စာစဉ် (၁၆) အပိုင်း (၂၁၈)

တစ်ချက်ဆို လုံလောက်ပြီ

ဇူယွမ် ကျင့်ကြံခြင်း စင်မြင့်ပေါ်တွင် ရပ်လိုက်သော အချိန်၌ သူ၏ အရှိန်အဝါမှာ ပြောင်းလဲသွားသည်ကို လူတိုင်းခံစား လိုက်ရသည်။ အချို့သော အမြင်စူးရှသည့် တပည့်များမှာ အံ့အားသင့်စွာဖြင့် သူတို့၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားတော့သည်။ ဇူယွမ်၏ အရှိန်အဝါက သူတို့ကို တိုက်ပွဲ အတွေ့အကြုံ များစွာရှိနေမှန်း ပြောပြနေသည်။

အဘယ်ကြောင့်ဆိုသော် တိုက်ပွဲပေါင်းများစွာ ရင်ဆိုင်ဖူး သူများသာ ထိုသို့သော အရှိန်အဝါ ထွက်ပေါ် သောကြောင့် ဖြစ်သည်။

“သူ တစ်ဝက်တစ်ပျက် မူလစဦး အဆင့်ပဲ ရှိသေးတာ စိတ်မကောင်းစရာပဲ”

အချို့သော သူများက လေးပင်စွာ ခေါင်းယမ်း လိုက်ကြသည်။

သူတို့နှစ်ယောက် အကြား ကွာခြားမှုက အရမ်း ကြီးမားလွန်းသည်။

ဝရုန်း…

သနားညှာတာမှု ကင်းမဲ့စွာဖြင့် ဟန်ရှန့်က ဇူယွမ်ကို စိုက်ကြည့် လိုက်သည်။ သူ၏နှုတ်ခမ်း ထောင့်စွန်းတွင် ကြောက်မက်ဖွယ် ကောင်းသော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာပြီး သူ၏ ခန္ဒာကိုယ်အတွင်းမှ မှုလချီများက ရုန့်ရင်း ကြမ်းတမ်းစွာ ထွက်ပေါ်လာခဲ့သည်။

မူလချီများက တိုက်ခတ်နေသော လေအသွင် ဖြစ်ပေါ်လာပြီး ဒုတိယအဆင့် မူလစဦး ကျင့်ကြံသူ၏ စွမ်းအား အပြည့်ကို  ထုတ်ဖော် လိုက်သည်။

တတိယတန်း တပည့်များက မူလချီများ၏ ဖိအားကို ခံစားမိလိုက်ချိန်တွင် သူတို့၏ အမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားသည်။

ဟန်ရှန့်က လွန်စွာ ကြောက်မက်ဖွယ် ကောင်းလွန်းလှ ပေသည်။

တောင်ထိပ်ပိုင်းတွင် ရှိသော ကျင့်ကြံခြင်း စင်မြင့်အနီးမှ တပည့် တစ်ယောက်က လုဖန်းအား လှည့်ကြည့်ကာ မေးလိုက်သည်။

“ဟီး ဟီး … လုဖန်း ဘယ်သူ နိုင်မယ်လို့ မင်းထင်လဲ”

လုဖန်းက ဂရုမစိုက်သည့် အမူအရာနှင့် သူ၏ မျက်တောင်များမှာ မှေးစင်းသွားပြီး တိုက်ပွဲအား ကြည့်ရန် စိတ်မဝင်စားသည့် ပုံဖြင့်…

“ဟန်ရှန့်က ရှန်ဇူတိုက်ကြီးရဲ့ လူငယ် မျိုးဆက်တွေ ကြားမှာ မြင့်မားတဲ့အဆင့် တစ်ခုမှာ ရှိနေတယ် သူ့အနေနဲ့ တစ်ဝက်တစ်ပျက် မူလစဦးအဆင့် တစ်ယောက်ကို တိုက်ဖို့က အရမ်း လွယ်ကူလိမ့်မယ်”

“ဒီလိုတိုက်ပွဲမျိုးက ကြည့်ရှုဖို့တောင် မထိုက်တန်ဘူး”

ပထမတန်း တပည့် တစ်ယောက်က သဘောကျစွာ ပြောသည်။

“ဒါဆို ဇူယွမ်က မူလကျောက်စိမ်း အပိုင်းအစ သုံးဆယ်ကို လျော်ကြေးအဖြစ် ညစ်ပြီး တောင်းတာပေါ့”

လုဖန်းက စိတ်မပါစွာ ပြောလိုက်သည်။

“ဒီလို အရေးမကြီးတဲ့ ကိစ္စတွေကို ငါ ဂရုမစိုက်ဘူး”

သူ့အမြင်တွင် ဟန်ရှန့်နှင့် ဇူယွမ်တို့ နှစ်ယောက်လုံးသည် သူ၏ အာရုံစိုက်မှုနှင့် မထိုက်တန်ပေ။ သူဖို့ သည်အရာက အသေးအဖွဲ ကိစ္စလေး ဖြစ်သည်။

အနည်းငယ် ကွာဝေးသော နေရာတွင် ဂူဟွမ်ဂျီက သူမ၏ လက်များကို မေ့ဖျားပေါ်သို့ တင်ထားသည်။ ယခု အချိန်တွင် ဇူယွမ်၏ ပြောင်းလဲသွားသော အရှိန်အဝါကို အနည်းငယ် စိတ်ဝင်စား နေမိပေသည်။

“သူ့မှာ စွမ်းရည် အချို့ရှိပုံပဲ”

ဝရုန်း…

အားလုံး၏ အကြည့်အောက်တွင် ဟန်ရှန့်၏ ပတ်ပတ်လည်ရှိ မူလချီများမှ ကျယ်လောင်သော အသံထွက်ပေါ် လာခဲ့သည်။ စက္ကန့်အချို့ အကြာတွင် သူ၏ ခြေထောက်များက မြေကြီးထဲသို့ နှစ်ဝင်သွားပြီး စူးရှသော အသံနှင့်အတူ သူ၏ခန္ဓာကိုယ်မှာ မှုန်ဝါးသွားပြီး ဇူယွမ်ဆီသို့ ဦးတည်လိုက်သည်။

မူလချီများက မုန်တိုင်း တစ်ခုအလား သူ၏ ခန္ဓာကိုယ်တွင် လှည့်ပတ်နေပြီး သူ့ခြေထောက် အောက်ရှိ လေထုမှာ ပြင်းထန်စွာ တိုက်ခတ်နေသည်။

“တစ်ချက်တည်းနဲ့ မင်းကို အမှောက် သိပ်ပစ်မယ်”

ရက်စက် ကြမ်းကြုတ် မှုများက ဟန်ရှန့်၏ မျက်လုံးထဲတွင် စီးဆင်းနေပြီး လက်သီး ဆုပ်လိုက်သည်။ ဟူ၏ ခန္ဓာကိုယ်မှ မူလချီများက နေရာအနှံ့သို့ တစ်ဟုန်တိုး ပြန့်ကျဲလျက် ရှိသည်။ သူ၏ ရုန့်ရင်း ကြမ်းတမ်းသော အရှိန်အဝါက အချို့သော ပထမတန်းနှင့် ဒုတိယတန်း တပည့်များ၏ အမူအရာကိုပင် ပြောင်းလဲစေသည်။

သူက နောက်ဆုတ်မည့်ပုံ လုံးဝမရှိပေ။

ဇူယွမ်က သူ၏ ကျင့်ကြံခြင်း စင်မြင့်ပေါ်တွင် မတ်တတ် ရပ်လျက်ရှိပြီး သူ့ မြင်ကွင်းထဲတွင် တဖြည်းဖြည်း ကြီးမားလာသော ပုံရိပ်ကို ကြည့်နေသည်။ ရုန့်ရင်း ကြမ်းတမ်းသော မူလချီများက သူ့ထံသို့ ထက်ရှသော ဓားသွားများ အလား ဝင်ရောက်လာ ခဲ့သည်။

“မူလစဦး ဒုတိယအဆင့်”

ဇူယွမ်၏ ငယ်ရွယ် လှပသော မျက်နှာက မပြောင်းလဲပဲ ရှိနေသည်။ သူက ညင်သာစွာ ရယ်မောလိုက်ပြီး တိုးညင်းစွာ ရေရွတ်လိုက်သည်။

“ကြီးမြတ်သော ဇူအင်ပါယာ မှာတုန်းက ငါ့မှာရှိတဲ့ ဝှက်ဖဲတွေ အားလုံးကို သုံးပြီးတော့ မူလစဦး ဒုတိယအဆင့် တစ်ယောက်ကို သတ်ဖြတ် ခဲ့ရတယ်”

“အခုတော့…”

သူ၏ မျက်လုံးအစုံမှာ အေးစက်သွားသည်။

ဇူယွမ်လည်း ချက်ချင်းပင် လက်သီး ဆုပ်လိုက်ပြီး သူ၏ ချီသိုလှောင်ခန်း အတွင်းမှ ရွှေရောင် မူလချီများက ကျယ်လောင်သော အသံနှင့်အတူ မီးတောင်ပေါက်ကွဲ သကဲ့သို့ ထွက်ပေါ် လာခဲ့သည်။

ကြေးခွံများကလည်း သူ၏လက်သီးမှ ထွက်ပေါ်လာခဲ့ပြီး လက်မောင်း တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ ထိုကြေးခွံများက အတိတ်တုန်းက ကဲ့သို့ ရွှေရောင် ကြေးခွံများ မဟုတ်တော့ပဲ ယခုချိန်တွင် စစ်မှန်သော ခရမ်းရွှေရောင် အလင်းများ တောက်ပနေသည်။

အံ့ဖွယ်စပါးအုံး ကြေးခွံ တတိယအဆင့် ခရမ်းရွှေရောင် ကြေးခွံ…

သူတော်စင် သွေးစက်၏ ကောင်းချီးပေး ခံရမှုအပြီးတွင် အံ့ဖွယ်စပါးအုံး ကြေးခွံမှာ ပြည့်စုံသော အခြေအနေသို့ ရောက်ရှိခဲ့ပြီး သူတို့၏ အရောင်မှာ ခရမ်းရွှေရောင်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။

ထိန်းချုပ်၍ မရသော စွမ်းအားများက ဇူယွမ်၏ ခန္ဓာကိုယ် အတွင်းမှ မုန်တိုင်းထန် နေသကဲ့သို့ ထွက်ပေါ်လာသည်။ သည်ခရမ်းရွှေရောင် ကြေးခွံမှ ထွက်ပေါ်နေသော စွမ်းအားများသည် ရွှေရောင်ကြေးခွံ အဆင့်မှ စွမ်းအားများထက် များစွာ သာလွန်ပေသည်။

ဟစ်…

ကြမ်းကြုတ်သော ဟစ်ကြွေးသံ တစ်ခုကို မသဲမကွဲ ကြားလိုက်ရသည်။ လူတိုင်းက ဇူယွမ်၏ ဦးခေါင်းထိပ်မှ ရွှေရောင် မူလချီများဖြင့် ကောင်းကင်ယံတွင် ဖြစ်ပေါ်နေသော ကြီးမားသည့် စပါးအုံး ပုံသဏ္ဌာန်ကို မြင်တွေ့ လိုက်ရသည်။

တစ်စုံ တစ်ယောက်က အနီးကပ် ကြည့်ရှုပါက ထိုစပါးအုံး၏ ဦးခေါင်းပိုင်းတွင် ဦးချိုသဏ္ဌာန် အဖုနှစ်ခုနှင့် ဝမ်းဗိုက်အနီးတွင် ရှိသော ခြေသည်း လက်သည်း သဏ္ဌာန်များကို မြင်ရမည် ဖြစ်သည်။

ရွှေရောင် စပါးအုံးမြွေက ဟစ်ကြွေးလိုက်ပြီး သူ၏ အော်သံက နဂါးတစ်ကောင် ဟိန်းသံမျိုးနှင့် ဆင်တူပေသည်။

မူလချီစပါးအုံးက ဇူယွမ်၏ ခန္ဓာကိုယ်ကို ရစ်ပတ်လျက် ရှိသည်။ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှားလိုက်ပြီး အားလုံး၏ အကြည့်များ အောက်တွင် အရှေ့သို့ တက်လှမ်း လိုက်သည်။

ဘန်း…

လေထုမှာ ပေါက်ကွဲသွားဟန်ရပြီး အသံနှင့်အတူ ဇူယွမ်၏နောက်တွင် ဖုန်လုံးများ ကျန်ခဲ့ပေသည်။

မြေပြင်ကို ခြေထောက်နှင့် ထိလိုက်သည်နှင့် သူ၏ပုံရိပ်က ပျောက်ကွယ် သွားခဲ့သည်။ ချက်ချင်းပင် ဇူယွမ်၏ ပုံရိပ်က တောင်ခြေသို့ ဆင်းသည့် လမ်းတစ်ဝက် လေထဲ၌ ပေါ်လာခဲ့ပြီးနောက် လူတိုင်း၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်း သွားခဲ့သည်။

သူက အခု ဟန်ရှန်နဲ့ ပေအနည်းသာ ဝေးကွာတော့သည်။

“ဒီအမြန်နှုန်းက…”

တစ်ယောက်ပြီး တစ်ယောက် အံ့အားသင့်စွာ အော်လိုက်ကြသည်။

ဇူယွမ်၏ အမြန်နှုန်းကြောင့် လူတိုင်း အနောက်သို့ ခုန်ဆုတ်လိုက် မိကြသည်။

“မင်းရဲ့ တစ်ဝက်တစ်ပျက် မှုလစဦး အဆင့်လေးနဲ့ ငါ့ကို တားဆီးနေတဲ့ လုပ်ရပ်လေးကို ရပ်လိုက်စမ်းပါကွာ”

အော်သံနှင့်အတူ ဟန်ရှန့်က လှည့်ပတ်လိုက်ပြီး မူလချီများက သူ၏ ခန္ဓာကိုယ်ကို စက်ဝိုင်းသဏ္ဌာန် ဖုံးအုပ်သွားသည်။

“ကျားဟိန်းသံနှင့် တောင်ကို ချိတ်ပိတ်ခြင်း…”

လက်သီးချက် တစ်ခုက ပျံဝဲလာပြီး အားမာန် အပြည့်နှင့် မူလချီများက ကြီးမားသော ကျားကြီး တစ်ကောင် ခုန်အုပ်လိုက်သော အသွင် ဖြစ်ပေါ်လာသည်။ ထို့နောက် ကျားဟိန်းသံ တစ်ခုပါ ထွက်ပေါ်လာပြီး ကြားရသော လူတိုင်းကို ကြောက်ရွံ့စေသည်။

ကြီးမားသော ကျားကြီးက ဟိန်းသံနှင့်အတူ ဇူယွမ်၏ မျက်စိရှေ့သို့ ရောက်လာချိန်မှာ သူက လေထဲသို့ အသက်တစ်ချက် ရှူထုတ်လိုက်သည်။ အတွေးတစ်ချက် နှင့်အတူ အလုံးစုံသော စပါးအုံး သားရဲချီက သူ့ထံ ဆင်းသက်လာခဲ့ပြီး သူ၏ ဝမ်းဗိုက်ရှိ လက်သည်းများက ဇူယွမ်၏ ကြေးခွံများ ဖုံးအုပ်နေသည့် လက်သီးနှင့် ပေါင်းစပ်သွား ခဲ့သည်။

ထိုအချိန်တွင် ဇူယွမ်၏ ပတ်ပတ်လည်ရှိ လေထုမှာ အနည်းငယ် တုန်ခါလို့ နေသည်။

ဇူယွမ်၏ မျက်နှာ အမူအရာမှာ ပြောင်းလဲခြင်း မရှိပဲ လက်သီးချက် တစ်ချက်ကို အရှေ့သို့ ထိုးသွင်းလိုက်သည်။ များစွာသော  အကြည့်များ အောက်တွင် ဇူယွမ်၏ လက်သီးချက်နှင့် ဟန်ရှန့်၏ ကြောက်မက်ဖွယ် ကောင်းသော ချိတ်ပိတ် လက်သီးတို့ တွေ့ဆုံသွားသည်။

ထိုအရာက ရိုးရှင်းသော ထိုးချက်တစ်ခု ဖြစ်ပေမဲ့ ထိုထဲတွင် အလုံးစုံသော စပါးအုံးသားရဲချီနှင့် ခရမ်းရွှေရောင် ကြေးခွံ၏ စွမ်းအားတို့ ပါဝင်ပေသည်။

ဘုန်း…

ကြမ်းတမ်းစွာ ထွက်ပေါ်လာသော အားလှိုင်းကို သာမန် မျက်လုံးဖြင့်ပင် တွေ့မြင်နိုင် ပေသည်။

လေထဲတွင် ချန်းယွင်၏ မျက်ဝန်းအိမ်မှာ ကျဉ်းမြောင်းသွားပြီး သူတို့၏ တိုက်ခိုက်မှုကို ဂရုတစိုက်နှင့် ကြည့်ရှုနေသည်။

လူတိုင်းက တိုက်ပွဲတွင် ထိုးဖောက် ဝင်ရောက်နေသည့် ဇူယွမ်၏ လက်သီးကို တုန်လှုပ်စွာဖြင့် လိုက်ကြည့် နေကြသည်။

ဘန်း…

ဟိန်းသံ ပြုနေသည့် ကြီးမားသော ကျားကြီးမှာ တစ်ချက်တည်းဖြင့် ကြမ်းတမ်းစွာ ဖျက်ဆီးခြင်း ခံလိုက်ရသည်။

ကြမ်းတမ်းသော အားတစ်ခု ပေါက်ကွဲသွားသည်။

မယုံကြည် နိုင်မှုများက ဟန်ရှန့်၏ မျက်လုံးအစုံတွင် ဖြတ်သန်းသွားသည်။ သူ့အပေါ်သို့ လွှမ်းမိုးလာသော စွမ်းအားများကို ရှင်းလင်းစွာ ခံစားမိပေသည်။ သူ့ရဲ့ စွမ်းအားများ အားလုံး ချေဖျက်ခြင်း ခံရပြီး သည်လိုနှင့် သူက ဖိနှိပ်ခံနေရပြီ ဖြစ်သည်။

သူ၏ မူလစဦး ဒုတိယအဆင့်၏ မူလချီများဖြင့်ပင် ထိုစွမ်းအားများကို အနည်းငယ်မျှပင် မခုခံနိုင်ပေ။

သူက ထိတ်လန့်စွာ အော်ဟစ် လိုက်မိသည်။

“ဘယ်လို ဖြစ်နိုင်မှာလဲ”

ဘုန်း…

လေပြင်းများက ကြမ်းတမ်းစွာ တိုက်ခတ်နေပြီး ခရမ်းရွှေရောင် ကြေးခွံများ ဖုံးအုပ်ထားသည့် လက်သီး တစ်လုံးက သူ၏ အကာအကွယ် အလွှာကို ထိုးဖောက်လာပြီး သူ၏ ရင်ဘတ်ပေါ်သို့ ကျဆင်းသည်။

ထုန်း…

ဟန်ရှန့်၏ ရင်ညွန့်ရိုးကျိုးသံ ခပ်သဲ့သဲ့ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်က အနောက်သို့ လွင့်စဉ်သွားကာ ဘူးသီး ခြောက်လိုမျိုး နောက်သို့ လှန်ကျသွားခဲ့ပြီး အရုပ်ကြိုးပြတ် လိုမျိုး တောင်လယ်မှ အောက်ခြေအထိ လိမ့်ကျသွား ခဲ့သည်။

တောင်တစ်ခွင်လုံး တိတ်ဆိတ်သွားသည်။

တုန်လှုပ်နေသော အကြည့်များက လေထဲတွင် လက်သီး ထိုးဟန်ဖြင့် ရှိနေသည့် ဇူယွမ်ပေါ်သို့ ရောက်ရှိလာ ခဲ့သည်။

ဇူယွမ်၏ မျက်လုံး အမူအရာမှာ ပြောင်းလဲခြင်း မရှိပဲ တောင်ခြေသို့ ကျသွားသည့် ဟန်ရှန့်ကိုသာ ကြည့်နေသည်။ ထို့နောက် သူအစောပိုင်း ပြောနေခဲ့သည့် စကားကို အဆုံးသတ် လိုက်သည်။

“အခု… တစ်ချက်နဲ့ လုံလောက်ပါပြီ”

တောင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လုဖန်း၏ ပိတ်ထားသော မျက်လုံးအစုံပင် ချက်ချင်း ပွင့်လာခဲ့သည်။

ဂူဟွမ်ဂျီ၏ လှပသော မျက်နှာလေးပင် ဖြူဖျော့သွားသည်။

အခြားသူများ အားလုံး၏ မျက်လုံးများမှာ ပြူးကျယ်နေသည်။ မူလစဦး ဒုတိယအဆင့် ရှိသော ဟန်ရှန့်က ဇူယွမ်၏ ရိုက်ချက် တစ်ချက်ကိုပင် ခံနိုင်ရည်မရှိပဲ လွင့်စဉ်သွားမည်ဟု မည်သူမှ မမျှော်လင့်မိကြပေ။

သူတို့အားလုံး သည်အရာက ထိတ်လန့်ဖွယ် ကောင်းသည့် တိုက်ခိုက်မှု ဖြစ်လာသည်ကို မယုံကြည်ကြပေ။

သည်တိုက်ပွဲက စတင်ခဲ့သည်နှင့် အဆုံးသတ်သွားပြီ ဖြစ်သည်။


Comment

Leave a Reply


Options

not work with dark mode
Reset