အပိုင်း (၇၆၀)

အထက်စီးဆန်ခြင်း

တိုက်ပွဲ တစ်ပွဲတည်းဖြင့် ပြည်နယ်ကိုးခုမှ လူတိုင်းက ယူချင်းအား မှတ်မိစေခဲ့သည်။ မည်သို့ဆိုစေ… သည်တိုက်ပွဲကား ပြည်နယ်ကိုးခု ညီလာခံ၏ ပထမဆုံး တိုက်ပွဲလည်း ဖြစ်ကာ ယူချင်းက အားလုံးကို အနိုင်ယူခဲ့၏။

မြေရိုင်းပြည်နယ်၊ တော်ဝင် ကျဲနန်းတော်၏ တပည့်ယူချင်းကား ပြည်နယ်ကိုးခု ညီလာခံတွင် တစ်နေရာ အခိုင်အမာ ရနိုင်ပေသည်။ သူက အလွန်ကံဆိုး၍ ပြည်နယ်ကိုးခု၏ အတော်ဆုံး လူများဖြင့် သွားတွေ့ခြင်းကသာ သူ့အား အကောင်းဆုံး အယောက် တစ်ရာထဲသို့ ဝင်ရောက်ခြင်းမှ တားဆီး နိုင်ပေလိမ့်မည်။

“ဒုတိယတိုက်ပွဲကို စတင်မယ်…” အကြီးအကဲက ကြေညာသည်။ ထို့နောက်တွင် အရှေ့ဘက် ပြည်နယ်နှင့် နွေဦးပြည်နယ်မှ တန်ခိုးရှင်တို့ ရှေ့ကို တက်လာကြသည်။ မြေရိုင်းပြည်နယ် ဘက်တွင် သူတို့က အချင်းချင်း ကြည့်ကြသည်။ သူတို့က နည်းပါးသော ပြိုင်ပွဲဝင်များရှိရာ မည်သူက သွားရောက်မည်ကို ဆွေးနွေး ကြရသည်။

“ငါသွားမယ်…” တော်ဝင်ကျဲ နန်းတော်၏ တပည့်ကျောင်းလီက ပြောသည်။ သူကား နန်းတော်သို့ ရီဖူရှင်းတို့နှင့် တစ်သုတ်တည်း ဝင်ခဲ့သူဖြစ်ကာ ထူးချွန်သူဟု ပြော၍​ရသည်။ သူက နိုဘယ်အဆင့်ကို တက်ရောက်ကာ လောကဓာတ် ကနဦးအဆင့်အား နာလည် ဆင်ခြင်ပြီး ဖြစ်သည်။

မြေရိုင်းပြည်နယ်၏ အလှည့်ကျ ရောက်သောအခါ ​ကျောင်းလီက စင်မြင့်ပေါ်ကို တက်လာသည်။ ရီဖူရှင်းက ကျောင်းလီကို ကြည့်ကာ ပြောသည်.. “ကျောင်းလီရဲ့ တန်ခိုးက သန့်စင်ပြီးတော့ အနှောင်အဖွဲ့ ကင်းတယ်… သူက သိုင်းပညာကိုပဲ​ အာရုံစိုက်ပြီးတော့ ဒီအဆင့်အထိ မြန်မြန်ဆန်ဆန် ရောက်လာတာ တကယ်ပဲ ချီးကျူးစရာ ကောင်းတယ်…သူက ရှီနန်းတော်ကို ဝင်ခွင့်ရ သင့်တယ်…”

“အင်း…” ဝမ်ရှင်းက ခေါင်းညိတ်ကာ ပြောသည်… “ဒါပေမဲ့ ပြည်နယ်ကိုးခုက ထူးချွန်တဲ့ လူတစ်ယောက်စီ ပါဝင် တိုက်ခိုက်ကြတဲ့ အုပ်စုတိုက်ပွဲဖြစ်လို လက်ရှိကျောင်းလီရဲ့ အခြေအနေနဲ့ အနိုင်ရဖို့ ဖြစ်နိုင်ချေ အရမ်းနည်းတယ်…”

“သူ မြန်မြန်ပြုတ်တာ နောက်ကျပြုတ်တာ အတူတူပါပဲ… အရေအကြီးဆုံးက အတွေ့အကြုံရဖို့ပဲ… တခြား ပြည်နယ်တွေက ပြိုင်ပွဲဝင်တွေကလည်း ဘယ်လောက် အားကောင်းတယ် ဆိုတာကို ကျုပ်တို့ ကြည့်လို့ ရတာပေါ့…” ရီဖူရှင်းက ပြောသည်။ မြေရိုင်း ပြည်နယ်ကား အခြေခံအားဖြင့် တခြား ပြည်နယ်များထက် အားနည်းပေသည်။ သူနှင့်အတူ ရှီနန်းတော်ကို ဝင်ရောက်ခဲ့သူများမှလွဲ၍​ တခြားလူများက အဆင့်၁၀၀ အတွင်းသို့ ဝင်ရောက်ရန် အလွန် ခက်ခဲပေသည်။

ပြိုင်ပွဲဝင် တော်ဝင်မြေများက အရေအတွက် တစ်ဆယ် ကျော်ပေသည်။ ထို့ကြောင့် တော်ဝင်မြေတစ်ခုစီမှ လူအနည်းငယ်မျှသာ နောက်ဆုံး လူတစ်ရာ စာရင်းသို့ ဝင်နိုင်ပေသည်။ တော်ဝင်ကျဲ နန်းတော်ကား တော်ဝင်မြေများထဲမှ တစ်ခုဖြစ်သော်လည်း သူတို့တွင် တခြား ပြည်နယ်များထက် ပြိုင်ပွဲဝင် အရေအတွက်များ အလွန် နည်းပါးပေသည်။

ဝမ်ရှင်းက ခန့်မှန်းထားသလိုပင် သည်တစ်ခေါက် တိုက်ပွဲတွင်လည်း တခြားပြည်နယ်မှ လူများထက် သိသိသာသာ အားကောင်းသော ပြိုင်ပွဲဝင် တစ်ယောက် ပါလာသည်။ သူမကား နွေဦးပြည်နယ်၏ ယွဲ့ကလန်မှ ဖြစ်သည်။ ယွဲ့ကလန်ကား ချုပ်နှောင်ခြင်းတွင် နာမည်ကြီးပေသည်။

ယခု အဖြူရောင် ဝတ်ထားသော မိန်းကလေး တစ်ယောက်က စင်မြင့်အလယ်ရှိ လေထုထဲတွင် ပေါလော ရပ်နေသည်။ သူမက ပထမဆုံး တစ်ယောက်အား အနိုင်ယူလိုက်ရာ အားလုံးက သူမအား အန္တရာယ် ရှိသည်ဟု သတ်မှတ် လိုက်ကြသည်။ ထို့ကြောင့်ပင် သူမအား အားလုံးက ဝန်းရံကာ တိုက်ခိုက်ရန် ကြိုးစား နေကြခြင်းပင်။ သို့သော်လည်း သူက လေထဲတွင် ရပ်နေရင်း သူမ၏နောက်မှ လဝိညာဉ်တစ်ခု ထွက်လာသည်။ လရောင်က အောက်မှ လူများအားလုံးကို ဖျန်းပက်သည်တွင် သူတို့၏စိတ်ဝိညာဉ်များ အားလုံးကို ပိတ်ဆို့ ချုပ်နှောင်၏။ ကျောင်းလီကလည်း သူ၏ သက်စောင့်ဝိညာဉ်ကို ထုတ်ကာ သူမထံကို ပြေးဝင် တိုက်ခိုက်သည်။

လရောင်က ပိုမို လင်းလက် လာသည်တွင် မိန်းကလေးထံမှ ထွက်လာသော လောကဓာတ်များက လရောင်ဖြင့် ပေါင်းစပ်လျက် အောက်ကို ကျဆင်းလာသည်။ ထိုအခိုက်တွင်ပင် သူမကို တိုက်ခိုက်သူများ အားလုံးက ပုံရိပ်ယောင် ကမ္ဘာထဲကို ကျဆင်း သွားကြတော့သည်။ သူတို့အားလုံးက လကမ္ဘာထဲကို ရောက်ရှိသွားကြကာ ပြင်ပလောကနှင့် ဆက်သွယ်ရန် ကြိုးစား၍​မရတော့ပေ။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်အား ရေခဲများက လာရောက် ပိတ်နှောင်သည်တွင် မည်သူမှ လှုပ်ရှားနိုင်စွမ်း မရှိတော့။

ဘယ်လောက် အားကောင်း လိုက်သလဲ…။ အားလုံးက တွေးလိုက်ကြသည်။

“ပြည်နယ်ကိုးခုထဲမှာ နွေဦးပြည်နယ်က အားအကောင်းဆုံးပဲ… ရှားကလန်ပြီးရင် ယွဲ့ကလန်ကလည်း ချုပ်နှောင်ခြင်း ပညာမှာ အရမ်း အားကောင်းကြတယ်… သူတို့က စိတ်ဝိညာဉ်နဲ့ ရုပ်ခန္ဓာကိုယ်တို့ကို ကောင်းကောင်း ထိန်းချုပ်နိုင်ကြတယ်… ဒါက တကယ်ပဲ ကြောက်စရာ ကောင်းတယ်…” လူအများအပြားက ဆွေးနွေးကြသည်။ သည်တိုက်ပွဲက မည်သို့ အဆုံးသတ်မည်ကို တွေးကြည့်၍ ရပေသည်။ ယွဲ့ကလန်မှ တန်ခိုးရှင်က သူမ၏ပြိုင်ဘက်များ အားလုံးကို အနိုင်ယူခဲ့သည်။

“ယွဲ့ကလန် တစ်ခုတည်း မဟုတ်ဘူး… နွေဦးပြည်နယ်မှာက ပြည်နယ်ကိုးခုမှာ အကောင်းဆုံး ကျောင်းတော်ဖြစ်တဲ့ ပြည်နယ်ကိုးခု ကျောင်းတော်ရှိတယ်… ပြီးတော့ နွေဦးပြည်နယ်ရဲ့ ရီကလန်ကလည်း အတော် အားကောင်းတယ်… သူတို့ရဲ့ ဘိုးဘေးက ရန်ဟောင်တစ်ပါးလို့ ပြောကြတယ်…” အချို့က နွေဦးပြည်နယ်မှ အင်အားစုများ အကြောင်းကို ဆွေးနွေး ပြောဆိုကြသည်။

ရီဖူရှင်း၏ အကြည့်ကလည်း တိုက်ပွဲထဲကို ရောက်လာသည်။

သည်မိန်းကလေး၏ စွမ်းရည်များက ထူးခြားကာ အလွန်အမင်း အားကောင်း ပေသည်။

ပြည်နယ်ကိုးခုကား အမှန်ပင် ပါရမီရှင်များဖြင့် ပြည့်နှက်နေသည်။

တိုက်ပွဲရလဒ်ကား အားလုံး ထင်မှတ် ထားသလိုပင်။ ကျောင်းလီက ခေါင်းငုံ့ကာ ကွင်းထဲမှ ထွက်လာသည်။ သူကား သည်မျှ ဆိုးဝါးစွာ ရှုံးနိမ့်ရမည်ဟု မထင်မှတ်ထားပေ။ သူ၏ စိတ်ဝိညာဉ်ကား ပိတ်ဆို့ ချုပ်နှောင်ခြင်း ခံရကာ ခုခံအား ကင်းမဲ့ရသည်။ ပထမတိုက်ပွဲတွင် ယူချင်းက အရှိန်အဝါ ကောင်းကောင်းဖြင့် ပြိုင်ဘက်များကို အနိုင်ယူခဲ့သည်။ ဒုတိယတိုက်ပွဲတွင် ယွဲ့ကလန်က ပြိုင်ဘက်များ အားလုံးကို အနိုင်ယူခဲ့ပြန်၏။

“မြေရိုင်း ပြည်နယ်က လူအရမ်း နည်းတယ်…” ရီဖူရှင်းက သူ့လူများကို ကြည့်ကာ ပြောသည်။ တခြား ပြည်နယ်များတွင် ပြိုင်ပွဲဝင် အရေအတွက်က လွန်စွာ များပြား ကြပေသည်။ မြေရိုင်း ပြည်နယ်ကား လူအလွန်နည်းရာ အလှည့်ကျစနစ်တွင် ကိုးယောက် ပြည့်မီရန် သူတို့က တစ်ဦးတည်းကို အကြိမ်ကြိမ် လွှတ်၍​ တိုက်ခိုက် စေရသည်။ ထို့ကြောင့် တစ်ကြိမ်ပြီး တစ်ကြိမ် တိုက်ခိုက်ရခြင်းက သူ့အား ပြိုင်ပွဲမှ ထွက်ခွာရရန် ဖြစ်နိုင်ချေ ပိုများပေသည်။ မည်သူကမှ မြေရိုင်း ပြည်နယ်အပေါ် မျှော်လင့်ချက် သိပ်မထားကြသည်မှာ မထူးဆန်းတော့ပေ။

တတိယတိုက်ပွဲတွင် အားလုံးက ပိုမို၍​ သတိထား လာကြဟန် တူသည်။ ပြည်နယ်ကိုးခုမှ လူများက ရှေ့ကို ထွက်လာရန် အနည်းငယ် တွန့်ဆုတ်ကြသည်။ သည်တစ်ခေါက်တွင်ကား မြေရိုင်းပြည်နယ်က လီဖူတုအား စေလွှတ်ခဲ့ကြ၏။ သည်တိုက်ပွဲတွင် ရှီဟွာတောင်က အလွန် အားကောင်းသော တစ်စုံ တစ်ယောက်အား စေလွှတ်ခဲ့ကာ အားလုံးကို အနိုင်ယူစေခဲ့၏။ အိမ်ရှင်ဖြစ်သည့် အလျောက် သူတို့က အနိုင်ရရန် လိုအပ်နေသည်။

လေးပွဲမြောက်အား အရှေ့ဘက် ပြည်နယ်ကပင် အစပျိုးရသည်။ အရှေ့ဘက် ပြည်နယ်မှ ပြိုင်ပွဲဝင်ကား ကျောက်မဟာ ပြည်ထောင်၏ မင်းသမီး ကျောက်စီရီ ဖြစ်သည်။

တခြားပြည်နယ်မှ လူများကလည်း သူတို့၏ ပြိုင်ပွဲဝင်များကို အသီးသီး စေလွှတ်ခဲ့ပေသည်။ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ပြုံးလျက်ပြောသည်… “စီရီက ပြည်နယ်ကိုးခု ညီလာခံမှာ တခြားလူတွေကို နည်းနည်း အခက်တွေ့စေလိမ့်မယ်…”

“ကောင်မလေးရဲ့ ပါရမီက အားမနည်းဘူး… သူမက ရင့်ကျက်တဲ့ လောကဓာတ် ကိုတောင် နားလည်ထားခဲ့ပြီ… သူမက အရမ်းအားကောင်းတဲ့ ပြိုင်ဘက် မတွေ့သရွေ့ နောက်တစ်ဆင့်ကို တက်မှာပဲ… သူမက ထိပ်သီး တစ်ရာ စာရင်းကို ဝင်လောက်တယ်…” ကျောက်စီချိုက ပြောသည်။

“ငါတို့ ကြည့်ရဦးမယ်…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က တည်ငြိမ်စွာ ပြောသည်။ နောက်ဆုံး လူတစ်ရာစာရင်းသို့ ဝင်ရန်ကား အလွန်အမင်း အားကောင်းရန် လိုအပ်ပေသည်။

“မင်းသမီးစီရီက ဖြစ်နိုင်ချေ ရှိပါတယ်…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်၏ ဘေးမှ ကွန်းရှီ တစ်ယောက်က ပြောသည်။

“စောင့်ကြည့်ရအောင်…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ပြုံးလျက် ပြောသည်။

မြေရိုင်း ပြည်နယ်ဘက်တွင် စုချွဲက ပျင်းရိစွာ ပြောသည်… “ငါ သွားလိုက်မယ်…”

“ငါသွားလိုက်မယ်…” စုချွဲအား နောက်တစ်ယောက်က ပြောသည်။ စုချွဲက ပြောလိုက်သူကို ကြည့်လျှင် ဟွာဂျီယူကို မြင်သည်။ သူကလည်း ခေါင်းညိတ်သည်။ တခြား လူများကလည်း မငြင်းကြပေ။

“ဂျီယူ…” ဟွာဂျီယူ ထွက်သွားသည်တွင် ရီဖူရှင်းက မသက်မသာ ပြုံးကာ ခေါင်းယမ်းသည်။ ကြည့်ရသည်မှာ သူမက စစ်တုရင်ကျေးရွာမှ ကိစ္စကို အခဲကျေသေးဟန် မတူပေ။ ကျောက်စီရီက ရီဖူရှင်းအား စကားအားဖြင့် အကြိမ်ကြိမ် တိုက်ခိုက် ထိုးနှက်ခဲ့ရာ ဟွာဂျီယူက အလွန်အမင်း သဘောမကျ ဖြစ်ခဲ့ရသည်။

ကျောက်စီရီကလည်း မြေရိုင်းပြည်နယ် ဘက်ကို လှမ်းကြည့်နေသည်။ ဟွာဂျီယူ ထွက်လာသည်ကို မြင်လျှင် ကျောက်စီရီကလည်း မခိုးမခန့် ပြုံးသည်။

ပြည်နယ်ကိုးခုမှ တန်ခိုးရှင်များက ထောင့်တစ်ခုစီတွင် နေရာယူ ထားကြ၏။ ဟွာဂျီယူက မျက်နှာကို ပဝါဖြင့် ဖုံးထားသည်ကို မြင်လျှင် ကျောက်စီရီက ခနဲ့သော လေသံဖြင့် ပြောသည်… “ဒါက ပြည်နယ်ကိုးခု ညီလာခံပဲ… နင်က ဘာလို့ မျက်နှာကို ဖုံးကွယ် ထားရတာလဲ…”

ပုဂ္ဂိုလ်ကြီးများ အားလုံးက တိတ်ဆိတ်စွာ ကြည့်နေကြသည်။ ပြိုင်ပွဲတွင် ပဝါဖြင့် မျက်နှာကို ဖုံးခြင်းအား မကန့်ကွက်ထားပေ။ ကြည့်ရသည်မှာ ကျောက်မဟာ ပြည်ထောင် မင်းသမီးလေးက မြေရိုင်းပြည်နယ်မှ​ မိန်းကလေးအပေါ်တွင် မကျေနပ်ချက်များ ရှိနေဟန်ရသည်။ လူအုပ်ကြီးက ထိုမြင်ကွင်းကို ကြည့်ကာ ပိုမို၍ စိတ်လှုပ်ရှား လာကြသည်။

ဟွာဂျီယူက တစ်ဖက်လူကို ကြည့်သည်တွင် ကျောက်စီရီက မခိုးမခန့်ရယ်ကာ ဆက်ပြောသည်… “နင့်ကိုယ်နင်က အရမ်းလှတယ်လို့ ထင်နေတာလည်း ဖြစ်နိုင်တာပဲ… ဟ…”

ရီဖူရှင်း မျက်မှောင်ကြုတ် လိုက်သည်။ သည်မိန်းမက စစ်တုရင်ကျေးရွာတွင် ပြဿနာ ရှာသည်အား သီးခြား ကိစ္စအဖြစ် သတ်မှတ်၍ ရသည်။ သို့သော် ပြည်နယ်ကိုးခု ညီလာခံတွင်ပင် သူမက အလွန် အထက်စီး ဆန်နေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset