တိုက်ခိုက်ရေးအသင်းဂေဟာ၏ ဒုတိယထပ်မှ အသံများမှာ အလွန် ကျယ်လောင်နေ၏။ ဝမ်ပေါင်လဲ့က သူတို့အားလုံး၏ အသိစိတ်များထဲသို့ လက်ချောင်းများကို လှန်ချိုးကာ လက်ကောက်ဝတ်များကို လိမ်ချိုးပြီး ပေါင်ကြားများကို ကန်ကျောက်သည့် ယုန်ဖက်တီးတစ်ယောက်၏ ပုံရိပ်ကို စွဲထင်နေအောင် ရိုက်သွင်းပေးလိုက်ပြီဖြစ်သည်။
သူ၏ တိုက်ရည်ခိုက်ရည်များကြောင့် လူများမှာ ကြောက်ဒူးတုန်နေကြရသည်ဖြစ်ပြီး တချိန်တည်းမှာပင် သူ၏ အပြုအမူများကြောင့် အလွန်တရာ မုန်းတီးနေကြပြီဖြစ်သည်။ သူ၏ ပေါင်ကြားများကို ကန်ကျောက်သည့် ပုံရိပ်များကြောင့် လူများစွာ ဦးရေခွံများ ထုံကျဉ်နေကြရပြီ ဖြစ်သည်။ သူတို့က ထိုနာကျင်မှုကို စာနာနိုင်သောကြောင့် ထိုတိုက်ကွက်မှာ လုံးဝအရှက်မရှိသော တိုက်ကွက်တစ်ခုဖြစ်ကြောင်း သတ်မှတ်ထားကြတော့သည်။
သူတို့၏ အမြင်တွင် လက်ချောင်းများကို လှန်ချိုးခြင်းနှင့် လက်ကောက်ဝတ်များကို လိမ်ချိုးခြင်းတို့မှာ အောက်တန်းကျသော လူရမ်းကားလုပ်ရပ်များသာ ဖြစ်သည်ဟု မှတ်ယူထားကြသည်။ သို့သော် ပေါင်ကြားများကို ကန်ကျောက်ခြင်းမှာမူ ပို၍ပင် လက်ခံနိုင်ဖွယ်ရာမရှိပေ။
ပို၍ဆိုးသည်မှာ သူသည် အလွန် နှုတ်သွက်နေခြင်း ဖြစ်သည်။ သူက တိုက်ခိုက်ရေးကွင်းထဲမှနေ၍ လူအုပ်ကြီးကို ရန်စကာ စိန်ခေါ်ခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် သူ့ဒဏ်ကို ခံခဲ့ရသူများ၏ လှုံ့ဆော်မှုများကြောင့် သူ့အား လူများစွာက အထင်အမြင်သေးနေကြပြီ ဖြစ်သည်။
လူတိုင်း၏ အမြင်တွင် ဝမ်ပေါင်လဲ့မှာ လိမ်လည်လှည့်ဖျားတတ်ပြီး အလွန် အရှက်မရှိသော လုပ်ရပ်များကိုသာ လုပ်တတ်သည့် လူမလေး ခွေးမခန့်တစ်ယောက်သာ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့က အလွန် အရှက်မရှိသော တိုက်ပွဲသုံးပညာရပ်တစ်ခုဟု လူတိုင်း သတ်မှတ်ထားသည့် သိုင်းကွက်ကို အသုံးပြု၍ ဖွံ့ထွားသွေးကြောအဆင့်ရှိ ဝါရင့်တစ်ယောက်ကို အနိုင်ယူခဲ့သည်။ ထို့ကြောင့် သူတို့၏ အယူအဆ သတ်မှတ်ချက်အားလုံး ပြိုလဲပျက်စီးသွားရတော့သည်။ ထိုအခိုက်အတန့်တွင် သူတို့၏ အထင်အမြင်သေးမှုများ အားလုံး တုန်လှုပ်ချောက်ချားမှုများ အဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။
” သူ…. သူက တကယ့်ကို ဖွံ့ထွားသွေးကြောအဆင့်မှာရှိတဲ့ လူတစ်ယောက်ကို အနိုင်သွားခဲ့တာပဲ ”
” ဘုရားရေ။ လက်ချောင်းတွေကို လှန်ချိုး၊ လက်ကောက်ဝတ်တွေကို လိမ်ချိုးပြီး ပေါင်ကြားတွေကို ကန်ကျောက်တဲ့ အရှက်မရှိတဲ့ တိုက်ပွဲသုံး ပညာရပ်တစ်ခုက ဒီလောက်အထိ ဖြုံစရာကောင်းတဲ့ အစွမ်းမျိုးကို ထုတ်နိုင်စွမ်း ရှိနေတာပဲ ”
ပင့်သက်ရှိုက်သံများ အဆက်မပြတ်ပေါ်ထွက်လာပြီးနောက် အုတ်အော်သောင်းနင်း ဖြစ်သွားကျတော့သည်။ ထိုတိုက်ခိုက်ရေးအသင်းဂေဟာသို့ လာနေကျဖြစ်သည့် ဧည့်သည်များမှာ ရှေးဟောင်းသိုင်းပညာ ဝါသနာအိုးများ ဖြစ်ကြသည်။ သူတို့၏ နှလုံးသားများထဲတွင် တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ လုံးဝမရှိကြပေ။ တိုက်ကွက်တစ်ကွက်မှာ အသုံးဝင်မည်ဆိုပါက ၎င်းအား အတိုင်းအတာတစ်ခုအထိ လက်ခံပေးနိုင်ကြသည်။
ဝမ်ပေါင်လဲ့၏ ပညာရပ်မှာ အရှက်မရှိပါသော်လည်း ဤတိုက်ပွဲက ထိုပညာရပ် အသုံးဝင်ကြောင်း သက်သေပြလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် ဂေဟာ၏ ဒုတိယထပ်ရှိ လူများစွာ စိတ်နှလုံး လှုပ်ရှားသွားကြပြီး မှင်တက်နေကြရတော့သည်။
တချို့မှာ ဝိညာဉ်ကျောက်တုံးများကိုပင် သုံးစွဲကာ ဝမ်ပေါင်လဲ့တိုက်ခိုက်ခဲ့သည့် ရာဂဏန်းခန့်ရှိသော တိုက်ပွဲများအား မှတ်တမ်းတင်ထားသည့် ရုပ်သံများကို လိုက်လံရှာဖွေနေကြ၏။ ထို့နောက် ထိုမှတ်တမ်းတင်ထားသော ရုပ်သံများကို သူတို့ စတင် လေ့လာနေကြတော့သည်။ ဒုတိယထပ်တွင် လူများစွာရှိနေသည့်အပြင် ကျိုးလု၏ ပါဝင်ပတ်သက်နေမှုလည်း ရှိနေသေးသည်ဖြစ်ရာ ယုန်ဖက်တီး၏ သတင်းများမှာ ချက်ချင်းပင် ပျံ့နှံ့သွားတော့သည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့က ကောင်းကင်တာအိုကျောင်းသို့ ပြန်ရောက်နေပြီဖြစ်သည်။ သူသည် တစ်ရက်တိတိ လေ့ကျင့်လိုက်ပြီးနောက် ပေါင်ကြားကန်ကျောက်ခြင်း ပညာအား ပို၍နားလည်လာပြီဖြစ်ကြောင်း ရိပ်မိသွား၏။ ထို့ကြောင့် သူသည် ပုံရိပ်ယောင်နယ်မြေထဲသို့ ထပ်၍ဝင်သွားလိုက်ပြီး စီနီယာလေ့ကျင့်ဖော်နှင့် လေ့ကျင့်နေလိုက်တော့သည်။
ထိုသို့ဖြင့် အချိန်များကုန်ဆုံးသွား၏။ ပုံရိပ်ယောင်နယ်မြေထဲတွင် ဝမ်ပေါင်လဲ့၏ အော်ဟစ်သံများ ပဲ့တင်ထပ်နေပါသော်လည်း ယခင်ကလောက် ခဏခဏ အော်ဟစ်နေခြင်း မရှိတော့ပေ။
အပြင်ဘက်တွင်မူ ယုန်ဖက်တီး၏ သတင်းများမှာ အမြန်ဆုံးနည်းဖြင့် ပျံ့နှံ့နေပြီ ဖြစ်သည်။
ယုန်ဖက်တီး၏ ဂုဏ်သတင်းကျော်စောမှုမှာ ဂေဟာတွင်သာ ရပ်မနေတော့ပေ။ ထိုနေ့က ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများစွာလည်း ထိုဂေဟာတွင် ရှိနေခဲ့ကြသည်။ သူတို့က အံ့ဩတုန်လှုပ်နေရာမှ အသိစိတ် ပြန်ဝင်လာပြီးနောက် စုံစမ်းစစ်ဆေးမှုများလုပ်ကာ လေ့လာနေကြတော့သည်။
ထို့ကြောင့် တာအိုကျောင်း၏ ဝိညာဉ်ကွန်ရက်ပေါ်တွင်ဖြစ်စေ၊ ပြည်ထောင်စုတစ်ခုလုံးနှင့် ချိတ်ဆက်ထားသည့် ဝိညာဉ်ကွန်ရက်ပေါ်၌ဖြစ်စေ ဝမ်ပေါင်လဲ့ တိုက်ခိုက်ခဲ့သည့် ရုပ်သံများစွာ စတင် ပေါ်ပေါက်လာကြတော့သည်။
ထိုရုပ်သံတစ်ပုဒ်ချင်းစီတိုင်းက ကြည့်ရှူသူ တစ်ယောက်တလေပင် မရှိသည့်အနေအထားမှ ဟိုလေးတကျော်ကျော်ဖြစ်သွားသည့် အနေအထားထိ ရောက်ရှိသွားကြ၏။ ထိုရုပ်သံများကို ကြည့်လိုက်ကြသည့် လူတိုင်း ပင့်သက်များ ရှိုက်သွားရသည်သာ ဖြစ်သည်။ သူ့အား စိန်ခေါ်ခဲ့သည့်လူများဆိုလျှင် ပို၍ပင် ဆိုးနေ၏။ ထိုရုပ်သံမှတ်တမ်းအား ပြန်၍ ကြည့်မိလိုက်ကြသောအခါ သူတို့ ခံစားခဲ့ရသည့် နာကျင်မှု ဝေဒနာများကို ပြန်၍ အမှတ်ရသွားကြသဖြင့် ၎င်းတို့အား ပို၍ပင် အလေးထားကာ လေ့လာနေကြတော့သည်။
ထိုရုပ်သံမှတ်တမ်းများမှာ အချိန်တိုအတွင်း အလျင်အမြန် ပျံ့နှံ့သွားကြသဖြင့် ၎င်းတို့အား လေ့လာရေးသင်ထောက်ကူအဖြစ် အသုံးပြုနေကြသည့် လူများလည်း ပို၍ပင် များပြားလာရတော့သည်။ ရှေးဟောင်းသိုင်းပညာများထဲတွင် ရစ်ပတ်ခြင်းပညာရပ်များကို လိုက်လံရှာဖွေနေသည့် လူများပင် ပေါ်လာကြသည်။ အမှန်တွင် ၎င်းမှာ မူရင်းဖြစ်ပြီး ဝမ်ပေါင်လဲ့ လေ့လာခဲ့သည့် ပညာရပ်မှာ အထူးပြုပြင်မွမ်းမံထားသည့် ပညာရပ်တစ်ခု ဖြစ်နေသည်မှာ အသိအသာပင်။ ထို့နောက် ထိုပညာရပ်အား ဝါးမျိုခြင်းသစ်စေ့၏ အစွမ်းနှင့် ပေါင်းစည်းလိုက်သောအခါ တမူထူးခြားသော ရစ်ပတ်ခြင်းပညာရပ်တစ်ခု ထွက်ပေါ်လာခြင်း ဖြစ်သည်။
တချို့သောအရာများမှာ အစနှင့်အဆုံး ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားကြသည်။ ဥပမာဆိုရလျှင် ဝမ်ပေါင်လဲ့ အသုံးပြုခဲ့သည့် ပညာရပ်ကို အခြားသူများက အရှက်မရှိသော ပညာရပ်တစ်ခုအဖြစ် မသတ်မှတ်ကြတော့သည့်အပြင် ၎င်းမှာ သိုင်းပညာရပ်တစ်ခုပင် ဖြစ်လာပြီ ဖြစ်သည်။
” သိုင်းပညာဆိုတာ ဒါမှ အစစ်ကွ ”
” သိပ်ဟုတ်တာပေါ့ကွာ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်တုန်းက သိုင်းပြိုင်ပွဲတွေဆိုတာ ဖျော်ဖြေရေးသက်သက်ပဲ ရှိခဲ့တာ။ အခု ငါတို့ရဲ့ ကမ္ဘာကြီးမှာ သိုင်းပညာဆိုတာ အန္တရာယ်တွေနဲ့ ရောပြွမ်းနေပြီ။ ရှင်မလား၊ သေမလားဆိုတာကို ဆုံးဖြတ်ပေးနိုင်တဲ့ တိုက်ပွဲတစ်ခု ဖြစ်နေပြီ ”
” မင်းပြောတာ အဓိပ္ပါယ်ရှိတယ်။ သေရေးရှင်ရေးနဲ့ ကြုံရတဲ့အချိန်ရောက်ရင် ဘယ်သူကမှ လက်ချောင်းတွေကို လှန်ချိုးမလား၊ ပေါင်ကြားတွေကို ကန်ကျောက်မလား ဂရုစိုက်နေမှာမဟုတ်ဘူး။ အဲဒီလို လိုက်ပြီး ဂရုစိုက်နေရင် စာအုပ်ကြီးအတိုင်း လိုက်လုပ်သလို ဖြစ်နေမှာပေါ့ ”
ထိုကဲ့သို့ အတွေးအမြင်များ ပျံ့နှံ့လာပြီး ဝမ်ပေါင်လဲ့ဘက်မှ ရပ်တည်ပေးနေသည့်ပုံပေါ်သော အဖွဲ့အစည်းများပင် ရှိနေကြပြီ ဖြစ်သည်။ ထိုအဖွဲ့အစည်းများအားလုံးက ကောက်ကာငင်ကာ ပေါ်ပေါက်လာကြခြင်းဖြစ်သည်။ သူတို့က ဝိညာဉ်ကွန်ရက်ပေါ်တွင် ဝမ်ပေါင်လဲ့၏ လုပ်ရပ်များကို စိတ်အားထက်သန်စွာ ထောက်ခံနေကြ၏။
သိပ်မကြာခင် ယုန်ဖက်တီး၏ သတင်းများမှာ ကောင်းကင်မြို့တော်တစ်ခွင် ပျံ့နှံ့သွားတော့သည်။
ထိုအခြင်းအရာများ အားလုံးကြောင့် ရစ်ပတ်ခြင်းပညာရပ်များကို လေ့လာနေကြသည့် လူအရေအတွက် ပို၍ပင် များပြားလာ၏။ တိုက်ခိုက်ရေးအသင်းဂေဟာထဲတွင် လက်ချောင်းများလှန်ချိုးကာ လက်ကောက်ဝတ်များလိမ်ချိုးပြီး ပေါင်ကြားများကို ကန်ကျောက်နေကြသည့် လူများဖြင့်ပြည့်နှက်နေသော တိုက်ခိုက်ရေးကွင်းများပင် ရှိနေကြပြီဖြစ်သည်။ ထိုပညာရပ်ကို အထင်အမြင်သေးကြသူများ ရှိနေဆဲဖြစ်သော်လည်း ၎င်းမှာ တဖြည်းဖြည်းနှင့် ခေတ်ရေစီးကြောင်းတစ်ခုဖြစ်လာ၏။ သို့သော် တိုက်ခိုက်ရေးအသင်းဂေဟာမှာ ချက်ချင်းဆိုသလိုပင် ပေါင်ကြားကန်ကျောက်ခြင်းကို ပိတ်ပင်သော တားမြစ်ချက်တစ်ခုကို ကြေညာလိုက်သည်။
ထိုကြေညာချက်မှာ ရစ်ပတ်ခြင်းပညာရပ်အား အသိအမှတ်ပြုလိုက်သည့် သဘော သက်ရောက်သွား၏။ ထို့ကြောင့် လက်ချောင်းများကို လှန်ချိုးသည့် ပညာရပ်နှင့် လက်ကောက်ဝတ်များကို လိမ်ချိုးသည့် ပညာရပ်များကို စိတ်အားထက်သန်စွာ လေ့လာနေကြသူများ ပို၍ပင် များလာရတော့သည်။
ရစ်ပတ်ခြင်းပညာရပ်များမှာ အသုံးဝင်နေဆဲပင်။ ထိုပညာရပ်များမှာ ဝမ်ပေါင်လဲ့၏ ဝါးမျိုခြင်းသစ်စေ့၏ ကြောက်မက်ဖွယ်ရာ အစွမ်းသတ္တိများကို မပိုင်ဆိုင်ထားကြပါသော်လည်း အတိုင်းအတာတစ်ခုအထိတော့ အစွမ်းထက်နေဆဲပင်။
ထို ခေတ်ရေစီးကြောင်းမှာ တဖြည်းဖြည်းနှင့် ကောင်းကင်တာအိုကျောင်းဆီသို့ ပျံ့နှံ့လာတော့သည်။ သိုင်းပညာဌာနမှ ကျောင်းသားတချို့ဆိုလျှင် ထိုပညာရပ်အား လေ့ကျင့်နေကြပြီဖြစ်သည်။ အထူးသဖြင့် အဖေဟု ခေါ်ရန် ဝမ်ပေါင်လဲ့၏ ကြိမ်ဖန်များစွာ အတင်းအကျပ် ဖိအားပေးခံခဲ့ရသည့် လူငယ်လေးက သူ၏ လေကျင့်ရေးအခန်းထဲ၌ ရုပ်သံမှတ်တမ်းများကိုလေ့လာကာ ရစ်ပတ်ခြင်းပညာရပ်အား အရူးအမူး လေ့ကျင့်နေတော့သည်။
” ငါ မင်း ဘယ်သူလဲဆိုတာ ရအောင် ဖော်ထုတ်ပြမယ်။ အဲဒီအချိန်ရောက်ရင် လုကျစ်ဟောက်ဆိုတဲ့ ငါ့ကို အဖေလို့ မခေါ်ခေါ်အောင် လုပ်မယ်လို့ ငါ ကျိန်ဆိုတယ် ”
ထိုလူငယ်လေးမှာ ထိုကဲ့သို့ အရူးအမူး လေ့ကျင့်နေစဉ် တိုက်ခိုက်ရေးအသင်းဂေဟာထဲ၌ ကြီးကျယ်ခမ်းနားသော အခန်းတစ်ခန်းထဲရှိ ပြတင်းပေါက်၏ဘေးတွင် ထို ရုပ်သံမှတ်တမ်းများကို ကြည့်ရှုနေသော ကျိုးလုမှာလည်း ထိုကဲ့သို့ပင် လေ့ကျင့်နေ၏။
ထိုအခန်းမှာ အလွန် ခမ်းနား၏။ ထိုအခန်းထဲမှနေ၍ ကောင်းကင်မြို့တော်၏ တစ်ဝက်နီးပါးကို လှမ်း၍ ကြည့်နိုင်သည်။ ရစ်ပတ်ထွေးယှက်နေသည့် တိမ်တိုက်များ၏ကြားတွင် ထိုမြို့တော်ကြီးမှာ နတ်ဘုံနှင့်ပင် တူနေသည်။
ထိုအခန်းထဲရှိ အလှအပ အဆင်တန်ဆာများမှာ ပို၍ပင် အဆင့်မြင့်နေ၏။ အရာဝတ္ထုပစ္စည်းတိုင်းမှာ အလွန် စျေးကြီးသည့်ပုံ ပေါက်နေကြသည်။
ထိုကြီးကျယ်ခမ်းနားလှသည့် အခန်းထဲတွင်ရှိနေသော ကျိုးလုမှာ အိမ်နေရင်း အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဝမ်ပေါင်လဲ့၏ ရုပ်သံမှတ်တမ်းများကို ပြသနေသော ဖန်းသားပြင်တစ်ခုကို စိုက်ကြည့်နေ၏။
ခန္ဓာအချုပ်အနှောင်အဆင့်တွင်ရှိသော လူတစ်ယောက်ကို ရှုံးနိမ့်သွားခဲ့ရသည့်အပြင် တင်ပါးများပါ အကန်ခံလိုက်ရသည့်အတွက် သူမမှာ စိတ်ဓာတ်များ ရိုက်ချိုးခံလိုက်ရသလို ဖြစ်နေ၏။ ထို့ကြောင့် သူမ၏ နဂိုထဲက မောက်မာဝင့်ကြွားသော စိတ်မှာ ရူးသွပ်လုမတတ် ဖြစ်နေရတော့သည်။
ထိုရစ်ပတ်ခြင်းပညာရပ်အား ကြည့်ရှုနေပါသော်လည်း လေ့လာရန် သူမ စိတ်ကူးမရှိပေ။ ထိုပညာရပ်အား တန်ပြန်တိုက်ခိုက်နိုင်မည့် နည်းလမ်းအားလုံးကို ရှာဖွေရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။
သို့သော် ထိုရုပ်သံမှတ်တမ်းထဲမှ ပုံရိပ်များကြောင့် ချက်ချင်းဆိုသလိုပင် သူမကိုယ်သူမ မထိန်းချုပ်နိုင်ဘဲ ဖြစ်သွားပြီး လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလိုက်တော့သည်။ ထိုအချိန်တွင် ကောင်းကင်မြို့တော်ရှိ တိုက်ခိုက်ရေးအသင်းဂေဟာ၏ ဥက္ကဌဖြစ်သော သူမ၏ ဖခင်ဖြစ်သူမှာ အခန်းထဲသို့ဝင်လာ၏။
သူသည် သူ့သမီးဖြစ်သူ၏ ဒေါသတကြီးဖြစ်နေသော မျက်နှာကို မြင်လိုက်ရသောအခါ ခပ်ယဲ့ယဲ့ပြုံးကာ သက်ပြင်းချလိုက်တော့သည်။
” လုလု။ သမီး ဘာလို့ အခုလို ဒေါသတွေ ထွက်နေရတာလဲ ”
ထိုဥက္ကဋ္ဌကြီးမှာ အသက်လေးဆယ်ကျော်ရှိသည့်ပုံ ပေါက်နေ၏။ သူသည် အရပ်မြင့်ကာ ထောင်ထောင်မောင်းမောင်းရှိပြီး သူ၏ ခေါင်းပေါ်တွင် ဆံပင်ဖြူ အနည်းငယ်ခန့် ပေါက်နေပါသော်လည်း ရှေးဟောင်းသိုင်းအဆင့်တွင် ရှိမနေတော့ပေ။ သူသည် သာမန်လူသားများထက် သာလွန်နေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး အကဲမခတ်နိုင်လောက်အောင် ထူးဆန်းနေပြီဖြစ်သည်။
” ဖေဖေ။ သမီးကို အဲ့သောက်ယုန်ဖက်တီးက ဘယ်သူလဲဆိုတာ ပြောပြမှာလား၊ မပြောပြဘူးလား ”
ကျိုးလုမှာ သူမဆီသို့ ချဉ်းကပ်လာသည့် ဖခင်ကို ကြည့်လိုက်၏။ သူမ ထိုကဲ့သို့ ဂျီကျသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။
” ရပ်တန်းကရပ်တော့ လုလု။ အဖေတို့ဆီလာတဲ့ ဧည့်သည်တွေရဲ့ လုံခြုံမှုဆိုတာ အဖေတို့ ဂေဟာရဲ့ အခြေခံအုတ်မြစ်ပဲ။ ဒီ စည်းမျဉ်းကို ဖောက်လို့မရဘူး။ သမီးလည်း မကြာခင် စစ်တပ်ကို အကြောင်းပြန်ရတော့မှာလေ။ ဒီတော့ ဘာမှမလိုအပ်ဘဲ ရေးကြီးခွင်ကျယ် လုပ်မနေနဲ့တော့ ”
ဥက္ကဌကြီးမှာ မတတ်သာသည့် အမူအရာဖြင့် ခေါင်းယမ်းကာ သူမအား နှစ်သိမ့်လိုက်သည်။ သူ၏သမီးဖြစ်သူမှာ ဒေါသအမျက်ချောင်းချောင်း ထွက်နေဆဲဖြစ်ကြောင်း သတိထားမိလိုက်သဖြင့် သူ ခေါင်းခဲသွားရတော့သည်။ ကံကောင်းစွာဖြင့် သူ၏ လက်အောက်ငယ်သား တစ်ယောက်က သူ့အား သတင်းတစ်ခု လာ၍ ပို့လိုက်၏။ ထို့ကြောင့် သူသည် သူမအား အနည်းငယ်ခန့် ထပ်၍ နှစ်သိမ့်ပေးလိုက်ပြီးနောက် ထွက်ခွာလာတော့သည်။
ကျိုးလုမှာမူ အခန်းထဲတွင် ကျန်ရစ်ခဲ့ပြီး သူမ၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် လှုပ်ရှားနေ၏။ ထို့နောက် သူမသည် ရုပ်သံမှတ်တမ်းအား စိုက်ကြည့်နေလိုက်ပြီး တခဏအကြာတွင် အံကြိတ်ကာ ကြိမ်းဝါးလိုက်တော့သည်။
” ဖက်တီး။ ငါ နင် ဘယ်သူလဲဆိုတာ ရအောင် ဖော်ထုတ်ပြမယ် ”
ကောင်းကင်မြို့တော်ထဲမှ လူများစွာမှာ လုကျစ်ဟောက်နှင့် ကျိုးလုကဲ့သို့ပင် ဝမ်ပေါင်လဲ့၏ သားကောင်များ ဖြစ်ခဲ့ကြသည်။ သူတို့၏ အဆက်မပြတ် ကြိမ်းဝါးနေကြသည့် စကားလုံးများမှာ ကျိန်ဆဲသည့် အဆင့်အထိသို့ မရောက်ပါသော်လည်း ထိုစကားလုံးများကြောင့် ဝမ်ပေါင်လဲ့မှာ ကြိမ်ဖန်များစွာ နှာချေနေရတော့သည်။
” တစ်ယောက်ယောက်ကတော့ ငါ့အကြောင်းကို တွေးနေပြန်ပြီ ထင်တယ် ”
ထိုအခိုက်အတန့်တွင် တာအိုကျောင်းထဲရှိ နတ်ဝိဇ္ဇာဂူထဲ၌ မုန့်များစားသုံးနေသော ဝမ်ပေါင်လဲ့မှာ နှာချေလိုက်ရသည်။ ထို့နောက် သူသည် ဝိညာဉ်ရေခဲရေအချို့ကို ချက်ချင်းပင် သောက်လိုက်သဖြင့် နေရထိုင်ရကောင်းသွားတော့သည်။
သူသည် ထိုကဲ့သို့ မုန့်များကို စားသုံးနေရင်း တစ်ကိုယ်တည်း တိုးတိုးလေး ရေရွတ်လိုက်သည်။
” လတ်တလော ငါ တော်တော်လေးကို နာမည်ကျော်ကြားလာတာပဲ။ သိုသိုသိပ်သိပ် နေမှဖြစ်မယ်။ ငါက ပြည်ထောင်စုဥက္ကဌ ဖြစ်လာရမယ့် လူတစ်ယောက်လေ။ အရာရှိတစ်ယောက် ဖြစ်သွားလို့ ရလာတဲ့ ကျော်ကြားမှုမျိုးကလွဲရင် တခြား ဘာကျော်ကြားမှုကိုမှ ငါ မလိုချင်ဘူး ”
ဝမ်ပေါင်လဲ့မှာ မျက်နှာဖုံးတစ်ခုတပ်ရန် ဆုံးဖြတ်ခဲ့သည်ကို ကျေနပ်နေမိတော့သည်။ သူသည် မုန့်များကို ပျော်ရွှင်ကျေနပ်စွာ စားသုံးလိုက်ပြီးနောက် ဗိုက်ကိုပုတ်ကာ အသက်ပြင်းပြင်း ရှူလိုက်၏။ ထို့နောက် ပုံရိပ်ယောင်နယ်မြေကို ပြန်၍ဖွင့်လိုက်ပြီး စီနီယာလေ့ကျင့်ဖော်နှင့် ဆက်၍ လေ့ကျင့်နေလိုက်တော့သည်။
ရက်ပေါင်းများစွာ ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့က ရစ်ပတ်ခြင်းပညာရပ်အား ပို၍ပင် ကျွမ်းကျင်လာ၏။ နောက်ဆုံးတွင် သူနှင့် စီနီယာ လေ့ကျင့်ဖော်ကြားရှိ တိုက်ခိုက်မှုများမှာ အလွန် ပြင်းထန်လာ၏။
ထိုကဲ့သို့ လေ့ကျင့်ရင်း သူ၏ နပမ်းစွမ်းရည်များမှာလည်း သိသာထင်ရှားလာ၏။ သူ ပေါင်ကြားထဲသို့ အကန်ခံရသည့် အရေအတွက်မှာ တဖြည်းဖြည်းနှင့် လျော့ကျလာပြီး တစ်နေ့တွင် စီနီယာလေ့ကျင့်ဖော်မှာ သူ၏ ပေါင်ကြားကို လုံးဝမကန်နိုင်တော့ပေ။ ထိုအခါ ဝမ်ပေါင်လဲ့က သူ၏ တန်ပြန်တိုက်ကွက်ကို စတင်တိုက်တော့သည်။
သို့သော် ထိုတန်ပြန်တိုက်ကွက်မှာ သူ့အား ပျော်ရွှင်လာအောင် မလုပ်ပေးနိုင်ရုံသာမက နောက်ထပ် အိပ်မက်ဆိုးကြီးတစ်ခုကိုသာ ယူဆောင်လာ၏။
ထိုစီနီယာလေ့ကျင့်ဖော်၏ သိုင်းပညာမှာ နောက်ထပ်တစ်ကြိမ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ သူသည် လက်ကောက်ဝတ်များကို လိမ်ချိုးနေရာမှ သူ၏ ပုခုံး၊ လည်ပင်း၊ ဒူးခေါင်းနှင့် သူ၏ခန္ဓာကိုယ်ရှိ အခြား အရိုးအဆစ်များကို လိမ်ချိုးသည့်အဆင့်သို့ ပြောင်းလဲသွားခြင်းဖြစ်သည်။
လူ့ခန္ဓာကိုယ်ရှိ အရိုးအဆစ်အားလုံး ထို ရစ်ပတ်ခြင်းပညာရပ်၏ ပစ်မှတ် ဖြစ်နေသည့်အလားပင်။ ဝမ်ပေါင်လဲ့မှာ တိုက်ပွဲတစ်ပွဲပြီးတိုင်း အရိုးအဆစ်များ ထပ်ခါထပ်ခါ လိမ်ချိုးခံလိုက်ရသဖြင့် နာကျင်စွာ အော်ဟစ်မြည်တမ်းနေပါသော်လည်း ထို ပုံရိပ်ယောင်နယ်မြေထဲသို့ ပြန်၍ဝင်ရောက်သွားသည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ တိုက်ခိုက်ရေးအသင်းဂေဟာအား ထပ်၍ သွားလည်ချင်ပါသော်လည်း ထိုဂေဟာ၏ မမလေးအား စော်ကားမိခဲ့သည်ကို ပြန်၍ အမှတ်ရသွားသဖြင့် ဝမ်းနည်းညှိုးငယ်စွာဖြင့် သူ၏ဆန္ဒကို ချုပ်တည်းလိုက်ရတော့သည်။ ထို့ကြောင့် သူသည် ပုံရိပ်ယောင်နယ်မြေထဲတွင်သာ သူ၏ပညာရပ်များကို တစ်စတစ်စ တိုးတက်လာအောင် လေ့ကျင့်နေတော့သည်။
ကံကောင်းသည့်အချက်မှာ သူ၏ အခြေခံမှာ တောင့်တင်းခိုင်မာနေခြင်းဖြစ်ပြီး စီနီယာလေ့ကျင့်ဖော်၏ ပြောင်းလဲမှုများမှာမူ ကန့်သတ်ချက် ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အရိုးအဆစ်များ လိမ်ချိုးခံရသည် နာကျင်မှုကို အပြည့်အဝ ခံစားရင်း ရစ်ပတ်ခြင်းပညာရပ်အား တဖြည်းဖြည်းနှင့် နားလည်စပြုလာသဖြင့် သူ၏ စွမ်းရည်များ တိုးတက်လာရတော့သည်။
နောက်ထပ်နှစ်လ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့က ထိုစီနီယာလေ့ကျင့်ဖော်အား အနိုင်ယူကာ ပုံရိပ်ယောင်နယ်မြေထဲမှ ထွက်ခွာလာတော့သည်။ သူသည် သူ၏ နတ်ဝိဇ္ဇာဂူအပြင်ဘက်ရှိ အဖြူရောင်တိမ်တိုက်များ ဟိုတစသည်တစ ပြန့်ကျဲနေသော ကောင်းကင်ပြာကြီးကို ကြည့်ကာ အလွန် စိတ်လှုပ်ရှားသွား၏။
” နောက်ဆုံးတော့ ငါ အထွတ်အထိပ်ကို ရောက်သွားပြီ “