စာစဉ် (၁၆) အပိုင်း (၂၁၇)

မူလတောင်

မြင့်မားလှသော တောင်ထွတ်ကြီး တစ်ခုက အခြားသော ပြင်ပတောင် တွေထက် မြင့်မားစွာ တိမ်များနှင့် ထိစပ်ကာ တည်ရှိနေသည်။

သည်တောင်ကြီးသည် အခြားသော တောင်ထွတ်များထက် သာလွန်မြင့်မား ပေသည်။ တောင်ကြီးမှာ ခမ်းနား ထည်ဝါပြီး သူ၏ပုံသဏ္ဌာန်မှာ မီးတောင်ထွတ် တစ်ခုကဲ့သို့ ဖြစ်နေလေသည်။ များပြားလှသော မူလ မှော်စာလုံးများကို တောင်၏ ပတ်ပတ်လည်တွင် မှိန်ဖျော့စွာ တွေ့မြင်နေရပြီး ပြိုင်ဘက် ကင်းသော မူလမှော်စာလုံး အစီအရင်များ ဖြစ်ပေါ်နေပေသည်။

မူလမှော်စာလုံး အစီအရင်များသည် တောင်၏ လက်မမလပ် နေရာတိုင်းတွင် ရေးထွင်း ထားဟန်ရသည်။

ပတ်ဝန်းကျင်ရှိ အဆုံးမဲ့သော မူလချီများက စုပ်ယူခြင်း ခံနေရပြီး ကြီးမားသော တောင်ကြီး အတွင်းသို့ စီးဝင်နေသည်။ သည်အရာက အလွန် အံ့အားသင့်ဖွယ် မြင်ကွင်း ဖြစ်သည်။

ဇူယွမ်တို့လူစု ရောက်လာသည့် အချိန်တွင် သူတို့က ကြီးမားလှသော တောင်ကြီးကို လှမ်းကြည့်လိုက်ပြီး လန့်ဖျပ်သွား ကြသည်။

သူ၏ စိတ်ဝိညာဉ်ဖြင့် ကြည့်လိုက်ပါက သည်တောင်ကြီးတွင် ရေးဆွဲထားသော မူလ မှော်စာလုံးများမှာ အတော့်ကို အဆင့် မြင့်မားသည်ကို တွေ့ရသည်။ ထိုကဲ့သို့သော မူလမှော်စာလုံး အစီအရင်များကို သာမန်လူ တစ်ယောက် မလုပ်နိုင်သည်မှာ သေချာပေသည်။

“သူတို့ ဒီနေရာမှာ ဘယ်လောက်တောင် ရင်းနှီးမြှုပ်နှံ ထားလိုက်သလဲ”

ဇူယွမ်က အံ့အားသင့်စွာ ချီးကျူးလိုက်သည်။

သည်အရာက ကန်ရွှမ်း ကလန်၏ စွမ်းအား ပြည့်ဝသော စိတ်ဝိညာဉ် ကျင့်ကြံခြင်းကို ဖော်ပြနေပေသည်။

“တကယ်ကို ဖန်တီးထားတာ ဉာဏ်ကောင်းတယ်”

ကြုံတောင့် ကြုံခဲပင် ယောင်ယောင်၏ လှပသော မျက်နှာလေးပေါ်တွင် အံ့အားသင့် နေသည့် အမူအရာကို တွေ့ရပေသည်။

“သည်တောင်ကြီး ပေါ်မှာ မူလမှော်စာလုံး အစီအရင်ပေါင်း နှစ်ဆယ်ကျော် ရှိတယ်… တစ်ခုနဲ့ တစ်ခုက နီးကပ်စွာ ဆက်ထားတယ်။ ဒါက တကယ်ကို ပြည့်စုံတယ်”

“သည်ပြောင်မြောက်တဲ့ စွမ်းဆောင်မှု တစ်ခုကို လုပ်ဖို့ … စိတ်ဝိညာဉ် ကျင့်ကြံတဲ့လူက အနည်းဆုံး စိတ်ဝိညာဉ် ပြည့်စုံစွာ ပေါ်ပေါက်ခြင်း အဆင့် ရှိနေဖို့ လိုအပ်တယ်”

“စိတ်ဝိညာဉ် ပြည့်စုံစွာ ပေါ်ပေါက်ခြင်း အဆင့်…”

ဇူယွမ်က သူ့နှုတ်ခမ်းများကို သပ်လိုက်သည်။ သည်စိတ်ဝိညာဉ် အဆင့်က တကယ့်ကို အထွတ်အထိပ် အဆင့်နှင့် နီးကပ်နေပြီ ဖြစ်သည်။ မူလ မှော်စာလုံးများကို လက်တစ်ဖက် လှုပ်ရုံဖြင့် ဖြစ်ပေါ်စေနိုင်ပြီး အနန္တစွမ်းအားပင် ဖြစ်သည်။

“ကြည့်ရတာ ဒါ မူလတောင်နဲ့ တူတယ်”

ဇူယွမ်က မူလချီများ အဆုံးမဲ့စွာ စီးဝင်နေသော တောင်ကြီးနှင့် တောင်ပေါ်သို့ တက်ရောက် နေသော ပုံရိပ်များကို ကြည့်ကာ ပြောလိုက်သည်။

သူတို့တွေက များစွာသော တပည့် အသစ်တွေ ဖြစ်သည်။

ဇူယွမ်တို့ လူစုသည် သူတို့၏ မူလချီများ ပေါ်တွင်ရှိကာ လေထဲတွင် ဝဲပျံလျက် ရှိကြသည်။ သူရောက်ရှိ လာသည်ကို အခြားသော တပည့် အသစ်များ မြင်သော အချိန်တွင် သူ့အား သနားသော ဟန်ဖြင့်ကြည့်ကာ ပြုံးလိုက်ကြသည်။

“ဒီမျိုးမစစ်တွေ အကုန်လုံးက အစ်ကိုလေး အရှက်ကွဲမယ့် အချိန်ကို စောင့်ကြည့် နေကြတာပဲ”

ရှန့်ဝမ်ကျင်က ကျိန်ဆဲလိုက်သည်။

အခြားသော ကန်မင် တိုက်ကြီးမှ ပါရမီရှင် များကလည်း မခံမရပ်နိုင် ဖြစ်နေကြသည်။ သူတို့အားလုံးက ပုံမှန်အားဖြင့် ဇူယွမ်နှင့် ယောင်ယောင်က သူတို့ကန်မင် တိုက်ကြီးမှ လူစုကို  ကိုယ်စားပြုမှန်း သိကြပေသည်။

သူတို့အားလုံးမှာ ဇူယွမ်၏ အခြေအနေနဲ့ အခြေခံအားဖြင့် သက်ဆိုင်ပေသည်။ ဇူယွမ်အနေဖြင့် ထင်ပေါ်ကျော်ကြားပြီး ဂုဏ်ရှိပါက သူတို့ အတွက်လည်း ဂုဏ်ရှိပြီး ဇူယွမ်အနေဖြင့် အရှက်ကွဲလျှင် သူတို့လည်း အရှက်ရ ပေလိမ့်မည်။ သည်နေ့တွင် ဇူယွမ်၏ ပထမတန်း တပည့်နေရာကို ဟန်ရှန့်က ယူဆောင် သွားပါက သူတို့လည်း အခြားသူများ၏ ဖယ်ကျဉ်ခြင်းကို ခံရပေလိမ့်မည်။

ဇူယွမ်က ရယ်မောရုံသာ ရယ်မော လိုက်သည်။ သည်အခြေအနေနဲ့ ပတ်သက်ပြီး သူ့အနေဖြင့် စိတ်ဆိုးခြင်း မရှိပေ။ အခြားသူများက သူ့အား ကံဆိုးစေချင် ကြသည်မှာ သူ့အတွက် ပုံမှန်လိုပင် ဖြစ်နေပေပြီ။

စကားပုံများအရ တန်ဖိုးရှိတဲ့ ကျောက်စိမ်း လက်စွပ် တစ်ကွင်းက အမှုအခင်းတစ်ခု ဖြစ်လာနိုင် ပေသည်။ သူ့အတွက်တော့ ပထမတန်း ကျောင်းသား ဆိုသည့် အဆင့်အတန်းက ကျောက်စိမ်း လက်စွပ် တစ်ကွင်းပင် ဖြစ်သည်။

သူ့အနေဖြင့် လူတွေ၏ သံသယများကို စကားလုံးများနှင့် မဖြေရှင်းချင်ပေ။ ထိုကြောင့် ဇူယွမ်အနေဖြင့် တိုက်ရိုက် ဖြေရှင်းသည့် နည်းလမ်းကိုသာ ပို၍နှစ်သက် ပေသည်။

“သွားစို့ ငါတို့ မူလတောင်က ဘယ်လောက် အံ့ဩဖို့ ကောင်းလဲဆိုတာ သွားကြည့်ရအောင်”

ဇူယွမ်က ပြောလိုက်သည်နှင့် သူ၏ ခြေထောက် အောက်ရှိ မူလချီများက သူနှင့် ယောင်ယောင်ကို သယ်ဆောင်ကာ လေထဲသို့ မြင့်တက်သွားပြီး နောက်ဆုံးတွင် ကြီးမားသော မူလတောင်ကြီး ပေါ်သို့ ရောက်ရှိလာ ခဲ့သည်။

မူလတောင်ကြီး၏ အံ့ဖွယ် ဆန်းကြယ်မှုများက အံ့မခန်းပင် ဖြစ်သည်။ သူတို့ မူလတောင်ကြီး ဆီသို့ ရောက်ရှိသွားချိန်တွင် ဇူယွမ်တို့ လူစုက တောင်ပေါ်တွင် တောင်၏ ခါးလယ်မှ တောင်ထိပ်အထိ ရှိနေသော ပေအချို့ ကျယ်ဝန်းသည့် ကျင့်ကြံခြင်း စင်မြင့်များကို တွေ့လိုက်ရ ပေသည်။ သူတို့က ပတ်ပတ်လည် ကြည့်ရှုလိုက်လျှင် ထိုကျင့်ကြံခြင်း စင်မြင့်များက အခုရေ တစ်သောင်းကျော် ရှိနေသည်ကို မြင်တွေ့ရပြီး ထိုအရာက အလွန်ခမ်းနား ကြီးကျယ်သော မြင်ကွင်း ဖြစ်သည်။

သို့သော်လည်း တောင်ထိပ်ပိုင်းရှိ ကျင့်ကြံခြင်း စင်မြင့်များမှာ တဖြည်းဖြည်း ကြီးမားသွား ကြသည်။

ကျင့်ကြံခြင်း စင်မြင့်တိုင်းတွင် သူတို့၏ တပည့် အဆင့်အတန်း တံဆိပ်ပြားနှင့် ကိုက်ညီသော စင်မြင့်များတွင်သာ ကျင့်ကြံနိုင်ရန် ပြုလုပ်ထား ပေသည်။ ထိုကြောင့် ကြုံရာစင်မြင့်တွင် နေရာယူ၍  မရပေ။

ထိုနေရာ တစ်ဝိုက်ရှိ လူငယ်များက စိတ်လှုပ်ရှားစွာ အော်ဟစ်လျက် ရှိသည်။

“ပထမတန်း ကျောင်းသားတွေက တောင်ထိပ်ပိုင်းမှာ ထိုင်ရမှာ ထင်တယ်။ ဒုတိယတန်းကတော့ အလယ်မှာပေါ့ တတိယတန်း တွေကတော့ အောက်ခြေမှာပဲ…”

သိသာစွာပင် မူလချီများက ထိပ်ပိုင်းရောက်လေ ပိုမိုစုစည်းလေ ဖြစ်သည်။ ထိုကြောင့် ပထမတန်း ကျောင်းသားများက ကျေနပ်ဖွယ် ကောင်းသော အကောင်းဆုံး နေရာများကို ရရှိကြပေသည်။

ထိုစကားများ ကြားရချိန်တွင် ဇူယွမ်နှင့် ယောင်ယောင်တို့သည် ရှန့်ဝမ်ကျင်တို့ လူစုနှင့် ခွဲထွက်လိုက်ပြီး အားလုံး၏ အကြည့်များ အောက်တွင် တောင်ထိပ်ပေါ်သို့ ဦးတည်သွား လိုက်ကြသည်။

သူတို့တောင်ထိပ် အနီးသို့ ရောက်လာသည် နှင့်အမျှ ပိုမိုကြီးမား ကျယ်ပြန့်သော ကျင့်ကြံခြင်း စင်မြင့်များကို မြင်တွေ့လာရ ပေသည်။ ထိုအပြင်  ကျောက်တုံးများ ပေါ်တွင် မှိန်ဖျော့စွာ ပေါ်နေသည် မူလစာလုံး အစီအရင်များကိုပါ တွေ့မြင်လာရသည်။

ဇူယွမ်သည် သူ၏ တပည့် သင်္ကေတပြား၏ လမ်းညွှန်မှု အတိုင်းလိုက်ရင်း ဖျာတစ်ချပ်ကို အလယ်တွင် ခင်းထားသည့် သူပိုင်ဆိုင်သော ကျင့်ကြံခြင်း ကျောက်တုံးစင်မြင့် တစ်ခုကို တွေ့လိုက်ရသည်။

ထိုဖျာက ရွှေရောင် အလင်းများ ဖြာထွက်နေပြီး များပြားလှသည့် ရွှေရောင် ချည်မျှင်များနှင့် ယက်လုပ်ထားဟန် ရသည်။ မူလချီများက ထိုအရာမှ မှိန်မှိန်လေး တောက်ပနေ သောကြောင့် ထိုအရာက ကျင့်ကြံခြင်းကို ထောက်ပံပေးသည့် ပစ္စည်းတစ်မျိုး ဖြစ်သည်မှာ ထင်ရှားပေသည်။

ဇူယွမ်က ထိုဖျာပေါ်သို့ ထိုင်လိုက်သည်နှင့် အေးမြသည့် အရှိန်အဝါကို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး လတ်ဆတ် သွားသည်ဟု ခံစားလိုက်ရသည်။ ထိုအရာကို သူ၏ စိတ်အတွင်းမှ ချက်ချင်း ချီးကျူးမိ ပေသည်။ ကျင့်ကြံရန် အတွက် ကန်ရွှမ်းကလန်မှ စီစဉ်ပေးထား သည်များသည် သာမန်သူတို့ စီစဉ်ပေးနိုင်ရန် ခက်ခဲသော အရာများ ဖြစ်ပေသည်။

သည်ကျင့်ကြံခြင်း အခြေခံ အရင်းအမြစ်များနှင့် ဆိုလျှင် လူတစ်ယောက်က သူ့ပတ်ဝန်းကျင်ရှိ လူများထက်  အမြဲရှေ့သို့ တက်လှမ်းနေနိုင် ပေလိမ့်မည်။

ဇူယွမ်က သက်ပြင်း ချလိုက်ပြီး သူ၏ အကြည့်များကို သူ၏ အရှေ့တွင်ရှိသော မူလတောင်တွင် တည်ရှိသည့် အရေးပါ ဆုံးသော အရာကို ကြည့်လိုက်သည်။

မူလကောင်းကင်ဘုံ ပန်းပင်။

ရွှေရောင် ပန်းပင်ကြီးသည် ဆယ်ပေ အမြင့်ရှိပြီး ကြီးမားသော ပွင့်ဖတ်ကြီးများ ရှိကာ နေကြာပန်းနှင့် အသွင်သဏ္ဌာန် တူပေသည်။ ထိုအရာက ပန်းတစ်ပွင့်ပင် ဖြစ်သော်လည်း ဇူယွမ်က ထိုပန်းပင်ဆီမှာ နှေးကွေးစွာ အသက်ရှူ နေသည်ကို ခံစားမိပေသည်။ ထိုအရာက အသက်ရှူ လိုက်တိုင်းတွင် မူလချီများက သူ့ထံသို့ စီးဝင်သွားပြီး ပွင့်ဖတ်များကို လင်းလက်တောက်ပ စေပေသည်။

“ဒါက မူလကောင်းကင်ဘုံ ပန်းပင်လား…”

ဇူယွမ်က အံ့သြစွာ ပြောလိုက်သည်။

မူလကောင်းကင်ဘုံ ပန်းပင်များသည် ရှားပါးပြီး ပြိုင်ဘက် ကင်းသော ရတနာတစ်ခု ဖြစ်သည်။ ထိုအရာက မူလချီများကို စုပ်ယူပြီး သန့်စင်ပြီး မူလချီများ ရောနှော ပါဝင်နေသည့် ပန်းဝတ်မှုံများကို ပြန်လည် ထုတ်ပေးသည့် အံ့အားသင့်ဖွယ် ကောင်းသော စွမ်းရှည် ရှိပေသည်။ ကန်ရွှမ်းကလန် အနေဖြင့် သည်ကောင်းကင်ဘုံ မူလပန်းပင်များကို ကြီးထွားစေရန် အတွက် တန်ဖိုး ကြီးကြီးမားမား ပေးဆပ်ထားရ ပေလိမ့်မည်။

“ကျင့်ကြံခြင်း အတွက် ကောင်းကင်ဘုံ မူလပန်းပင်ကို အသုံးပြုတဲ့ ကန်ရွှမ်းကလန်ရဲ့ စဉ်းစားနိုင်မှုက မယုံကြည်နိုင်စရာပဲ”

ဇူယွမ် ဆက်လက်ပြီး မှတ်ချက် ချနေစဉ် အတွင်းမှာပဲ မူလတောင်ဆီသို့ တပည့်များ  ပိုမိုများပြားစွာ ရောက်ရှိလာပြီး သူတို့နှင့် သက်ဆိုင်သော ကောင်းကင်ဘုံ မူလပန်းပင် များတွင် နေရာယူ နေကြသည်။

သို့သော်လည်း သူတို့၏ အကြည့်များက တောင်ထိပ်ပိုင်းတွင် ရှိနေသည့် ဇူယွမ် တည်ရှိရာ နေရာတွင်သာ ရှိနေကြသည်။

ဝှစ်…

ထူးခြားသော အလင်းတစ်ခုက ကောင်းကင်မှ ဆင်းသက်လာခဲ့ပြီး တောင်ထွတ်၏ အလယ်လောက်ကို ရောက်လာခဲ့ ပေသည်။ မူလချီများက တိမ်ပုံစံ ဖြစ်ပေါ်နေပြီး ချန်းယွင်က ထိုအပေါ်တွင် မတ်တတ်ရပ်လျက် ရှိနေကာ အပေါ်မှနေ၍ တပည့်များကို ငုံ့ကြည့်လိုက်သည်။

သူက တပည့်သစ်များကို ဝေ့ကြည့်လိုက်ပြီး ဇူယွမ်ထံသို့ အရောက်တွင် ရပ်တန့်သွားကာ အသံဩကြီးဖြင့် ပြောလိုက်သည်။

“ဒီမှာလူတိုင်း ရောက်နေပြီဆိုရင် မူလတောင်ကို အသက်သွင်းပြီး ကျင့်ကြံခြင်းကို စတင် လိုက်ရအောင်”

“ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ ဆရာချန်း။ ကျွန်တော် အနည်းငယ် ပြောစရာရှိတယ်”

သို့သော်လည်း ချန်းယွင်၏ အသံဆုံးသည်နှင့် အသံတစ်ခု ထွက်ပေါ်လာသည်။

တောင်ပေါ်ရှိ လူတိုင်းက အသံလာရာသို့ ကြည့်လိုက်လျှင် မြေခွေး တစ်ကောင်ကဲ့သို့ မျက်လုံးများနှင့် လူငယ် တစ်ယောက်ကို မြင်လိုက်ရသည်။

“ဒါ ဟန်ရှန့် မလား … ထင်ထားတဲ့ အတိုင်းပဲ သူ ဇူယွမ်ကို စိန်ခေါ်တော့မယ်”

သည်လူငယ်ကို မြင်သည်နှင့် စကားပြောသံများ ထွက်ပေါ်လာပြီး သူတို့၏ အကြည့်များက ဇူယွမ်ဆီသို့ ရောက်ရှိသွားသည်။

ဇူယွမ်၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။

ချန်းယွင်က ဟန်ရှန့်ကို ကြည့်လိုက်ပြီး ဖြည်းညင်းစွာ မေးလိုက်သည်။

“ဘာကိစ္စရှိလို့လဲ”

ဟန်ရှန့်၏ နှုတ်ခမ်း ထောင့်စွန်းမှာ ကွေးညွတ် တက်သွားပြီး ဇူယွမ်ကို လှမ်းကြည့်ကာ သူ၏ လက်နှစ်ဖက်ကို ဆုပ်လိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော် အစ်ကိုတော် ဇူယွမ်ကို စိန်ခေါ်ချင် ပါတယ်။ ဘာလို့လဲဆိုတော့ သူ ပထမတန်းကို တက်ခွင့်ရတာ မှားယွင်းတယ်လို့ ထင်မိလို့ပါ”

ကန်ရွှမ်း ကလန်၏ စည်းမျဉ်းများအရ တပည့်များသည် အသက်အရွယ် တူညီခြင်း မရှိသောကြောင့် သူတို့၏ အဆင့်အတန်း များကိုသာ အခြေခံ၍ အစ်ကိုတော် ညီတော် ခေါ်ဝေါ်ကြသည်။ ဇူယွမ်က ပထမတန်း ကျောင်းသားဖြစ်ပြီး ဟန်ရှန့်က ဒုတိယတန်း ကျောင်းသား ဖြစ်သောကြောင့် ဇူယွမ်ကို အစ်ကိုတော်ဟု ခေါ်ဆိုရခြင်း ဖြစ်သည်။

ဟန်ရှန့်၏ စကားလုံးများက ပတ်ဝန်းကျင်ကို ဆူညံသွားစေသည်။

လျိုစုန့်က ထိုမြင်ကွင်းကို မြင်သော အချိန်တွင် ဝမ်းသာအားရ ပြောဆိုလိုက်သည်

“ဒီကလေးတော့ သွားပြီ။ ဒီအချိန်ပြီးရင် သူက ကန်ရွှမ်းကလန်ရဲ့ ဟာသမြောက်တဲ့ သတင်းတစ်ခု ဖြစ်တော့မယ်”

ဇူယွမ်ကို မနာလိုသော အချို့သော သူများကလည်း ထိုစကားကို ခေါင်းညိတ် ထောက်ခံကြသည်။

ရှန့်ဝမ်ကျင်နှင့် အခြားသော ကန်မင်တိုက်ကြီးမှ ပါရမီရှင်များ၏ အမူအရာများမှာ စိုးရိမ်မှုတို့ကြောင့် ကြည့်မကောင်းပေ။

လူအုပ်ကြီး၏ ထိပ်ပိုင်းတွင် ရှိသော လုဖန်းတို့ ပထမတန်းမှ လူများသည် ထိုမြင်ကွင်းကို အထင်သေးဟန်ဖြင့် ဘေးမှသာ ရပ်ကာ ကြည့်ရှုနေကြသည်။

ဂူဟွမ်ဂျီက ဇူယွမ်ကို အနည်းငယ် သနားဟန်ဖြင့် လှမ်းကြည့် လိုက်သည်။ သည်နေ့ပြီးနောက် သည်ကောင်လေးမှာ ကန်ရွှမ်းကလန်၏ သမိုင်းတွင် သက်တမ်း အတိုဆုံး ပထမတန်း တပည့် ဖြစ်လာပေတော့မည်။

လေထဲတွင်ရှိသော ချန်းယွင်၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိပဲ ဂရုမစိုက်သည့် ဟန်ဖြင့် ပြောသည်။

“တပည့်တွေအကြား စိန်ခေါ်မှုတွေက မင်းတို့ နှစ်ယောက်နဲ့ပဲ ဆိုင်တယ်။ ဇူယွမ်သာ မင်းနဲ့ တိုက်ခိုက်ဖို့ သဘော တူတယ်ဆိုရင် ပုံမှန်အားဖြင့် မင်း တိုက်ခိုက်လို့ရပြီ”

သူက ဇူယွမ်ကို ကြည့်လိုက်ပြီး ပြောသည်။

“မင်း ဟန်ရှန့်ရဲ့ စိန်ခေါ်မှုကို လက်ခံမှာလား။ မင်းရှုံးသွားခဲ့ရင် မင်းရဲ့ ပထမတန်း ကျောင်းသားဆိုတဲ့ အဆင့်အတန်း ဖြုတ်ချခံရမယ်”

လူတိုင်းက  ဇူယွမ်ကို လှမ်းကြည့် လိုက်သည်။

သူက ကြောက်ရွံ့ခြင်း တုန်လှုပ်ခြင်း မရှိပဲ သူ၏မျက်နှာ အမူအရာမှာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“ဆိုလိုတာက ကျွန်တော့် အနေနဲ့ ငြင်းပယ်လို့ ရတယ်ပေါ့”

သည်က စကားလုံးများက မကျေနပ်သော အသံများကို ထွက်ပေါ်လာစေကာ အထင်မြင် သေးသော  အကြည့်များက ဇူယွမ်ထံသို့ ရောက်ရှိလာခဲ့သည်။ အားနည်းသော သူများသည် အမြဲတမ်း တိုက်ပွဲကို ရှောင်ရှားလေ့ ရှိကြပေသည်။

ဂူဟွမ်ဂျီက ခေါင်းယမ်း လိုက်သည်။ သူမ၏ အစောပိုင်းက သနားစိတ် ဝင်မှုများသည် လေနှင့်အတူ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ လူတစ်ယောက်က အားနည်းချင် နည်းပေလိမ့်မည် သို့သော် အားနည်းပြီး မိမိကိုယ်ကိုယ် အောက်ကျခံတတ် သူများသည် သနားခြင်းနှင့်ပင် မထိုက်တန်ချေ။

ချန်းယွင်က အသာအယာ ရယ်မောလိုက်သည်။

“သည်စကားရဲ့ အဓိပ္ပာယ်က မင်းငြင်းပယ် တော့မယ်ပေါ့”

ဇူယွမ်သာ ငြင်းပယ်လိုက်လျှင် သူ၏ဂုဏ်သတင်းမှာ ဆိုးရွားသွား ပေတော့မည်။

ဇူယွမ်က ပြုံးလိုက်ပြီး..

“ဆရာချန်းက နားလည်မှု လွဲနေပြီ။ ကျွန်တော်က ကျွန်တော့်မှာ ငြင်းပယ်ခွင့် ရှိလား သိချင်ရုံပါ”

ချန်းယွင် မျက်မှောင် ကြုတ်လိုက်သည်။ သူ့အနေဖြင့် ဇူယွမ်ဘာကို ဆိုလိုသည်ကို နားမလည်နိုင်ပေ။

ဇူယွမ်က ချန်းယွင်၏ အမူအရာကို လျစ်လျူရှု လိုက်ပြီး ဟန်ရှန့်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

“မင်းကြားတယ် မလား။ ငါမင်းရဲ့ စိန်ခေါ်မှုကို ငြင်းပယ်ခွင့် ရှိတယ်… ဒါပေမဲ့ ငါမင်းကို ငါ့ကို စိန်ခေါ်နိုင်တဲ့ အခွင့်အရေး ပေးလိုက်မယ် အဲဒီအတွက် မင်းငါ့ကို မူလကျောက်စိမ်း အပိုင်းအစ သုံးဆယ် အရင်ပေးရမယ်”

တောင်တစ်ခုလုံး တိတ်ဆိတ် သွားသည့် အံ့အားသင့် နေသော အကြည့်များဖြင့် ဇူယွမ်ထံသို့ တစ်ယောက်ပြီး တစ်ယောက် လှမ်းကြည့် လိုက်ကြသည်။ သည်ကဲ့သို့ တောင်းဆိုမှုမျိုးကို မည်သူမှ မမျှော်လင့်ထားပေ။

သူတို့၏ အကြည့်များ အောက်၌ ဇူယွမ်မှာ ပြောင်းလဲခြင်း မရှိပေ။ သူသာ ရှုံးနိမ့်ခဲ့လျှင် သူ့အနေဖြင့် ပထမတန်း ကျောင်းသား အဆင့်အတန်းကို ဆုံးရှုံးရမည် ဖြစ်သော်လည်း ဟန်ရှန့်သာ ရှုံးနိမ့်ခဲ့လျှင် ထိုအကောင်က မည်သည့် အရာမှ မဆုံးရှုံးပေ။ သည်အရာက သိသာစွာပင် မျှတခြင်း မရှိပေ။

ထို့ကြောင့် သူ့ကို စိန်ခေါ် ချင်သူတိုင်းကို သူပြောဖို့ လိုအပ်ပေသည်။ အသေအချာပင် သူ့ကို စိန်ခေါ် နိုင်ပေသည် သို့သော်လည်း သူ့ကို စိန်ခေါ်လိုလျှင် ပထမဆုံး စိန်ခေါ်မည့် တန်ဖိုးပေးရ ပေမည်။

ဟန်ရှန့်၏ မျက်နှာမှာ နက်မှောင် သွားပြီးနောက် သူက အံကြိတ်ကာ ပြောလိုက်သည်။

“မူလကျောက်စိမ်း အပိုင်းအစ သုံးဆယ်လား။ မင်းရူးနေတာပဲ။

“မင်းရှုံးနိမ့်မှာ ကြောက်နေတာလား။ ပထမတန်း တပည့်ရဲ့ အဆင့်အတန်းနဲ့ မူလကျောက်စိမ်း အပိုင်းအစ သုံးဆယ်ခု ဘယ်အရာက ပိုတန်ဖိုးကြီးလဲ မင်း သိသင့်ပါတယ်။ ဟုတ်တယ်မလား”

ဟန်ရှန့်၏ နှုတ်ခမ်းထောင့်စွန်း နှစ်ဖက်မှာ တွန့်ကွေးသွားသည်။ အဆုံးတွင် သူ၏ မျက်လုံး အတွင်း၌ ရက်စက်ပြီး ပြတ်သားသော အလင်းတစ်ခု ဖြတ်သန်း သွားသည်။

“ကောင်းပြီ ငါ သဘောတူတယ်”

ဟန်ရှန့်က ဇူယွမ်ကို ရက်စက်တော့မည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူက မျက်မှောင် ကြုတ်လျက် သနားညှာတာမှု ပေးမည့်ဟန် မရှိပေ။ ကန်မင်တိုက်ကြီး ကဲ့သို့ တောကြိုအုံကြားမှ တက်လာသော သူတစ်ယောက်အား သူ၏ငွေကြေးများ ပေးရခြင်းက သူ့အား မပျော်မရွင် ဖြစ်စေပေသည်။

ဟန်ရှန့်က မူလစဦး အဆင့်သာ ရှိသေးသည့် ဇူယွမ်အနေဖြင့် သူ့အား အနိုင်ရရှိရန် အတွက် မည်သည့် အခွင့်အရေးမှ မရှိဘူးဆိုတာကို ယုံကြည်ပေသည်။

“မင်းဘက်က ပေးဖို့ သဘောတူမှတော့ မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးရတာပေါ့”

ဟန်ရှန့် သဘောတူ လိုက်သည်နှင့် ဇူယွမ်၏ အမူအရာမှာ အေးစက် သွားတော့သည်။ သူက မတ်တတ် ရပ်လိုက်ပြီး အေးစက်မှုများက သူ၏ မျက်လုံးအစုံတွင် ဖြစ်ပေါ်လာကာ အံ့အားသင့်ဖွယ် ကောင်းသော အရှိန်အဝါများ သူ၏ကိုယ်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်ကို လူတိုင်းခံစားမိ လိုက်ပေသည်။

“လာစမ်း…”

အေးစက်စက် စိန်ခေါ်သံက သူ့ပါးစပ်မှ ထွက်ပေါ် လာခဲ့သည်။


Comment

Leave a Reply


Options

not work with dark mode
Reset