မြေပြင်မှ လူအုပ်ကြီးက ကြီးမား များပြားလွန်း သော်လည်း ခေါင်းလောင်းအား မြည်အောင် စွမ်းဆောင်နိုင်သူကား လက်ချိုးရေ၍ ရပေသည်။ နိုဘယ်အဆင့်ဖြင့် လောကဓာတ်များအား ရင့်ကျင်နိုင်အောင် စွမ်းဆောင်နိုင်သူကား ထိပ်သီး ပါရမီရှင်များ ဖြစ်ကြသည်။ ထိုသို့သော ပါရမီရှင်များကား အရေအတွက်အားဖြင့် နည်းပါးလွန်း လှပေသည်။ သူတို့အားလုံးက ပြည်နယ်ကိုးခု ညီလာခံတွင် အထွန်းတောက်ဆုံး လူများ ဖြစ်ကြပေမည်။
ထိုအခိုက်တွင် လူတစ်ယောက် လှေကားထစ် အတိုင်း တက်သွားပြီး လောက ခေါင်းလောင်းထံကို ဦးတည်သည်။ လူအများအပြားက သူ့အား ကြည့်ကြသည်တွင် တစ်စုံတစ်ယောက်က မှတ်မိဟန်ဖြင့် အော်ဟစ်သည်… “အဲဒါ ရှီတောင်ပဲ… သူက နိုဘယ် အဆင့်အမြင့်ဆုံးမှာ ရှိတယ်… သူက ပြည်နယ်ကိုးခု ညီလာခံကို ဝင်ပြိုင်လိမ့်မယ်…”
“ရှီတောင်က လောကဓာတ် အချို့ကို နားလည်ထားတယ် ကြားတယ်… သူက ခေါင်းလောင်းကို မြည်အောင် စွမ်းဆောင် နိုင်ပါ့မလား…”
ရှီတောင်က လက်ကို မြှောက်ကာ ရှေ့ကို ကြည့်လိုက်သည်။ သူ၏ကြီးမားသော လက်ဝါးကြီးက ခေါင်းလောင်းကြီးကို အရိပ်သဏ္ဌာန်ကြီးကဲ့သို့ ပုံစံဖြင့် ကျသည်။ လေထုပေါက်ကွဲသံကို ကြားရသော်လည်း ခေါင်းလောင်းထံမှအား အပ်ခြစ်သံကဲ့သို့ သေးညှက်သော အသံတစ်သံကိုသာ ကြားကြရသည်။ အသံကား တိုးလွန်းရကား မည်သည်ဟုပင် မထင်ရပေ။
“ဟာ…” လူအများအပြားက မျက်မှောင်ကုတ် မိကြသည်။ ထိုမျှ ကြီးမားသော အားအင်က ခေါင်းလောင်းကို အသံမမြည်စေသည်လား။ ကောလာဟလများကား မှန်ကန်လှသည်။
လောက ခေါင်းလောင်းကား လောကဓာတ်ဖြင့်သာ အသံမြည်စေနိုင်သည်။ ထို့အပြင် ထိုလောကဓာတ်ကလည်း ရင့်ကျက်ပြီး ဖြစ်ရမည်။ အကယ်၍ တစ်စုံတစ်ယောကက် အနည်းငယ်သော လောကဓာတ်အား နားလည်ထားပါက ခေါင်းလောင်းကလည်း အနည်းငယ်သော အသံကိုသာ ထုတ်လွှတ်မည် ဖြစ်သည်။
ရှီတောင်ကား အလွန်အမင်း ဒေါသထွက် သွားဟန်ရသည်။ သူက အော်ဟစ်လိုက်သည်တွင် ကြီးမားသော မုန်တိုင်းတစ်ခုဖြစ်လာပြီး ခန္ဓာကိုယ်က ကြီးမား သန်မာလာသည်။ ဧရာမလက်ဝါး ပုံရိပ်ကြီးက လေထုကိုခွင်းလျက် တစ်ဖန် ကျဆင်းလာပြန်သည်။ သို့သော် ခေါင်းလောင်းသံကား ယခင်အတိုင်းပင်။ သေးညှက်သောအသံက သူ့အား အလွန်အမင်း အရှက်ရစေသည်။ ရှီတောင်၏ မျက်နှာက နီရဲသွားကာ လက်သီးကို တင်းတင်း ဆုပ်သည်။ သူက ပြည်နယ်ကိုးခု ညီလာခံကို ဝင်ခွင့်ရမည်ဟု ထင်ခဲ့သော်လည်း ယခုကား စိတ်ပျက်ဖွယ်ရာ အတိပင်။
“ကျွန်မ စမ်းကြည့်မယ်…” လေထဲမှ အသံတစ်သံကို ကြားကြရသည်။ လူအများအပြားက လှမ်းကြည့် ကြသည်တွင် ရထားလုံးပေါ်၌ မိန်းကလေး တစ်ယောက်အား မြင်ကြရသည်။
“တော်ဝင်က ကျောက်ပြည်ထောင်က မင်းသမီးလေးပဲ… ကြည့်ရတာ တော်ဝင်မြေက လူတွေလည်း ရောက်လာကြပြီပဲ…” တစ်ယောက်က ပြောသည်။
စမ်းကြည့်လိုသည်ဟု ပြောသူကား ကျောက်စီရီ ဖြစ်သည်။ သူမက ရထားလုံးပေါ်မှ ဆင်းလာကာ ခေါင်းလောင်းရှေ့ကို ပျံသန်းသွားပြီး လျူကျောင်းကို နှုတ်ဆက်သည်… “လျူကျောင်း… ထပ်တွေ့ကြပြန်ပြီ…”
“မင်းလည်း ပြည်နယ်ကိုးခု ညီလာခံမှာ ဝင်ပြိုင်မှာလား…. မင်းသမီးစီရီ…” လျူကျောင်းက မေးသည်။ ကျောက်စီရီကား လက်ရှိတွင် နိုဘယ် အဆင့် အမြင့်ဆုံး၌ ရှိပေသည်။
“ဟုတ်တယ်…” ကျောက်စီရီက ခေါင်းညိတ်သည်။ သူမ၏ပါရမီကား ထူးခြား ကောင်းမွန်ကာ ယခုသူမက ရင့်ကျက်သော လောကဓာတ်များအား နားလည် ဆင်ခြင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် သူက သည်ပြိုင်ပွဲတွင် ဝင်ပြိုင်သင့်သည်ဟု တွေးထင်ခဲ့၏။ သူမသာ မဟုတ်ဘဲ ကျောက်မဟာ ပြည်ထောင်မှ တခြား လူများကလည်း ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။
“ဒါဆိုလည်း ကြိုးစား ကြည့်ရအောင်…” လျူကျောင်းက ပြောသည်တွင် ကျောက်စီရီက လောက ခေါင်းလောင်းကို ကြည့်သည်။ အာကောင်းသော ဓာတ်စွမ်းအားကို စုစည်းပြီး ထုတ်လွှတ်လိုက်သည်တွင် တော်ဝင်မီးတောက်က ချက်ချင်း ဖြစ်ပေါ်လာသည်။ ဖီးနှစ်မီးငှက်က လေထဲတွင် ရောင်စုံ ထွန်းလင်းလျက် ပေါ်လာပြီး ခေါင်းလောင်းထံကို တိုးဝင်သွားသည်။ ထိုအခိုက်တွင်ပင် ခေါင်းလောင်းက ပုံရိပ်နှစ်ခု ဖြစ်ပေါ်လာပြီး ပီသသော ခေါင်းလောင်းသံကလည်း မြည်ဟည်းလာသည်။
“မဆိုးဘူး… မင်းက နိုဘယ်ဖြစ်ပေမဲ့ ဒီလောက် စွမ်းဆောင်နိုင်တယ်…” လျူကျောင်းက ပြုံးလျက် ပြောသည်။ လျူကျောင်း၏ ချီးကျူးမှုကိုရသော သူမ၏မျက်နှာပေါ်တွင် လင်းလက်သော အပြုံးအား မြင်ကြရသည်။
“မင်းသမီးလေး… ဒါက ပြည်နယ်ကိုးခု ညီလာခံ တံဆိပ်ပြားပါ…” အကြီးအကဲက ရှေးဟောင်း တံဆိပ်ပြားကို ပေးသည်။ ခေါင်းလောင်းကို မြည်စေခြင်းက သူမအား ပြိုင်ပွဲဝင်ပြိုင်ခွင့် ရစေသည်။
“ကျေးဇူးတင်ပါတယ်… စီနီယာ…” ကျောက်စီရီက ပြုံးလျက်ပြောသည်။ အကြီးအကဲ ခေါင်းညိတ်သည်။
“ကဲ… တခြား စမ်းကြည့်ချင်သူတွေ ရှိသေးလား…” လျူကျောင်းက လူအုပ်ကြီးကို ကြည့်ကာ ပြောသည်။
“ဒီခေါင်းလောင်းက စိတ်ဝင်စားစရာပဲ…” ရယ်မောသံ တစ်သံကို ကြားကြရသည်။ လူအုပ်ထဲမှ လမ်းကြောင်းတစ်ခု ဖြစ်လာကာ လူအများက ဘေးကို ဖယ်ပေးကြသည်။ ထိုနေရာမှ လူတစ်စုက ဖြည်းညင်းစွာ လျှောက်လာကြကာ သူတို့ထံမှ ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်နေကြ၏။ သူတို့ ဝတ်စားဆင်ယင်ပုံကို မြင်သည်နှင့် ထိုလူများ မည်သည့်နေရာက လာခြင်း အနီးမှ လူများက သိကြသည်။
“သွားစမ်းကြည့်ကြ…” ထိုအုပ်စု၏ ခေါင်းဆောင် ဖြစ်ဟန်တူသူက ဘေးမှ လူငယ်တစ်ယောက်ကို ပြောသည်။ ထိုလူငယ်က ခေါင်းညိတ်ကာ ခေါင်းလောင်းထံကို လှမ်းသွား လိုက်သည်။
လူငယ်က လက်ဆန့်တန်း လိုက်သည်တွင် လေထဲတွင် ကြီးမားသော ရေဝဲဂရက်ကြီးတစ်ခု ဖြစ်လာကာ ခေါင်းလောင်းထံသို့ မြွေနဂါးအလား တိုးဝင်သွားသည်။ ထို့နောက်တွင် ခေါင်းလောင်းထံမှ ကျယ်လောင် ပီသသော အသံတစ်သံအား ကြားလိုက်ကြရသည်။
ဒန်…
အသံက ကောင်းကင်နှင့် မြေပြင်အကြား တုန်ခါသွားကာ လူအုပ်ထံသို့ ရိုက်ခတ်သွားသည်။ ထို့နောက်တွင် ခေါင်းလောင်းထံမှ ပုံရိပ်သုံးခု ဖြစ်ပေါ်လာသည်ကို အားလုံးက မြင်ကြရတော့သည်။ သူကား ကျောက်မဟာ ပြည်ထောင်မှ မင်းသမီး ကျောက်စီရီထက်ပင် ပါရမီမြင့်ပေသည်။
ကျောက်စီရီ၏ မျက်လုံးများက ထိုလူငယ်ထံကို ရောက်သွားသည်။ သူမကား သည်နေရာကို ရောက်သည်နှင့်ပင် ဘေးကို တွန်းထုတ် ခံလိုက်ရသည်။
လျူကျောင်းကလည်း လူငယ်ကိုကြည့်ကာ ပြည်နယ်ကိုးခု ညီလာခံ တံဆိပ်ပြားကို ကမ်းပေးလျက် ပြောသည်… “ခင်ဗျားက ပင်လယ် ပြည်နယ်ကလား…”
“သူစင်နတ်ကမ်းပါး… ပင်လယ်ပြည်နယ်…” လူငယ်က လျူကျောင်းကို ခေါင်းညိတ်သည်။ ပင်လယ် ပြည်နယ်ကား အလွန်အမင်း ဝေးလံခေါင်းပါးကာ သီးခြား ခွဲထွက်နေသော ပြည်နယ်လည်း ဖြစ်သည်။ ပင်လယ်ပြည်နယ်၏ နေရာအနှံ့တွင် ရေများဖြင့်သာ ဖုံးလွှမ်းထားပြီး မရေမတွက်နိုင်သော ကျွမ်းစုများတွင် လူများ နေထိုင်ကြသည်။ သူစင်နတ်ကမ်းပါးကား ပင်လယ်ပြည်နယ်၏ တော်ဝင်မြေ ဖြစ်သလို အင်အားအကြီးဆုံး အဖွဲ့အစည်းလည်း ဖြစ်သည်။
“ခင်ဗျားရဲ့ စွမ်းဆောင်ရည် ကောင်းကို မျှော်လင့်နေပါ့မယ်…” လျူကျောင်းကလည်း ပြုံးလျက် ပြောသည်။
“ကျေးဇူးပဲ…” လူငယ်က နောက်ဆုတ် သွားသည်တွင် တခြားလူများကလည်း လာရောက် စမ်းသပ်ကြသည်။ နောက်ထပ်လည်း ချပ်ဝတ်တန်ဆာအား ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က လာရောက် တီးခတ်ကာ အမှန်ပင် ပုံရိပ်လေးခု ဖြစ်ပေါ်လာသည်။
“ဒီလောက် ကြီးတဲ့ခွန်အား…” ကြည့်နေသူများ အားလုံးက ထိတ်လန့် အံ့အားသင့် ကြရသည်။
လျူကျောင်းကလည်း တံဆိပ်ပြားကို ကမ်းပေးကာ မေးသည်… “ခင်ဗျားက စစ်ဘုရင် ပြည်နယ်ကမလား…”
“အမှန်ပဲ…” လူငယ်က တံဆိပ်ပြားကို ယူကာ သူ့နေရာသို့ ပြန်သွားသည်။ ပင်လယ်ပြည်နယ်နှင့် စစ်ဘုရင် ပြည်နယ်တို့မှ များစွာသော လူငယ်များက လာရောက် စမ်းသပ်ကြကာ အတော်များများက တံဆိပ်ပြားများကို ရရှိသွားခဲ့ကြသည်။
ထိုအခိုက်တွင် ယွီပြည်နယ် ကျိရှမ်းကမ်းပါးမှ တန်ခိုးရှင်များ ကလည်း ရောက်ရှိ လာကြသည်။ ထိုအထဲမှ လူငယ် တစ်ယောက်က ထွက်လာကာ ခေါင်းလောင်းထံသို့ ဦးတည်လိုက်သည်။
ရီဖူရှင်းကား လူအုပ်ထဲတွင် ဖြစ်သည်။ သူက ကျိရှမ်းကမ်းပါးမှ ချင်ကျောင်းကို သေသေချာချာ မြင်ပေသည်။ ချင်ကျောင်းအပြင် သူက ကျိရှမ်းကမ်းပါးမှ ခွန်ယိုကိုလည်း မြင်သည်။
ချင်ကျောင်းက ရှီတန်ခိုးရှင် ဖြစ်ပြီးသော်လည်း သူက လောကဓာတ်များ မည်ရွေ့မည်မျှ ဆင်ခြင် နားလည်ပြီးသည်ကို သိလိုဟန်ရသည်။
သူက လောကဓာတ်များအား စုစည်းကာ ခေါင်းလောင်းအား ရိုက်လိုက်သည်။
ဒေါင်…
ကြောက်မက်ဖွယ် အသံလှိုင်းနှင့်အတူ ပုံရိပ်လေးခု ဖြစ်ပေါ်လာသည်။
“ရှီအဆင့် ရောက်နေတယ် ဆိုရင်တောင်မှ ပုံရိပ်လေးခုဖြစ်အောင် ရိုက်နိုင်တာက တော်တော် ခက်ခဲတဲ့အလုပ်ပဲ…” လူအများအပြားက တိတ်ဆိတ်စွာ ပြောကြသည်။ ခေါင်းလောင်း၏ ပုံရိပ်က လောကဓာတ်၏ အင်အား တစ်ခုတည်းကိုသာ တိုင်းတာသည် မဟုတ်ပဲ လောကဓာတ်၏ အဆင့်အတန်း ကိုလည်း တိုင်းတာပေသည်။ ဥပမာအားဖြင့် ရီဖူရှင်း၏ ကောင်းကင် အေးခဲဓာတ်က သာမန် ဓာတ်ငါးမျိုးထက် အဆင့်အတန်း မြင့်ပေသည်။ ပုံရိပ်များ တစ်ခုထက် ပိုခြင်းက လောကဓာတ်က သာမန်ထက် အဆင့်အတန်း မြင့်မားခြင်းကို ဆိုလိုသည်။
“မင်း မစမ်းကြည့်တော့ ဘူးလား…” ချင်ကျောင်းက တစ်နေရာကို ကြည့်ကာ မေးသည်။ အားလုံးက လှမ်းကြည့် ကြသည်တွင် ထိုနေရာ၌ ရီဖူရှင်းတို့ အုပ်စုရပ်နေသည်ကို မြင်ကြရသည်။ ချင်ကျောင်းကလည်း ရီဖူရှင်းကို ကြိုတင်ကာ သတိထားမိပြီး ဖြစ်သည်။
ရီဖူရှင်းထံတွင် ရှုံးနိမ့်ပြီးနောက်ပိုင်း ချင်ကျောင်းက ကျိရှမ်းကမ်းပါးကို ပြန်ကာ ကြိုးစား လေ့ကျင့်ခဲ့ပေသည်။ ထို့ကြောင့် ခြောက်လ အတွင်းတွင်ပင် သူက ရှီအဆင့်သို့ တက်လှမ်းခဲ့၏။ သို့တိုင်အောင် သူကား ထိုအရှုံးကို မေ့လျော့နိုင်ခြင်း မရှိခဲ့ဘဲ ရင်ထဲတွင် အကျိတ်အခဲအဖြစ် တည်နေခဲ့သည်။
လျူကျောင်း၊ ကျောက်စီရီနှင့် တခြား လူများကလည်း ရီဖူရှင်းကို ကြည့်ကြသည်။ ရီဖူရှင်းကလည်း ခေါင်းမော့ကာ ချင်ကျောင်းကို ကြည့်ပြီး ခွန်ယိုကို ကြည့်သည်။ သူက ချင်ကျောင်းကို မမုန်းတီးသော်လည်း ခွန်ယိုကိုမူ အရိုးထဲမှ မုန်းပေသည်။
ခွန်ယိုကလည်း ရီဖူရှင်းကို အေးစက်စွာ ကြည့်သည်။ သူကလည်း ရီဖူရှင်းကို သတ်လိုသော်လည်း ယခုရီဖူရှင်ကား တော်ဝင်မြေ၏ ခေါင်းဆောင်ဖြစ်ကာ အင်ပါယာရှား၏ တရားဝင် အသိအမှတ်ပြု ထားခံရသူ ဖြစ်သည်။ သူက ရီဖူရှင်းအား ထိ၍မရပေ။
“နန်းတော်သခင်ရီ … ခင်ဗျားက နတ်နဂါး ကစားကွက်ကိုလည်း အောင်မြင်ခဲ့သေးတာပဲ… အခု လောက ခေါင်းလောင်းကို စမ်းသပ်ကြည့်ပြီး ခင်ဗျားရဲ့ အစွမ်းကို မပြချင်ဘူးလား… ဒါက ရှားပါးတဲ့ အခွင့်အရေး တစ်ခုပဲ…” လျူကျောင်းက ပြုံးလျက် ပြောသည်။
လူအများအပြားက သူ့စကားကို ကြားသည်တွင် ရီဖူရှင်းကို ဝိုင်းကြည့်ကြသည်။ သည်လူငယ်က မြေရိုင်းပြည်နယ်မှ လာသည့် တော်ဝင်ကျဲ နန်းတော်ခေါင်းဆောင် နိုဘယ်ဆိုသည်လား….။
ဟွာထျန်းမြို့မှ လူတိုင်းက နတ်နဂါးကစားကွက်ကို အောင်မြင်ခဲ့သည့် တော်ဝင်ကျဲနန်းတော် ခေါင်းဆောင်လူငယ်အား ကြားသိခဲ့ကြသည်။ အကယ်၍ လျူကျောင်းသာ မရှိခဲ့ပါက သူက စစ်တုရင်ရှန့်ထို၏ အမွေကို ဆက်ခံ ရရှိခဲ့ပေလိမ့်မည်။
“ကျုပ်က ရှီဟွာတောင်က ကျင်းပတဲ့ ပြည်နယ်ကိုးခု ညီလာခံကို တက်ရောက်ဖို့ ဖိတ်ကြားခံရတယ်… ဒါကြောင့် မြေရိုင်းပြည်နယ်က လူငယ်တွေကို ခေါ်ပြီး ဒီကို ရောက်လာခဲ့တယ်… ခေါင်းလောင်းကတော့ ခင်ဗျားတို့ပဲ စမ်းသပ်ကြပါ…” ရီဖူရှင်းက ပြောသည်။ သူကား လက်ရှိတွင် တော်ဝင်ကျဲနန်းတော် သခင်ဖြစ်ရာ အမြဲတမ်း လူငယ်မျိုးဆက်များဖြင့် ယှဉ်ပြိုင်နေ၍ မရပေ။
“ရှင်က မြေရိုင်းပြည်နယ်က ပါရမီရှင်တွေကို ပြည်နယ်ကိုးခု ညီလာခံ တက်စေတာလား…” ကျောက်စီရီက ရီဖူရှင်းကို လှောင်ပြုံးပြုံးသည်။ ထို့နောက် သူမက ရီဖူရှင်းအနီးမှ လူများကို ကြည့်သည်။ သူမကလည်း သည်တစ်ခေါက် ပြိုင်ပွဲကို ဝင်မည်ဖြစ်သည်။ ယခု အရာရာက စိတ်ဝင်စားစရာ ကောင်းလာ ပေတော့မည်။
ရီဖူရှင်းက ကျောက်စီရီအား ထိုက်တန်သည်ဟုပင် မသတ်မှတ်ဘဲ တစ်ခွန်းမှ ပြန်ပြောပေ။ သူက ဘေးမှ လီဖူတုဘက်ကို လှည့်ကာ ပြောသည်… “လီဖူတု… မင်းက စမ်းကြည့်ပါလား…”
လီဖူတုကား ပါရမီမြင့်သည့်တိုင် သူ၏လက်ရှိ လောကဓာတ်များက ရင့်ကျက်သော အခြေသို့ မရောက်သေးပေ။ သို့သော်လည်း သူက ဤအခွင့်အရေးတွင် ခေါင်းလောင်းကို တီးခတ်ခြင်းဖြင့် အတွေ့အကြုံများ ရရှိစေနိုင်ပေမည်။
“ကောင်းပြီ…” လီဖူတုက ရှေ့ကို ထွက်လာကာ ခေါင်းလောင်းထံသို့ ပျံသန်းသွားသည်။ လူအများအပြားက သူ့အား ကြည့်နေကြသည်။ အားလုံးက မြေရိုင်းပြည်နယ်မှ ပါရမီရှင်များ၏ အခြေအနေကို တွေ့မြင်လိုကြသည်။
နတ်ငှက်၏အလင်းဖြင့် ဖြစ်တည်လာသော စွမ်းအားက ခေါင်းလောင်းထံကို ရိုက်ခတ် သွားသည်တွင် ခေါင်းလောင်းထံမှ ခြစ်သံ အနည်းငယ်မျှ ထွက်လာသည်။
ရီဖူရှင်း၏မျက်နှာ ရွဲ့စောင်းသွားသည်။ သည်အသံကား မြည်သံဟုပင် မခေါ်ပေ။ အာခီမီမြို့မှ နာမည်ကျော် လီဖူတုကား လောကဓာတ်များကို ရင့်ကျက်အောင် မစွမ်းဆောင်နိုင် သေးသည်မှာ သေချာသည်။
အားလုံးက ရယ်ရွှင်ဖွယ်ရာ အမူအရာဖြင့် ကြည့်ကြသည်။ မြေရိုင်းပြည်နယ်ကား မြေရိုင်းပြည်နယ်သာ ဖြစ်သည်။ သူတို့အား လွန်စွာ အားနည်းလှ၏။
“ကျွန်မ မြင်သလောက်တော့ ရှင်က ကိုယ်တိုင် တီးခတ်သင့်တယ်…” ကျောက်စီရီက ရီဖူရှင်းကို ပြောသည်။
“ငါလား… ဒါက မင်းအတွက် အရမ်း များသွားလိမ့်မယ်…” ရီဖူရှင်းက ပြုံးရောင် သန်းသွားကာ ပြောသည်။ သူ၏စကားက လူအများအပြားကို အံ့အားသင့်စေသည်။ သည်ကောင်ကား ကျောက်မဟာ ပြည်ထောင်မှ မင်းသမီးလေးကိုပင် လှောင်ပြောင်ရဲသည်။
ကျောက်စီရီကလည်း အေးစက်စွာ ပြန်ကြည့်သည်။
“မြေရိုင်းပြည်နယ် အတွက် ပြိုင်ပွဲဝင်ခွင့် တံဆိပ်တွေ သွားယူကြ…” ရီဖူရှင်းက သူ့ဘေးမှ ယူချင်းတို့အုပ်စုကို ပြောသည်။ သူတို့အားလုံးက ခေါင်းညိတ်ကာ ရှေ့ကို တက်သွားကြသည်။
လူအများအပြားက ထူးဆန်းသော မြင်ကွင်းကို ကြည့်နေကြသည်။ မြေရိုင်းပြည်နယ်မှ လူများအားလုံးက တစ်ချိန်တည်းမှာ စမ်းသပ် ကြည့်ကြတော့ မည်လား။
“ဘယ်သူ အရင်ဆုံး သွားမလဲ…” စုချွဲက ပျင်းရိသော လေသံဖြင့် ပြောသည်။
ရီဝူချင်းက ရှေ့ကို တက်သွားကာ လက်ညိုးကို ရှေ့သို့ ညွှန်လိုက်သည်။ ဓားစွမ်းအင်က လေထုကို ခွင်းလျက် ခေါင်းလောင်းထံကို စီးဆင်းသွားသည်။
ဒေါင်… ကြည်လင် ပြတ်သားသော အသံက လေထုကို တုန်ခါ သွားစေသည်။
“ကောင်းပြီ… ငါ့အလှည့်ပေါ့…” ကျွေ့ချိန်ချူကလည်း ပြုံးလျက်ပြောကာ ဓားစွမ်းအင်ကို ထုတ်လွှတ် လိုက်သည်တွင် ခေါင်းလောင်းသံ ထွက်လာသည်။
စုချွဲက မျက်လုံးကို မှိတ်လိုက်ကာ ပြန်ဖွင့်လိုက်သည်နှင့် ဓားအလင်းတစ်ချက် လေထဲဖျတ်ခနဲ လက်သွားသည်။ ထို့နောက်တွင် သတ်ဖြတ်လိုသော ဓားအငွေ့အသက်က လေထုကို ရိုက်ခတ်သွားပြီး ခေါင်းလောင်းထံကို စီးဆင်းသွားသည်။ ထို့နောက်တွင် ခေါင်းလောင်းသံ မြည်လာတော့၏။
ကျောက်စီရီက သူတို့အား ထူးဆန်းစွာ ကြည့်သည်။ သူတို့အားလုံးက ခေါင်းလောင်းကို ဆက်တိုက် မြည်အောင် စွမ်းဆောင် နိုင်ကြသည်။
လူအများအပြားကလည်း ဓားသမား သုံးယောက်ကို ကြည့်ကြသည်။ သည်နိုဘယ် ထိပ်သီး ပါရမီရှင်များကား မြေရိုင်းပြည်နယ်မှ ဖြစ်သည်။ သူတို့က လောကဓာတ်များကို ရင့်ကျက်အောင် စွမ်းဆောင် ထားနိုင်ကြသည်။
ပြည်နယ်ကိုးခုတွင် နိုဘယ်အဆင့်ဖြင့် ရင့်ကျက်သော လောကဓာတ်များအား ပိုင်ဆိုင်သူက ရှားပါး ပါရမီရှင်ထဲတွင် ပါဝင်သည်။ အကယ်၍ သူတို့က တခြား ပြည်နယ်များတွင် ဆိုလျှင် တော်ဝင်မြေများ၌ ဝင်ရောက် လေ့ကျင့်ရန် အဆင့်မီပေသည်။
ထို့နောက် ယန်ကျန်းက ရှေ့ကို တက်လာသည်။ သူ၏ကြီးမားသော ခွန်အားဖြင့် ရိုက်နှက်လိုက်သော ရိုက်ချက်က ခေါင်းလောင်းအား ပုံမှန်ထက် ပြင်းထန်စွာ မည်ဟည်းစေသည်ဟု ထင်ရသည်။ ထို့နောက် ယိရှောင်ရှီနှင့် ဖီးနစ်ကလည်း ရှေ့ကို တက်လာကာ ခေါင်းလောင်းသံ မြည်စေသည်။
လူအများအပြားက အံ့အားသင့် ကြရသည်။ ရီဖူရှင်း၏အနီးမှ နိုဘယ်များ အားလုံးက ရင့်ကျက်သော လောကဓာတ်များကို နားလည်နိုင် ကြသည်လား။ မြေရိုင်းပြည်နယ်က သည်တစ်ခေါက်တွင် ပြည်နယ်ကိုးခု ညီလာခံအတွက် ကောင်းမွန်စွာ ပြင်ဆင် လာဟန်ရသည်။
ခေါင်းလောင်းသံများ အဆက်မပြတ် မြည်ဟည်းနေကာ နောက်ဆုံး ယူချင်း၏ ခေါင်းလောင်းသံဖြင့် အဆုံးသတ်ခဲ့သည်။ ခေါင်းလောင်းသံက ပျောက်ကွယ် သွားသောအခါ လူအုပ်ကြီး တစ်ခုလုံးက တိတ်ဆိတ် သွားကြသည်။ ရီဖူရှင်းတို့အုပ်စုအား ကြည့်ကာ လူအများက မည်သို့ပြောရမည် မသိတော့ပေ။ မြေရိုင်းပြည်နယ်မှ လူသုံးယောက်ခန့်ကသာ ဤသို့ စွမ်းဆောင်နိုင်ပါက သူတို့က ထူးဆန်းသည်ဟု မသတ်မှတ် နိုင်သော်လည်း ယခု သူတို့အားလုံးက ခေါင်းလောင်းသံကို မြည်စေခဲ့ကြသည်။
ယူချင်းနှင့် တခြား လူများအားလုံးက ရီဖူရှင်း၏ဘေးကို ပြန်ရောက် လာခဲ့ကြသည်။ သူတို့အားလုံးက စွမ်းအား ကုန်မသုံးခဲ့ကြပေ။ သူတို့အတွက် ညီလာခံ ဝင်ခွင့်ရခြင်းက လုံလောက်ပေသည်။
“စိတ်ဝင်စားစရာပဲ … ဒီတစ်ခေါက် မြေရိုင်းပြည်နယ်က ကောင်းကောင်း ပြင်ဆင်လာတာပဲ…” လျူကျောင်းကလည်း ချီးကျူးသည်။
လူအုပ်ထဲမှ လူများအားလုံးက ခေါင်းညိတ်ကြသည်။ မြေရိုင်းပြည်နယ်၏ လက်ရှိအင်အားက အမှန်ပင် တောင့်တင်းလှသည်။ သို့သော်လည်း သူတို့က ရှီဟွာတောင်နှင့် ယှဉ်ရန်ကား များစွာ လိုသေးပေသည်။
အကြီးအကဲက ရီဖူရှင်းကို တံဆိပ်ပြားများ လာပေးသည်တွင် ရီဖူရှင်းကလည်း ပြုံးလျက်လက်ခံသည်။
***