Switch Mode

အပိုင်း (၇၅၅)

လေးစားမှုကင်းမဲ့ခြင်း ၁

နောက်ပိုင်း နေ့ရက်များတွင် ရှီဟွာတောင်ကို သွား၍ ခေါင်းလောင်း တီးခတ်ရန် ကြိုးစားကြသူများ အများအပြား ရှိကြပေသည်။ ထိုအထဲတွင် ပြည်နယ်ကိုးခု ညီလာခံသို့ ပါဝင် ယှဉ်ပြိုင်လိုသူများလည်း ရှိပေသည်။ လောက ခေါင်းလောင်းဖြင့် သူတို့၏ လောကဓာတ် နားလည်မှုအဆင့်ကို စမ်းသပ်ကြသူများလည်း ရှိကြပေသည်။

နေ့စဉ်နေ့တိုင်း ထူးခြား ထက်မြက်သော လူငယ်များ ပေါ်ထွက်လာခဲ့ကာ ပရိသတ်များကို ပိုမို စိတ်လှုပ်ရှားစေခဲ့သည်။ ဟွာထျန်းမြို့မှ လူများက ပြည်နယ်ကိုးခု၏ အထူးချွန်ဆုံး လူများကိုပင် စာရင်းပြုစုခဲ့ကြသည်။ မှန်သည်… ထိုအထဲတွင် လောက ခေါင်းလောင်း၌ မိမိတို့စွမ်းရည်ကို အကုန် ထုတ်မပြခဲ့သူများကား သာမန်စာရင်းထဲကိုသာ ဝင်ရောက်ခဲ့ကြပေသည်။

ရီဖူရှင်းက နောက်ပိုင်း နေ့ရက်များမှ အစီအစဉ်များကို သွားရောက် ကြည့်ရှုခြင်း မပြုတော့ပေ။ သူက အကဲဖြတ်ခြင်း အစီအစဉ်များကိုပင် သွားရောက်၍ မကြည့်ပေ။ သို့သော်လည်း ကျူးကော့ချန်းဖန်နှင့် ယန်ကျွမ်တို့အပြင် တခြား မြေရိုင်းပြည်နယ် တန်ခိုးရှင်များက သွားရောက် ကြည့်ရှုကြပေသည်။ သူတို့ ပြန်လာသောအခါ တခြားပြည်နယ်များမှ တန်ခိုးရှင်များ၏ စွမ်းရည်ကို တွေ့မြင်ပြီး စိတ်နှလုံးများ တည်ငြိမ်ခြင်း မရှိနိုင်ကြတော့ပေ။ ထိုလူများကား ထူးခြားထက်မြက်သော စွမ်းရည်များမရှိဘဲ လောကခေါင်းလောင်းကို မြည်ဟည်းရန် မတတ်နိုင်ပေ။ လောကဓာတ်များကို နားလည် ဆင်ခြင်ထားပြီးသော ထိပ်သီး နိုဘယ်များအား သာမန်နိုဘယ်များ မည်သို့ ယှဉ်နိုင်မည်နည်း။

လီဖူတုက ပြည်နယ်ကိုးခု ညီလာခံကို ဝင်ခွင့်ရခဲ့သလို ကျူးကော့မိသားစုမှ လူငယ် တစ်ယောက်လည်း ဝင်ခွင့်ရခဲ့သည်။ နန်းတော်မှ တန်ခိုးရှင် အများအပြားနှင့် မြေရိုင်း ပြည်နယ်မှ တန်ခိုးရှင်များကလည်း အကဲဖြတ်ခြင်းများကို အောင်မြင် ခဲ့ကြသည်။

ပြည်နယ်ကိုးခု ညီလာခံ နီးကပ်လာသည်နှင့်အမျှ ဟွာထျန်းမြို့၏ သက်ဝင်လှုပ်ရှားမှုများ ကလည်း ပိုမို ထကြွလာခဲ့ကြသည်။ ရှီဟွာတောင်အား ဝန်းရံလျက် ကျယ်ပြန့်သော မြေဒေသ တစ်ခုလုံးကား လူများဖြင့် ပြည့်နှက်နေကာ အားလုံးက ထူးခြား ထက်မြက်သူများ ဖြစ်ကြပေသည်။

ဤသို့ဖြင့် မရေမတွက်နိုင်သော လူများ စောင့်ဆိုင်းနေသော နေ့ရက်က ရောက်လာခဲ့တော့သည်။

ညနေစောင်းတွင် ရှီဟွာတောင်ခြေ၌​ မရေမတွက်နိုင်သော လူများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သူတို့က ခေါင်းမော့ကာ ခြေလှမ်း သုံးထောင်ခန့် မြင့်သော နေရာအား ကြည့်နေကြသည်။ နေရင်က တောင်ကို ဖျန်းပက်ထားသည်တွင် ပိုမို၍ ထည်ဝါစေပြီး တောင်အား ရောင်စဉ်ရောင်ဝါများ ဖြာထွက်စေသည်။

ယခု ရှီဟွာတောင်ထိပ်မှ လူတန်းကြီးနှစ်ခုက အောက်ကို ဆင်းလာနေကြသည်။ မကြာမီ သူတို့က ခြေလှမ်း သုံးထောင် အမြင့်နေရာသို့ ရောက်လာကြသည်။

ခြေလှမ်း သုံးထောင်နေရာ၌ အကြီးအကဲ တစ်ယောက်က ရပ်ကာ ရှေ့ကို ကြည့်နေသည်။ သူက ကြည်လင် တောက်ပသော အသံဖြင့် ပြောသည်… “‘ဒီတစ်ခေါက် ပြည်နယ်ကိုးခု ညီလာခံကို ရှီဟွာတောင်က လက်ခံကျင်းပတယ်… အရှေ့ဘက်ပြည်နယ်က လူတွေအားလုံးက ဒီတစ်ခါ အိမ်ရှင်တွေပဲ ဖြစ်တယ်…”

အရှေ့ဘက်ပြည်နယ်တွင် တော်ဝင်မြေငါးခုနှင့် ရှန့်ထိုရှစ်ပါး ရှိပေသည်။ ရှီဟွာတောင်တွင် ရှန့်ထိုသုံးပါရှိကာ ကျောက်မဟာ ပြည်ထောင်တွင် ရှန့်ထိုနှစ်ပါး ရှိပေသည်။ တခြားနေရာများမှာ ကောင်းကင်ရှန့်ထို တည်ရှိသော ဝေဟင်တောင်၊ မှန်နန်းတော်တို့ ဖြစ်ကြသည်။ ရှန့်ထိုရှိသော နေရာကိုသာ တော်ဝင်မြေဟု ခေါ်ကြသည်။ ဝေဟင်တောင်တွင် လူနှစ်ယောက်မျှသာ ရှိသော်လည်း ထိုနေရာကား ရှန့်ထို နေထိုင်သောကြောင့် တော်ဝင်မြေ ဖြစ်သည်။

တော်ဝင်မြေက ရှန့်ထိုများ ရှိသောကြောင့် နာမည် ကျော်ကြားခြင်း ဖြစ်သည်။ ရှန့်ထိုရှိသော အဖွဲ့အစည်းကိုသာ တော်ဝင်မြေဟု ခေါ်သည်။ ထို့ကြောင့် လက်ရှိ မြေရိုင်းပြည်နယ်၏ တော်ဝင်မြေက သူ၏နာမည်နှင့် ထိုက်တန်ခြင်း မရှိဟု ပြည်နယ်ကိုးခုလုံးက ယူဆကြသည်။

ထိုအခိုက်တွင် ဖီးနစ်ငှက် အော်သံများနှင့်အတူ ဖီနစ်ငှက်များ သယ်လာသော ရွှေရောင် ရထားလုံးတစ်စီး ရောက်လာသည်။ ရထားလုံးပေါ်တွင်ကား သက်လတ်ပိုင်း လူကြီး တစ်ယောက်က ခန့်ညားစွာ ထိုင်နေသည်။ သူ၏မျက်လုံးများက အရာအားလုံးကို ထွင်းဖောက် နိုင်လောက်အောင် စူးရှကာ အကြည့် တစ်ချက်မျှက လူတိုင်းအား သိမ်ငယ်စေနိုင်သည်။ ရထားလုံး၏ ဘေးနားတွင်ကား စစ်သူရဲများစွာက ညီညီညာညာ လိုက်ပါလာကြသည်။ ထိုစစ်သူရဲ တစ်ယောက်စီကလည်း အလွန်အမင်း အားကောင်းသော ကိုယ်ရောင် ကိုယ်ဝါများအား ပေးသည်။

“ကျောက်မဟာ ပြည်ထောင်ရဲ့ ဘုရင်မင်းမြတ် ကိုယ်တိုင် ရောက်လာတယ်…” လူအများအပြားက ရေရွတ်မိကြသည်။ ရထားလုံးပေါ်မှလူကား ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ် ဖြစ်သည်။

ရှန့်ထိုတစ်ပါး ရောက်လာ ချေပြီ။

သူ့ဘေးမှ လိုက်ပါလာသည်က အရှေ့ဘက် ပြည်နယ် တစ်ခုလုံးကို လျှမ်းလျှမ်းတောက် ကျော်ကြားသော ဖီးနစ်စစ်တပ်များလား။ လူအများအပြားက အထိတ်တလန့် တွေးမိကြသည်။ ရွှေဖီးနစ် စစ်သူရဲများကား ကျောက်မဟာ ပြည်ထောင်၏ တော်ဝင်စစ်တပ် ဖြစ်သည်။ သူတို့က မင်းမျိုးမင်းနွယ်များ ဖြစ်ကြကာ ရွှေဖီးနစ်ဝိညာဉ်ကို နိုးထနိုင်သူများလည်း ဖြစ်ကြသည်။ ရွှေဖီးနစ်ကား ကျောက်မဟာ ပြည်ထောင်၏ အမှတ်သညာဆိုလည်း မမှားပေ။

ဖီးနစ်ရထားလုံးက ရှီဟွာတောင်ထိပ်သို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။ ရှန့်ထိုကိုယ်တိုင် ရောက်လာခြင်းတွင် သူက လမ်းလျှောက် တက်စရာ မလိုပေ။ သူ့တွင် ရှီဟွာတောင်ထက်သို့ တိုက်ရိုက် ပျံသန်းသွားခွင့် ရှိပေသည်။

ထိုအခိုက်တွင် ကောင်းကင်၌ ရွှေရောင် အလင်းတန်းများ တဖျတ်ဖျတ် လက်သွားသည်။ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က မော့ကြည့်သည်တွင် လေထုတစ်နေရာမှ​ လူနှစ်ယောက် ပေါ်လာသည်။ တစ်ယောက်ကား လွန်ခဲ့သော ရက်အနည်းငယ်က လောက ခေါင်းလောင်းအား တီးခတ်ခဲ့သော ဟန်ယွီဖြစ်ကာ နောက်တစ်ယောက်ကား ထူးထူးခြားခြား အလွန်အမင်း နက်ရှိုင်းသော မျက်လုံးအစုံကို ပိုင်ဆိုင်ထားသည်။

ကောင်းကင်ရှန့်ထို…။ လူအုပ်ကြီးက လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ သည်အရာကပင် ပြည်နယ်ကိုးခု ညီလာခံ၏ ဆွဲဆောင်နိုင်စွမ်း ဖြစ်သည်။ အခမ်းအနားအား ရှန့်ထိုများပင် ကိုယ်တိုင် တက်ရောက်ကြရ၏။

ထိုအခိုက်တွင် လေထဲတွင် အလင်းများ တဖျတ်ဖျတ် လက်သွားပြန်သည်။ ထို့နောက်တွင် အလွန်အမင်း လှပလင်းလက်သော မိန်းကလေးများ ကောင်းကင်၌ ပေါ်လာကြ၏။

“မှန်နန်းတော်ကလည်း ရောက်လာပြီ…” မရေမတွက်နိုင်သော လူများက ရောက်လာသော မိန်းမပျိုများအား ကြည့်ကြသည်။ မကြာမီ သူတို့အားလုံး၏ အကြည့်များက ရှေ့ဆုံးမှ မိန်းကလေးထံကို ရောက်သွားကြသည်။ ထိုမိန်းမကား မြင့်မြတ် တော်ဝင်သော ခံစားချက်ကို ပေးကာ လူသားတို့နှင့် သက်ဆိုင်ဟန်ပင် မရပေ။ သူမက အသက် နှစ်ဆယ်ခန့်မျှသာ ရှိသည်ဟု ထင်မှတ်ရအောင် နုပျိုကာ အသားအရေနှင့် ရုပ်ရည်က အသက်ရှူမှားဖွယ် ကောင်းပေသည်။ သူမ၏ ကိုယ်ရောင် ကိုယ်ဝါက နတ်ဘုရားတို့၏ အငွေ့အသက်များ ခြုံလွှမ်းနေပြီး မည်သူကမှ သူမအား စိတ်ဖြင့် မပစ်မှားရဲကြပေ။

“မှန်နန်းတော်သခင်မ… ကျုပ်က တကယ်ပဲ မှန်နန်းတော် သခင်မကို အသက်ရှိစဉ် တွေ့ခွင့်ရခဲ့ပြီ…   လူအများအပြားက မျက်လုံးများကို မဖယ်ခွာနိုင်ဘဲ အရူးအမူး ရေရွတ်မိကြသည်။ သူမကား အရှေ့ဘက်ပြည်နယ်၏ အလှဆုံး မိန်းမဖြစ်သည့် မှန်နန်းတော်သခင်မ ဖြစ်သည်။ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က သူမအား ကြည့်သော အကြည့်တွင်ပင် လိုချင်တပ်မက်သော အရောင်အဝါများ ကြီးစိုးနေသည်ကို မြင်တွေ့နိုင်သည်။ မှန်နန်းတော် သခင်မကား သူ ငယ်စဉ်ကတည်းက ရယူလိုသော မိန်းမဖြစ်သည်။

သူမကား အရှေ့ဘက်ပြည်နယ်၏ အလှဆုံးမိန်းမ ဖြစ်သည်။ သူမက မျိုးဆက်များတစ်ခုပြီး တစ်ခုဖြတ်သန်း သွားသည့် တိုင်အောင် တန်ခိုး အဆင့်မြင့်မားခြင်းက သူမအား အရွယ်တင်နုပျိုစေကာ ပိုမို၍ပင် လှပချောမော စေသည်။

“ဘယ်လောက်တောင် လှလိုက်တဲ့ မိန်းမလဲ…” လူအုပ်ထဲမှ ရီဖူရှင်းကလည်း ရေရွတ်မိသည်။ လူအုပ်ထံမှ တီးတိုးစကားများကို နားထောင်ခြင်းဖြင့် သူမကား ရှန့်ထို၇၂ပါးထဲမှ မှန်နန်းတော် သခင်မဖြစ်ကြောင်း သိလိုက်ရသည်။

နတ်မိမယ်ချိန်နီကား အလွန်တရာ လှပသော မိန်းမပျိုလေး ဖြစ်သည်။ သို့သော် ယခု သူမ၏ဆရာဘေးတွင် ရပ်လျှင် ဖန်သား နန်းတော် သခင်၏အလှတွင် မှေးမှိန်ရသည်။

“အဲ့ဒါ ရှန့်ထိုတစ်ပါးပဲ… သိပ်အများကြီး မတွေးနဲ့…” ဟွာဂျီယူက ရီဖူရှင်းကို ကြည့်ကာ တီးတိုးပြောသည်။

“ငါက သူ့ကို ချီးကျူးမိတာပဲ ရှိတာ.. မင်းက ဘာကို ပြောနေတာလဲ… ဂျီယူ…” ရီဖူရှင်း၏အကြည့်က ဟွာဂျီယူထံကို ရောက်လာသည်။ သူမက မျက်လုံးပြူး သွားကာ မေးသည်… “နင်က ဘာလို့ ကြည့်နေတာလဲ…”

“တန်ခိုးရှင်တွေက တန်ခိုး အဆင့်မြင့်လာလေလေ သူတို့ရဲ့ အသက်ဓာတ်က ပိုအားပြည့်လာပြီး ကိုယ်ရောင် ကိုယ်ဝါတွေ ပိုကောင်းလာမယ်… ငယ်ရွယ် ချောမောလာမယ်… ဂျီယူ… မင်းက ရှန့်ထိုဖြစ်လာတဲ့အခါ တကယ်ကို ငေးမောရတဲ့ မိန်းမလှဖြစ်လာမှာပဲ…” ရီဖူရှင်းက ပြုံးမယောင်ဖြင့် ပြောသည်။ သူကား ထိုသို့ တွေးလေလေ စိတ်လှုပ်ရှားလေပင်။

ဟွာဂျီယူက သူ၏ခြေထောက်ပေါ်ကို အတင်းပင် တက်နင်းလိုက်သည်။ သည်အကောင်ကား နန်းတော်သခင် ဖြစ်နေသည့်တိုင် သူ့ခေါင်းက မည်သို့သော အတွေးများနှင့် ပြည့်နေသနည်း။

ရီဖူရှင်း၏ မျက်နှာပေါ်တွင် နားလည်ရခက်သော အပြုံးတစ်ခုအား မြင်တွေ့ရသည်။ သူ့တွင် ဘယ်လောက် သာယာတဲ့ဘဝကို ပိုင်ဆိုင်ထားသနည်း။

သူက ခေါင်းမော့ကာ လေထဲကို ကြည့်သည်။ မှန်နန်းတော်သခင်မ အပြင် တခြား အရှေ့ဘက် ပြည်နယ်မှ တော်ဝင်မြေ အသီးသီး၏ ကိုယ်စားပြု ရှန့်ထိုများ ရောက်ရှိနေကြပြီ ဖြစ်သည်။  ကျောက်မဟာ ပြည်ထောင်မှ ကိုယ်စားပြု ရှန့်ထိုတစ်ပါးမျှဖြင့် လုံလောက်ပေသည်။ ထို့အပြင် စစ်တုရင်ရှန့်ထို၏ တပည့် ကိုးယောက်ကလည်း ရှီဟွာတောင်ကို ရောက်နေကြပြီ မဟုတ်ပါလား။

အရှေ့ဘက်ပြည်နယ်မှ ရှန့်ထိုများ ကိုယ်တိုင် ညီလာခံကို တက်ရောက် လာခြင်းကား ညီလာခံ၏ အရေးကြီးပုံကို ထင်ဟပ်စေသည်။ မည်သို့ဆိုစေ ညီလာခံအား အရှေ့ဘက် ပြည်နယ်မှ လက်ခံကျင်းပခြင်း ဖြစ်သည်။ ထို့ကြောင့် တခြားပြည်နယ်မှ ရှန့်ထိုများက ညီလာခံကို မတက်ရောက်သည့်တိုင် သူတို့က တက်ရောက်ရန် လိုအပ်ပေသည်။

ကျေက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်၊ ကောင်းကင်ရှန့်ထိုတို့ အားလုံးက ရှီဟွာတောင်ထက်ကို တက်သွားကြသည်။ ထိုစဉ် ခြေလှမ်း သုံးထောင်နေရာမှ လူများက ပြိုင်တူအော်ဟစ် လိုက်ကြသည်… “နွေဦးပြည်နယ် တော်ဝင်မြေက တော်ဝင်တောင်ပေါ်ကို တက်ရောက်ပါမယ်…” သူတို့က ထိုသို့ ပြောလိုက်သည်နှင့် လူအုပ်ထဲမှ လူအများအပြားက လေထဲကို ပျံတက်လာကြသည်။ သူတို့အားလုံးက ထူးခြားသော ကိုယ်ရောင် ကိုယ်ဝါများအား ပိုင်ဆိုင် ထားကြသည်။

အားလုံး ထင်မှတ်ထားသည့် အတိုင်း သူတို့အုပ်စုတွင် ညီလာခံတက်သော ရှန့်ထိုတစ်ပါးမှ မပါဝင်ပေ။ သူတို့တွင် ထိပ်သီး ရှီတန်ခိုးရှင်များသာ ပါဝင်ကြပြီး ထိုလူများက ပြည်နယ်ကိုးခု ရှီအဆင့်တွင် နာမည်ကျော်ကြား သူများလည်း ဖြစ်ကြသည်။

ထိုအုပ်စုထဲတွင်မှ အုပ်စုကြီး တစ်ခုလုံးက အလေးထား နေရာပေးခြင်း ခံရသော အုပ်စုငယ် တစ်ခုကိုလည်း လူအများက သတိထားမိကြသည်။

“သူတို့က ရှားကလန်ကပဲ…” လူအုပ်၏ အကြည့်များက ထိုလူစုထံကို ရောက်သွားကာ ရေရွတ်ကြသည်။

ကောလာဟလများအရ ရှားကလန်ကား အင်ပါယာရှား၏ အဆက်အနွှယ်များ ဖြစ်ကြကာ နွေဦးပြည်နယ် တစ်ခုလုံးက သူတို့အား လေးစားကြရသည်။ မှန်သည်… လောလာဟလများအား မည်သူကမှ သက်သေ မပြနိုင်ခဲ့ကြသလို ရှားကလန်ကလည်း ဝန်ခံခြင်း မရှိခဲ့ပေ။ သို့သော်လည်း နွေဦးပြည်နယ် တော်ဝင်မြေများက ရှားကလန်ကို အလေးထား ဆက်ဆံသော အပြုအမူများအရ​ ထိုကောလာဟလများမှာ မှန်ကလန်ရန် အလားအလာ များပေသည်။

“ချီပြည်နယ် တော်ဝင်မြေများက ရှီဟွာတောင်ကို တက်ရောက် စေလိုပါတယ်…”

“တိမ်တိုက်ပြည်နယ် တော်ဝင်မြေများမှ ရှီဟွာတောင်ကို တက်ရောက် စေလိုပါတယ်…”

“စစ်ဘုရင်ပြည်နယ် တော်ဝင်မြများမှ…”

“ဖန်းပြည်နယ်…”

“ပင်လယ်ပြည်နယ်…”

”ယွီပြည်နယ်…”

ရှီဟွာတောင်ခြေတွင် အသံများ တစ်သံပြီးတစ်သံ ကြားကြရသည်။ ပြည်နယ်ကိုးခုလုံးက ဤနေရာတွင် လာရောက် စုစည်းခြင်းက မည်မျှ ကြီးကျယ် ခမ်းနားလှသနည်း။ တော်ဝင်မြေ မဟုတ်သူများက တော်ဝင်တောင်ပေါ်ကို တက်ရောက်ခွင့် မရှိပေ။ ပြည်နယ်ကိုးခု၏ တော်ဝင်မြေများမှသာ အထူးတလည် ပြင်ဆင်ထားသော နေရာများမှ ညီလာခံကို ကြည့်ခွင့် ရပေသည်။

တော်ဝင်မြေမှ တန်ခိုးရှင်များက တော်ဝင်တောင်ပေါ်ကို တက်ရောက် သွားသည်တွင် အခမ်းအနားက စတင်တော့မည် ဖြစ်၍ လူအုပ်က ပိုမို၍​ စိတ်လှုပ်ရှား လာကြသည်။

“မြေရိုင်းပြည်နယ် တော်ဝင်မြေများမှ တော်ဝင်တောင်ကို တက်ရောက် စေလိုပါတယ်…” နောက်ထပ်အသံ တစ်သံ ကြားရသည်တွင် လူအများအပြား အချင်းချင်း တီးတိုးဝေဖန် ပြောဆိုကြသည်။ ကောလာဟလများကား အမှန်ပင်ဖြစ်သည်။ ရှီဟွာတောင်က ပြည်နယ်ကိုးခု ညီလာခံတွင် မပါဝင်သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော မြေရိုင်းပြည်နယ်အား သည်တစ်ခေါက်တွင် ဖိတ်ကြားခဲ့ပေသည်။ သို့သော်လည်း မြေရိုင်းပြည်နယ်ကား နောက်ဆုံးမှ ဖိတ်ကြားခံရခြင်း ဖြစ်ရာ သိပ်အလေးအနက်ထား မခံရသည်မှာ သေချာသည်။

ထိုခိုက်တွင် လူအုပ်ထဲ၌ ရီဖူရှင်းဘေးမှ ဝမ်ရှင်း၊ ကျူးကော့ချန်းဖန်၊ ယန်ဟောင်နှင့် တခြားလူများက မပျော်မရွှင် ဖြစ်ကြရသည်။ သို့သော်လည်း သူတို့ကလည်း ဘာမှ မပြောကြပေ။ ယူချင်း၏မျက်လုံးများက အေးစက် သွားသည်။

“ဂျီယူ… ငါတို့ရှေ့က သွားလိုက်မယ်…” ရီဖူရှင်းက ဟွာဂျီယူကို ပြောသည်။ သူမကလည်း ပြိုင်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့၏။ သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှန့်ထိုတစ်ပါး ခိုအောင်းကာ သူမအား လမ်းညွှန်ပေးနေ သော်လည်း သူမကလည်း ကိုယ်ပိုင် အတွေ့အကြုံများ ရယူလိုပေသည်။

“ယူချင်း၊ ဝူချင်း၊ အစ်ကို၇၊ ယန်ကျန်း၊ စုချွဲ… မင်းတို့ အကောင်းဆုံး လုပ်ကြ…” ရီဖူရှင်းက ဘေးမှ လူများအားလုံးကို ကြည့်ကာ ပြောသည်။ သူတို့အားလုံးက ခေါင်းညိတ်ကြသည်။ ထို့နောက် ရီဖူရှင်းတို့က ရှီဟွာတောင်ပေါ်ကို ပျံသန်း သွားကြသည်။

လူအများအပြား၏ အကြည့်များက ရီဖူရှင်းတို့ အုပ်စုထံကို ရောက်လာကြ၏။ သည်လူများက မြေရိုင်း ပြည်နယ်ကလား…။

တော်ဝင်တောင်ပေါ်ကို ဧည့်သည်များ တဖွဲဖွဲ တက်ရောက် လာကြသော်လည်း ဧည့်ခံသော အကြီးအကဲများက ခြေလှမ်း သုံးထောင်နေရာတွင် ရပ်နေကြဆဲ ဖြစ်သည်။

သူက အောက်ကို ငုံ့ကြည့်ကာ ပြောသည်… “ပြည်နယ်ကိုးခု ညီလာခံမှာ ပြိုင်ပွဲဝင်မယ့် လူတွေက တောင်ပေါ်ကို တက်ရောက်ကြရမယ်… အရှေ့ဘက်ပြည်နယ်က ပြိုင်ပွဲဝင်ခွင့်ရတဲ့လူတွေ အကုန်လုံး တောင်ပေါ်ကို တက်တဲ့အခါ ပြိုင်ပွဲ တံဆိပ်တော်ကို လက်ဝယ် ကိုင်ထားရမယ်…”

အကြီးအကဲက ကြေညာသည်တွင် ရှေ့ကို တစ်ယောက်ပြီး တစ်ယောက်က ထွက်လာကြသည်။ သူတို့အားလုံးက အရှေ့ဘက်ပြည်နယ်မှ ယှဉ်ပြိုင်မည့်လူများ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် အရှေ့ဘက် ပြည်နယ်ကား ပြိုင်ပွဲဝင် အများဆုံး ဖြစ်ပေသည်။ တခြားပြည်နယ်မှ လူများမူကား လွန်စွာ ဝေးကွာသော ခရီးကို လာရန် အနည်းငယ် တွန့်ဆုတ် ကြရပေသည်။ အရှေ့ဘက် ပြည်နယ်မူကား အိမ်ရှင်ပြည်နယ် ဖြစ်ကာ ပြိုင်ပွဲဝင်ရန် သိပ်အားထုတ်စရာ မလိုပေ။ ထို့ကြောင့် အရှေ့ဘက် ပြည်နယ်မှ ပြိုင်ပွဲဝင်သူများက တခြား ပြည်နယ်များထက် အရေအတွက် ပိုမို များပြားပေသည်။

“အဖေ … ကျွန်တော် တောင်ပေါ်ကို တက်ပြီ…”

“သွား … ငါက အပြင်က ကြည့်နေမယ်… မင်းရဲ့ စွမ်းဆောင်ရည်ကောင်းကို ငါတို့ မျှော်နေမယ်…”

“ဆရာ.. ကျွန်တော် သွားပြီ…”

လူအုပ်ထဲမှ အသံများ တစ်သံပြီးတစ်သံ ကြားကြရသည်။

“ကျေးရွာခေါင်းဆောင်… ကျွန်မသွားပြီ…” အသက် ဆယ့်ငါးနှစ်အရွယ် မိန်းမငယ်လေး တစ်ယောက်ကလည်း ပြောသည်။ သူမကား ရာရာဟုခေါ်သော ထူးဆန်းသော မိန်းကလေး ဖြစ်သည်။ အသက် အလွန် ငယ်ရွယ်သည့်တိုင် ခေါင်းလောင်းကို မြည်အောင် တီးခတ်နိုင်ခြင်းကြောင့် သူမအား လူအများအပြားက သတိထား မိခဲ့ကြသည်။ ယခု သူမက အမှန်ပင် ပြိုင်ပွဲ ဝင်ပြိုင်မည့်ပုံစံ မြင်နေရ၏။

တောင်ပေါ်ကို တက်လာသော လူများ၏လက်မှ တံဆိပ်တော်များအား အကြီးအကဲများက စစ်ဆေးကာ အစေခံ မိန်းကလေးများအား လမ်းညွှန် ခေါ်ဆောင်စေသည်။ နွေဦးပြည်နယ်၊ ချီပြည်နယ်၊ တိမ်တိုက်ပြည်နယ်နှင့် တခြားပြည်နယ်မှ ပြိုင်ပွဲဝင်များ အားလုံးက အစဉ်အတိုင်း တောင်ပေါ်ကို တက်ရောက်ကြသည်။

မြေရိုင်းပြည်နယ်မှ လူများကား နောက်ဆုံးမှ တက်ရောက် သူများလည်း ဖြစ်ကြသည်။ ယူချင်း၊ ဟွာဂျီယူနှင့် တခြား လူများအားလုံးက အားလုံး၏နောက်မှ လိုက်ပါ တက်ရောက်ကြသည်။ ကြီးမားသော လူအုပ်ကြီးထဲတွင် သူတို့အုပ်စုကား လူသုံးဆယ်ခန့်မျှသာ ရှိပြီး အလွန်အမင်း သေးငယ်ဟန် ရသည်။

ညီလာခံကို ဝင်ပြိုင်ရန် ရာကျော်ခန့်သာ ရှိသော အချိန်တွင် ကောင်းကင်လှေကား တိုက်ပွဲမှာ အခွင့်ရသူများကား လူသုံးထောင်ခန့် ရှိပေသည်။ ထို့ကြောင့် စုစုပေါင်း လူသုံးထောင် ကျော်ခန့်တွင် မြေရိုင်းပြည်နယ်ကား လူသုံးဆယ်ခန့်မျှသာ ရှိပြီး လွန်စွာ သိမ်ငယ်ဖွယ် ကောင်းသော အချက်လည်း ဖြစ်သည်။

သို့သော်လည်း မြေရိုင်းပြည်နယ်က ညီလာခံကို မတက်ရောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခု ရီဖူရှင်း၏အနီးမှ လူလက်တစ်ဆုပ်စာက ပြိုင်ပွဲဝင်ခြင်းမှာလည်း ရှီဟွာတောင်၏ ဖိတ်ကြားမှုကို လေးစားသမှုဖြင့် လက်ခံ တက်ရောက်ခြင်းသာ ဖြစ်ရပေမည်။

အကြီးအကဲက မြေရိုင်းပြည်နယ်မှ ပြိုင်ပွဲဝင်များ တောင်ပေါ်ကို တက်သွားသည်ကို ကြည့်ပြီးနောက် အောက်မှ လူများကို ပြောသည်… “ရှီဟွာတောင်က ပရိသတ်တွေ အတွက်လည်း ပြိုင်ပွဲ ဘေးပတ်ပတ်လည်မှာ နေရာတွေ စီစဉ်ထားတယ်… ဒါပေမဲ့ ဒီနေ့ပြိုင်ပွဲဟာ ရှန့်ထိုများ ကိုယ်တိုင် တက်ရောက်တဲ့ပွဲ ဖြစ်လို့ ပရိသတ်တွေက အထိန်းအကွပ်မဲ့တဲ့ အပြုအမူတွေကို ထိန်းချုပ်ဖို့လိုပြီး လေထဲမှာ ပျံသန်းခြင်းကို တားမြစ်ထားတယ်… ဒါကို လက်ခံတဲ့လူတွေက တောင်ပေါ်ကို တက်ပြီး ပြိုင်ပွဲကို ကြည့်နိုင်တယ်…”

ရီဖူရှင်းက တောင်ပေါ်ကို တောင်တက်လမ်း အတိုင်း တက်လာပြီး မကြာမီ ပြိုင်ပွဲကျင်းပသော နေရာသို့ ရောက်လာသည်။ ထိုနေရာတွင်ကား ဧရာမစင်ကြီး တစ်ခုအား ဝန်းရံလျက် ပတ်ပတ်လည်၌ တောင်ကုန်းများ ကာရံထားသည်ကို မြင်ရသည်။ စင်ကြီးရှေ့တွင်ကား များစွာသော ထိုင်ခုံများအား အစီအရီ ခင်းကျင်းထားကာ စင်ကြီးအလယ်တွင် တိုက်ပွဲနေရာကိုလည်း ကောင်းမွန်စွာ ပြင်ဆင် ထားပေသည်။ စင်ပေါ်ရှိ အလယ်တည့်တည့် ထိုင်ခုံများတွင် ရှီဟွာတောင် ရှန့်ထိုသုံးပါးအား မြင်တွေ့ရပြီး လျူကျောင်းနှင့် ရှီဟွာတောင်မှ တခြားတပည့်များက သူတို့ သုံးယောက်နောက်တွင် ရပ်နေသည်ကို မြင်ရ၏။ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်၊ မှန်နန်းတော်သခင်မ၊ ကောင်းကင်ရှန့်ထိုတို့က ရှီဟွာတောင် ရှန့်ထိုသုံးပါး၏ဘေးမှ ထိုင်ခုံတွင် ထိုင်နေကြသည်။ သူတို့၏တပည့်များကလည်း အသီးသီးနောက်တွင် ရပ်နေကြ၏။ တခြားပြည်နယ်မှ လူများကလည်း သီးသန့် ထိုင်ခုံနေရာများတွင် နေရာချထားပေးခြင်း ခံရသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset