Switch Mode

အခန်း ( ၂၇ )

သေမင်းဆေးလုံး

“ ငါ့ကို သံသယကင်းကင်းနဲ့ ယုံလိုက်စမ်းပါ။ ရှဲ့ဟေးရန်ဆိုတဲ့ ငါက ဝါရင့်အကျိုးတော်ဆောင်တစ်ယောက်ပါ။ ငါ့ရည်ရွယ်ချက်က လူတိုင်းကို ဝန်ဆောင်မှုကောင်းကောင်း ပေးနိုင်ဖို့ပဲ။ ငါ့ဆီကို ဒုက္ခတွေနဲ့ လာကြပေမဲ့ ပြန်ထွက်သွားရင် စိတ်ကျေနပ်မှုအပြည့် ဖြစ်နေစေရမယ်။ ငါ့ဖောက်သည်တွေဆီက အဆင်ပြေကြောင်း တုံ့ပြန်ချက်တွေကို နားထောင်လို့ရတယ်။ ဒီကောင်းကင်တာအိုကျောင်းတော်ကြီး တစ်ခုလုံးမှာ အဆင့်နိမ့်ကျွန်းဖြစ်ဖြစ် အဆင့်မြင့်ကျွန်းဖြစ်ဖြစ် ငါ့နာမည်က ငါ့ရဲ့ အမှတ်တံဆိပ်ပဲ ”

ရှဲ့ဟေးရန်က စကားပြောနေရင်း လက်ကို မြှောက်ကာ မွှေးကြိုင်နေအောင် နံ့သာဆီလိမ်းထားသော သူ့ဆံပင်ကို သပ်တင်လိုက်သည်။ နေရောင်အောက်တွင် သူ့ဆံပင်များက တလက်လက်ထနေသကဲ့သို့ သူ့မျက်လုံးများကလည်း အရောင်လက်နေသည်။ သူက ဝမ်ပေါင်လဲ့၏ နတ်ဝိဇ္ဇာဂူရှေ့တွင် ရပ်နေရင်း အားပါးတရ ပြုံးလိုက်သည်။

သူ့စကားလုံးများအပေါ် အပြည့်အဝ ယုံကြည်နေသည်မှာ မယုံနိုင်လောက်အောင်ပင်။ ပါမောက္ခနှင့် ဌာနမှူးတို့ကို ထည့်ပြောသွားရုံမျှမက နတ်ဝိဇ္ဇာဂူကို ဖြိုချပစ်ရန်ပင် အကြံပေးလိုက်သေးသည်။ ဤသို့ ပြောရဲကြံရဲသော သတ္တိမျိုးမှာ သာမန်ကျောင်းသား တစ်ယောက်တွင် မည်သို့မျှ မရှိနိုင်ပေ။ တာအိုကျောင်း၏ နတ်ဝိဇ္ဇာဂူများအားလုံး၌ မန္တန် အစီအရင်များ ရှိနေသည်။ ထို့အပြင် ၎င်းဂူများကို တာအိုကျောင်းတော်က ပုံစံတူ ဆောက်လုပ်ပေးထားခြင်းဖြစ်ပြီး ဖျက်ဆီးရန် အလွန်တရာ ခက်ခဲလှသည်။ အလားတူပင် နတ်ဝိဇ္ဇာဂူထဲရှိ အရာအားလုံးမှာ သက်ဆိုင်ရာ ဌာနများ၏ ပစ္စည်းများ ဖြစ်သည်။ ကျောင်းသားများမှာ နေထိုင်ခွင့်သာ ရှိပြီး ပြင်ဆင်ခွင့် မရှိချေ။

သို့ရာတွင် ရှဲ့ဟေးရန်၏ စကားလုံးထဲ၌ နတ်ဝိဇ္ဇာဂူကို ဖြိုချဖျက်ဆီးခြင်းမှာ ခက်ခဲသည်ဟု မထင်ရပေ။

ရှဲ့ဟေးရန်က ထိုစကားများကို ပြောလိုက်သည်နှင့် လျှိုတောက်ပင်းနှင့် အခြားသူငယ်ချင်းများမှာ ဟင်ခနဲ ဖြစ်ကုန်ကြလေသည်။ သူ့စကားများက အကျိုးတော်ဆောင်ပွဲစားတို့ ထုံးစံအတိုင်း ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောနေခြင်းဖြစ်သည်။ ပါမောက္ခကိုယ်တိုင် ဓမ္မလက်နက် ဖန်တီးပေးနိုင်သည်ဟူသော အချက်ကို လျစ်လျူရှုထား၍ ရသော်လည်း မှော်ငွေရောင်သဲဖြင့် ပြုလုပ်ထားသော ဌာနမှူး၏ ရှူဆေးဘူးမှာ အလွန့်အလွန် ရှားပါးသော ပစ္စည်းတစ်ခု ဖြစ်သည်။ မှော်ငွေရောင်သဲမှာ ကိုးဆယ်ရာခိုင်နှုန်းအထိ သန့်စင်ထားရာ အဖိုးတန်သော ပစ္စည်းတစ်မျိုး ဖြစ်သည်။

ရှူဆေးဘူးနှင့် ပတ်သက်၍ ဝိညာဥ်ကွန်ရက်ပေါ်တွင် အချက်အလက် အတော်များများ ရှိသည်။ သို့ရာတွင် ဝမ်ပေါင်လဲ့မှာ တာအိုကျောင်း‌သို့ ဝင်ခွင့်ရပြီးနောက် မဟာဟင်းလင်းပြင်ချီဝါးမျိုခြင်းပညာရပ်ကိုသာ အချိန်ပြည့်နီးပါး ကျင့်ကြံနေခဲ့သောကြောင့် ထိုရှူဆေးဘူးနှင့်ပတ်သက်၍ စိုးစဥ်းမျှ မသိခဲ့ပေ။

ထိုရှူဆေးဘူးအကြောင်း ကြားပြီးနောက် လျှိုတောက်ပင်းနှင့်တကွ ကျန်သူငယ်ချင်းများ အံ့ဩသွားကြသည်ကို တွေ့ပြီးနောက် ဝမ်ပေါင်လဲ့က သိချင်စိတ်ကြောင့် ခန္ဓာကိုယ်ကို လှည့်လိုက်သည်။ ဝိညာဥ်ကွန်ရက်ကို ခက်ခက်ခဲခဲ ဖွင့်ပြီး ပါမောက္ခကိုယ်တိုင် ဓမ္မလက်နက် ဖန်တီးသန့်စင်ပေးရန် လိုအပ်သည့်အချက်များနှင့် မှော်ငွေရောင်ရှူဆေးဘူး၏ ‌‌ဈေးကို ရှာကြည့်လိုက်သည်။

သူက ကျလာသည့် အချက်အလက်များကို ကြည့်ကာ မျက်လုံးပြူးသွားလေသည်။ လုံးလုံးလျားလျား စိတ်ပျက်နေရာမှ အနည်းငယ် မျှော်လင့်ချက်ရှိလာသောကြောင့် သူ စိတ်လှုပ်ရှားလာသည်။ ခန္ဓာကိုယ်ကို နေသားကျအောင် လှည့်ပြီးနောက် နတ်ဝိဇ္ဇာဂူအပြင်ဘက်ကို ကြည့်လိုက်သည်။

“ ခင်ဗျားက နတ်ဝိဇ္ဇာဂူကို ဖျက်ဆီးပစ်နိုင်တာလား ”

ဝမ်ပေါင်လဲ့၏ လေသံမှာ မယုံကြည်သံစွက်နေသော်လည်း ရှဲ့ဟေးရန်က မမှုပေ။ ပြုံးစစနှင့် ဆံပင်ကို နောက်သို့ သပ်တင်နေဆဲ ဖြစ်သည်။

“ တခြားသူတွေ အတွက်တော့ ဒါက မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဒီကောင်းကင်တာအိုကျောင်းမှာ ရှဲ့‌ဟေးရန်က မဖြစ်နိုင်ဘူးလို့ ပြောလိုက်ရင် ဘယ်သူမှ အဲဒီကိစ္စကို မလုပ်နိုင်ဘူးဆိုတာ မှတ်ထားလိုက် ”

“ ဒါပေမဲ့ နတ်ဝိဇ္ဇာဂူကို ဖြိုချပစ်ဖို့က အတော်လေး လက်ဝင်တယ်။ အချိန်လည်း ကြာမယ်။ ဝိညာဥ်ကျောက်တုံး အနည်းဆုံးတစ်သောင်းလိုမယ်။ မင်း လိုအပ်နေတဲ့အချိန်မှာ ငါက အမြတ်ကြီးစားပြီး နင်းကန်ဈေးတင်တာ မဟုတ်ဘူးနော်။ ငါကလည်း မန္တန် အစီအရင်တွေ ဖယ်ရှားဖို့ လူတစ်ယောက်ရှာရမယ်။ ပြီးရင် ဓမ္မလက်နက်ဌာနမှူးကို ချွေးသိပ်ဖို့အတွက်လည်း လူရှာရဦးမယ်။ နောက်ဆုံး ပျက်စီးသွားတာအတွက် အလျော်ပေးဖို့လည်း ရှိသေးတယ်။ အဲဒီတော့ ဝိညာဥ်ကျောက်တုံးတစ်သောင်းဆိုတာ များလှတယ်‌တော့ မဟုတ်ဘူး၊ အဲဒါတွေ အားလုံးအတွက်ဆို အနည်းဆုံး သုံးလလောက်တော့ လိုတယ်”
ရှဲ့‌ဟေးရန်က လက်ချောင်းသုံးချောင်း ထောင်ပြရင်း လေးနက်စွာ ပြောနေသည်။

“ အဲဒီလောက်တောင် ဈေးကြီးတာလား ”
ထိုစကားကို ကြားပြီးနောက် တုမင်၊ လျှိုတောက်ပင်းနှင့် အခြားသူများမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။ ဝိညာဥ်ကျောက်တုံး တစ်သောင်းမှာ မည်သို့သော အခြေအနေဖြစ်ပါစေ အတော်လေး များသည့် ပမာဏတစ်ခု ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့အတွက်မူ ဝိညာဥ်‌ကျောက်တုံးများကို စိတ်မပူမိပေ။ အခန်းထဲမှ ထွက်ကာ ဝိတ်ချရန်မှာ ပို၍ အရေးကြီးနေသည်။ သုံးလကြာမည်ဟု ကြားသောအခါ ရူးချင်စိတ် ပေါက်သွားလေသည်။

“ သုံးလကတော့ ကြာလွန်းတယ် ”

ဝမ်ပေါင်လဲ့က စိတ်ပူပန်ကာ ပြောလိုက်ချိန် ရှဲ့ဟေးရန်က ဝမ်ပေါင်လဲ့ မည်မျှ ဝနေသနည်းဟု စစ်ဆေးကြည့်သည့်အလား ခါးကို ကိုင်းကာ နတ်ဝိဇ္ဇာဂူထဲသို့ ငုံ့ကြည့်လိုက်သည်။

“ ညီလေး၊ မင်းက ငါ့ကို ပိုပြီး အမြင်ကျယ်အောင် လုပ်ပေးလိုက်တာပဲကွ၊ စားလွန်းလို့ ဝတဲ့သူတွေ မြင်ဖူးပေမဲ့ ဒီလောက်ထိ အဝလွန်ပြီး နတ်ဝိဇ္ဇာဂူထဲက ထွက်မရတဲ့ထိ ဖြစ်တာကတော့ ငါ့ဘဝမှာ ပထမဆုံး ကြုံဖူးတာပဲ”

ဝမ်ပေါင်လဲ့က ရှဲ့ဟေးရန်စကားကို ကြားသောအခါ ထောင်းခနဲ ဒေါသထွက်သွားသည်။ သူ့တွင် ဖြေရှင်းရန် နည်းလမ်းရှိလျှင် ခံနိုင်သေးသည်။ သို့သော် ပြဿနာကိုလည်း မရှင်းနိုင်ဘဲ သူ့ကို လှောင်ပြောင်နေရာ ‌ကျောင်းသားခေါင်းဆောင် ဖြစ်ပြီးနောက် သင်ခန်းစာပေးရန် ဝမ်ပေါင်လဲ့က တေးမှတ်ထားလိုက်သည်။ လျှာအရိုးမရှိတိုင်း လျှောက်ပြောနေခြင်းက နာကျင်မှုကိုသာ ယူလာမည်ဖြစ်ကြောင်း ရှဲ့ဟေးရန်ကို သိစေလိုသည်။

ရှဲ့‌ဟေးရန်က ဝမ်ပေါင်လဲ့ စိတ်မကြည်မလင် ဖြစ်သွားသည်ကို သတိပြုမိလိုက်ပြီး အပြုံးမပျက် ဆက်ပြောလိုက်သည်။
“ အမှန်တော့၊ ထွက်လာဖို့ဆိုရင် နတ်ဝိဇ္ဇာဂူကို ဖြိုချပစ်စရာ မလိုပါဘူး။ ရှဲ့ဟေးရန်ဆိုတဲ့ငါက အကျိုးတော်ဆောင်တစ်ယောက်ပဲလေ။ ရိုးရှင်းတဲ့ အဖြေကို မလွတ်တမ်း ရှာပေးပြီး ပြဿနာရှင်းဖို့ ပိုက်ဆံ အကုန်အကျ သက်သာ‌အောင်လည်း လုပ်ပေးမှာပါ။ အလွယ်ဆုံးနည်းကတော့ မင်း ပိန်သွားဖို့ပဲ။ ဒီလိုဆို မင်း ထွက်လာလို့ ရပြီလေ”

“ ဒီနည်းလမ်းက အချိန်ကုန်သက်သာရုံမကဘူး။ ဂူကို ဖြိုချတာထက် သေချာ‌ပေါက် ပိုက်ဆံကုန်သက်သာတယ်။ ဝိညာဥ်ကျောက်တုံး ငါးရာပဲလိုတယ်။ ဘယ်လို သဘောရလဲ ”

“ ခင်ဗျားဆီမှာ ဝိတ်ကျဆေးနည်း ရှိတာလား ”
ဝမ်ပေါင်လဲ့၏ မျက်လုံးများက ချက်ချင်းပင် အရောင်များ ထွက်လာသည်။ သူသာ ဝိတ်ကျမည်ဆိုလျှင် ဝိညာဥ်ကျောက်တုံး ငါးရာမှာ ဘာမှ မဟုတ်ပေ။ ထို့ထက် ပိုပေးရမည်ဆိုလျှင်ပင် သူ တွေဝေနေမည် မဟုတ်ပေ။

“ ညီလေး၊ ငါ့ရဲ့ စွမ်း‌ဆောင်ရည်နဲ့ ပတ်သက်ပြီး သံသယ မဝင်ဖို့ သတိပေးရဦးမယ်။ မင်းမှာ ပိုက်ဆံသာ ရှိနေရင် ငါ မလုပ်နိုင်တဲ့ အရာဆိုတာ မရှိဘူး။ မင်း မပိန်ရင် ငါ မင်းကို နှစ်ဆ ပြန်ပေးမယ်”
ရှဲ့ဟေးရန်က ဝံ့ကြွားစွာ ပြောလိုက်သည်။

ဝမ်ပေါင်လဲ့မှာလည်း တိကျသေချာသူဖြစ်သည်။ ချက်ချင်းပင် သဘောတူလိုက်သော်လည်း သူ ပိန်သွားပြီးမှသာ ငွေချေမည် ဖြစ်သည်။

ရှဲ့ဟေးရန်ကလည်း သဘောတူလိုက်သည်။ တာအို‌‌ကျောင်းတွင် မည်သူမျှ သူ့ဝိညာဥ်ကျောက်တုံးများကို လိမ်မပြေးရဲဟု ယုံကြည်ထားသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့နှင့် အဆင်ပြေပြေ သဘောတူညီချက် ရသွားပြီးနောက် ထွက်ခွာသွားလေသည်။

လျှိုတောက်ပင်းနှင့် ကျန်လူများမှာလည်း ပြဿနာပြေလည်ပုံ ပေါ်သွားသည်ကို သိလိုက်သည်။ သူတို့က ဝမ်ပေါင်လဲ့၏ ဂူကို တစ်ချက်ကြည့်ပြီးနောက် သူ စိတ်ရှုပ်နေသည်ကို နားလည်သောကြောင့် နှုတ်ဆက်ကာ ပြန်ထွက်လာကြသည်။
ရှောင်ရက မပြန်ချင်သေးသော်လည်း တုမင်က ဆွဲခေါ်သွားလေသည်။ မသွားခင် နူးညံ့စွာ နှစ်သိမ့်ပေးသောကြောင့် ဝမ်ပေါင်လဲ့မှာ အတော်လေး စိတ်ကျေနပ်သွားလေသည်။

“ ရှောင်ရ၊ ငါ ပြန်ပိန်သွားတာနဲ့ မင်းဆီ သေချာပေါက် လာခဲ့မယ်နော်”

အားလုံးထွက်ခွာသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ နတ်ဝိဇ္ဇာဂူထဲ၌ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ ယခု သူ့အဖြစ်မှာ တွင်းထဲတွင် ပိတ်မိနေသည့် သင်းခွေချပ်တစ်ကောင်အလား ဝမ်းနည်းပက်လက် ဖြစ်နေသည်။ သူသည် မုန့်စားချင်စိတ် ဖြစ်လာသော်လည်း လက်လှမ်းမမှီ ဖြစ်နေသည်။ ဝမ်ပေါင်လဲ့မှာ ပို၍ပင် စိတ်ဓါတ်ကျလာသည်။

ငါက ကျောင်းသားခေါင်းဆောင် ဖြစ်ချင်ရုံပဲကို ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ…

ငါ စိတ်ရှည်သည်းခံ ဇွဲသန်ရမယ်၊ ငါ လက်လျှော့လိုက်လို့ မဖြစ်ဘူး။ အဆင့်မြင့် အရာရှိတွေရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွေထဲမှာ ပြောထားတဲ့ အတိုင်းပဲ၊ ကောင်းကင်ဘုံက လူတစ်ယောက်ကို မဟာရုံးတော်တစ်ဆောင် ပေးတော့မယ်ဆိုရင် စိတ်ရော ကိုယ်ပါ ဒုက္ခဆင်းရဲပေးပြီး စမ်းသပ်လေ့ရှိတယ်….

ကံကောင်းထောက်မစွာဖြင့် ဝမ်ပေါင်လဲ့မှာ အကောင်းမြင်ဝါဒီတစ်ဦးဖြစ်သည်။ သူ့ကိုယ်သူ အားပေးပြီး စိတ်ကို တင်းထားလိုက်သည်။

ငါ ပိုကြီးတဲ့ နတ်ဝိဇ္ဇာဂူ ပြောင်းချင်တယ်….
ထိုအတွေးကြောင့် ဝမ်ပေါင်လဲ့သည် မကြာမီရက်များတွင် ကျောင်းသားခေါင်းဆောင် ဖြစ်လာမည့် မြင်ကွင်းများကို စိတ်ကူးယဥ်ပုံဖော် ကြည့်နေမိသည်။ စိတ်လှုပ်ရှားဖွယ် အကြောင်းအရာတစ်ခုကို တွေးလိုက်မိတိုင်း သူ စောင့်နေရသည်မှာ တန်သည်ဟု ခံစားလာရသည်။

ထိုသို့ဖြင့် စောင့်ဆိုင်းနေရသော ရက်များ ကုန်ဆုံးသွားလေသည်။ နောက်ဆုံး သုံးရက်ကြာပြီးနောက် မှောင်ရီပျိုးစအချိန်တွင် ရှဲ့ဟေးရန် ပြန်ရောက်လာခဲ့သည်။

သူသည် လွန်ခဲ့သော သုံးရက်က အဝတ်အစားများကိုသာ ဝတ်ဆင်ထားဆဲ ဖြစ်သည်။ သူ့ဆံပင်ကို နံ့သာဆီဖြင့် နောက်သို့ လှန်တင်ထားသည်ဖြစ်ပြီး ဆည်းဆာနေခြည်အောက်တွင် တောက်ပြောင်နေသည်။ ဝမ်ပေါင်လဲ့က အဝေးမှသူ့ကို လှမ်းမြင်သွားသည်။

ရှဲ့ဟေးရန်ကို တွေ့ပြီးနောက် ဝမ်ပေါင်လဲ့က အော်ခေါ်လိုက်သည်။
“ အစ်ကိုရှဲ့ ”

ဝမ်ပေါင်လဲ့၏ အသံမှာ ဂူအပြင်ဘက်သို့ ဖြည်းဖြည်းချင်း လွင့်ပျံသွားသည်။ ရှဲ့ဟေးရန်၏ နားဝသို့ ရောက်ချိန်တွင် သူက ဂူပေါက်ဝသို့ ရောက်နေလေပြီ။ သူက ခါးကိုင်းကာ အထဲသို့ နွေးထွေးစွာ ပြုံးကြည့်လိုက်သည်။

“ ညီလေး၊ မင်း ပြဿနာအတွက် ငါ နည်းလမ်း အမျိုးမျိုး စဥ်းစားကြည့်ပြီးတော့ နောက်ဆုံး သေချာပေါက် အလုပ်ဖြစ်မယ့် နည်းလမ်းကို ရွေးထားတယ် ”
ရှဲ့ဟေးရန်က စကားပြောရင်း ဆေးပုလင်းတစ်ပုလင်းကို ထုတ်လိုက်သည်။ သူက ဘေးဘီကို ဝေ့ဝဲကြည့်ပြီး မည်သူမျှ မရှိကြောင်း သေချာ စစ်‌ပြီးနောက် ဆောင့်ကြောင့် ထိုင်ချကာ တိုးတိုးလေး ပြောလိုက်သည်။
“ ဒီတစ်ခါ ငါ မင်းအတွက် ကောင်းကင်မြို့တော်ရဲ့ မြေအောက် မှောင်ခိုဈေးကွက်ကနေ သေမင်းဆေးလုံးတချို့ ယူလာတယ် ”

ရှဲ့ဟေးရန်၏ ထူးခြားသော အပြုအမူကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ စိတ်ချသွားသည်။ သို့သော် ‘ သေမင်းဆေးလုံး’ ဟူသော စကားလုံးကို ကြားသောအခါ အလန့်တကြား ဖြစ်သွားလေသည်။

“ အဲဒါ ဘာကြီးလဲ ”
ဝမ်ပေါင်လဲ့က တအံ့တဩ ဖြစ်နေသည်။ သူသည် သေမင်းဆေးလုံးများ အကြောင်း လုံးဝ မကြားဖူးခဲ့ပေ။

“ မင်းလည်း မသိတာ မထူးဆန်းပါဘူး။ သေမင်းဆေးလုံးဆိုတာက တားမြစ်ပစ္စည်းတစ်ခုလေ။ ဒီဆေးလုံးက တကယ်တော့ ဟိုးအရင်တုန်းက မှော်ဆေးရည်အ‌ဆောင်က အရူးတစ်ယောက်က မတော်တဆ ဖန်တီးမိသွားတာ။ ဒီဆေးလုံးကို စားမိတဲ့သူက သေမင်းနဲ့ ကြုံတွေ့ရသလို ခံစားရတယ်တဲ့၊ ဒါကြောင့် သေမင်းဆေးလုံးလို့ ခေါ်တာ။ မှော်ဆေးရည်အဆောင်မှာ သေမင်းဆေးလုံးကို စားခဲ့တဲ့သူတွေကို မှတ်တမ်းတင်ထားတဲ့ လျှို့ဝှက်ပေလွှာရှိတယ်။ အဲဒီအထဲမှာ စံချိန်ချိုးထားတဲ့သူ တောင့်ခံနိုင်တဲ့အထိ စားထားတဲ့ သေမင်းဆေးလုံးက အများဆုံး သုံးလုံးပဲ ”

ရှဲ့ဟေးရန်က တည်ကြည်လေးနက်စွာ ပြောနေသည်။ နောက်ဆုံး သူက အတပ်ပြောလိုက်သည်။
“ ညီလေး၊ မင်း သည်းခံပြီး စားနိုင်ရင် ဒီသေမင်းဆေးလုံးက သေချာပေါက် မင်းကို ဝိတ်ကျစေမှာ။ အဲဒါတော့ ငါ မင်းကို အာမခံရဲတယ် ”

ဝမ်ပေါင်လဲ့က ချက်ချင်းပင် စဥ်းစားခန်း ဝင်တော့သည်။ ‘သေမင်းဆေးလုံး’ မှာ စကားအရပင် ကြောက်စရာကောင်းလှသည်။ သူက ရှောင်ရနှင့် တုမင်ကို လျှို့ဝှက်ဆက်သွယ်ကာ မေးမြန်းလိုက်သည်။ ဝိညာဥ်ကွန်ယက်ကို ခက်ခက်ခဲခဲ ဖွင့်ကာ ဆေးလုံးအကြောင်း သေချာစုံစမ်း စစ်ဆေးလိုက်သည်။ ရှာတွေ့သည်မှာလည်း ရင်ထိတ်စရာ ကောင်းလှသည်။ ဝိညာဥ်ကွန်ရက်ပေါ်မှ သေမင်းဆေးလုံးအကြောင်း ဖော်ပြချက်များမှာ ပို၍ပင် အသည်းထိတ်စရာ ကောင်းနေသည်။ တချို့က အရိုးပေါ်အရေတင် ပိန်ချုံးသွားသည်မှစ၍ အမှန်တကယ် သေဆုံးသွားသည့် အကြောင်းကိုပါ ထည့်ပြောထားကြသည်။ တချို့ကလည်း ထိုဆေးလုံးကို စားသုံးခြင်းမှာ လူတစ်ယောက်၏ အသက်နှင့် ရင်းရသော စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်ဟု ဆိုကြသည်။

မည်သို့ပင် ပြောကြပါစေ နောက်ဆုံးစကားမှာ ဘယ်သောအခါမျှ ထိုဆေးလုံးများကို မသောက်ကြရန် တားမြစ်ထားသည်။ သို့သော် ထိုအချက်ကြောင့်ပင် လူများကို ပို၍ စူးစမ်းကြည့်ချင်စိတ် ဖြစ်စေသည်။

တခဏမျှ ကြာပြီးနောက် ဝိတ်ချရန် စိတ်ပိုင်းဖြတ်ထားသော ဝမ်ပေါင်လဲ့က အံကို တင်းတင်းကြိတ်လိုက်သည်။

“ ဒီနားကို ယူလာခဲ့၊ ငါ စားမယ်”

“ ဒီလို စိတ်ထားစမ်းပါ ”
ရှဲ့‌ဟေးရန်က လက်မထောင်ကာ သဘောတကျ ထောက်ခံလိုက်သည်။

“ ဒါပေမဲ့ ငါ မင်းကို အကုန်လုံးတော့ ပေးလို့ မဖြစ်သေးဘူး။ တစ်လုံးကို တစ်ခါစီ စားကြည့်ရအောင်၊ မင်းကလည်း ငါ့ကို ပိုက်ဆံ မပေးရသေးတော့ မင်းသေသွားလို့ မဖြစ်ဘူး။ ငါ အရင်ဆုံး မင်းကို တစ်လုံး စားခိုင်းမယ်။ ထပ်စားလို့ ရသေးရင် ဒုတိယတစ်လုံး စားကြည့်ကြမယ် ”
ရှဲ့ဟေးရန်က သူ့ကိုယ်သူ အလွန်တိကျစေ့စပ်သူတစ်ယောက်ဟု ခံစားလိုက်ရသည်။ အထူးပြုလုပ်ထားသော လက်အိတ်ကို ဝတ်ကာ ပုလင်းထဲမှ ‌ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ဂူထဲသို့ လက်လှမ်းလိုက်သည်။

ဝမ်ပေါင်လဲ့က ဆေးလုံးကိုယူပြီးနောက် တစ်ချက်ကြည့်လိုက်သည်။ သေမင်းဆေးလုံးမှာ နီရဲနေသည်။ ကြည့်ရုံနှင့် စိတ်ပူစရာ ကောင်းသည့် ဆေးမျိုး ဖြစ်သည်။ နှာခေါင်းရှုံ့ကာ စစ်ကြည့်လျှင် သူတွေ့ခဲ့သော ဝိညာဥ်ကွန်ရက်ပေါ်မှ ဖော်ပြချက်အတိုင်း ချွပ်စွပ်တူကြောင်း တွေ့ရသည်။ အသက်ကို ပြင်းပြင်းရှူကာ ဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့်ပြီး ဝါးစားလိုက်သည်။ အရသာကို သေချာမခံရသေးမီ မျိုချပစ်လိုက်သည်။

“ ဒီဟာက တော်တော်စားကောင်းတာပဲ”
ဝမ်ပေါင်လဲ့က နှုတ်ခမ်းသပ်ကာ ပြောလိုက်သည်။ မြန်မြန်စားလိုက်မိသော‌ကြောင့် ပါးစပ်ထဲတွင် ကျန်နေခဲ့သော အရသာကိုသာ ခံစားရသည်။ သူ၏ မုန့်များထက်ပင် အရသာ ရှိနေသည်။

“ နောက်တစ်လုံး ပေးပါဦး”
ဝမ်ပေါင်လဲ့သည် ယခုရက်ပိုင်းအတွင်း မုန့်မစားရသောကြောင့် ချက်ချင်းပင် စားချင်စိတ် တဖွားဖွား ဖြစ်ကာ သားရေယိုလာသည်။

“ ဟမ် ”
ရှဲ့ဟေးရန်မှာ မယုံနိုင်အောင် ဖြစ်သွားသည်။ သူသည် ဝမ်ပေါင်လဲ့ရှေ့တွင် လေးစားရသည့် ပညာရှင် ပုံစံ အမြဲ နေလေ့ရှိသော်လည်း ယခုမူ ပါးစပ်အဟောင်းသား ဖြစ်ကာ လက်ထဲမှ ဆေးပုလင်းကို တစ်လှည့်၊ ဝမ်ပေါင်လဲ့ကို တစ်လှည့် ကြည့်နေမိသည်။

သူသည် တခဏမျှ တွေဝေနေပြီး ဒုတိယမြောက် ဆေးလုံးကို သေချာထုတ်ကာ လှမ်းပေးလိုက်သည်။ ဝမ်ပေါင်လဲ့က မျိုချပြီးသည့်နောက် ထပ်လိုချင်နေသေးသည်။

ရှဲ့ဟေးရန်မှာ ပို၍ လန့်သွားပုံပေါက်ကာ ပြန်မေးလိုက်သည်။
“ မင်း..မင်း ဘယ်လိုမှ မနေဘူးလား ”

“ ဘယ်လိုမှ မနေပါဘူး။ အရသာ တော်တော်လေး ကောင်းတယ်။ ထပ်ပေးပါဦး ”
ဝမ်ပေါင်လဲ့က နှုတ်ခမ်းသပ်ကာ ပြောလိုက်သည်။ ဆေးလုံးများမှာ ပူစပ်စပ် အရသာ ရှိပြီး ဗိုက်ထဲတွင် နွေးနွေးလေး ဖြစ်စေသည်။

ရှဲ့ဟေးရန်မှာ တစ်ကိုယ်လုံး ထူပူကာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ တဒင်္ဂမျှ တွေဝေနေပြီးနောက် သတိမထားမိဘဲ နောက်ထပ်ဆေးသုံးလုံးကို ပေးမိသွားသည်။

ပေးလိုက်မိသည်ကို သတိပြုမိသွားကာ တုံယင်လာပြီး ဝမ်ပေါင်လဲ့ကို တားရန် ဟန်ပြင်နေစဥ် ဝမ်ပေါင်လဲ့က သေမင်းဆေးလုံး သုံးလုံးကို မျိုချပြီး ဖြစ်လေသည်။

“ သောက်ကျိုးနည်း … မင်း … မင်းစားတာ ငါးလုံးတောင် ရှိနေပြီ ”
ရှဲ့ဟေးရန်မှာ အလွန်အမင်း အံ့အားသင့်သွားကာ ရေရွတ်လိုက်သည်။

ထိုအခိုက် ဝမ်ပေါင်လဲ့က သူ့ခန္ဓာကိုယ်မှာ ယခင်ကထက် အနည်းငယ် ပူလာသည်ကိုသာ ခံစားရသည်။ တုံ့ပြန်မှု မသိသာသဖြင့် ဝမ်ပေါင်လဲ့မှာ မကျေမနပ် ဖြစ်လာသည်။

“ ဒါ အတုကြီးလား။ ချီးမွမ်းခန်းတွေ ဖွင့်ပြပြီးတော့ လူတစ်ယောက်က အများဆုံး သုံးလုံးပဲ စားနိုင်တာဆို၊ ငါ ငါးလုံး စားပြီးတာ ဘာမှလည်း မဖြစ်သေးဘူး ”
ဝမ်ပေါင်လဲ့မှာ လက်မခံနိုင် ဖြစ်ကာ အလိမ်ခံလိုက်ရသည့်အလား ခံစားနေရသည်။

ရှဲ့ဟေးရန်၏ နဖူးတွင် ချွေးစေးများ ပြန်လာသည်။ သူ့ပုလင်းထဲတွင် ဆေးလုံး ငါးလုံး ကျန်သေးသည်။ သူ ဆေးလုံးအစစ်များကို ရလာသည်မှာ သေချာသော်လည်း ယခု သံသယဝင်လာသည်။ ဝမ်ပေါင်လဲ့၏ စကားကို ကြားပြီးနောက် ‌‌ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ ငါ့ကို ဘယ်သူက လိမ်ရဲတာလဲ”

“ ခင်ဗျားတစ်လုံးစားကြည့်ရင် သိမှာပဲ ” ဝမ်ပေါင်လဲ့က မကျေမနပ် ပြောလိုက်သည်။

ရှဲ့ဟေးရန်မှာလည်း လူလည်တစ်ဦး ဖြစ်သည်။ သူအလိမ်ခံလိုက်ရပြီဟု အထင်ရောက်ကာ ဒေါသပုန်ထနေသည်။ အံကြိတ်ကာ ဆေးလုံးတစ်လုံး ထုတ်ပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ သို့ရာတွင် ပါးစပ်ထဲ ရောက်သည်နှင့် တစ်ပြိုင်နက် မျက်လုံးများပြူးကာ ခေါင်းတစ်ခုလုံး ချာချာလည်ကာ စိတ်လွတ်သွားသည့်အလားပင်။

Comment

Leave a Reply

Options

not work with dark mode
Reset