“ အား …ဒါကြီးက…အား….”
ရှဲ့ဟေးရန်က တစ်ခုခု ပြောချင်ဟန်ဖြင့် ပါးစပ်ကိုဟလိုက်သော်လည်း တစ်ကြောင်းပြီးအောင်ပင် မပြောနိုင်ပေ။ သူ့မျက်နှာမှာ ရုတ်ချည်း နီရဲတွတ်လာပြီး မျက်လုံးများလည်း ရဲတက်လာသည်။ နဖူးပေါ်မှ သွေးကြောများ ထောင်လာပြီး အားစိုက်ကာ အသက်ကို ပြင်းပြင်းရှူနေရသည်။ မိုးကြိုးပစ်ခံလိုက်ရသည့်အလား သူ ခံစားနေရသည်။
“ သောက်ကျိုးနည်းကွာ… ”
ရှဲ့ဟေးရန်က တစ်ကိုယ်လုံး တသိမ့်သိမ့်တုန်နေလျက် အသံနက်ကြီးဖြင့် အော်ငိုလိုက်သည်။ မျက်လုံးကြီးကလည်း ပြူးထွက်လာပြီး ချွေးသီးချွေးပေါက်များက မိုးရေအလား နဖူးမှ တဒီးဒီးကျနေသည်။ ပထမဆုံး လုပ်မိသည်မှာ သေမင်းဆေးလုံးကို ထွေးထုတ်ရန် ပါးစပ်ကိုဟကာ အန်ကြည့်လိုက်သည်။
သို့ရာတွင် သေမင်းဆေးလုံးမှာ အရည်ပျော်သွားလေပြီ။ မည်မျှပင် အန်ထုတ်သော်လည်း တစ်စက်ကလေးမျှပင် ပြန်ထွက်မလာချေ။ အခြောက်တိုက် အန်ပြီးနောက် သူ့ခန္ဓာကိုယ်မှာ ပို၍ပြင်းထန်စွာ တုန်တက်လာပြီး လည်ပင်းကို အုပ်ကိုင်ကာ အက်ကွဲနေသော အသံကြီးဖြင့် အော်လိုက်သည်။
“ ရေ … ငါ ရေသောက်ချင်တယ် ”
သူ့ပါးစပ်ထဲသို့ သတ္တုရည်ပူပူများ လောင်းချထားသည့်အလား ခံစားနေရသည်။ လည်ချောင်းတစ်ခုလုံး တစ်ဆို့ဆို့ ဖြစ်နေပြီး အသိစိတ်လွတ်ထွက်သွားလေသည်။ ခန္ဓာကိုယ်တစ်ခုတည်းကသာ ဆေးလုံးကို ဆန့်ကျင်နေပြီး ထိုသို့ ဆန့်ကျင်ရာမှ ဖြစ်ပေါ်လာသော နာကျင်မှုကြောင့် သတိလက်လွတ် အော်ဟစ်မိနေခြင်း ဖြစ်သည်။
အော်သံမှာ တောရိုင်းသားရဲတစ်ကောင် အော်လိုက်သည်ဟုပင် ထင်ရလေသည်။ သူ့ခန္ဓာကိုယ်မှာ ထိန်းချုပ်မှုကင်းမဲ့သွားသည့်အလား ဖြစ်ကာ နာကျင်မှုကို ဖွင့်ချရန် လိုနေသည်။ ရုတ်တရက် ထခုန်လိုက်ကာ ဝမ်ပေါင်လဲ့၏ နတ်ဝိဇ္ဇာဂူအပြင်ဘက်တွင် ခုန်ဆွ ခုန်ဆွ လုပ်နေတော့သည်။ သူ့ထံမှ ဗလုံးဗထွေး အော်ဟစ်သံများလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။
“ ရေ … ငါ့ကို ရေပေးပါ … ငါ သည်းမခံနိုင်တော့ဘူး ”
ထိုအဖြစ်အပျက်အားလုံးကို ဝမ်ပေါင်လဲ့ မြင်တွေ့နေရသည်။ ရှဲ့ဟေးရန် ရူးမတတ် ဖြစ်နေသည်ကို ကြည့်ကာ ဝမ်ပေါင်လဲ့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားသော်လည်း သူ့မျက်လုံးများက သံသယရှိနေသေးသည့် အကြည့်မျိုး ဖြစ်နေသည်။
“ သရုပ်ဆောင်နေတာလား” ဝမ်ပေါင်လဲ့မှာ စဥ်းစားရခက်နေသည်။ သေမင်းဆေးလုံးက သူ့အစာအိမ်ကို ပူနွေးစေရန်သာ ခံစားရသည်။ သူ ကြားခဲ့ရသည့်အတိုင်း ကြီးကြီးမားမားဟုတ်ပုံ မပေါ်ချေ။
သို့သော် ရှဲ့ဟေးရန်၏ အင်္ကျီမှာ စက္ကန့်ပိုင်းအတွင်း ချွေးများ ရွှဲလာပြီး အော်သံမှာလည်း လျှာကို ဆွဲဖြတ်ချင်နေသည့်အလား ကြေကွဲဝမ်းနည်းဖွယ်ကောင်းနေရာ ဝမ်ပေါင်လဲ့ အံ့ဩသွားရပြန်သည်။ ပို၍သိသာသွားသည်မှာ ရှဲ့ဟေးရန်သည် ဟန်ချက်ညီအောင် မထိန်းနိုင်တော့ဘဲ ဂူအပြင်ဘက်တွင် ဒူးထောက်လဲကျသွားသောကြောင့် ဖြစ်သည်။ သူက အော်ဟစ်နေရင်း မြေကြီးကို အဆက်မပြတ် ကန်ကျောက်နေသည်။
အံ့ဩစရာအကောင်းဆုံးက ရှဲ့ဟေးရန်၏ နှုတ်ခမ်းများမှာ ယောင်ကိုင်းလာပြီး မကြာမီ ဝမ်ပေါင်လဲ့အမြင်အရ ညိုညစ်ညစ်အရောင် ဝက်အူချောင်းနှစ်ချောင်းအသွင် ပြောင်းလဲသွားလေသည်။ ရှဲ့ဟေးရန်မှာ ပုံစံပြောင်းသွားသည့်အလားပင်။
ဝက်အူချောင်းနှုတ်ခမ်းများက ဝမ်ပေါင်လဲ့ကို အကြီးအကျယ် ခြောက်လှန့်နေသည်။ သူက မအေးတော့သော ဝိညာဥ်ရေခဲရေ တစ်ဘူးကို ခက်ခက်ခဲခဲ ထုတ်ကာ ပစ်ပေးလိုက်သည်။
ဒါက တကယ် အဲဒီလောက်တောင် အစွမ်းထက်တာလား….
ဝမ်ပေါင်လဲ့မှာ ကြောက်လန့်စပြုလာသည်။ ဝိညာဥ်ရေခဲရေကို ပစ်လိုက်သည်နှင့် ရှဲ့ဟေးရန်က မျက်လုံးရဲကြီးများဖြင့် ခုန်အုပ်လိုက်သည်။ ပုလင်းအဖုံး ဖွင့်ရန်ပင် မစောင့်နိုင်တော့သည့်အလား ပုလင်းထိပ်ဝနားကို သွားဖြင့် ဆွဲဖြဲကာ မျိုချလိုက်သည်။ အနည်းငယ်မျှ သောက်ပြီးချိန်တွင် မျက်လုံးများ ပြူးကာ အကုန်လုံးကို ပြန်ထွေးထုတ်လိုက်သည်။
မြေပြင်ပေါ်သို့ လွင့်စင်လာသော ဝိညာဥ်ရေများမှ အဖြူရောင် အငွေ့တစ်ခု ထွက်လာသည်။
“ မင်းမေဘ … ဒါကြီးက တအားစပ်တာပဲ”
သူသည် ဝိညာဥ်ရေခဲရေကို သောက်လိုက်သောအခါ မသက်သာရုံမျှမက ပူစပ်စပ်အရသာက ပိုမို ပြင်းထန်လာသည်။ ယခင်က လည်ချောင်းထဲတွင်သာ စပ်နေခြင်း ဖြစ်သော်လည်း ယခုမူ ဝိညာဥ်ရေက အစာအိမ်ထဲသို့ လျင်မြန်စွာ စီးဆင်းသွားသောကြောင့် အပူဓါတ်က ရုတ်ချည်း ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။
ယခင်က မဝခဲ့သော ခန္ဓာကိုယ်အစိတ်အပိုင်းများပင် ဖြည်းဖြည်းချင်း ပိန်ကျသွားလေပြီ။ သူ့ကိုယ်ခံအားက သေမင်းဆေးလုံး၏ လှုံ့ဆော်ခြင်းခံလိုက်ရသည့်အလားပင်။
ဤသည်မှာ သေမင်းဆေးလုံးဖြစ်သည်။ မှော်ဆေးရည်ဌာနမှ ဒဏ္ဍာရီများအရ တစ်လုံးမျှ စားလျှင်ပင် သေခြင်းကို ဆောင်ကျဥ်းပေးနိုင်သည်ဟု ဆိုသည်။
ဤဆေးလုံးကို ဖန်တီးရန် ဆေးနည်းမှာ ထူးထူးခြားခြား မဟုတ်ပေ။ မှော်ဆေးဆရာက မတော်တဆ မှားယွင်းဖော်စပ်ခဲ့ရာမှ လူကိုမဆိုထားဘိ လူ့ဘီလူးပင် မခံနိုင်လောက်အောင် စပ်သည့် ဆေးလုံးထွက်လာခြင်း ဖြစ်သည်။
၎င်းမှာ လူတစ်ယောက်၏ သည်းခံနိုင်စွမ်းကို ကျော်လွန်ကာ ငရဲပြည်သို့ ဆင်းနေရသည့်အလား ခံစားရစေသည်။ သောက်ဖူးသူများကို ဒုတိယအကြိမ် ဘယ်တော့မှ သောက်ချင်စိတ် မဖြစ်စေမည့် ဆေးမျိုး ဖြစ်သည်။
ဝမ်ပေါင်လဲ့က ဂူထဲတွင် ထိုင်ကာ ရှဲ့ဟေးရန်၏ သေမင်းဆေးလုံး စားပြီးနောက် အတွေ့အကြုံကို ကြည့်နေသည်။ ဤထိတ်လန့်ဖွယ်မြင်ကွင်းက သူ့အာရုံတစ်ခုလုံးကို လွှမ်းမိုးထားသည်။ မူလက လက်လျှော့လိုက်မည့် သူ့အစီအစဥ်မှာ ရှဲ့ဟေးရန် ပိန်ကျသွားသည်ကို တွေ့ပြီးနောက် ပြောင်းလဲသွားလေသည်။ ဝမ်ပေါင်လဲ့သည် အသက်ကို မမှုဘဲ အဆုံးထိ စွန့်စားရန် ဆုံးဖြတ်လိုက်ပြီးနောက် ကြောက်စိတ်ကြောင့် အသံရှူသံများ ပြင်းလာလေသည်။
“ ဒါက တကယ်ကြီး ဝိတ်ကျတာပဲ၊ မြန်မြန်၊ ကျုပ်ကို သေမင်းဆေးလုံး ပေးတော့ ”
ရှဲ့ဟေးရန်မှာ စပ်လွန်းသဖြင့် အသိစိတ်လွတ်နေပြီဖြစ်သည်။ သူသည် ချင့်ချိန်နိုင်စွမ်း မရှိတော့ဘဲ ကိုယ်ရော စိတ်ပါ အားကုန်နေပြီ ဖြစ်သည်။ မြေကြီးပေါ်တွင် အသက် မရှိတော့သည့်အလား ထိုင်လျက်ရှိသည်။ သူသည် တွေးရန် အင်အားမရှိတော့ဘဲ သေမင်းဆေးလုံးများကို ဂူထဲသို့ ပစ်ပေးလိုက်သည်။
“ ရှဲ့ဟေးရန်ဆိုတဲ့ငါက ဖောက်သည်တွေ အားလုံးပေါ်မှာ ရိုးသားတယ်။ ဘယ်တော့မှ အတုတွေ မရောင်းဘူး ”
ထိုသို့သော အခြေအနေမျိုးမှာပင် သူ့နာမည်နှင့် ဂုဏ်သိက္ခာက သူ့စိတ်ထဲတွင် ရှိနေဆဲ ဖြစ်သည်။ ထိုအချက်ကြောင့် ဝမ်ပေါင်လဲ့မှာ လေးစားသွားရသည်။ ရှဲ့ဟေးရန်မှာ အမှန်တကယ် ယုံကြည်ထိုက်သူတစ်ဦးဟု ခံစားလိုက်ရသည်။
“ ကောင်းတယ်၊ အစ်ကို၊ ကျုပ် အထင်လွဲခဲ့မိတာပါ ”
ဝမ်ပေါင်လဲ့က ဆေးပုလင်းကို ယူကာ ရှဲ့ဟေးရန်ကို နှစ်သိမ့်လိုက်ပြီး နောက်တစ်လုံး ထပ်သောက်လိုက်သည်။ သူ့ဗိုက်ထဲမှ အပူချိန် မြန်ဆန်စွာ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်တွင် ဝမ်ပေါင်လဲ့က သူ့အဆီများကို ကြည့်ကာ အံကို တင်းတင်းကြိတ်လိုက်သည်။ စိတ်ကို တင်းတင်းထားကာ သေမင်းဆေးလုံး အားလုံးကို မျိုချလိုက်တော့သည်။
ကျောင်းသားခေါင်းဆောင် ဖြစ်ဖို့နဲ့ ဝိတ်ကျဖို့အတွက် ငါ စွန့်စားရမှာပဲ …
ရှဲ့ဟေးရန်က ဆေးလုံးတစ်လုံးစားလိုက်ရာ ပုလင်းထဲမှ ကျန်ဆေးလုံးကိုးလုံးမှာ ဝမ်ပေါင်လဲ့၏ ဗိုက်ထဲ ရောက်သွားလေပြီ။ နောက်ဆုံးတွင် ချော်ရည်ခန်းထဲမှ မြင့်မားသော အပူချိန်များကို ကြံ့ကြံ့ခံရာမှ ဝမ်ပေါင်လဲ့ ရလာသည့် ခံနိုင်ရည်မှာ ပြိုပျက်သွားလေသည်။ ထို့ပြင် သေမင်းဆေးလုံးကိုးလုံးမှာ ချက်ချင်းအစွမ်းမပြဘဲ အားလုံးစုဝေးကာ ပုံစံပြောင်းသွားလေသည်။ ရုတ်ချည်း ပေါက်ကွဲတော့မည့် မီးတောက်တစ်ခုအလား အပူရှိန် မြင့်တက်လာသည်။
သူ့ဘဝတွင် တစ်ခါမှ မကြုံဖူးခဲ့သော အပူမျိုးကို ဝမ်ပေါင်လဲ့ ခံစားနေရသည်။ ချော်ရည်ခန်းထဲမှ ရူးလောက်သည့် အပူမျိုးထက် သာလွန်သည့် အပူမျိုးက သူ့ဗိုက်ထဲတွင် မီးပင်လယ်တစ်စင်းအလား တရိပ်ရိပ် လောင်ကျွမ်းလျက် ရှိသည်။ ယင်းက ပုံသဏ္ဌာန်မဲ့စွာ လောင်ကျွမ်းလျက် ရှိသည်ဖြစ်၍ နှုတ်ခမ်းများ တမုဟုတ်ချင်း ယောင်ယမ်းလာသည်။ လည်ပင်းမှာ စကားတစ်ခွန်းမဟနိုင်အောင် တစ်ဆို့လာသည်။ သူ့ခန္ဓာကိုယ်ထဲရှိ အရာအားလုံး ပေါက်ကွဲထွက်တော့မည့်အလား ခံစားနေရသည်။
“ မိုးနတ်မင်း ကယ်တော်မူပါ ”
ဝမ်ပေါင်လဲ့ဆီမှ အက်ကွဲသံကြီး ရုတ်တရက် ထွက်လာသည်။ ဂူထဲတွင် ပိတ်မိနေသောကြောင့်လည်း သူ ရူးတော့မတတ် ဖြစ်နေသည်။ အပူများမှာ ထွက်ပေါက်မရှိဖြစ်ကာ ဝိညာဥ်အဆီများကိုသာ လောင်ကျွမ်းသွားသည်။ သူ့ခန္ဓာကိုယ်ကြီး တသိမ့်သိမ့် တုန်ခါလျက် ဝမ်းနည်းဖွယ် အော်သံနှင့်အတူ သိသိသာသာ ပိန်ကျလာသည်။
ထိုနာကျင်မှုက သာမန်လူတစ်ယောက်အတွက် လုံးဝ သည်းမခံနိုင်သည့် အရာမျိုး ဖြစ်သော်လည်း ဝိတ်ချရန်သာ လိုအပ်နေသည့် ဖက်တီးတစ်ယောက်အတွက်မူ တစ်ကြိမ်သာ အောင့်အီးသည်းခံရမည့် အရာဖြစ်နေသည်။ သို့ဖြစ်၍ မည်မျှ ခက်ခဲသည့် စိန်ခေါ်မှုမျိုး ဖြစ်ပါစေ သူက အနိုင်ရအောင် ကျော်ဖြတ်မည် ဖြစ်သည်။
သို့ဖြင့် ဝမ်ပေါင်လဲ့နှင့် ရှဲ့ဟေးရန်တို့သည် ဂူအပြင်ဘက်နှင့် အတွင်းဘက်တွင် တစ်ယောက်တစ်လှည့် အော်ဟစ်နေကြတော့သည်။ ကံကောင်းထောက်မစွာဖြင့် မည်သူမျှ မလာကြပေ။ ထိုသို့မဟုတ်ပါက ဖြစ်ပျက်နေသည်တို့ကြောင့် အထိတ်တလန့် ဖြစ်သွားနိုင်သည်။
နှစ်နာရီကြာပြီးနောက် ရှဲ့ဟေးရန်မှာ တဖြည်းဖြည်း ပြန်လည်သက်သာလာသည်။ သူသည် ကပ်ဘေးတစ်ခုမှ လွတ်မြောက်လာသည့်အလား ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။ သို့ရာတွင် ဝမ်ပေါင်လဲ့၏ အော်သံများမှာမူ ဆက်လက်ထွက်ပေါ်နေဆဲ ဖြစ်သည်။ ဂူထဲတွင် ရှိနေသောကြောင့် သူ့အသံမှာ ရူးနေသည့်အလား ထင်ရလေသည်။
သေမင်းဆေးအာနိသင်က ပြင်းထန်လွန်းသဖြင့် ဝမ်ပေါင်လဲ့ တစ်ကိုယ်လုံး လောင်ကျွမ်းနေသည်။ ချော်ရည်ခန်းထဲမှ တဖြည်းဖြည်း မြင့်တက်လာသည့် အပူချိန်ထက် များစွာ ပြင်းထန်သည့် အပူမျိုး ဖြစ်သည်။ နေရာလပ်မရှိ လောင်ကျွမ်းနေသည့် ခံစားချက်ကြောင့် ရှဲ့ဟေးရန် ရူးမတတ်ဖြစ်နေသည့် အကြောင်းရင်းကို သူ နားလည်သွားတော့သည်။ ထို့ပြင် သူသည် ရှဲ့ဟေးရန်ထက် ဆယ်ဆဆိုးဝါးသည့် နာကျင်မှုမျိုးကို ခံစားနေရသည်။
အစပိုင်းတွင် ရှဲ့ဟေးရန်သည် ဝမ်ပေါင်လဲ့၏ နာကျင်မှုကို ကြည့်ကာ ကျိတ်၍ ဝမ်းသာလျက် ရှိသည်။ သေမင်းဆေးလုံး စားပြီးနောက် အခြားသူတစ်ယောက် ဝေဒနာခံစားနေရသည်ကို မြင်ရသည်မှာ တမူထူးခြားလေသည်။
သို့သော် တရွေ့ရွေ့နှင့် နှစ်နာရီ ကြာသွားလေသည်။ ရှဲ့ဟေးရန်မှာ အလန့်တကြား ဖြစ်ကာ အသက်ရှူမြန်လာပြီး နဖူးမှ ချွေးများကို သုတ်လိုက်သည်။
“ ဘယ် … ဘယ်လောက်တောင် စားလိုက်တာလဲ ”
သူ ကြောက်စိတ်ဝင်နေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့ ဖန်တီးလိုက်သော ဂယက်မှာ ကြီးမားလွန်းလှသည်။ သူ့အတွေ့အကြုံအရ ဝမ်ပေါင်လဲ့၏ ဝေဒနာ ဤမျှ ကြာရှည်နေခြင်းမှာ မူမမှန်ပေ။
မကြာမီ လေးနာရီ၊ ခြောက်နာရီ၊ ရှစ်နာရီမှသည် ဆယ်နာရီကြာသွားပြီးနောက် ဂူထဲမှ အော်သံများ ရပ်သွားလေသည်။ ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့ သေသွားမည်ကို ပူပန်ကာ နှလုံးခုန်မြန်သွားလေသည်။ ဂူထဲသို့ ပြေးဝင်သွားပြီးနောက် ခပ်လှမ်းလှမ်း မြေပြင်ပေါ်တွင် ဆေးပုလင်းကို တွေ့လိုက်ရလေသည်။ ပုလင်းအလွတ်ကို စိုက်ကြည့်နေရင်း ရှဲ့ဟေးရန်မှာ ချာချာလည်အောင် မူးသွားလေသည်။
“ ဒါကြီးက ရူးလွန်းတာပဲ…မင်းက စုစုပေါင်း ကိုးလုံးတောင် စားပစ်တာပဲ ”
ရှဲ့ဟေးရန်မှာ ဦးရေပြား ထုံကျဥ်သွားလေသည်။ မည်သို့သော လူမျိုးက သေမင်းဆေးလုံးကိုးလုံးကို စားပစ်နိုင်စွမ်းရှိသနည်းဟု တွေးမကြည့်နိုင်တော့ပေ။ သူ့အတွက် စိတ်ကူးယဥ်သက်သက်ဟု ခံစားနေရသော်လည်း သူ့မျက်စိရှေ့တည့်တည့်တွင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
သူက အသက်အောင့်ထားမိရာမှ အသက်ပြင်းပြင်းရှိုက်ကာ မော့ကြည့်လိုက်စဥ် ဂူထောင့်တစ်နေရာတွင် သိသိသာသာ ပိန်ကျသွားသော ဝမ်ပေါင်လဲ့ကို မြင်လိုက်ရလေသည်။ ဝမ်ပေါင်လဲ့၏ဆံပင်များ ရှုပ်ပွနေပြီး အဝတ်အစားများမှာ စုတ်ပြဲပျက်စီးနေသည်။ သူက မလှုပ်မယှက်ထိုင်နေပြီး တစ်ချက်တစ်ချက် ခြေလက်များ ဆတ်ခနဲ တွန့်သွားလေသည်။
ရှဲ့ဟေးရန်မှာ နတ်ဘုရားတစ်ပါးကို တွေ့လိုက်ရသည့်အလား လေးစားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။ သူက ဝမ်ပေါင်လဲ့ကို ကြည့်ကာ မေးလိုက်သည်။
“ ညီ … ညီလေး … မင်း… အဆင်ပြေရဲ့လား”
ရှဲ့ဟေးရန်က မေးလိုက်သည့်အခိုက် ဝမ်ပေါင်လဲ့၏မျက်လုံးများ ပွင့်လာသည်။ သူက မင်သက်မိနေသည့်အလား တွေဝေနေဟန် ရှိသော်လည်း မကြာမီ အသိပြန်ဝင်လာသည်။ သူက ချက်ချင်းပင် ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်ရာ သိသိသာသာ လျော့ကျနေပြီ ဖြစ်သည့် ဗိုက်ပိန်ပိန်လေးကို တွေ့လိုက်ရသောကြောင့် စိတ်လှုပ်ရှားသွားသည်။
ကျောင်းသားခေါင်းဆောင် ရာထူးက ငါ့အတွက်ပဲ…
ဝမ်ပေါင်လဲ့က ခေါင်းမော့ကာ ရယ်လိုက်ပြီး ခုန်ထကာ မတ်တတ်ရပ်လိုက်သည်။
ထိုစကားလုံးများကို ပြောလိုက်သည့်အခိုက် များပြားလှသော သွေးချီများ ဆောင့်တက်လာပြီး ပိတ်ဆို့ခံလိုက်ရသည့်အလား တဒင်္ဂအတွင်း ပျောက်ကွယ်သွားလေသည်။ သွေးချီများအားလုံးက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ ပေါင်းဆုံသွားကြခြင်း ဖြစ်လေသည်။ ထိုအခိုက်အတန့်တွင် ကမ္ဘာကြီးနှင့် သူ့ခန္ဓာကိုယ် သီးခြား ဖြစ်နေသော ခံစားချက်က ယခင်ကထက် ပိုမို ပြင်းထန်လာသည်။
“ ခန္ဓာအချုပ်အနှောင်အဆင့် အထွတ်အထိပ် ”
ရှဲ့ဟေးရန်မှာ မျက်လုံးအပြူးသား ဖြစ်ကာ ရေရွတ်လိုက်သည်။
လူတစ်ယောက်သည် ခန္ဓာအချုပ်အနှောင်အဆင့်သို့ ရောက်လျှင် ဆက်လက်တိုးတက်ရန် အလွန် ခက်ခဲလှသည်။ ခန္ဓာအချုပ်အနှောင်အဆင့်၏ အစပိုင်းမှသည် အထွတ်အထိပ်အဆင့်ရောက်ရန် သာမန်အားဖြင့် နှစ်အတော်ကြာ အချိန်ယူရသည်။ အများစုမှာ ဆယ်နှစ်ကျော်သည်အထိ ကြာမြင့်သည်။
သို့သော် ထိုအခိုက် ဝမ်ပေါင်လဲ့၏ အရှိန်အဝါနှင့် သီးခြားဖြစ်နေသည့် ထိုအာရုံခံစားချက်အရ ခန္ဓာအချုပ်အနှောင်အဆင့် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ကြောင်း ဖော်ပြနေသည်။ နောက်ဆုံးဖြစ်သော ဖွံ့ထွားသွေးကြောအဆင့် ရောက်ရှိရန်သာ လိုတော့သည်။
“ ဒါကြီးက ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ ”
“ သေမင်းဆေးလုံးတွေ စားတာက တကယ်ပဲ အဆင့်တက်ဖို့ လုပ်ပေးနိုင်တာလား ”
ရှဲ့ဟေးရန်မှာ ဆောက်တည်ရာ မရ ဖြစ်သွားသည်။ ဤအဖြစ်ကို မယုံနိုင်အောင်ဖြစ်ကာ သူ ဦးနှောက်ခြောက်သွားလေသည်။ ဝမ်ပေါင်လဲ့အကြောင်းကို သိထားပြီး ယခင်ကလည်း အလေးမ,ခြင်း၊ ချော်ရည်ခန်းထဲတွင် နေခြင်းဖြင့် အဆင့်တက်ခဲ့ကြောင်း သိထားသည့်တိုင် မယုံနိုင်လောက်အောင် အံ့ဩနေရဆဲဖြစ်ကာ အသိစိတ်ကင်းမဲ့သွားသည့်အလား ခံစားနေရသည်။
ဤသတင်းသာ ပြန့်သွားလျှင် သေမင်းဆေးလုံးများကို ဝယ်ကာ တိတ်တခိုး စမ်းကြည့်ကြမည့် ကျောင်းသား အများအပြား ရှိလာမည်ကို ကောင်းကောင်းကြီး သိနေသည်။ ကျွန်းပတ်လမ်းဖြစ်စေ၊ အလေးမ,ကွင်းဖြစ်စေ၊ သိုင်းပညာဌာန၏ ချော်ရည်အခန်း ဖြစ်စေ ယခုအခါတွင် နေ့တိုင်း အဆင့်တက်ရန် ကြိုးစားကြသူများဖြင့် ပြည့်နှက်နေသည်။