ထိုအခိုက်တွင် အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက် ထွက်လာသည်။ သူ၏အနက်ရောင် ဓာတ်စွမ်းအင်က ခေါင်းလောင်းကို ထိသည်တွင် တစ်ပြိုင်နက်တည်း ပုံရိပ်လေးခု ပေါ်လာသည်။
“ဒီလူ ဘယ်က လာတာလဲ…” တစ်ယောက်က အံ့အားသင့်စွာ ပြောသည်။ ကျောက်မဟာ ပြည်ထောင်မှ မင်းသမီးလေးပင် ပုံရိပ်နှစ်ခုသာ ဖြစ်ပေါ်စေနိုင်သည်။ ထို့အပြင် ဤမတိုင်မီကလည်း ရှီအဆင့်တွင်ရှိသော ချင်ကျောင်းကသာ ပုံရိပ်လေးခု ဖြစ်ပေါ် စေခဲ့ဖူးသည်။
“ခင်ဗျားက ဖုန်းပြည်နယ်ကလား…” လျူကျောင်းက ထိုလူငယ်ကို မေးသည်။
အနက်ရောင်ဝတ်လူက ခေါင်းညိတ်ကာ တံဆိပ်ပြားကို လက်ခံပြီး သူ့လူများထံကို ပြန်သွားသည်။ ထို့နောက် ဖုန်းပြည်နယ်မှ တခြားလူများကလည်း လာရောက် စမ်းသပ်ကာ တံဆိပ်ပြားများကို ရယူကြသည်။ လူအများက သူတို့ထံမှ အလွန် ပြင်းထန်သော အန္တရာယ် အငွေ့အသက်များအား ခံစားမိကြသည်။
“ဒါက လောက ခေါင်းလောင်းပဲ…” လေထံမှ အသံတစ်သံကို ကြားကြရသည်။ လူအများအပြားက အသံလာရာဘက်ကို လှမ်းကြည့်ကြသည်တွင် လူတစ်စု လေထဲမှ ဆင်းသက်လာသည်ကို မြင်ကြရသည်။ ရှေ့ဆုံးမှလူကား ရွှေရောင် မျက်လုံးများကို ပိုင်ဆိုင်ထားသည်။
“သူတို့က ချီပြည်နယ်ရဲ့ တော်ဝင်မြေကပဲ…” တစ်ယောက်က ပြောသည်။
“မှန်တယ်… လောက ခေါင်းလောင်းက တကယ်ပဲ ထူးဆန်းတယ်လို့ ကြားဖူးတယ်… လောကဓာတ်ကို ရင့်ကျက်အောင် နားလည်နိုင်တဲ့သူကမှ ဒီခေါင်းလောင်းကို တီးလို့ရတယ်တဲ့…” အကြီးအကဲ တစ်ယောက်က ပြောသည်။
“ဒါက စိတ်ဝင်စားစရာပဲ…” လူငယ်က ပြုံးလျက် ပြောသည်။ ထို့နောက် သူက ဘေးမှ တစ်ယောက်ကို ပြောသည်… “မင်း သွားစမ်းကြည့်…”
“ကောင်းပြီ…” သူနှင့် ရုပ်ချင်းဆင်ကာ ပိုမို ငယ်ရွယ်ဟန်ရသော လူငယ်က ခေါင်းညိတ်သည်။ ထိုလူငယ်ကား နိုဘယ်အဆင့်တွင် ရှိကာ ခေါင်းလောင်းထံသို့ ဦးတည်လိုက်သည်။ ထိုအခိုက်တွင် အလင်းတစ်ချက်နှင့်အတူ သူက နေရာမှ ပျောက်သွားသည်။
ဒေါင်…
ကြည်လင် ပြတ်သားသော အသံနှင့်အတူ ခေါင်းလောင်းကို အားလုံးက ထိတ်လန့်စွာ ကြည့်ကြသည်။ လောက ခေါင်းလောင်းမှ ပုံရိပ်ငါးခု ဖြစ်ပေါ်လာသည်။
ဘယ်လောက်တောင် အားကောင်း လိုက်သလဲ…။ သူကား နိုဘယ်မျှသာ ရှိသေးသော်လည်း ထိုမျှ အားကောင်း နေလေပြီ။
သူ့ခန္ဓာကိုယ်မှ အလင်းက ဘာလဲ….။ အလင်းတစ်ချက်မျှဖြင့် ပျောက်ကွယ်သွားကာ ခေါင်းလောင်းသံကို ကြားကြရသည်။ တိုက်ပွဲတွင် ထိုမျှ မြန်သောလူနှင့် သူတို့က မည်သို့ တိုက်ခိုက်မည်နည်း။
“ချီပြည်နယ် တော်ဝင်မြေ… တော်ဝင် အလင်းနန်းတော်…” လျူကျောင်းက ရောက်လာသောလူကို ကြည့်ကာ ပြောသည်။ သူက လေထဲမှ ဆယ်ကျော်သက် လူငယ်ကို ပြုံးလျက်ကြည့်သည်။ ပြည်နယ်ကိုးခုထဲတွင် နွေဦးပြည်နယ်ကား အင်အား အကြီးဆုံးဖြစ်ကာ ချီပြည်နယ်က ဒုတိယ လိုက်ပေမည်။
ချီပြည်နယ် တော်ဝင် အလင်း နန်းတော်ကား အလွန် အားကောင်းသော အင်အားစုဖြစ်ကာ ပြည်နယ်ကိုးခု အင်အားစုများထဲတွင် ထိပ်ဆုံး ငါးနေရာ၌ ရှိပေမည်။
လျူကျောင်းက ရှေ့ဆုံးမှ ဆယ်ကျော်သက် လူငယ်က မည်သူဖြစ်သည်ကို ခန့်မှန်းမိသည်။ ဆယ်ကျော်သက် လူငယ်ကလည်း သူ့အား တောက်ပသော မျက်လုံးများဖြင့် ကြည့်သည်။ သူက တစ်ဖက်လူ မည်သူဖြစ်ပါက အကြည့်ကို မလွှဲပေ။ အကြည့်တွင် လုံးဝဥဿုံမာန တစ်ခု ပါဝင်နေကြောင်း လျူကျောင်း နားလည်လိုက်သည်။
“ပြည်နယ်ကိုးခုက တကယ်ပဲ ပုန်းကွယ်နေတဲ့ ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပဲ… ကြည့်ရတာ ပြည်နယ်ကိုးခု ညီလာခံက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာနေပြီ…” ရီဖူရှင်းက သူ့ဘေးမှ လူများကို ကြည့်ကာ ပြောသည်။
စုချွဲကလည်း တစ်ဖက်လူ၏အမြန်နှုန်းက သူ့ထက် ကောင်းသည်ကို ခံစားမိသည်။ သူကသာ ထိုလူငယ်နှင့် တိုက်ခိုက်ရပါက အနိုင်ရရန် မျှော်လင့်ချက် နည်းပေသည်။
“လျူကျောင်း… မင်းရော မစမ်းကြည့်ဘူးလား…” ထိုအခိုက်တွင် ကောင်းကင်ထက်မှ အသံတစ်သံကို ကြားကြရသည်။ အားလုံးက အပေါ်ကို မော့ကြည့် လိုက်သည်တွင် လျူကျောင်းကို လက်ပိုက်၍ ပြောလိုက်သော လူငယ်တစ်ယောက်အား မြင်ကြသည်။
ဟန်ယွီ။ လူအုပ်က သူ့အား မြင်သည်တွင် အံ့အားသင့် သွားကြသည်။ သူပင်လျှင် ရောက်လာသည်။
လျူကျောင်းကလည်း ပြုံးလိုက်သည်။ အရှေ့ဘက်ပြည်နယ်၌ ဟန်ယွီ၏နာမည်ကား သူ့ထက် နိမ့်ခြင်းမရှိပေ။ သူတို့နှစ်ယောက်ကား တူညီသော အဆင့်အတန်းရှိကာ အမြဲတမ်းအားဖြင့် နှိုင်းယှဉ်ခံကြရ သူများလည်း ဖြစ်ကြသည်။ လျူကျောင်းအား ရှန့်ထိုသုံးပါးက လက်ထပ် သင်ကြားပေးကာ ရှန့်ထို ဖြစ်မည့်သူဟု ကျော်ကြားပြီး ဟန်ယွီကား တစ်ဖက်တွင် အရှေ့ဘက်ပြည်နယ် ကောင်းကင်ရှန့်ထို၏ တစ်ဦးတည်းသော ဆက်ခံသူလည်း ဖြစ်သည်။
အကယ်၍ တစ်စုံ တစ်ယောက်က ဂိုဏ်းတစ်ခုခုအား ရွေးချယ်ရပါက ထိုလူက ရှီဟွာတောင်ကို ရွေးမည်ဖြစ်သည်။ အကယ်၍ ထိုလူက ဆရာ တစ်ယောက်အား ရွေးရပါက ကောင်းကင် ရှန့်ထိုအား သေချာပေါက် ရွေးပေမည်။
ကောင်းကင်ရှန့်ထိုက အလွန်အမင်း အားကောင်းသလို သူ့တွင်လည်း တပည့် တစ်ယောက်တည်းသာ ရှိပေသည်။ ကောင်းကင်ရှန့်ထို၏ တစ်ဦးတည်းသော တပည့်ဟူသော စကားလုံးက မည်မျှ အရှိန်အဝါ ကြီးမားသည်ကို အားလုံးက သိကြသည်။
ဟန်ယွီကား ကောင်းကင် ရှန့်ထို၏ တစ်ဦးတည်းသော တပည့်ဖြစ်သည်။
“မင်း စမ်းကြည့်ချင် တာလား…” လျူကျောင်းက ဟန်ယွီကို ကြည့်ကာ မေးသည်။
ဟန်ယွီကလည်း လက်ပိုက်၍ပင် ပြုံးလျက် ပြန်ဖြေသည်… “ဘာလို့ မစမ်းကြည့်ရမှာလဲ…”
လူအုပ်က သူ၏စကားများကို ကြားသည်တွင် မျက်လုံးများ မြင့်တက် သွားကြသည်။ ဟန်ယွီကား ခေါင်းလောင်းကို တီးခတ်ပေဦးမည်။
“ကြည့်ရအောင်…” လျူကျောင်းကလည်း နောက်ကို ဆုတ်ပေးကာ ပြောသည်။ သူ့အနီးမှအကြီးအကဲများ ကလည်း နောက်ကို ဆုတ်ပေးကြသည်။
ထိုအခိုက်တွင် မရေမတွက်နိုင်သော အကြည့်များက ဟန်ယွီထံကို ရောက်လာသည်။ သူ့ခန္ဓာကိုယ်တွင် ရွှေရောင် အလင်းမျှင်လေးများကို တွေ့ကြရသည်။
အာကာသဓာတ်….။ လူအများအပြားက ထိတ်လန့်တကြား တွေးမိကြသည်။ ထို့အပြင် ဤအာကာသဓာတ်က ပိုမို၍ အဆင့်မြင့်သည်။ ကောင်းကင်ရှန့်ထိုကား အာကာသဓာတ်တွင် အထူးပြုကာ အရှေ့ဘက်နယ်၏ ကြောက်စရာ အကောင်းဆုံး ရှန့်ထိုလည်း ဖြစ်သည်။ သူ၏တပည့်ကလည်း သူ့စွမ်းရည်များကို ကောင်းကောင်း ဆက်ခံထားသည်။
ကျိရှမ်းကမ်းပါးမှ ချင်ကျောင်းက ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်းကလည်း အာကာသဓာတ်အား နားလည် ထားသည်ကို သူသိသည်။
သူ့ခန္ဓာကိုယ်အနီးမှ အာကာသဓာတ်က မုန်တိုင်းအသွင်ဖြင့် ခေါင်းလောင်းကို သွားရောက် ရိုက်ခတ်သည်။
ဒေါင်…
ပေါက်ကွဲသံကဲ့သို့ ခေါင်းလောင်းသံကြီးကို ကြားရကာ ပတ်ဝန်းကျင် တစ်ခုလုံးကို အသံလှိုင်းက ရိုက်ခတ် သွားသည်။ ဆက်တိုက်ပင် ဗာမီလီယန် မီးတောင်ငှက်၏ အော်သံနှင့် ကျားအော်သံများ ထွက်လာသည်။
လောက ခေါင်းလောင်း၌လည်း ပုံရိပ်ခုနစ်ခု ထင်လာသည်။
“ဘယ်လောက်တောင် အားကောင်းလိုက်လဲ…” မရေမတွက်နိုင်သော လူများက ဟန်ယွီကိုကြည့်ကာ မှတ်ချက်ချကြသည်။ ပုံရိပ်ခုနစ်ခုမျှ ပေါ်လာသည်။ မည်မျှ အားကောင်းသော လောကဓာတ် ပေနည်း။ ဆိုလိုသည်က တန်ခိုး အဆင့်တူချင်း တိုက်ခိုက်ပါက သူကား အဆင့်မြင့်သော လောကဓာတ်ကြောင့်ပင် ရန်သူကို အလွယ်တကူ အနိုင်ရနိုင်သည် ဟူ၏။
သည်နေရာတွင် လောက ခေါင်းလောင်း၌ ပုံရိပ်သုံးခု ထင်အောင်ပင် မလုပ်နိုင်သော စွမ်းအားမြင့် ရှီတန်ခိုးရှင်များ မရေမတွက် နိုင်အောင် ရှိပေသည်။ ဤသို့ လုပ်ရန်ကား ထိပ်သီး ပါရမီရှင်များသာ တတ်နိုင်သည်။
“အရမ်း ကောင်းတယ်…” လျူကျောင်းက ဟန်ယွီကို ကြည့်ကာ ချီးကျူးသည်… “မင်းရဲ့ အာကာသဓာတ်က အရင်ကထက် အားကောင်း လာတယ်… မင်းလိုပြိုင်ဘက်မျိုး ဘယ်သူကမှ တွေ့ချင်မှာ မဟုတ်ဘူး…”
လူအများအပြားက လျူကျောင်း၏ စကားကိုကြားကာ သူ့အား ကြည့်ကြသည်။ ရှန့်ထိုများ၏တပည့်များက အချင်းချင်း ချီးကျူး နေကြသော်လည်း လျူကျောင်း ကိုယ်တိုင်ကရော။ သူကိုယ်တိုင်က မစမ်းသပ် ကြည့်တော့ဘူးလား….။ အနည်းဆုံး သူက ဟန်ယွီထက် အားနည်းမည် မဟုတ်ပေ။
“မင်း မစမ်းကြည့်တော့ ဘူးလား…” ဟန်ယွီက လျူကျောင်းကို ကြည့်ကာ မေးသည်။
***