ဒီနေရာမှာ အားလုံးရဲ့ တန်ခိုးအဆင့်က အတူတူပဲ… ဒါပေမဲ့ ဘယ်သူကမှ စိတ်နယ်လွန် လောကဓာတ်ကို နားလည် ဆင်ခြင်ထားလို့ မရှိဘူး… ပုံမှန်အားဖြင့် ကျုပ်တို့က စိတ်နယ်လွန် လောကဓာတ်နဲ့ ရင်ဆိုင်ရာမှာ အရေးနိမ့်မှာပဲ… ငါတို့က သူမ မတိုက်ခိုက်ခင် တိုက်ခိုက်မှာသာ အခွင့်အရေး ရှိလိမ့်မယ်… တစ်ယောက် ပြောသည်။
ထိုအခိုက်တွင် တခြားလူများကလည်း ဟွာဂျီယူကို စတင် တိုက်ခိုက် ကြတော့သည်။ ဤသို့သော စွမ်းရည်ရှိသူနှင့် ရင်ဆိုင်ရာတွင် လက်ဦးမှုယူရန် လိုအပ်ပေသည်။
ဟွာဂျီယူ၏ မျက်လုံးများတွင် အရောင်များ လင်းလက် သွားသည်။ ထို့နောက်တွင် ပြင်းထန်သော လျှပ်စီးတန်းများ ကျဆင်း လာတော့သည်။ လျှပ်စီးများကား အမှန်ပင် ပုံသဏ္ဌာန်ကင်းမဲ့ကာ တားဆီး၍ မရပေ။ ထို့နောက်တွင် ပြင်းထန်သော လျှပ်စီးများက သူတို့ထံကို ကျဆင်းလာပြီး အားလုံးက ပြင်းထန်စွာ ဒဏ်ရာရကြသည်။ လျှပ်စီးများကား သူတို့၏ စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်ခဲ့ကာ တားဆီး၍လည်း မရပေ။ သူတို့အားလုံး၏ ပါးစပ်မှ သွေးများ ယိုစီးကျလာကြသည်။ မကြာမီ တခြားပြည်နယ်မှ ခုနစ်ယောက်လုံးက ဟွာဂျီယူအား ကြည့်ကာ သက်ပြင်းချပြီး နောက်လှည့် ထွက်ခွာ သွားကြသည်။ သူမက ခေါင်းငုံ့ကာ ကျောက်စီရီအား တစ်ချက်ကြည့်ပြီး အကြီးအကဲဘက်ကို လှည့်ကာ အနိုင်ရသူကို ကြေညာမည့် အချိန်အား စောင့်နေလိုက်၏။
ကြည့်ရတာ မြေရိုင်း ပြည်နယ်ကလည်း ပါရမီရှင် အတော်မျာများ ရှိတာပဲ… လူအများအပြားက ဟွာဂျီယူကို ကြည့်ကာ တွေးမိကြသည်။ မှန်သည်… သည်တစ်ခေါက် ဟွာဂျီယူ၏ ပြိုင်ဘက်များ ကလည်း အနည်းငယ် အားနည်း ကြပေသည်။ အကယ်၍သာ အားကောင်းသာ စိတ်စွမ်းအင်အား ပိုင်ဆိုင်သူဖြင့်သာ ဟွာဂျီယူက တွေ့ဆုံခဲ့ပါက စိတ်ဝင်စားဖွယ် တိုက်ပွဲတစ်ခုအား သူတို့ မြင်တွေ့ကြရပေမည်။
သူမ၏နေရာအား ပြန်သွားရင်းက ဟွာဂျီယူက ခေါင်းမော့ကာ ရီဖူရှင်းအား ပြုံးရောင်သန်းလျက် ဂုဏ်ယူစွာ ကြည့်သည်။
ဒီမြေခွေးမ… ရီဖူရှင်း၏ မျက်နှာကလည်း ပြုံးနေသည်။ သို့သော်လည်း ဟွာဂျီယူက သူမ၏ပြိုင်ဘက်များကို အနိုင်ယူခဲ့သော်လည်း နောက်တစ်ခေါက် တိုက်ပွဲက သူမအတွက် လွယ်ကူမည် မဟုတ်သည်မှာ သေချာသည်။ သူထင်မှတ် ထားသလိုပင် နောက်ထပ် တိုက်ပွဲများက တဖြည်းဖြည်း ပိုမိုပြင်းထန် လာတော့သည်။ မည်သို့ဆိုစေ မြေရိုင်းပြည်နယ်က တစ်လှည်ပြီး တစ်လှည့် တိုက်ခိုက်နေရရာ မကြာမီ လူသုံးဆယ်မှ လူဆယ်ယောက်ခန့် မျှသာ ကျန်ရစ်တော့သည်။ သူနှင့်အတူ ရှီနန်းတော်ထဲကို ဝင်ရောက်သူများမှအပ တခြားလူများ အားလုံးကား ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သည်။ သို့သော်လည်း တခြား ပြည်နယ်များတွင်ကား မရေမတွက်နိုင်သော လူများ ကျန်ရစ် ကြပေသေးသည်။ ဆိုလိုသည်က သူတို့ မြေရိုင်းပြည်နယ်မှ လူဆယ်ယောက်ခန့်က တခြားပြည်နယ်မှ လူများ မကုန်သရွေ့ ဆက်လက် တိုက်ခိုက်ရမည် ဟူ၏။ သူတို့က ထိပ်ဆုံး အယောက် တစ်ရာတည်းကို ဝင်ရောက်လိုပါက ထိုလူဆယ်ယောက်က တစ်ပွဲမှ ရှုံး၍ မရပေ။
ပြိုင်ပွဲက ကြာလေလေ မြေရိုင်း ပြည်နယ်၏ အခြေအနေက ပိုမို၍ ဆိုးဝါးလေလေ ဖြစ်သည်။
ပြည်နယ်ကိုးခု ညီလာခံ ဆက်လက် ကျင်းပသည်တွင် ရီဖူရှင်းက အချို့သော အချက်များအား သတိထားမိသည်။ ပြည်နယ်ရှစ်ခုလုံးမှ တော်ဝင်မြေများက သူတို့တွင် ကျန်ရစ်သော လူအရေအတွက်အား တခြား ပြည်နယ်များတွင် ကျန်ရစ်သော လူအရေအတွက်နှင့် အမြဲညီမျှအောင် ချိန်ညှိကြကာ အကယ်၍ သူတို့တွင် လူများနေပါက အားနည်းသော လူများကို စေလွှတ်ကာ ပြိုင်ပွဲမှ ထွက်စေသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် တော်ဝင်မြေများ အားလုံး၌ တူညီသော လူအရေအတွက် ရှိကြပေသည်။
“ဆရာဦးလေး.. ကြည့်ရတာ ပြည်နယ်ရှစ်ခုရဲ့ တော်ဝင်မြေတွေက လူအရေအတွက် တူနေသလိုပဲ…” ရီဖူရှင်းက ဝမ်ရှင်းကို ကြည့်ကာ မေးသည်။
“သူတို့က အရေအတွက် အတူတူနီးပါးပဲ… သူတို့အကြား ကွာဟချက်က အရမ်းနည်းတယ်… မြေရိုင်းပြည်နယ်နဲ့ အရှေ့ဘက် ပြည်နယ်ကလွဲရင် တခြား ပြည်နယ် ခုနစ်ခုလုံးက လူ၄၀၀နီးပါး ရှိတယ်… နွေဦးပြည်နယ်က လူအများဆုံးဖြစ်ပြီး ၄၀၅ယောက် ရှိတယ်… ယွီပြည်နယ်က အနည်းဆုံး ဖြစ်ပြီး လူ၃၉၇ယောက် ရှိတယ်…” ဝမ်ရှင်းက ပြောသည်။ ရီဖူရှင်းက သူ့အား ကြည့်သည်။ သည်အဘိုးအိုကား အမှန်ပင် အားလုံးကို ရေတွက်ထားသည်။
“ဒီလောက်ပဲ မဟုတ်ဘူး… အရှေ့ဘက် ပြည်နယ်က ပါဝင်တဲ့ တော်ဝင်မြေက ရှီဟွာတောင် တစ်ခုပဲ ရှိတယ်…ကျောက်မဟာ ပြည်ထောင်နဲ့ မှန်နန်းတော် သခင်မရဲ့ တပည့်တွေကို ထပ်ပေါင်းထည့်ရင် အကုန်လုံးက လူလေးရာပဲ… နောက်ထပ် လူတစ်ရာက အရှေ့ဘက် ပြည်နယ်အနှံ့က ဝင်ပြီး ယှဉ်ပြိုင်တဲ့လူတွေပဲ…” ဝမ်ရှင်းက ပြောသည်… “မြေရိုင်းပြည်နယ် ကိုတော့ သူတို့က နဂိုတည်းက ထည့်မတွက်ခဲ့ဘူး ဆိုတာ သေချာတယ်… ငါတို့က အဖြည့်ခံပဲ…”
ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက မြေရိုင်းပြည်နယ်မှ ကျန်ရစ်သော လူဆယ်ယောက်ကို ကြည့်ကာ ခန့်မှန်းမိပြီး ဖြစ်သည်။ အကယ်၍ မြေရိုင်းပြည်နယ်ကသာ ပြည်နယ်ကိုးခု ညီလာခံတွင် ဆက်လက် ယှဉ်ပြိုင်လိုပါက ဆက်တိုက် အနိုင်ရရန် လိုအပ်ပေသည်။ ဆိုလိုသည်က တခြားပြည်နယ်မှ လူများမူကား ဆက်တိုက် အနိုင်ရရန် မလိုအပ်ပေ။
သူနှင့်အတူ ရှီနန်းတော်ထဲကို ဝင်ရောက်ခဲ့သူများ အပေါ် ရီဖူရှင်းက အလွန် ယုံကြည်သော်လည်း သည်ကဲ့သို့သော စည်းမျဉ်းအောက်တွင် သူက ယူချင်းတစ်ယောက်သာ နောက်ဆုံးအချိန်အထိ ကျန်ရစ်ရန် ယုံကြည်ချက် ရှိပေသည်။ သို့သော် တစ်ဖက်မှ ကြည့်လျှင်လည်း တခြားပြည်နယ်မှ တန်ခိုးရှင်များ အားလုံးကို ယူချင်းက တားဆီးပေလိမ့်မည်။
“ကျွန်တော်က ဒါကို အကြမ်းပဲ တွေးထားခဲ့တာ.. ဒါပေမဲ့ အခု ဆရာဦးလေး ပြောတာကို ပြန်တွေး ကြည့်တော့မှ ဒါက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာသလိုပဲ…” ရီဖူရှင်းက ပြန်ပြောသည်။ သည်ကဲ့သို့ အခြေအနေတွင် ရီဖူရှင်းက ထိပ်သီးဆယ်နေရာသို့ ဝင်ရန် မည်သူမှ ယုံကြည်မည် မဟုတ်ပေ။ အမှန်အားဖြင့် သူ့တွင် လုံလောက်သော ပါရမီရှင်များ မရှိပါက နောက်ဆုံး အယောက်တစ်ရာ စာရင်းသို့ပင် ဝင်ရောက်မည် မဟုတ်ပေ။
“ဒါဆို အခု ဖြစ်နိုင်ချေနှစ်ခုပဲ ရှိတော့တယ်… ပထမတစ်ချက်က မြေရိုင်း ပြည်နယ်က ပြိုင်ပွဲက ထွက်ရမယ်… ဒုတိယတစ်ချက်က ပြည်နယ်ကိုးခု ညီလာခံက စည်းမျဉ်းကို ပြောင်းရမယ်…” ဝမ်ရှင်းက ပြောသည်။ ရီဖူရှင်းတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်လာသည်။ သည်မတိုင်ခင် ပြိုင်ပွဲအကြီးအကဲက စည်းမျဉ်းများက မျှတသည်ဟု ဆိုခဲ့သည်။ ယခု ပြန်စဉ်းစားပါက သူ၏စကားက မြေရိုင်းပြည်နယ်ကို သေတွင်းသို့ ပို့လိုက်သကဲ့သို့ပင်။ သူတို့အတွက် နောက်ဆုံး အယောက်တစ်ရာ စာရင်းသို့ ဝင်ရန် မျှော်လင့်ချက် မရှိပေ။ သို့သော်လည်း သည်အခြေအနေကပင် ပိုမို၍ စိတ်ဝင်စားဖွယ် ကောင်းနေသည်။
“တော်ဝင်မြေတွေက အရေအတွက် တူနေတာက နဂိုတည်းက သဘောတူထားတာ ဖြစ်ရမယ်… အိမ်ရှင်ရဲ့ အားသာချက်က သူတို့ပြည်နယ်က တခြား ပါဝင်ယှဉ်ပြိုင်သူတွေပဲ…” ရီဖူရှင်းက ဆက်ပြောသည်… “ရှီဟွာတောင်က အဲဒီလူတွေကို သူတို့တော်ဝင်မြေထဲ သွတ်သွင်းဖို့ ကြိုးစားလိမ့်မယ်…”
“အမှန်ပဲ… ပြည်နယ်ကိုးခု ညီလာခံက နှစ်ပေါင်းများစွာ ကြာအောင် ကျင်းပလာတာ ဆိုတာ့ စည်းမျဉ်းတွေကလည်း အစဉ် အဆင်တည်မြဲလာပြီး ဖြစ်ရမယ်… တော်ဝင်မြေတွေက ပြိုင်ပွဲဝင် အရေအတွက် တူညီနေတယ် ဆိုမှတော့ နောက်ထပ် တိုက်ပွဲလေးရာမှာ တော်ဝင်မြေတွေ အကုန်လုံးက ဝင်တိုက်ခိုက် ကြလိမ့်မယ်.. ပြည်နယ်ကိုးခုလုံးရဲ့ ပြိုင်ပွဲဝင် အရေအတွက် တူသွားရင် ကျုပ်တို့က စည်းကမ်းပိုင်း အပြောင်းအလဲဖြစ်မယ့် အခြေအနေကို ရောက်လာလိမ့်မယ်…” ဝမ်ရှင်းက ပြောသည်။
ရီဖူရှင်းက ခေါင်းညိတ်ကာ ပြည်နယ်ကိုးခု ညီလာခံ၏ တိုက်ပွဲနေရာကို ကြည့်သည်။ မြေရိုင်းပြည်နယ်ကား လက်ရှိတွင် စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်သည်။ သူတို့က လူသုံးဆယ်ထဲတွင် ဆယ်ယောက်ခန့်သာ ကျန်ရစ်တော့သော်လည်း သူတို့ကား တစ်ပွဲစီတိုင်းတွင် လူကိုးယောက်ကို ပြုတ်သွား စေနိုင်သည်သာ။
အမှန်တကယ်အားဖြင့် လက်ရှိ အခြေအနေက လူအများအပြားက အံ့အားသင့် စေသည်သာ။ သို့သော်လည်း သည်လူအနည်းစုက မြေရိုင်းပြည်နယ်၏ အထူးချွန်ဆုံးလူများ ဖြစ်သည်ကို စဉ်းစားလျှင် သူတို့နားလည် နိုင်ကြပေသည်။
အရှေ့ဘက် ပြည်နယ်ဘက်တွင် လူတစ်ယောက် ထွက်လာသည်။ သူကား ရွှေရောင် ဆံပင်များဖြင့် ဖြစ်ကာ သူ့မျက်လုံးများက အလွန်တရာ မာနကြီးဟန် ရနေသည်။
“ကျောက်မဟာ ပြည်ထောင်က ကျောက်ချန့်…” အရှေ့ဘက်ပြည်နယ်မှ လူများက သူ့အား မြင်ကာ မျက်ခုံးများမြင့်တက် သွားကြသည်။
ကျေက်ချန့်ကား ကျောက်မဟာ ပြည်ထောင်၏ လူငယ်များ အကြားတွင် အလွန်အမင်း နာမည် ကျော်ကြားပေသည်။ သူကား အထက်တန်းစား ကလန်တစ်ခု၏ မျိုးဆက်ဖြစ်ကာ ထူးခြားထက်မြက်သော တိုက်ခိုက်ရေး စွမ်းအားများကို ပိုင်ဆိုင်သည်။ ကျောက်မဟာ ပြည်ထောင်၏ လူငယ်များထဲတွင် သူကား အတော်ဆုံး သုံးယောက်ထဲ၌ ပါဝင်ပေသည်။
သည်တစ်ခေါက် သူတို့ ပစ်မှတ်က မြေရိုင်းပြည်နယ် ဖြစ်သည်။ ထိုအတွေးက အားလုံး၏ ခေါင်းထဲကို ရောက်လာသည်။ တခြားပြည်နယ်များက အခြေအနေကို နားလည် လိုက်ကြကာ ကျောက်ချန့်နှင့် ရင်ဆိုင်ရန် အားကောင်းသော လူများအား စေလွှတ်ခြင်း မရှိကြပေ။
မြေရိုင်းပြည်နယ်အား အရှေ့ဘက်ပြည်နယ်မှ ဖိတ်ခေါ်ခြင်းဖြစ်ကာ ယခု ကျောက်မဟာ ပြည်ထောင်က မြေရိုင်းပြည်နယ်နှင့် ကတောက်ကဆ ဖြစ်ဟန်တူပါက သူတို့အချင်းချင်း ရင်ဆိုင် ဖြေရှင်း ကြပေလိမ့်မည်။
တခြားပြည်နယ်များမှ တပည့်ခုနစ်ယောက်က စင်မြင့်အလယ်ကို အဖြည့် သဘောဖြင့်သာ ရောက်လာကြသည်။ အများစုကလည်း ပြည်နယ်ကိုးခု ညီလာခံတွင် အတွေ့အကြုံ ရရန်ဟူသော မျှော်မှန်းချက်မျှသာ ရှိကြရာ အရှုံးအနိုင်ကို ခေါင်းထဲ သိပ်မထည့်ကြပေ။
ကျောက်ချန့်၏ မျက်လုံးက ယူချင်းထံကို ရောက်လာသည်။ မြေရိုင်းပြည်နယ်က ပတ်လည်စနစ်ဖြင့် တွက်လျှင် အားလုံးက တစ်ကျော့စီ တိုက်ခိုက်ပြီးပြီဟု သတ်မှတ်နိုင်သည်။ အစမှ ပြန်ရေတွက်လျှင် သည်တစ်ခေါက်ကား ယူချင်း၏အလှည့်ကို ပြန်ရောက်ပေမည်။
ယူချင်းကလည်း ကျောက်ချန့်၏ အကြည့်ကို သတိထားမိပေသည်။ တခြားလူများ အားလုံး ထွက်လာကြလျှင် သူကလည်း တွန့်ဆုတ်ခြင်း မရှိဘဲ ရှေ့ကို တက်လာသည်။ သူကား တစ်ဖက်လူ၏ ပစ်မှတ်ထားခြင်းကို ခံရသည်ကို နားလည်သည်။ သို့သော် ထိုသို့ဖြစ်လျှင်ကော အဘယ်အရေးနည်း။
ကျောက်စီရီကား ကျောက်မဟာ ပြည်ထောင်ဘက်ခြမ်းမှ ကြည့်နေသည်။ သူမ၏အကြည့်က ရှေ့ကို ရောက်လာကာ ပြောသည်.. “ကျောက်ချန့်က သူ့ကို အနိုင်ရလောက်တယ်…”
***