စာစဉ် (၁၆) အပိုင်း (၂၂၃)

မူလကျောက်စိမ်း၏ အရေးပါပုံ

ဂူဟွမ်ဂျီ၏ ကြည်လင်သော အသံလေး ထွက်ပေါ်လာချိန်တွင် အမျိုးမျိုးသော စိတ်ခံစားမှုများ ပါဝင်နေသည့် အကြည့်များက ဇူယွမ်ဆီသို့ ရောက်ရှိလာခဲ့သည်။

ဇူယွမ် ပြန်လည် သယ်ဆောင် လာသော မူလချီပမာဏက အားကျဖွယ်ရာ ကောင်းပေသည်။

သို့သော်လည်း ထိုပမာဏက ဇူယွမ်၏ စိတ်ဝိညာဉ် ကျင့်ကြံခြင်း အဆင့်မြင့်မား သည်ကိုသာ ပြသပေသည်။ မူလစဦးအဆင့်၏ အရေးကြီးသော အရာမှာ မူလချီကြယ်ပွင့် အရေအတွက်ပင် ဖြစ်သည်။

သည်အချက်က သာလျှင် လူတစ်ဦးတွင် ရှိသည့် မူလချီပမာဏကို ဖော်ပြပေသည်။

တကယ်တော့ မူလချီကြယ်ပွင့် ပမာဏ  များပြားသည်နှင့် လူတစ်ဦး၏ စွမ်းအား ပိုမိုများပြားသည်ဟု မဆိုလိုပေ။ မူလချီကြယ်ပွင့် အရေအတွက်၏ အဆင့်ကဲ့သို့သော တွေးတောနိုင်သည့် အမျိုးမျိုးသော အခြေခံ ကြောင်းအရင်း များစွာ ရှိပေသေးသည်။

သို့သော်လည်းပဲ နောက်ဆုံးတွင် မူလချီကြယ်ပွင့် ပိုမိုများပြားစွာ ရှိခြင်းက ထိုသူကို ပိုပြီး အကျိုးရှိစေ ပေသည်။

ဇူယွမ်က ဂူဟွမ်ဂျီ ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ ခဏကြာပြီးနောက် ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။

“ပြောစရာ မရှိဘူး”

မူလချီကြယ်ပွင့် အရေအတွက်သည့် လူတစ်ယောက် ပိုင်ဆိုင်သော အရာဖြစ်သည့် အပြင် အခြား တစ်ယောက်မှာ သူ၏ သန်မာမှုကို ခန့်မှန်းတွက်ချက် နိုင်စေသည်။ ဇူယွမ်က ထိုကိစ္စနှင့် ပတ်သက်ပြီး စိတ်ထဲတွင် မရှိသော်လည်းပဲ ထိုအရာကို ထုတ်ဖော် ပြောခြင်းက အချို့သော သူများ မျက်လုံး မျက်ဆံများ ပြုတ်ကျတော့မယောင် ပြူးကျယ် သွားသည်အထိ အံ့ဩသွားရုံမှလွဲပြီး မည်သည့် အကျိုးမှမရှိဟု ခံစားမိပေသည်။ ထို့ကြောင့် သူက ရှင်းလင်းစွာ ငြင်းပယ်လိုက်သည်။

ဒါ….

ဇူယွမ်၏ စကားလုံးများက မကျေမနပ် ဖြစ်နေသည့် ဆူညံသံများကို ဖြစ်ပေါ်စေပေသည်။

“နင်…”

ဂူဟွမ်ဂျီ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ဇူယွမ်ကို ဒေါသတကြီး စိုက်ကြည့် လိုက်သည်။ သူမ၏ အနေအထားနှင့် ဆန့်ကျင်ဘက် လိင်တစ်ယောက်၏ ငြင်းပယ်ခြင်းကို ခံရသည်မှာ ကြုံတောင့် ကြုံခဲ ကိစ္စရပ်ဖြစ်သည်။

“ဒါ… သူငါတို့ကို ပြောပြရမှာ ရှက်တယ်နဲ့ တူတယ်”

ဂူဟွမ်ဂျီကို ပိုးပန်းနေသူ အချို့က လှောင်ပြောင်လိုက်သည်။

“ဟုတ်တယ် သူ့ကြည့်ရတာ မပြောရဲတဲ့ပုံပဲ။ သူ အစောပိုင်းတုန်းက မူလစဦးချီ အများအပြားကို ပြန်လည် သယ်ဆောင် လာနိုင်ခဲ့ပေမဲ့ အကုန်လုံးကို ဖြုန်းတီးလိုက် မိပြီနဲ့တူတယ်။ ဘယ်လောက် သနားစရာ ကောင်းလိုက်လဲ”

နောက်တစ်ယောက်က ဝင်ပြောသည်။

သူတို့အားလုံးက ဇူယွမ်ဖြေဖို့ ဝန်လေး နေသည်မှာ သူ့ကိုယ်သူ ယုံကြည်မှု မရှိသောကြောင့် ဟူ၍သာ ယုံကြည်နေ ပေသည်။

သို့သော်လည်း သူတို့ စကားများ ကြားချိန်တွင် ဇူယွမ်က တည်ငြိမ်နေပြီး…

“ငါ့မှာ မူလချီကြယ်ပွင့် ဘယ်လောက် ရှိလဲဆိုတာ သိချင်တဲ့ ဘယ်သူမဆို ငါ့ကို စိန်ခေါ်ပြီး အဖြေရှာလို့ရတယ်”

များစွာသော တပည့်များသည် အေးခဲသွား ပြီးနောက် ကျယ်လောင်စွာ ကျိန်ဆဲ လိုက်ကြသည်။ လူတိုင်းက သူ့ကို တစ်ကြိမ် စိန်ခေါ်လျှင် မူလကျောက်စိမ်း အခုသုံးဆယ် ပေးရမည်မှန်း သိကြပေသည်။ သည်တန်ကြေးက လွန်စွာ မြင့်မားပေသည်။

ထို့ကြောင့် သူတို့အားလုံး ခေါင်းခါရုံသာ တတ်နိုင်ပေသည်။ အစောပိုင်းက သူတို့အားလုံး ဇူယွမ်၏ တိုက်ပွဲ စွမ်းအားကို တွေ့မြင်ခဲ့ကြပြီး အနိုင်ကျင့်၍ ရသော ပထမတန်း ကျောင်းသား တစ်ယောက်အဖြစ် မည်သူမှ အထင်မသေးရဲ ကြတော့ပေ။

ပိုပြီး အရေးကြီးသည်မှာ ဇူယွမ်က အစောပိုင်းကထက် ပိုမိုသန်မာလာခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် သူက ယခုအချိန်တွင် ပထမအဆင့် မူလစဦး ကျင့်ကြံသူအဖြစ် တက်လှမ်း ပြီးသောကြောင့် ဖြစ်သည်။

မည်သူမှ စိတ်မဝင်စားသည်ကို တွေရသောအခါ ဇူယွမ်အနေဖြင့် အနည်းငယ် စိတ်ပျက်မိ ပေသည်။ ကြည့်ရသည်မှာ မူလကျောက်စိမ်း သလင်းကျောက်များ ရရှိရန် သည်နည်းလမ်းက အလုပ် မဖြစ်တော့ဘူး ထင်သည် … ပထမတစ်ကြိမ် ပြီးပြီးနောက် သည်လူများကို နှစ်ကြိမ်မြောက် လှည့်စား၍ မရတော့ပေ။

ပထမတန်း ကျောင်းသား များကတော့ သူတို့အတွက် မယ်မယ်ရရ အကျိုးမရှိပဲ သည်ကိစ္စတွင် ပါဝင်ချင်ပုံ မရပေ။

ဂူဟွမ်ဂျီက သူမ၏ ပုလဲကဲ့သို့ ဖြူဖွေးနေသည့် သွားဖြင့် အံကြိတ်နေသည်။ အဆုံးတွင် သူမက ဇူယွမ်ကို စိန်းစိန်းဝါးဝါးသာ စိုက်ကြည့်နိုင် ပေသည်။ သူမအနေဖြင့် ဇူယွမ်၏ မူလချီကြယ်ပွင့် အရေအတွက်ကို သိချင်သော်လည်းပဲ ထိုကိစ္စက သူ့ကို စိန်ခေါ်တိုက်ခိုက် ရလောက်သည့် အကြောင်းပြချက် မဟုတ်ပေ။

“သူငါ့ရဲ့ စိတ်ဝင်စားမှုကို ခံရဖို့အတွက် သည်နည်းလမ်းကို အသုံးပြု နေတာလား”

ဂူဟွမ်ဂျီ၏ မျက်တောင်လေးများ တဖျတ်ဖျတ် ခတ်သွားသည်။ သူမကို နှစ်သက်သည့် လူငယ်များသည် သူမ၏ အကြည့်ကို ဖမ်းစားနိုင်ရန် အတွက် အမျိုးမျိုးသော နည်းလမ်းများနှင့် ကြိုးစားလေ့ ရှိကြသည်။

သို့သော်လည်း သူမ၏ တွေးထင်ချက်ကို လျင်မြန်စွာ ပြောင်းလဲလိုက် ရသည်။ အဘယ်ကြောင့် ဆိုသော် သူ၏ အကြည့်က ယောင်ယောင်ထံသို့ ရောက်ရှိသွား သောကြောင့် ဖြစ်သည်။ သူမနှင့် ယောင်ယောင်ကို နှိုင်းယှဉ်ကြည့် ပြီးနောက် သူမ၏ အနီရောင် နှုတ်ခမ်းကိုသာ ကိုက်နိုင်လိုက်သည်။ သူမက သူမ၏ အလှအပကို ဂုဏ်ယူနေ သော်လည်း သည်ပဟေဠိဆန်ပြီး သီးသန့်ဆန်သော မိန်းကလေးကသာ ကမ္ဘာပေါ်တွင် အများထဲမှ တစ်ယောက်သာ ရှိသော အလှဖြစ်ကြောင်း ဝန်ခံရပေ လိမ့်မည်။

သူမနှင့် ဇူယွမ်တို့သည် မည်သို့ ပတ်သက်နေမှန်း သူမမသိပေ။ ဒါပေမဲ့ သူတို့နှစ်ယောက်မှာ လွန်စွာ နီးကပ်နေကြသည် ကိုတော့ မငြင်းနိုင်ပေ။ သူတို့နှစ်ယောက် အတူနေထိုင် နေတာတော့ မဟုတ်ဘူးမလား။

လေထဲတွင် ချန်းယွင်က အထက်မှနေပြီး ဇူယွမ်ကို ငုံ့ကြည့်နေရာမှ ကျန်သော တပည့်များကိုလည်း တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။

“သည်နေ့ လေ့ကျင်မှုကတော့ ဒီမှာပဲ ရပ်နားလိုက်ပြီ။ နောက်နေ့တွေမှာ မင်းတို့ မူလတောင်ပေါ်မှာ နေ့တိုင်း လေ့ကျင့်ဖို့ လိုအပ်လိမ့်မယ်”

လူတိုင်းက လေးနက်စွာ ခေါင်းညိတ် လိုက်ကြသည်။ မူလတောင်က လွန်စွာ အကျိုး သက်ရောက်မှုရှိပြီး လူတိုင်းကို အံ့ဩဖွယ်ရာများ ကြုံတွေ့စေ သောကြောင့် သူတို့အားလုံး နေ့တိုင်းပုံမှန် သည်နေရာတွင် လေ့ကျင့်ရန် လိုအပ်ပေသည်။

“မူလချီတွေကို ကျင့်ကြံတာ အရေးကြီး သော်လည်းပဲ မူလကျင့်စဉ်တွေ ကျင့်ကြံဖို့ကိုလည်း မင်းတို့ လျစ်လျူရှုထားလို့ မရဘူး”

“မင်းတို့အားလုံး အပြင်ဘက် တောင်မှာရှိတဲ့ လျှို့ဝှက်သော ကျမ်းစာဆောင်မှာ မူလကျင့်စဉ်တွေကို သွားရောက် ငှားရမ်းလို့ရတယ်။ သို့သော်လည်း မူလကျင့်စဉ်တွေရဲ့ အဆင့်ကမြင့်လေ ငှားရမ်းရမယ့် တန်ဖိုးက ကြီးလေပဲ။ ဒါ့ပြင် အရာရာတိုင်းကို မူလ ကျောက်စိမ်းပြားနဲ့ပဲ ပေးချေရမယ်”

“လျှို့ဝှက်သော ကျမ်းစာဆောင်မှာလဲ များစွာသော သင်ကြား ပြသပေးတဲ့ သင်ကြားရေး ဆရာတွေ ရှိသေးတယ်။ မင်းတို့ ကျင့်ကြံနေတဲ့ မူလကျင့်စဉ်မှာ အခက်အခဲ တစ်စုံတစ်ရာ ရှိခဲ့ရင် မင်းတို့ သွားရောက် မေးမြန်းနိုင်တယ်။ တူညီစွာပဲ သည်ဝန်ဆောင်မှု အတွက်က မင်းတို့ မူလကျောက်စိမ်းတွေကို ပေးချေဖို့ လိုအပ်တယ်။ ကောင်းမွန်တဲ့ သင်ကြားရေး ဆရာဆို သူ့ရဲ့ တန်ကြေးကလည်း မြင့်မားလိမ့်မယ်”

ချန်းယွင်၏ စကားများ ကြားရချိန်တွင် တပည့်များအားလုံး ချွေးစို့သွား ကြသည်။ အဘယ်ကြောင့် မည်သည့် အရာမဆို မူလကျောက်စိမ်း လိုအပ်ရသနည်း။ သူတို့အားလုံးက မူလကျောက်စိမ်းကို သာမန်မဟုတ်မှန်း တွေးခဲ့မိသော်လည်း ယနေ့တွင် ၎င်း၏ အရေးပါမှုက သူတို့အား နက်နက်ရှိုင်းရှိုင်း ထုနှက်လေပြီ။

မူလကျောက်စိမ်း မရှိလျှင် သူတို့အားလုံး မူလကောင်းကင်ဘုံ ပန်းပင်များကို သူများထက် အချိန်နည်းပါးစွာ အသုံးပြုရ ပေလိမ့်မည်။

ကြည့်ရသည်မှာ လစဉ်ထောက်ပံ့ကြေး အဖြစ် ရရှိသည့် မူလကျောက်စိမ်း အပိုင်းအစ သုံးဆယ်ခုမှာ တကယ်ကို မလုံလောက်ပေ။

လူတိုင်း၏ မျက်နှာတွင် နာကျင်နေဟန်များ ပေါ်နေသည်။ ချန်းယွင်သည်လည်း သူတို့၏ စိုးရိမ်ပူပန်မှုကို နားလည်ပေသည်။ ထို့ကြောင့် သူက ဆက်ပြောခဲ့သည်။

“မူလကျောက်စိမ်း အတွက်ကတော့ မင်းတို့ လတိုင်းရနေကျ အခုသုံးဆယ်အပြင် လုပ်ငန်းတာဝန် ကြည့်ရှုတဲ့နေရာက အမျိုးမျိုးသော လုပ်ငန်း တာဝန်တွေကို ထမ်းဆောင် ပြီးတော့ ရှာဖွေနိုင်တယ်”

“သူတို့က ကင်းလှည့်ခြင်း၊ ညစောင့်လုပ်ခြင်း၊ မူလသားရဲတွေကို အမဲလိုက်ခြင်း၊ မူလ အရင်းအမြစ်များကို ရှာဖွေခြင်းစတဲ့ အမျိုးမျိုးသော တာဝန်တွေကို ပေးထားတယ်။ မင်းတို့သာ တာဝန်တွေကို ပြီးဆုံးအောင် လုပ်နိုင်ရင် မူလကျောက်စိမ်းတွေကို ဆုလာဘ်အဖြစ် ရရှိလိမ့်မယ်”

သည်စကားများကို ကြားရပြီးချိန်မှာ လူတိုင်းက စိတ်သက်သာရာ ရစွာ သက်ပြင်း ချလိုက်ကြသည်။ မူလကျောက်စိမ်း ရရှိရန် အခြားသော နည်းလမ်းများ ရှိသည့် အတွက်ကြောင့် သူတို့အနေဖြင့် နေ့ရက်တိုင်းတွင် အလွန်ခြွေတာပြီး သုံးစွဲရန် မလိုအပ်တော့ပေ။

ဇူယွမ်၏ မျက်လုံးအစုံမှာ တောက်ပနေသည်။ သူ့အနေဖြင့် လုပ်ငန်းတာဝန် ကြည့်ရှုသော နေရာသို့ သွားရန် စိတ်ပါဝင်စားခြင်း မရှိပေ။ သူ့တွင် ဟန်ရှန့်ထံမှ အနိုင်ရရှိ ထားသော မူလကျောက်စိမ်း အပိုင်းအစ သုံးဆယ် ရှိနေပေသေးသည်။ ထို့ကြောင့် သူပိုမို စိတ်ဝင်စားသည်မှာ အပြင်ဘက်တောင်၏ လျှို့ဝှက်သော ကျမ်းစာဆောင်ကို ဖြစ်သည်။

ထိုနေရာက အပြင်ဘက် တောင်များတွင် တည်ရှိသော်လည်းပဲ ကန်ရွှမ်း ကလန်ထဲတွင် တည်ရှိနေ သောကြောင့် ထိုနေရာတွင် ရှိသော မူလကျင့်စဉ်များမှာ အဆင့် မနိမ့်လောက်ပေ။

“ငါ့မှာ မူလကျင့်စဉ်တွေ ရှိပေမဲ့လည်းပဲ ကြီးမြတ်သော လေနှင့်မိုးကြိုး ကျင့်စဉ်တစ်ခု တည်းကပဲ ကောင်းကင်ဘုံငယ် အဆင့်ရှိတယ်။ နဂါးလက်ဝါး အပါအဝင် အခြားသော မူလကျင့်စဉ် တွေကလည်း ငါ့ရဲ့ ကျင့်ကြံမှု အဆင့်နှင့် ကိုက်ညီခြင်း မရှိတော့ဘူးပဲ”

ဇူယွမ် မိမိဘာသာ ရေရွတ်လိုက်သည်။ သူစွမ်းအား ကြီးလာသည် နှင့်အမျှ သူသင်ယူထားသော မူလကျင့်စဉ်များထဲမှ သူအသုံးပြုရန် သင့်လျော်သော ကျင့်စဉ်များမှာ နည်းသထက် နည်းလာပြီ ဖြစ်သည်။ တကယ်တော့ သူ့အနေဖြင့် အလုံးစုံသော စပါးအုံးသားရဲ ချီကျင့်စဉ်နှင့် အံ့ဖွယ်စပါးအုံး ကြေးခွံကိုသာ တိုက်ပွဲတွင် အများဆုံး အသုံးပြု နိုင်တော့သည်။

ထို့ကြောင့် သူ၏ စွမ်းအားများကို အထောက်အကူပြုရန် ကောင်းကင်ဘုံအဆင့် ကျင့်စဉ်အချို့ အလောတကြီး လိုအပ်ပေသည်။ ကံဆိုးချင်တော့ ထိုအဆင့်ရှိ ကျင့်စဉ်များမှာ ရရှိရန် ခက်ခဲလှပြီး သူအလွန်ကြိုးစား ခဲ့သောအခါမှ ကြီးမြတ်သော လေနှင့်မိုးကြိုး ကျင့်စဉ်တစ်ခုသာ ရရှိခဲ့သည်။

“ကြည့်ရတာ ငါ လျှို့ဝှက်သော ကျမ်းစာဆောင်ကို ချက်ချင်း သွားရမယ့်ပုံပဲ”

ဇူယွမ် မိမိဘာသာ ပြောဆိုနေစဉ်အတွင်း ချန်းယွင်မှာ သူရှင်းပြစရာ ရှိသည်များ ရှင်းပြပြီးဖြစ်၍ စတင် ပြန်နေပြီ ဖြစ်သည်။

ထိုအချိန်မှ မူလတောင်၏ လေထုမှာ စကားစမြည် ပြောသံများနှင့် ပြည့်နှက် သွားသည်။

ဂူဟွမ်ဂျီက ဇူယွမ်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူ့အား စကားပြောလိုဟန် မရှိတော့ပဲ တစ်ဖက်သို့ လှည့်ကာ တောင်အောက်သို့ ဆင်းသွားတော့သည်။ သူမက ဇူယွမ်၏ ငြင်းပယ်မှုကို အနည်းငယ် ကျွဲမြီးတို နေသည်မှာ သိသာပေသည်။

လုဖန်း ဦးဆောင်သော ရှန်ဖူတိုက်ကြီးမှ တပည့်များသည် သူ့အားခြံရံလျက် တောင်ပေါ်မှ ဆင်းလာခဲ့သည်။ သူ၏ ဟန်ပန် အမူအရာမှာ ပြောင်းလဲခြင်း မရှိသော်လည်းပဲ ဇူယွမ်ကို ဖြတ်ကျော်ပြီးသည့် အချိန်တွင် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။

“ငါမင်းနဲ့ ပတ်သက်ပြီး စိတ်မဝင်စားဘူး။ ဒါပေမဲ့ ငါနဲ့ ဂူဟွမ်ဂျီရဲ့ မိသားစုတွေက အသိအကျွမ်းတွေပဲ။ ဒါကြောင့် မင်းနဲ့သူမ အရမ်းကြီး မကျွမ်းဝင်လာဖို့ မျှော်လင့်တယ်။ ပြီးတော့ သူမကို နည်းနည်းလောက် ပိုပြီးတော့ လေးစားပေး”

“ငါမင်းနဲ့ ပြဿနာဖြစ်ဖို့ မရည်ရွယ်ဘူး မင်းကလည်း ဒီလိုမျိုး ဆက်ပြီး မလုပ်ဖို့ မျှော်လင့်တယ်”

ထို့နောက် ဇူယွမ်၏ အဖြေကို မစောင့်ပဲ ယခင်အတိုင်းပင် အထင်အမြင် သေးစွာဖြင့် ထွက်သွားသည်။

ရှန်ဇူတိုက်ကြီးမှ တပည့်များ ဖြစ်သည့် သူ၏ နောက်လိုက် နောက်ပါများသည် အကြောက်အရွံ့ ကင်းမဲ့စွာဖြင့် ဇူယွမ်ကို စိုက်ကြည့် နေရာမှာ လုဖန်း၏ အာရုံစိုက် ခံရသော သူ့ကို သနားသောဟန်ဖြင့် ကြည့်လိုက်ကြသည်။

ဇူယွမ်က သူတို့၏ အကြည့်တွေကို အာရုံမရှိပဲ လုဖန်း၏ နောက်ကျောကိုသာ မျက်မှောင်ကြုတ်ပြီး စိုက်ကြည့် နေခဲ့သည်။ သည်လို ထောင်လွှားနေသော ရှန်ဇူတိုက်ကြီးမှ တပည့်များက အလွန်ကို သဘောမကျစရာ ကောင်းပေသည်။

“ငါလည်းပဲ မင်းငါ့ကို ရန်လာမစမိစေဖို့ မျှော်လင့်ပါတယ်…”

သူ၏ မျက်လုံးအစုံမှာ ချက်ချင်း ကျဉ်းမြောင်းသွားပြီး မျက်ဝန်းအိမ်မှာ ဓားတစ်လက်အလား ထက်ရှသွားသည်။

ဒါမှမဟုတ်ရင် ငါ့ရဲ့လက်သီးက ရှန်ဇူတိုက်ကြီးရဲ့ ပါရမီရှင်တွေ ဖြစ်နေလည်း မျက်နှာသာပေးမှာ မဟုတ်ဘူး…


Comment

Leave a Reply


Options

not work with dark mode
Reset