ထိုမတည်မြဲသည့် ရှေးကျသော နယ်မြေတွင် ကမ္ဘာလောက၏ အဆီအနှစ်များကို သေးငယ်ပြီး ရှေးဆန်သော အရှိန်အဝါများ ပေးစွမ်းနေသည့် အမျှင်တန်း လေးများအဖြစ် တွေ့မြင်နိုင် ပေသည်။
ထိုချီများနှင့် တူသော ကမ္ဘာလောက၏ အဆီအနှစ်ကို အာရုံ စိုက်ကြည့်ရင်း ဇူယွမ်၏ စိတ်ထဲတွင် လိုချင် တပ်မက်မှုများ မြင့်တက်လာ ခဲ့ပေသည်။
ဇူယွမ်၏ စိတ်ဝိညာဉ်က ထိုနယ်မြေ အတွင်းတွင် ရပ်တန့်လိုက်ပြီး အရှေ့ဆီသို့ မျှော်ကြည့် လိုက်သည်။ သို့သော် နယ်မြေကြီးသည် အဆုံးမဲ့ပြီး သူ့အနေဖြင့် နယ်မြေ၏ အနားသတ်ကို မြင်နိုင်ခြင်း မရှိခဲ့ပေ။
“ဒါဆို ဒါက မူလစဦး အဆင့်ပေါ့”
ဇူယွမ်က မိမိဘာသာ ရေရွတ်လိုက်သည်။ မူလစဦး အဆင့်သို့ တက်လှမ်းပြီး သူများသည် မူလစဦး ကောင်းကင်ဘုံ အလွှာကို သူတို့၏ စိတ်ဝိညာဉ်များဖြင့် မြင်နိုင်စွမ်းရှိပြီ ဖြစ်သည်။
“ငါ့အထင်တော့ ငါ့ရဲ့ စိတ်ဝိညာဉ်ကို အသုံးပြုပြီး မူလစဦးချီတွေကို ဒီနေရာကနေ ငါ့ရဲ့ ခန္ဓာကိုယ်ထဲကို ရွှေ့ပြီး ငါ့ရဲ့ ချီသိုလှောင်ခန်းကို ပြောင်းလဲရမယ်နဲ့ တူတယ်”
ထင်ရှားစွာပင် သူ၏ စိတ်ဝိညာဉ် စွမ်းအားက မူလစဦး ကောင်းကင်ဘုံ အလွှာတွင် ကြီးစွာ အကျိုးပြုပေသည်။ စွမ်းအား ပြည့်ဝသော စိတ်ဝိညာဉ်ဖြင့် ဆိုပါက မူလစဦးချီများကို စုပ်ယူရာတွင် အခြားသူများထက် ပိုမိုစုပ်ယူနိုင်ပြီး အကျိုး သက်ရောက်မှုက ပိုမိုသာလွန် ပေသည်။
သည်အချက်ကြောင့် ဇူယွမ်က ညင်သာစွာ ရယ်မောလိုက် ပေသည်။ သည်အချက်က သူ၏ သာလွန်သော အချက်ပင် ဖြစ်သည်။ သူနှင့် အဆင့်သူ များကြားတွင် သူကဲ့သို့ သန်မာပြီး စွမ်းအား ပြည့်ဝသော စိတ်ဝိညာဉ် ရှိသူများမှာ မရှိသလောက် ရှားပေသည်။
ယောင်ယောင်မှာတော့ ချွင်းချက် ဖြစ်သည်။
ထို့ပြင် မည်သူမှ နတ်ဘုရား ဖျက်ဆီးခြင်း ကျောက်တုံး ကျင့်စဉ်ကဲ့သို့ အဆင့်မြင့် စိတ်ဝိညာဉ် ကျင့်စဉ်မျိုးကို ပိုင်ဆိုင်နိုင် လိမ့်မည် မဟုတ်ပေ။
သူတော်စင် သွေးစက်၏ ကောင်းချီးကို ရရှိပြီးနောက်တွင် ဇူယွမ်၏ စိတ်ဝိညာဉ်မှာ ပိုမို ရုပ်လုံး ပေါ်လာခဲ့ပြီး စိတ်ဝိညာဉ် ပုံဖော်ခြင်း အထက်အဆင့်သို့ ပြည့်စုံစွာ ရောက်ရှိနေပြီ ဖြစ်သည်။ အခါအခွင့် သင့်သည်နှင့် ဒြပ်ထည် အဆင့်ကို ချောမွေ့စွာ ရောက်ရှိသွားမည် ဖြစ်သည်။
သာမန်စကားနှင့် ပြောပါက စိတ်ဝိညာဉ် ကျင့်ကြံခြင်း မရှိသည့် လူတစ်ယောက်သည်ပင် သူတို့၏ မူလချီ ကျင့်ကြံခြင်းတွင် မူလစဦးအဆင့်သို့ ရောက်ရှိပါက သူတို့၏ စိတ်ဝိညာဉ်မှာလည်း သန်မာလာမည် ဖြစ်သည်။ သို့သော်လည်း ထိုသို့ စိတ်ဝိညာဉ် အစွမ်းမြင့်တက် လာခြင်းမှာ အကန့်အသက် နှင့်သာဖြစ်ပြီး အများဆုံး အနေဖြင့် အစောပိုင်း စိတ်ဝိညာဉ် ပုံဖော်ခြင်း အဆင့်သို့သာ ရောက်ရှိနိုင် ပေသည်။
ဇူယွမ်၏ ပြည့်စုံသော စိတ်ဝိညာဉ် ပုံဖော်ခြင်း အဆင့်နှင့် နှိုင်းယှဉ်ပါက သူတို့အကြား ကွာခြားချက်မှာ အလွန်ကြီးမား လှပေသည်။
ထိုကြောင့် အဆုံးတွင် ဇူယွမ်၏ စိတ်ဝိညာဉ်မှာ မူလစဦး အဆင့်တွင် ကြီးမားသော အကျိုးကို ပေးပေလိမ့်မည်။
ဇူယွမ်၏ စိတ်ထဲမှာ တွေးတောပြီးနောက် နောက်ထပ် အချိန်မဆွဲတော့ပဲ ဆုံးဖြတ်ချက် ချလိုက်သည်။ သူ၏ စိတ်ဝိညာဉ် စွမ်းအားကို ထုတ်ဖော် လိုက်ပြီးနောက် ကြီးမားသော လက်ကြီးများ အသွင် ပြောင်းလဲသွားကာ သေးငယ်သော အမျှင်ပုံစံ ဖြစ်နေသည့် ကမ္ဘာလောက၏ အဆီအနှစ်များကို ဆွဲယူလိုက်သည်။
သူ၏ စိတ်ဝိညာဉ် စွမ်းအားများမှာ စိတ်ဝိညာဉ်၏ ပတ်ပတ်လည်တွင် လည်ပတ်နေပြီး ကမ္ဘာလောက၏ အဆီအနှစ် အမျှင်တန်းများကို ဆက်လိုက်ပြီး တစ်မျှင်ပြီး တစ်မျှင် စုဆောင်း နေပေသည်။
အမွှေးတိုင် တစ်တိုင်စာ ကုန်ဆုံးချိန်တွင် သူ၏ ပတ်ပတ်လည်ရှိ ကမ္ဘာလောကကြီး၏ အဆီအနှစ်များမှာ လွန်စွာ ထူထပ်လာ ပေသည်။
တစ်ချိန်တည်းမှာပဲ ပတ်ဝန်းကျင်ရှိ ကမ္ဘာလောကကြီး၏ အဆီအနှစ် ချီများမှာလည်း စုဝေးလာခဲ့သည်။
သာမန်အတိုင်း ဆိုလျှင် အစောပိုင်း စိတ်ဝိညာဉ် ပုံဖော်ခြင်း စိတ်ဝိညာဉ် တစ်ခုသည် မူလစဦး ကောင်းကင်ဘုံ အလွှာအတွင်း၌ အမွှေးတိုင် တစ်တိုင်စာ ကုန်ဆုံးချိန်အထိ မနေနိုင်ပဲ ခြေကုန်လက်ပန်း ကျကာ အပြင်သို့ အတင်းအကျပ် ဖယ်ထုတ်ခံရမည် ဖြစ်သည်။
သို့သော်လည်း ဇူယွမ်က ထိုသို့သော သူများနှင့် ကွဲပြားပေသည်။ သူ့အနေဖြင့် သူ၏ စိတ်ဝိညာဉ်မှာ သည်နေရာတွင် ဆက်လက် တည်ရှိရန် စွမ်းအား လုံလောက်နေပေ သေးသည်။ ထို့ကြောင့် အရှေ့သို့ ဆက်လက် တက်သွားပြီး အခြားသော ကမ္ဘာလောက၏ ချီအဆီအနှစ် ပေါများသော နေရာများကို ရှာဖွေကာ ပြန်လည် စတင်ပြီး စုဆောင်းလိုက်သည်။
ချီအဆီအနှစ်များကို ပျော်ရွှင်စွာ စုဆောင်း နေသည်မှာ အချိန်အချို့ ကြာမြင့်သွား ပြီးနောက် သူ၏ စိတ်ဝိညာဉ်မှာ ပင်ပန်းလာသည့် အတွက်ကြောင့် ရပ်နားလိုက်ရသည်။
ယခုချိန်တွင် ကမ္ဘာလောက၏ ချီအဆီအနှစ်များက ဇူယွမ်၏ စိတ်ဝိညာဉ် ပတ်ပတ်လည်တွင် ရစ်ပတ်နေသည်မှာ အလွန်တရာ အထင်ကြီး လောက်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေပေသည်။
ဇူယွမ်က သူ၏ ကြိုးစားမှုကြောင့် ရလာသော အသီးအပွင့်များကို ကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ် လိုက်သည်။ အတွေး တစ်ချက်နှင့် သူ၏ စိတ်ဝိညာဉ်အား မူလစဦး ကောင်းကင်ဘုံ အလွှာမှ ထွက်ခွာလိုက် ပေသည်။
မြင်တွေ့နိုင်ခြင်း မရှိသော သူ၏ စိတ်ဝိညာဉ်က စုဆောင်းထားသော ကမ္ဘာလောက၏ ချီအဆီအနှစ်များကို ထိန်းကျောင်းကာ သူ၏ ရုပ်ခန္ဓာ အတွင်းသို့ ဆွဲသွင်းလာသည်။
***
မူလတောင်…
ထိုအချိန်တွင် များစွာသော ကျင့်ကြံခြင်း စင်မြင့်များပေါ်မှ တောက်ပနေသော ရွှေရောင် အလင်းများမှာ တဖြည်းဖြည်းနှင့် မှိန်ဖျော့ လာခဲ့သည်။ မူလကောင်းကင်ဘုံ ပန်းပင်များ၏ ညှာတံတစ်ခုပြီး တစ်ခုမှ ပွင့်ချပ် ပွင့်ဖတ်များမှာ ပြန်လည် ဖူးငုံသွားပြီး သူတို့မှ ထွက်ပေါ်နေသော ရွှေရောင် အလင်းများမှာလည်း စွမ်းအင်ကုန်ဆုံး သွားသည့်အလား ညို့မှိုင်းသော အရောင်များသို့ ပြောင်းလဲသွားသည်။
ကျင့်ကြံခြင်း စင်မြင့်ပေါ်တွင် ရှိသော တပည့် အများအပြားမှာ ကျေနပ်ပျော်ရွှင် နေသော မျက်နှာများဖြင့် ထိုင်လျက် ရှိကြသည်။ သည်ကျင့်ကြံခြင်း အချိန်ကာလတွင် သူတို့အားလုံး အကျိုး ကျေးဇူးများစွာ ရရှိလိုက်ပေသည်။ ပိုပြီး အရေးကြီးသည်မှာ သူတို့အားလုံး ကန်ရွှမ်း ကလန်သို့ ဝင်ရောက် လိုက်ခြင်းကြောင့် အံ့ဩဖွယ် ကောင်းသော ခံစားချက်များ ရရှိလိုက်ခြင်း ဖြစ်သည်။
အပြင်ဘက် ကမ္ဘာတွင် သည်ကဲ့သို့ ကျင့်ကြံခြင်း နည်းလမ်းများကို စီစဉ်ပေးနိုင်ခြင်း မရှိပေ။ အဘယ်ကြောင့် ဆိုသော် သာမန်ကလန် လေးများသည် လွန်စွာမှ ချို့တဲ့လွန်းပေသည်။
ယောင်ယောင်က အပျင်းကြော ဆွဲလိုက်သည်နှင့် သူ၏ သေးကျဉ်းသော ခါးနှင့် ထင်ရှား ပေါ်လွင်သော ကောက်ကြောင်းများ ထွက်ပေါ်လာပြီး မြင်လိုက်ရသော သူအချို့၏ အကြည့်များကို ဆွဲယူသွားခဲ့သည်။
ပထမတန်း တပည့်ဖြစ်သည့် ယောင်ယောင်၏ ဂုဏ်သတင်းနှင့် ကျော်ကြားမှုက တပည့်အသစ်များ ကြားတွင် ဇူယွမ်ထက် ပိုမိုကျော်ကြား ပေသည်။ မနေ့က များစွာသော သူများသည် သူမ၏ အကြောင်းကို သိရှိနိုင်ရန်အတွက် လျှို့ဝှက် စုံစမ်းမှုများပင် ပြုလုပ်နေကြ ပေသည်။
ယောင်ယောင်က တကယ့်ကို လှပလွန်းပေသည်။ ထပ်ပြီးတော့ သူမ၏ အေးစက်မှုနှင့် သီးသန့်ဆန်သော အမူအကျင့်က သာမန် လူများအား သူမကို ချဉ်းကပ်ရန် မဝံ့မရဲ ဖြစ်စေသည်။
သူမနှင့် အဆင့်အတန်း တူညီသည့် ပထမတန်းမှ တပည့်များသာလျှင် သူမနှင့် ယှဉ်တွဲရန် ကြံစည်ဝံ့ ပေလိမ့်မည်။
ယောင်ယောင်က သူတို့၏ အကြည့်များကို လျစ်လျူရှု ထားပေသည်။ ထန်ထန်ကို လက်မှာ ပွေ့ထားရင်း အရှေ့တွင် ရှိသော ဇူယွမ်၏ ကျင့်ကြံခြင်း စင်မြင့်ကိုသာ လှမ်းကြည့်နေ ပြီးနောက် ရုတ်တရက် သူမ၏ အနီရောင် နှုတ်ခမ်းက လှုပ်ရှားသွားပြီး ညင်သာသော အော်သံလေး တစ်ခု ထွက်ပေါ်လာသည်။
“အို…”
သူမက ဇူယွမ်၏ စိတ်ဝိညာဉ်မှာ ဆန်းကျယ်စွာ သက်ဝင်လှုပ်ရှား နေသည်ကို မြင်လိုက်ရသည်။
“ဒါက … သူ့ရဲ့ စိတ်ဝိညာဉ်က မူလကောင်းကင်ဘုံ အလွှာကို ဝင်ရောက် နေတာလား။ သူနောက်ဆုံးတော့ ပထမအဆင့် မူလစဦး ကျင့်ကြံသူ တစ်ယောက်အဖြစ် တက်လှမ်း နိုင်ပြီပေါ့”
ယောင်ယောင် အနည်းငယ် အံ့အားသင့် သွားပေသည်။
ဘန်း…။
ယောင်ယောင်၏ စကား အဆုံးသတ်တွင် ထူးဆန်းသော အသံတစ်ခုက ကောင်းကင်ယံတွင် ပေါ်ထွက်လာ ခဲ့သည်။ တပည့်များက အပေါ်သို့ မော့ကြည့် လိုက်သည်နှင့် လေထုထဲတွင် ပန်းဆွဲသဖွယ် တွဲလွဲကျနေသည့် ကမ္ဘာလောက၏ အဆီအနှစ်များကို မြင်တွေ့လိုက် ရသည်။
“ဒါက… မူလစဦး ချီတွေလား…”
ကမ္ဘာလောက အဆီအနှစ်များ ဖြစ်ပေါ်နေသည့် မြင်ကွင်းက တပည့်များကို အံ့အားသင့်စွာ အော်ဟစ်စေသည်။
“တစ်စုံ တစ်ယောက်က မူလစဦးအဆင့်ကို တက်လှမ်း နေတာလား”
လူတိုင်း အနည်းငယ် ကြောင်အသွား ခဲ့ကြသည်။ လူတိုင်းက ထိုသို့သော မြင်ကွင်းမျိုးနှင့် ရင်းနှီးပေသည်။ ထိုအရာက လူတစ်ယောက်က မူလစဦး အဆင့်သို့ ရောက်ရှိသွားခဲ့သည့် အတွက် မူလစဦး ကောင်းကင်ဘုံ အလွှာနှင့် ချိတ်ဆက်ပြီး မူလစဦးချီများကို ပြန်သယ်ဆောင်လာခြင်း ဖြစ်သည်။
တခြားစကားလုံးဖြင့် ပြောပါက တစ်စုံ တစ်ယောက်က မူလစဦး အဆင့်သို့ အဆင့် တက်နေခြင်းပင် ဖြစ်သည်။ သို့သော် သူတို့ထဲမှာ မူလစဦးအဆင့်သို့ တက်နေသူမှာ မည်သူနည်း။
“အဲဒါက ဇူယွမ်လား”
မှတ်မိသော သူတစ်ယောက်က လျင်မြန်စွာ အော်ပြောလိုက်သည်။
လူတိုင်းက အံ့အားသင့် နေသော အကြည့်များဖြင့် ဇူယွမ်ရှိရာသို့ လှမ်းကြည့် လိုက်ကြသည်။
အသေအချာပင် ပတ်ဝန်းကျင်ရှိ ကောင်းကင်မှ ကမ္ဘာလောက၏ ချီအဆီအနှစ်များက သူ့ခန္ဓာကိုယ် အတွင်းသို့ စီးဝင်နေသည်ကို သူတို့၏ မျက်လုံးများဖြင့် အနီးကပ် မြင်လိုက်ရသည်။
“ဟမ့် သူက တစ်ဝက်တစ်ပျက် မူလစဦး အဆင့်မှာ ရန်ပွဲတစ်ပွဲ ဖြစ်ပြီးတော့ အပြင်ဘက် ကမ္ဘာကို ပြန်မဆင်းခင် ကြောက်ကြောက် လန့်လန့်နဲ့ မူလစဦး ပထမအဆင့်ကို ဝင်ရောက်တယ်ပေါ့”
အချို့သော ရှန်ဇူတိုက်ကြီးမှ တပည့်များက ထိုမြင်ကွင်းကို မြင်ချိန်တွင် လူပါးဝစွာ ဟာသလုပ်ကြသည်။
သူတို့၏ စကားလုံးထဲတွင် လှောင်ပြောင်ခြင်းနှင့် စိတ်ကြီး ဝင်နေခြင်းများ ပါဝင်နေပေသည်။
ပထမတန်းမှ တပည့် တစ်ယောက်ကာ လုဖန်းကို ပြုံးပြလိုက်ပြီး မေးလိုက်သည်။
“လုဖန်း မင်း မူလစဦး အဆင့်ကို စရောက်တုန်းက မူလစဦးချီတွေကို ပြန်လည် သယ်ဆောင်လာတဲ့ အချိန်က ဘယ်လောက် ကြာခဲ့လဲ”
လုဖန်း၏ မျက်နှာ အမူအရာမှာ ပြောင်းလဲခြင်း မရှိပဲ ဖြေသည်။
“အသက် (၉၃၅)ကြိမ် ရှိုက်စာ”
ထိုအချိန်ကာလမှာ မူလစဦး အဆင့်သို့ ပထမဦးဆုံး တက်လှမ်းချိန်မှ မူလစဦးချီများ ချီသိုလှောင်ခန်း အတွင်းသို့ အကုန် ဝင်ရောက်သွားသည့် အဆုံးသတ် အချိန်ထိ တွက်ချက်ထားခြင်း ဖြစ်သည်။ ထိုအချိန် ကာလလေးမှာ လျင်မြန်စွာ ကုန်ဆုံး လွယ်သောကြောင့် အသက်ရှိုက်စာ ပမာဏနှင့် တွက်ချက်ထားခြင်း ဖြစ်သည်။
ကောင်းကင်တံခါး အဆင့်သို့ ရောက်ရှိချိန်တွင် ထွက်ပေါ်လာသော မူလချီများကို ပေဖြင့် တိုင်းတာသကဲ့သို့ မူလစဦး အဆင့်သို့ ရောက်ရှိချိန်တွင် မူလစဦးချီများ ပြန်လည် သယ်ဆောင် လာသောအချိန် မည်မျှ ကြာသည်ကို အခြေခံအားဖြင့် တိုင်းတာပေသည်။ မူလစဦးချီများကို ကြာရှည်စွာ စုပ်ယူနိုင်လေ ပိုပြီး အကျိုးရှိလေ ဖြစ်သည်။
“အံ့ဩစရာပဲ…”
အခြားသော ပထမတန်း တပည့် တစ်ယောက်က လုဖန်း၏ အဖြေကို ကြားရချိန်တွင် ချီကျူးပြောဆိုသည်။
“ငါ ပထမဆုံးအကြိမ် မူလစဦး ချီတွေကို ပြန်လည် သယ်ဆောင် ချိန်တုန်းက အသက်ရှိုက်စာ (၄၀၀)ကြိမ်ပဲ ကြာခဲ့တာ”
“ငါရောပဲ”
“ကြည့်ရတာ အစ်ကို လုဖန်းရဲ့ စိတ်ဝိညာဉ်က အတော်ကို သန်မာတာပဲ”
လုဖန်းက အသာအယာ ရယ်မောလိုက်ပြီး…
“အတိတ်တုန်းက ငါဟာ ကံကောင်းမှု တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး ငါ့ရဲ့ စိတ်ဝိညာဉ်က မူလစဦး အဆင့်သို့ အဆင့် တက်နေချိန်မှာ အလယ်အလတ် စိတ်ဝိညာဉ် ပုံဖော်ခြင်း အဆင့်ကို ရောက်ရှိခဲ့တယ်”
“အံ့ဩစရာ မဟုတ်ဘူးပဲ”
လူအုပ်ကြီးက ခေါင်းညိတ်လိုက် ကြသည်။ သူတို့ထဲမှ အများစုက အစောပိုင်း စိတ်ဝိညာဉ် ပုံဖော်ခြင်း အဆင့်များ ဖြစ်ကြသည့် အတွက် လုဖန်းနှင့် မယှဉ်နိုင်ကြပေ။
“ဟီး ဟီး ဇူယွမ် မူလစဦး ချီတွေကို ပြန်လည် သယ်ဆောင်လာတာ ဘယ်လောက် ကြာမလဲ ဆိုတာကို ငါတကယ် သိချင်မိတယ်”
သူတို့က ပြုံးဖြဲဖြဲနှင့် ဇူယွမ်ဆီသို့ လှမ်းကြည့်လိုက်ပြီး ဘာဆက်ဖြစ်မလဲ ဆိုသည်ကို သဘောကျစွာဖြင့် စောင့်ကြည့် နေကြသည်။
ဇူယွမ်က ဟန်ရှန့်ကို အနိုင်ယူ လိုက်သည့် ကိစ္စအပြီးတွင် သူတို့ ရှန်ဇူတိုက်ကြီးမှ တပည့်များ မျက်နှာ ပျက်ရပြီး ဖြစ်သည်။ ထို့ကြာင့် သူတို့အားလုံးက မစ္ဆရိယစိတ်ဖြင့် ဇူယွမ်ကို စောင့်ကြည့် နေကြသည်။
လူအုပ်များက တစ်ယောက်နှင့် တစ်ယောက် တီတိုးပြောဆို နေကြပြီး ဂူဟွမ်ဂျီကလည်း သူ့ကို ကြည့်ရှုနေပေသည်။ ပထမအကြိမ် သူမ မူလစဦးချီများကို ပြန်လည် သယ်ဆောင်ချိန်မှာ အသက်ရှိုက်စာ အကြိမ် တစ်ထောင်အထိ ကြာမြင့်ခဲ့ပြီး လုဖန်းထက် ပိုမိုကြာခဲ့ပေသည်။
ထိုကြောင့် သူမသည်လည်း ဟန်ရှန့်ကို အနိုင်ယူလိုက်သည့် သည်လူငယ်လေးက မည်မျှ စွမ်းဆောင် နိုင်မည်ကို စိတ်ဝင်စား ပေသည်။
သူ၏ နံဘေးတွင်လည်း အစောပိုင်းက ဇူယွမ်အတွက် ပြောဆိုပေး ခဲ့ဖူးသော ချောင်းရှိုးနှင့် အခြား ရှန်ဇူတိုက်ကြီးမှ မဟုတ်သည့် တပည့်များကပင် စောင့်ကြည့် နေကြသည်။
လေထဲတွင် ချန်းယွင်လည်း ဇူယွမ်ဘက်သို့ လှည့်ကာ ဂရုတစိုက် ကြည့်လိုက်သည်။
အားလုံးသော အကြည့်များ အောက်တွင် ဇူယွမ်က မျက်လုံး ပိတ်လျက်ရှိနေပြီး ကမ္ဘာလောက၏ အဆီအနှစ် များကလည်း ဆက်လက် ကျဆင်းလျက် ရှိပေသည်။
အသက်ရှိုက်စာ အချိန်များ တစ်ရှိုက်ပြီး တစ်ရှိုက် လျင်မြန်စွာ ကုန်ဆုံးသွားသည်။