Switch Mode

အပိုင်း (၇၆၄):

အလင်းလောကဓာတ်

“ စစ်ဘုရင်ပြည်နယ်ရဲ့ လို့လွားနန်းတော်က ကြောက်စရာကောင်းတယ်လို့ ပြောကြတယ်.. သူတို့က မှော်နက်ပညာမှာ ထူးချွန်ပြီးတော့ ခန့်မှန်းရခက်တဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ကြတယ်… သည်လူက လို့ဟွားနန်းတော်က အထူးပြုစုပျိုးထောင်ထားတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ရမယ်… ” တစ်ယောက်က ပြောသည်။

“ ဓား… ” ရီဝူချင်း၏အမူအရာက သိပ်ပြောင်းလဲခြင်းမရှိပေ။ သူက လက်ဆန့်တန်းကာ ထောင်ပေါင်းများစွာသော ဓားအသိကို ဆင့်ခေါ်လိုက်သည်တွင် ဧရာမဓားတစ်လက်ဖြစ်လာသည်။

“ သွား… ”

ဧရာမဓားက လေထုကိုခွင်းကာ အမိန့်အတိုင်း တိုက်ရိုက်ကျဆင်းလာသည်။ လေဟာနယ်က အစိတ်စိတ်ပြိုကွဲတော့မည့်ဟန်မြင်ရ၏။ တချိန်တည်းမှာပင် ဧရာမကြီးမားသော သားရဲပုံရိပ်က လို့ဟွားနန်းတော်တန်ခိုးရှင်၏နောက်တွင်ပေါ်လာကာ ရက်စက်ကြမ်းတမ်းသော အသွင်ကိုဆောင်၏။ သူ၏ခြေနှင့်လက်လေးချောင်းကို ဆန့်တန်းကာ လေထဲမှ ထွင်းဖောက်ခြင်းဓားထံသို့ ခုန်အုပ်သည်။ သူ၏ပါးစပ်က ဟနေဆဲဖြစ်ကာ ဓားအား ဝါးမျိုရန် ကြိုးပမ်း၏။ သားရဲပုံရိပ်၏ခန္ဓာကိုယ်မှလည်း အလွန်လင်းလက်တောက်ပလာတော့သည်။ သို့သော် ဓား၏စွမ်းအားကို ခံနိုင်ရည်ရှိဟန်မရသော သားရဲပုံရိပ်ကား ဓားကိုဝါးမျိုရင်းနှင့်ပင် အစိတ်စိတ်ပြိုကွဲသွားတော့သည်။

“ လောကဓာတ်တွေရဲ့ အားပြိုင်မှု…  တကယ်ပဲ​ကြည့်ကောင်းပါပေတယ်…” လူအများအပြား၏မျက်လုံးများက တိုက်ပွဲကို အာရုံစူးစိုက်နေကြသည်။ လို့ဟွားနန်းတော်မှလူ၏နောက်တွင် သားရဲပုံရိပ်တစ်ခု ထပ်မံဖြစ်ပေါ်လာကာ ကောင်းကင်နှင့်မြေပြင်မှ စွမ်းအားများကို ဆက်လက်၍ စုပ်ယူသည်။ ဧရာမပုံရိပ်ကြီးက ပိုမိုများပြားသောလက်ခြေများထွက်လာကာ ခန္ဓာကလည်း အရွယ်အစား အဆမတန်ကြီးမားလာတော့သည်။

ထို့နောက် ကြီးမားသောလက်များက ရီဝူချင်းထံကို ဆန့်တန်းလျှက် ရောက်လာတော့သည်။ သို့သော် ဓားစွမ်းအင်တစ်ခုက မြန်ဆန်စွာပင် လက်များအား ဖြတ်တောက်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်းစွမ်းအားကား နေရာတိုင်းတွင်ရှိကာ ရီဝူချင်းက သူ့အား လေပွေ၏ဗဟိုချက်မနေရာတွင် ရောက်ရှိနေသည့်အလား ပြင်းထန်တင်းမာသောဆွဲအားတစ်ခုက သူ့အား ခေါ်ဆောင်နေသည့်အလား ခံစားရသည်။ သူက ကောင်းကင်ကိုကြည့်လျှင် အလွန်အမင်း လေးနက်သည့်အမူအရာဖြစ်လာ၏။ ရှီနန်းတော်တွင် လေ့ကျင်းပြီးကတည်းက ဤမျှအားကောင်းသောလူနှင့် ပထမဆုံး တိုက်ခိုက်ဖူးခြင်းလည်းဖြစ်သည်။ ထို့ကြောင့်လည်း ရီဖူရှင်းက သူတို့အား မြေရိုင်းပြည်နယ်ပြင်ပကို ​ခေါ်ဆောင်လာခြင်းဖြစ်ကာ ပိုမိုအားကောင်းသော ပြိုင်ဘက်များဖြင့် ရင်ဆိုင်စေခြင်းဖြစ်၏။ သည်နည်းဖြင့်သူ သူတို့က ပိုမိုမြန်ဆန်စွာ တိုးတက်နိုင်ပေသည်။

“ ဒါ…” လူအများအပြားက အရွယ်အစားပိုမိုကြီးမားလာသော သားရဲပုံရိပ်ကိုကြည့်ကာ တုန်ယင်စွာ ကြည့်ကြသည်။ ရီဝူချင်းကား အရေးနိမ့်နေပြီဖြစ်၏။ နောက်ထပ်ပါရမီရှင်တစ်ယောက်က ပြိုင်ပွဲမှ ထွက်ရတော့မည်လော။

ရီဝူချင်းက ခေါင်းငုံ့ကာ အောက်မှလူကို ကြည့်သည်။ လို့ဟွားနန်းတော်မှတန်ခိုးရှင်၏မျက်နှာအမူအရာကား အေးစက်နေ၏။ သူက တစ်စုံတစ်ခုသော အပြောင်းအလဲအား ခံစားမိကာ ထိုအရာအား တိတိကျကျဝေခွဲမရဘဲဖြစ်နေသည်။

သူကား ထိုအရာကို စဉ်းစားနေရန် အချိန်မရှိပေ။ ရီဝူချင်းက ထောင်ပေါင်းများစွာသော ဓားအသိများအား ဆင့်ခေါ်ကာ သူ့ထံကို ဦးတည်လာနေသည်။ ဝါးမျိုခြင်းလောကဓာတ်အား အဆုံးစွန်အထိ တိုးမြှင့်ရင်း အေးစက်စွာ ရပ်နေဆဲဖြစ်၏။ သို့တိုင်အောင် ရီဝူချင်းက သူ့ထံသို့ တိုးဝင်လာနေသည်။ သားရဲပုံရိပ်၏ခေါင်းက ရီဝူချင်း၏ခေါင်းနေရာကို ပြစ်မှတ်ထားကာ ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်းလေပွေတစ်ခုဖြစ်လာသည်။ ထိုအရာက အမှန်တကယ်ပင် ရီဝူချင်းအား ဝါးမျိုရန် ကြိုးစား၏။

ထိုအခိုက်တွင် လို့ဟွားနန်းတော်တန်ခိုးရှင်ကား အလွန်ပြင်းထန်သောအန္တရာယ်တစ်ခုနှင့် ရင်ဆိုင်ရတော့သည်။ သားရဲပုံရိပ်ကြီးက ဝါးမျိုနေသော ရီဝူချင်းကား ရုတ်တရက် ပျောက်ကွယ်သွားကာ ကောင်းကင်ထက်မှ ပေါ်လာပြီး အလွန်အားကောင်းသော ဓားစွမ်းအင်တစ်ခုက အောက်ကို ဆင်းသက်လာတော့သည်။

“ ပုံရိပ်ယောင်ဓား… ” သူ၏အမူအရာက ဆက်တိုက်ပြောင်းလဲသွားကာ ထောင်ချောက်အတွင်းသို့ ကျဆင်းမိပြီဖြစ်ကြောင်း သိလိုက်ရသည်။

ရီဝူချင်းက မြေကမ္ဘာကို တုန်ခါစေသောဓားအသိများအား ဆင့်ခေါ်ကာ သူ့အား ဖိနှိပ်စေသည်။ ဧရာမသားရဲကြီးက အော်ဟစ်ကာ ရီဝူချင်းနှင့် ထိပ်တိုက်ရင်ဆိုင်၏။ ဧရာမဓားကြီးနှင့် သားရဲတို့ ရင်ဆိုင်ကြရာတွင် အားကောင်းသော ဖြတ်တောက်ခြင်းဓာတ်တစ်ခုက သားရဲ၏ခန္ဓာကိုယ်အား သွားရောက်ဖြတ်တောက်သည်။ တချိန်တည်းမှာပင် ဝါးမျိုခြင်းလောကဓာတ်ကလည်း ရီဝူချင်း၏တကိုယ်လုံးအား ဝါးမျိုတော့သည်။

“ သေစမ်း… ” လို့ဟွားနန်းတော်မှလူ၏မျက်နှာအမူအရာက ပြောင်းလဲသွားကာ ပိုမိုကြီးမားသော အန္တရာယ်၏အငွေ့အသက်အား ခံစားလိုက်ရသည်။ ရီဝူချင်းထံမှ ငွေရောင်အလင်းတစ်ချက် ဖြတ်ခနဲလက်သွားကာ အလင်းတန်းက သားရဲခန္ဓာကိုယ်ထံသို့ ဦးတည်သွားသည်။ သူ၏စိတ်ထဲတွင် အလင်းတန်းတစ်ခု ဖြတ်ခနဲလက်သွားပြီး စိတ်ဝိညာဉ်က ကြီးမားသောနာကျင်မှုကို ခံစားလိုက်ရကာ ဝါးမျိုခြင်းလောကဓာတ်ကား ခံနိုင်ရည်အားမရှိတော့ဟန်ဖြင့် စတင်ယိုယွင်းပြိုပျက်ကြတော့သည်။

ဘုန်း…

ကြည့်နေသော ပရိသတ်များ၏ရင်ဘတ်များပါ တုန်ခါစေနိုင်အောင် သားရဲခန္ဓာကိုယ်ကြီးက ပေါက်ကွဲပျက်စီးသွားတော့သည်။ လို့ဟွားနန်းတော်တန်ခိုးရှင်၏မူလခန္ဓာကိုယ်ပေါ်လာသည်တွင် သူ၏မျက်လုံးများက ဝေဝါးက ခေါင်းမှ​ပြင်းထန်သော နာကျင်မှုကို ခံစားနေရ၏။​ သူ၏စိတ်က အနည်းငယ်တည်ငြိမ်သွားသောအခါ သူ့လည်ပင်းတွင် ထောက်ထားသော ရီဝူချင်း၏ဓားထံမှ အေးစက်သော အငွေ့အသက်အား ခံစားရသည်။

သူက ရီဝူချင်းကို စိုက်ကြည့်ကာပြောသည်… “ ဓားကလောကဓာတ်ကို စိတ်ဝိညာဉ်တိုက်ခိုက်မှုနဲ့ ပေါင်းစပ်ထားတာပဲ… ဒီတိုက်ကွက်နာမည်က ဘာလဲ… ”

“ ဒီအကွက်မှာ နာမည်မရှိဘူး… ” ရီဝူချင်းက ပြောသည်။ သည်နည်းစနစ်ကား သူကိုယ်တိုင် နားလည်ဆင်ခြင်ခြင်းဖြင့် သိနားလည်လာသော နည်းစနစ်တစ်ခုဖြစ်၏။

“ ဒီအကွက်မှာ စိတ်ဝိညာဉ်စွမ်းအားကို ဖြတ်တောက်နိုင်စွမ်းရှိနေတယ်…ကျုပ်က ဒါကို စိတ်ဖြတ်တောက်ခြင်း လို့ခေါ်မယ်…  ” သူက ထပ်ပြောသည်… “ မင်းနိုင်တယ်…” ထို့နောက် သူက နောက်လှည့်ကာ စင်မြင့်ထက်မှ ဆင်းသွားတော့သည်။

သူကား စစ်ဘုရင်ပြည်နယ်၊လို့ဟွားနန်တော်၏နာမည်ကျော်တန်ခိုးရှင်တစ်ယောက်ဖြစ်သည်။ သူက ပြည်နယ်ကိုးခုညီလာခံတွင် ပါဝင်ယှဉ်ပြိုင်ကာ သူ၏နာမည်အား ပိုမိုကျော်ကြားလိုခဲ့သော်လည်း ပထမတိုက်ပွဲတွင်ပင် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ သူက ပထမဆုံးတိုက်ပွဲတွင်ပင် ထွက်ရမည်ဟု မထင်ထားပေ။ သို့သော်လည်း သူ၏အရှုံးက ရှက်စရာတော့မဟုတ်ပေ။ မြေရိုင်းပြည်နယ်မှ​ဓားသမားကား အမှန်ပင် အားကောင်းပေ၏။

ပရိသတ်များအားလုံးက လို့ဟွားနန်းတော်မှတန်ခိုးရှင်ထွက်သွားသည်ကို မြင်သည်တွင် ရီဝူချင်းအား လေးနက်သောအမူအရာဖြင့် ကြည့်ကြသည်။

ရီဝူချင်းက အမှန်ပင် ထိုမျှအားကောင်းသော လို့ဟွားနန်းတော်တပည့်တစ်ယောက်အား အနိုင်ယူခဲ့သည်။

စစ်ဘုရင်ပြည်နယ်မှလူများကား အလွန်တရာ အံ့အားသင့်ကြရသည်။ မြေရိုင်းပြည်နယ်က အလွန်တရာအားကောင်းစွာဖြင့်ပင် သည်တိုက်ပွဲအား အပြတ်အသတ်နိုင်ယူခဲ့ပြန်၏။ သည်တစ်ခေါက် လို့ဟွားနန်းတော်မှ နာမည်ကျော်ပါရမီရှင်တစ်ယောက်ပင် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

ဤအခြေအနေတွင် မြေရိုင်းပြည်နယ်မှ ပြိုင်ပွဲဝင်များအား အနိုင်ယူရန် အလွန်ခက်ခဲလှပေသည်။

နောက်ပိုင်း တိုက်ပွဲများတွင် မြေိရိုင်းပြည်နယ်က အသာစီးဖြင့် အနိုင်ရနေဆဲပင်။ ပြိုင်ပွဲမှ ထွက်ရသူများအားလုံးမှာလည်း လောကဓာတ်များရင့်သန်ခြင်းမရှိသေးသူများဖြစ်ကြသည်။

ဤနည်းဖြင့် မြေရိုင်းပြည်နယ်မှ တန်ခိုးရှင်များကား တစ်လှည့်ပြီးတစ်လှည့် ဆက်တိုက် တိုက်ခိုက်ရတော့သည်။ မြေရိုင်းပြည်နယ်မှ နောက်ဆုံး လူရှစ်ယောက်မျှသာ ကျန်ရစ်တော့ရာ သူတို့မျာ ယူချင်း၊ ဟွာဂျီယူ၊ ရီဝူချင်း၊ စုချွဲ၊ ယိရှောင်ရှီ၊ ယန်ကျန်း၊ ဖီးနစ်နှင့် ကျွေ့ချိန်ချူတို့ဖြစ်ကြသည်။ သူတို့ရှစ်ယောက်လုံးကား ရီဖူရှင်းနှင့်အတူ ရှီနန်းတော်ထဲ ဝင်ရောက်ခဲ့သူများဖြစ်ကြသည်။ အချို့သောလူများကား ရှီအဆင့်ကို တက်လှမ်းခဲ့ပြီးဖြစ်ရာ ပြိုင်ပွဲမဝင်နိုင်တော့ပေ။

မြေရိုင်းပြည်နယ်အတွက် ပွဲကြည့်စင်၌​ မြေရိုင်းပြည်နယ်မှ ပုဂ္ဂိုလ်ကြီးများ ထိုင်နေကြသည်။ ကျူးကော့ချန်းဖန်၊ ရန်ကျွမ်နှင့် တခြားလူများအားလုံးက နောက်ဆုံးကျန်ရစ်သော ရှစ်ယောက်အားကြည့်ကာ မူမမှန်သောခံစားချက်များအား ရနေကြသည်။ ရီဖူရှင်းနှင့်အတူ လေ့ကျင့်ခဲ့သူများအားလုံးက ယခင်သူတို့၏စွမ်းရည်များထက်သာလွန်မှုများကို ပြသနေကြသည်။ ရန်ကျွမ်၏ဆက်ခံသူဖြစ်သော လီဖူတုပင် ထိုလူများ၏ဖြတ်ကျော်မှုကို ခံခဲ့ရသည်။ ရီဖူရှင်းနှင့်မူကား နှိုင်းယှဉ်ရန်ပင် မလိုတော့ချေ။

“ သူတို့က ပြိုင်ပွဲစည်းမျဉ်းအတိုင်း ဘယ်လောက်အထိ ဆက်ပြီးယှဉ်ပြိုင်ရမှာလဲ… ” ရန်ကျွမ်က သဘောမကျစွာ ပြောသည်။ သည်စည်းမျဉ်းများကား မြေရိုင်းပြည်နယ်မှလူများအတွက် ရက်စက်လွန်းပေသည်။

“ တခြားပြည်နယ်က ပြိုင်ပွဲဝင်နောက်ဆုံးကျန်တဲ့တစ်ယောက်အထိ မြေရိုင်းပြည်နယ်က တိုက်ခိုက်နေရရင် ဒီစည်းမျဉ်းက ဟာသပဲ… ” ရွှီယီကလည်း အေးစက်စွာ ပြောသည်။

“ ငါတို့ စောင့်ကြည့်ရအောင်… ” ဂူတုံးလျိုက တည်ငြိမ်စွာ ပြောသည်။ ယူချင်းက နောက်တစ်ပွဲအား အပြတ်အသတ် အနိုင်ရပြန်သည်။ ဟွာဂျီယူနှင့် ရီဝူချင်းတို့ကလည်း ဆက်တိုက်အနိုင်ရကြ၏။

ရှစ်ယောက်ထဲမှ သုံးယောက်က ဆက်တိုက်အနိုင်ရကြကာ တခြားပြည်နယ်မှ လူများက မည်သူမှ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခြင်းမရှိကြပေ။ ထိုအဖြစ်က ပြိုင်ပွဲအတွင်းမှလူများအားလုံးကို ထူးဆန်းစေသည်။

အခြေအနေက သည်အတိုင်းဆက်နေလျှင် မြေရိုင်းပြည်နယ်မှအပ တခြားပြည်နယ်များအားလုံးက မျက်နှာပျက်ကြရပေတော့မည်။

“ မြေရိုင်းပြည်နယ်က စွမ်းတဲ့လူတွေ ရှိနေတာ မထင်မှတ်စရာပဲ… ” အသံတစ်သံအား ကြည့်ရသည်တွင် အားလုံးက လှမ်းကြည့်လိုက်ကြသည်။ ပြောလိုက်သူကား ချီပြည်နယ်ဘက်မှဖြစ်ကာ သူကား တန်ဖိုးအကြီးအဝတ်အစားမျာဝတ်ဆင်ထားပြီး ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါအားပိုင်ဆိုင်သည်။ ထိုလူကား အသက်သုံးဆယ်ဝန်းကျင်ခန့်ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး ထူးဆန်းကာ မမြင်နိုင်သော အရှိန်အဝါများရှိနေ၏။

ထိုလူကား ချီပြည်နယ်၏တော်ဝင်အလင်းနန်းတော်မှ စွမ်းအားမြင့်တန်ခိုးရှင်ဖြစ်ကာ ပြည်နယ်ကိုးခုရှီအဆင့်ဝင်သူလည်းဖြစ်သည်။

“ ပြည်နယ်ကိုးခုရဲ့ တော်ဝင်မြေတွေ အကုန်လုံး စုံညီရှိနေတဲ့အချိန်မှာ ဒီလို ဆက်တိုက် အနိုင်ရတာတွေ မြင်ရတာ တကယ်ပဲ​ ရှားပါးတယ်… ” ယွီအိမ်တော်မှ တန်ခိုးရှင်တစ်ယောက်ကလည်း ပြောသည်။

“ ဒါပေမဲ့ အခြေအနေတွေက ဒီလိုဆက်ဖြစ်နေရင် တခြားတော်ဝင်မြေတွေအတွက် တော်တော်နေရခက်တယ်… ” အလင်းနန်းတော်မှ စွမ်းအားမြင့်တန်ခိုးရှင်တစ်ယောက်က ပြုံးလျှက်ပြောသည်… “ ရှီရှန်… မင်းက တခြားပြည်နယ်က ပါရမီရှင်တွေ ဘယ်လိုလဲဆိုတာ သွားကြည့်လိုက်.. ”

“ ကောင်းပြီ…. ” ချီပြည်နယ်၏ထောင့်မှ လူတစ်ယောက်က ခေါင်းညိတ်သည်။ လူအများအပြားက သူ့အားလှမ်းကြည့်ကြ၏။ ရှီရှန်ကား အလင်းနန်းတော်၏တပည့်တစ်ယောက်ဖြစ်သည်။ သူကား တော်ဝင်အလင်းနန်းတော်၏အတော်ဆုံးသုံးယောက်ထဲမှ တစ်ယောက်လည်းဖြစ်သည်။

မြေရိုင်းပြည်နယ်မှ ထွက်လာသူကား စုချွဲဖြစ်သည်။

“ တော်ဝင်အလင်းနန်းတော်… ” စုချွဲက ရေရွက်လိုက်သည်။ သူက သည်လူငယ်ကို မှတ်မိပေသည်။ ရှီဟွာတောင်ခြေ၌​ လောကခေါင်းလောင်းအား အလွန်အားကောင်းသောအလင်းတန်းဖြင့်တီးခတ်ခဲ့သောသူ့အား စုချွဲက ကောင်းကောင်းမှတ်မိပေသည်။ သူကား တော်ဝင်အလင်းနန်းတော်မှဖြစ်ပေ၏။

ဤတိုက်ပွဲကား ခက်ခဲပေမည်။

ချီပြည်နယ်အလင်းနန်းတော်မှပါရမီရှင်တစ်ယောက်က ပါဝင်တိုက်ခိုက်သည်တွင် တခြားတော်ဝင်မြေများအားလုံးက သူတို့၏လူများထဲမှ သာမန်အရည်အချင်းရှိသူများကိုသာ စေလွှတ်ကြပေသည်။ သည်တိုက်ပွဲက မြေရိုင်းပြည်နယ်အား ပြစ်မှတ်ထားသည်ကို အားလုံးက သိနားလည်ကြ၏။ တော်ဝင်အလင်းနန်းတော်က မြေရိုင်းပြည်နယ်အား သဘောမကျသောကြောင့်မဟုတ်ဘဲ လက်ရှိအခြေအနေအရ မြေရိုင်းပြည်နယ်၏နိုင်ပွဲဆက်မှုများကို ရပ်တန့်ရန် လိုအပ်သောကြောင့်သာဖြစ်ပေသည်။

လူကိုးယောက်က အသီးသီးမိတ်ဆက်ပြောကြားပြိးနောက် တိုက်ပွဲကွင်းပြင်၌ အလင်းတန်းများဖြစ်ပေါ်လာသည်။ မျက်လုံးပေါင်းများစွာက ရှီရှန်းထံကို ရောက်နေကြ၏။ သူ၏ခန္ဓာကိုယ်ထံမှ ရွှေရောင်အလင်းတန်းများဖြာထွက်လာကာ တခြားရှစ်ယောက်၏မျက်လုံးများကိုပင် ကြိမ်းစပ်စေသည်။ ထွင်းဖောက်မတတ်အလင်းတန်းများကြောင့် အချို့က အကြည့်ကိုပင် လွှဲမိကြကာ ထိုအခိုက်တွင်ပင် ကြီးမားသော အန္တရာယ်အား ခံစားမိကြသည်။ သူတို့က မြန်ဆန်စွာပင် နောက်ဆုတ်ကြသော်လည်း လှံသွားများက အသက်ရှုမှားဖွယ်အမြန်နှုန်းဖြင့် တိုးဝင်လာသည်ကိုမြင်ကြရသည်။

ဘုန်း… ဘုန်း…

ပြင်းထန်သောရင်ဆိုင်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်လာသည်။ လူရှစ်ယောက်ကား တပြိုင်နက်တည်း တိုက်ခိုက်ခံရကာ သူတို့၏ခန္ဓာကိုယ်က အဝေးကို လွင့်စင်သွားကြရသည်။ တချိန်တည်းမှာပင် ရှီရှန်း၏ခန္ဓာကိုယ်က လေထဲကို တဖြည်းဖြည်းမြင့်တက်လာပြီး လူရှစ်ယောက်၏အလယ်တွင် ရပ်သည်။ သူ့ထံမှ အလင်းတန်းများက ပိုမိုလင်းလက်တောက်ပြောင်လာနေသည်။ သူတို့အား တိုက်ခိုက်ရန် အတွေးတစ်ခုသာလိုကြောင်း အားလုံးက ခံစားမိကြ၏။

“ ဒါက အလင်းလောကဓာတ်လား…” ရီဖူရှင်းက မြေရိုင်းပြည်နယ်၏ပွဲကြည့်စင်နေရာမှ ကြည့်ကာ ရေရွက်မိသည်။ နောက်ထပ် ရှားပါးသော လောကဓာတ်တမျိုးပင်။

“ အမှန်ပဲ… အမှန်ပဲ… တော်ဝင်အလင်းနန်းတော်ရဲ့ ဘိုးဘေးက အလင်းလောကဓာတ်နဲ့အတူ နာမည်ကျော်ကြားလာပြီး တခြားနန်းတော်တွေနဲ့ ကျိရှားတော်ဝင်နန်းတော်တို့ကို ကျော်ဖြတ်ခဲ့တယ်… ဒီနေ့အထိတိုင်အောင်ပဲ အလင်းနန်းတော်က အရမ်းကို ကြောက်စရာကောင်းတဲ့ တော်ဝင်မြေဖြစ်နေတုန်းပဲ… ဒါပေမဲ့ အလင်းနန်းတော်မှာ ပင်မတပည့်တွေက အရမ်းနည်းတယ်… ရှိတဲ့တပည့်တွေကလည်း အလင်းလောကဓာတ်ကို ဆက်ခံနိုင်တဲ့ ထူခြားပြီး ရှားပါးတဲ့ ပါရမီရှင်တွေပဲ… ” ဝမ်ရှင်းက ရှင်းပြသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်။ သည်တိုက်ပွဲက စုချွဲအတွက် အမှန်ပင် ခက်ခဲပေမည်။

ကောင်းကင်ရှန့်ထိုကား အရှေ့ဘက်ပြည်နယ်တွင် တပည့်တစ်ယောက်မျှသာ မွေးမြူခဲ့ခြင်းမှာလည်း သူ၏အာကာသလောကဓာတ်အား ဆက်ခံနိုင်မည့်လူ ရှားပါးသောကြောင့်လည်းဖြစ်သည်။

တိုက်ပွဲကွင်းပြင်၌ အလင်းတန်းများ နေရာအနှံ့၌​ဖြာထွက်နေသည်။ အလင်းလောကဓာတ်ကား အလွန်ထူးဆန်းသောဓာတ်တစ်မျိုးလည်းဖြစ်သည်။ ထိုလောကဓာတ်ကိုယ်တိုင်က မည်သည့်တိုက်ခိုက်ရေးစွမ်းရည်မှ မရှိသော်လည်း တခြားတိုက်ခိုက်မှုများကို အလင်းဓာတ်ဖြင့် ပေါင်းစပ်လိုက်သောအခါ အလွန်ကြောက်မက်ဖွယ်ကောင်းလာသည်။

ဓားတစ်လက်က ဖြည်းညှင်းစွာထိုးသွင်းလာပါက အန္တရာယ်များမည်မဟုတ်ပေ။ သို့သော် ထိုဓားအားအလင်း၏အမြန်ဖြင့် ထိုးသွင်းပါက မည်မျှစွမ်းအားကြီးမည်ကို အားလုံးက ခန့်မှန်း၍ ရသည်။ သစ်ရွက်တစ်ရွက်ပင်လျှင် အလင်း၏အမြန်ဖြင့် သွားပါက လူသတ်နိုင်စွမ်းရှိပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset