အခန်း (၈၁)

နဂါးများ၏ကြီးထွားခြင်း

အခန်း (၈၁) နဂါးများ၏ကြီးထွားခြင်း

မှော်ဝင်တိမ်တိုက်စုဝေးပွဲသို့ တက်ရောက်သူ တပည့်အများစုက ပါရမီရင်တပည့်များနှင့် ထူးချွန်သည့်တပည့်များ ဖြစ်ကြသည်။

စုဝေးပွဲကလည်း အလွန်မှ စိတ်ဝင်စားစရာ ကောင်းသည်။

သို့သော်… ပြင်ပလောကသို့ လူအများကြီး သွားရောက်ကြခြင်းက မည်သည့်နည်းနှင့်မှ အန္တရယ်မကင်းနိုင်ဟု ကျန်းလန် စိတ်ထဲစွဲနေမိသည်။

ခွန်လွန်တောင်ကို ရန်ငြိုးထားကာ စောင့်ကြည့်နေသည့် တစ်စုံတစ်ယောက်သာ ရှိမည်ဆိုလျှင် ပြင်ပလောကသို့ သွားရောက်သည့်တစ်ဖွဲ့လုံး အပြတ်ရှင်းခံရပေလိမ့်မည်။

မှော်ဝင်ယဉ်ပျံကြီးတွင် လိုက်ပါသွားကြသူများထဲတွင် ကျန်းလန်နှင့် သိရှိသည့် လူအချို့လည်း ပါဝင်လေသည်။

တစ်ယောက်မှာ… ကောင်းကင်ရိပ်ငြိမ်ရေကန်တွင် သူနှင့်တွေ့ဆုံခဲ့သည့် ပထမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုကုချီ ဖြစ်သည်။

နောက်တစ်ယောက်ကတော့… နောက်တစ်ယောက်မှာ ကျောက်စိမ်းရေကန်ဖွင့်ပွဲ သွားရာလမ်းတွင် သူ့ကို လာရောက်နှုတ်ဆက်သည့် အဋ္ဌမတောင်ထွတ်မှ အင်မော်တယ်တပည့် လုကျန်း ဖြစ်၏။

သို့သော်… သူ၏ ဂိုဏ်းတူအစ်မ လုန်ယွိကိုတော့ မတွေ့ရပေ။

သူမ ကျောက်စိမ်းရေကန်တွင်သာ ကျင့်ကြံနေဦးမည် ထင်သည်။

ကုချီနှင့် လုကျန်းအပြင် အခြားသူများကိုတော့ ကျန်းလန် သိရှိခြင်း မရှိပေ။ သို့သော်… မည်သူတွေ ခရီးထွက်သွားသည်ဖြစ်စေ ကျန်းလန်နှင့် မသက်ဆိုင်လှပေ။

ခွန်လွန်တောင် အဓိကခန်းမဆောင်မှ ပြန်လာပြီးနောက် နဝမတောင်ထွတ်သို့ ချက်ချင်းမပြန်သေးရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။

ကျင့်ကြံခြင်းက အရေးကြီးသော်လည်း ဘဝတွင် အချို့လိုက်နာရမည့် အရေးကြီးကိစ္စများလည်း ရှိသေးသည်။

ဥပမာဆိုရသော်… ဆရာဖြစ်သူကို ဂါရဝပြုရန် စသည်ဖြစ်၏။

ခွန်လွန်တောင်အောက်တွင် သေရည်ဆိုင်တစ်ဆိုင်ရှိလေသည်။ ထိုသေရည်ဆိုင်က အစကတည်းက ရှိခဲ့သည့် သေရည်ဆိုင်ဖြစ်၏။

ကျန်းလန် ထိုသေရည်ဆိုင်သို့ ထွက်လာခဲ့လေသည်။

နှစ်ပေါင်း (၁၀၀) ကြာမြင့်ခဲ့သည့်တိုင် သေရည်ဆိုင်အခင်းအကျင်းက တစ်စက်လေးမှ မပြောင်းလဲခဲ့ပေ။

ဟောင်းနွမ်းနေသည့် စားပွဲများနှင့် ကုလားထိုင်များကလည်း တစ်ခါမှ ပြောင်းလဲခြင်း မရှိပေ။

နှစ်ပေါင်း (၁၀၀)ဆိုသည်က ထိုသေရည်ဆိုင်အတွက်တော့ တစ်ရက်အလားသာ ဖြစ်လေသည်။

ကျန်းလန် သေရည်ဆိုင်ရှေ့တွင် မတ်တတ်ရပ်ရင်း အံ့အားသင့်စွာဖြင့် ဆိုင်ကို ငေးကြည့်နေမိသည်။

ဤသေရည်ဆိုင်သို့ သူ ပထမဆုံးရောက်ခဲ့သည်မှ လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀)ခန့်က ဖြစ်သည်။

ယခုတော့ နှစ်ပေါင်း (၁၀၀) ကုန်ဆုံးသွားသည့်တိုင် သေရည်ဆိုင်ကြီးက အရင်အတိုင်း ရှိနေဆဲ ဖြစ်သည်။

သေရည်ဆိုင်က ယခင်ကအတိုင်းပင် လူသူကင်းမဲ့ ခြောက်ကပ်နေဆဲ ဖြစ်သည်။

ခွန်လွန်တောင်မှ တောင်အောက်ဆင်းသည့်လမ်းသည်လည်း ပြောင်းလဲသွားခဲ့လေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှ သစ်ပင်များသည်လည်း ပြောင်းလဲသွားခဲ့သည်။

ပတ်ဝန်းကျင်အသစ်တစ်ခုအလား အရာအားလုံးက ပြောင်းလဲသွားခဲ့သည့်တိုင် သေရည်ဆိုင်ကတော့ တစ်စက်လေးပင် ပြောင်းလဲခြင်း မရှိပေ။

သို့သော်… ဆိုင်သို့သွားရာလမ်းကိုတော့ တစ်စုံတစ်ယောက်က ပြုပြင်ထားပြီး သစ်ပင်များကိုလည်း အသစ်ပြန်လည် စိုက်ပျိုးထားဟန် ရှိသည်။

“အစ်ကိုကြီး… အထဲမဝင်ဘဲ ဘာလုပ်နေတာလဲ…”

ကျန်းလန်၏ နောက်မှ အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။

ကျန်းလန်လှည့်ကြည့်လိုက်သည့်အခါ သေရည်ဆိုင်ပိုင်ရှင်အဘိုးအို၏ မြေးငယ်လေးကို တွေ့လိုက်ရသည်။

ကျန်းလန်က ကလေးငယ်ကို နှုတ်ဆက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ကလေးငယ်က စကားဆက်ပြောလိုက်သည်။

“ဘာလဲ… ကိုကြီးမှာ ပိုက်ဆံမရှိတော့လို့ ဆိုင်ထဲ မဝင်တာလား… ၊ ကိစ္စမရှိဘူး… အဘိုးက အကြွေးရောင်းမယ်တဲ့… ဒါပေမဲ့ အတိုးတော့ ပေးရလိမ့်မယ်…”

“…………”

ကျန်းလန် ဆွံ့အသွားသည်။

ပြီးမှ ကျန်းလန်က သေရည်ဆိုင်ထဲသို့ ဝင်သွားလိုက်ပြီး…

“အမယ်… ကျုပ်မှာ ဘာလို့ ပိုက်ဆံမရှိဘဲနေရမှာလဲ…”

ဟု ပြောလိုက်၏။

ကလေးငယ်မျက်နှာ အနည်းငယ် ရှုံ့မဲ့သွားကြောင်း ကျန်းလန်သိလိုက်သည်။

သို့သော်… ထိုကလေးငယ်က စိတ်ထားကောင်းပြီး သူ၏ ကျင့်ကြံခြင်းကလည်း အနည်းငယ် ထူးဆန်းသည်ကို ကျန်းလန် ခံစားမိသည်။

ကလေးငယ်ကလည်း ကျန်းလန်မှာ ပိုပြီး စွမ်းအားကြီးမားလာကြောင့် ခံစားနေရသည်။

သူက အဘိုးဖြစ်သူပြောသလို ဒီအစ်ကိုကြီးနှင့်ယှဉ်ပြီး မည်သို့ ကျင့်ကြံနိုင်ပါမည်နည်းဟု ကလေးငယ်တွေးလိုက်သည်။

ကျန်းလန်က သေရည်ဆိုင်ထဲရောက်သည်နှင့် ဆိုင်တစ်ခုလုံးကို အကဲခတ်ကြည့်လိုက်သည်။ သူ့အနေဖြင့်… သေရည်လာဝယ်ခြင်းသာဖြစ်ပြီး မည်သည့်ပြဿနာမှ မဖြစ်လိုပေ။

ကလေးငယ်လေးက လွန်ခဲ့သည့် နှစ် (၁၀၀)ကအတိုင်း တစ်စက်မှ မပြောင်းလဲသေးပေ။ လုံး၀ ကြီးပြင်းလာသည့် လက္ခဏာမရှိပေ။

ကလေးငယ်ကိုကြည့်ရင်း ကျန်းလန် လုန်ယွိကို သတိရလိုက်မိသည်။

“နဂါးမျိုးနွယ်တွေလည်း ဒီလိုပဲ ကြီးထွားမှုနှုန်းနှေးကွေးတာဖြစ်ရမယ်…”

ကျန်းလန် လွှတ်ခနဲ ရေရွတ်လိုက်၏။

ကလေးငယ်က ကျန်းလန် ရေရွတ်သည်ကို ကြားသွားပြီး…

“နဂါးတွေ… ဟုတ်လား…”

ဟု မေးလိုက်လေသည်။

ကျန်းလန်က မည်သည့်စကားမှ မပြောဘဲ ခေါင်းညိတ်ပြလိုက်၏။

“အရင်ကတော့ အဘိုးပြောပြဖူးတယ်… ၊ နဂါးတွေရဲ့ ကြီးထွားမှုက တစ်မူထူးခြားပြီး တိကျသေချာမှုလည်းမရှိဘူးတဲ့… ၊ လူသားတွေက အသက် (၁၈)နှစ်ပြည့်ရင် အရွယ်ရောက်ကြတယ် မဟုတ်လား… ၊ ဒါပေမဲ့ နဂါးတွေကတော့ အဲဒီထက် အများကြီး နောက်ကျတယ်တဲ့…”

ကျန်းလန်က အရွယ်မရောက်သေးသည့် ကလေးငယ်ပြောသည့်စကားများကို သိပ်ပြီး မယုံချင်မိပေ။

သို့သော်… ချက်ချင်းပင် ဒီကလေးငယ်က နှစ်ပေါင်းရာချီအသက်ရှည်နေသူတစ်ယောက်ဖြစ်သည်ကို သတိရလိုက်မိသည်။

ထို့ကြောင့် စပ်စုကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ကျန်းလန်က…

“နဂါးတွေ အရှိန်အဟုန်နဲ့ ကြီးထွားလာတာမျိုး မဟုတ်ဘူးလား…”

နဂါးများကြီး ကြီးထွားမှုက တိကျသေချာမှုမရှိလျှင် မည်သို့ သတ်မှတ်ရပါမည်နည်း။

“မဟုတ်ဘူး… ကျွန်တော် လက်သွားဆေးလိုက်ဦးမယ်… ခဏစောင့်… ၊ ပြန်လာရင် ပြောပြမယ်… ၊ အဘိုးလည်း ခဏလောက်နေမှ ပြန်လာမှာဆိုတော့… ကိုကြီး အကောင်းစားသေရည်ဝယ်ချင်ရင်လည်း အဘိုးပြန်လာတဲ့အထိ စောင့်ရမှာပဲလေ…”

ပြောပြောဆိုဆို ကောင်လေးက ဆိုင်အနောက်ဘက်သို့ ပြေးသွားပြီး လက်ဆေးလိုက်သည်။

ကျန်းလန်က မည်သည့်စကားမှ မပြောတော့ဘဲ ဆိုင်ထောင့်တစ်နေရာတွင် ထိုင်ချလိုက်သည်။

ဤဆိုင်သို့ ပထမဆုံးအကြိမ်ရောက်လာစဉ်က လုန်ယွိနှင့်လည်း ဆုံတွေ့ခဲ့ရသလို နတ်မိစ္ဆာမယ်လေးတစ်ယောက်နှင့်လည်း ဆုံတွေ့ခဲ့ရသေးသည်ကို သတိရလိုက်မိသည်။

ထိုစဉ်က… သူ့အဆင့်က ရွှေပြဒါးအမြုတေအဆင့် ၊ ကနဦးအဆင့်မျှသာ ရှိပေဦးမည်။ ယခုတော့ ယခင်ကထက် ပိုမိုစွမ်းအားမြင့်မားလာခဲ့ပြီ ဖြစ်သည်။

နောက်တစ်ကြိမ်… သေရည်ဆိုင်သို့ ရောက်လာလျှင်တော့ သူ အင်မော်တယ် ဖြစ်နေလောက်ပေပြီ…။

ထိုစဉ်မှာပင်…

“ပြန်လာပြီ…”

အသံနှင့်အတူ ကလေးငယ် ကျန်းလန်အနား ပြန်ရောက်လာသည်။

သူ့လက်ထဲတွင် မြေပဲပန်းကန်နှင့် လက်ဖက်ရည်ကြမ်းတစ်ခွက်ယူဆောင်လာပြီး ကျန်းလန်ကို ဧည့်ခံလိုက်သည်။

“ကိုကြီး… ကျွန်တော့်ကို ပိစိလေးလောက် ကူညီနိုင်မလား…”

လူငယ်လေးက ကျန်းလန်ဘေးတွင်ဝင်ထိုင်လိုက်ပြီး အကူအညီတောင်းလိုက်သည်။

“ဘာများလဲ…”

ကျန်းလန်က မေးလိုက်၏။

ကျန်းလန်က အန္တရယ်မဖြစ်အောင် သူ့ကိုယ်သူ ကာကွယ်ထားရန် အသင့်ပြင်လိုက်သည်။

လောကတွင်… သူ့ကို အကူအညီတောင်းသူ များစွာ ရှိခဲ့လေသည်။

အချို့က… အကြပ်ကိုင်ပြီး အခြားသူတစ်ယောက်ကို သတ်ဖြတ်ခိုင်းသည်။

အချို့က… သူ့အသက်ကိုပေးရန် ပြောဆိုသည်။

ကျန်းလန် ထိုသို့သောလူမျိုးများနှင့်သာ ကြုံတွေ့ခဲ့ရလေသည်။

ထို့ကြောင့်… နှစ်ပေါင်းရာချီအသက်ရှည်သည့် ကလေးငယ်ထံမှ အကူအညီတောင်းသည့်စကားကြားလိုက်သည့်အခါ ချက်ချင်းပင် သတိအနေအထား ဖြစ်သွားသည်။

ကလေးငယ်ကတော့ ကျန်းလန်စိတ်ထဲတွင်တွေးနေသည့် အတွေးများကို သတိထားမိဟန် မရှိပေ။

သူက ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်။ ထိုဝိညာဉ်ကျောက်တုံးက လူတစ်ယောက်၏ ပါရမီကို စမ်းသပ်သည့် ဝိညာဉ်ကျောက်တုံးဖြစ်၏။

ကလေးငယ်က…

“ကိုကြီးရဲ့ ပါရမီကို စမ်းသပ်ကြည့်ခွင့်ရနိုင်မလား… ပြီးတော့… ဒါ… ဒါတွေအားလုံးက ကိုကြီးအတွက်ပါ…”

ပြောရင်းဖြင့် ကလေးငယ်က ယူလာသည့် မြေပဲများနှင့် လက်ဖက်ရည်ကြမ်းကို ကျန်းလန်ရှိရာ တွန်းပို့လိုက်သည်။

သူက အကူအညီတောင်းသည့်အတွက် ကျေးဇူးတင်သည့်အနေဖြင့် မုန့်ကျွေးနေသည့် သဘောဖြစ်သည်။

“ရပါတယ်ကွာ…”

အသေးအဖွဲကိစ္စလေးတစ်ခု ဖြစ်သောကြောင့် ကျန်းလန် သဘောတူလိုက်သည်။

သို့သော်… ကလေးငယ်က သူ၏ ပါရမီစွမ်းရည်ကို အဘယ့်ကြောင့် စမ်းသပ်ချင်ရသည်ကို ကျန်းလန် မသိရှိပေ။

ကလေးငယ်၏ လက်ထဲတွင်ကိုင်ထားသည့် ဝိညာဉ်ကျောက်တုံးကတော့ အမှန်တကယ်ပင် လူတစ်ယောက်၏ ပါရမီအရည်အချင်းကို စမ်းသပ်သည့် ဝိညာဉ်ကျောက်တုံးဖြစ်လေသည်။

မည်သည့်အန္တရယ်မှ မရှိနိုင်ပေ။

ကျန်းလန်က လက်ကိုဆန့်တန်းပေးလိုက်တော့ ကလေးငယ်က ကျောက်တုံးဖြင့် ကျန်းလန်၏လက်ကို တို့ထိကြည့်လိုက်သည်။

ခဏအကြာမှာတော့ ကလေးငယ်က ဝိညာဉ်ကျောက်တုံးကို ပြန်ယူလိုက်ပြီး ကျန်းလန်လည်း သူ၏ လက်ကို ပြန်ရုတ်သိမ်းလိုက်လေသည်။

အဘိုးဖြစ်သူပြောသည့်အတိုင်း ဒီအစ်ကိုကြီးက ပါရမီရှင်တစ်ယောက် မဟုတ်ပေ။

ထို့ကြောင့်… သူနှင့် အဘိုးဖြစ်သူ သဘောတူထားသည့်အတိုင်း ကလေးငယ် စတင်ကျင့်ကြံရပေတော့မည်။ မြေးအဘိုး (၂)ယောက် သဘောတူညီမှုကို အတည်ပြုလိုက်ပြီ ဖြစ်၏။

လူငယ်လေးက…

“ကိုကြီး… ကိုကြီး စောစောက နဂါးတွေရဲ့ ကြီးထွားမှုနဲ့ အသက်အရွယ်အကြောင်း သိချင်နေတာ မဟုတ်လား…”

ကျန်းလန်က ခေါင်းညိတ်လိုက်သည်။

“နဂါးတစ်ကောင်ရဲ့ အခြေခံ ကြီးထွားမှုက ဘယ်လိုမျိုးလဲ…”

လူငယ်လေးက…

“တကယ်တော့… နဂါးတွေလည်း အသက်တော့ ကြီးလာတာပါပဲ… ၊ နဂါးအချို့အတွက်တော့ နှစ်ပေါင်း (၁၀၀)က လူတစ်ယောက်ရဲ့ အချိန် (၁)နှစ်နဲ့ ညီမျှတယ်တဲ့… ၊ ဒါပေမဲ့ အချို့ကျတော့လည်း အနှစ် (၅၀) ၊ အချို့ကျတော့ (၁၀)နှစ်ဆိုတာကလည်း (၁)နှစ်နဲ့ ညီမျှနိုင်တာပဲတဲ့…”

ကျန်းလန်က ကလေးငယ်ကို တစ်ချက်ကြည့်လိုက်ပြီး မည်သည့်စကားမှ မပြောပေ။

ကလေးငယ်က စကားဆက်ပြောချင်နေဟန်ရှိသောကြောင့် နားထောင်နေလိုက်သည်။

ကလေးငယ်က…

“နဂါးတွေ အသက်ကြီးလာဖို့အတွက် နှစ်ပေါင်းဘယ်လောက်ကြာမလဲဆိုတာကတော့ သူတို့ရဲ့စွမ်းအားအပေါ် မူတည်တယ်… ၊ စွမ်းအားမြင့်မားလေ သူတို့ရဲ့ ကြီးထွားမှုက မြန်လေပဲ… ၊ အဲဒါကိုက နဂါးတွေရဲ့ အရည်အချင်းတစ်မျိုးလို့ ပြောနိုင်တယ်… ၊ အရည်အချင်းရှိလေ မြန်မြန်ကြီးပြင်းလာလေပဲ… ၊ မြန်မြန်ကြီးပြင်းလာလေ ကျင့်ကြံခြင်းအဆင့်ကလည်း မြင့်မားလာလေပဲ… ၊ နဂါးတွေ အရွယ်ရောက်လာတဲ့အခါ ကျတော့ ကြီးထွားမှုက ပုံမှန်ဖြစ်သွားတယ် ၊ ပြီးတော့… သူတို့အသက်ကလည်း သာမန်လူလိုပဲ အချိန် (၁)နှစ်ကို အသက် (၁)နှစ် ပုံမှန်အတိုင်းပဲ ဆက်ပြီး ကြီးပြင်းသွားကြတယ်တဲ့…”

ကျန်းလန်က…

“ဒါဖြင့် အရွယ်ရောက်ပြီးတဲ့ နဂါးတစ်ကောင်ရဲ့ ကျင့်ကြံခြင်းက ဘယ်လောက်ထိ ရှိနိုင်မလဲ…”

ဤအချက်ကို သိရှိမည်ဆိုလျှင် လုန်ယွိ အသက်ပြည့်မပြည့် ၊ အရွယ်ရောက်မရောက်ကို သိရှိနိုင်မည် ဖြစ်သည်။

ကလေးငယ်က…

“အရွယ်ရောက်ပြီးတဲ့ နဂါးတစ်ကောင်ရဲ့ အနိမ့်ဆုံးအဆင့် ကျင့်ကြံခြင်းက လူသားအင်မော်တယ်အဆင့်နဲ့ နီးစပ်တယ်… ၊ ပုံမှန်ဆိုရင်… နဂါးတစ်ကောင်အရွယ်ရောက်ပြီဆိုတာနဲ့ လူသားအင်မော်တယ်အဆင့်နဲ့ ညီမျှသွားပြီ…”

ကျန်းလန် ခေါင်းညိတ်လိုက်သည်။

ထိုသို့ဆိုလျှင် မရှိမှုအာကာသအဆင့်အောက် ကျင့်ကြံခြင်းအဆင့်ရှိသေးသည့် နဂါးများက အသက်မပြည့်သေးသူများ ဖြစ်ကြသည်။

ထိုသို့ဆိုလျှင်… လုန်ယွိသည်လည်း အသက်မပြည့်သေးသည့် နဂါးငယ်လေးတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

သူမ၏ မိန်းမပျိုတစ်ယောက်အသွင် လူသားပုံစံက ကျန်းလန်ကို အရူးဖြစ်သွားစေခြင်း ဖြစ်သည်။

ဤမျှလောက်သိရှိရလျှင် ကျန်းလန်အတွက် လုံလောက်သွားပြီ ဖြစ်သည်။ နောက်ထပ် ထပ်မေးစရာ မလိုအပ်တော့ပေ။

သို့သော်… လုန်ယွိက အသက်မပြည့်သေးသည့် ကလေးငယ်တစ်ယောက်နှင့် မတူသည်ကတော့ အမှန်ပင် ဖြစ်၏။

လုန်ယွိအကြောင်းတွေးရင်း ကျန်းလန် ပြုံးလိုက်မိသည်။

သူ သိချင်နေသည့် မေးခွန်းအဖြေများကို  သိလိုက်ရပြီ ဖြစ်သဖြင့် ကလေးငယ်ကို ကျေးဇူးတင်လိုက်မိလေသည်။


Comment

Leave a Reply


Options

not work with dark mode
Reset