Switch Mode

အပိုင်း (၇၆၃):

လို့ဟွားနန်းတော်

“ ကျောက်ချန့်က အရမ်းအားကောင်းတယ်… ဒါပေမဲ့ မြေရိုင်းပြည်နယ်က ယူချင်းကလည်း ဒီမတိုင်ခင်တိုက်ပွဲတွေမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြထားတယ်… ပြီးတော့ အဲဒါက သူ့ရဲ့ အစွမ်းကုန်အရည်အချင်းမဟုတ်သေးဘူး… ကျောက်ချန့်က ဒီတိုက်ပွဲမှာ အနိုင်ရဖို့ အပြည့်အဝ ယုံကြည်ချက်မရှိဘူး… ” ကျောက်မဟာပြည်ထောင်ဘုရင်မင်းမြတ်က ပြောသည်။

“ မြေရိုင်းပြည်နယ်ရဲ့ ဂုဏ်သိက္ခာကို ရှေးရှုပြီး တိုက်ခိုက်တဲ့လူက သေချာပေါက် ထူခြားထက်မြက်တဲ့လူဖြစ်မှာပဲ… ကျုပ်က တိုက်ပွဲကောင်းကြည့်ရတော့မယ်လို့ထင်တယ်… ” ရှီဟွာ​တောင်ရှန့်ထိုကလည်း ပြောသည်။

ကောင်းကင်ရှန့်ထိုက လေထဲတွင် တိတ်ဆိတ်စွာ ကြည့်သည်။ သူ့တွင် တပည့်တစ်ယောက်မျှသာရှိကာ သူကား ရှီအဆင့်ကို တက်ရောက်ပြီးဖြစ်သော ဟန်ယွီဖြစ်သည်။ ထို့ကြောင့် သူကား ယနေ့တွင် ပွဲကြည့်ပရိတ်သတ်သာဖြစ်ပေ၏။

တိုက်ပွဲစင်မြင့်ထက်တွင် ရွှေရောင်ဖီးနစ်တစ်ကောင်က ကျောက်ချန့်၏ခန္ဓာကိုယ်အနောက်မှ ပေါ်လာသည်။ ဖီးနစ်ဝိညာဉ်က လေထဲတွင် နတ်ငှက်တစ်ကောင်အလား လင်းလက်နေသည်။ သူ၏အတောင်ပံများက လေထဲတဖျတ်ဖျတ်ခတ်သည်တွင် လေထုကိုပါ ရွှေရောင်များဝင်းလက်စေသည်။ သူ၏ခန္ဓာကိုယ်က လေထဲတွင်ပေါ်လောမြောနေကာ ထိုအခိုက်တွင် ရုတ်တရက် ထိုနေရာမှ ပျောက်ကွယ်သွားပြီး လျှပ်စီးတန်းအလား တခြားတန်ခိုးရှင်တစ်ယောက်၏ဘေး၌​ပေါ်လာသည်။

“ ဘယ်လောက်တောင် မြန်လိုက်လဲ… ” လူအုပ်ကြီးက အံ့အားသင့်စွာ ရေရွက်မိကြသည်။ ဖီးနစ်ငှက်က အောက်ကို ဆင်းသက်လာသည်ကို သူတို့မြင်ကြသည်။ ချီပြည်နယ်တန်ခိုးရှင်က တားဆီးရန် ကြိုးစားသော်လည်း ဘုန်းခနဲမြည်သံနှင့်အတူ သူကား အဝေးကို လွင့်စင်သွားရက ပါးစပ်မှ သွေးများစီးကျလာသည်။

ဖီးနစ်ငှက်က တိုက်ပွဲကွင်းထဲတွင် လှည့်ပတ်ပျံသန်းသွားသည်တွင် မကြာမှီ ယူချင်းမှအပ တခြားပြည်နယ်မှလူများအားလုံးက ရှုံးနိမ့်သွားကြရသည်။

လင်းလက်သောဖီးနစ်ငှက်က လေထဲတွင် ရပ်တန့်လိုက်ကာ ယူချင်းအား ငုံ့ကြည့်လျှက်ပြောသည်… “ မင်းက ဘယ်လောက်အားကောင်းလဲ ကြည့်ရအောင်… ”

ယူချင်းက ခေါင်းမော့ကာ ကျောက်ချန့်အား တည်ငြိမ်စွာ ကြည့်သည်။ သူ၏ခန္ဓာကိုယ်တွင် နက်ရွှေရောင်အငွေ့အသက်များ လွှမ်းခြုံလာ၏။

ဟူး…

ရုတ်တရက် ကျောက်ချန့်၏ခန္ဓာကိုယ်က ပျောက်ကွယ်သွားကာ ယူချင်းက သူ့ထံကို အလင်းတန်းအလား ဆင်းသက်လာသော ပုံသဏ္ဍန်ကို မြင်၏။ ထိုအရာကား ကြောက်မက်ဖွယ်ကောင်းသော ဖီးနစ်ပင်ဖြစ်သည်။

ယူချင်းက ထောင်ကျန်းခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သည်တွင် ဧရာမပုံရိပ်က ယူချင်း၏ရှေ့တွင်ပေါ်လာကာ ဖီးနစ်ဓားသွားများအား ကာကွယ်သည်။ သို့သော်လည်း ဓားသွားများက မည်သည့်အခုအခံကိုမဆို တားဆီးနိုင်သည့်အလား ထောင်ကျန်းခန္ဓာကိုယ်ကို ဖြတ်တောက်ကြသည်။

ယူချင်းက ဘာမှ မခံစားရသလို ပြုမူသည်။ သူ၏ဧရာမခန္ဓာကိုယ်က လက်ကို ဆန့်တန်းလိုက်ကာ ဖီးနစ်ဓားသွားအား ဆုပ်ကိုင်လိုက်သည်။ကျောက်ချန့်၏အမူအရာက ပြောင်းလဲသွားကာ အော်သံတစ်ချက်နှင့်အတူ တောင်ပံဓားသွားများက အောက်ကို ဆက်လက်ထွင်းဖောက်ရန် ကြိုးစားကြ၏။

ဘန်း… သူ၏ညာဘက်ခြေထောက်ကို ဆောင့်နင်းရင်းဖြင့်ပင် ယူချင်းက လေထဲကို လျှပ်စီးအလား ထိုးတက်သွားသည်။ သူကလက်ကို ဆန့်တန်းကာ ဖီးနစ်အတောင်ပံတစ်ဘက်အား ဆုပ်ကိုင်လိုက်သည်တွင် ကျောက်ချန့်က ပြင်းထန်စွာ ရုန်းကန်ရတော့သည်။ သူ၏တစ်ခြားလက်တစ်ဘက်ကလည်း နောက်တောင်ပံတစ်ဘက်ကို ဆုပ်ကိုင်လိုက်ပြန်သည်။ သူ၏ညာလက်က အထက်ကို ဆန်တက်သွားကာ ဧရာမထောင်ကျန်းခန္ဓာက ဖီးနစ်၏လည်ပင်းအား ဆုပ်ကိုင်ပြီး မြေပြင်ပေါ်ကို အရှိန်အဟုန်ဖြင့် ဆင်းသက်လာပြီး ဖီးနစ်အား မြေပြင်နှင့်ကိုင်ရိုက်လိုက်သည်။

ရွှေဖီးနစ်၏အတောင်ပံတိုင်းက ဓားသွားများလို ထက်ရှကာ ယူချင်း၏ခန္ဓာကိုယ်ကို ဖြတ်တောက်ကြသည်။ သို့သော်လည်း ထိုအရာများက အမာကြောဆုံးသော ဓားသွားများအား ဖြတ်တောက်ရသလိုဖြစ်နေသည်။ ဖီးနစ်က အတောင်ပံများကို အတင်းခတ်ရန် ကြိုးစားသော်လည်း ဧရာမလက်ကြီးများ၏ဆုပ်ကိုင်မှုများမှ လွတ်မြောက်နိုင်စွမ်းမရှိပေ။

ဘုန်း… ကြီးမားသော အသံနှင့်အတူ ဖီးနစ်က မြေပြင်ပေါ်တွင် ကိုင်ရိုက်ခံရကာ အတောင်မွှေးများက လေထဲတွင် လွင့်သွားသည်ကို မြင်ကြရသည်။ ကျောက်ချန့်၏ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် သွေးများအန်လျှက် လဲလျောင်းနေသည်ကိုလည်း မြင်ကြရ၏။ သို့သော်လည်း ကျောက်ချန့်ကလည်း သိုင်းပညာကိုလေ့ကျင့်ကာ ယူချင်းအား ဒေါသတကြီးကြည့်လျှက် ထရပ်ရန် ကြိုးစားသည်။ သို့သော်လည်း ထိုအခိုက်တွင်ပင် ယူချင်းက သူ၏လက်ဖြင့် ကျောက်ချန့်ကို ထပ်မံရိုက်နှက်လိုက်သည်တွင် ကျောက်ချန့်၏ခန္ဓာကိုယ်က တွန့်လိမ်သွားကာ ထပ်မံ၍​မတိုက်ခိုက်နိုင်တော့ပေ။

ကျောက်မဟာပြည်ထောင်မှ အကြည့်များအားလုံး အေးခဲသွားကြသည်။ ရလဒ်အပေါ် မည်သူမှ သံသယမဝင်တော့။ ကျောက်ချန့်၏စွမ်းရည်ပင် ယူချင်းအား ဖိအားပေးရန် မတတ်နိုင်။

“ အနိုင်ရသူ… ယူချင်း… ” အကြီးအကဲက ကြေညာသည်။ ယူချင်းက နောက်လှည့်ကာ ထွက်သွားသည်တွင် ရှီဟွာတောင်ရှန့်ထိုသုံးပါးက သူ့အား ထူးဆန်းစွာ ကြည့်ကြသည်။ သူက ဤသို့ ဆက်လက်အနိုင်ယူနေတော့မည်လား…။

“ နောက်ထပ်… ” အကြီးအကဲက ဆက်လက်၍​ကြေညာသည်။

ပြည်နယ်ကိုးခုမှ လူများတစ်ယောက်စီ ထွက်လာကြသည်။ သည်တစ်ခေါက်တွင်ကား မြေရိုင်းပြည်နယ်မှ ရီဝူချင်းဖြစ်သည်။ သူတို့က တိုက်ပွဲတစ်ပွဲစီ တိုက်ခိုက်ပြီးသွားပြီဖြစ်ကာ ယခု နောက်ထပ်တိုက်ပွဲအတွက် စတင်၍ တိုက်ခိုက်ကြရပြီဖြစ်ပြီး အလှည့်ကျထွက်တိုက်စရာမလိုပေ။

တခြားပြည်နယ်မှလူများအားလုံးက လက်တစ်ဘက်ပြတ် ရီဝူချင်းကို ကြည့်ကြသည်။ တိုက်ပွဲအချို့အပြီးတွင် တကယ်တမ်း လူအများ၏အာရုံကို ဖမ်းစားနိုင်သည်ကား မြေရိုင်းပြည်နယ်ဖြစ်နေသည်။

သည်အရာအား မည်သူကမှ မမျှော်လင့်ထားသည့်ကိစ္စဖြစ်သည်။ ပြည်နယ်ကိုးခုညီလာခံမကျင်းပမှီတွင် မြေရိုင်းပြည်နယ်၏လူသုံးဆယ်ခန့်ကား ညီလာခံတွင် အဖြည့်ခံသဘောမျှသာဖြစ်လိမ့်မည်ဟု အားလုံးက ထင်မှတ်ကြသည်။ သို့သော်လည်း တိုက်ပွဲသုံးဆယ်ခန့်တိုက်ပြီးနောက်တွင် မြေရိုင်းပြည်နယ်က ပွဲတစ်ဆယ်ကျော်အနိုင်ရထားပြီး တခြားပြည်နယ်များထက် စွမ်းဆောင်ရည်များကောင်းနေသည်။

မြေရိုင်းပြည်နယ်တစ်ခုတည်းက အနိုင်ရလဒ်၏တစ်ဝက်ကျော်ကို ယူသွားသည်။ ယူချင်း၏ကျောက်ချန့်အပေါ် အရှိန်အဝါကြီးစွာ အနိုင်ရခြင်းကြောင့်ပင် ရီဝူချင်းထွက်လာသည်နှင့်လူအများက စိတ်ဝင်စားသွားကြရ၏။ ဤတိုက်ပွဲကား ရီဝူချင်း၏ဒုတိယတိုက်ပွဲဖြစ်သည်။

“ သူ ဘယ်လောက်အားကောင်းလဲ ဘယ်သူမှ မသိဘူး… ဒါပေမဲ့ သူက ဓားပညာမှာ ထူးချွန်ပုံရတယ်… သူ့ကို လျှော့တွက်လို့မရဘူး… ” ထိပ်သီးတန်ခိုးရှင်အချို့က ပြောသည်။

“ လို့ဟွားနန်းတော်က ဒီတစ်ခေါက်တိုက်ပွဲကို အနိုင်ယူလောက်တယ်… ” စစ်ဘုရင်ပြည်နယ်၊ ဗာဂျရာဒေသမှ ပုဂ္ဂိုလ်တစ်ယောက်က လို့ဟွားနန်းတော်မှ ပြိုင်ပွဲဝင်သူကိုကြည့်ကာပြောသည်။ သူတို့ကလည်း စစ်ဘုရင်ပြည်နယ်မှဖြစ်ရာ တခြားလူများထက် သူတို့အချင်းချင်း သိနားလည်ကြ၏။ ဤတစ်ခေါက် လို့ဟွားနန်းတော်မှ ထွက်လာသူကား ထူးချွန်ပေ၏။

“ တစ်ပွဲနိုင်တာက ဘာလုပ်လို့ရမှာလဲ… ” လို့ဟွားနန်းတော်မှပုဂ္ဂိုလ်တစ်ယောက်က အေးတိအေးစက်ပြောသည်။ သည်တိုက်ပွဲက သူတို့အိတ်ထဲတွင် ရှိနေသည်ကို ယုံကြည်ထား၏။

ရှီဟွာတောင်ရှန့်ထိုက သူတို့ပြောစကားများကိုကြားကာ ပြုံးသည်… “ လို့ဟွားနန်းတော်ကိုယ်စား ထွက်လာတဲ့သူက အရည်အချင်းရှိပုံရတယ်… ”

အရှေ့ဘက်ပြည်နယ်မှ ထွက်လာသူကား ရှီဟွာတောင်၏တပည့်တစ်ယောက်ဖြစ်၏။ ဝမ်ရှင်း ခန့်မှန်းသလိုပင် တော်ဝင်မြေမှပါဝင်ယှဉ်ပြိုင်သူများအား ဦးစွာ တိုက်ခိုက်ယှဉ်ပြိုင်စေ၏။ ပွဲလေးရာခန့်တိုက်ခိုက်ပြီးနောက် အများဆုံးကျန်ရစ်သော ပြိုင်ပွဲဝင်ကား ရှီဟွာတောင်မှ ဖြစ်ပေမည်။ ထို့ကြောင့် အရှေ့ဘက်ပြည်နယ်၊ ရှီဟွာတောင်ကား တခြားအင်အားစုများထက် ပြိုင်ပွဲဝင်သူများပေသည်။

ထိုသူက ရီဝူချင်းကိုကြည့်ကာ ပြောသည်… “ ဒီတစ်ခေါက်တိုက်ပွဲပြီးရင် မြေရိုင်းပြည်နယ်က လူတစ်ဆယ်ကျော်ပဲ ကျန်လိမ့်မယ်… မြေရိုင်းပြည်နယ်က ဘယ်လောက်ခံမလဲ ကျုပ်သိချင်တယ်… ”

ဝှစ်…

ဓားအလင်းတန်းတစ်ခု အပေါ်မှ​ဆင်းလာ၏။ တစ်ဘက်လူစကားမဆုံးသေးမှီတွင်ပင် လက်တစ်ဘက်ပြတ်သဏ္ဍာန်က လှုပ်ရှားလိုက်၏။ ရီဝူချင်းက သူတို့ထံကို မြန်ဆန်စွာ တိုးဝင်သွားသည်။ သူက အမှန်တကယ်ပင် ဤသို့ဝင်သွားသည်။ အမှန်ပင်… ဆုံးဖြတ်ချက်ပြတ်သားလှပါပေ၏။

ဘုန်း….

ထိုလူက ကြီးမားပြင်းထန်သောခွန်အားများကို သယ်ဆောင်လျှက် ရှေ့ကို တက်လာသည်တွင် ပတ်ဝန်းကျင်က လေးလံထိုင်းမှိုင်းသွားသည်။ သူတို့အနီးပတ်လည်၌ ကျစ်လျစ်မာကြောသော လောကဓာတ်များပေါ်လာသည်။ မြေကမ္ဘာလောကဓာတ်က မည်သူ့ကိုမဆို အနားကပ်ခြင်းအား တွန်းကန်ပေသည်။ ထိုလူကား လောကဓာတ်များကို အဆင့်မြင့်မားစွာနားလည်ဆင်ခြင်ထားဟန်ရ၏။ မဟုတ်လျင်လည်း သူက ရီဝူချင်းကို ရန်စရဲမည်မဟုတ်ချေ။

ရီဝူချင်းက လေထဲကို လက်ညိုးထိုးလိုက်သည်တွင် ဓားအလင်းတန်းများစွာ ဖြစ်ပေါ်လာ၏။

“ ဖျက်စမ်း… ” ရီဝူချင်းက ရှီဟွာတောင်မှတန်ခိုးရှင်ထံသို့ လက်ညိုးထိုးကာ ရေရွက်သည်။ ထောင်ပေါင်းများစွာသော ဓားအလင်းတန်းများက လေပွေမုန်တိုင်းအလားဖြစ်ပေါ်လာကာ တွင်းနက်ကဲ့သို့ဓားများက ထိုလူ၏ရှေ့ကိုရောက်လာ၏။ ရှီဟွာတောင်မှ တန်ခိုးရှင်၏မျက်နှာက ပျက်ယွင်းသွားသည်။ သူက ရှေ့ကို တက်လာသည်တွင် ပုံရိပ်ယောက်တစ်ခုနှင့်အတူ ပိုမိုမာကြောသော နံရံတံတိုင်းများပေါ်လာ၏။

ထိုလူအား ဗဟိုထား၍ ကမ္ဘာမြေနံရံများ တစ်လွှာပြီးတစ်လွှာပေါ်လာသည်။ တားဆီးခုခံခြင်းလောကဓာတ်များက နံရံများဖြင့် ပေါင်းစပ်နေရာ ဖြိုဖျက်မရနိုင်အောင် မာကြောပေ၏။ သို့သော်လည်း လေပွေမုန်တိုင်းအလား ဓားအရောင်အဝါက အပေါ်မှ ဆင်းသက်လာသည်တွင် အရာခပ်သိမ်းကို ဖောက်ထွင်းသွားတော့သည်။ ထိုမုန်တိုင်းကပင် နံရံအရံအတား၏အလယ်၌ အနက်ရောင်အပေါက်ကြီးဖြစ်သွားစေပြီး ရှေ့ကိုဆက်လက်တိုးဝင်လာ၏။

“ ဖြတ်တောက်ခြင်း လောကဓာတ်…” လူအများအပြားက ရေရွက်မိကြသည်။ ရီဝူချင်း၏ဓားစွမ်းအင်တွင် ဖြတ်တောက်ခြင်းလောကဓာတ်ပါနေကာ သူ၏ဓားအရောင်အဝါနှင့်ပေါင်းစပ်နေသည်။ မှန်သည်… ထိုလောကဓာတ်ကား မြေကမ္ဘာဓာတ်ထက် အဆင့်မြင့်ပေသည်။ သူ၏တိုက်ခိုက်မှုက တစ်ဘက်လူ၏ခုခံမှုအား အတားအဆီးမဲ့ ဖောက်ထွင်းသွားခြင်းမှာ အံ့အားသင့်စရာမဟုတ်တော့ပေ။

ရှီဟွာတောင်မှတန်ခိုးရှင်က လှုပ်ရှားလိုက်သည်တွင် ငွေရောင်လောကဓာတ်များက သူ၏ခန္ဓာကိုယ်အနှံ့ကို ပေါင်းစပ်သွားပြီး မြေကမ္ဘာ၏အစိတ်အပိုင်းတစ်ခုဖြစ်သွားစေကာ သဘာဝပတ်ဝန်းကျင်နှင့် တသားတည်းဖြစ်စေသည်။ ကောင်းကင်နှင့်မြေပြင်မှ စွမ်းအားများအားလုံးသည် သူ၏ခုခံခြင်းအစိတ်အပိုင်းများဖြစ်ကြ၏။ သို့တိုင်အောင် ရီဝူချင်း၏ဓားမုန်တိုင်း ရောက်လာသောအခါ ထိုအရာက အရာခပ်သိမ်းကို ဖြတ်တောက်၍ သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်သွားတော့သည်။ မြေကမ္ဘာလောကဓာတ်၏ခုခံမှုများအားလုံးက ပြိုပျက်သွားကြလေတော့သည်။ ဓားအလင်းများက သူ၏ခန္ဓာကိုယ်ကို ဖြတ်တောက်သွားသော်လည်း သူကား သေဆုံးခြင်းမရှိပေ။ ရီဝူချင်းက သူ့အား သက်ညှာခဲ့သည်မှာ သေချာ၏။

ထိုသူကား မြေပြင်ပေါ်ကို ကျသွားပြီးမှ လူးလိမ့်ထကာ ရီဝူချင်းကို ကြည့်သည်။ ထို့နောက် သူက ရီဝူချင်းကို အနည်းငယ်ဦးညွတ်ကာ ဘာမှ မပြောတော့ဘဲ နောက်လှည့်ကာ ထွက်သွား၏။ ထိုသူက သူ့အား မသတ်ခဲ့ခြင်းအပေါ် ရီဝူချင်းအား ကျေးဇူးတင်ပုံရပေသည်။

“ ပုံရိပ်ယောင်ဓားသဘာဝလောကဓာတ်အပြင် သူ့မှာ ဖြတ်တောက်ခြင်းဓားသဘာဝလောကဓာတ်လည်းရှိတယ်… ပြီးတော့ အဲဒါတွေ အကုန်လုံးက ရင့်သန်ပြီးလောကဓာတ်တွေပဲ… သူက တကယ်ပဲ ရှားပါးပါရမီရှင်ပဲ… ကြည့်ရတာ မြေရိုင်းပြည်နယ်က ဘယ်သူ့ကိုမဆို လျှော့တွက်လို့ မရပေဘူး… ” ပုဂ္ဂိုလ်ကြီးတစ်ယောက်က မှတ်ချက်ချသည်။ ရီဖူရှင်း၏လူများက လောကခေါင်းဆောင်းကို တီးခတ်စဉ်က သူတို့အားလုံးက အလေးအနက်ရှိဟန်မရဘဲ တစ်ယောက်ပြီးတစ်ယောက်က လုပ်ရိုးလုပ်စဉ်အလား တီးခတ်ခဲ့ကြသည်။ သူတို့က လောကခေါင်းလောင်းကို ဝင်ခွင့်လက်မှတ်ဖြတ်သည့်သဘောသာ သတ်မှတ်ကြသည်မှာသေချာ၏။ ပြည်နယ်ကိုးခုညီလာခံမတိုင်မှ သူတို့က အရည်အချင်းများကို ထုတ်ပြခြင်းမရှိလိုခဲ့ကြပေ။ ယခု စင်မြင့်ထက်ကို ရောက်မှာ သူတို့၏အစစ်အမှန်စွမ်းရည်များ ထွက်လာတော့သည်။

တခြားတိုက်ပွဲဝင်လူငယ်များက တည်ကြည်သောဟန်ပင်ဖြင့်ရပ်နေသော လက်တစ်ဘက်ဖြတ်ဓားသမားကို ကြည့်ကြသည်။ သူတို့အထဲတွင် ရင့်သန်သောလောကဓာတ်အား နားလည်ထားသူ သိပ်မပါပေ။ သူတို့က ရီဝူချင်းကို အနိုင်မရသည်ကို နားလည်ကြ၏။ ထို့ကြောင့်ပင် သူတို့က ပူးပေါင်းတိုက်ခိုက်ရန် အချင်းချင်း နားလည်မှု ယူလိုက်ကြဟန်ရသည်။ သူတို့အားလုံးက ရီဝူချင်းအား လေးနက်သော အမူအရာဖြင့် ကြည့်နေကြသည်။

ရီဝူချင်းက အတွေးများကို ဖြန့်လျှက် သူ၏လက်ကို ဆန့်တန်းလိုက်သည်။ ပြင်းထန်သော ဓားစွမ်းအင်တစ်ခု လေထဲ၌ ချက်ချင်းပေါ်လာ၏။ မရေမတွက်နိုင်သော ဓားစွမ်းအင်များက ဓားခုနစ်လက်အဖြစ်ပြောင်းလဲသွားကာ မြေပြင်မှ လူခုနစ်ယောက်ထံကို တိုးဝင်သွားကြသည်။

“ သွား… ” ရီဝူချင်းက ပြောသည်တွင် ဓားခုနစ်လက်က မြေပြင်ပေါ်မှ လူခုနစ်ယောက်ထံကို ဦးတည်ဆင်းသက်သွားကြ၏။ ထွင်းဖောက်ခြင်းဓားသဘာဝလောကဓာတ်က ဓားခုနစ်လက်နှင့်ပေါင်းစပ်နေကြ၏။

ဘုန်း… ဘုန်း.. ဘုန်း… ကျယ်လောင်သောအသံများ ဆက်တိုက်မြည်သွားသည်။ တိုက်ပွဲထဲမှ လူများ တစ်ယောက်ပြီးတစ်ယောက်လွင့်စင်သွားကြ၏။

အားလုံးကို အပြတ်အသတ်သာလွန်စွာ အနိုင်ယူနိုင်သောနောက်တစ်ယောက် မြေရိုင်းပြည်နယ်မှ ထွက်လာပြန်သလော။ လူအများအပြားက လေထဲတွင် တည်ငြိမ်စွာရပ်နေသော လက်တစ်ဘက်ပြတ်ဓားသမားအား ကြည့်ကြ၏။

“ နေဦး… ”

“ နောက်တစ်ယောက် ရှိသေးတယ်… ”

တစ်နေရာကို လှမ်းကြည့်ကာ လူအများအပြား၏မျက်လုံးများက အရောင်လက်သွားကြ၏။ ရီဝူချင်း၏ဓားချက်ကြောင့် လွင့်စင်မသွားသောသူတစ်ယောက် ကျန်ပေသေးသည်။ ကျန်ရစ်သောလူ၏ခန္ဓာကိုယ်တွင်ကား အနက်ရောင်အငွေ့အသက်များ ဖုံးလွှမ်းနေသည်။ ထိုလူက သူ့ထံကိုကျဆင်းလာသော ဓားစွမ်းအင်အား ပါးစပ်ဟလျက် ဝါးမျိုးစုပ်ယူသည်ကို အားလုံးက အံ့အားသင့်စွာ မြင်တွေ့ကြရ၏။ ဓားကား ဝါးမျိုခံရကာ မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။

“ ဝါးမျိုခြင်းလောကဓာတ်… ” မျက်လုံးပေါင်းများစွာက ထိုလူထံကို ရောက်လာကြသည်။ ဝါးမျိုခြင်းလောကဓာတ်ကား အလွန်ရှားပါးသောဓာတ်တစ်မျိုးလည်းဖြစ်၏။ ထိုသို့သောလောကဓာတ်အား နားလည်နိုင်စွမ်းရှိသူလည်း ရှားပါးလှချေ၏။ ပြောကြသည်မှာ တစ်စုံတစ်ယောက်က အဆုံးစွန်သောအဆင့်အထိ လေ့ကျင့်ပါက ထိုသူကား ဝါးမျိုခြင်းလောကဓာတ်ကို ပိုင်ဆိုင်နိုင်၏။

“ သူ ဘယ်သူလဲ… ” ပုဂ္ဂိုလ်ကြီးများက မေးကြသည်။ ရီဝူချင်းက ပြည်နယ်ရှစ်ခုလုံးမှ လူများအား အပြတ်အသတ် အနိုင်ယူသွားပြီဟု ထင်မှတ်ခဲ့ကြသည်။ ယခုကဲ့သို့ ထက်မြက်သောလူတစ်ယောက် ပေါ်လာမည်ဟု မထင်ထားကြပေ။

သည်တစ်ယောက်ကား အလွန်အားကောင်း၏။

“ စစ်ဘုရင်ပြည်နယ်က တစ်ယောက်ပဲ… သေသေချာချာပြောရရင် သူက လို့ဟွားနန်းတော်ကပဲ… ”

Comment

Leave a Reply

Options

not work with dark mode
Reset