Switch Mode

စာစဉ် (၁၆) အပိုင်း (၂၁၄)

ပထမတန်း

ချန်းယွင်၏ အသံက မြေကွက်လပ် တစ်ခုလုံးကို ဖြတ်သန်း သွားချိန်တွင် မူလက ဆူညံနေသော မြေကွက်လပ် တစ်ခုလုံးမှာ ချက်ချင်း တိတ်ဆိတ်သွားကာ လူတိုင်း၏ အကြည့်က ကျောက်တုံး စင်မြင့်ဆီသို့ ရောက်ရှိသွားသည်။

ယခုချိန်တွင် အမျိုးမျိုးသော တိုက်ကြီးများမှ ပါရမီရှင်များ ရှိနေကြသော်လည်းပဲ အချို့သော အထူးတလည် ဖြစ်နေသည့် မွန်းစတားဆန်သော သူများမှလွဲလျင် ကျန်သောသူ အားလုံးမှာ သာမန်မျှသာ ရှိသည်ကို သူတို့ ရှင်းလင်းစွာ နားလည်ပေသည်။

သူတို့၏ အတိတ်တုန်းက အနေအထား အဆင့်အတန်းနှင့် နှိုင်းယှဉ်ပါက သည်အချိန်တွင် ပေပေါင်း တစ်ထောင်ခန့် နိမ့်ကျနေပြီ ဖြစ်သည်။

ကန်ရွှမ်းကလန် အတွင်းတွင် သူတို့က ခန်းနားသော ယှဉ်ပြိုင်မှုများကို မကြုံတွေ့ ရသေးပဲနှင့်တော့ သူတို့ဘယ်တော့မှ အတွေ့အကြုံ ရှိလိမ့်မည် မဟုတ်ပေ။ သူတို့ အနေအထားကို မြှင့်တင်ရန် သူတို့၏ သန်မာမှုကို ကြိုးစားပြီး မြှင့်တင်ဖို့လိုပေသည်။

ပထမတန်းတွင် ပထမဆုံး တပည့် ဖြစ်လာသူများက ထင်ရှားစွာပင် တန်ဖိုးဖြတ်၍ မရအောင် သေချာပေါက်ကို အချို့သော အကျိုးကျေးဇူးများ ရရှိပေလိမ့်မည်။

အားလုံး၏ အာရုံစိုက်နေသော အကြည့်များအောက်တွင် ချန်းယွင်က စာရင်းစာအုပ်ကို ဝှေ့ယမ်းလိုက်ပြီး ပြောခဲ့သည်။ “ဒီထဲမှာ အားလုံးပေါင်း ပထမတန်းတပည့် (၁၄၈)ယောက်၊ ဒုတိယတန်း တပည့် (၁၀၅၆)ယောက်၊ တတိယတန်း တပည့် (၉၅၀၀) ယောက်ရှိတယ်”

သည်စကားလုံးများကြောင့် မြေကွက်လပ် တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပေသည်။

ဇူယွမ် အနည်းငယ် အံ့အားသင့် သွားခဲ့ပေသည်။ အမျိုးမျိုးသော တိုက်ကြီးများမှ တစ်သောင်းကျော်သော ပါရမီရှင် များထဲတွင် အယောက် တစ်ရာကျော်သာ ပထမတန်းတပည့် ဖြစ်လာပေသည်။ သည်အရာက ပထမတန်း တပည့်ဖြစ်ရခြင်းမှာ မည်မျှ တန်ဖိုးရှိသည်ကို မြင်နိုင်ပေသည်။

လျှိုစုန့်၏ နဘေးတွင်ရှိသော လူများဆက်လက်ပြီး သူ့အား ချီးမွမ်းလေသည် “ဒုတိယတန်း တပည့်တွေက တစ်ထောင်လောက်ပဲ ရှိမယ်လို့ ငါမယုံနိုင်ဘူး။ အစ်ကိုလျှိုက ထျန်ချင်း တိုက်ကြီးထဲက ပါရမီရှင်တွေ ကြားထဲမှာ အတော်ဆုံး တစ်ယောက်ပဲ”

အဓိပ္ပာယ် ပြည့်ဝသော အပြုံးတစ်ခုက လျှို့စုန့်၏ မျက်နှာတွင်ပေါ်လာခဲ့ပြီး သူ၏လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ “ဒုတိယတန်း ကျောင်းသားတစ်ယောက် အနေနဲ့ ကျွန်တော်က ပထမကျောင်းသား တစ်ယောက်ဖြစ်လာဖို့ ခက်ခက်ခဲခဲ ကြိုးစားဖို့ လိုအပ်ပါသေးတယ်။ အဲ့အချိန် ရောက်တာနဲ့ ကျွန်တော့်အနေနဲ့ ဒဏ္ဍာရီလာ အဆင့်(၅) မူလ အစားအစာက ဘယ်လောက် အံ့ဩဖို့ကောင်းလဲဆိုတာ သိဖို့ အခွင့်အရေး ရပါလိမ့်မယ်”

သူက စကားပြောနေခဲ့သော်လည်းပဲ သူ၏အကြည့်များက ယောင်ယောင်ဆီသို့သာ ထပ်ခါထပ်ခါ ရောက်ရှိနေသည်။ ကျေနပ်အားရနေသော အကြည့်များက သူမျက်လုံးအစုံတွင် ထင်ရှားစွာ ပြည့်နှက် နေပေသည်။

သူ၏နဘေးတွင်ရှိသော လူစု၏ အကြည့်တွင် အားကျမှုများဖြင့် ပြည့်နှက်နေပြီး အချို့သော ကြည့်ကောင်းသည့် မိန်းမပျိုလေးများသည် သူအား မြှူဆွယ်သော အကြည့်များဖြင့် ကြည့်နေကြသည်။

သည်အဖြစ်က လျှို့စုန့်အနေဖြင့် သူ့ကိုယ်သူ ကျေနပ်စိတ်များ ပိုမိုကြီးထွား လာပေသည်။ သူ၏အကြည့်က ယောင်ယောင်ထံသို့  ပြန်ရောက်သွားခဲ့ပြီး သူအား အနည်းငယ်ပင် အာရုံ မစိုက်သည်ကို သိလိုက်ရခြင်းက  သူ့ကို စိတ်ပျက်စေခဲ့ပေသည်။

“ဒီမိန်းကလေးက အမှန်ပင် မာနကြီးပေသည်။ သိုသော်လည်း သူမ၏ အလှနှင့် ဆွဲဆောင်နိုင်မှုက ထိုမာနနှင့် ယှဉ်နိုင်ပေသည်။ ဟိုကလေးနဲ့ သူမက ဘယ်လို ဆက်ဆံရေးရှိမှန်း ငါမသိဘူး။ ဒါပေမဲ့ အဲ့တာက ကိစ္စမရှိပါဘူး။ တစ်ဝက်တစ်ပျက် မူလစဦး အဆင့်က အားလုံးနဲ့ ယှဉ်ပြိုင်စရာကို မလိုဘူး။ ကန်ရွှမ်းကလန်တွင် အချိန်အချို့ နေပြီးနောက် ဒီကောင်က သူမနဲ့ မတန်ဘူးဆိုတာ နားလည်သွားလိမ့်မယ် ”လျှို့စုန့်က စိတ်အတွင်းမှ ရေရွတ်ခဲ့သည်။

သူ့အနေဖြင့် တစ်ဝက်တစ်ပျက် မူလစဦးအဆင့်သာ ရှိသေးသည့် ဇူယွမ်အား သိပ်ပြီး အလေးအနက် မထားပေ။

“နောက်ပြီး ကျွန်တော် ပထမတန်း တပည့်စာရင်းကို ကြေညာပါတော့မယ်”

စင်မြင့်ပေါ်တွင် ချန်းယွင်က ခြားနားမှုမရှိသော လေသံဖြင့် ပြောလိုက်သည်။ “နာမည်ခေါ်ခံရတဲ့ သူတွေက အရှေ့ကို ထွက်လာပြီး မင်းတို့ရဲ့ တပည့် သင်္ကေတပြားများကို လာလက်ခံပေးပါ”

“ရှန်ဇူတိုက်ကြီးက လုဖန်း”

ပထမနာမည်က ရုတ်တရက် မြေကွက်လပ်ပေါ်တွင် ဆူညံသွားစေသည်။ ဇူယွမ်တို့ လူစုက စင်ပေါ်သို့ အဖြူရောင် အလင်းတန်းဖြင့် ပျံသန်းလာသော လူငယ်လေးကို ကြည့်လိုက်သည်။ သူ၏မျက်နှာမှာ ပန်းပုရုပ်တစ်ခုကို ထုဆစ်ထားသည့် အလား ရှိနေပြီး သွေးရောင် တစ်စက်မှပင် မရှိပဲ ရင်သပ်ရူမောဖွယ် အမြင်အာရုံကို ပေးစွမ်းသည်။ စွမ်းအားပြည့်ဝသော မူလချီများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်မှာ သူ့အား ဒေါသထွက်အောင် မလုပ်နှင့်ဟူသော ခြိမ်းခြောက်မှုကို ခံစားစေသည်။

လုဖန်းမှာ အတော်လေးကို ကျော်ကြားဟန်ရပြီး သူပေါ်လာခြင်းက အချို့သော မိန်းကလေးများအား ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ် စေခဲ့သည်။

ဇူယွမ်လည်းပဲ လုဖန်းဟုခေါ်သော အဖြူရောင်ဝတ်ရုံနှင့် လူငယ်အား လှမ်းကြည့်နေခဲ့ပြီး သူ၏ မျက်လုံးများမှာ  အနည်းငယ် ဝိုင်းစက် သွားတော့သည်။ သူ့အနေဖြင့် ထိုသူ၏ နောက်ကျော ဘက်ဆီကပင် အန္တရာယ် အငွေ့အသက်ရေးရေးလေး ခံစားလိုက်ရသည်။ သည်ပုဂ္ဂိုလ်မှာ သေချာပေါက်ကို မရိုးရှင်းပေ။

ဇူယွမ်တို့အုပ်စု နံဘေးရှိ လျှိုစုန့်က သက်ပြင်းချလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ “လုဖန်းက ရှန်ဇူတိုက်ကြီးရဲ့ လုကလန်မှာလာခဲ့တယ်။ သူမှာ စွမ်းအားပြည့်ဝတဲ့ နောက်ခံရှိပြီး ထူးကဲတဲ့ ကိုယ်ပိုင် အစွမ်းအစလည်း ရှိတယ်။ သူက အနာဂါတ်မှာ သေချာပေါက်ကို ကန်ရွှမ်းကလန်ရဲ့ အဓိက အဖွဲ့ဝင်တစ်ယောက် ဖြစ်လာလိမ့်မယ်”

သူက ဇူယွမ်နှင့် ယောင်ယောင်ကို ကြည့်ခဲ့ပြီး ခပ်တည်တည်ဖြင့် ဆက်ပြောသည်။ “ငါသူနဲ့ ပြီးခဲ့တဲ့ နှစ်ရက်က စကားပြောခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် မှတ်မိနေကြတယ်”

သူ၏ နံဘေးတွင်ရှိနေသော တစ်ယောက်က ထပ်ပြီး ဖော်လံဖား လုပ်ပြန်သည်။ “ငါကြားဖူးတာတော့ လုဖန်းက တကယ်ကို မာနကြီးပြီး သာမန်လူတွေက သူ့မျက်လုံးထဲမှာ မရှိဘူးတဲ့။ အစ်ကိုလျှိုက သူနဲ့ မျက်နှာချင်းဆိုင်ပြီး စကားပြောခဲ့တာ ဆိုတော့ သူကတကယ့်ကို အံ့အားသင့်စရာပဲ”

ဇူယွမ်က ကူကယ်ရာမဲ့စွာ ယောင်ယောင်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ သည်လူတွေက အရူးတွေလား။ တစ်ယောက်ယောက်နဲ့ စကားပြောဖူးတာ တကယ်ပဲ ဂုဏ်ယူစရာ ကောင်းတယ်လား။

သို့စေကာမူ လျှို့စုန့်ရဲ့ အတ္တကြီးမှုက စက်စုပ်ရွံရှာဖို့ ကောင်းပေသည်။ သည်အချက်ကို ဇူယွမ်၏ မှတ်ဉာဏ်ထဲတွင် သူက မှတ်သားထားလိုက်ပြီ ဖြစ်သည်။

“ရှန်ဇူတိုက်ကြီးမှ ဂူဟွမ်ဂျီ”

ရင်သပ်ရူမောဖွယ် မီးကဲ့သို့ ရဲရဲနီနေသည့် ပုံရိပ်တစ်ခုက စင်ပေါ်သို့ စွေ့ခနဲ ခုန်လွှားပြီး ရောက်လာခဲ့သည်။ လူအုပ်ကြီးက ကြည့်လိုက်ချိန်တွင်တော့ များစွာသော ယောက်ျားသားများ၏ အကြည့်များမှာ ရမ္မက်များဖြင့် တောက်ပလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပေါ်လာခဲ့သည် တစ်ယောက်မှာ အနီရောင်ဝတ်စုံနှင့် မိန်းမပျိုလေးဖြစ်သည်။

မိန်းမပျိုလေး၏ အသားအရည်မှာ နှင်းကဲ့သို့ ဖြူစွတ်နေပြီး သူမ၏ မျက်နှာမှာ ပန်းချီဆွဲထားသည့် အလားပင် ဖြစ်သည်။ သူမ၏ ရှည်ပြီး သွယ်လျသော ခြေတံများက ဂရုစိုက်မှုများကို ဆွဲယူသွားသည်။ သူမ၏ ဆွဲဆောင်မှုရှိသော ပုံရိပ်လေးကို အမြင်အာရုံမှ ဖယ်ထုတ်ရန် ခက်ခဲလှပေသည်။

သူရဲကောင်းဆန်သော အရှိန်အဝါများက အနီရောင်ဝတ်စုံနှင့် မိန်းမပျိုလေးထံမှ ထွက်ပေါ်နေသည်။ သူမ၏ သေးကျဉ်သော ခါးလေးတွင် ရှည်လားသော အနီရောင် ကျာပွတ် တစ်ခုကို တန်းလန်းချကာ ချိတ်ဆွဲထားခြင်းက သူမ၏ အရှိန်အဝါကို ပိုပြီး ထင်ရှား ပေါ်လွင်စေပေသည်။

“သည်မိန်းကလေးက ဂူဟွမ်ဂျီလို့ ခေါ်တယ်။ ပြောကြတာကတော့ သူမက ကန်ရွှမ်းကလန်က အဆင့်အတန်း မြင့်မားတဲ့ အမှုထမ်း တစ်ယောက်နဲ့ သွေးသား တော်စပ်တယ်တဲ့။ သူမက အလွန်သန်မာပြီး အရမ်းလှတယ်။ သူမရဲ့ လက်ခံမှုကို ရရှိဖို့ ဘယ်လောက် ကြိုးစားရမလဲ ဆိုတာ ဘယ်သူမှ မသိဘူး။ သူမက လှပပေမယ့်လည်း တိုက်ပွဲတွေကို အလွန်အမင်း နှစ်သက်တယ်။ ဒါကြောင့် မင်းသူမ အပေါ်  အပြစ်လုပ်မိရင် မင်းတော်တော် ပြဿနာတက်ပြီပဲ”

နာမည်များကို ဆက်လက်ခေါ်နေခဲ့ပြီး နောက်ထပ် ဆယ်မိနစ် အတွင်းမှာပဲ သာမန်ထက် ထူးကဲသော ငယ်ရွယ်သည့် ယောက်ျားလေးများနှင့် မိန်းကလေးများသည် လူအုပ်ကြီး၏ အားကျသာ အကြည့်များ အောက်တွင် အဆင့်အတန်း အမြင့်ဆုံးသော သင်္ကေတပြားများကို စင်ပေါ်သို့ တက်ပြီး လက်ခံခဲ့ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ လူတစ်ရာကျော်က စင်ပေါ်သို့ တက်ရောက်ခဲ့ပြီး ဖြစ်သည်။

အောက်တွင် ကြည့်ရူနေသည့် ဇူယွမ်၏ မျက်နှာပေါ်တွင် တွေးတောနေသည့် ဟန်များကို တွေ့နိုင်ပေသည်။ သူအနေဖြင့် ပထမတန်းတပည့် လူတစ်ရာကျော်၏ တစ်ဝက်ခန့်မှာ ရှန်ဇူတိုက်ကြီးမှ ဖြစ်ကြောင်းကို သိသွားခဲ့သည်။

“ရှန်ဇူတိုက်ကြီးက တကယ်ကို ကောင်းကင်ရဲ့ ကောင်းချီးပေးခံ ထားရတာပဲ ” ဇူယွမ်က သူ၏ နှလုံးသားထဲတွင် လေးနက်စွာ မှတ်ချက် ချလိုက်သည်။ အခြားသော တိုက်ကြီးများမှ ပါရမီရှင်များနှင့် နှိုင်းယှဉ်ရာတွင် ခြေတစ်လှမ်း နောက်ချ ချန်ထားနိုင်ပေသည်။ သူတို့ကို လိုက်မီရန် မလွယ်ကူပေ။

နာမည်တစ်ခုပြီး တစ်ခု ဆက်လက် အော်ခေါ်နေခဲ့ပြီး နောက်မကြာမီပင် စာရင်း၏ အဆုံးသို့ ရောက်လာခဲ့သည်။ “ကန်မင်တိုက်ကြီးမှ ဇူရှောင်ယို”

သူမ၏ နာမည်ကို ဖတ်လိုက်ချိန်တွင် ယောင်ယောင်က ထန်ထန်ကို လက်ထဲတွင် ပွေ့လျက် အရှေ့သို့ လျှောက်သွားခဲ့သည်။

“အမ်၊ မင်းဘာလုပ်နေတာလဲ” လျှိုစုန့်က နာမည်ခေါ်ပြီးနောက်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် အလျင်စလိုပြောလိုက်သည်။

ယောင်ယောင်က သူ့ကို ဂရုစိုက်ခြင်းမရှိပဲ စင်မြင့်ဆီသို့ ဖြောင့်ဖြောင့်တန်းတန်း သွားကာ လျှိုစုန့်၏ အံ့အားသင့်နေသော အကြည့်အောက်တွင် စင်ပေါ်သို့ တန်းတက်သွားခဲ့သည်။

သူမသည် စင်ပေါ်သို့ လှမ်းတက်လိုက်သည်နှင့် ချက်ချင်းပင် မြေကွက်လပ် တစ်ခုလုံး တိတ်ဆိတ် သွားတော့သည်။ လူတိုင်း၏ အကြည့်များတွင် အံ့အားသင့်နေသော အရိပ်အယောင်များ ထင်ရှားစွာ ပေါ်လွင်နေပေသည်။

ဂူဟွမ်ဂျီသည် ရှားပါးသော အလှပိုင်ရှင် တစ်ယောက် ဖြစ်သော်လည်း ယခုချိန်တွင် ယောင်ယောင်နှင့် နှိုင်းယဉ်ပါက သူမ၏အလှက ချို့တဲ့သွားပေသည်။

လူအုပ်ကြီးတစ်ခုလုံးမှာ ဂနာမငြိမ်ဖြစ်သွားပေသည်။

“ဝိုးသူမက ဘယ်သူလဲ။ သူမက အရမ်းလှတာပဲ”

“သူမက ကန်မင်တိုက်ကြီးက လာခဲ့တာမလား။ ငါအဲ့နေရာ အကြောင်း တစ်ခါမှ မကြားဖူးဘူး…”

“ဒါပေမဲ့ သူမက ပထမတန်း တပည့် ဖြစ်လာခဲ့ပြီမလား။ သူနားက မူလချီတွေကို ဘာလို့ ငါမခံစားမိရတာလဲ”

“သူမရဲ့ စိတ်ဝိညာဉ် ကျင့်ကြံမှုက အလွန်မြင့်မားနေတာ ဖြစ်မယ်။ သူမရဲ့ စိတ်ဝိညာဉ်က လွန်ကဲစွာ စွမ်းအား ပြည့်နေတာကို ငါခံစားမိတယ်”

“……”

မရေမတွက်နိုင်သော တီးတိုး ပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။

ထိုအခိုက်တွင် မြေကွက်လပ်ရှေ့ရှိ လုဖန်းက သူ၏ မျက်လုံးများကို ပိတ်ထားရာမှာ ဖွင့်လာခဲ့သည်။ သူက ယောင်ယောင်ကို စိတ်ဝင်စားစွာ ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။

“ဘယ်လောက်တောင် သန်မာတဲ့ စိတ်ဝိညာဉ်လဲ”

“သူမ…သူမက ပထမတန်းတပည့်လား”

လျှိုစုန့်၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေး သွားဟန်ရသည်။ ထိုအချိန်တွင် သူ၏ နောက်ပါ အသင်းအပင်းများမှာလဲ ရိုကျိုးစွာ ပါးစပ်ပိတ်သွားခဲ့ပြီး သူတို့အစောပိုင်းက ပြုမူခဲ့သည်များကို ပြန်စဉ်းစားမိချိန်တွင် သူတို့၏ မျက်နှာများမှာ နီရဲလာခဲ့သည်။

စင်မြင့်ပေါ်တွင် ယောင်ယောင်က သူအားအာရုံစိုက်ပြီး လောင်မြှိုက်စွာ ကြည့်နေသော အကြည့်များ အောက်တွင် ရှိနေရသည်ကို အတော်လေးပင် သဘောမကျ ဖြစ်နေသည်။ သူမက လျင်မြန်စွာပင် သူမ၏ အဆင့်တန်း သင်္ကေတပြားကို ယူလိုက်ပြီး ဇူယွမ်၏ နဘေးသို့ ပြန်လျှောက် သွားလိုက်သည်။

ထိုအခိုက်တွင် အချို့သော အကြည့်များက ဇူယွမ်ကို လှမ်းကြည့် လိုက်ကြသော်လည်း ဇူယွမ်က တစ်ဝက်တစ်ပျက် မူလစဦး အဆင့်မျှသာ ရှိသေးသည်ကို မြင်ပြီးချိန်တွင် သူတို့၏ အကြည့်များကို ခပ်တည်တည်ပင် အဝေးသို့ ပြောင်းရွှေ့လိုက်သည်။

လျှိုစုန့်က ယောင်ယောင်ကို ထပ်ပြီးတော့ စကားမပြောရဲတော့ပေ။ သူက ဇူယွမ်ကို လှမ်းကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ “ကလေး ဒီမိန်းကလေးက တကယ့်ကို ထိပ်တန်းပဲ။ ငါသူကိုရရှိဖို့ အရည်အချင်း မရှိတော့ပေမယ့် မင်းက ပိုညံ့နေတယ်…”

စင်မြင့်ပေါ်တွင် ချန်းယွင်က စာရင်းစာအုပ်ကို ကြည့်လိုက်ပြီး သူ၏ ပါးစပ် ထောင့်စွန်းများမှာ လှောင်ပြောင် သရော်လိုဟန်ဖြင့် တွန်ကွေးသွားကာ ပြောလိုက်သည်။ “နောက်တစ်ယောက်ကတော့ ပထမတန်းရဲ့ နောက်ဆုံး တပည့်ဖြစ်ပြီး… ကန်မင်တိုက်ကြီးမှ ဇူယွမ်…”

ဇူယွမ်က စူးစိုက်ကြည့်နေရင်းမှ ထိုသူ၏အပြုအမှု ရည်ရွယ်ချက်ကို နားလည်ခဲ့သည်။ သို့သော်လည်း သူ၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိပဲ အရှေ့သို့ စတင် လျှောက်လှမ်းလိုက်သည်။

လျှို့စုန့်၏ မျက်လုံးအစုံ၏ ထောင့်စွန်းများမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွား ဟန်ပေါ်နေပြီး သူ၏ နောက်လိုက်များမှာ တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့် လိုက်ကြသည်။

“သူ …သူဘာလာလုပ်တာလဲ”

“သူက ဇူယွမ် မဖြစ်နိုင်ဘူးမလား”

သူတို့ မယုံကြည်နိုင်ကြောင်း ငြင်းဆို နေကြချိန်အတွင်းတွင် ဇူယွမ်က လူအုပ်ကြီးကို ဖြတ်ကျော် သွားခဲ့ပြီး အားလုံး၏ အကြည့်အောက်တွင် တည်ငြိမ်သော အမူအရာနှင့် စင်ပေါ်သို့ လမ်းလျှောက်တက်ကာ သူ၏ အဆင့်အတန်း သင်္ကေတပြားကို လက်ခံလိုက်သည်။

သူစင်ပေါ်တွင် ရပ်လိုက်သော အချိန်၌ မြေကွက်လပ် တစ်ခုလုံးမှ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တစ်စက္ကန့်မျှ အကြာတွင် စိတ်ရှုပ်ထွေး နေသော အသံများ ပေါက်ကွဲ ထွက်လာပြီး ကောင်းကင် တစ်ခုလုံး ပြည့်နှက် သွားတော့သည်။

“တစ်ဝက်တစ်ပျက် မူလစဦး အဆင့်လား ”

“ဒီသန်မာမှုနဲ့ ပထမတန်းတပည့် ဖြစ်လာဖို့ အရည်အချင်း ရှိတယ်လား”

“ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ တစ်ဝက်တစ်ပျက် မူလစဦးအဆင့် ပထမတန်း ကျောင်းသား တစ်ယောက်လား။ ဒါဘယ်လို ပျက်လုံးမျိုးလဲ”

ကောင်းကင်တစ်ခုလုံးတွင် သံသယများ ပြည့်နှက်နေသော အသံများဖြင့် လွမ်းမိုးနေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset