အခန်း (၈၄) မတားဆီးနိုင်သော
မော့ကျန်းသုန့်က ကျန်းလန်ကို ကြည့်လိုက်သည်။
ကျန်းလန်က သူ့စကားကို ငြိမ်ပြီးနားထောင်နေကြောင်း တွေ့လိုက်ရတော့မှ စကားဆက်ပြောလိုက်၏။
“ခွန်လွန်တောင်က တပည့်တွေကို စိန်ခေါ်တဲ့သူကတော့ နတ်လူသားမျိုးနွယ်စုက လူငယ်ကျင့်ကြံသူတစ်ယောက်ပဲ… ၊ နာမည်က မြောက်ရှိုးလို့ခေါ်တယ်… ၊ သူ့ရဲ့ ကျင့်ကြံခြင်းသက်တမ်းက နှစ်ပေါင်း (၃၀၀)လောက်ရှိပြီး ကျင့်ကြံခြင်းအဆင့်က မူလဝိညာဉ်အဆင့် အောင်မြင်တဲ့အဆင့် ရောက်နေပြီ… ၊ ဒီ မြောက်ရှိုးဆိုတဲ့လူငယ်က သိပ်တော်တဲ့ ပါရမီရှင်တစ်ယောက်ပဲ… ၊ ဒါပေမဲ့ နတ်လူသားမျိုးနွယ်စုမှာ ပါရမီရှင်တွေက အရမ်းများပါတယ်လေ… ၊ အခု မြောက်ရှိုးက ခွန်လွန်တောင် အဓိကတောင်ထွတ်ကြီး (၉)ခုက နှစ်ပေါင်း (၃၀၀)အောက် ကျင့်ကြံသူတွေထဲက အတော်ဆုံးတပည့် တစ်ယောက်စီကို စိန်ခေါ်ထားတယ်…”
ဆရာဖြစ်သူ၏ စကားကို နားထောင်ပြီး ကျန်းလန် သက်ပြင်းချလိုက်မိသည်။
သူ ခွန်လွန်တောင်သို့ ရောက်ရှိခဲ့သည်မှာ အချိန်နောက်ကျခဲ့သည်ပဲ…။
သူသာ ခွန်လွန်တောင်သို့ လွန်ခဲ့သည့် နှစ်ပေါင်း (၃၀၀)အထက်က ရောက်ရှိခဲ့မည်ဆိုလျှင် ဤပြဿနာကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
“ကျင့်ကြံခြင်းအဆင့် အရမ်းကွာဟရင်လည်း ယှဉ်ပြိုင်ရမှာပဲလား…”
ကျန်းလန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
မြောက်ရှိုးက ကျင့်ကြံခြင်းအဆင့် မူလဝိညာဉ်အဆင့်အောင်မြင်ထားပြီဖြစ်ရာ ရွှေပြဒါးအမြုတေအဆင့် နောက်ဆုံးအဆင့်ဖြစ်သည် ကျန်းလန်နှင့်ဆိုလျှင် မိုးနှင့်မြေလို ကွာခြားနေသည် မဟုတ်ပါလား။
မော့ကျန်းသုန့်က…
“ကျင့်ကြံခြင်းအဆင့် ကွာဟရင် အားသာတဲ့သူဘက်က အဆင့်လျှော့ချပြီး ယှဉ်ပြိုင်ရလိမ့်မယ် ၊ ဒါက ကျင့်ကြံခြင်းအဆင့် နည်းပါးတဲ့သူကို အခွင့်အရေးပေးတဲ့သဘောပေါ့… ၊ ခဏနေရင် ယှဉ်ပြိုင်ပွဲစည်းကမ်း အသေးစိတ်ကို ဖတ်ကြည့်လေ… ၊ ဆရာပေးမယ်… ပြိုင်ပွဲစည်းကမ်းတွေက တရားမျှတမှု ရှိပါတယ်…”
ထို့နောက် မော့ကျန်းသုန့်က ကျန်းလန်ကို ကြည့်လိုက်ပြီး…
“ဘယ်လိုလဲ… မင်း ယှဉ်ပြိုင်ကြည့်ချင်သလား…”
“ယှဉ်ပြိုင်မှာပေါ့…”
ကျန်းလန် ချက်ချင်း ပြန်ဖြေလိုက်သည်။
အမှန်တော့ ကျန်းလန် တိုက်ခိုက်လိုခြင်း မရှိပေ။ သူက ကျင့်ကြံခြင်းသာ ပြုလုပ်လိုခြင်းဖြစ်သည်။
သို့သော်… ဤသို့သောယှဉ်ပြိုင်ပွဲမျိုးကိုမှ မယှဉ်ပြိုင်လျှင် ကျန်းလန် သူရဲဘောကြောင်ရာရောက်ပေလိမ့်မည်။ ထို့ပြင်… နဝမတောင်ထါတ်နှင့် ဆရာဖြစ်သူ မော့ကျန်းသုန့်လည်း သိက္ခာကျသွားနိုင်လေသည်။
သူ့အနေဖြင့် နဝမတောင်ထွတ်ကို အခြားသူတစ်ယောက်က လာရောက်စိန်ခေါ်ခြင်းကို ဤအတိုင်း လက်ပိုက်ကြည့်မနေနိုင်ပေ။
သူက နဝမတောင်ထွတ်မှ တစ်ဦးတည်းသောဆက်ခံသူတပည့် ဖြစ်လေရာ တပည့်တစ်ယောက်၏ တာဝန်ကိုတော့ ကျေပွန်ရမည်ဖြစ်၏။
မော့ကျန်းသုန့်က…
“မင်း အနိုင်မရနိုင်ဘူးဆိုရင်လည်း မင်းကိုယ်မင်း အတင်း ဖိအားမပေးနဲ့နော်…”
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
“စိတ်ချပါ… ဆရာ…”
ထို့နောက်… မော့ကျန်းသုန့်က ယှဉ်ပြိုင်ပွဲစည်းကမ်းအသေးစိတ်အချက်အလက်များကို ကျန်းလန်ကို ပေးလိုက်သည်။
ကျန်းလန်က စည်းကမ်းချက်များကို တစ်ခဏမျှ ဖတ်ရှုကြည့်လိုက်သည်။
ခွန်လွန်တောင်က (၁)ရက်လျှင် တောင်ထွတ်တစ်ခုမှ တပည့်တစ်ယောက်နှင့် ယှဉ်ပြိုင်ရန် ရည်ရွယ်ခဲ့သော်လည်း နတ်လူသားမျိုးနွယ်များက လက်မခံခဲ့ပေ။
သူတို့က (၁)ရက်လျှက် တောင်ထွတ် (၃)ခုမှ တပည့်များနှင့် ယှဉ်ပြိုင်ပွဲပြုလုပ်ရန် တောင်းဆိုခဲ့သည်။
တစ်ဖက်လူက ယှဉ်ပြိုင်ပွဲကို (၃)ရက်နှင့်အပြီး ပြုလုပ်ချင်ဟန် ရှိသည်။
သူတို့ ရှုံးနိမ့်သွားလျှင်လည်း စောစောစီးစီး ပြန်သွားကြမည် ဖြစ်သည်။
ပြိုင်ပွဲစည်းကမ်းအသေးစိတ်နှင့် အခြေအနေများအားလုံးကို နားလည်သွားပြီးနောက် ကျန်းလန် မရဏဂူသို့ ပြန်လာခဲ့သည်။
ထို့နောက်… ဝိညာဉ်သားရဲဥလေးကို ဝိညာဉ်ဆေးရည်အချို့ လောင်းချပေးလိုက်သည်။
“နတ်လူသားမျိုးနွယ်တွေက အစကတည်းက ကြိုတင်ပြင်ဆင်လာတာပဲ… ၊ သူတို့ရဲ့ အဓိက ဦးတည်ချက်က ကျောက်စိမ်းရေကန်နတ်ဘုရားမပဲ… ၊ တော်သေးတယ်… ဓားသိုင်းလေးဘာလေး နည်းနည်းပါးပါး လေ့ကျင့်ထားမိလို့… ၊ ငါတော့ သူတို့ကို တိုက်ခိုက်နိုင်မယ်ထင်ရတာပဲ…”
ကျန်းလန်က ပြိုင်ဘက်ကို အနိုင်ယူရန် ဆန္ဒမရှိပေ။
သူ့အနေဖြင့် ပြိုင်ဘက်ကိုလည်း နိုင်ချေမရှိဘူး မဟုတ်ပါလား…။
အများအမြင်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်က ရွှေပြဒါးအမြုတေအဆင့် နောက်ဆုံးအဆင့်ဖြစ်လေသည်။ မူလဝိညာဉ်အဆင့်အောင်မြင်ထားသူတစ်ယောက်အား သူ့အနေဖြင့် မည်သို့ အနိုင်ယူနိုင်ပါမည်နည်း။
ပြိုင်ဘက်က ကျင့်ကြံခြင်းအဆင့်ကို လျှော့ချပြီး တိုက်ခိုက်မည်ဆိုသည့်တိုင် အသာစီးရနေပေလိမ့်မည်။
သို့သော်… သူသည်လည်း ကျင့်ကြံခြင်းအဆင့်ကို လျှော့ချပြီး ကွယ်ဝှက်ထားသူတစ်ယောက်ပင် ဖြစ်သည်။
ထို့ပြင်… သူ့တွင် အားသာချက်အချို့ရှိနေသည့်တိုင် ထုတ်ဖော်ပြသနိုင်ခွင့် မရှိပေ။
သားရဲဥလေးကို ဝိညာဉ်ဆေးရည်များလောင်းချပြီးနောက် ကျန်းလန် တင်ပျဉ်ခွေထိုင်ပြီး စတင်ကျင့်ကြံလိုက်သည်။
သူက ခွန်လွန်တောင်စာကြည့်တိုက်ထဲတွင် ဖတ်ရှုထားသည့် မန္တန်များ ၊ ကျင့်စဉ်များနှင့် ဓားသိုင်းကို အဓိကထားကျင့်ကြံလိုက်သည်။
လာမည့်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်လေ၏။
“မနက်ဖန်ဆိုရင် ယှဉ်ပြိုင်ပွဲက စတင်တော့မယ်… ၊ ပြိုင်ဘက်ကို ဘယ်သူမှ အနိုင်မယူနိုင်ဘူးဆိုရင် ဖိန်းနွဲခါဆို ငါနဲ့ ယှဉ်ပြိုင်ရမယ့်အလှည့် ရောက်လာပြီ… ၊ အချိန် (၂)ရက်လောက်တော့ ပြင်ဆင်ချိန် ရှိပါသေးတယ်…”
ထို့နောက်… ဓားသိုင်းနှင့် အခြားသိုင်းပညာများကို ကျန်းလန် စတင်လေ့ကျင့်လိုက်သည်။
ပြိုင်ပွဲနေ့တွင် အစစအရာရာ သေချာနေစေရန် လိုအပ်သည် မဟုတ်ပါလား။
……………
နောက်တစ်နေ့တွင်တော့…
ပထမတောင်ထွတ်တွင် လူပေါင်းများစွာ စုဝေးနေကြလေသည်။
ခွန်လွန်တောင်မှ တပည့်များအားလုံး စိန်ခေါ်ပွဲအကြောင်းကို သိရှိကြပြီး ဖြစ်သည်။
ယနေ့… နတ်လူသားမျိုးနွယ်များက ခွန်လွန်တောင်၏ ပထမတောင်ထွတ်ကို စတင်စိန်ခေါ်မည့်နေ့ဖြစ်သည်။
နတ်လူသားမျိုးနွယ်စုဘက်မှ မြောက်ရှိုးနှင့် ပထမတောင်ထွတ်မှ ကျင်းထင်တို့ တိုက်ခိုက်ရမည် ဖြစ်၏။
တကယ်တမ်းတွင်… ပထမတောင်ထွတ်မှ ကုချီနှင့် တိုက်ခိုက်ရမည်ဖြစ်သော်လည်း ကုချီက မှော်ဝင်တိမ်တိုက်တောင်သို့ ထွက်ခွာသွားပြီဖြစ်လေရာ ကျင်းထင်က တိုက်ခိုက်ရတော့မည် ဖြစ်သည်။
ကျင်းထင်သည်လည်း မှော်ဝင်တိမ်တိုက်တောင်သို့ လိုက်ပါသွားရန် စီစဉ်ထားသူ ဖြစ်သည်။ သို့သော်… သူက မူလိဝိညာဉ်အဆင့် ၊ ကနဦးအဆင့်မျှသာရှိသဖြင့် ရွေးခြယ်မခံရဘဲ ကျန်ရစ်ခဲ့ရလေသည်။
သို့သော်… ယခုကဲ့သို့ စိန်ခေါ်ပွဲနှင့် ရင်ဆိုင်ရမည်ဟု မျှော်လင့်မထားခဲ့မိပေ။
ပထမတောင်ထွတ်၏ ရင်ပြင်ထက်တွင် ကျန်းလန် မတ်တတ်ရပ်လျှက် ရှိလေသည်။
သူ၏မျက်ဝန်းများက ထက်ရှိနေပြီး သူ့ပုံစံက အားအင်အပြည့်နှင့် ဖြစ်၏။ သူက ရောက်ရှိလာမည့် ပြိုင်ဘက်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ရင်ပြင်ပတ်ပတ်လည်တွင် ယှဉ်ပြိုင်ပွဲကို လာရောက်ကြည့်ရှုကြသည့် တပည့်များလည်း အများအပြား ရောက်ရှိနေကြသည်။
သူတို့ ယှဉ်ပြိုင်ပွဲကို အလွန်စိတ်ဝင်စားနေကြလေသည်။
မကြာမီ… အဖြူရောင်ဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်ယောက် ကောင်းကင်ထက်မှ ပျံသန်းဆင်းသက်လာသည်ကို တွေ့ရှိလိုက်ကြရသည်။
ထိုသူက တောက်ပသည့်မျက်ဝန်းများကိုပိုင်ဆိုင်ထားပြီး ချောမောခန့်ညားသည့် လူငယ်တစ်ယောက် ဖြစ်သည်။
သူက ကျင်းထင်ကိုကြည့်လိုက်ပြီး…
“မင်းက မူလဝိညာဉ်အဆင့် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ… ၊ ကောင်းပြီ… တရားမျှတမှုရှိအောင် ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မူလဝိညာဉ်အဆင့် ၊ ကနဦးအဆင့်ဖြစ်အောင် လျှော့ချလိုက်မယ်…”
စကားသံအဆုံးသတ်သွားသည်နှင့် မြောက်ရှိုး၏ ကျင့်ကြံခြင်းအဆင့်က မူလဝိညာဉ်အဆင့် ၊ ကနဦးအဆင့်အဖြစ် ချက်ချင်း လျော့ကျပြောင်းလဲသွားသည်။
တစ်ဖက်လူက မူလဝိညာဉ်အဆင့် ၊ ကနဦးအဆင့်သို့ ကျင့်ကြံခြင်းအဆင့် လျှော့ချလိုက်သော်လည်း တကယ်တမ်းတွင် မူလဝိညာဉ်အဆင့် အောင်မြင်ထားသူတစ်ယောက်ဖြစ်ကြောင်း ကျင်းထင် သိရှိလိုက်သည်။
မြောက်ရှိုးကို သူ့အနေဖြင့် အနိုင်ယူရန် ခက်ခဲပေလိမ့်မည်။
ကျင်းထင်က မြောက်ရှိုးကို ဦးညွှတ်အရိုအသေပေးလိုက်ရင်း…
“ကဲ… ဒါဖြင့် တာအိုရောင်းရင်းက ကျုပ်ကို သင်ပြပေးပါ…”
မြောက်ရှိုးက…
“ကျုပ်တို့ သိုင်းကွက် (၁၀၀) ယှဉ်ပြိုင်မယ်… ၊ ကျုပ်ရဲ့ သိုင်းကွက် (၁၀၀)ကို မင်း ခံနိုင်ရည်ရှိမယ်ဆိုရင် ကျုပ် အရှုံးပေးမယ်…”
ဤစကားက စော်ကားလိုက်ခြင်းလေလား…။
သို့သော်… ကျင်းထင် မည်သည့်စကားမှ မပြောတော့ဘဲ အပြင်းထန်ဆုံးစွမ်းအားကို အသုံးပြုကာစတင်တိုက်ခိုက်လိုက်သည်။
သူ့ပတ်ဝန်းကျင်တွင် မျောက်ဝံကြီးတစ်ကောင်၏ ပုံရိပ်ထွက်ပေါ်လာပြီး လေပြင်းများ တဟူးဟူးတိုက်ခတ်လာသည်။
“ဘုန်း…”
ချက်ချင်းပင် ကျင်းထင်က မြောက်ရှိုးကို လက်သီးဖြင့် ထိုးချလိုက်သည်။
သို့သော်… ကျန်းလန် အတော်လေး အံ့အားသင့်သွားသည်။
အဘယ်ကြောင့်ဆိုသော်… မြောက်ရှိုးက သူ၏ လက်သီးချက်ကို လက်တစ်ဖက်ဖြင့်ဖမ်းဆုပ်ကာ တားဆီးထားလိုက်သောကြောင့် ဖြစ်သည်။
ဟုတ်ပေ၏။
မြောက်ရှိုးက သူ၏ တိုက်ခိုက်မှုကို လက်တစ်ဖက်တည်းဖြင့် ပိတ်ဆို့ထားလိုက်သည်။
“မင်းက သိုင်းပညာသိပ်တော်တယ် ၊ ပြီးတော့ ရုပ်ခန္ဓာကျင့်ကြံမှု အားကောင်းတယ်လို့ ကြားတယ်… ၊ အဲဒီပညာတွေကို ကျုပ်လည်း လေ့ကျင့်ထားသဗျ…”
မြောက်ရှိုးက ကျင်းထင်ကို အပြုံးဖြင့် ကြည့်ရင်း ပြောလိုက်သည်။
ကျင်းထင် တုန်လှုပ်သွားပြီး နောက်သို့ ခုန်ဆုတ်လိုက်သည်။ သို့သော်… မြောက်ရှိုးက ကျင်းထင်ကို နောက်ဆုတ်ခွင့် မပြုပေ။
သူက ကျင်းထင်ကို သိုင်းကွက်များ ဆက်တိုက်ထုတ်ဖော် တိုက်ခိုက်လိုက်သည်။
“ဘုန်း…”
လက်သီးချက်တစ်ချက်ပြီးသည်နှင့် နောက်ထပ်လက်သီးချက်များ ဆက်တိုက်ထွက်ပေါ်လာသည်။
“ဘုန်း…”
“ဘုန်း…”
ရင်ပြင်ထက်တွင် ကျင်းထင်နှင့် မြောက်ရှိုးတို့၏ ပုံရိပ်များက ပေါ်လာလိုက် ၊ ပျောက်သွားလိုက်ဖြင့် သက်ဝင်လှုပ်ရှားလျှက် ရှိသည်။
သူတို့ ရင်ဆိုင်တိုက်ခိုက်နေချိန် ပထမတောင်ထွတ်၏ ရင်ပြင်တစ်ခုလုံး ပြင်းထန်သည့် မုန်တိုင်းကြီးတိုက်ခတ်နေသည့်အလား ခံစားရသည်။
“ခရက်…”
“ဘန်း…”
ရင်ပြင်တစ်ခုလုံး အက်ကွဲရာများဖြင့် ပြည့်နက်သွားသည်။
“ဝုန်း…”
ထို့နောက်… ကောင်းကင်ထက်မှ မြေပြင်ထက်သို့ ပြုတ်ကျလာသည့် လူရိပ်တစ်ရိပ်ကို တွေ့လိုက်ရသည်။
ကြီးမားသည့်သက်ရောက်မှုကြီးတစ်ခုကြောင့် မြေကြီးတစ်ပြင်လုံး တုန်လှုပ်သွားပြီး ရင်ပြင်ထက်တွင် ကြီးမားသည့် တွင်းကြီးတစ်တွင်း ထွက်ပေါ်လာသည်။
ထိုစဉ်မှာပင်… ကောင်းကင်ထက်မှ အဖြူရောင်ဝတ်ဆင်ထားသည့် မြောက်ရှိုးက လှလှပပပင် ဆင်းသက်လာသည်။
ကောင်းကင်ထက်မှ ပြုတ်ကျလာသူမှာ ကျင်းထင်ဖြစ်သည်။
သူက တွင်းကြီးထဲတွင် ဒူးတစ်ဖက်ထောက်လျှက်ရှိပြီး ပြန်ထလာရန် ကြိုးစားနေသည်။
ကျင်းထင်၏ လက်တစ်ဖက်နှင့် ခန္ဓာကိုယ်တွင် သွေးများစွန်းထင်းလျှက် ရှိသည်။
မြောက်ရှိုးက ကျင်းထင်ကို တစ်ချက်ကြည့်လိုက်ပြီး…
“မင်း ရှုံးပြီ…”
ဟု ပြောလိုက်၏။
ထို့နောက်… မြောက်ရှိုးက လှောင်ပြောင်သရောသလို အေးစက်စွာဖြင့် ပြုံးလိုက်ရင်း…
“စောစောကသာ ဒီလိုဖြစ်မယ်မှန်းသိရင် ရွှေပြဒါးအမြုတေအဆင့်ထိ လျှော့ချပြီး မင်းနဲ့ တိုက်ခိုက်ပါတယ်ကွာ… ၊ ခုတော့… မင်းကို အနိုင်ကျင့်သလို ဖြစ်သွားပြီ…”
“မင်း…”
ကျင်းထင် ခံပြင်းလွန်းသဖြင့် ရှေ့ဆက်စကားမပြောနိုင်ဖြစ်နေသည်။
ပြီးမှ…
“မင်းက ကျုပ်တို့ ခွန်လွန်တောင် အားနည်းနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ရောက်လာတာပဲ… ၊ မင်းက ရွံစရာကောင်းတဲ့ အခွင့်အရေးသမား… ၊ သတ္တိရှိရင် ခွန်လွန်တောင်မှာ အတော်ဆုံးတပည့်တွေရှိတဲ့အချိန် လာပြီး စိန်ခေါ်ပါလားကွ…”
ကျင်းထင်စကားကြောင့် မြောက်ရှိုးက ဟက်ခနဲ ရယ်မောလိုက်ပြီး မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး…
“မင်းက ယှဉ်ပြိုင်ပွဲမနိုင်တာနဲ့ စကားနဲ့အနိုင်ယူဖို့ ကြိုးစားနေတာပဲ… ၊ ဒါပေမဲ့ လောကမှာ ဘယ်သူမဆို အခွင့်အရေးကို အသုံးချကြမှာပဲလေ… ၊ ခက်ခဲတဲ့အချိန်ကိုတော့ ဘယ်သူက ရွေးပြီး လာမှာလဲ… ဟုတ်တယ်မလား…”
ကျင်းထင် အံတင်းတင်းကြိတ်ထားပြီး မည်သည့်စကားမှ မပြောတော့ပေ။
မြောက်ရှိုးက…
“ကဲ… နောက်တစ်ယောက်နဲ့ သွားပြိုင်လိုက်ဦးမယ်…”
ပြောဆိုပြီးသည်နှင့် မြောက်ရှိုး ကောင်းကင်ထက်သို့ ခုန်တက်ပျံသန်းသွားပြီး ဒုတိယတောင်ထွတ်ရှိရာသို့ ထွက်ခွာသွားလေတော့သည်။
မြောက်ရှိုးက (၁)ရက်တည်းဖြင့် တောင်ထွတ် (၃)ခုကိုစိန်ခေါ်ခဲ့သည်။
ကျင်းထင်မရှုမလှ ရှုံးနိမ့်သွားရသဖြင့် ယှဉ်ပြိုင်ပွဲကြည့်နေကြသည့် တပည့်များမှာလည်း စိတ်မကောင်း ဖြစ်ကုန်ကြသည်။
သူတို့အားလုံး မည်သည့်စကားမှ မပြောဘဲ ငြိမ်သက်နေမိကြလေသည်။
တစ်ဖက်လူက လွန်လွန်းလေသည်။ သို့သော်… ကျင်းထင်သည်လည်း ထိုသူကို တားဆီးနိုင်ခဲ့ခြင်း မရှိပေ။
………………
နေ့လည်ခင်းတွင်တော့…
ကျန်းလန် စိန်ခေါ်ပွဲသတင်းများကို ကြားသိရလေသည်။
နတ်လူသားမျိုးနွယ်စုမှ မြောက်ရှိုးက တစ်နေ့တည်းဖြင့် ပြိုင်ပွဲ (၃)ပွဲ ယှဉ်ပြိုင်ခဲ့သည်။ သူက ပြိုင်ပွဲတိုင်းတွင် ကျင့်ကြံခြင်းအဆင့်ကို လျှော့ချပြီး တိုက်ခိုက်ခဲ့သည်။
သို့တိုင်အောင်… ပထမတောင်ထွတ်မှ ကျင်းထင်ကို သိုင်းကွက် (၃၀)အတွင်း အလဲထိုးနိုင်ခဲ့သည်။
ဒုတိယတောင်ထွတ်မှ တပည့်ကိုလည်း လက်တစ်ဖက်တည်းအသုံးပြုတိုက်ခိုက်ပြီး အနိုင်ယူခဲ့သည်။
တတိယတောင်ထွတ်မှ တပည့် လင်စီးယာနှင့်တော့ မန္တန်ပညာ ယှဉ်ပြိုင်ခဲ့ကြပြီး ကောင်းကင်ကို တုန်လှုပ်စေသည့် မိုးကြိုးမုန်တိုင်းများ တိုက်ခတ်လာသည်အထိ ယှဉ်ပြိုင်ခဲ့ကြသည်။
သို့သော်… နောက်ဆုံးတွင်တော့ လင်စီးယာသည်လည်း မြောက်ရှိုးကို အရှုံးပေးခဲ့ရလေသည်။
တောင်ထွတ် (၃)ခုမှ တပည့် (၃)ယောက်ကို စုစုပေါင်း သိုင်းကွက် (၉၈)ကွက်ဖြင့် မြောက်ရှိုးက အနိုင်ယူတိုက်ခိုက်ခဲ့သည်ဟု ဆိုကြ၏။
မြောက်ရှိုးကို မည်သူမှ မတားဆီးနိုင်ကြသဖြင့် ခွန်လွန်တောင်မှ တပည့်များလည်း စိတ်ပျက်လက်ပျက်ဖြစ်လျှက် ရှိကြတော့သည်။
ကျင့်ကြံခြင်းသက်တမ်း နှစ် (၃၀၀)အောက် အတော်ဆုံးပါရမီရှင်တပည့်များ ခွန်လွန်တောင်တွင် မရှိကြသည်ကို လူတိုင်း သိရှိကြသည်။
သို့သော်… လက်ရှိတွင်တော့ မည်သူမှ မြောက်ရှိုးကို ရင်ဆိုင်နိုင်သူ မရှိကြပေ။
တပည့်တစ်ယောက်က…
“ဘာလို့ နှစ်ပေါင်း (၃၀၀)အောက် ကျင့်ကြံခြင်းသက်တမ်းရှိတဲ့တပည့်တွေနဲ့ တိုက်ရတာလဲ… ၊ နှစ်ပေါင်း (၅၀၀) အောက်တပည့်တွေနဲ့ဆိုရင် ဒီကောင့်ကို သေချာပေါက် အနိုင်ယူနိုင်မှာပဲ မဟုတ်လား…”
နောက်ထပ်တပည့်တစ်ယောက်က…
“ပြောတာတော့ ဂိုဏ်းချုပ်နဲ့ သဘောတူညီချက် ရှိခဲ့တယ်လို့ သတင်းကြားတယ်… ၊ ဒါပေမဲ့ ဘာသဘောတူညီချက်တွေ လုပ်ထားလဲဆိုတာ ဘယ်သူသိမှာတဲ့လဲ…”
“ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ… ၊ အခု ကျုပ်တို့ရဲ့ ဂိုဏ်းတူအစ်ကိုတွေ အစ်မတွေ မရှုမလှ ရှုံးနိမ့်ကုန်ကြပြီ…”
ထိုစကားများက… ကျန်းလန် တပည့်အုပ်စုကြီးဘေးမှ ဖြတ်လျှောက်သွားစဉ် ကြားလိုက်ရသည့် စကားသံများဖြစ်သည်။
ကြည့်ရသည်မှာ… ခွန်လွန်တောင်တွင် ယခုအချိန်ထိ မြောက်ရှိုးကို တားဆီးနိုင်မည့်သူ ရှိဟန်မတူသေးပေ။