အခန်း (၂၂)

အထီးကျန်လိပ်ပြာ

အပိုင်း (၂၂) အထီးကျန်လိပ်ပြာ

ဆန်းလျန်မှာ တိုက်ပွဲကို မျက်တောင်မခတ် ကြည့်နေလေသည်။ ကျန်းဟူမှ အဆင့်မြင့် သိုင်းသမား နှစ်ယောက်၏ အပြန်အလှန် တိုက်ခိုက် နေကြသည့် တိုက်ပွဲကို ကြည့်ရင်း သူ များစွာသင်ယူ ခဲ့လေသည်။

သူ၏ ဝိညာဉ်မှာ ထိုသူနှစ်ယောက်ထက် မြင့်မားသည့် အစွမ်းရှိပြီး ခန္ဓာကိုယ် ထဲမှပင် ထွက်ခွာနိုင် လေသည်။

သူက တိုက်ခိုက်မှုများကို မျက်လုံးနှင့် ကြည့်ခြင်းထက် ဝိညာဉ်စွမ်းအားဖြင့် မြင်အောင် ကြည့်ခြင်း ဖြစ်သောကြောင့် ထိုသူ နှစ်ယောက်လုံး၏ အားနည်းချက်နှင့် အားသာချက် များကို ယှဉ်တွဲပြီး သိမြင် နိုင်လေသည်။

လေပြင်း မုန်တိုင်းနှင့် မိုးများသည်းထန်စွာ ရွာသွန်းပြီးသွားလျှင် သဘာဝ အရှိတရားသာ ကျန်ရစ် ခဲ့မည် ဖြစ်လေသည်။

လင်ချုန်းရှောင်၏ သန့်စင်သည့် သိုင်းစွမ်းရည်ကို သူ၏ သိုင်းကွက်တိုင်းတွင် တွေ့ရသည်။ သူ့တွင် ကျားတစ်ကောင် ကဲ့သို့သော အစွမ်းမျိုး၊ ကျားသစ် တစ်ကောင် ကဲ့သို့သော အစွမ်းမျိုး၊ ရိုင်းစိုင်း သည့် ဝံပုလွေ ကဲ့သို့သော အစွမ်းမျိုးဖြင့် ပြည့်စုံပြီး သူ၏ စွမ်းအားမှာ မြင့်မားလွန်းသော တောင်ထိပ်မှ အရှိန်ဖြင့် စီးဆင်းလာသည့် ရေတံခွန်ကဲ့သို့ ထိုးဖောက်နိုင်ရန် ခက်ခဲလေသည်။ အားနည်းချက် ဟူ၍ မရှိ သလောက်ပင်။

ဤအတိုင်းဆိုလျှင် အစိမ်းရောင်ဝတ် လူမှာ ကြာရှည် တိုက်ခိုက်နိုင်ခြင်း မရှိဘဲ ရှုံးနိမ့်သွားမည်မှာ သေချာသလောက် ရှိလေသည်။  သို့သော် အစိမ်းရောင်ဝတ် လူက ပြန်လည် တိုက်ခိုက်ခြင်းမရှိ။ သူက လင်ချုန်းရှောင်၏ တိုက်ခိုက်မှု အောက်တွင် အသားတကျ စီးမျောနေခြင်း ဖြစ်လေသည်။ ဤသည်မှာ ပင့်ကူ အိမ်ထဲသို့ တိုးဝင်မိသည့် လိပ်ပြာလေး တစ်ကောင်၏ အဖြစ်နှင့် တူလေသည်။ လွတ်လမ်း မရှိနိုင် ပေ။

ဆန်းလျန်မှာ အစိမ်းရောင်ဝတ် လူကို စိတ်အား ထက်သန်စွာ ကြည့်နေမိရာမှ သူ၏ ဝိညာဉ် အာရုံခံမှုမှာ ကန့်သတ်မှုကို ကျော်လွန်သွားလေသည်။ အစိမ်းရောင်ဝတ် လူ၏ ဝိညာဉ်မှာ တိုက်ပွဲ ကြာလာ သည်နှင့်အမျှ ပို၍ပို၍ ပြင်းထန် လာသည်ဟု ဆန်းလျန် ခံစားလိုက်ရလေသည်။

ဤသို့ ဖြစ်ရခြင်းမှာ သဲကန္တာရထဲတွင် သဲမုန်တိုင်းများကို ရင်ဆိုင် ခဲ့ရခြင်း၏ အကျိုး ကျေးဇူးများကြောင့် ဖြစ်လေသည်။ အစိမ်းရောင်ဝတ် လူက သူ့ကိုယ်သူ သန့်စင်အောင် လုပ်နိုင်ခဲ့ပြီး အခက်အခဲ ဘေးဒုက္ခများကို ရင်ဆိုင် ခဲ့ရခြင်းကြောင့် သူ၏ စွမ်းရည်များမှာ ပွင့်ထွက် သွားလေသည်။

အထူးသဖြင့် သေလုမြောပါး အခြေအနေနှင့် ရင်ဆိုင် ရသည့်အခါ သူ့တွင် ဆင့်ကဲ ပြောင်းလဲ မှုများ ဖြစ်ပေါ်ခဲ့လေသည်။

သူ၏ကျောတွင် ကြွက်တစ်ကောင် အရွယ်အစားရှိသည့် လေအိတ်များ ဖြစ်လာပြီး သူ၏ ကိုယ်တွင်း အင်္ဂါများမှာ မိုးခြိမ်းသံကဲ့သို့ အသံ၏ တုန်ခါနှုန်းများကိုလည်း ခံစားနိုင်စွမ်း ရှိလေသည်။

အစိမ်းရောင်ဝတ် လူ၏ အတွင်းအားမှာ သူ့ခန္ဓာကိုယ် တစ်ခုလုံးသို့ ဖြတ်သန်း စီးဆင်းသွားပြီး ရပ်တန့်သွားခြင်း မရှိဘဲ မြင့်တက်လျက် ရှိနေသည်ကို ဆန်းလျန် ရိပ်မိလိုက်လေသည်။

သူ့လည်ပင်း ညှပ်ရိုးများတွင် ချည်နှောင်ထားသည့် သံမဏိ ကြိုးချိတ်ကြီးများမှာ ကျယ်လောင်သော အသံဖြင့် ပြုတ်ထွက်သွားပြီး ထိုသံမဏိ ချိတ်နှစ်ခုမှာ လူသတ်လိုသည့် အလင်း ရောင် နှစ်ခုအဖြစ် လင်ချုန်းရှောင်ဆီသို့ ပျံသန်း သွားလေတော့သည်။

သံမဏိချိတ်ကြီး နှစ်ခုမှာ လျင်မြန်သော အရှိန်ဖြင့် လည်နေလေသည်။

ဆန်းလျန်က သူ၏ ဝိညာဉ်စွမ်းအားကို အာရုံ စိုက်လိုက်သည်။ သူ၏ မျက်ခုံးနှစ်ခုကြားရှိ “ကျူချောင့်”နေရာတွင် အဖြူရောင် အလင်းတန်းတစ်ခု ပေါ်လာပြီး တတိယမျက်လုံး ဆဌမအာရုံ ကဲ့သို့ ဖြစ်သွားလေသည်။

သူ၏ဝိညာဉ်မှာ သူ့ခန္ဓာကိုယ်ထဲမှာ ထွက်သွားသကဲ့သို့ ခံစားလိုက်ရသော်လည်း တကယ်တမ်း တွင် ထွက်ခွာသွားခြင်း မရှိပေ။

သူ၏ ဝိညာဉ်စွမ်းအားများမှာ ပြင်ပကမ္ဘာထဲတွင် အဆုံးမရှိ ဆွဲဆန့်ထားခြင်း ခံရပြီး ငွေဖြူရောင် အဖြစ် ပြောင်းလဲ သွားလေသည်။ သူ၏ အာရုံခံထဲတွင် သံမဏိ ချိတ်ကြီးနှစ်ခုမှာ နှေးကွေး သွားလေ သည်။ ထို သံမဏိ ချိတ်များပေါ်တွင် ရှိနေသည့် သွေးစများကိုပင် သူ မြင်နေရလေသည်။ အရာအားလုံးမှာ ငွေဖြူရောင် ဖြစ်နေသော်လည်း အခြားသော အရောင်များကိုတော့ ခွဲခြား မြင်ရလေ သည်။

“ကျောက်ပြည်နယ်က လူစွမ်းကောင်းတွေဟာ ခေါင်းပေါင်း အစင်းတွေကို ပေါင်းထားတယ် …

ဝူကော်လို့ ခေါ်တဲ့ ဓားကောက် ထိပ်ဖျားဟာ နှင်းဖြူတွေလို တောက်ပနေတယ် …

ခြေဆယ်လှမ်းမှာ တစ်ခါ လူတစ်ယောက်ကို သတ်တယ် …

ပြီးတော့ မိုင်တစ်ရာ ခရီးကို မရပ်မနား ခရီး ဆက်သွားခဲ့ကြတယ် …”

အစိမ်းရောင်ဝတ် လူမှာ အရင်က ကြုံတွေ့ခဲ့ဖူးခြင်း မရှိသည့် အဆင့်သို့ ရောက်ရှိ လာလေသည်။ သူ၏ ဝိညာဉ်စွမ်းအားမှာ ထိပ်ဆုံး အဆင့်သို့ ရောက်နေလေသည်။ သူ၏ ဝိညာဉ်စွမ်းအားမှာ မိုးကောင်းကင် ထက်ဆီမှ လပေါ်သို့ ရောက်ရှိရန် ကြိုးစား နေသကဲ့သို့ ဖြစ်နေလေသည်။

လတစ်စင်းတည်း … လူသူဝေးရာတွင် အထီးကျန် တည်ရှိနေရသည်။

လူတစ်ယောက်သည် အမူးပြေနေသည့် အချိန်တွင် ပန်းပွင့် များနှင့်အတူ ထိုင်လေ့ ရှိသော်လည်း အရက်မူးသည့် အချိန်တွင်တော့ လရောင်အောက်တွင် ထိုင်နေလေ့ ရှိလေသည်။

အစိမ်းရောင်ဝတ် လူမှာ အရက်မူးနေသည့် လိပ်ပြာလေး ကဲ့သို့ ယိုင်တိယိုင်တိုင် ဖြစ်နေလေ သည်။ သူက လှိုင်းများအတိုင်း နိမ့်လိုက်မြင့်လိုက် စီးမျောလျက် ရှိလေသည်။

အစိမ်းရောင်ဝတ် လူက သဲကန္တာရထဲမှ နေ့ရက်များ ကဲ့သို့ပင် သူ၏ လှုပ်ရှားမှုများကို ထိန်းညှိ ထားသည်။ ထိုသိုင်းကွက်မှာ သူ့အတွေ့အကြုံကို အခြေခံပြီး တီထွင်ထားသည့် အခြေခံ လူသတ်တိုက်ကွက် ဖြစ်လေသည်။ ပြိုင်ဘက်က မည်မျှ အင်အား ကြီးမားပါစေ၊ ဤတိုက်ကွက်ဖြင့် အနိုင် ယူနိုင်လေသည်။ သေမည့်ဘေးမှ လွတ်လမ်းမရှိ။

ထိုသိုင်းကွက်ကို “မုန်တိုင်းထဲမှ လိပ်ပြာ” ဟု သူက အမည်ပေးထားလေသည်။

သိုင်းပညာ အဆင့်မြင့်သူများ၏ တိုက်ပွဲမှာ နေ့ပေါင်းများစွာ ညပေါင်းများစွာ တိုက်ခိုက်သည့် တိုင် မပြီးဆုံးနိုင်ပါ။ တိကျ ပြတ်သားသော သိုင်းကွက်များဖြင့် ပုံမှန်အတိုင်း တိုက်ခိုက်ကြလေသည်။

သို့သော် ယခု တိုက်ခိုက်နေသည့် လူနှစ်ဦးနှင့်တော့ မတူပါ။ လင်ချုန်းရှောင်မှာ အထွတ်အထိပ် ဆုံမှတ် ပွင့်သွားပြီး “ကျားဖြူကို ယဉ်ပါးအောင် လုပ်သည့် ကျင့်စဉ်” ကို အောင်မြင်ထားသူ ဖြစ်လေ သည်။ ထို့ကြောင့် သူ၏ အတွင်းအားနှင့် သိုင်းစွမ်းမှာ နားလည် နိုင်သည်ထက် ပိုပြီး သာလွန် မြင့်မား နေပြီ ဖြစ်လေသည်။ သူ၏ ထူးဆန်းသည့် စွမ်းအားများကို စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲ လွန်းလှ သည်။

အစိမ်းရောင်ဝတ် လူမှာလည်း အထွတ်အထိပ် ရှစ်နေရာမှ ဆုံမှတ်နှစ်ခု ဖြစ်သည့် အတွေးအမြင် ပိုင်းနှင့် အုပ်ချုပ်မှုပိုင်း ပွင့်နေသူ ဖြစ်လေသည်။ သူ့ကိုယ်ထဲတွင် အဆုံးမရှိသည့် အတွင်းအား ပတ်လမ်း စီးဆင်းနေပြီး အလွန် ကြီးမားသည့် ခံနိုင်ရည် စွမ်းအားများ ရှိနေလေသည်။ ထိုစွမ်းအားများနှင့် သူ၏ သိုင်းကွက်များ ပေါင်းစပ် ထားသောကြောင့် ယခုလောက် အကြာကြီး ခုခံတိုက်ခိုက် နေနိုင်ခြင်းပင် ဖြစ်လေသည်။

သို့သော် အစိမ်းရောင်ဝတ် လူမှာ သူတိုးဝင်မိသည့် အနေအထားကို သူ့ကိုယ်သူ ရိပ်မိလေသည်။ သူ၏ ဝိညာဉ် ပင်ပန်း နွမ်းနယ်နေသည့် အချိန်တွင် သူ့အနေဖြင့် နတ်သက်ခြွေ ဓားသိုင်းကို အသုံးပြု၍ ရနိုင်မည် မဟုတ်ပေ။

သူက မျက်ကန်း တစ္ဆေမကြောက် လုပ်တတ်သူ မဟုတ်။ သူ၏စွမ်းအားနှင့် လင်ချုန်းရှောင်၏ စွမ်းအား မတူညီမှုကို ကောင်းကောင်း သဘောပေါက်ထား လေသည်။

သူ၏ အတွင်းအားမှာ အထွတ်အထိပ် ရှစ်နေရာမှ ဆုံမှတ်နှစ်ခု ဖြစ်သည့် အတွေးအမြင်ပိုင်းနှင့် အုပ်ချုပ်မှုပိုင်းတွင် အဆုံးမရှိ စီးဆင်းနေသည့် အချိန်တွင် သံမဏိ ချိတ်ကြီးများမှာ သူ၏ လည်ပင်းညှပ်ရိုးတွင် ချိတ်မိနေပြီး တုန်ခါနေလေသည်။ သူ၏စိတ်နှင့် ဝိညာဉ်စွမ်းအားမှာ ခန့်မှန်း၍ မရနိုင်သည့် အံ့အားသင့်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိ နေလေသည်။

သူ့ခန္ဓာကိုယ်မှာလည်း လိပ်ပြာတစ်ကောင်အလား ဖြစ်နေပြီး ပေါ့ပါး ဖျတ်လတ် နေလေသည်။

သူက စည်းချက်ညီညီ ဖျတ်လတ်စွာ စည်းမြောရင်း လင်ချုန်းရှောင်၏ အတွင်းအားဖြင့် ရိုက်ခတ် မိသွားသည့် အချိန် …

သံမဏိချိတ်ကြီး နှစ်ခုမှာလည်း လင်ချုန်းရှောင်ဆီသို့ ရောက်ရှိ သွားလေသည်။ သူ့ပါးစပ်ထဲမှ အဖြူရောင် အငွေ့များ ထွက်လာပြီး သံမဏိချိတ်ကြီး နှစ်ခုမှာ အောက်သို့ ပြုတ်ကျ သွားလေသည်။ သံချင်း ရိုက်ခတ်သံများ ထွက်ပေါ်လာပြီး သံမဏိ ချိတ်များမှာ ကွဲကြေ သွားလေတော့သည်။

ဆန်းလျန်မှာ အံ့သြတုန်လှုပ် သွားရလေသည်။ လူသား တစ်ယောက်၏ စွမ်းအားဖြင့် ဤသို့သော အဆင့်ထိ လုပ်ဆောင် နိုင်လိမ့်မည်ဟု သူမျှော်လင့် မထားမိပေ။

ဤလူသား နှစ်ဦးမှာ မိုးကောင်းကင် ကျင့်စဉ်များနှင့် သက်ဆိုင်သည့် သူများမဟုတ်။

ဆန်းလျန်က သူလုပ်နိုင်သည့် အရာများကို တွေးကြည့်လိုက်သည်။ သူက လရောင်အောက်တွင် တောက်ပနေသည့် ဝိညာဉ်ခန္ဓာကို ဖန်ဆင်းနိုင်လေသည်။ အကယ်၍များ ရုပ်ဝတ္ထုများကို သူဖန်ဆင်း နိုင်ပြီ ဆိုပါက မိုးကောင်းကင် ကျင့်စဉ်လမ်းသို့ လိုက်နိုင်မည် ဖြစ်လေသည်။

ကျန်းဟူမှ လူစွမ်းကောင်းများ မည်မျှပင် အစွမ်းထက်ပါစေ ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှုကို ရယူ ထားခြင်း မရှိသည့် ဝိညာဉ် စွမ်းအားကိုတော့ ဖျက်ဆီးနိုင်ခြင်း ရှိမည် မဟုတ်ပေ။

ဆန်းလျန်က “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်ကို လေ့ကျင့်နေသူ ဖြစ်လေသည်။ အမှန်တော့ တကယ့် ဆန်းလျန်အစစ်က အချိန်နှစ်နှစ်ခန့် လေ့ကျင့်ခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူ၏ ဝိညာဉ် စွမ်းအားမှာ လင်ချုန်းရှောင်နှင့် အစိမ်းရောင်ဝတ် လူထက် များစွာ အဆင့်မြင့်လေသည်။ “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်တွင် မူလ အရင်းခံအကြောင်း ရှိကောင်း ရှိနိုင်မည် ဖြစ်လေ သည်။

လင်ချုန်းရှောင်သာ ဝိညာဉ်လွှင့်နိုင်သည့် အစွမ်းရှိလျှင် သူ၏ အသက်အရွယ်နှင့် အတွေ့အကြုံ အရ သဘာဝလွန် စွမ်းအားများ ရရှိ လာနိုင်မည် ဖြစ်ကြောင်း ဆန်းလျန် ရိပ်မိလေသည်။ ထိုသို့သော အစွမ်းများသာ ရရှိသွားလျှင် အစိမ်းရောင်ဝတ် လူနှင့် သူသေကိုယ်သေ တိုက်ခိုက် နေစရာ မလိုတော့ ပေ။

ဆန်းလျန်က သူ၏ အတွေးများကို ဆင်ခြင်လိုက်ပြီးနောက် ထိုသူနှစ်ယောက်၏ တိုက်ပွဲကို အံ့သြနေခြင်း မရှိတော့ပေ။

သို့သော် တိုက်ပွဲ အခြေအနေမှာ ဆန်းလျန်၏ အတွေးများကြောင့်တော့ ပြောင်းလဲသွားခြင်း မရှိ သေးပေ။

လင်ချုန်းရှောင်၏ လက်ဝါးသိုင်းမှာ ရှုပ်ထွေးခြင်း သိပ်မရှိလှ။ ကျန်းဟူတွင် အသုံးပြု နေကြ သည့် သိုင်းကွက်သာ ဖြစ်လေသည်။ “ချန်ကျန်း၏ လှိုင်းသုံးဆင့်” သိုင်းကွက် ဖြစ်လေသည်။

သူ၏ သိုင်းစွမ်းရည် မြင့်မားလွန်းမှု ကြောင့်သာ ပြိုင်ဘက်အတွက် အခက်တွေ့ရခြင်း ဖြစ်လေ သည်။ သာမာန်သိုင်းကွက် တစ်ခုဖြစ်သော ချန်ကျန်း၏ လှိုင်းသုံးဆင့် သိုင်းကွက်မှာ လင်ချုန်းရှောင် အသုံးပြုလိုက်သည့် အခါတွင်တော့ မှော်ပညာ တစ်ခုအလား ဖြစ်သွားရလေသည်။ ပထမလှိုင်း မပြီး သေးခင်မှာပင် ဒုတိယလှိုင်းက ထပ်မံ ဖြစ်ပေါ်လာသည်။ လှိုင်းတစ်ခုက နောက်ထပ် လှိုင်းတစ်ခုထက် အားပိုကြီးလာပြီး အဆုံးမရှိသော သိုင်းကွက် ဖြစ်လေသည်။

လင်ချုန်းရှောင်နှင့် အစိမ်းရောင်ဝတ် လူ၏ ကြားထဲတွင် ခြေလှမ်း ငါးလှမ်းခန့်သာ ကွာဝေးလေ သည်။ သို့သော် အစိမ်းရောင်ဝတ် လူက ခြေလှမ်း ဆယ်လှမ်းကျော်ခန့် ခုန်ဝင် လိုက်ပြီးမှ လင်ချုန်းရှောင် ရှေ့သို့ ရောက်လာလေသည်။

“အနောက်ဘက် မိုးကောင်းကင်က ဘယ်လောက်ဝေးဝေး… မိုးခြိမ်းသံ ကြားရရင် အချိန်ကျပြီ”

သူတို့ နှစ်ဦးကြား အကွာအဝေး အနည်းငယ်မျှ လောက်လေးက ဘာဖြစ်လာမည်လဲ။

အစိမ်းရောင်ဝတ်လူ နီးလာသည်နှင့်အမျှ အတွင်းအားလှိုင်းများ ပိုများ လာလေသည်။

သူက ခြေလှမ်း တစ်လှမ်းခန့်မျှ အကွာအဝေးသို့ ရောက်လာသည့် အချိန်တွင်တော့ သူ့ပခုံးများ ကို တစ်ချက် လှုပ်ရှားလိုက်သည်။ လိပ်ပြာများ အဝေးသို့ ပျံသန်းမသွားခင် တောင်ပံ ခတ်သလို ဖြစ်လေ သည်။ ထိုသိုင်းကွက်မှာ လေပြင်း မုန်တိုင်းကို ရင်ဆိုင် တိုက်ခိုက်သည့် သိုင်းကွက်ဖြစ်ပြီး ထိုသိုင်းကွက် အသုံးပြုရန် အတွက် သူ၏ ဝိညာဉ်စွမ်းအား အားလုံးကို အသုံးပြုလိုက် ရလေသည်။

အစိမ်းရောင်ဝတ် လူက သူ၏ ညာလက်ကို ဆန့်ထုတ် လိုက်သည့်အခါ လက်ချောင်းများက ဓား သွားသဖွယ် ထက်မြက် နေလေသည်။

သူ၏ အဆင့်မြင့်လွန်းသည့် သိုင်းစွမ်းရည်ကြောင့် သူ၏ လက်ချောင်းများမှာ တကယ့် သံမဏိဓား အစစ်ကိုပင် ယှဉ်ပြိုင်တိုက်ခိုက် နိုင်လောက်အောင် မာကျောလေသည်။

သူ၏ဓားက သဲလွန်စ မကျန်ခဲ့။ တောင်ဆိတ် တစ်ကောင်၏ ဦးချိုကို ရှောင်တိမ်းရန် ခက်သကဲ့ သို့ သူ၏ ဓားကိုလည်း ရှောင်တိမ်းရန် ခက်လေသည်။

လင်ချုန်းရှောင်က လက်ဝါးသိုင်းဖြင့် မတိုက်ခိုက်မီ အစိမ်းရောင်ဝတ် လူက လင်ချုန်းရှောင်၏ လက်ဖဝါး အလယ်တွင် ရှိသော လောင်ကုန်း ဆုံချက်ကို ထောက်ထားရန် လုပ်လိုက်သည်။

အစိမ်းရောင်ဝတ် လူ၏ ဓားစွမ်းအားများမှာ လင်ချုန်းရှောင်၏ လက်မောင်းတစ်လျှောက် စီးဆင်းသွားပြီး ထိုစွမ်းအားက သူ၏ လက်မောင်း တစ်လျှောက်ရှိ သွေးကြော ဆုံချက်များကို ဖျက်ဆီး ပစ်နိုင်သောကြောင့် လက်တစ်ခုလုံး ပျက်စီးသွားရမည် ဖြစ်လေသည်။

သို့သော် လင်ချုန်းရှောင်ကလည်း သူ၏ လက်ဝါးရိုက်ချက် မတိုက်ခိုက်မီ လမ်းတစ်ဝက်တွင် သူ့လက်ကို လျှော့ချလိုက်ပြီး အစိမ်းရောင်ဝတ် လူ၏ လက်ကောက်ဝတ်ကို မြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်လိုက်သည်။

အစိမ်းရောင်ဝတ် လူမှာ “မုန်တိုင်းထဲမှ လိပ်ပြာ” သိုင်းကွက်ကို အသုံးပြုပြီး လင်ချုန်းရှောင် အနားသို့ တိုးကပ် သွားကတည်းက သူသေကိုယ်သေ ထိပ်တိုက် ရင်ဆိုင်လိုက်ခြင်း ဖြစ်လေသည်။ ထိုသိုင်းကွက်က မည်သူ့ကိုမျှ မရှုံးနိမ့်ဖူးသေးပေ။

အစိမ်းရောင်ဝတ် လူ၏ မျက်ဝန်းများမှ အစိမ်းရောင် အလင်းများ ထွက်ပေါ် လာလေသည်။ သူ၏ အကြည့်မှာ အစိမ်းရောင် မီးအိမ် ထွန်းညှိထားသကဲ့သို့ တောက်ပ နေလေသည်။

အစိမ်းရောင် အလင်းများ လင်ချုန်းရှောင် အပေါ်သို့ ဖြာကျသွားသည့် အချိန်တွင် တော့ သူ့မျက်ဝန်းများ ဆီမှ သွေးများ စီးကျလာလေသည်။

ရုတ်တရက်ပင် လင်ချုန်းရှောင်၏ လှပသော မျက်ခုံးများပေါ်တွင် ရေများ အေးခဲသွားလေသည်။

အစိမ်းရောင်ဝတ် လူက လင်ချုန်းရှောင်ကို ခဏတာမျှ အေးခဲအောင် လုပ်လိုက်ခြင်း ဖြစ် ကြောင်း ဆန်းလျန် ရိပ်မိလိုက်သည်။ ထိုသို့ လုပ်လိုက်သောကြောင့် အစိမ်းရောင်ဝတ် လူ၏ ဝိညာဉ်မှာ များစွာ ထိခိုက်ပြီး ပျက်စီးသွားရလေသည်။

တိုက်ပွဲ အဆုံးသတ်ရမည့် အချိန်သို့ ရောက်လာပြီ ဖြစ်လေသည်။ အစိမ်းရောင်ဝတ် လူမှာ ရှုံးပွဲ မရှိ အနိုင်ရခဲ့သူ ဖြစ်လေသည်။

သို့သော် သူက ရှုံးနိမ့်ရန် အတွက်လည်း ပြင်ဆင် ထားခဲ့လေသည်။ သူ၏ ညာလက်ကို လင်ချုန်းရှောင် ချုပ်ကိုင် ထားသောကြောင့် ဘယ်လက်ဖြင့် သူက တိုက်ခိုက်လိုက်သည်။ ထိုလက်ဝါး ရိုက်ချက်ကို “မီးလျှံထဲမှ သစ်အယ်ပင်” ဟု အမည်ပေးထားလေသည်။

ပစ်မှတ်က မီးထဲတွင် ဖြစ်နေလျှင်တောင်မှ ထိုပစ်မှတ်ကို လျှပ်ပြက်သလို အလျင်ဖြင့် တိုက်ခိုက် နိုင်သည့် သိုင်းကွက် ဖြစ်လေသည်။

ထိုလက်ဝါး သိုင်းကွက်ကို အောင်မြင်ပါက ကျင့်ကြံသူ၏ လက်တစ်ခုလုံးမှာ မီးလျှံကဲ့သို့ ဖြစ်နေ မည်ဖြစ်ပြီး တုန့်ဆိုင်းခြင်း မရှိဘဲ တိုက်ခိုက်ရမည် ဖြစ်လေသည်။


Comment

Leave a Reply


Options

not work with dark mode
Reset