စာစဉ် (၁၆) အပိုင်း (၂၁၅)

နေရာထိုင်ခင်း

“သူ့လို တစ်ဝက် တစ်ပျက် မူလစဦး အဆင့်က ဘယ်လိုလုပ် ပထမတန်း ကျောင်းသား တစ်ယောက်ဖြစ်ဖို့ အရည်အချင်းရှိ ရတာလဲ”

“သူကျ ပထမတန်း ကျောင်းသား ဖြစ်လာပြီး ငါ့ကျ ဘာလို့ မရတာလဲ”

“…”

မေးခွန်း ထုတ်သံများက ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးကို ဖြတ်သန်း သွားသည်။ သည်နေရာတွင် လူတိုင်းသည် မခံမရပ်နိုင် ဖြစ်နေကြသည်။

ဒုတိယတန်း တပည့်အဖြစ် သတ်မှတ် ခံရသူများက ပုံမှန်အားဖြင့် ပိုပြီးမပျော်မရွှင် ဖြစ်ရသည်။ သူတို့၏ ကျင့်ကြံမှု အဆင့်များ ဖြင့်တောင်မှ ပထမတန်း တက်ရောက်ခွင့် မရပဲ အဘယ်ကြောင့် သည်တစ်ဝက် တစ်ပျက် မူလစသီး အဆင့်လေးက ရရှိရသနည်း။

တတိယတန်း တပည့်များမှာလည်း ပိုမို မနာလို အားကျဖြစ်ရသည်။ သူတို့၏ မျက်လုံးများပင် ရဲရဲနီနေသည်။

အဆင့်အတန်း မြင့်မားပြီး စွမ်းအား ကြီးမားသော ပထမတန်း ကျောင်သားများ ကတော့ အေးစက်နေသော မျက်လုံးများဖြင့် ဘေးမှသာ ရပ်ကြည့် နေကြသည်။  သို့သော်လည်း သူတို့၏ အကြည့်များက ဇူယွမ်ကို ကြည့်နေချိန်တွင် မလိုလားဟန်များ ပေါ်နေသည်။ သည်အရာက ကျားများ ကျားသစ်များသာ ဝင်ရောက်နိုင်သော အဆင့်ကို ညစ်ပတ်သော ခွေးတစ်ကောင် ဘယ်နည်းဖြင့် ရောက်လာလဲ မသိသည့် ပုံစံမျိုးနှင့် ဝင်လာသလဲ ဆိုသော အကြည့်များ ဖြစ်သည်။

လုဖန်းဟု ခေါ်သော အဖြူရောင်ဝတ်စုံနှင့် လူငယ်လေး ကတော့ သည်မြင်ကွင်းကို သိပ်အလေး မထားစွာပဲ ကြည့်နေသည်။ သူက ဇူယွမ်ကို တစ်ကြိမ်သာ ကြည့်လိုက် ပြီးနောက် သူ့အကြည့်ကို ပြန်ရုပ်သိမ်း လိုက်သည်။ သိသာစွာပင် သူက သည်ကိစ္စကို စိတ်မဝင်စားပေ။

စင်မြင့်ပေါ်ရှိ ဇူယွမ်၏ အမူအရာမှာ များစွာသော မေးခွန်းထုတ်မှုများ အောက်တွင် တည်ငြိမ်စွာပဲ ရှိနေသည်။

ချန်းယွင်မှာ ပြုံးလျက်ပင် ရှိသည်။ အသံများ အနည်းငယ် တိုးညင်းသွားသော အချိန်ရောက်မှ သူ့ရဲ့လက်ကို ဆန့်တန်းပြလိုက် ပြီးနောက် လူတိုင်းကို တိတ်ဆိတ်စေပြီး ပြောလိုက်သည်။

“သည့်တပည့် အသစ်ရဲ့ အနေကထားက နည်းနည်း ကွဲပြားတယ်။ ကြီးမြတ်တဲ့ ဆရာသခင် တစ်ယောက်က သူ့ကို ထောက်ခံချက် ပေးထားခဲ့တယ်”

ထိုစကားလုံးများက မြေကွက်လပ်ကြီး တစ်ခုလုံးကို ခဏမျှတိတ်ဆိတ် သွားစေပြီး အစောပိုင်း ကထက်ပိုမိုပြီး အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေသည်။

“ဒါ ဒါဆို သူက အနောက် တံခါးကနေ ဝင်ခဲ့တာပေါ့…”

များစွာသော တပည့် အသစ်များက စိတ်အတွင်းမှ ခေါင် ခါယမ်းလိုက်ပြီး သူတို့၏ မျက်လုံးတွင် အထင်အမြင် သေးဟန်များ ပေါ်လာခဲ့သည်။ သူတို့တွင်လည်း ထိုသို့သော အခွင့်အရေးကို လိုချင်တပ်မက်စိတ် ရှိသော်လည်း သူတို့ မရနိုင်သည့် အခွင့်အရေးကို သူတစ်ပါးက ရရှိသွားသောအခါ လှောင်ပြောင် လိုကြသည်။

အနီရောင် ဝတ်စုံနှင့် သေးသွယ်ပြီး ဆွဲဆောင်မှုရှိတဲ့ ဂူဟွမ်ဂျီက အစောပိုင်း၌ တစ်ဝက်တစ်ပျက် မူလစဦးအဆင့် ကောင်လေးက ပထမတန်း ကျောင်းသား မည်သို့ ဖြစ်လာသည်ကို စိတ်ဝင်စား ပေသည်။

ချန်းယွင်၏ စကားများ ကြားရပြီး ချိန်တွင်တော့ သူမ၏ အနီရောင် နှုတ်ခမ်းများမှာ မဲ့သွားတော့သည်။

သူမက ခေါင်း ခါယမ်းလိုက်ပြီး စိတ်ပျက်သွား ဟန်ဖြင့် ခေါင်းခါယမ်းကာ သူမ၏ အကြည့်များကို တစ်ဖက်သို့ လွှဲလိုက်ပြီး ဇူယွမ်အား ဆက်လက် ဂရုစိုက်ခြင်း မရှိတော့ပေ။

စင်မြင့်ပေါ်တွင် ချန်းယွင်က ဇူယွမ်ကို ကြည့်လျက် လက်ဝှေ့ယမ်း လိုက်ပြီး ပြုံးဖြဲဖြဲနှင့် ပြောလိုက်သည်။

“ဟုတ်ပြီ မင်းသွားလို့ရပြီ”

ဇူယွမ်က မထူးခြားစွာ မျက်မှောင် ကြုတ်ပြီး တစ်ချက် ကြည့်လိုက်သည်။ သူ၏ရည်ရွယ်ချက်ကို ဇူယွမ်အနေဖြင့် မသိပဲနှင့် မနေပေ။ သို့သော်လည်း သူ့အနေဖြင့် မည်သည်မှ ပြောမနေတော့ပေ။ အဘယ်ကြောင့် ဆိုသော် အားလုံး၏ အမြင်တွင် တစ်ဝက်တစ်ပျက် မူလစဦး အဆင့်သာ ရှိသေးသည့် ကောင်လေး တစ်ယောက်က ပထမတန်း တပည့်တစ်ယောက် ဖြစ်လာသည်ကို အပြစ်တင် ဝေဖန်သည်မှာ ပုံမှန်သာ ဖြစ်သည်။

သူ့အနာဂတ်တွင် မိမိကိုယ်ကိုယ် သက်သေပြဖို့ အခွင့်အရေး မရမချင်း အပြစ်တင်ဝေဖန် တိုက်ခိုက် ခံရမည်မှ ပုံမှန်သာ ဖြစ်သည်။

ထိုနောက် သူက အကြည့်များ အောက်တွင် အနောက်သို့ လှည့်လိုက်ပြီး သူ၏နေရာသို့ ပြန်သွားလိုက်သည်။

သူအား လျှို့စုန့်တို့အုပ်စု မြင်သွားချိန် တွင်တော့ လျိုစုန့်က အသက်မပါစွာ ရယ်မောလိုက်ပြီး အပြုံးတု တစ်ခုပြုံးကာ ပြောလိုက်သည်။

“ဒီက ညီလေးရှိမှာ ကြီးမားတဲ့ နောက်ခံ ရှိလိမ့်မည်လို့ ငါမထင်ဖူးဘူး”

“ဒါပေမဲ့လည်း အဆုံးမှာ အားလုံးကို မင်း ဆုံးရှုံးရမှာပဲ။ အနာဂတ်မှာ မင်းနေရာကို လုဖို့ တပည့်တွေ အများကြီး ရှိလာလိမ့်မယ်”

သူ့၏ နံဘေးရှိ လူအုပ်ကြီးမှာ  ခေါင်းညိတ်လိုက်သည်။ သူတို့၏ စိတ်အတွင်းမှ အားကျနေ သော်လည်း အမှန် တကယ်အားဖြင့် သူတို့က ဇူယွမ်ကို ဝေဖန်နေကြသည်။

ယောင်ယောင်က မျက်မှောင် ကြုတ်လိုက်ပြီး ခေါင်းလှည့် လာသည်နှင့် သူမ၏ လှပသော ပုံရိပ်လေး ပေါ်လာခဲ့ကာ သူမ၏ အသားအရေမှာ ကျောက်စိမ်းကဲ့သို့ တောက်ပနေသည်။

လျှို့စုန့်က ယောင်ယောင်က သူ့အား ပထမဆုံး ကြည့်လိုက်သည်နှင့် အူမြူးသွားပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်ချိန်မှာပဲ ယောင်ယောင်၏ နီဆွေးနေသော နှုတ်ခမ်းက လှုပ်ရှားသွားသည်။

“ထွက်သွား”

လျိုစုန့်၏ အမူအရာမှာ အနည်းငယ် တောင့်တင်း သွားတော့သည်။ သူတို့ အုပ်စုတစ်ခုလုံး နှုတ်ဆိတ် သွားကြသည်။ နတ်ဘုရားမ တစ်ပါးအလား ချောမော လှပသော မိန်းမပျိုလေးမှာ သည်လောက်အထိ ရုန့်ရမ်းလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားပေ။

သူတို့၏ မျက်နှာပေါ်တွင် ဒေါသထွက် နေဟန်များ ပေါ်နေကြ သော်လည်း အဆုံးတွင် သူတို့အားလုံး မည်သည့် စကားမျှ မဆိုဝံကြပေ။ ယောင်ယောင်မှာ အစစ်အမှန် ပထမတန်းတပည့် တစ်ယောက် ဖြစ်သည်။

လျှိုစုန့်က ကသိကအောက် ဖြစ်စွာ မထွက်သွားခင် ဇူယွမ်ကို မုန်းတီးစွာ ကြည့်သွားသည်။

စင်မြင့်ပေါ်တွင် ချန်းယွင်က စင်အောက်မှ လူအုပ်ကြီး၏ အမှုအရာများကို အလေးမထား ဟန်ဖြင့် ဆက်ပြောသည်။

“မင်းတို့အားလုံး ညည်းညူနေကြဖို့ မလိုအပ်ဘူး။ ကန်ရွှမ်းကလန်ရဲ့ စည်းမျဉ်းတွေက တရားမျှတ ပါတယ်။ ဘယ်သူ့ အပေါ်မှာမှ ပိုသာတယ် မရှိဘူး။ မင်းတို့အနေနဲ့ ဒီရလဒ်တွေကို လက်မခံနိုင်ရင် စိန်ခေါ် ယှဉ်ပြိုင်ခွင့် ရှိတယ်”

“ပထမတန်း ကျောင်းသား တွေလည်း အမြဲ မပြည့်စုံနိုင်ဘူး။ တစ်စုံတစ်ယောက်က သူ့နေကိုသူ ဆက်လက် မထိန်းထား နိုင်ဘူးဆိုရင် ပုံမှန်အားဖြင့် အခြား တစ်ယောက်နဲ့ အစားထိုး ခံရလိမ့်မယ်”

“ဒါကြောင့် မင်းကိုမင်း ပထမတန်း ကျောင်းသား တစ်ယောက် ဖြစ်လာတယ်ဆိုပြီး သက်သာရာရပြီ မထင်နဲ့။ စစ်မှန်တဲ့ လမ်းကြောင်းတွေက ဆက်သွားဖို့ အတွက် ခက်ခဲတဲ့ လေ့ကျင့်မှုတွေ ရှိတယ်”

ချန်းယွင်၏ စကားများ အဆုံးတွင် အငြိုးထားသော အကြည့်များသည် ဇူယွမ်ရှိရာ အရပ်သို့ လှမ်းကြည့် လိုက်ကြသည်။

အားလုံး၏ အတွေးထဲတွင် ပထမတန်း အယောက် တစ်ရာတည်းမှ ပထမဆုံး ဖယ်ထုတ် ခံရမည့်သူမှာ မည်သူဖြစ်ကြောင်း အတော်ကို ထင်ရှားပေသည်။

ချန်းယွင်က လူအုပ်ကြီး၏ တုံ့ပြန်မှုကို ဂရုစိုက်ခြင်းမရှိပဲ ဆက်ပြောသည်။

“အခုကစပြီး နောက်သုံးလ လေ့ကျင့်ပြီးရင် တောင်ထွတ်များ ရွေးချယ်မှု အခမ်းအနား စတင်လိမ့်မယ်။ မင်းတို့သာ တောင်ထိပ် ခုနစ်ခုဆီကို ဝင်ရောက် နိုင်မယ်ဆိုရင် ကန်ရွှမ်း ကလန်ရဲ့ စစ်မှန်တဲ့ တပည့်တွေ ဖြစ်လာလိမ့်မယ်။ ကျရှုံးတဲ့ လူတွေကတော့ အပြင်ဘက်တောင်ရဲ့ တပည့်တွေ ဖြစ်လာခဲ့ပြီး အခြေအနေတစ်ခု ရောက်တဲ့အချိန်မှာ တောင်ထိပ် ခုနှစ်ခုဆီကို ဝင်ရောက်နိုင် ပါလိမ့်မယ်”

များစွာသော တပည့် အသစ်တွေ၏ နှလုံးသားများမှာ တုန်လှုပ်သွား တော့သည်။ ကန်ရွှမ်းကလန်သို့ ဝင်ရောက်နိုင် သူများသည် ဂုဏ်ယူဖွယ်ရာ ပါရမီရှင်များ ဖြစ်သည်။ ထို့ကြောင့် တောင်ထိပ် ခုနစ်ခုသို့ မဝင်ရောက် နိုင်ပါက သူတို့အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်လာပေ လိမ့်မည်။

“မင်းတို့ နေရာမယ့် အဆောင်ကို တပည့် သင်္ကေတပြား ပေါ်မှာ ရှာနိုင်တယ်”

“မနက်ဖြန်ရောက်တဲ့ အချိန်ကျရင် တပည့်တိုင်းက မူလတောင်ထိပ် ဆီမှာ စတင်ပြီး လေ့ကျင့်ရလိမ့်မယ်။ အဲဒါက ကန်ရွှမ်းကလန်က တည်ဆောက်ထားတဲ့ ကျင့်ကြံခြင်း ဆိုင်ရာ အထူးနယ်မြေ တစ်ခုပဲ။ ဒါကြောင့် ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကြပါ”

ချန်းယွင်၏ စကားလုံးများသည် မြေကွက်လပ် တစ်ခုလုံးကို တစ်ဖန် ပြန်လည် ဆူညံသွား စေပြန်သည်။ ရှန်ဇူတိုက်ကြီး၏ ပါရမီရှင်များ၏ မျက်လုံးများတွင် တပ်မက်မှုများဖြင့် တောက်လောင် လာခဲ့ပြီး သူတို့အားလုံး သည်နေရာ အကြောင်း သိသည်မှာ ထင်ရှားပေသည်။

အခြားသော တိုက်ကြီးများမှ လာသော ပါရမီရှင်များမှာ မည်သည်မှ မသိသည့်အလား နှိမ့်ချကာ လိုက်မေးမြန်း ရတော့သည်။

ထိုအခါ အချို့သော ရှန်ဇူတိုက်ကြီးမှ ပါရမီရှင်များက အခြားသော တိုက်ကြီးမှ ပါရမီရှင်များကို မြို့တက်လာသော တောသားများ အလားကြည့်ကာ အထက်စီး ဆန်သော လေသံဖြင့် ပြောလိုက်သည်။

“မင်းတို့ကောင်တွေ ပါရမီရှင် တောင်ထိပ်ကို မသိဘူးလား”

“ပါရမီရှင်တောင်က ကျင့်ကြံခြင်း အမျိုးအစား အတွက် ကန်ရွှမ်းကလန်က ဖန်တီးပေးထားတဲ့ တောင်ပဲ။ အဲဒီတောင်က မီးတောင် ပုံသဏ္ဌာန်ရှိပြီး တောင်ရဲ့ အတွင်းပိုင်းမှာ ရေးထိုးထားတဲ့ မူလမှော်စာလုံး အစီအရင်တွေက မူလချီတွေကို စုပ်ယူပြီး အချို့မူ မှော်စာလုံး အစီအရင်တွေက မူလချီတွေကို ပြန်လည် သန့်စင် ပေးပြီးတော့ ပိုပြီးသန့်စင်တဲ့ မူလချီတွေကို ကျင့်ကြံဖို့ အတွက် ပြန်လည် ထုတ်ပေးတယ်။

“ပါရမီရှင် တောင်ရဲ့ ပိုပြီး အရေးကြီးတဲ့ ကဏ္ဍကတော့ ကောင်းကင်ဘုံ မူလပန်းပင် တွေကို ကျင့်ကြံခြင်း စင်မြင့်တိုင်းမှာ စိုက်ထားတာပဲ။ ကောင်းကင်ဘုံ မူလပန်းပင် တွေကို မူလကျောက်စိမ်း အပိုင်းအစ တွေကို အစာအဖြစ် ကျွေးတာနဲ့ တောင်ထဲမှာ ရှိတဲ့ မူလချီတွေကို သူတို့က အပြင်ကို ပြန်လည် စုပ်ထုတ် ပေးတယ်”

“ကောင်းကင်ဘုံ မူလပန်းမှ ထုတ်ပေးလိုက်တဲ့ မူလချီတွေက ပိုပြီးသန်စင်ရုံ သာမကပဲ မူလချီတွေကို ခန္ဓာကိုယ်ထဲ အချိုးကျ ရောစပ်ပြီး ချောမွေ့စွာ စီးဆင်းသွား နိုင်စေနိုင်တယ်။ အဲဒါက တကယ်ကို ကျင့်ကြံခြင်း ရတနာ တစ်ပါးပဲ”

များစွာသော တိုက်ကြီးများမှ ပါရမီရှင်များ အားလုံးခေါင်းရှုပ် သွားကြသည်။ သူတို့ထံမှ အံ့အားသင့်သော အသံများ ထွက်ပေါ်လာ သော်လည်းပဲ သူတို့အားလုံးတွင် တစ်ယောက်မှ ကောင်းကင်ဘုံ မူလပန်းပင်သည် မည်ကဲ့သို့ ပုံစံမှန်း အတိအကျ မသိကြပေ။

“မူလကျောက်စိမ်းက ကန်ရွှမ်း ကလန်က တီထွင်ထားတဲ့ ပစ္စည်းတစ်ခုပဲ။ ကန်လန်ထဲမှာ မူလကျောက်စိမ်း အပိုင်းအစတွေကို မူလသလင်း ကျောက်လိုမျိုးပဲ မင်းတို့ အသုံးပြုလို့ ရတယ်။ မူလကျောက်စိမ်းကို အသုံးပြုပြီး လျှို့ဝှက်ကျမ်းစာ ခန်းမတွေနဲ့ ခန်းနား ထည်ဝါလှတဲ့ ရတနာ ခန်းမတွေမှာ အမျိုးမျိုးသော ကျင့်စဉ်တွေ ဆေးဝါးတွေ မူလလက်နက် တွေနဲ့ လဲလှယ်လို့ ရတယ်”

ထိုအချိန်တွင် ချန်းယွင်က ဆက်လက် ပြောခဲ့သည်။

“မင်းတို့ တပည့် အသစ်တွေက လတိုင်း မူလကျောင်းစိမ်း အပိုင်းအစ သုံးဆယ်ကို ထောက်ပံ့ကြေး အဖြစ် ရရှိလိမ့်မယ်။ ဒီလအတွက် မူလကျောက်စိမ်း အပိုင်းအစတွေကို မင်းတို့နေရမယ့် အဆောင်တွေမှာ ထားရှိပေး ထားတယ်”

“မူလတောင် အကြောင်းကတော့ မင်းတို့ မနက်ဖြန် လေ့ကျင့်တဲ့ အချိန်ကျရင် သိပါလိမ့်မယ်”

သူက လက်ဝှေ့ယမ်း လိုက်ပြီး …

“လူတိုင်း ကိုယ်နေရမယ့် နေရာကို သွားရှာတော့ ”

စကားပြော ပြီးသည်နှင့် တစ်ဖက်သို့ လှည့်ကာ ဖြည်းညင်းစွာ ထွက်ခွာ သွားတော့သည်။

သင်္ကတပြား ပေါ်တွင် ညွှန်ပြထားသော အမှတ်များကို အသုံးပြုပြီး မိမိတို့ နေရမည့် အဆောင်ကို ရှာသော ဟိုတစ်စု ဒီတစ်စု ကျောင်းသား များကြောင့် မြေကွက်လပ်ကြီး တစ်ခုလုံး ပရမ်းပတာ အခြေအနေသို့ ရောက်ရှိသွား တော့သည်။

ဇူယွမ်နှင့် ယောင်ယောင်တို့သည် သူတို့၏ နောက်လိုက်များနှင့် စိမ်းလန်း စိုပြေသော တောအုပ် အချို့ကို ဖြတ်သန်း ပြီးနောက် တောင်အနောက် တစ်နေရာ အရောက်တွင် ရပ်တန့်လိုက်သည်။ တောင်ခပန်း တစ်နေရာတွင် မူလချီများ ဝန်းရံလျက် ရှိသော လက်ရာ မြောက်ပြီး ကောင်းမွန်သော အိမ်ငယ်လေးများ တစ်လုံးပြီး တစ်လုံး တည်ရှိနေသည်။

သူတို့၏ နောက်တွင်ရှိသော ရှန့်ဝမ်ကျင်က မှတ်ချက် ချလိုက်သည်။

“အစ်ကိုလေး ဇူယွမ်နဲ့ အမကြီး ယောင်ယောင်တို့ ပထမတန်း ကျောင်းသား တွေကို အရေးပေးတာက ကျွန်တော်တို့ တတိယတန်း ကျောင်းသား တွေထက်ကို အများကြီး သာလွန်တာပဲ”

တပည့်သစ်များ အားလုံးက တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြကာ ထိုစကားကို လက်ခံလိုက် ကြသည်။ ကန်ရွှမ်း ကလန်က တူညီသော တိုက်ကြီးမှ လာသော သူများကို ယာယီအားဖြင့် အုပ်စုဖွဲ့ကာ နေရာချထား ပေးပေသည်။

ရှန့်ဝမ်ကျင်၊ ရှောင်ထျန်းရွှမ်တို့၏ အုပ်စုကို တောင်ခြေ အနီးတွင်သာ နေရာချထား ပေးသည်။ သို့သော်လည်း သူတို့နေထိုင်ရာ အဆောင်များသည် ရိုးရှင်းသော တဲသဏ္ဌာန် အဆောက်အဦ များကို အတွဲလိုက် တည်ဆောက်ထားခြင်း ဖြစ်သည်။ နှိုင်းယှဉ်ပါက ဇူယွမ်တို့ ယောင်ယောင်တို့၏ နေရာများသည် ကွဲပြား ခြားနားစွာ ကျယ်ပြန့်ကြီးမား ပေသည်။

တစ်ယောက်ပြီး တစ်ယောက် ခေါင်းညိတ် နေကြပြီး သူတို၏ မျက်လုံးများ ပေါ်တွင် မနာလို အားကျမှုများဖြင့် ပြည့်နှက် နေပေသည်။

သည်ပါရမီရှင် အားလုံးက သူတို့၏ဘဝတွင် ကြီးကျယ် ခမ်းနားစွာ နေထိုင် ခဲ့ကြသည်။ သို့သော်လည်း သည်အချိန်တွင် သူတို့၏ အနေအထားက အလွန်အမင်းကို နိမ့်ကြနေပြီ ဖြစ်သည်။ သည်အခြေအနေကို လက်ခံရန် အတွက် သူတို့အနေဖြင့် ခက်ခဲလွန်း ပေသည်။

ဇူယွမ်က ရယ်မောလိုက် ပြီးနောက် သူတို့အား နှစ်သိမ့်ကာ ယောင်ယောင် နှင့်အတူ တောင်ခပန်း ဆီသို့ လမ်းလျှောက် တက်သွားခဲ့သည်။ သူတို့ နှစ်ယောက်၏ ညအိမ်ငယ်လေး နှစ်လုံးမှာ တစ်ခုနှင့်တစ်ခု နီးကပ်စွာ တည်ရှိပေသည်။

သူတို့ နှစ်ယောက်လုံး အသီးသီး မိမိတို့ အိမ်ငယ်လေးများ အတွင်းသို့ ဝင်ရောက် ပြီးနောက် ဇူယွမ်က အတွင်းတစ်လျှောက် လှည့်ပတ်ကြည့်ကာ ကျေနပ်လျက် ရှိသည်။ ပိုပြီး အဓိက ကျသည်မှာ သူ့အနေဖြင့် အိမ်ငယ်လေး အတွင်းတွင် ပတ်ဝန်းကျင်ရှိ မူလချီများကို စုပ်ယူပေးသည် မူလမှော်စာလုံး အစီအရင်ကို ရှာဖွေတွေ့ရှိ သွားခြင်းပင် ဖြစ်သည်။ သည်နေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ပါက သူ၏ ကျင့်ကြံခြင်းတွင် ကောင်းစွာ အကျိုးဖြစ်ထွန်း ပေလိမ့်မည်။

အိမ်အတွင်းရှိ စားပွဲခုံ တစ်လုံးပေါ်တွင် အဝတ်စဖြင့် ထုတ်ပိုးထားသော အိတ်တစ်လုံးအား တွေ့လိုက်ရ ပြီးနောက် သူက ကောက်ယူကာ ခါယမ်းကြည့်လျှင် တစ်ခုနှင့်တစ်ခု ထိခတ်သော အသံလေး ထွက်ပေါ် လာသည်။

သူက အထဲသို့ နှိုက်ယူလိုက်လျှင် ကလေးလက်သီး အရွယ်ရှိသော ကျောက်စိမ်းပြား တစ်ခု ပါလာခဲ့သည်။ သန့်စင်သော ကျောက်စိမ်းပြား တစ်ခုက တစ်လက်လက် တောက်ပနေပြီး သန့်စင်သော မူလချီများက ထိုကျောက်စိမ်းပြား ဆီမှ ပျံ့လွင့်နေသည်။

ဇူယွမ်က သိချင်စိတ် ပြင်းပြစွာဖြင့် ရေရွတ်လိုက်သည်။

“ဒါ မူလကျောက်စိမ်း အပိုင်းအစ တစ်ခုလား”

သည်နေရာရှိ အရာရာတိုင်း အပေါ် ခံစားချက်က သစ်လွင်နေသည်။

ဇူယွမ်က အိမ်ငယ်လေး၏ ဒုတိယထပ်သို့ ဆက်လက် တက်သွားခဲ့ပြီး လေသာဆောင်သို့ ရောက်လျှင် နွေးထွေးသော ဆည်းဆာ ရောင်ခြည်က သူ၏ ကိုယ်ပေါ်သို့ ဖြန့်ကျက် ကျဆင်းသည်။ ထိုခံစားချက်က သူ့ကို ကျေနပ်နှစ်သိမ့် စေပေသည်။

ဇူယွမ်က မျက်လုံး မှိတ်လျက် ထိုကျေနပ် နှစ်သိမ့်ဖွယ် ကောင်းသော ခံစားချက်ကို အပြည့်အဝ ခံစားနေသည်။ ထို့နောက် ရုတ်တရက် မျက်လုံးဖွင့်ကာ သူနှင့်အဝေး တစ်နေရာတွင် ရှိသော  နောက်ထပ် အိမ်လေး တစ်လုံးကို လှမ်းကြည့် လိုက်သည်။

လှပသော အနီရောင် ဝတ်စုံနှင့် မိန်းမပျိုလေးသည် လေသာဆောင်တွင် ရပ်လျက် ရှိသည်။ လက်ရမ်းပေါ်တွင် မှီလျက် ရပ်နေသော သူမ၏ ကျစ်လှစ် သွယ်လှပြီး ပုံရိပ်လေးသည် သူမအား တုနှိုင်းမဲ့သော ခံစားချက်ကို  ပေးစွမ်းနေသည်။

သူမက ဂူဟွမ်ဂျီ ဖြစ်သည်။

သူမက ဇူယွမ် ကြည့်နေသည်ကို မြင်သောအခါ မျက်မှောင် ကြုတ်လိုက်ပြီး ချက်ချင်းပင် တစ်ဖက်သို့ လှည့်ကာ အိမ်အတွင်းသို့ ပြန်ဝင်သွားသည်။ သူမက သူ၏ ပထမတန်း တပည့် အဆင့်အတန်းကို အသိအမှတ် မပြုသူ တစ်ဦးဖြစ်သည်။

ဇူယွမ်က ရယ်မောရုံမျှသာ ရယ်မော လိုက်သည်။ သူမ၏ သဘောထားနှင့် ပတ်သက်ပြီး သူအနေဖြင့် မည်သို့မှ စိတ်ထဲမရှိပေ။

ဒေါက်…ဒေါက်…

တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ဇူယွမ်က တံခါးဖွင့် လိုက်သည်နှင့် ယောင်ယောင်က ထန်ထန်ကို ပွေ့လျက် စိမ်ပြေနပြေ လမ်းလျောက်ကာ အိမ်အတွင်းသို့ ဝင်လာခဲ့သည်။ သူမက အိမ်အတွင်းကို လှည့်ပတ်ကြည့်ရူ လိုက်ပြီးနောက် လေသာဆောင်သို့ သွားကာ နေရောင်ခြည် ကျရောက် နေသည်ကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ် လိုက်သည်။

“မင်းဘာလာ လုပ်တာလဲ”

ထိုမြင်ကွင်းကို ကြည့်ရင်း တစ်စုံတစ်ခု လွှဲမှားနေကြောင်း ဇူယွမ် ခံစားလိုက်မိသည်။

“ငါ့ရဲ့နေရာက အရမ်း မှောင်လွန်းတယ်။ ဒီမှာနေတာ ပိုကောင်းတယ်။ ငါဒုတိယ ထပ်မှာနေမယ်။ နင်ပထမ ထပ်မှာနေပေါ့”

ယောင်ယောင်က ဇူယွမ်ကို အနည်းငယ် ပြုံးပြလိုက်သည်။ မည်သည်မှ ကြိုတင် ပြောထားခြင်း မရှိပဲ သူမက အိမ်၏ အကောင်းဆုံး နေရာကို ယူလိုက်ပြီ ဖြစ်သည်။

ဇူယွမ်က ကြောင်အသွားခဲ့ပြီး …

“မင်းက ကျွန်တော်နဲ့ လာနေမလို့လား”

“ငါက ချီကျင့်ကြံလို့ မရပါဘူး။ ဒါကြောင့် ငါနင့်ရဲ့ မူလချီတွေကို သုံးမှာ မဟုတ်ဘူး”

ယောင်ယောင်က ပြန်ပြောလိုက်သည်။

ဇူယွမ်က ကမန်းကတန်း ပြောလိုက်သည်။

“ငါအဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး”

ယောင်ယောင်၏ ကြည်လဲ့နေသော မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားပြီး ဇူယွမ်ကို  ကြည့်လိုက်သည်။

“နင်က ကန့်ကွက်စရာ ရှိလို့လား”

ဝု…ဝု…

ယောင်ယောင်၏ လက်အတွင်းမှာ ထန်ထန်က ခြိမ်းခြောက်သည့် ဟန်ဖြင့် ဟောင်လိုက်သည်။

ထိုနောက် ဇူယွမ်က အသက်မပါစွာ ရယ်မောလိုက်ပြီး …

“မဖြစ်ပါဘူး..”

ထိုအခါမှာ ယောင်ယောင်က ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ် လိုက်သည်။

သူမရဲ့ ကျက်သရေ ရှိလှသော ပုံရိပ်ကို စိုက်ကြည့်ရင်း ဇူယွမ်မှာ ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။ ဘယ်လို သောက်ကျိုးနဲ ကိစ္စလဲ။ တစ်အိမ်ထဲမှာ အတူတူ နေရမှာလား။

သူက ခေါင်းယမ်းလိုက်ပြီး တောက်ပနေသော ကောင်းကင်ကြီး ဆီသို့ အကြည့် လွှဲလိုက်ကာ ရုတ်တရက် ရယ်မောလိုက်သည်။ ကန်ရွှမ်းကလန်မှာ နေရသော ဘဝက ကြည့်ရတာ အတော် ကောင်းမွန်တာပဲ။ သူ၏ အနာဂတ်ကို သည်နေရာတွင် စောင့်ကြည့်ရ ပေဦးမည်။


Comment

Leave a Reply


Options

not work with dark mode
Reset