Switch Mode

စာစဉ် (၁၆) အပိုင်း (၂၂၀)

မူလကောင်းကင်ဘုံ အလွှာ

မူလကောင်းကင်ဘုံ ပန်းပင်များသည် ကြီးမားသော မူလတောင်ကြီး ပေါ်တွင် ယိမ်းထိုးနေကြပြီး သူတို့ အနီးဝန်းကျင်တွင် ရွှေရောင် စက်ဝန်းများ ဖြစ်ပေါ်နေကာ ထိုမြင်ကွင်းက ရွှေရောင်များ တောက်ပနေသည့် အလွန်အမင်း ခမ်းနား ထည်ဝါသော မြင်ကွင်း တစ်ခုကို ဖြစ်ပေါ်စေသည်။

သင်းရနံ့ တစ်မျိုးက ဧရိယာ တစ်ခုလုံးတွင် ပျံ့လွင့်နေသည်။

ပန်းပင်များ၏ အမြစ်များက တောင်ကြီး၏ အနက်ရှိုင်း ဆုံးသော နေရာများတွင်ပင် ရှိနေပြီး အထဲရှိ မူလချီများကို စုပ်ယူနေသည်။ ရွှေရောင် ပန်းပွင့်ကြီးများ တစ်ပွင့်ပြီး တစ်ပွင့် ပွင့်လန်းလာခဲ့ပြီး အဆုံးမဲ့ပြီး သန့်စင်သော မူလချီများက သွန်ကျနေ ပေသည်။

များစွာသော ရွှေရောင် ဝတ်မှုံများ အတွင်းတွင် သန့်စင်သော မူလချီများ ပါဝင်နေပြီး ထူးဆန်းသော သင်းရနံ့ တစ်မျိုးကို ထုတ်လွင့် ပေးလျက်ရှိသည်။

“သန်စင်လွန်းတဲ့ မူလချီတွေပဲ”

မူလကောင်းကင်ဘုံ ပန်းပင်မှ သွန်ကျလာသော မူလချီများကို ကြည့်ရင်း ဇူယွမ်မှာ လွန်စွာ အံ့အားသင့် နေပေသည်။ သူက သည်မှုလချီများက ပုံမှန်ထက် ပိုမိုသန့်စင် နေသည်ကို မြင်တွေ့ရပေသည်။

မူလချီများ ပျော်ဝင်နေသော ရွှေရောင် ဝတ်မှုံများက သွန်ကျကာ ပျံ့နှံ့လျက် ရှိသည်။ ထိုဝတ်မှုံများက ကျင့်ကြံခြင်း စင်မြင့်အပေါ်မှ ထွက်ခွာ သွားခါနီးတွင် စင်မြင့်ပေါ်ရှိ မှော်စာလုံး အစီအရင်တစ်ခုက ကြီးမားလာခဲ့ပြီး ကျင့်ကြံခြင်း စင်မြင့်ကို ချိတ်ပိတ်ထားသော လိပ်ခုံး ပုံသဏ္ဌာန် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာက မူလချီများ ပါဝင်သော ရွှေရောင် ဝတ်မှုံများ စင်မြင့်၏ အဝေးသို့ ပျံ့နှံ့သွားမည်ကို တားဆီးထား၏။

ထိုရွှေရောင် ဝတ်မှုံများမှာ ဆက်လက်ပြီး စုပုံလာခဲ့ပြီး စင်မြင့်ပေါ်တွင် ထိုင်နေသော ပုံရိပ်ကို ဖြည်းဖြည်းချင်း ဝန်းရံလာခဲ့သည်။

ထိုအခိုက်တွင် တပည့်တိုင်းက လျင်မြန်စွာ မျက်လုံး မှိတ်ချလိုက်ပြီး ကျင့်ကြံခြင်း စင်မြင့် အတွင်းရှိ ရွှေရောင် ဝတ်မှုံများကို အလောတကြီး အငမ်းမရ စုပ်ယူနေကြသည်။

ဇူယွမ်လည်း မျက်လုံးမှိတ်ချ လိုက်သည်နှင့် သူ၏ ချီစုဆောင်းမှု နယ်မြေအတွင်းမှ အလုံးစုံသော စပါးအုံး သားရဲချီများမှာ စတင်ပြီး နိုးထလာခဲ့သည်။ ဟစ်ကြွေးသံ တစ်ခုနှင့် အတူ ကြီးမားသော ရွှေရောင် စပါးအုံးကြီး တစ်ကောင်က ခွန်အားအပြည့်ဖြင့် ထွက်ပေါ်လာခဲ့သည်။

ပတ်ဝန်းကျင်ရှိ ရွှေရောင် ဝတ်မှုံများက ရုတ်တရက် ဆွဲယူခြင်း ခံလိုက်ရပြီး ရွှေရောင်စီးကြောင်း အသွင်ဖြင့် ဇူယွမ်၏ နှာခေါင်းပေါက်မှ တစ်ဆင့် ခန္ဓာကိုယ် အတွင်းသို့ စီးဝင်သွား တော့သည်။

ရွှေရောင် ဝတ်မှုန်များသည် သူ၏မရီဒန် သွေးကြောများမှ တစ်ဆင့် ချီစုဆောင်းမှု နယ်မြေအတွင်းသို့ ဝင်ရောက်ကာ ထိုအထဲရှိ ကြီးမားသော ရွှေရောင် စပါးအုံးကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရကြသည်။

ရွှေရောင် ဝတ်မှုံများသည် လျင်မြန်စွာ သန့်စင်သွားပြီး အလုံးစုံသော စပါးအုံးချီများ အဖြစ်သို့ ပြောင်းလဲသွား ရသည်။

ထိုအခြင်းအရာက ဇူယွမ်ကို အလွန်အမင်း အံ့အားသင့် စေပေသည်။ သည်ရွှေရောင် ဝတ်မှုံများ၏ သန့်စင်မှုက သူ၏ မူလချီများပင် လောင်ကျွမ်းလာသည်ဟု မသဲမကွဲ ခံစားမိပေသည်။

ဇူယွမ်က ဂရုတစိုက်နှင့် သတိထားကြည့် လိုက်ချိန်တွင် သူ၏ အလုံးစုံသော စပါးအုံး သားရဲချီများ၏ မသန့်စင်သော အရာများ လောင်ကျွမ်းကာ အခိုးအငွေ့များ အဖြစ် ပြောင်းလဲနေပြီး  သူ၏မူလချီအတွင်းမှ လွင့်ပျယ်သွား နေသည်ကို တွေ့လိုက်ရသည်။

သည်အဓိပ္ပာယ်မှာ သူ၏ ချီသိုလှောင်ခန်း အတွင်းရှိ မူလချီများက ပိုမိုသန့်စင်ပြီး သိပ်သည်း လာခြင်းပင် ဖြစ်သည်။

ဇူယွမ်အနေဖြင့် ထိုဖြစ်စဉ်ကို ရှင်းလင်းစွာ မသိသော်လည်းပဲ သူ၏ နှလုံးသား အတွင်းမှ အံ့အားသင့် မိပေသည်။

“ဒီမူလကောင်းကင်ဘုံ ပန်းပင်က တကယ်ကို အံ့အားသင့်ဖွယ်ပဲ။ မူလချီတွေ ပါဝင်တဲ့ ရွှေရောင် ဝတ်မှုံတွေက လူတစ်ယောက်ရဲ့ မူလချီကို ကျင့်ကြံနိုင်စေပြီး အဲဒီထဲမှာ ပါဝင်တဲ့ အညစ်အကြေး တွေကိုလည်း လောင်ကျွမ်းစေ နိုင်တယ်… ”

ထိုအရာက အချိန်ကာလ အတိုလေးသာ အကျိုးသက်ရောက်ခြင်း မဟုတ်သည့် အတွက်  အချိန်ကြာ လာသည်နှင့်အမျှ ထွက်ပေါ်လာမည့် ရလဒ်မှာ အလွန် အံ့အားသင့်ဖို့ ကောင်းပေလိမ့်မည်။

တူညီသော အဆင့်ရှိသည့် မူလချီနှစ်ခု ရင်ဆိုင် တိုက်ခိုက်ချိန်၌ ပိုမို သိပ်သည်းပြီး သန့်စင်သော မူလချီက အသာစီးရပေ လိမ့်မည်။ ထိုကြောင့် သည်ပန်းပွင့်များမှာ ကန်ရွှမ်းကလန်၏ တပည့်များကို အရေးသာ စေမည်မှာ အသေအချာပင် ဖြစ်သည်။

“ကန်ရွှမ်း ကောင်းကင်ဘုံရဲ့ အသန်မာဆုံး ကလန်ရဲ့ မျှော်လင့်ချက် တစ်ခုပေါ့”

ဇူယွမ်အနဖြင့် ချီးကျူးခြင်းကို မရပ်တန့်နိုင်ပေ။ သူရပ်နေသော မူလတောင်ကြီး ဖြစ်စေ မူလကောင်းကင်ဘုံ ပန်းပင်များပင် ဖြစ်စေ တည်ဆောက်ရန် နည်းလမ်းများစွာ သေချာပေါက်ကို လိုအပ်ပေလိမ့်မည်။ သာမန် နည်းစနစ်များနှင့် ထိုအရာများကို လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

သည်အချက်များက ဇူယွမ်အနေဖြင့် ကန်ရွှမ်း ကလန်တွင် နေထိုင်ခြင်းက သာလျှင် သူ့အား ပိုမိုပြီး အလားအလာ ကောင်းစေမည်ကို သိရှိစေခဲ့သညိ။

သူသာ သည်နေရာတွင် လေ့ကျင့်ပါက နတ်ဘုံခန်းဝါ အဆင့်သို့ အချိန်တိုအတွင်း ရောက်ရှိနိုင်ပြီး ကြီးမြတ်သော ဝူအင်ပါယာမှ ဘုရင်ဝူအား ရင်ဆိုင်နိုင်ပေ လိမ့်မည်။

ဇူယွမ်က ကျင့်ကြံခြင်းတွင် တဖြည်းဖြည်းချင်း အာရုံစိုက်လာပြီး သူ၏ ကျင့်ကြံခြင်းတွင် စတင်ပြီး နစ်မြုပ်သွား ခဲ့သည်။

ထိုအချိန်တွင် မူလကောင်းကင်ဘုံ ပန်းမှ ရွှေရောင် ဝတ်မှုံများ ဆက်လက် ထွက်ပေါ်နေခဲ့ပြီး ကျင့်ကြံခြင်း စင်မြင့်တစ်ခုလုံး ရွှေရောင် လင်းလက်လျက် ရှိသည်။

ဇူယွမ်၏ စင်မြင့်အနီးရှိ နောက်ထပ် ကျင့်ကြံခြင်း စင်မြင့် တစ်ခု ပေါ်တွင်၊ ရွှေရောင် အလင်း၏ ဖုံးကွယ်မှု အောက်တွင် ယောင်ယောင်က လေထဲတွင် လွင့်မြောနေသော ရွှေရောင် ဝတ်မှုံများကို စုပ်ယူဖို့ စိတ်ဝင်စားခြင်း မရှိပဲ ပျင်းရိစွာ ထိုင်ကြည့်နေသည်။

သူမ လက်မောင်း အတွင်းရှိ ထန်ထန်မှာတော့ သူ၏ ကြီးမားလှသော ပါးစပ်ကြီးကို ဖွင့်ကာ အနက်ရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး အနက်ရောင် စုပ်ဝဲကြီးတစ်ခု ဖြစ်ပေါ်နေသည်။

မူလကောင်းကင်ဘုံ ပန်းပင်မှ ရွှေရောင် ဝတ်မှုံများ မည်မျှ ထွက်ပေါ်စေကာမူ နောက်ဆုံးတွင် အားလုံး ထန်ထန်၏ စုပ်ယူ စားသုံးခြင်းကို ခံလိုက်ရသည်။

ထိုသို့ စုပ်ယူနေသည်ကို ထန်ထန်မှာ နှေးသည်ဟု စတင် ခံစားလာရပြီး မူလကောင်းကင်ဘုံ ပန်းပင်၏ ထိပ်ဖျားပေါ်သို့ပင် ချက်ချင်းခုန်ပြီး တက်ရောက် သွားခဲ့သည်။ ထိုအချိန်တွင် ပန်းပင်၏ ထုတ်လွင့်သမျှ ရွှေရောင် ဝတ်မှုံများကို ပါးစပ်ဖွင့်ကာ ဝါးမျိုနေသည်။ သူ၏ မျက်လုံးများမှာ ကျေနပ် နှစ်သက်မှုကြောင့် ပျော်ရွှင်နေဟန် ရပြီး အမြီးပင် လှုပ်ယမ်းနေ ပေသေးသည်။

ကြီးမားသော မူလတောင်ကြီး ပေါ်မှ ကျင့်ကြံခြင်း စင်မြင့်တိုင်းမှာ ရွှေရောင် အလင်းများဖြင့် တောက်ပနေပြီး တောင်တစ်ခုလုံးကို ရွှေရောင်လွှမ်းနေ စေပေသည်။

အချိန်က ဆက်လက် စီးဆင်းနေပြီး လျင်မြန်စွာပင် လေးနာရီ ကုန်ဆုံးသွားပြီ ဖြစ်သည်။

လေးနာရီကြာ ပြီးနောက်တွင် ယိမ်းနွဲ့နေသည့် မူလကောင်းကင်ဘုံ ပန်းများမှာ စတင်ပြီး နှေးကွေးလာခဲ့ပြီး ရွှေရောင် ဝတ်မှုံများ ကျဆင်းမှုလည်း နည်းပါးလာခဲ့ကာ ကျင့်ကြံခြင်း စင်မြင့်မှာလည်း မှိန်ဖျော့လာခဲ့သည်။

သို့သော်လည်း လူတိုင်းက ချိုမြိန်သော အကျိုး ကျေးဇူးများ အောက်တွင် ဈာန်ဝင်စား နေကြပြီး ထိုအရာကို မရပ်တန့် စေလိုကြပေ။ အချို့သော တပည့်များက ချက်ချင်းပင် မူလကျောက်စိမ်း အပိုင်းအစ တစ်ခုကို ထုတ်ယူလိုက်ပြီး မူလကောင်းကင်ဘုံ ပန်းပင်၏ ရှေ့သို့ ပစ်လွင့်လိုက် ကြသည်။

မူလကျောက်စိမ်း အပိုင်းအစ တစ်ခုက မူလကောင်းကင်ဘုံ ပန်းပင်အား ထိမိသွားသည်နှင့် ပန်းပွင့်မှ ပါးစပ်ကဲ့သို့ အက်ကြောင်းတစ်ခု ပေါ်လာခဲ့ပြီး မူလကျောက်စိမ်းကို စားသုံးလိုက်သည်။

ကျောက်စိမ်းကို ဝါးမျိုပြီးနောက် ထိုပန်းပင်က မူလအတိုင်း ပြန်လည် တောက်ပလာခဲ့ပြီး ခွန်အား ပြည့်ဝသော မူလချီများကို ပိုမိုထုတ်ပေး လာခဲ့သည်။

ယခုချိန်တွင် တပည့်တိုင်းက မူလကျောက်စိမ်း မည်မျှ အဖိုးတန်သည်ကို သိလိုက်ကြသည်။

မူလကျောက်စိမ်း တစ်ခုက မူလကောင်းကင်ဘုံ ပန်းပင်ကို အဆုံးမဲ့သော မူလချီများ ထုတ်ပေးစေနိုင်ပြီး အခြားသူများထက် လေ့ကျင့်မှုကို ပိုမို မြန်ဆန်စေ နိုင်ပေသည်။

သည့်အချက်က လူတိုင်းအား ဟန်ရှန့် အပေါ်တွင် သနားစိတ် ဝင်စေပေသည်။ အဘယ်ကြောင့် ဆိုသော် သူ၏ တစ်လစာ ထောက်ပံ့ကြေး ရသော မူလကျောက်စိမ်း အပိုင်းအစများ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

ဇူယွမ်၏ မျက်လုံး အစုံမှာလည်း ပွင့်လာခဲ့သည်။ သူက ခဏမျှ စဉ်းစားနေဟန်ရပြီး ခဏအကြာတွင် မူလကျောက်စိမ်း အပိုင်းအစ တစ်ခုကို ထုတ်ယူကာ မူလကောင်းကင်ဘုံ ပန်းပင်အား အစာကျွေး လိုက်ပေသည်။

အစောပိုင်း လေ့ကျင့်နေချိန်တွင် မူလကောင်းကင်ဘုံ အလွှာအား မသဲမကွဲ ခံစားမိလိုက် ပေသည်။ သူ့အနေဖြင့် သည်တစ်ကြိမ်တွင် ထိုအရာကို ထိတွေ့မိပါက အစစ်အမှန် မူလစဦး ကျင့်ကြံသူအဖြစ် အဆင့်တက်နိုင်မည် ဖြစ်သည်။

မူလကျောက်စိမ်း အပိုင်းအစအား စားသုံးပြီးသည်နှင့် ပန်းပင်မှာ နောက်တစ်ကြိမ် ပြန်ပြီး တောင်အတွင်းမှ မူလချီများကို စတင်ပြီး စုပ်ယူလိုက်သည်။ အဆုံးတွင် မူလချီများ ပါဝင်နေသည် ရွှေရောင် ဝတ်မှုံများက ရွှေရောင် အခိုးအငွေ့များ အသွင်ဖြင့် ဇူယွမ်ကို ဖုံးအုပ်သွား ပြန်သည်။

မူလကျောက်စိမ်း အပိုင်းအစ တစ်ခုလျှင် မူလကောင်းကင်ဘုံ ပန်းပင်က နောက်ထပ် နှစ်နာရီမျှ ရွှေရောင် ဝတ်မှုံများ ထုတ်လွင့်စေရန် လုံလောက်ပေသည်။

ရွှေရောင်ဝတ်မှုံ အခိုးအငွေ့များ အတွင်းတွင် ဇူယွမ်၏ ပုံရိပ်အား မြင်ရရုံသာ တွေ့မြင်ရ ပေသည်။

သူ၏ မျက်လုံးများမှာ တင်းကျပ်စွာ မှိတ်ထားလျက် ရှိသည်။ သူ၏ စိတ်ဝိညာဉ်မှာ ညို့မှိုင်းသော တစ်နေရာသို့ လွင့်မြောလျက် ရှိသည်။ ထိုနေရာ၏ နက်ရှိုင်းသော နေရာတွင် မသဲကွဲသော အာရုံခံစားမှု တစ်ခုကို ခံစားမိနေပြီး သူ၏ စိတ်ဝိညာဉ်က ထိုခံစားချက်နောက် လိုက်ပါလျက် ရှိသည်။

သူ့အနေဖြင့် ထိုသို့ ဆက်လက် လိုက်ပါနေသည်မှာ မည်မျှ ကြာသွားမှန်း မသိတော့ပေ။ အချိန်တစ်ခု အကြာတွင် သူ၏ စိတ်ဝိညာဉ်က ထိုနေရာရှိ တစ်စုံတစ်ခုနှင့် ဝင်တိုးမိ သွားသည်။

သိမ့်ခနဲ လှုပ်ရှားမှုနှင့်အတူ ဇူယွမ်၏ စိတ်ဝိညာဉ်မှာ ပြင်းပြင်းထန်ထန် လှုပ်ရှားသွားခဲ့ပြီး  သူ၏မြင်ကွင်းရှိ ကမ္ဘာတစ်ခုမှာ ပြောင်းလဲလာ ခဲ့သည်။

သူ၏ မြင်ကွင်းထဲတွင် ရှေးကျပြီး တည်မြဲခြင်း မရှိသော အရှိန်အဝါများနှင့် လျှို့ဝှက် ဆန်းကျယ်သော ကမ္ဘာတစ်ခု ပေါ်လာခဲ့သည်။ ထိုအရှိန်အဝါများက နိုးထနေပြီး ရှေးဆန်သော အရှိန်အဝါကို ပေးစွမ်းသည်။

“ဒီနေရာက … မူလကောင်းကင်ဘုံ အလွှာလား”

ဇူယွမ်က နားလည်သွားခဲ့ပြီး သူ၏ စိတ်ဝိညာဉ်မှာ တုန်လှုပ် သွားခဲ့သည်။

ထိုသို့ဆိုလျှင် သည်မတည်ငြိမ်သည့် အရှိန်အဝါတွေကို မူလစဦးချီဟု ခေါ်ဆိုသည်လား…

သည်အရာတွေကို စုပ်ယူကာ သူ၏ ချီသိုလှောင်ခန်း အဖြစ်သို့ ပြောင်းလဲရင်း တဖြည်းဖြည်းချင်း နတ်ဘုံခန်းဝါ အဆင့်သို့ တက်ရောက်ရ ပေလိမ့်မည်။

ဇူယွမ်၏ နှလုံးသားမှနေ၍ ပျော်ရွှင်မှုများ ခံစားလိုက်ရသည်။ သူ၏ စိတ်ဝိညာဉ်က လျှို့ဝှက် ဆန်းကြယ်သော မူလကောင်းကင်ဘုံ အလွှာအတွင်းသို့ ဝင်ရောက် ပြီးနောက် သူ့အနေဖြင့် မူလစဦး အဆင့်သို့ အမှန်တကယ် ရောက်ရှိသွားပြီမှန်း သိလိုက်ပေသည်။

“စိတ်ဝိညာဉ်ကို အသုံးပြုကာ မူလစဦးချီကို လက်ခံပြီး ချီသိုလှောင်ခန်းမှ ကမ္ဘာကို ပြောင်းလဲခြင်း…”

Comment

Leave a Reply

Options

not work with dark mode
Reset