မူလတောင် တစ်ခွင်လုံး တိတ်ဆိတ် သွားသည်။ များစွာသော လူများက လေထဲတွင် လက်သီး ထိုးနေသည့် ကိုယ်နေဟန်ထားဖြင့် ရှိနေသည့် ဇူယွမ်ကို စိုက်ကြည့် နေကြသည်။
သူ၏ လက်မောင်းပေါ်မှ ခရမ်းရွှေရောင် ကြေးခွံများက တဖြည်းဖြည်း ဖယ်ခွာသွားပြီ ဖြစ်သည်။ အစမှအဆုံးထိ ဇူယွမ်၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။ သူ့အတွက် အစောပိုင်းက မည်သည့် ကိစ္စရပ်မှ မဖြစ်ပျက်ခဲ့သည့် အလားပင်။
တိတ်ဆိတ်နေမှုက တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။
လျိုစုန့်က မရေမတွက် နိုင်အောင် တံတွေးကို အကြိမ်ကြိမ် မျိုချခဲ့ပြီး ဖြစ်သည်။ ယခု သူ၏ မျက်လုံးထဲတွင် ဇူယွမ်အပေါ် ကြောက်ရွံ့ နေမှုများကို မြင်နေရသည်။ သူကိုယ်တိုင်လည်း ဒုတိယအဆင့် မူလစဦး ကျင့်ကြံသူ ဖြစ်သော်လည်း သူ၏ တိုက်ပွဲဝင် စွမ်းအားမှာ ဟန်ရှန့်ထက် အားနည်းပေသည်။
အခုတော့ ဟန်ရှန့်က ဇူယွမ်၏ တစ်ချက်တည်းဖြင့် နင်းချေခြင်း ခံလိုက်ရသည်။
“ဒါ တကယ်ကို ကြောက်စရာ ကောင်းတာပဲ…”
သူ ရေရွတ်လိုက်သည်။ သူ့အနေဖြင့် ဖြစ်ပျက်ခဲ့ သည်များကို ယုံကြည်နိုင်သေးပေ။ မူလစဦး ဒုတိယအဆင့် ဟန်ရှန့်က ဇူယွမ်၏ ရိုက်ချက် တစ်ချက်ကို မခုခံနိုင်ဘူးတဲ့လား…
ဟန်ရှန့်က ရှန်ဇူတိုက်ကြီး၏ ပါရမီရှင် တစ်ယောက် ဖြစ်သည်။ သူက အခြားလူ တော်တော် များများထက် သန်မာသောကြောင့် အမြင့်ပိုင်း အဆင့်မှ ပါရမီရှင် တစ်ယောက်အဖြစ် သတ်မှတ် နိုင်ပေသည်။ သို့သော်လည်း သူက ဇူယွမ်၏ လက်ထဲတွင် အပြတ်သတ် ရှုံးနိမ့်ခဲ့ပေသည်။
သည်အရာက ဇူယွမ်၏ တိုက်ပွဲ စွမ်းအားက မည်မျှ သန်မာသည်ကို ဖော်ပြနေပေသည်။
လျိုစုန့်က လက်သီး ဆုပ်လိုက်သည်။ အစောပိုင်းက ဟန်ရှန့်က သူတို့ထက် ဦးအောင် ဇူယွမ်အား စိန်ခေါ်ခြင်းကို စိတ်မချမ်းမသာ ဖြစ်မိပေသည်။ ဒါပေမဲ့ ယခုချိန်တွင် သူအတော်လေး စိတ်သက်သာရာ ရမိသည်။ ဟန်ရှန့်သာ ဇူယွမ်ကို စတင်ပြီး မစိန်ခေါ်ခဲ့ပါက ယခုတောင်၏ ကြမ်းပြင်ပေါ်တွင် မှောက်နေရမည့် သူမှာ မိမိဖြစ်နေပေ လိမ့်မည်။
“အစ်ကိုလေး ဇူယွမ်က အရမ်းကို ရက်စက် ကြမ်းတမ်းတာပဲ”
အချိန် အချို့အကြာမှ ရှန်ဝမ်ကျင်နှင့် အခြား ကန်မင်တိုက်ကြီးမှ ပါရမီရှင်များက အသက်ရှူနိုင်ကာ မှတ်ချက်ပေး နိုင်တော့သည်။
ဇူယွမ်၏ အောင်မြင်မှုက သူတို့ကို ဝံ့ကြွားစေသည်။ ယခုအချိန်တွင် သူတို့အားလုံး အခြားသူများ၏ အထင်သေး နေသော အကြည့်များမှ လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။
“အခုငါတို့ ကန်မင်တိုက်ကြီးက ပါရမီရှင်တွေကို အသုံးမကျဘူးလို့ ဘယ်ကောင် ပြောရဲလဲဆိုတာ ကြည့်ရအောင်”
ရှောင်ထျန်းရွှမ်က တိတ်ဆိတ်နေကာ စိတ်သက်သာဟန် ရနေသည်။ သူနှင့် ဇူယွမ်တို့ နှစ်ယောက်လုံးမှာ ကန်မင်တိုက်ကြီးတွင် ရှိနေခဲ့သော အချိန်၌ ပြဿနာများ ရှိခဲ့ကြ သော်လည်းပဲ သူတို့ နှစ်ယောက်လုံးက ကန်မင်တိုက်ကြီးမှ ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်၌ ရှိသော မည်သည့် အနှောင့်အယှက်မဆို သူတို့အတွက် မကောင်းသည့် သတင်းဆိုးများသာ ဖြစ်သည်။
တောင်ထိပ်ပိုင်းရှိ ရှန်ဇူတိုက်ကြီးမှ ပါရမီရှင် တစ်ယောက်က ရယ်မောကာ ပြောသည်
“ဟီး ဟီး… ဒါဆို သူ့မှာ စွမ်းရည်အချို့ ရှိတယ်ပေါ့…”
သူက ဇူယွမ်ကို ကစားစရာ တစ်ခုလိုမျိုး စိုက်ကြည့်ကာ ပြောသည်။
“ဟန့်ရှန့်ရဲ့ အလှည့်အပြောင်းက အတော်လေးကို စိတ်ပျက်စရာ ကောင်းနေတာပဲ”
သည်စကားက ရှန်ဇူတိုက်ကြီး၏ ပထမတန်း ကျောင်းသားများ၏ သုံးသပ်ချက် ဖြစ်ပြီး သိသာစွာပင် ဟန်ရှန့်၏ အဖြစ်အပျက်များက သူတို့အားလုံးကို မျက်နှာ ပျက်စေသည်။
အားလုံးပြီးနောက် ဟန်ရှန့်က ဝေးလံခေါင်ဖျားသော တိုက်ကြီးတစ်ခုမှ ပါရမီရှင် တစ်ယောက်ကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ သည်အရာက သူတို့ ရှန်ဇူတိုက်ကြီး၏ ပါရမီရှင်များ၏ ကြီးမြတ်သော တည်ရှိမှုကို သေချာပေါက်ကို အကျိုး သက်ရောက်မှု ရှိပေလိမ့်မည်။
ပထမတန်း ရှိတပည့် တစ်ယောက်က လုဖန်းကို ပြုံးပြကာ မေးလိုက်သည်။
“လုဖန်း မင်း ဘယ်လိုထင်လဲ”
လုဖန်းက ဇူယွမ်ကို စိတ်မဝင်စားဟန်ဖြင့် တစ်ချက်မျှ ကြည့်ကာ…
“သူလား သိပ်မဆိုးပါဘူး။ သူကျင့်ကြံတဲ့ ချီက အဆင့်(၆) မူလချီပဲ တော်တော်လေး အဆင့်မြင့်တယ်။ သည်လို အဆင့်မြင့် ချီကျင့်ကြံခြင်း ကျင့်စဉ်က ဝေးလှံခေါင်ဖျားတဲ့ တိုက်ကြီးတွေမှာ ရှိတာ တစ်ခါမှ မမြင်ဖူးဘူး။ ကြည့်ရတာ သူ ကံကောင်းမှု တစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်မယ်”
“သို့သော်လည်း သူ့ရဲ့ ကျင့်ကြံမှု အဆင့်က အတော်လေးကို နိမ့်တယ်။ သူ့ရဲ့ လက်သီး ထိုးချက်က တော်တော်လေး ရိုးရှင်းပြီးတော့ သူ့ရဲ့ စွမ်းအားတွေကိုပဲ အခြေခံထားတာ။ မင်းတို့ထဲက ဘယ်သူမဆို အဲဒီထိုးချက်ကို ချေဖျက်နိုင်တယ်”
“အားလုံးထဲမှာမှ သူက သေးငယ်တဲ့ ပြဿနာ ကောင်လေးပါပဲ။ ဒါကြောင့် အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ရေးကြီးခွင်ကျယ် လုပ်ဖို့ မလိုအပ်ဘူး”
လုဖန်းရဲ့ သုံးသပ်ချက်ကို ကြားရချိန်မှာတော့ ရှန်ဇူတိုက်ကြီးမှ ပထမတန်း တပည့်များက ရယ်မော လိုက်ကြသည်။ အခြားသော တပည့်များနှင့် စာလျှင် သူတို့အားလုံးမှာ ဇူယွမ်၏ ပြင်းထန်သော ထိုးချက်အပေါ် သိပ်ပြီးအံ့ဩခြင်း မရှိကြပေ။ ရှန်ဇူတိုက်ကြီးမှ တပည့်များသည် ပုံမှန်အားဖြင့် အခြားတိုက်ကြီးမှ တပည့်များထက် သာလွန်ကြ ပေသည်။
ဂူဟွမ်ဂျီ၏ မျက်လုံးများမှာ ငွေရောင် အလင်းတစ်ခု လင်းလက်သွားပြီး ဇူယွမ်ကို စိုက်ကြည့်နေသည်။ ကြည့်ရသည်မှာ သူမ မှားယွင်းခဲ့ဟန် ရသည်။ ဇူယွမ်မှာ တစ်ဝက်တစ်ပျက် မှုလစဦး အဆင့်သာ ရှိသေးသော်လည်းပဲ သူ၏ တိုက်ပွဲစွမ်းအားမှာ သူ၏ အဆင့်ထက်များစွာ ပိုပေသည်။
“ကြည့်ရတာ သူ့ရဲ့ ပထမတန်း တပည့်ဆိုတဲ့ အဆင့်အတန်းက သူများနား မှီခိုပြီးရခဲ့တာ မဟုတ်ဘူးပဲ ”
ဂူဟွမ်ဂျီက ရေရွတ်လိုက်ပြီး သူမ၏ အကြည့်ကို ရုပ်သိမ်း လိုက်သည်။
ဇူယွမ်၏ အစောပိုင်းမှ လုပ်ဆောင်မှုမှာ ပြည့်စုံသည်ဟု ပြောနိုင်ပေသည်။ သို့သော်လည်း သူမအနေဖြင့် သိပ်ပြီးအံ့ဩခြင်း မရှိပေ။
အားလုံးရဲ့ အကြည့်အောက်မှာ ဇူယွမ်က သူ၏လက်သီးကို ဖြေလျော့ ချလိုက်သည်။ သူက တောင်ခြေတွင် သနားဖွယ်ရာ ဖြစ်နေသည့် ပုံရိပ်ကို ကြည့်ကာ သူ၏ လက်မောင်းအိုးကို လှုပ်ရှားလိုက်သည်။ မူလချီများ ထွက်ပေါ်လာပြီး ဟန်ရှန့် ခန္ဓာကိုယ်မှ အဝတ်အိတ် တစ်ခုကို ထုတ်ယူလိုက်သည်။
အဝတ်အိတ်ကို လှုပ်ယမ်း လိုက်သည်နှင့် တစ်ချွမ်ချွမ် အသံများ ထွက်ပေါ်လာသည်။ ထိုအသံများမှာ မူလကျောက်စိမ်း အပိုင်းအစ၏ အသံများ ဖြစ်သည်။
ဝှစ်…
သို့သော်လည်း ဇူယွမ်က ထိုအိတ်ကို ထုတ်ယူ လိုက်သည်နှင့် နောက်ထပ် မှုလချီတစ်ခု ထွက်ပေါ်လာပြီး ထိုအိတ်ကို လာရောက် ဆုပ်ကိုင်သည်။
ဇူယွမ်၏ မျက်လုံးများမှာ ပြူကျယ်သွားပြီး ခေါင်းမော့ ကြည့်လိုက်လျှင် တောင်ထိပ်အနီးရှိ ကျင့်ကြံခြင်း စင်မြင့်ပေါ်မှ ကြက်သွေးနီရောင် ဝတ်စုံနှင့် လူငယ် တစ်ယောက်ကို တွေ့လိုက်ရသည်။
“မိတ်ဆွေလေး မင်းအနိုင်ရရှိ ပြီးပြီပဲ ထပ်ပြီး အနိုင်ကျင့်ဖို့ အတွက် မလိုအပ်ပါဘူး”
ကြက်သွေးနီရောင် ဝတ်စုံနှင့် လူငယ်က အသာအယာ ပြုံးလျက်ပြောသည်။
လူတိုင်းက သူ့ကို လှမ်းကြည့်လိုက်ပြီး တီးတိုးစကား ပြောသံများ ဆူညံလာခဲ့သည်။
“အဲဒါ ကျူးဖန် မလား။ သူနဲ့ ဟန်ရှန့်က နီးကပ်တဲ့ ဆက်ဆံရေး ရှိတယ်လို့ ငါ သိထားတယ်။ ဒါပေမဲ့ ပိုအရေးကြီးတဲ့ အချက်က သူကလည်း ရှန်ဇူတိုက်ကြီး ကတပည့်ပဲ”
ဇူယွမ်က ကြက်သွေးနီရောင် ဝတ်စုံနှင့် လူငယ်ကို စိုက်ကြည့်ပြီး ရယ်လိုက်သည်။
“ကျွန်တော့်ရဲ့ ရသင့် ရထိုက်တာကို ကျွန်တော် ယူတာလေ။ ဒါက အနိုင်ကျင့်တာ မဟုတ်ဘူး။ ဟုတ်တယ်မလား”
ထိုလူငယ်ရဲ့ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး…
“အစောပိုင်းမှာ ဟန်ရှန့်က စဉ်းစား ဆင်ခြင်ဉာဏ် မရှိခဲ့ဘူး ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ မင်းသူ့ကို သင်ခန်းစာ ပေးပြီးပြီပဲ။ မင်းဒီ မူလကျောက်စိမ်း အပိုင်းအစတွေကို ချန်ထားခဲ့ ပေးပါလား”
သူ၏ လေသံမှာ တည်ငြိမ်နေ သော်လည်းပဲ ထိုအရာက ဆွေးနွေးခြင်း မဟုတ်ပဲ အတင်းအကျပ် ဆုံးဖြတ်ချက် ချခိုင်းနေခြင်းသာ ဖြစ်သည်။
“အစ်ကိုတော်သာ အစောပိုင်း ကတည်းက အရှေ့ထွက်ပြီး သူ့ကို တားဆီးခဲ့ရင် သည်လို ကိစ္စမျိုး ဖြစ်လာမှာ မဟုတ်ဘူး”
ဇူယွမ်က ပြောသည်။
“အခုချိန်မှာတော့…”
“ဒါက နောက်ကျသွားမှာ ကျွန်တော် စိုးရိမ်မိတယ်”
ဇူယွမ်၏ မျက်လုံးအစုံမှာ ခက်ထန်သွားပြီး သူ၏ပုံရိပ်မှာ လှုပ်ရှားလိုက်သည်။ မူလချီများက အဝတ်အိတ်ကို ဆုတ်ဖြဲလိုက်ပြီး သူ၏ လက်မောင်းအိုးကို တစ်ချက်ဝေ့ယမ်း လိုက်သည်နှင့် နောက်ထပ် မူလချီများ ထွက်ပေါ်လာကာ ကျဆင်းလာသော မှုလကျောက်စိမ်း အပိုင်းအစများကို သိမ်းယူ လိုက်သည်။
သူသာ ဒီနေ့ ရှုံးနိမ့်ခဲ့ပါက ကျူးဖန်က သူ့အတွက် မည်သည့် စကားမှ ပြောဆိုပေး လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူ့အနေဖြင့် ကျူးဖန်စကားကို နားထောင်ပြီး ငဲ့ညှာနေစရာ မလိုအပ်ပေ။
“မင်း…”
ဇူယွမ်က မူလကျောက်စိမ်း အပိုင်းအစများကို သိမ်းယူသွားသည်မှာ သူ့အား မျက်နှာသာ မပေးခြင်းပင် ဖြစ်သည်။ ကျူးဖန်၏ မျက်လုံးအစုံမှာ ခက်ထန်သွားပြီး ဇူယွမ်ကို အေးစက်စက် စိုက်ကြည့် လိုက်သည်။
“အလိုက်ကမ်းဆိုး မသိတဲ့ ကလေးပဲ”
ကျူးဖန်က ကောက်ကျစ်စွာ ပြုံးကာ…
“မင်း တကယ်ကို ငါတို့ ရှန်ဇူတိုက်ကြီးရဲ့ တပည့်တွေရဲ့ ခေါင်းပေါ်ကို တက်နင်းရဲ တယ်လား”
ကျူးဖန်၏ စကားလုံးများသည် ရှန်ဇူတိုက်ကြီး၏ တပည့်များနှင့် ဇူယွမ်ကို ထိပ်တိုက် ရန်တိုက်ပေးသည့် သဘောဖြစ်သည်။
အချို့သော ရှန်ဇူတိုက်ကြီးမှ တပည့်များသည် လှမ်းကြည့်လာ ကြသည်။ သူတို့အားလုံး ဟန်ရှန့်၏ ရှုံးနိမ့်မှုအတွက် ခံစားချက် သိပ်မကောင်းကြပေ။ သူတို့လူ တစ်ယောက်ကို ရိုက်ခဲ့သော သူ့အပေါ် တွင်လည်း ကောင်းသော သဘောထားများ ရှိမနေပေ။
“ဟီး ဟီး ကြည့်ရတာ အစ်ကိုကျိုး အမြင်မှား နေပြီနဲ့တူတယ်။ စိန်ခေါ်ပွဲတိုင်ခင်က ဒီကိစ္စကို ဟန်ရှန့် သဘောတူ ထားတာကို ဒီနေရာမှာ ရှိတဲ့ တပည့် တိုင်းကြားခဲ့တယ်။ တိုက်ပွဲမှာ ဇူယွမ် အနိုင်ရခဲ့လို့ သဘောတူထားတဲ့ အတိုင်းလုပ်တာပဲ ဘယ်လိုလုပ် အနိုင်ကျင့်တယ် ခေါ်မှာလဲ”
အသံတစ်ခုက ရုတ်တရက် ထွက်ပေါ် လာခဲ့သည်။ ထိုသူက ဇူယွမ်အတွက် ဝင်ရောက် ပြောဆိုပေးခြင်း ဖြစ်သည်။
ဇူယွမ် အနည်းငယ် အံ့အားသင့်ရသည်။ သူ့ တစ်ဖက်သို့ လှည့်ကြည့်လိုက်လျှင် သူ့အတွက် ပြောဆိုပေးသည့် လူငယ်လေးအား တွေ့လိုက်ရသည်။
ဇူယွမ်က အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ ထိုသူက ပထမတန်း တပည့် တစ်ယောက် ဖြစ်သည့် ချောင်းရှိုး ဖြစ်သည်။ သည်က ရှန်ဇူတိုက်ကြီးမှ မဟုတ်ပဲ ရှန်ဇူတိုက်ကြီး၏ တပည့်မဟုတ် သူများကြားတွင် အတော်အတန် ကျော်ကြားသူ ဖြစ်သည်။
ဇူယွမ်က သူ၏ သန်မာမှုကို ထုတ်ပြပြီးနောက် လူတိုင်းက သူ့အား အနောက်တံခါးမှ ဝင်ရောက်လာသူ ဟူသော အမြင်များမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။ ယခုချိန်တွင် လူတိုင်းက သူနှင့် ရင်းနှီးခင်မင်ခွင့် ရရှိရန် ကြိုးစားသည်မှာ ပုံမှန်ပင် ဖြစ်သည်။
သူ၏ ကျော်ကြားမှုကြောင့် ချောင်းရှိုး၏ စကားလုံးများ နောက်တွင် ရှန်ဇူတိုက်ကြီးမှ မဟုတ်သော တပည့်များ၏ ထောက်ခံသော စကားများလည်း ထွက်ပေါ်လာ ခဲ့သည်။
ထိုမြင်ကွင်းကြောင့် ကျူးဖန်က ချောင်းရှိုးကို စိုက်ကြည့် လိုက်သည်။ သို့သော်လည်း သူ့အနေဖြင့် ဇူယွမ်ကို ထပ်ပြီး မည်သည်မှ မလုပ်နိုင်သည်ကို သိရှိလိုက်သည်။ ထိုကြောင့် သူက ဇူယွမ်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
ဇူယွမ်က ကျူးဖန်၏ အကြည့်များကို ဂရုစိုက်မနေပေ။ သူက ချောင်းရှိုးဘက်သို့ လှည့်လိုက်လျှင် ရင်းနှီးစွာ ပြုံးပြနေသည်ကို မြင်လိုက်ရသည်။
ဇူယွမ်က လေးနက်စွာ ခေါင်းညိတ် ပြခဲ့ပြီးနောက် သူက ဧရိယာ တစ်ခုလုံးကို လှည်ပတ် ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ဒီမှာ ငါ့ကို စိန်ခေါ်ချင်တဲ့ လူရှိသေးလား”
တောင်တစ်ခုလုံး တိတ်ဆိတ်နေသည်။ ဟန်ရှန့်၏ သနားစရာ ကောင်းသော ကံတရားကို မြင်တွေ့ ပြီးနောက်တွင် ဒုတိယတန်းက မည်သူမှ တုံ့ပြန် ပြောကြားရဲခြင်း မရှိတော့ပေ။ အခြား တစ်ဖက်တွင်တော့ ပထမတန်း တပည့်များက ဘေးမှသာ စောင့်ကြည့် နေကြသည်။
ထိုကြောင့် မည်သူမှ ဇူယွမ်ကို တုံ့ပြန်ဖြေကြားခြင်း မရှိပေ။
ထိုအရာကို မြင်သည်နှင့် ဇူယွမ်က သူ၏ ကျင့်ကြံခြင်း စင်မြင့်ပေါ်သို့ ပြန်လည် တက်ရောက်သွားပြီး လေထဲတွင် ထိုင်နေသော ချန်းယွင်ကို ကြည့်ကာ ပြောလိုက်သည်။
“ဆရာချန်း ကျွန်တော်တို့ မူလတောင်မှာ ကျင့်ကြံခြင်းကို စတင်လို့ ရပြီနဲ့တူတယ်”
ထိုအခိုက်တွင်မှ ချန်းယွင်မှ သတိ ပြန်ဝင်လာခဲ့ပြီး ဇူယွမ်ကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။
မူဝူကျိ အနေဖြင့် ဇူယွမ်၏ ပထမတန်း တပည့်နေရာကို သူ၏ မျက်ကွယ်၌ ခိုးယူခြင်း ခံရမည်ကို မစိုးရိမ်သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ သည်ကလေးက ရိုးရှင်းမှု မရှိပေပဲ။
မည်သို့ပင်ဖြစ်စေ သည်ကလေးက ဟန်ရှန့်ကို ရှုံးနိမ့်စေခဲ့သည့် အတွက် အဆုံးမှာ ရှန်ဇူတိုက်ကြီးမှ တပည့်များအပေါ် အပြစ် ကျူးလွန်မိပြီ ဖြစ်သည်။
သည်အရာက အနာဂတ်တွင် ပိုမိုသော တိုက်ခိုက်မှုများကို တွေ့လာရ တော့မည် ဖြစ်သည်။ ချန်းယွင်အနေဖြင့် ဇူယွမ် မည်မှအထိ တည်ငြိမ် ခိုင်မြဲစွာ ရှိနေနိုင်မည်ကို သိချင်ပေသည်။
ချန်းယွင်က ခဏအကြာတွင် သူအကြည့်ကို ပြန်ရုပ်သိမ်း လိုက်သည်။ သူက မူလတောင်ပေါ်တွင် ရှိနေသော သောင်းချီသည့် ကျင့်ကြံခြင်း စင်မြင့်များကို ကြည့်လိုက် ပြီးနောက် တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“အသက်ဝင်လော့ မူလတောင်…”
သူ၏ အင်္ကျီ လက်မောင်းအိုးကို ဝှေ့ယမ်း လိုက်သည်နှင့် မူလချီများက မီးတောင်နှင့် တူသော တောင်ထိပ်ပိုင်း ဆီသို့ ရောက်သွားပြီး မူလမှော်စာလုံး အစီအရင်များ အသက် ဝင်လာခဲ့သည်။
ပတ်ဝန်းကျင် တစ်ခုလုံး စတင်လှုပ်ရှား လာခဲ့သည်။ တပည့်တိုင်းက ခေါင်းမော့ ကြည့်လိုက်ကြပြီး ပတ်ဝန်းကျင်ရှိ မူလချီများက အခိုးအငွေ့ အသွင်ဖြင့် မူလတောင်ကြီး ဆီသို့ စီးဆင်း လာသည်ကို မြင်လိုက် ကြရသည်။
ထိုအခိုက်တွင် မူလကောင်းကင်ဘုံ ပန်းပင်များ မှာလည်း စတင်ယိမ်းထိုး လာခဲ့ပြီး မူလတောင်ကြီး ဆီမှ မူလချီများကို စုပ်ယူနေကြသည်။ အဆုံးတွင် ၎င်းတို့၏ ပွင့်ဖတ်များမှ စတင် ပွင့်လန်းလာခဲ့ပြီး အဆုံးမဲ့သော မူလချီများက ရွှေရောင် ဝတ်မှုံဆံများ နှင့်အတူ သွန်ကျလာခဲ့သည်…
မူလတောင်ပေါ်တွင် မူလချီများက သောင်းနှင့် ချီသော ပန်းပွင့်များဆီမှ သွန်ကျ ဖျန်းပက်နေသည့် မြင်ကွင်းမှာ အလွန်တရာမှ လှပလွန်းပေသည်။
ဇူယွမ်က မျှော်လင့်ချက် အပြည့်ဖြင့် သူ၏ခေါင်းကို မော့ကြည့် လိုက်သည်။ သူက ဒဏ္ဍာရီလာ မူလကောင်းကင်ဘုံ ပန်းပင်များက မည်သို့သော အကျိုးသက်ရောက်မှု ရှိသလဲ ဆိုသည်ကို သိချင်လှပေသည်…