Switch Mode

အပိုင်း (၇၅၄)

အဘိုးအိုနှင့် မိန်းမရွယ်

“ပြည်နယ်ကိုးခု ညီလာခံက ရှီဟွာတောင်က လက်ခံ ကျင်းပတာပဲ… အိမ်ရှင်ဖြစ်တဲ့ ကျုပ်က ဒီလိုလုပ်နေစရာ မလိုပါဘူး… ဒါက မင်းတို့ အားလုံးအတွက်ပဲ…” လျူကျောင်းက ပြုံးလျက်ပြောသည်… “လောက ခေါင်းလောင်းကို စမ်းသပ်ချင်တဲ့ ဘယ်သူမဆို စမ်းကြည့်ကြပါ… ပြည်နယ်ကိုးခု ညီလာခံကို ဝင်မပြိုင်နိုင်တဲ့ ရှီတန်ခိုးရှင်တွေ ကလည်း ကိုယ့်ကိုယ်ကိုယ် စမ်းသပ်နိုင်တဲ့ ရှားပါးတဲ့ အခွင့်အရေး တစ်ခုပဲ…”

လူအများအပြားက တိတ်တဆိတ် ခေါင်းညိတ်ကြသည်။ လျူကျောင်း၏ စကားများက မှန်ကန်ပေသည်။ သူတို့၏ လောကဓာတ်များကို တခြားပြည်နယ်မှ တန်ခိုးရှင်များနှင့် နှိုင်းယှဉ်နိုင်ခြင်းက အမှန်ပင် ရှားပါးသော အခွင့်အရေးလည်း ဖြစ်သည်။ ထို့ကြောင့် ရှီတန်ခိုးရှင်များကလည်း စတင်၍ ခေါင်းလောင်းကို သွားရောက် တီးခတ်ကြသည်။ သို့သော်လည်း အများစုက အပျော်သဘော ဖြစ်ရာ ပုံရိပ်များစွာ ထင်ကျန်အောင် မတတ်နိုင်ဘဲ ဖြစ်ရသည်။ ပြည်နယ်ကိုးခု၏ တော်ဝင်မြေမှ လူများသာ လူများကို အံ့အားသင့် စေနိုင်သည်။

ရီဖူရှင်းက အတန်ကြာ ရပ်ကြည့်နေခဲ့ကာ ပြည်နယ်ကိုးခုမှ​ များစွာသော လူများကို မြင်တွေ့ရသည်။ ထိုအထဲတွင် ထူးခြား ထက်မြက်သူ များစွာအား သူမြင်ရသည်။

“သွားစို့…” ရီဖူရှင်းက ပြောသည်။ သူတို့က ပြိုင်ပွဲဝင်ခွင့် တံဆိပ်များ ရရှိပြီးဖြစ်ရာ ရည်မှန်းချက် ပြည့်မီသွားပြီ ဖြစ်သည်။ သူတို့က ပြိုင်ပွဲစသည့်နေ့ကို စောင့်ဆိုင်းရန်သာ ကျန်တော့သည်။

“လမ်းဖယ်ကြပါဦး… လမ်းဖယ်ကြပါဦး…” ထိုအခိုက်တွင် နောက်မှ အသံတစ်သံအား ကြားကြရသည်။ ရီဖူရှင်းက နောက်လှည့် ကြည့်သည်တွင် လူနှစ်ယောက်က လူအုပ်ထဲမှ တိုးလာနေကြသည်ကို မြင်ရသည်။

“ဒီအဘိုးကြီးက ဘာလို့ ဒီလောက် တိုးနေရတာလဲ…” တစ်ယောက်က တီးတိုး မာန်မဲသည်။

“သူက အရမ်း ညစ်ပတ်တာပဲ… သူ ဘာလုပ်နေတာလဲ…” လူအများအပြားက မပျော်မရွှင်သည့်ဟန်ဖြင့် ရေရွက်ကြသည်။ လူနှစ်ယောက်က လူအုပ်ထဲမှ အတင်းတိုးဝှေ့ ဝင်လာကြကာ ရီဖူရှင်း၏အနီးကို ရောက်လာသည်။ ရီဖူရှင်းက သူတို့နှစ်ယောက်အား လှမ်းကြည့်သည်။ တစ်ယောက်ကား အဘိုးအိုတစ်ယောက် ဖြစ်ကာ နောက်တစ်ယောက်ကား မိန်းမငယ်လေး တစ်ယောက်ဖြစ်သည်။ အဘိုးအိုကား စုတ်ပြတ် ဟောင်းနွမ်းနေသော အဝတ်အစားအား ဝတ်ဆင်ထားပြီး အလွန်အမင်း ညစ်ထေးပေသည်။ မိန်းမငယ်လေးကား အသက် ဆယ့်ငါးနှစ်ခန့်မျှသာ ရှိသေးဟန်ရပြီး ရိုးရှင်းကာ အရောင်လွင့်သော အဝတ်အစားအား ဝတ်ဆင်ထားသည်။ သူမကလည်း ရက်ပေါင်းများစွာ ရေမချိုးထားသည့်အလား ညစ်ပတ်ပေရေနေကာ မူလ ရုပ်ရည်ကိုပင် ခန့်မှန်းရ ခက်ပေသည်။

သူတို့နှစ်ယောက်က ရီဖူရှင်း၏ဘေးကို လျှောက်လာ သည်တွင် ရီဖူရှင်းကလည်း မိန်းကလေးကို သံသယ အကြည့်ဖြင့် ကြည့်သည်။ သူ၏မသိစိတ်က တစ်စုံတစ်ခု လွဲမှားနေသည်ကို ခံစားရသည်။

လွတ်လပ်ခြင်း ကျင့်စဉ်ဖြင့် ရီဖူရှင်းက မိန်းမငယ်လေးအား လှမ်းကြည့်သည်။ သို့သော်လည်း ထိုအခိုက်တွင် မိန်းမငယ်လေးက ရီဖူရှင်းကို ရုတ်တရက် ပြန်ကြည့်သည်။ ရီဖူရှင်းက တစ်ဖက်မှ မျက်လုံးကို မြင်သည်တွင် ချက်ချင်း သူ၏ လွတ်လပ်ခြင်း ကျင့်စဉ်အား ပယ်ဖျက် လိုက်သည်။

သူ အလွန်အမင်း အံ့အားသင့်ရသည်။ ဤသည်ကား သူ၏ လွတ်လပ်ခြင်း ကျင့်စဉ်ကို လူမိသွားသည့် ပထမဆုံး အကြိမ်ပင် ဖြစ်သည်။ အလွန်အမင်း အားကောင်းသော ရှီတန်ခိုးရှင်များပင် သူ၏လွတ်လပ်ခြင်း ကျင့်စဉ်အား သတိမထားမိနိုင်ပေ။ သို့သော်လည်း သူမက မည်သို့ သိသွားရသနည်း။ သူမကား ငယ်ရွယ်သော မိန်းကလေး တစ်ယောက်သာ ဖြစ်သည်။ သို့သော် ထိုမိန်းကလေးက အလွန် ထူးဆန်းသော ခံစားချက်အား ပေးနေသည်။

“ဘာဖြစ်တာလဲ…” ဟွာဂျီယူက မေးသည်။

“ကြည့်နေ…” ရီဖူရှင်းက ထွက်မသွားသေးဘဲ ဆက်လက် ကြည့်နေလိုက်သည်။ သူတို့နှစ်ယောက်က အမှန်ပင် လောက ခေါင်းလောင်းထံသို့ ဦးတည် နေကြသည်။

“မင်းတို့ နှစ်ယောက်က ဘာလိုချင်လဲ…” တစ်ယောက်က သူတို့အား မေးသည်။

“ရာရာက ပြည်နယ်ကိုးခု ညီလာခံကို ဝင်ပြိုင်ချင်တယ်…” အဘိုးအိုက ပြောသည်။

လူအများအပြားက ထူးဆန်းစွာ ကြည့်ကြသည်။ သည်အဘိုးအိုက ရူးနေသည်လား။ ရာရာ…. ဘယ်လို နာမည်မျိုးလဲ….။ သို့သော် ဘယ်လောက်တောင် လိုက်ဖက်တဲ့ နာမည်လဲ….။ သည်အူတူတူအတတ ကောင်မလေးက ပြည်နယ်ကိုးခု ညီလာခံကို ဝင်ပြိုင်မည်လား။

လောကခေါင်းလောင်း အနီးတွင်ရပ်နေသော ရှီဟွာတောင် တန်ခိုးရှင်များကပင် သဘောမကျစွာ ပြောသည်… “ဒါက ကစားစရာ နေရာမဟုတ်ဘူး… ထွက်သွားကြပါ…”

“ဒါက ရှီဟွာတောင်က ထုတ်ထားတဲ့ စည်းကမ်း မဟုတ်ဘူးလား… ပြည်နယ်ကိုးခု ညီလာခံကို တက်ရောက်ချင်တဲ့ ဘယ်သူမဆို ခေါင်းလောင်းကို တီးခတ်ရမယ်… သူတို့က ခေါင်းလောင်းသံ မြည်သရွေ့ ညီလာခံကို တက်လို့ရတယ်…” အဘိုးအိုက တည်ငြိမ်စွာ ပြောသည်။

“အဘိုး… ဒါက ရှီဟွာတောင်က တကယ်ပဲ ထုတ်ထားတဲ့ စည်းကမ်းတွေ… ဒါပေမဲ့ အဘိုးက ကိုယ့်ကိုယ်ကိုယ်နဲ့ ကျွန်တော်တို့ကို လေးစားဖို့လိုတယ်… ဒါက ကစားနေတာ မဟုတ်ဘူး…” လျူကျောင်းကလည်း လေးစားစွာ ပြောသော်လည်း သူ၏လေသံတွင် သဘောမကျမှုများ ပါဝင်နေသည်။ အသက် ဆယ့်ငါးနှစ် မိန်းကလေးက ပြိုင်ပွဲဝင်မည်လား။ ဘယ်လို ဟာသမျိုးလဲ….။

“သူတို့က ခေါင်းလောင်းကို တီးကြည့်ချင်မှတော့ ဘာလို့ ပေးမစမ်း ခိုင်းတာလဲ…” ထိုအခိုက် အသံတစ်သံကို ကြားကြရသည်။ လျူကျောင်းက ရီဖူရှင်းကို လှမ်းကြည့်သည်။ တခြား လူများကလည်း သူ့ကို လှမ်းကြည့်သည်။ မြေရိုင်းပြည်နယ် နန်းတော်သခင်က မည်သို့ တွေးနေသနည်း။

မိန်းမငယ်လေးအား ခေါင်းလောင်း တီးခတ် စေသည်လား….။

“ရှင်ကိုယ်တိုင်က ခေါင်းလောင်းကိုတော့ မတီးချင်ဘူး… တခြားလူတွေ တီးတာကိုတော့ ဝင်ပါနေတယ်…” ကျောက်စီရီက ရီဖူရှင်းကို အေးစက်စွာ ပြောသည်။ လျူကျောင်းက သူတို့အား ငြင်းပယ် ပြီးသည့်တိုင် ရီဖူရှင်းက အဘယ်ကြောင့် ဝင်ပြော နေရသနည်း။

“မင်းသမီးစီရီ… နန်းတော်သခင်ရီ ပြောတာ သဘာဝကျတယ်… ဒါက အချိန် သိပ်မကြာပါဘူး… စမ်းကြည့်ပါ…” လျူကျောင်း ကလည်း ပြုံးလျက် ပြောသည်။

အဘိုးအိုက သူ့အား ကြည့်ကာ ပြန်ပြောသည်… “ဒီလိုပဲ ဖြစ်ရမှာပေါ့… ရာရာ… သွားလိုက်…”

“ကောင်းပြီ…” မိန်းမငယ်လေးက ခေါင်းညိတ်ကာ လောက ခေါင်းလောင်းထံကို လျှောက်လာသည်။ ရုတ်တရက် သူမ၏မျက်လုံးက ကြယ်ရောင်အလား တဖျတ်ဖျတ် လင်းလက်သွားပြီး သေးငယ်သော လက်ကလေးကို မြှောက်ကာ ခေါင်းလောင်းအား အသာရိုက်လိုက်သည်။ လူအများအပြားက ထိုမြင်ကာ တွေးမိကြသည်။ သည်မိန်းကလေးက လောက ခေါင်းလောင်းကို ရိုက်ပြီး လက်နာမှာတော့ မဟုတ်ပါဘူးနော်….။

ဒေါင်…

ခေါင်းလောင်းသံ ကျယ်လောင်စွာ ထွက်ပေါ် လာသည်တွင် မရေမတွက်နိုင်သော အကြည့်များက အေးခဲ သွားကြသည်။

တန်ခိုးရှင် လောကတွင် အသက် ဆယ့်ငါးနှစ်ဖြင့် လောကဓာတ်ကို မည်သူက နားလည်နိုင်သနည်း။ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သူတို့က ထိုသို့သော လူကို တစ်ခါမှ မတွေ့ဘူးကြပေ။

သို့သော်လည်း ထိုလူက မည်မျှပင် မြန်ဆန်စွာ တန်ခိုးကျင့်နိုင်ပါစေ… မည်မျှ မြင့်မားသော ပါရမီကို ပိုင်ဆိုင်ထားပါစေ အသက် ဆယ့်ငါးနှစ်ဖြင့် လောကဓာတ်ကို နားလည်ခြင်းက မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့ နားမလည်။

လျူကျောင်းနှင့် သူ့အနီးမှ လူများအားလုံးပင် မှင်တက် နေကြသည်။

ပြည်နယ်ကိုးခုမှ လူများအားလုံးက အလွန်တရာ အသိအမြင် ဗဟုသုတ ကြွယ်ဝကြသူများ ဖြစ်ကြသော်လည်း သူတို့က ဤသို့သော ငယရွယ်သော လောကဓာတ်ပိုင်ရှင်အား မမြင်ဖူးကြပေ။ သူမက အမေဗိုက်ထဲတွင် ရှိကနည်းက တန်ခိုးကျင့် လာသည်များလား။

“မင်းတို့က ဘာကို ကြည့်နေကြတာလဲ… ဘယ်မှာလဲ တံဆိပ်ပြား…” အဘိုးအို၏အသံက အားလုံးကို သတိဝင်လာစေသည်။ လောက ခေါင်းလောင်းဘေးမှ တန်ခိုးရှင်က တံဆိပ်ပြားအား မိန်းမငယ်လေးကို ကမ်းပေးသည်။

“ရာရာ… သွားစို့…” အဘိုးအိုက ပြောသည်။ မိန်းမငယ်လေးက နောက်လှည့်ကာ အဘိုးအို၏ အနီးကို ရောက်လာသည်။

“ခဏနေပါဦး အဘိုး…” လျူကျောင်းက မေးသည်… “အဘိုးနာမည်…” ဤသို့သော တန်ခိုးရှင်က သေချာပေါက် ဇာတ်မြှုပ်နေသော တန်ခိုးရှင်တစ်ယောက် ဖြစ်ရပေမည်။

“အမည်မဲ့…” အဘိုးအိုက ပြောကာ နောက်လှည့် ထွက်သွားသည်။

“အမည်မဲ့…” လျူကျောင်းက ရေရွက်ကာ ဆက်ပြောသည်… “အဘိုးရဲ့နာမည်က တခြားလူတွေထက် ထူဆန်းတာပဲ…”

“အမည်မဲ့ ဆိုတာက နာမည်မရှိတာ… အရူး… ဘယ်လောက် တုံးအလိုက်လဲ…” အဘိုးအိုက လူအုပ်ကြားထဲ တိုးဝှေ့ယမ်းဖြင့် အော်လိုက်သည်။ လျူကျောင်း၏မျက်နှာက အေးခဲသွားသည်။

လူအုပ်ထဲမှ လူများအားလုံးက မသက်မသာ အမူအရာ ဖြစ်လာကြသည်။ ရှီဟွာတောင် လျူကျောင်းကား အရူးဟု အခေါ်ခံလိုက်ရသည်။

အမည်မဲ့ဟု ပြောခြင်းက သူ့တွင် နာမည် မရှိသောကြောင့် ဖြစ်သည်။

ဖူး…

ကျူးကော့မင်းယွီက မဟန်နိုင်တော့ဘဲ ရယ်မောလိုက်သည်။ လျူကျောင်း၏ အကြည့်က သူမထံကို သဘောမကျစွာ ရောက်လာသည်။

“အစ်မ၂… သွားရအောင်…” ရီဖူရှင်းက ပြောသည်။ သူ၏လူများကလည်း ခေါင်းညိတ်ကာ ထိုနေရာမှ ထွက်လာကြသည်။ လမ်းတစ်လျှောက်လုံးကား ကျူးကော့မင်းယွီက ရယ်မောခြင်းကို ရပ်တန့်နိုင်ခြင်း မရှိပေ။ သူမက ပြောသည်… “အဲဒီအဘိုးက တကယ်ပဲ စိတ်ဝင်စားစရာပဲ…”

“အမှန်ပဲ…” ရီဖူရှင်းက မိန်းမငယ်လေး၏အကြည့်ကို ပြန်သတိရမိကာ ပြောသည်။

“မိန်းကလေး… ဘာတွေ ပြောနေတာလဲ…” ထိုအခိုက် အသံတစ်သံကို ကြားကြရသည်။ သူတို့အားလုံး လှမ်းကြည့်သည်တွင် အဘိုးအိုနှင့် မိန်းကလေးတို့က သူတို့ထံကို လျှောက်လာသည်အား မြင်ကြရသည်။

“အဘိုး… ကျွန်မကို ခွင့်လွှတ်ပါ…” ကျူးကော့မင်းယွီက ပြုံးလျက် ပြောသည်။

အဘိုးအိုက သူမအား အေးစက်စွာ တစ်ချက်ကြည့်ပြီးမှ ရီဖူရှင်းကို ကြည့်သည်။ မိန်းကလေးကလည်း ရီဖူရှင်းကို ကြည့်သည်။ သူမက ဖြစ်ခဲ့သည်များအား အဘိုးအိုကို ပြောပြခဲ့ဟန် ရသည်။

“မင်း ဘယ်သူလဲ…” အဘိုးအိုက မေးသည်။

“ကျွန်တော်က မြေရိုင်းပြည်နယ် တော်ဝင်ကျဲ နန်းတော်သခင် ရီဖူရှင်းပါ…” ရီဖူရှင်းက ဦးညွှတ်ကာ ပြောသည်။

“အဓိပ္ပာယ်မရှိတာ… တော်ဝင်ကျဲနန်းတော်က မြေရိုင်းပြည်နယ်ရဲ့ တော်ဝင်မြေပဲ… မြေရိုင်းပြည်နယ်က ဆုတ်ယုတ်နေတယ် ဆိုပေမဲ့ မင်းလို အားနည်းတဲ့သူက ဘယ်လိုလုပ် နန်းတော်သခင် ဖြစ်ရမှာလဲ…” အဘိုးအိုက တော်ဝင်ကျဲနန်းတော်ကို သိသော်လည်း သူ၏သတင်း အချက်အလက်များက အိုဟောင်းနေပြီ ဖြစ်ဟန်ရသည်။

“ကျွန်တော် ပြောနေတာတွေ အားလုံးက အမှန်ပါ…” ရီဖူရှင်းက ပြောသည်။

“သူက နန်းတော်သခင် အသစ်အမှန်ပါ… စီနီယာက ပြင်ပလောက သတင်းတွေကို သိပ်မသိဘူး ထင်တယ်…” ဝမ်ရှင်းကလည်း ပြောသည်။

“ဒါဆိုလည်း…” အဘိုးအိုက စိတ်ဝင်စား သွားဟန်ဖြင့် ရီဖူရှင်းကို ခြေဆုံးခေါင်းဆုံး ကြည့်သည်တွင် ရီဖူရှင်းက ကြက်သီး မွေးညင်းများ ထသွားသည်။

“စိတ်ဝင်စားစရာပဲ…” အဘိုးအိုက တီးတိုးပြောကာ မိန်းမငယ်လေးနှင့်အတူ ထွက်သွားသည်။ ရီဖူရှင်းက သူ၏နောက်ကျောကို ကြည့်ကာ စိတ်ဝင်စားမိသည်။ သည်အဘိုးအိုကား သေချာပေါက် အလွန်အမင်း အားကောင်းပေသည်။ သို့သော်လည်း ပြည်နယ်ကိုးခုမှ လူများက သူ့အား သိခြင်း မရှိကြပေ။

အဘိုးအိုနှင့် မိန်းမငယ်လေးတို့ ထွက်သွားပြီးနောက် လမ်းတစ်နေရာတွင် မိန်းမငယ်လေးက မေးသည်… “ကျေးရွာခေါင်းဆောင်… ကျွန်မတို့က ဒီကို ဘာအတွက် လာတာလဲ…”

“မင်းကို အနိုင်ယူနိုင်တဲ့ လူတစ်ယောက်ကို လိုက်ရှာနေတာ…” အဘိုးအိုက ပြောသည်။

“အာ…” မိန်းမငယ်လေးက ရှေ့ကို ကြည့်ကာ တီးတိုးပြောသည်… “ဒါဆို ဒီခရီးက အလဟဿ ဖြစ်ပြီပေါ့…”

“…” အဘိုးအိုက မိန်းမငယ်လေးအား ဆွံ့အစွာ ကြည့်သည်။ သည်ခရီးက အမှန်ပင် အလဟဿ ဖြစ်မည်လား….။

***

Comment

Leave a Reply

Options

not work with dark mode
Reset