Switch Mode

စာစဉ် (၁၆) အပိုင်း (၂၂၂)

မူလချီကြယ်ပွင့်များ

သိရှိနိုင်စွမ်း မရှိသော နယ်မြေအချို့မှ ညစ်ထုတ် စုဆောင်းလာသည့် ကမ္ဘာလောက၏ အဆီအနှစ်များသည် စီးကြောင်း တစ်ခုအသွင်ဖြင့် ဇူယွမ်၏ အထက်ရှိ ကောင်းကင်ယံတွင် ပေါ်လာခဲ့ပြီး ဇူယွမ်ပေါ်သို့ အဆုံးမဲ့စွာ ကျဆင်းသည်။

များစွာသော အာရုံစိုက်နေသည့် အကြည့်များ အောက်တွင် အချိန်များ လျင်မြန်စွာ ကုန်ဆုံးနေသည်။

မျက်စိတစ်မှိတ် အတွင်းတွင် အသက်ရှိုက်စာ (၁၀၀) ကြိမ် ကုန်ဆုံးသွားပြီ ဖြစ်သည်။

လူတိုင်းသည် မျက်တောင်ပင် မခတ်ရဲပဲ အချိန်ကို ဆက်လက် ရေတွက်နေသည်။

အသက်ရှိုက်စာ အကြိမ်(၁၀၀)… အကြိမ်(၁၅၀)၊ အကြိမ်(၂၀၀)

မကြာလိုက်ပဲ အသက်ရှိုက်စာ အကြိမ်သုံးရာခန့် ကုန်ဆုံးသွားသည်။ သူ့အပေါ် ဆင်းသက်နေသော ကမ္ဘာလောက၏ အဆီအနှစ်များသည် ဆက်လက် ကျဆင်းလျက်ရှိပြီး ကုန်ဆုံးတော့မည့် အရိပ်အယောင် မပေါ်သေးပေ။

အကြိမ်(၄၀၀)

အကြိမ်(၅၀၀)

တစ်ချိန်တည်းမှာပဲ ပထမတန်းရှိ ရှန်ဇူတိုက်ကြီးမှ တပည့်များ၏ အမူအရာမှာ အနည်းငယ် ပျက်ယွင်းနေပြီ ဖြစ်သည်။ သည်အချိန်ကာလက သူတို့ ကြာမြင့်ခဲ့သော အချိန်ထက် သာလွန်နေပြီ ဖြစ်သည်။

သူတို့က အောင့်သက်သက်နှင့် မှတ်ချက်ချသည်။

“သူ့မှာ စွမ်းရည် အချို့ရှိသားပဲ”

လုဖန်း တစ်ယောက်က တည်ငြိမ်စွာ ရှိပြီး မည်သည့် စိတ်ခံစားချက်မှ သူ၏ မျက်နှာပေါ်တွင် မပေါ်ပေ။

ကမ္ဘာလောက၏ ချီအဆီအနှစ်များက ဆက်လက် ကျဆင်းနေပြီး အချိန်သည်လည်း ဆက်လက် စီးဆင်းနေသည်။ မကြာခင်မှာပဲ အသက်ရှိုက်စာ အကြိမ်(၇၀၀)သို့ ရောက်ရှိလာ ခဲ့သည်။

အံ့အားသင့်နေသည့် အသံများက မူလတောင် တစ်ခွင်လုံး တိုးညင်းစွာ ထွက်ပေါ်လာသည်။ သည်အချိန် ကာလက သည်နေရာတွင် ရှိနေသော လူများ၏ (၉၀%) ထက် သာလွန်နေပြီ ဖြစ်ပြီး အချို့သော ပထမတန်း ကျောင်းသားများ သည်သာလျှင် ထိုနံပါတ်သို့ ရောက်ရှိခဲ့ပေသည်။

“သူ့ရဲ့ စိတ်ဝိညာဉ် ကျင့်ကြံမှုက အရမ်းမြင့်မားတယ် ဆိုတာ ငါ မယုံကြည်နိုင်ဘူး”

ချောင်းရှိုးက အံ့အားသင့်စွာ ပြောသည်။

လုဖန်းမှာ ချက်ချင်းပင် မျက်မှောင် ကြုတ်သွားသည်။

“ဒီကောင်…”

အသက်ရှိုက်စာ အကြိမ်(၇၀၀) ကြာပြီးသည့်တိုင် မူလစဦးချီများ ကောင်းကင်မှ ကျဆင်းနေသည်မှာ ရပ်တန့်မည့်ပုံ မရှိပေ။ သည်အရာက အချိန်ဆက်လက် ကြာရှည် နေသေးရန် လုံလောက် နေသေးပုံရသည်။

အကြိမ်(၇၅၀)… အကြိမ်(၈၀၀)၊ အကြိမ်(၁၀၀၀)

မူလတောင် တစ်ခွင်လုံး လုံးဝကို တိတ်ဆိတ် သွားခဲ့သည်။ ရှန်ဇူတိုက်ကြီးမှ ပထမတန်း တပည့်များသည် တံတွေး မျိုချလိုက်ပြီး မျက်ခုံးနှစ်ခု ထိစပ်လုမတတ် မျက်မှောင် ကြုတ်နေသည့် လုဖန်းအား လှမ်းကြည့် လိုက်ကြသည်။

ဇူယွမ်က သူ၏ မှတ်တမ်းထက် သာလွန်သွားပြီ ဖြစ်သည်။

သည်အရာက လုဖန်း၏ အမူအရာသည် ပိုမိုအတွေးနက် သွားစေသည်။ အသက်ရှိုက်စာ အကြိမ်(၁၀၀၀) ကြာပြီးသည့် တိုင်အောင် ကျဆင်းနေသော ကမ္ဘာလောက၏ အဆီအနှစ်များသည် အနည်းငယ်မျှပင် အားနည်းသွားခြင်း မရှိပေ။

အချို့သော ပထမတန်းမှ တပည့်များသည် အကူအညီမဲ့စွာ ပြောလိုက်ကြသည်။

“ဘယ်လောက်တောင် သန်မာလိုက်တဲ့ စိတ်ဝိညာဉ်လဲ။ သည်လောက် များပြားတဲ့ မူလစဦးချီတွေကို ပထမဆုံး အကြိမ်မှာ သူဘယ်လိုများ ပြန်လည် သယ်ဆောင်လာခဲ့လဲ မသိဘူး”

လုဖန်း၏ အကြည့်များက ထိုအခိုက်တွင် တောက်ပသွားသည်။ သူက ဇူယွမ်ကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ပြီး ပုံမှန်လေသံဖြင့် ပြောသည်။

“စိတ်ဝင်စားစရာပဲ”

“ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းလိုက်လဲ”

ဂူဟွမ်ဂျီ၏ မျက်လုံးအစုံမှာ ရေးရေးလေး တောက်ပနေပြီး သူ၏ အသံတွင် စိတ်ဝင်စားမှုများဖြင့် ပြည့်နှက်နေသည်။ သူမအနေဖြင့် သူ၏ စွမ်းဆောင်ရည်ကို မခန့်မှန်း နိုင်ကြောင်း နားလည်သွား ခဲ့သည်။

အစောပိုင်းက ထိုလူငယ်က သူမ၏ မျက်လုံးထဲတွင် သာမန်မျှသာ ဖြစ်သော်လည်း ယခုအချိန်တွင် အနည်းငယ်မျှပင် မတွေးတတ်အောင် ဖြစ်နေချေပြီ။

တိုးညင်းသော ပင့်သက် ရှိုက်သံများသည် တောင်တစ်ခွင်လုံးမှ ထွက်ပေါ်နေပြီး လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များ အောက်တွင် မူလစဦးချီများက ဆက်လက် ကျဆင်းနေကာ အသက်ရှိုက်စာ (၂၃၅၉)ကြိမ် မြောက်တွင် ရပ်ဆိုင်းသွားသည်။

တပည့်များသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီး ဘာပြောရမှန်းပင် မသိတော့ချေ။

ယခုချိန်တွင် မည်သူမှ ဇူယွမ်၏ မူလစဦးချီများ ပြန်လည် သယ်ဆောင်လာသည့် ကြာချိန်ကို ယှဉ်နိုင်စွမ်း မရှိကြပေ။ ထို့အပြင် သည်အရာက ဇူယွမ်၏ ပထမအကြိမ် ကြိုးပမ်းမှုသာ ဖြစ်သည်။

သည်အရာက လူတစ်ယောက်၏ အနာဂတ်တွင် မည်မှအောင်မြင် နိုင်မည်ကို မသတ်မှတ်နိုင် သော်လည်းပဲ ကောင်းကင်တံခါး အဆင့်ကို ရောက်ရှိစဉ်က လူတစ်ယောက်၏ မူလချီများ မည်မျှ မြင့်မားသည်ကို တိုင်းတာသည်နှင့် အတူတူပင် ဖြစ်သည်။ ထို့ကြောင့် သည်အရာက ဇူယွမ် မူလစဦး အဆင့်တွင် ရှိနေစဉ် အတွင်း အပြည့်အဝ အကျိုးရှိပေ လိမ့်မည်။

သူ့အတွက် ချီများကို တစ်ပတ် လှည့်သည်က အချို့သော သူများ၏ လှည်ပတ်သော အပတ်ရေ အချို့နှင့် ညီမျှပြီး သူတို့အားလုံးက အချိန်တိုအတွင်း အကျိုးကျေးဇူး ရရှိခြင်းတွင် ဇူယွမ်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

လုဖန်းက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး သူ၏ မျက်လုံးများက ညကဲ့သို့ နက်မှောင်နေသည်။ သူက အံ့အားသင့်နေသည့် ရှန်ဇူတိုက်ကြီး၏ တပည့်များကို ကြည့်လိုက်ပြီး အမှုမထားသည့် လေသံဖြင့် ပြောလိုက်သည်။

“အကုန်လုံး တောင်အပြင်ဘက်က မြေကြွက်တွေလို ဖြစ်မနေနဲ့။ သူ့ရဲ့ စိတ်ဝိညာဉ်က ငါတို့ထက် သန်မာတာ သူ့မှာ တော်တော်လေး အစွမ်းထက်တဲ့ စိတ်ဝိညာဉ်ကျင့်စဉ် ရှိလို့ဖြစ်မယ်”

“ငါ့အထင်တော့ သူက ပြင်းပြတဲ့ ရည်မှန်းချက်နဲ့ မူလချီကော စိတ်ဝိညာဉ်ကော ကျင့်ကြံတယ်နဲ့ တူတယ်”

“ပြင်းပြတဲ့ ရည်မှန်းချက်ရှိတာ ကောင်းပေမဲ့ လူတစ်ယောက်က ကျင့်ကြံခြင်း တစ်မျိုးကိုပဲ လုပ်နိုင်စွမ်း ရှိသလောက် လုပ်သင့်တယ်။ နှစ်မျိုးစလုံးကို ကျင့်ကြံသူတွေက သူတို့ရဲ့  အားထုတ် ကြိုးပမ်းမှုနဲ့ အာရုံစိုက်မှုကို နှစ်ခု ခွဲထားရတဲ့ အတွက် သူက ငါတို့လို ကျင့်ကြံခြင်းမှာပဲ အာရုံစူးစိုက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မလို့ ငါတို့အားလုံး နတ်ဘုံခန်းဝါ အဆင့်သို့ တက်လှမ်းတဲ့ အချိန်မှာ သူကတော့ မူလစဦး အဆင့်မှာပဲ ရုန်းကန်လှုပ်ရှား နေရဦးမှာပဲ”

“သည်လိုဆိုရင် သူဘယ်လောက် ကြာခဲ့လဲ ဆိုတာက အဓိပ္ပာယ် မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်း အခြေခံ အုတ်မြစ်ကို တကယ် ကိုယ်စားပြုတဲ့ ချီသိုလှောင်ခန်းမှာ သူ မူလချီကြယ်ပွင့် ဘယ်လောက်များများ ဖန်တီးနိုင်လဲ ဆိုတာက ပိုအရေးကြီးတဲ့ အပိုင်းဖြစ်သွားပြီ”

ထိုစကားကို ကြားရတဲ့ အချိန်မှာ အခြားသော တပည့်များ ကလည်း ခေါင်းညိတ် ထောက်ခံ လိုက်ကြသည်။ သူပြောသလိုပဲ နှစ်မျိုးလုံး ကျင့်ကြံသူများသည် အကျိုးကျေးဇူးများ ရရှိသည် မှန်သော်လည်း နှစ်ခုစလုံးကို ပိုင်နိုင် ကျွမ်းကျင်ရန် အလွန်ခက်ခဲ ပေသည်။ ထို့ကြောင့် လူတစ်ယောက်က ကျင့်ကြံခြင်း လမ်းစဉ် တစ်ခုတည်းကိုသာ ပိုမိုအာရုံစူးစိုက် သင့်ပေသည်။

အဆုံးတွင် သူတို့အားလုံး နတ်ဘုံခန်းဝါ အဆင့်သို့ ရောက်ရှိသွားပါက သူတို့ စိတ်ဝိညာဉ် များသည် ဇူယွမ်လောက် မသန်မာလျှင်တောင်မှ သူတို့အားလုံး ဇူယွမ်ကို တိုက်ခိုက်ပြီး လွယ်ကူစွာ အဆုံးသတ်နိုင် ပေလိမ့်မည်။

မူလချီကြယ်ပွင့် များကတော့ မူလချီနှင့် မူလစဦးချီများ ရောနှောပါဝင်ပြီး ဖြစ်တည်လာသော အလင်းအစက် အပျောက်များ ဖြစ်ပြီး ကြယ်များနှင့် ဆင်တူပေသည်။ ထို့ကြောင့် ထိုအရာများကို မူလချီကြယ်ပွင့်များဟု ခေါ်ပေသည်။

တစ်ယောက်က မေးလိုက်သည်။

“စီနီယာ အစ်ကိုလု ပထမဆုံး အကြိမ်တုန်းက မူလချီကြယ်ပွင့် ဘယ်လောက်များများ ဖြစ်တည်ခဲ့လဲ။ ကျွန်တော် ဖြစ်တည်ခဲ့တဲ့ ကြယ်ပွင့် အလုံးနှစ်ဆယ် ကျော်ထက်တော့ သာမယ်လို့ ယုံကြည်တယ်”

“ငါ ပထမအကြိမ် ကြိုစားကြည့်တုန်းက (၅၀)ထက် နည်းနည်းပဲ ကျော်ခဲ့တယ်”

လုဖန်းက အသာအယာ ပြုံးကာ ပြောသည်။

အခြားသူများက သူတို့၏ နှုတ်ခမ်းများကို လျှာဖြင့်သပ် လိုက်သည်။ မူလစဦးအဆင့် ရောက်သည်နှင့် ကြယ်ပွင့် အလုံးငါးဆယ်ကျော် ပိုင်ဆိုင်ခြင်းက လုဖန်း၏ မူလချီများ အလျှံအပယ် ရှိကြောင်းကို ဖော်ပြနေသည်။

ဂူဟွမ်ဂျီက ဇူယွမ်ကို အာရုံစိုက်ပြီး ကြည့်နေခဲ့သည်။ သူမက သူ၏ မူလစဦး ချီများကို ပြန်လည် သယ်ဆောင်သည့် အချိန်ကို တွေ့ပြီးနောက် သူ၏ စိတ်ဝိညာဉ် သန်မာမှုကို နားလည်ခဲ့သည်။ ထို့ကြောင့် မူလစဦး အဆင့်တွင် ပိုမိုအရေးကြီးသည့် မူလချီ ကြယ်ပွင့်များ မည်မျှရှိမည်ကို သိလိုပေသည်။

“ငါ (၆၃)လုံး ရခဲ့တယ်။ ဇူယွန် ဘယ်နှစ်လုံး ဖန်တီးနိုင်မလဲ ငါ သိချင်မိတယ်”

***

မူလတောင် တစ်ခွင်လုံး ဇူယွမ်ကြောင့် တုန်လှုပ်နေကြ သော်လည်း ဇူယွမ်မှာ ယခုချိန်အထိ သတိမမူ မိသေးပေ။ အဘယ်ကြောင့် ဆိုသော် သူ၏ ချီသိုလှောင်ခန်း အတွင်းရှိ လက်ရှိ အခြေအနေ မြင်ကွင်းကို ကြည့်ရှုနေ သောကြောင့် ဖြစ်သည်။

များပြားသော မူလစဦးချီများက သူ၏ ချီသိုလှောင်ခန်း ထဲတွင် စီးဆင်းနေပြီး ကြီးမားသော အပြောင်းလဲ တစ်ခု ဖြစ်ပေါ်နေသည်။

ဇူယွမ်၏ မူလချီ သိုလှောင်ခန်းမှာ အစပိုင်းတွင် သွေးနီရောင် ရှိသော်လည်း မူလစဦး အဆင့်သို့ ရောက်ပြီးနောက်တွင် ပိုမိုအရောင် တောက်လာခဲ့ပြီး ချီသိုလှောင်ခန်း မှာလည်း ပိုမိုကြီးမား ကျယ်ဝန်း လာခဲ့ပေသည်။

မှိန်ဖျော့သော ရှေးဟောင်း အစီအရင်များလည်း စတင်ပြီး ပေါ်လာခဲ့သည်။

မူလစဦးချီများက သူ၏ ချီသိုလှောင်ခန်းတွင် ချီများ ပိုမို သိုလှောင်နိုင်ရန် ချဲ့ထွင်ပေး နေသည်ကို ရှင်းလင်းစွာ ခံစားမိပေသည်။

ထပ်ပြီး၏တော့ မူလစဦးချီများက အတွင်းတွင် ရှိသော မူလချီများနှင့် ရောနှော သွားချိန်တွင် ထူးဆန်းပြီး အံ့ဩဖွယ် ကောင်းသော အခိုးငွေ့များ ဖြစ်ပေါ်လာပြီး သိပ်သည်းသော အလင်းအစက် လေးများ အသွင်ဖြစ်ပေါ်ကာ သူ၏ ချီသိုလှောင်ခန်း၏ ကောင်းကင်တွင် ကြယ်များအလား ဖြစ်ပေါ်သွားသည်။

ထိုအလင်းစက် များသည် သန့်စင်သော မူလချီများဖြင့် ပြည့်နေပြီး ရေးရေးလေး ပေါ်နေသော စပါးအုံး တစ်ကောင်ကဲ့သို့ အမှတ်အသားများက တစ်ခုစီတိုင်းတွင် မြင်နိုင်ပေသည်။

“ငါ့ရဲ့ မူလချီတွေကို အကုန်သုံးပြီး သွားပြီပဲ…”

ဇူယွမ်က သူ၏ ချီသိုလှောင်ခန်း အတွင်းမှ မူလချီများက မူလချီကြယ်ပွင့်များ ဖြစ်ပေါ်ပြီးနောက် လျင်မြန်စွာ ကုန်ဆုံးသွားသည်ကို ခံစားမိလိုက်သည်။

“ဒါတွေက မူလစဦးအဆင့်ရဲ့ အမှတ်အသား ဖြစ်တဲ့ မူလချီကြယ်ပွင့် တွေလား”

ဇူယွမ်က ဂရုတစိုက်နှင့် ကြယ်ပွင့်နှင့် တူသော အစက်ကလေးများကို ခံစားကြည့် လိုက်သည်။ သည်မူလ ချီကြယ်ပွင့်များက မူလစဦးအဆင့်၏ သင်္ကေတဖြစ်ပြီး လွန်စွာ အသုံးဝင် လှပေသည်။ တိုက်ပွဲတွင် သည်မူလချီ ကြယ်ပွင့်များက ထုတ်ပေးသည် မူလချီစွမ်းအား များက ပုံမှန်ထက်ပိုပြီး ပေါက်ကွဲ ဖျက်ဆီးနိုင်စွမ်း ရှိပေသည်။

မူလချီမှ ပြောင်းလဲသွားသော မူလချီကြယ်ပွင့် များသည် အမှန်တကယ်ကို ပေါက်ကွဲ နိုင်စွမ်းအား ရှိပေသည်။

ဇူယွမ်က နှလုံးသားထဲမှ ရေရွတ်လိုက်သည်။

“ပြောကြတာတော့ နတ်ဘုံခန်းဝါ အဆင့် ရောက်ရင် ကမ္ဘာတစ်ခုကို မူလချီတွေနဲ့ ဖန်တီးနိုင်ပြီး သူတို့ရဲ့ ချီသိုလှောင်ခန်းထဲမှာ သန်းနဲ့ချီတဲ့ ကြယ်ပွင့်တွေ ရှိတယ်။ ပြီးတော့ တိုက်ခိုက်တဲ့ အချိန်မှာ သူတို့က ကြယ်တွေကို မူလချီတွေအဖြစ် ဘယ်အချိန်မဆို ပြောင်းလဲနိုင်တဲ့ အတွက် ဘယ်မူလစဦး အဆင့်မဆို သူတို့နဲ့ မယှဉ်နိုင်ဘူးဆိုပဲ”

ထို့နောက် သူ၏ ချီသိုလှောင်ခန်း အတွင်းမှ မူလချီ ကြယ်ပွင့်များကို ရေတွက် လိုက်သည်။

ရေတွက်ပြီးချိန်တွင် သူ၏ ချီသိုလှောင်ခန်း အတွင်း၌ မူလချီကြယ်ပွင့် (၁၄၆) ခုအထိ ဖြစ်တည်နေပြီး ဖြစ်သည်။

“ငါထပ်ပြီး ကြားဖူးတာတော့ နဝမမြောက် မူလစဦးအဆင့် ရောက်တဲ့အချိန်မှာ မူလချီကြယ် အရေအတွက် များရင် များသလောက် သူ့ရဲ့ နတ်ဘုံခန်းဝါ ဖြစ်တည်လာရင် မြင့်မားတဲ့ အရည်အသွေးကို ရရှိတယ်ဆိုပဲ”

ဇူယွမ်သည် မူလချီကြယ် အရေအတွက် မည်မျှရှိသည်ကို ရေတွက်ပြီး နောက်တွင် နတ်ဘုံခန်းဝါ အဆင့်သို့ ရောက်ရှိသည်နှင့် ရရှိမည့် အကျိုး ကျေးဇူးများကို တွေးမိပြီး စိတ်အားထက်သန် နေပေသည်။

တွေးတောနေရင်းမှ သူ၏ ချီသိုလှောင်ခန်း အတွင်းရှိ ကြယ်များကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက် ပြီးနောက် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။

ကျင့်ကြံခြင်း စင်မြင့်ပေါ်တွင် ဇူယွမ်၏ ပိတ်ထားသော မျက်လုံး အစုံသည် နောက်ဆုံးတွင် ပွင့်လာခဲ့ပြီးနောက် ချက်ချင်းပင် သူ့ထံသို့ ရောက်နေသော မရေမတွက် နိုင်သည့် အကြည့်များကို ခံစားမိလိုက်သည်။

“ဟေ့…”

ရှင်းလင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဇူယွမ်က ခေါင်းမော့ကြည့် လိုက်လျှင် ဂူဟွမ်ဂျီက သူ့အား တောက်ပစွာ ကြည့်နေသည်ကို တွေ့လိုက်ရပြီး သူမက ချက်ချင်းပင် မေးလာခဲ့သည်။

“နင့်မှာ မူလချီကြယ်ပွင့်တွေ ဘယ်နှစ်လုံးရှိလဲ”

Comment

Leave a Reply

Options

not work with dark mode
Reset