မဟုတ်ဘူး…”
“ဒါပေမဲ့… အခုလောလောဆယ်တော့ ကျင့်ကြံခြင်းသက်တမ်း နှစ် (၃၀၀) အောက်ရှိတဲ့ တပည့်တွေထဲမှာ သူ့ကို ဘယ်သူမှ နိုင်အောင် မတိုက်ခိုက်နိုင်ကြဘူးလေကွာ…”
တပည့်များ တီးတိုးပြောဆိုနေကြသည်။
“နောက်ထပ် တောင်ထွတ် (၃)ခုတော့ ယှဉ်ပြိုင်ဖို့ ကျန်သေးတယ်… ၊ ဒါပေမဲ့ အဲဒီကောင်ကို အနိုင်ယူနိုင်မယ့်သူ ရှိတော့မယ် မထင်ပါဘူး…”
“အမှန်ပဲ… သတ္တမတောင်ထွတ်နဲ့ အဋ္ဌမတောင်ထွတ်က ကျင့်ကြံခြင်းသက်တမ်း နှစ် (၃၀၀)အောက် မူလဝိညာဉ်အဆင့် တပည့်တွေအကုန်လုံး မှော်ဝင်တိမ်တိုက်တောင်ကို ရောက်နေကြတာ… ၊ နဝတောင်ထွတ်ကတော့ ယှဉ်ပြိုင်မယ့် တပည့်တောင်ရှိပါ့မလား မသိဘူး…”
“ကျုပ်ကြားတာတော့ နဝမတောင်ထွတ်မှာ ဂိုဏ်းတူအစ်ကိုတစ်ယောက် ရှိတယ်ဆိုပဲ…”
“အမှန်ပဲ… ပြီးတော့ အဲဒီဂိုဏ်းတူအစ်ကိုက နဝမတောင်ထွတ်ရဲ့ ဆက်ခံသူတပည့်တဲ့နော်… ၊ ကျုပ်ကို ဂိုဏ်းတူအစ်ကိုတစ်ယောက် ပြောပြထားတာ…”
ထိုအချိန်…ကျန်းလန်ဝတ်ဆင်ထားသည့် ဝတ်စုံကဲ့သို့ တူညီဝတ်စုံကို ဝတ်ဆင်ထားသည့် တပည့်တစ်ယောက် စကားပြောနေသည့် အုပ်စုအနားသို့ ရောက်ရှိလာသည်။
ကျန်းလန်နှင့် အဝတ်အစားတူညီသည်ကို ကြည့်ခြင်းအားဖြင့် ခွန်လွန်တောင်သို့ ကျန်းလန်နှင့် အချိန်ကာလအတူတူ ရောက်ရှိလာသည့် တပည့်ဖြစ်ပေလိမ့်မည်။
ထိုသူက…
“နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးအကြောင်း ပြောနေကြတာလား…”
တပည့်ငယ်များက ခေါင်းညိတ်ပြလိုက်ကြသည်။
“အင်း… နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးရဲ့ အရည်အချင်းကတော့… ကျုပ်လည်း သိပ်မသိဘူး… ၊ ဒါပေမဲ့ သူက ခွန်လွန်တောင်ကိုရောက်တာ သိပ်မှ မကြာသေးတာ… ၊ ရွှေပြဒါးအမြုတေအဆင့်လောက်ပဲ ရှိဦးမယ်ထင်တယ်…”
ထိုသူ၏ စကားကြောင့် တပည့်များအားလုံး စိတ်ညစ်သွားကြလေသည်။
“ဒါဖြင့် မျှော်လင့်ချက် မရှိတော့ဘူးပေါ့…”
သူတို့အားလုံး စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။
သူတို့က တပည့်ငယ်များဖြစ်သောကြောင့် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးကြသောကြောင့်သာ ငြိမ်နေရခြင်း ဖြစ်သည်။ မဟုတ်ပါက ရန်စလာသည့် နတ်လူသားမျိုးနွယ်ကို ပညာကောင်းကောင်း ပေးလိုက်ချင်လှသည်။
သို့သော်… ယခုတော့ မည်သို့မှ မတတ်နိုင်ဘဲ ဒေါသထွက်ရုံသာ တတ်နိုင်ကြတော့၏။
ကျန်းလန် တည်ငြိမ်စွာဖြင့်ပင် ထိုနေရာမှ ထွက်ခွာလာခဲ့သည်။ ထို့နောက်… ဟိုဟိုဒီဒီ တစ်ချက်လျှောက်ကြည့်လေ့လာပြီး နဝမတောင်ထွတ်သို့ ပြန်ခဲ့သည်။
“ဆရာပြောတာအမှန်ပဲ… ပြင်ပက လူတွေကို လိုက်ပြီးလေ့လာကြည့်သင့်တယ်… ၊ ဒါမှ ငါတစ်ယောက်တည်း သီးခြားကွဲထွက်မနေတော့မှာ…”
အပြန်လမ်းတွင် ကျန်းလန် တွေးလိုက်သည်။
လူတစ်ယောက်က သီးခြားနေထိုင်လွန်းလျှင်လည်း တစ်ခါတစ်ရံ အစွန်းရောက်သွားတတ်သည် မဟုတ်ပါလား။
လောကတွင် ဖြစ်ပျက်လာသည့် အဖြစ်အပျက်များက ကိုယ်စီစဉ်ထားသည့်အတိုင်း ဖြစ်မလာသည်ကများသည်။
“စွမ်းအားကြီးသူက မြို့ထဲတွင် ပုန်းအောင်းနေစဉ် စွမ်းအားနည်းသူက တောထဲတွင်ပုန်းအောင်းနေသည်” ဆိုသည့် စကားပုံက အံ့သြစရာ မဟုတ်တော့ပေ။
ကျန်းလန် နောက်တစ်နေ့နံနက်အထိ မရဏဂူထဲတွင် ကျင့်ကြံနေရန် ဆုံးဖြတ်လိုက်သည်။
မနက်ဖန်တိုက်ပွဲက ရှောင်လွှဲမရသည့် တိုက်ပွဲတစ်ခု ဖြစ်သည်။
တစ်ဖက်လူက မည်သို့သောနည်းလမ်းကို အသုံးပြုယှဉ်ပြိုင်မည်လဲ ကျန်းလန်လည်း သိရှိနိုင်ခြင်း မရှိပေ။
…………
နောက်တစ်နေ့…
အရုဏ်တက်ချိန်မျှသာ ရှိသေးသော်လည်း ယှဉ်ပြိုင်ပွဲကို ကြည့်ရှုရန် စောင့်ဆိုင်းနေကြသည့် တပည့်များကတော့ သတ္တမတောင်ထွတ်တွင် စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။
သတ္တမတောင်ထွတ်မှ တပည့်က မြောက်ရှိုးကို ရင်ဆိုင်အနိုင်ယူနိုင်မည်လားဟု သူတို့ မျှော်လင့်နေကြသည်။
ခွန်လွန်တောင်အဓိကခန်းမဆောင်ကြီးတည်ရှိရာ တောင်ထွတ်အစွန်းတွင်တော့…
နတ်လူသားမျိုးနွယ်စုမှ ဆံပင်များဖြူဖွေးနေသည့် အဘိုးအိုမြောက်ထျန်းနှင့် အခြားသူများစွာ မတ်တတ်ရပ်လျှက် ရှိကြသည်။
သူတို့အားလုံး သတ္တမတောင်ထွတ်ရှိရာသို့ လှမ်းမျှော်ကြည့်ရှုနေကြ၏။
ပထမတောင်ထွတ်၏ တောင်သခင် ဖုန်းယီရှောက်က တည်ငြိမ်သည့်လေသံဖြင့်…
“ဒါက အသေးအဖွဲ ယှဉ်ပြိုင်မှုလေးပါ… ၊ ကျုပ်တို့ ခွန်လွန်တောင်အနေနဲ့ နိုင်သွားလည်း စကားလုပ်ပြောနေစရာ အကြောင်းမရှိသလို ရှုံးသွားလည်း သိက္ခာကျစရာ မရှိပါဘူး…”
မြောက်ထျန်းက ဖုန်းယီရှောက်ကို လှည့်ကြည့်လိုက်ပြီး…
“တာအိုရောင်းရင်း ‘ဖုန်း’ ပြောတာ အမှန်ပါပဲ…”
ဖုန်းယီရှောက်က မည်သည့်စကားမှ မပြောဘဲ ပြုံးနေလေသည်။
မြောက်ထျန်းက…
“အင်း… ဒါနဲ့… ကျုပ်တို့မတွေ့ကြတာ နှစ်ပေါင်းအတော်လေး ကြာပြီနော်… ၊ ကျုပ်လည်း မင်းတို့အားလုံးနဲ့ အနေဝေးသွားတယ်… ၊ ဒါပေမဲ့ ကံကောင်းတာက ကျုပ်မှာ တပည့်ကောင်းလေး ရထားတယ်လေ…”
ခဏနားပြီးမှ သူက ဆက်ပြောသည်။
“ဒီတော့ ကျုပ်တပည့် ဘယ်လောက်တော်ကြောင်း လောကကြီးတစ်ခုလုံးသိအောင် ပွဲထုတ်ရတာပေါ့ဗျာ.. ဟုတ်တယ်မလား… ၊ ဒါနဲ့ … တာအိုရောင်းရင်း ‘ဖုန်း’ ရော… ဘယ်လိုလဲ… ၊ မင်းမှာရော အတော်ဆုံး တပည့်တွေဘာတွေများ မရှိဘူးလား…”
“……………”
ဖုန်းယီရှောက်က မြောက်ထျန်း အမေးစကားကို ပြန်မဖြေဘဲ တစ်ချက်လှမ်းကြည့်လိုက်သည်။
“အား… မေ့နေတာကွာ… မေ့နေတာ… မင်းတို့တပည့်တွေအတော်များများ မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲ သွားနေကြတာပဲ…”
ပြောပြီးသည်နှင့် မြောက်ထျန်းက ပြုံးလိုက်၏။
ခွန်လွန်တောင်မှ တပည့်များ မှော်ဝင်တိမ်တိုက်တောင်သို့ သွားရောက်ကြသည်ကို ယခုမှ သတိရသွားဟန်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
မြောက်ထျန်းစကားကြောင့် ဖုန်းယီရှောက်က မသင်္ကာဟန်ဖြင့် မျက်လုံးများကို အသာကျဉ်းမြောင်းလိုက်သည်။
မြောက်ထျန်းကတော့ ဘာမှမဟုတ်သလို ဖုန်းယီရှောက်ကို ပြုံးပြလိုက်၏။
ဖုန်းယီရှောက်က…
“အကြီးအကဲ’မြောက်’ … ခင်ဗျားရဲ့တပည့်လေးက ကျောက်စိမ်းရေကန်နတ်ဘုရားမကို စိန်ခေါ်ပြီးရင် ဘာလုပ်ဖို့ အစီအစဉ် ရှိသေးလဲ…”
မြောက်ထျန်းက…
“ဘာအစီအစဉ်မှတော့ မရှိပါဘူး… ၊ ပြီးတော့လည်း ပြီးသွားတာပေါ့… ကျုပ်တို့ ပြန်ကြမယ်လေ… ပြင်ပလောကက ပါရမီရှင်တွေ ဘယ်လိုရှိတယ်ဆိုတာ သိမြင်စေချင်လို့ ကျုပ်က ဒီကလေးကို ခွန်လွန်တောင်ကို ခေါ်လာတာပါ…”
ဖုန်းယီရှောက် မည်သည့်စကားမှ ထပ်မပြောတော့ပေ။
နောက်ဆုံး ပြိုင်ပွဲ (၃) ပွဲ၏ ရလဒ် မည်သို့ဖြစ်လာမည်ကိုသာ သူ စောင့်ဆိုင်းနေမိတော့သည်။
………………
တပည့်များအားလုံး သတ္တမတောင်ထွတ်သို့ စောစီးစွာပင် စုရုံးရောက်ရှိနေကြသည်။
သတ္တမတောင်ထွတ်တွင် မြောက်ရှိုး၏ စိန်ခေါ်မှုကို လက်ခံတိုက်ခိုက်သူက မိန်းကလေးတပည့်တစ်ယောက် ဖြစ်သည်။ သူမက မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။
သူမက တံခါးပိတ်ကျင့်ကြံရန် စီစဉ်ထားသဖြင့် မှော်ဝင်တိမ်တိုက်တောင်သို့ လိုက်ပါမသွားဘဲ ကျန်နေခဲ့ခြင်း ဖြစ်သည်။
ဤကာလအတွင်း တစ်စုံတစ်ယောက်က ခွန်လွန်တောင်ကို လာရောက်ပြဿနာရှမည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
တစ်ဖက်လူက အစီအစဉ်ကို သေသေချာချာ ပြင်ဆင်ပြီးမှ ရောက်ရှိလာခြင်း ဖြစ်သည်။
ရှန်းရှီက ချောမောလှပသည့် မိန်းမပျိုတစ်ယောက် ဖြစ်လေသည်။
သူမက သတ္တမတောင်ထွတ်ရင်ပြင်ထက်တွင် မြောက်ရှိုးရောက်လာမည်ကို အဆင်သင့်စောင့်မျှော်နေ၏။
သိပ်မကြာမီ… အဖြူရောင်ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ကောင်းကင်ထက်မှ ပျံသန်းဆင်းသက်လာသည်။
ထိုသူက မြောက်ရှိုးပင်ဖြစ်၏။
ရှန်းရှီက…
“တာအိုရောင်းရင်း… ရှင်က သိပ်ပြီး စွမ်းအားကြီးတယ်ဆိုတာ ကျွန်မ သိပါတယ်… ၊ ဒါပေမဲ့… ရှင်တို့က ကျွန်မတို့ ခွန်လွန်တောင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ပြဿနာလာရှာတာ မဟုတ်လား… ၊ ဒါပေမဲ့ ရှင် သိထားဖို့က နောက် (၂)လဆိုရင် မှော်ဝင်တိမ်တိုက်တောင်ကိုသွားကြတဲ့ ခွန်လွန်တောင်က တပည့်တွေ ပြန်ရောက်လာကြတော့မှာပါ… ၊ အဲဒီအချိန်ကျ ကျွန်မတို့ ခွန်လွန်တောင်က ရှင်တို့ နတ်လူသားမျိုးနွယ်တွေကို လာပြီး စိန်ခေါ်မယ်ဆိုတာ မှတ်ထားစမ်းပါ…”
ရှန်းရှီစကားကိုကြားသည်နှင့် မြောက်ရှိုးက မထီတရီ ပြုံးလိုက်ရင်း…
“သိပ်ပြီး လေလုံးထွားမနေနဲ့… ၊ အခု ကျုပ်ကို နိုင်အောင်ပဲ တိုက်စမ်းပါဦး…”
ပြောပြီးသည်နှင့် မြောက်ရှိုးက သူ၏ ကျင့်ကြံခြင်းအဆင့်ကို မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့်သို့ လျှော့ချလိုက်သည်။
ထို့နောက်… ရှေ့သို့ခြေတစ်လှမ်းလှမ်းကာ ရှန်းရှီကို စတင်တိုက်ခိုက်လိုက်လေတော့၏။