အပိုင်း (၇၅၉)

တစ်ထောင်ကိုတစ်ယောက်

စုချီက အနည်းငယ် မျက်မှောင်ကုတ်ကာ ယူချင်းကို ကြည့်သည်။ ယူချင်း၏ စွမ်းရည်ကို သူက လျှော့တွက်ခဲ့သည်မှာ သေချာ၏။

ကျိရှမ်းကမ်းပါးမှ ကျန်းယိုကား ထိုမျှအားနည်းသည် မဟုတ်ပေ။ သူ၏ဓားပညာက လောကဓာတ် နှစ်ထပ်ဖြင့် ပေါင်းစပ်နေကာ အလွန်အမင်း အားကောင်းပေသည်။ သို့တိုင်အောင် ယူချင်းက သူ၏ လက်သက်သက်ဖြင့် ပင့်ကာခဲ့၏။ ယူချင်း၏ ခန္ဓာကိုယ်က အမြင့်ဆုံးသော အခြေအနေသို့ လေ့ကျင့်ထားပြီး ဖြစ်သည်မှာ သေချာသည်။ အကယ်၍ တစ်စုံ တစ်ယောက်ကသာ ယူချင်းအား အနီးကပ် တိုက်ခိုက်ကာ အနိုင်မယူနိုင်ခဲ့ပါက ထိုလူကား သေချာပေါက် သေလူပင်။

ယူချင်း၏ ကြီးမားသော ခွန်အားကို ခံစားမိသည့်တိုင် စုချီကား ရှီဟွာတောင်၏ ဂုဏ်ယူရသော တပည့်တစ်ယောက် ဖြစ်၏။ သူကား ဤသို့ အလွယ် ရှုံးနိမ့်သွားနိုင်မည် မဟုတ်ပေ။ သူ၏ မျက်နှာအမူအရာက အလွန်အမင်း လေးနက်သွားသည်။

စုချီက သူ၏လက်ကို ရှေ့ကို ဆန့်တန်း လိုက်သည်တွင် စုချီ၏နောက်၌ ရွှေရောင်သားရဲကြီး တစ်ကောင် ပေါ်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော ရွှေရောင်မုန်တိုင်း တစ်ခုကလည်း သူ၏ခန္ဓာကိုယ်ကို ဗဟိုထား၍ ဖြစ်ပေါ်လာ၏။

“မှော်ပညာ… မိစ္ဆာထောင်ချောက်… ဖမ်းချုပ်စမ်း…” စုချီ၏အေးစက်သော အသံ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် ရွှေရောင်မုန်တိုင်းက ယူချင်းရှိနေရာသို့ တိုးဝင်သွားကာ ယူချင်းအား သွားရောက် ရစ်ပတ်သည်။

တစ်စုံတစ်ယောက်က လောကဓာတ်များ ရင့်ကျက်လာသောအခါ သူထုတ်လွှတ်သော မှော်ပညာကလည်း လောကဓာတ် မှော်စွမ်းအင်ကို အသုံးပြုခြင်းဖြစ်ရာ အလွန်အမင်း အားကောင်း သွားပေသည်။ သို့သော်လည်း ထိုအခိုက်တွင် ယူချင်းကား မိစ္ဆာထောင်ချောက်အား အတင်း တိုးထွက် လိုက်သည်တွင် ဘန်းခနဲမြည်ကာ မုန်တိုင်းက အစိတ်အစိတ် ကွဲထွက်သွားသည်။ ယူချင်းက ဆက်တိုက်ပင် စုချီထံကို ပြေးလာသည်။

“သူ့ခန္ဓာကိုယ်က ဒီလောက်တောင် အားကောင်းတာလား…” လူအများ၏ စိတ်နှလုံးများ တုန်ခါသွားကြသည်။ တန်ခိုးရှင်လောကတွင် လောကဓာတ်များကား ရှီတန်ခိုးရှင်များ အသုံးပြုသော စွမ်းအင်တစ်ခုလည်း ဖြစ်သည်။ ရင့်ကျက်သော လောကဓာတ်များအား အသုံးပြုနိုင်သော ထိပ်သီး နိုဘယ်များကား နိုဘယ်များထက် အဆမတန်သာ လွန်ပေသည်။ သို့သော်လည်း အချို့သော လူများကား ကွဲပြား ခြားနားသော ပါရမီများကို ပိုင်ဆိုင်ကာ သာမန် ဖြစ်ရပ်များအား ဆန့်ကျင်တတ်သည်။

ယူချင်း၏ ခွန်အားကား လောကဓာတ်များကို ရင့်ကျက်စေပြီးသော နိုဘယ်များပင် သူ့ကို ဘာမှ လုပ်နိုင်စွမ်း မရှိအောင် အားကောင်း ပေသည်။

စုချီ၏ အမူအရာက အရုပ်ဆိုး သွားသည်။ သူ၏နောက်မှ သက်စောင့်ဝိညာဉ်က စစ်မှန်သော ပုံစံတစ်ခု ဖြစ်သွားကာ သူ၏သားရဲနှင့် တိုက်ရိုက် ပေါင်းစပ်သွား၏။ စုချီကလည်း သိုင်းပညာကို လေ့ကျင့်သည်မှာ သေချာသည်။ ဧရာမသားရဲကြီးက လက်ကို မြှောက်ကာ လက်သည်းဖြင့် ယူချင်းအား ကုပ်ခြစ်သည်။

ဘုန်း… ယူချင်းက မြေပြင်ကို ဆောင့်နင်း လိုက်သည်တွင် ဝုန်းခနဲ မြည်သံနှင့်အတူ ဧရာမ ရွှေရောင်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာက သူ့ရှေ့မှ သားရဲကြီး၏ အရွယ်အစားနှင့် ထပ်တူ ကြီးမားပေသည်။ ထောင်ကျန်း ခန္ဓာပေါ်လာသည်တွင် သူ့ထံကို ကျဆင်းလာသော လက်သည်းအား လက်ဝါးဖြင့် လှမ်းရိုက် လိုက်သည်။ ဝုန်းခနဲ မြည်သံနှင့်အတူ လက်သည်းများက အစိတ်အစိတ် အမြွှာမြွှာ ကြေပျက် သွားရသည်။ ဧရာမလက်ဝါးက ကြောက်မက်ဖွယ် အရှိန်အဝါနှင့်တူ သားရဲ၏ ခန္ဓာကိုယ်ပေါ်ကို ဆက်လက် ကျဆင်းသည်တွင် စုချီကား အင့်ခနဲမြည်ကာ သွေးတစ်ပွက် အန်သည်။ သူက နောက်ကို ခြေလှမ်း အတော်များများ ဆုတ်သွားကာ ဒူးထောက် ထိုင်ကျပြီး သားရဲပုံရိပ်ကလည်း ပျောက်ကွယ် သွားတော့၏။

ဒုန်း…

ယူချင်းက ရှေ့ကို ဆက်တက်လာကာ လေထဲကို တုန်တက် လိုက်သည်။

အပေါ်မှ ကျဆင်းလာသော နတ်ဘုရားအလား ပုံသဏ္ဌာန်ကို မြင်သည်တွင် စုချီ၏မျက်နှာက ပြာနှမ်းသွားပြီး အော်ဟစ် လိုက်သည်… “ကျုပ် အရှုံးပေးတယ်…”

ကျယ်လောင်သော အသံတစ်ခုက စုချီ၏နားစည်ကို ရိုက်ခတ် သွားသည်တွင် သူက မျက်လုံးကို တင်းတင်း မှိတ်လိုက်သည်။ သူ၏မျက်နှာက ပြာနှမ်းသွားကာ မြေပြင်ပေါ်တွင် တုန်ယင်စွာ ဒူးထောက်နေသည်။ စုချီက မျက်လုံးကို ပြန်ဖွင့်လိုက်သည်တွင် သူကား ဘာမှ မဖြစ်သွားခဲ့သလို နတ်ဘုရားအလား သဏ္ဌာန်ကလည်း သူ့ဘေးနားကို ကျဆင်း ရောက်ရှိ နေသည်ကို မြင်ရ၏။ ယူချင်းက သူ့အား ငုံ့ကြည့်သည်တွင် သူကား အမှန်ပင် စိတ်အားငယ်မှုကို ခံစားရသည်။ ယူချင်းက သူ့အား ဘာမှ မပြောတော့ဘဲ နောက်လှည့် ထွက်ခွာ သွားတော့၏။

ထိုအခိုက်တွင် စုချီက သူ၏နှလုံးသွေးများ ယိုစီးကျနေသည့်အလား ခံစားရ၏။ မည်သည့်စကားမှ မပြောခဲ့သော်လည်း သူကား အလွန်အမင်း အရှက်ရမှုကို ခံစားရသည်။ ပြည်နယ်ကိုးခုက သူ့အား သနား ကရုဏာသက်ဖွယ် ဝိုင်းကြည့်နေသည့် မျက်လုံးများအား သူခံစားနေရ၏။

သည်တိုက်ပွဲကား ပြည်နယ်ကိုးခု ညီလာခံ၏ အဖွင့်ပွဲလည်း ဖြစ်သည်။

သူ့အား သည်တိုက်ပွဲတွင် နောက်ဆုံး ကျန်ရစ်သူဖြစ်ရန် ရှီဟွာတောင်က မျှော်လင့်ခဲ့၏။ သူကိုယ်တိုင်လည်း ထိုသို့ လုပ်နိုင်မည်ဟု ယုံကြည်ချက် ရှိခဲ့ကာ ယူချင်းကို ဦးဆုံး ထုတ်ပယ်မည်ဟု ကြွားလုံးထုတ် မာန်မဲခဲ့သည်။ သို့သော် အမှန်တရားကား ပြင်းထန် အေးစက်လွန်းသည်။ သူကား ယူချင်းနှင့် ယှဉ်မတိုက်ခိုက် နိုင်သလို အရှက်တကွဲပင် ရှုံးနိမ့်ခဲ့ရ၏။ သူက တစ်ခါမှ ထုတ်ပြောဖြစ်မည် မဟုတ်ဟု ထင်ထားခဲ့သော စကားလုံးများအား သူ အော်ပြောခဲ့ရသည်။

ရှီဟွာတောင်မှ တပည့်များ အားလုံးက တိုက်ပွဲနေရာကို ကြည့်ကြသည်။ သူတို့၏ မျက်လုံးများက စုချီနှင့် ယူချင်းတို့ထံတွင် ဖြစ်၏။ ထိုကြီးမား တုတ်ခိုင်သော လူငယ်လေးကား ပြိုင်ပွဲမစတင်မီပင် မြေရိုင်းပြည်နယ်အပေါ် နိမ့်ကျစွာ ဆက်ဆံမှုအား မဟုတ်မခံ ပြန်လည်၍ မေးခွန်းထုတ်ခဲ့သူ ဖြစ်သည်။

လူအများအပြားက မြေရိုင်း ပြည်နယ်ဘက်မှ ရီဖူရှင်းကို လှမ်းကြည့်ကြသည်။ သူကား ထိုနေရာတွင် စိတ်ပူပန်ခြင်း ကင်းစွာ ထိုင်နေသည်။ အရာအားလုံးက သူ မျှော်လင့်ထားသည့် အတိုင်း ဖြစ်လာသည်… ဟူသော ပုံဟန်ဖြစ်သည်။

လူအများအပြား၏ စိတ်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ဝင်လာကြသည်။ ယူချင်းက အမှန်ပင် ထိပ်သီး ဆယ်ယောက် စာရင်းထဲကို ဝင်ရောက်မည်ဟု ရီဖူရှင်းက အမှန်ပင် တွေးထင်သည်လော။ သူက လာမည့် တိုက်ပွဲများကို ကြိုတင် ပြင်ဆင်သည့် အနေဖြင့် မတင်ပင် နှိမ့်ချကာ နိမ့်ကျသည့်ပုံဟန် ဖမ်းခဲ့ခြင်းပေလော။

“မဖြစ်နိုင်ဘူး…” ရှီဟွာတောင်မှ လူများအားလုံးက ထိုအတွေးများကို ငြင်းပယ် လိုက်ကြသည်။ ပြည်နယ်ကိုးခု ညီလာခံတွင် များစွာသော တော်ဝင်မြေများ ပါဝင် တိုက်ခိုက်ကြသည်။

ဤကား ပြည်နယ်ကိုးခု ညီလာခံဖြစ်သည်။

ဆိုလိုသည်က အနည်းငယ်သော တော်ဝင်မြေများကသာ ထိပ်သီး ဆယ်ယောက် စာရင်းထဲကို ဝင်နိုင်သည်ဟူ၏။ မြေရိုင်းပြည်နယ်က မည်သို့ ထိပ်သီး ဆယ်ယောက် စာရင်းထဲ ဝင်နိုင်မည်နည်း။

ယူချင်းက ကြောက်မက်ဖွယ် ကောင်းသော တိုက်ခိုက်ရေး စွမ်းရည်ကို ထုတ်ပြသည့်တိုင် သူ့အား ထိပ်သီး ဆယ်ယောက် စာရင်းထဲထည့်ရန် မဖြစ်နိုင်ပေ။

ထိပ်သီး ဆယ်ယောက် ဆိုသည်မှာ ပြည်နယ်ကိုးခုလုံးမှ ထိပ်သီး နိုဘယ် ဆယ်ယောက် ဖြစ်သည်။ စုချီက အားကောင်းသည် မှန်သော်လည်း ထိုမျှ အဆင့်သတ်မှတ်ရန် မဖြစ်နိုင်ပေ။

ထိုအခိုက်တွင် တခြားလူ ခြောက်ယောက်၏ မျက်လုံးများက ယူချင်းထံကို ရောက်လာသည်။ သူတို့အားလုံး၏မျက်လုံးများက အားကောင်းသော အကြောက်တရားများအား ဖော်ပြနေသည်။

သူကား ယွီပြည်နယ်နှင့် ရှီဟွာတောင်တို့မှ အားကောင်းသော ပါရမီရှင် နှစ်ယောက်အား အပြတ်အသတ် သာလွန်သော ဟန်ပင်ဖြင့် အနိုင်ယူခဲ့၏။ သူတို့က မည်သို့ မကြောက်ရွံ့ဘဲ နေမည်နည်း။

“မင်းတို့ထဲက အတော်ဆုံးလူကို ကိုယ့်ဘာသာ ရွေးကြမလား… ငါ့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက် ကြမလား…” ယူချင်းက သူတို့ ခြောက်ယောက်အား ကြည့်ကာ ပြောသည်။ သူက ထိုသို့ ပြောလိုက်သည်တွင် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။

သည်ကောင်လေးကား အမှန်ပင် ကျန်ရစ်သော ပြည်နယ် ခြောက်ခုအား မထီလေးစား ဆက်ဆံနေသည်။

သူက ပြည်နယ်ရှစ်ခုမှ ပါရမီရှင်များ အားလုံးကို တစ်ယောက်တည်း ရင်ဆိုင်ရန် ကြိုးစား နေသည်လား။

သူက တစ်ယောက်တည်းဖြင့် အားလုံးကို တိုက်ခိုက် လိုနေသည်လား။

“ဘယ်လောက် အားကောင်းလိုက်တဲ့ ခွန်အားလဲ…” အထူးဧည့်သည် စင်မြင့်ထက်မှ တန်ခိုးရှင်များ အားလုံးက အံ့အားသင့် ကြရသည်။ ပြည်နယ်ကိုးခု ညီလာခံ၏ ပထမဆုံး တိုက်ပွဲက အလွန် ပြင်းထန်မည်ဟု သူတို့အားလုံး ထင်မှတ် ထားကြသော်လည်း အမှန်တကယ် အားဖြင့် တစ်ဦး တစ်ယောက်တည်းက တစ်ဖက် ပြိုင်ဘက်များ အားလုံးကို ရိတ်သိမ်းသည့် တိုက်ပွဲ ဖြစ်နေသည်။ ပို၍​မထင်မှတ်ထား သည်ကား ထိုသူက မြေရိုင်းပြည်နယ်မှ ဖြစ်နေခြင်းပင်။

လူခြောက်ယောက်က ပတ်ပတ်လည်မှ ကိုယ်စီ လောကဓာတ်များအား ထုတ်လွှတ် လိုက်ကြသည်။ ယူချင်းမူကား ဘာမှ မခံစားရသည့်အလား ထိုနေရာတွင်ပင် ရပ်နေသည်။ သူကား တောင့်တင်း ခိုင်မာသော ကျောက်ဆောင်အလား မလှုပ်မယှက် ရပ်နေ၏။ အကယ်၍ တခြား ပြည်နယ်များက မြေရိုင်းပြည်နယ်ကို အထင်သေးကာ ရှိသည်ဟုပင် မသတ်မှတ်ပါက သူကလည်း ထိုပြည်နယ်မှ လူများအား မြေရိုင်းပြည်နယ် ရှိသည့် အကြောင်းကို အတင်း ကြေညာ ရပေလိမ့်မည်။

ဘုန်း… ဘုန်း…

လောကဓာတ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ လူခြောက်ယောက်က တစ်ပြိုင်နက်တည်း လှုပ်ရှားကြသည်။ သူတို့က ပြည်နယ်ကိုးခု ညီလာခံ၏ တိုက်ပွဲတွင် ဝင်ရောက် တိုက်ခိုက်နေခြင်း ဖြစ်ရာ ယူချင်းအပေါ် သက်ညှာရန် အတွေးများ မရှိပေ။ သူတို့အားလုံးက တော်ဝင်မြေမှဖြစ်ရာ ပထမဆုံး တိုက်ပွဲတွင်ပင် ထွက်ရ၍ မဖြစ်ပေ။

သူတို့အားလုံးက တိုက်ပွဲတွင် အနိုင်ရရန် ဖိအားများ ရှိနေသည်။ ယခု သူတို့အားလုံး၏ အတွေးထဲတွင် ယူချင်းကား အကြီးမားဆုံး အတားအဆီး ဖြစ်ရာ ယူချင်းကို ဦးဆုံး ဖယ်ရှားမှသာလျှင် နောက်ဆုံး ကျန်ရစ်ရန် အခွင့်အရေး ရမည် ဖြစ်သည်။

ရှားလီ၊ ချီအော့၊ စုဟီ၊ မိုကုန်း၊ ရန်ကျန်းနှင့် လန်ယွီတို့ အားလုံးက ယူချင်းထံကို တစ်ပြိုင်နက်တည်း ဝင်လာကြသည်။

နဂါးတစ်ကောင် ပေါ်ထွက်လာသလို နတ်ငှက်ကလည်း ဝေဟင်ကိုခွင်း၍​ ဆင်းသက်လာသည်။ လောကဓာတ်များက ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်များနှင့် အတူ ဆင်းသက် လာကြသည်။ သူတို့အားလုံး၏ ဦးတည်ချက်က ယူချင်း ဖြစ်သည်။

ယူချင်းကား ထိုနေရာတွင်ပင် ရပ်နေဆဲဖြစ်သည်။ သူက ရှေ့ကို တစ်လှမ်း တက်လိုက်သည်တွင် ရုတ်တရက် ဝုန်းခနဲ မြည်သွားကာ ထောင်ကျန်းခန္ဓာက ကောင်းကင်နှင့် မြေပြင်အကြား နတ်ဆိုး ပုံသဏ္ဌာန်ကို ယူ၍ ဖြစ်လာသည်။ နက်ရွှေရောင် အငွေ့အသက်များက မီးလျှံများအလား သူ့ထံမှ လှိုင်းထနေသည်။ လောကဓာတ်များက သူ၏ ခန္ဓာကိုယ်ပေါ်ကို ကျဆင်းလာသည်တွင် ထောင်ကျန်းခန္ဓာက ပြင်းထန်စွာ တုန်ခါသည်။ လန်ယွီက လေမုန်တိုင်း အလားသဏ္ဌာန် လက်ဝါး ရိုက်ချက်အား ထုတ်လွှတ်ကာ ယူချင်း၏ ခံစစ်အား တိုက်ခိုက် ဖျက်ဆီးရန် ရည်ရွယ်သည်။

“သူက ရပ်နေတုန်းပဲ…” လူခြောက်ယောက်၏ တိုက်ခိုက်မှုများက ယူချင်းထံကို ကျဆင်း လာသည်ကို အားလုံးက မြင်ကြရသည်။ သို့သော်လည်း ထောင်ကျန်း ခန္ဓာကိုယ်ကား ပိုမို၍ပင် လင်းလက်လာကာ တုန်လှုပ်ခြင်း ကင်းစွာ ခုခံတားဆီး ထားနိုင်ဆဲ ဖြစ်သည်။

ယူချင်းက ခေါင်းမော့ကာ သူ့ရှေ့မှ လူခြောက်ယောက်ကို ကြည့်သည်။ သူက နောက်ခြေ တစ်လှမ်းကို တက်ကာ မြေပြင်ပေါ်တွင် ခိုင်ခံ့စွာ ရပ်သည်။

“သွားစမ်း…” ကျယ်လောင်သော မာန်သွင်းသံ တစ်ခုနှင့်အတူ ယူချင်းက လေထဲကို လက်ဝါးနှစ်ချက် ရိုက်ထုတ်လိုက်သည်။ ထောင်ပေါင်း များစွာသော လက်ဝါးပုံရိပ်များ လေထဲတွင် ဖုံးလွှမ်းသွားကာ အရပ်မျက်နှာ တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ ထိုအခိုက်တွင်ပင် ပတ်ပတ်လည်မှ အရာခပ်သိမ်းကာ ကြီးမားသော ခွန်အားအောက်တွင် ပျောက်ပျက် သွားရကာ လူခြောက်ယောက် ကလည်း နောက်ကို လွင့်စဉ် သွားကြတော့သည်။

ဘုန်း… ဘုန်း… ဘုန်း…

လက်ဝါး ရိုက်ချက်များက လူခြောက်ယောက်၏ တိုက်ခိုက်မှုများနှင့် ခုခံမှုများ အားလုံးကို ပျက်စီးသွားစေကာ အဝေးကို လွင့်စဉ်စေ၏။ အချို့ကား သွေးများပင် ပွက်ပွက်အန် ကြရသည်။

“ဘယ်လောက်တောင် အားကောင်းလိုက်လဲ…” လူအများအပြားက ပြင်းစွာ တုန်လှုပ်မိကြ၏။

သူ၏ခွန်အား သက်သက်ပင်ကား အလွန်အမင်း ကြီးမားကာ ခန္ဓာကိုယ်၏ သန်မာမှုကလည်း အမြင့်ဆုံး၌ရှိပြီး အရှိန်အဝါ ကြီးမားသော သိုင်းစွမ်းအင်က သူ့အား တစ်ထောင်ကို တစ်ယောက်ဖြင့် ရင်ဆိုင်သည်ပင်လျှင် အရာခပ်သိမ်းကို တိုက်ခိုက် ဖျက်ဆီးနိုင်စွမ်း ရှိစေ၏။

အထူးဧည့်သည်တော် ခုံများတွင် ထိုင်နေကြသော စစ်ဘုရင်ပြည်နယ်မှ ဘုန်းတော်ကြီးအချို့ ရှိပေသည်။ သူတို့၏ ခန္ဓာကိုယ်များ အားလုံးက ရွှေရောင်များ လင်းလက် နေကြသည်။ သူတို့က ယူချင်းကို ကြည့်ကာ တစ်ယောက်က ပြောသည်… “တကယ်လို့ သူက ဗုဒ္ဓနည်းလမ်းကို လေ့ကျင့်ရင် အရမ်းကို မြင့်မားတဲ့ အဆင့်တစ်ခုသို့ ရောက်လိမ့်မယ်…”

သူတို့ကား စစ်ဘုရင် ပြည်နယ်၏တော်ဝင်မြေ တစ်ခုဖြစ်သော ဗာဂျရာဒေသမှ ဖြစ်ကြသည်။

ယူချင်း၏လက်ဝါးက ဗုဒ္ဓ၏နာမည်ကျော် လက်ဝါးဖြစ်သော အလွန် ခွန်အားကြီးမားခြင်း၏ ပြယုဂ်တဖြစ်လဲ မဟာဗောဓိ လက်ဝါးဖြင့် ဆင်တူလှသည်ဟု ယူဆကြသည်။

ယူချင်း၏မျက်လုံးက သူ့ရှေ့မှ ခြောက်ယောက်ကို ကြည့်ကာ မေးသည်… “မင်းတို့ ဆက်တိုက်ချင် ကြသေးလား…”

နွေဦးပြည်နယ်မှ ရှားလီက စိတ်ထဲမှ ဆဲရဲလိုက်ကာ နောက်လှည့် ထွက်သွားသည်။ သူက မည်သို့ ဆက်လက် တိုက်ခိုက်တော့ မည်နည်း။ ရလဒ်အား ပေါ်လွင်နေပြီ ဖြစ်သည်။ သူကား ပထမဆုံး တိုက်ပွဲတွင်ပင် ဤသို့သော ပြိုင်ဘက်ဖြင့် ဆုံတွေ့ရခြင်းအပေါ် အကြီးအကျယ် စိတ်ပျက်ရသည်။

ချီအော့၏ ပါးစပ်ကလည်း ကွေးညွတ်သွားကာ နောက်ဆုံး ဘာမှ မပြောတော့ဘဲ​နောက်လှည့်ထွက် သွားသည်။ ထို့နောက်တွင် တခြားလူများကလည်း စိတ်ပျက် လက်ပျက်ဖြင့် တိုက်ပွဲကွင်းထဲမှ ထွက်သွား ကြတော့၏။

အားလုံးက စင်မြင့်အလယ်တွင် တစ်ယောက်တည်း ကျန်ခဲ့သော လူငယ်အား ကြည့်ကြသည်။ ဤကား ပြည်နယ်ကိုးခု ညီလာခံ၏ ဆွဲဆောင်အား ဖြစ်သည်။ တိုက်ပွဲတစ်ပွဲက မရေမတွက်နိုင်သော လူများ၏စိတ်နှလုံးကို ဖမ်းစားနိုင်သည်။

အကြီးအကဲများက ယူချင်းကို ကြည့်ကာ ပရိသတ်များ ဘက်သို့ လှည့်၍​ ကြေညာသည်… “ပထမတိုက်ပွဲ… ယူချင်း အနိုင်ရတယ်…”

ယူချင်းက ခေါင်းမော့ကာ အကြီးအကဲများအား ကြည့်ပြီး ပြောသည်… “မြေရိုင်းပြည်နယ်… တော်ဝင်ကျဲ နန်းတော်ရဲ့တပည့်… ယူချင်း…” ထို့နောက် သူက နောက်လှည့်ကာ ကွင်းထဲမှ ထွက်သွားကာ သူ၏ မူလနေရာသို့ ပြန်လာခဲ့၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset