နွေဦးပြည်နယ်မှ လူများကား အရှေ့ဘက် ထောင့်တွင် နေရာချထားခြင်း ခံရကာ ထိုနေရာက အိမ်ရှင်အုပ်စုနှင့် တစ်တန်းတည်း နေရာလည်း ဖြစ်သည်။
ပွဲကြည့်စင်၏ တောင်ဘက်ထောင့်အား ချီပြည်နယ်၊ တိမ်တိုက် ပြည်နယ်နှင့် စစ်ဘုရင် ပြည်နယ်တို့က နေရာယူ ထားကြသည်။ မြောက်ဘက်ထောင့်အား ဖုန်းပြည်နယ်၊ ပင်လယ်ပြည်နယ်နှင့် ယွီပြည်နယ်တို့က ရသည်။
ရီဖူရှင်းတို့ အုပ်စုမူကား စင်၏နောက်ဆုံး နေရာ၌ ချထားပေးခြင်း ခံရသည်။
ရီဖူရှင်းက ထောင့်ပေါင်းစုံမှ တော်ဝင်အဖွဲ့အစည်းများအား ကြည့်သည်။ ပြည်နယ်ကိုးခုအား ထောင့်ခြောက်ခု၌ နေရာချထားပေးရာ၌ အရှေ့ဘက်ခြမ်းတွင် အလေးထား ခံရဆုံးသော ပြည်နယ်များကို မြင်တွေ့ရနိုင်သည်။ ထို့နောက် ဘယ်ဘက်နှင့် ညာဘက်ထောင့်တွင် အနည်းငယ် အဆင့်နိမ့်သော အင်အားစုများအား မြင်ရသည်။ ရီဖူရှင်းတို့ အုပ်စုမူကား အလွန်သိမ်နုပ်သော နောက်ဆုံးနေရာ၌ ချထားပေးခြင်း ခံရ၏။
မြေရိုင်းပြည်နယ်ကား မည်သို့ဆိုစေ တော်ဝင်မြေတစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ရှီဟွာတောင်က မြေရိုင်းပြည်နယ်က ညီလာခံကို တက်ရောက်မည်ကို အရေးပေါ် ပြင်ဆင်ထားလိုက် သောကြောင့် ဤသို့ ဖြစ်ရသည်လည်း ဖြစ်နိုင်ပေသည်။
မှန်သည်… ရီဖူရှင်က အနည်းငယ် စိတ်အလိုမကျ ဖြစ်ရ၏။ သို့သော်လည်း စစ်တုရင်တောင်မှ အဖြစ်အပျက်များက သူ့အား လက်ရှိ အခြေအနေနှင့် အသားကျစေကာ ခေါင်းထဲ သိပ်မထားတော့ပေ။
မြေရိုင်းပြည်နယ်တွင် ရှန့်ထိုမရှိခြင်းက အရာရာကို ဆုံးဖြတ်ပေသည်။ ထို့ကြောင့် သူတို့အား အဆိုးဝါးဆုံး နေရာတွင် ချပေးခြင်းကလည်း သိပ်မထူးဆန်းသော ကိစ္စဖြစ်သည်။
ဝမ်ရှင်း၊ ကျူးကော့ချန်းဖန်နှင့် တခြားလူများကလည်း သေချာပေါက် စိတ်ပျက် ရပေသည်။ သို့သော်လည်း လက်ရှိ အခြေအနေကို သူတို့က ကောင်းကောင်း သဘောပေါက် နားလည်ကြသည်။ သူတို့တွင် သဘောမကျကြောင်း ပြောခွင့်မရှိပေ။ အကယ်၍ ရီဖူရှင်းသာ မပါပါက သူတို့အား အောက်ခြေတွင် နေရာပေးလျှင်လည်း သူတို့က ဘာမှ ပြောမည် မဟုတ်ပေ။ မည်သို့ဆိုစေ မြေရိုင်းပြည်နယ်ကား အားအနည်းဆုံး မဟုတ်ပါလား။
သို့သော်လည်း ရီဖူရှင်း ပါလာခြင်းက ကွဲပြား ခြားနားပေသည်။ သူကား မြေရိုင်းပြည်နယ်၏ တော်ဝင်မြေ ခေါင်းဆောင် ဖြစ်သည်။ သူက ရှန့်ထိုများနှင့် တစ်တန်းတည်း ထိုင်ခွင့်မရှိလျှင်ပင် နောက်ဆုံး၌ မဖြစ်သင့်ပေ။ သို့သော်လည်း လက်ရှိ အခြေအနေအရ တခြားလူများ၏ မျက်လုံးတွင် သူတို့က မည်မျှ အရာမဝင် ဖြစ်နေသည်ကို သိမြင်ကြရသည်။
ရီဖူရှင်းက သိပ်များများစားစား မတွေးတော့ပေ။ စစ်တုရင်ရှန့်ထိုက လျူကျောင်းအား ရွေးခဲ့ကတည်းက ဤသို့သော ကိစ္စရပ်များကို နားလည် လက်ခံနိုင်စွမ်း ရှိလာပြီး ဖြစ်သည်။ အရှေ့ဘက်ပြည်နယ် ရှန့်ထိုများ၏ မျက်လုံးများထဲတွင် တော်ဝင်ကျဲ နန်းတော်သခင်ကား တော်ဝင်မြေများ၏ ဆက်ခံသူများလောက်ပင် အရေးမပါပေ။ ထို့ကြောင့် သူတို့အပေါ် ဤသို့ စီစဉ်ခြင်းကလည်း အံ့အားသင့်စရာ မဟုတ်ပေ။
သူတို့က ဤသို့သော အခြေအနေများကို နေသား ကျရန်လိုပေသည်။
ပို၍ အရေးကြီးသည်ကား ယခု သူတို့က ပြည်နယ်ကိုးခု ညီလာခံတွင် ဖြစ်သည်။
ရီဖူရှင်းက ရှေ့ကိုကြည့်သည်။ စင်မြင့်ပေါ်တွင် အထူး ဧည့်သည်တော်များ အတွက် အပိုင်း ကိုးပိုင်းခွဲထားကာ အရှေ့ဘက် ပြည်နယ်မှသည် မြေရိုင်းပြည်နယ်သို့ အထိ အစဉ်လိုက် ဖြစ်သည်။
ယခု ပြည်နယ်ကိုးခု ညီလာခံကို ဝင်ပြိုင်မည့် လူများကလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိ လာကြသည်။ သူတို့ကလည်း အထူး ဧည့်သည်တော်များ ကဲ့သို့ပင် ပြည်နယ် အလိုက်အစဉ် အတိုင်း ဝင်ရောက် ကြရသည်။ ပြိုင်ပွဲဝင်များက အစဉ်အတိုင်း ဝင်ရောက် လာကြသည်တွင် သူတို့အတွက် ပြည်နယ်အလိုက် သတ်မှတ်ထားသော နေရာများ၌ ထားသည်။
ထို့နောက်တွင် မရေမတွက်နိုင်သော ပရိသတ်များက ထပ်မံ ဝင်ရောက်လာကြကာ ပွဲကြည့်စင်၏ နောက်ဘက်နေရာကို နေရာလပ်မကျန် ဖြည့်ဆည်း သွားတော့သည်။ ရီဖူရှင်း ထိုလူများ၏ ရှေ့မှဖြစ်သော်လည်း အမှန်ပင် မရေမတွက်နိုင်သော လူများအကြားကို ရောက်သွားသလို ခံစားရတော့သည်။
သူတို့နောက်တွင် လူများကား အလွန်တရာ ကျပ်သိပ်နေသည်။ ဝမ်ရှင်းနှင့် ကျူးကော့ချန်းဖန် တို့၏ မျက်နှာများက ပိုမို၍ မသာမယာ ဖြစ်လာကြသည်။
ယူချင်း၊ ဟွာဂျီယူနှင့် တခြားလူများက အောက်တွင် ရပ်နေကြသည်။ သူတို့က စင်မြင့်ပေါ်မှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ကြရ၏။ သူတို့က တခြားပြည်နယ်မှ လူများကို ကြည့်သည်တွင် မြေရိုင်းပြည်နယ်၏ ခွဲခြား ဆက်ဆံခံရမှုကို သိသိသာသာ မြင်ကြရပေသည်။ မြေရိုင်းပြည်နယ် တစ်ခုတည်းသာ အလွန်အမင်း အဆင်မပြေသော နေရာ၌ ရှိနေသည်။
“သူတို့က ငါတို့ကို အထင်သေးနေပုံ ရတယ်…” စုချွဲက ပျင်းရိစွာ ပြောသည်။ သူက အရှေ့ဘက်ပြည်နယ်မှ လူများအား သဘောမကျစွာ ကြည့်သည်။ သူက စစ်တုရင် ကျေးရွာကို သွားတုန်းက သည်းခံနိုင်သော်လည်း ယခုမြင်ကွင်းက သူ့အတွက် လွန်စွာ မခံချိမခံသာ ဖြစ်စေသည်။
ဟွာဂျီယူ၏ မျက်လုံးများကလည်း တင်းမာသော အရိပ်အယောင်များ ဖြစ်ပေါ်လာကာ ရီဖူရှင်းအား လှမ်းကြည့်သည်တွင် ရီဖူရှင်းက သူမအား မည်သို့မှ ခံစားရဟန် မတူသော အပြုံးဖြင့် ပြန်လည် ဆီးကြိုသည်။
ယူချင်းကား အမြဲတမ်းအားဖြင့် တဲ့တိုးဆန်ကာ စိတ်ကြီးသူ ဖြစ်သည်။ သူက မိစ္ဆာပညာကို လေ့ကျင့်ခြင်းကပင် သူ့စိတ် အနေအထားအား ပြောင်းလဲစေသလား မပြောတတ်သော်လည်း သူသည်လည်း စိတ်တိုလွယ် ဒေါသကြီးလွယ်သူ ဖြစ်သည်။ ရီဖူရှင်းကား မြေရိုင်းပြည်နယ်၏ ခေါင်းဆောင်ဖြစ်သည်။ သူတို့အား အစီအစဉ် နောက်ဆုံးတွင် ထားခြင်းကပင် လွန်စွာ စိတ်မကျေနပ်ဖွယ်ရာ ကောင်းနေပြီဖြစ်သည်။ ယခု သူ့ရှေ့မှ မြင်ကွင်းကား အလွန်အမင်း ဒေါသထွက်စရာ ကောင်းနေသည်။ သူက ရှေ့ကို စတင်၍ လှမ်းသွားလိုက်ကာ စင်မြင့်၏ အလယ်ဗဟိုသို့ ဦးတည်လိုက်၏။
“နောက်ဆုတ်…” အရှေ့ဘက်ထောင့်တွင် အကြီးအကဲ အများအပြားက ကိစ္စရပ်များကို စီမံခန့်ခွဲနေရာမှ ယူချင်းကို သတိထားမိကြသည်။ ရှီဟွာတောင် ရှန့်ထိုခေါင်းဆောင်က ညီလာခံ အဖွင့်အတွက် မကြေညာရသေးဘဲ တစ်စုံတစ်ယောက်က ရှေ့ကို ထွက်လာသည်။ သူက စည်းမျဉ်း စည်းကမ်းများကို နားမလည်သလော။
“ယူချင်း… ပြန်လာခဲ့…” ရီဖူရှင်းက မျက်မှောင်ကြုတ် လိုက်ကာ ယူချင်းအား ခေါ်သည်။ သည်အကောင်က ဘာလုပ်နေသနည်း။ သည်နေရာကား ပြည်နယ်ကိုးခု ညီလာခံဖြစ်ကာ တော်ဝင် အင်အားစုများ အားလုံးကလည်း ရောက်နေကြသည်။ သာမန်ကိစ္စရပ်မျှဖြင့် ရှီဟွာတောင်အား အပြစ်လုပ်ခြင်းက မထိုက်တန်ပေ။
လေးစားမှု ဟူသည်ကား စွမ်းရည်နှင့် ဒွန်တွဲနေကြောင်း ရီဖူရှင်း ကောင်းကောင်း နားလည်ကာ မြေရိုင်းပြည်နယ်ကား စွမ်းရည်ပိုင်း အမှန်ပင် ကင်းမဲ့နေပေသည်။
ယူချင်းက နောက်လှည့်ကာ ရီဖူရှင်းအား ကြည့်သည်။ သို့သော်လည်း သူက ပြန်မလာပေ။ သူ့အား စော်ကားခြင်းကို သည်းခံနိုင်ပေသေးသည်။ သို့သော်လည်း ရီဖူရှင်းကား မြေရိုင်းပြည်နယ်၏ ခေါင်းဆောင်အနေဖြင့် တက်ရောက်ခြင်း ဖြစ်သည်။ ရီဖူရှင်း ရသင့်သော လေးစားမှုအပေါ် သူက သည်အတိုင်း ငြိမ်မခံနိုင်ပေ။
“မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲ နန်းတော်တပည့် ယူချင်းက တော်ဝင်မြေ အကြီးအကဲများအား နှုတ်ခွန်း ဆက်သပါတယ်…” ယူချင်းက အားမာန်ပါသော အသံဖြင့် ပြောသည်။ ရီဖူရှင်းက ယူချင်း၏ အမူအရာကို ကြည့်ကာ သိပ်မစိုးရိမ်တော့ပေ။ ယူချင်းကား ယခင်ကထက် များစွာ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူက အကျိုးဆက်ကို လျစ်လျူရှုကာ ဒေါသအလျောက် ထင်ရာစိုင်းခြင်းများ မရှိတော့ပေ။
မရေမတွက်နိုင်သော မျက်လုံးများက ယူချင်းထံကို ရောက်လာသည်။
ညီလာခံစင်မြင့်ကား အလွန်အမင်း ကြီးမားလွန်းလှကာ ယခု ထိုစင်မြင့်ကြီး၏ အလယ်၌ တစ်ယောက်တည်း ထီးထီးရပ်နေသာ သူ့အား အားလုံးက စိတ်ဝင်တစား ကြည့်ကြပေသည်။
ရှီဟွာတောင်မှ ရှန့်ထိုတစ်ပါးက သူ့အား ကြည့်ကာ မေးသည်… “ဘာကိစ္စလဲ…”
“မြေရိုင်းပြည်နယ်က ပြည်နယ်ကိုးခု ညီလာခံမှာ ဝင်မပါခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ… ဒီတစ်ခေါက်မှာ ရှီဟွာတေင်က ကျုပ်တို့ နန်းတော်သခင်ကို ဖိတ်ကြားခဲ့လို့ ရှီဟွာတောင်ကို လေးစားတဲ့အနေနဲ့ နန်းတော်သခင်က ညီလာခံကို တက်ရောက်ခဲ့ပါတယ်… ဒါပေမဲ့ အခု ကျုပ်တို့ နန်းတော်သခင်က အစေခံတွေ ထားတဲ့နေရာမှာ နေရာချထားခြင်း ခံရတာ လေးစားမှု ကင်းမဲ့တယ်လို့ ခံစားရပါတယ်… ရှီဟွာတောင်က မြေရိုင်းပြည်နယ်ကို ဖိတ်ကြားခဲ့တယ် ဆိုမှတော့ သင့်တော်တဲ့ စီမံမှုတွေ ထားသင့်တယ်လို့ ကျွန်တော် မြင်ပါတယ်… အခု ကျုပ်တို့ နန်းတော်သခင်ကို ဒီလိုဆက်ဆံတာ သဘောမကျပါဘူး… တကယ်လို့ မြေရိုင်းပြည်နယ်က တခြားပြည်နယ်တွေနဲ့ တန်းတူတယ်လို့ မသတ်မှတ်ရင် ကျုပ်တို့က ညီလာခံက နုတ်ထွက်ဖို့ ဝန်မလေးပါဘူး…” ယူချင်းက ကျယ်လောင်စွာ ပြောသည်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။ တော်ဝင်ကျဲနန်းတော် သခင်အပေါ် မလေးမစား ပြုမူခြင်းက တော်ဝင်ကျဲ နန်းတော်တပည့် တစ်ယောက်အတွက် သည်းမခံနိုင်ဖွယ် အချက်ဖြစ်ကာ ထိုအတွက် သူက ပြိုင်ပွဲမှ နုတ်ထွက်ရန်ပင် ဝန်မလေးဟု သူ့ရပ်တည်ချက်ကို ဖော်ထုတ်သည်။ ညီလာခံမစမီတွင်ပင် ဤသို့သော အဖြစ်အပျက်မျိုးအား မြင်တွေ့ရမည်ဟု မည်သူကမှ မထင်ထားကြပေ။
ယူချင်း၏ စကားများက အပြစ်တင်ခြင်း ကင်းကာ မလေးမစားသော သဘောများလည်း မပါဝင်ပေ။ မြေရိုင်းပြည်နယ်ကား အားနည်းသည် အမှန်ပင်။ သို့သော် နောက်ဆုံးမှ နေရာကား အစေခံများအတွက် ဖြစ်ကာ ထိုနေရာတွင် တော်ဝင်ကျဲနန်းတော် သခင်အား နေရာချထားခြင်းက မလေးစားသော အပြုအမူဖြစ်သည်။ သူက တခြားဘာမှ တောင်းဆိုခွင့် မရှိသော်လည်း ပြိုင်ပွဲမှ နုတ်ထွက်ခြင်း အပေါ်တွင်ကား မည်သူကမှ ဘာမှ မပြောနိုင်ပေ။
အချို့သော အကြီးအကဲများက သူ၏အပြုအမူမှာ အမှန်ပင် လေးစားဖွယ် ကောင်းသည်ဟုပင် ထင်မြင်ကြသည်။ သည်ကြံ့ခိုင်သန်မာသော လူငယ်ကား ရဲစွမ်းသတ္တိနှင့် မဟုတ်မခံ စိတ်ဓာတ်အား ပိုင်ဆိုင်ပေသည်။
ပရိသတ်များ အားလုံးက ရှီဟွာတောင် အကြီးအကဲများ ဘက်ကို ကြည့်ကာ မည်သို့တုံ့ပြန်မည်ကို စိတ်ဝင်တစား ကြည့်နေကြသည်။
ယူချင်းက ပြည်နယ်ကိုးခု ညီလာခံတွင် ပါဝင်ယှဉ်ပြိုင်သူ များစွာထဲမှ တစ်ယောက်သာ ဖြစ်ကာ သူနုတ်ထွက်ခြင်းက ပြဿနာ မရှိသော်လည်း ယခုအချိန်အခါကား ညီလာခံကျင်းပခါနီး ဖြစ်သည်။ သည်အချိန်တွင် ယူချင်းက ရှီဟွာတောင်၏ စီမံခန့်ခွဲမှုကို သဘော မကျသောကြောင့် ပြိုင်ပွဲမှ နုတ်ထွက်သည်တွင် သူတို့အတွက် အမှန်ပင် လူအများအကြား မျက်နှာပျက်စရာ ဖြစ်သည်။ ထို့ကြောင့် ယူချင်း၏ ရပ်တည်ချက်က သူတို့အတွက် ခေါင်းခဲစရာ ဖြစ်လာသည်။ တစ်ဖက်တွင်လည်း တော်ဝင်ကျဲနန်းတော် တပည့်တစ်ယောက်က သူတို့၏ နန်းတော်သခင်အတွက် မခံမရပ်နိုင်ဘဲ တက်ပြောခြင်းကို အပြစ်တင်ရန် ခက်ခဲလှပေသည်။
ရှီဟွာတောင်မှ တပည့်များက ယူချင်းအား သဘောမကျစွာ ကြည့်ကြသည်။ ရှန့်ထိုသုံးပါးကလည်း ယူချင်းကို ကြည့်ကြသည်။ ဘယ်ဘက်အခြမ်းမှ ထိုင်နေသော အသက်လွန်စွာ ငယ်ရွယ်ဟန်ရသော ရှန့်ထိုက ယူချင်းအား ကြည့်သည်။ ထိုအခိုက်တွင်ပင် အလွန်ကြီးမားသော ဖိအားက ယူချင်းထံကို ကျဆင်းလာသည်။ သူကား အသက်အငယ်ဆုံး ရှန့်ထိုဖြစ်ကာ ယခင်ရှန့်ထိုပြိုင်ပွဲ၌ အရှေ့ဘက်ပြည်နယ်၏ အတော်ဆုံး ပါရမီရှင်လည်း ဖြစ်သည်။ ယခု သူက ရှန့်ထိုဖြစ်ရန် သက်သေပြနိုင်ပြီး ဖြစ်ကာ မိုးသားရှန့်ထိုအဖြစ် လူသိများသည်။
“မြေရိုင်းပြည်နယ်က ပြည်နယ်ကိုးခု ညီလာခံကို ပျက်ကွက်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ… ဒါကြောင့် ဒီအခမ်းအနားကို စီစဉ်ရာမှာ ရှီဟွာတောင်က မြေရိုင်းပြည်နယ်ကို ထည့်မတွက်ခဲ့ဘူး… ဒါပေမဲ့ မြေရိုင်းပြည်နယ်ရဲ့ တော်ဝင်ကျဲ နန်းတော်သခင်က အရှေ့ဘက်ပြည်နယ်ကို ရောက်နေတယ် ဆိုတာကို နောက်ပိုင်း ကြားသိခဲ့ရတယ်… ဒါကြောင့် ပြည်နယ်ကိုးခု ညီလာခံဆိုတဲ့ နာမည်အတိုင်း ပြည်နယ်ကိုးခုလုံးက ညီလာခံမှာ ဆုံစေဖို့ တော်ဝင်ကျဲ နန်းတော်သခင်ကို ညီလာခံသို့ ဖိတ်ကြားခဲ့တယ်.. ”
“ပြိုင်ပွဲစင်မြင့်က အရင်ကတည်းက စီစဉ်ထားတာ ဖြစ်ပြီးတော့ ပြည်နယ် တစ်ခုချင်းစီရဲ့ နေရာတွေကလည်း သတ်မှတ်ထားပြီးသား ဖြစ်တယ်… ဒါကြောင့် မြေရိုင်းပြည်နယ်က တက်ရောက်လာတဲ့အခါ ကျုပ်တို့က နောက်ဆုံးမှာ ကျန်တဲ့ ကွက်လပ်ကို ပေးခဲ့ရတယ်… ဒါပေမဲ့ မှန်တယ်… ရှီဟွာတောင်က မြေရိုင်းပြည်နယ် အပေါ် လုံလောက်တဲ့ လေးစားမှုကတော့ အမှန်ပဲ မရှိခဲ့ဘူး… ”
မိုးသက်ရှန့်ထိုက ဆက်ပြောသည်… “မြေရိုင်းပြည်နယ်က ရှန့်ထိုမရှိတာမို့ နှစ်ပေါင်း များစွာကြာအောင် မြေရိုင်းပြည်နယ်က ပြည်နယ်ကိုးခု ညီလာခံကို ဖိတ်ကြားခြင်း မခံခဲ့ရဘူး… ဒါကိုတော့ မင်းက မလေးစားတာလို့ မသတ်မှတ်ဘူးလား… အခု ရှီဟွာတောင်က မြေရိုင်းပြည်နယ်ကို ဖိတ်ကြားခဲ့တယ်… တကယ်လို့ မြေရိုင်းပြည်နယ်က တော်ဝင်မြေအဖြစ် လေးစားမှုကို ရသင့်တယ်လို့ ထင်ရင် ဒါက မြေရိုင်းပြည်နယ် ကိုယ်တိုင်က ဒီလေးစားမှုနဲ့ ထိုက်တန်ကြောင်း သက်သေပြဖို့ လိုလိမ့်မယ်…”
“အရမ်း ကောင်းတယ်…” လူအများအပြားက မိုးသက်ရှန့်ထိုကို ကြည့်ကြသည်။ သူကား အမှန်ပင် မရေမတွက်နိုင်သော လူများ လေးစားရသော ရှားပါး ပါရမီရှင်ဖြစ်သည်။ သူ၏စကား အနည်းငယ်မျှကာ အခြေအနေကို ပြောင်းပြန် လှန်ပစ်နိုင်သည်။
သူက မြေရိုင်းပြည်နယ်အပေါ် လေးစားမှု မရှိခြင်းအား ဝန်ခံခဲ့သည်။ သို့သော် ထိုအရာက ရှီဟွာတောင် တစ်ခုတည်းက ထိုသို့ သဘောထားခြင်း မဟုတ်ဘဲ မြေရိုင်းပြည်နယ် ကိုယ်တိုင်က လေးစားမှုခံရန် လိုအပ်ချက်များ ရှိနေကြောင်း ထောက်ပြခဲ့သည်။
ယူချင်းက ထိုရှန့်ထိုအား တစ်စုံတစ်ခု ပြန်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ရီဖူရှင်းက နောက်မှ လှမ်းပြောသည်… “ခင်ဗျားပြောတာ မှန်ပါတယ်… စီနီယာ…”
ရီဖူရှင်းက ဆက်ပြောသည်… “မြေရိုင်းပြည်နယ်မှာ ရှန့်ထိုတစ်ပါး မပေါ်ထွက်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ… ဒါကြောင့် မြေရိုင်းပြည်နယ်က လေးစားမှုကို တောင်းဆိုလို့မရဘူး… ကျွန်တော်က တော်ဝင်ကျဲနန်းတော် သခင်ဖြစ်ပြီးတော့ ကျုပ်တို့ ဘယ်နေရာမှာ ရှိနေတယ် ဆိုတာကို နားလည်ပါတယ်… ရှီဟွာတောင်ကသာ မဖိတ်ခေါ်ခဲ့ရင် ကျုပ်တို့က ပြညနယ်ကိုးခု ညီလာခံကို တက်ရောက် လာစရာ အကြောင်း မရှိပါဘူး…”
လူအများအပြားက ရီဖူရှင်းကို ကြည့်ကြသည်။ တော်ဝင်ကျဲနန်းတော် သခင်က စိတ်ဓာတ်ခိုင်မာမှု မရှိသည့် လူများလား။
မိုးသက်ရှန့်ထိုက ရီဖူရှင်းအား တည်ငြိမ်စွာ ကြည့်သည်။ တော်ဝင်ကျဲနန်းတော် သခင်အသစ်က လျူကျောင်းနှင့် ယှဉ်ပြိုင်ကာ စစ်တုရင်ရှန့်ထို၏ အမွေအား ရယူရန် ကြိုးစားခဲ့သည်ဟု သူကြားသည်။ သူကလည်း အမှန်ပင် နတ်နဂါးကစားကွက်ကို ဖြိုဖျက်နိုင်ခဲ့သော်လည်း စစ်တုရင်ရှန့်ထိုက လျူကျောင်းကိုသာ ရွေးချယ်ခဲ့သည်။
“မြေရိုင်းပြည်နယ်မှာ ရှန့်ထိုမရှိသလို ကျုပ်တို့ပြည်နယ်က လူငယ်မျိုးဆက်တွေ ဟာလည်း ရှန့်ထိုရဲ့ လမ်းညွှန်ပြသမှုများကို လက်ခံရရှိမည့် အခွင့်အရေးတွေ ကင်းမဲ့ကြပါတယ်… ဒါကြောင့် ကျုပ်တို့ အနည်းငယ်ကပဲ ဒီကို ရောက်လာခဲ့ရတာ အမှန် ရှက်စရာ ကောင်းပါတယ်… ဒီလူငယ်တွေကို တခြားပြည်နယ်က ပါရမီရှင်တွေ ဘယ်လောက် ထူးချွန်တယ်ဆိုတာကို သိမြင်နားလည်ဖို့နဲ့ ကိုယ်ကိုယ်တိုင် ပြန်လည်သုံးသပ်နိုင်ဖို့… ဒါကပဲ ပြည်နယ်ကိုးခု ညီလာခံကို တက်ရောက်ရတဲ့ အကြောင်းပြချက် ဖြစ်တယ်..” ရီဖူရှင်းက နှိမ့်ချစွာ ပြောသည်။ သူ့အနီးမှ လူများအားလုံးက အံ့အားသင့် သွားကြသည်။
ယခု ရီဖူရှင်းက ရီဖူရှင်းနှင့် မတူပေ။
ခွန်ယို၊ ချင်ကျောင်းနှင့် ကျိရှမ်းကမ်းပါးမှ လူများက ရီဖူရှင်းကို ကြည့်ကြသည်။ ရီဖူရှင်းက မည်မျှ မာနကြီးသည်ကို သူတို့အားလုံး သိနားလည်ကြသည်။ ယခု သူက အလွန် ကွဲပြားခြားနားစွာ ပြုမူနေသည်။
“ရှက်ရမှန်း သိနားလည်ခြင်းက စိတ်ဓာတ်ခိုင်မာခြင်း တစ်မျိုးပဲ… မင်းက နားလည်နိုင်တာ ကောင်းတဲ့ကိစ္စပဲ…” ရှီဟွာတောင် ရှန့်ထိုခေါင်းဆောင်က ဝင်ပြောသည်။
“ကျွန်တော်က စီနီယာရဲ့ သင်ပြမှုကို မှတ်သား ထားပါတယ်… ရီဖူရှင်းက ခေါင်းညိတ်ကာ ယူချင်းကို ကြည့်သည်… “ယူချင်း… ငါမင်းကို ဒီကို ခေါ်လာတာ အမြင်ကျယ်ကျယ်နဲ့ လောကကို ကြည့်တတ်ဖို့ပဲ… ဒီနေရာမှာ ရှီဟွာတောင်က အတော်ဆုံး အထက်ဆုံးဆိုတဲ့ ပါရမီရှင်တွေ ရှိကြတယ်… မင်းက သူတို့ကို တွေ့ရင် ရိုင်းစိုင်းတဲ့ အပြုအမူတွေအစား သူတို့ဆီက လမ်းညွှန်သင်ကြားမှုကို ခံယူသင့်တယ်…”
ယူချင်းက အလွန်အမင်း အံ့အားသင့်စွာ ကြည့်သည်။ ရီဖူရှင်း၏ စကားများက အဘယ်ကြောင့် အတုအယောင် စကားများနှင့် တူနေရသနည်း။
ရီဖူရှင်း၏ဘေးနားတွင် ထိုင်နေသော ဟောင်ကျူဂီပင် ဆွံ့အရသည်။
ဒါက… အရမ်းအရမ်းကို အရှက်မရှိတာပဲ…။ ဟောင်ကျူဂီက ရီဖူရှင်း ဘာလုပ်လိုသည်ကို နားလည်လိုက်ဟန် ရသည်။ ပရိသတ်များမူကား ရီဖူရှင်းကို နားမလည်စွာ ကြည့်နေကြသည်။ တော်ဝင်ကျဲ နန်းတော်သခင်ကား သူ၏အားနည်းချက်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံနေသည်။ သူ၏စိတ်ဓာတ် အားနည်းမှုက သိသာနေသော်လည်း ထိုသို့ လုပ်ခြင်းကလည်း သာမန်လူများ အားလုံး ရွေးချယ်မည့် နည်းလမ်းသာ ဖြစ်ပေသည်။
မြေရိုင်း ပြည်နယ်ကား ရှီဟွာတောင်နှင့် ငြင်းခုံရန် အင်အား မရှိပေ။
“အမှန်ပဲ…” ယူချင်းက ပြောသည်။ တခြား လူများကလည်း ယူချင်းကို ကြည့်ကြသည်။ ယခု သူက အမှန်ပင် လက်လျှော့ လိုက်ပြီ ထင်၏။
“ဒါဆို မင်းက ဘာလို့ အဲဒီမှာ ရပ်နေသေးတာလဲ…” ရီဖူရှင်းက မေးသည်။ ယူချင်းက ရီဖူရှင်းအား ဒေါသတကြီး ကြည့်သည်။ သို့သော်လည်း သူက ရီဖူရှင်း ပြောသလိုပင် မိမိ၏နေရာသို့ ပြန်သွားသည်။
ရီဖူရှင်းက ယူချင်း ပြန်သွားသည်ကို မြင်လျှင် ရှီဟွာတောင်ရှန့်ထိုများကို ကြည့်ကာ ပြောသည်… “တော်ဝင်ကျဲနန်းတော် တပည့်တစ်ယောက်က အခုလို မဆင်မခြင်ပြုမူတာ နန်းတော်သခင်ဖြစ်တဲ့ ကျုပ်မှာပဲ တာဝန်ရှိပါတယ်… စီနီယာများက လေးစားမှုကို ကိုယ်တိုင် သက်သေပြပြီး ရယူသင့်တယ်လို့ သင်ကြားပေးပါတယ်… ဒီစကားက အမှန်ပါပဲ… ကျုပ်မှာ လေးစားမှုကို ရယူဖို့ စွမ်းရည်မရှိရင် ဒါကို တောင်းဆိုဖို့ မသင့်တော်ပါဘူး… ဒါကြောင့် မြေရိုင်းပြည်နယ်က ဘယ်သူကမှ ဒီပြိုင်ပွဲရဲ့ ထိပ်ဆုံး ဆယ်နေရာကို မတက်လှမ်းနိုင်ခဲ့ရင် တော်ဝင် ကျဲနန်းတော်က ရှီဟွာတောင်ကို တော်ဝင်ရတနာ တစ်ခု လက်ဆောင်ပေးပါ့မယ်… ဒါက ဒီနေ့ မသင့်တော်တဲ့အပြုအမူ တစ်ခုဖြစ်သွားလို့ တောင်းပန်တာလို့ သတ်မှတ်လို့လည်း ရပါတယ်… တစ်ဖက်ကလည်း မြေရိုင်းပြည်နယ်က တပည့်တွေကို ဒီထက် ကြိုးစားစေဖို့ စိတ်က ရည်မှန်းပါတယ်…”
သူ၏စကားကို ကြားသည်တွင် အားလုံးက ထိတ်လန့် သွားကြသည်။ တော်ဝင်ကျဲနန်းတော်က တော်ဝင်ရတနာကို အနည်းဆုံး ပိုင်ဆိုင်သည့် အင်အားစုဖြစ်ရမည် မဟုတ်ပါလား။ ယခု သည်အကောင်က အဘယ်ကြောင့် တော်ဝင် ရတနာတစ်ခုအား တောင်းပန်သည့် အနေဖြင့် ပေးအပ်ရန် ကြံစည် နေရသနည်း။
ထိပ်သီး ဆယ်ယောက်ကို မူကား မည်သူကမှ ဖြစ်နိုင်မည်ဟု မထင်ကြပေ။ သည်ညီလာခံကား ပြည်နယ်ကိုးခု ညီလာခံဟု ခေါ်ခြင်းက ပြည်နယ်ကိုးခု၏ အကောင်းဆုံးလူများ ဝင်ပြိုင်သော ပြိုင်ပွဲ ဖြစ်သောကြောင့်ပင်။ ထိုမျှအားနည်းသော မြေရိုင်းပြည်နယ်က ထိပ်သီး ဆယ်ယောက်စာရင်း ဝင်မည်ဆိုခြင်းက အဓိပ္ပာယ် ကင်းမဲ့လွန်း လှပေသည်။
***