အပိုင်း (၇၅၁)

လောကခေါင်းလောင်း

ရှီဟွာတောင်ကား အရှေ့ဘက်ပြည်နယ်၏ အနောက်ဘက်ဒေသတွင် တည်ရှိသည်။ အရှေ့ဘက်ပြည်နယ်တွင် ရှီဟွာတောင်နှင့် ကျောက်မဟာ ပြည်ထောင်တို့က အင်အားအကြီးဆုံး အင်အားစုနှစ်ခုလည်း ဖြစ်ကြသည်။ အရှေ့ဘက်ပြည်နယ်မှ ပုဂ္ဂိုလ်ကြီးများစွာက ရှီဟွာတောင်မှ ပညာရည် သောက်စို့ခဲ့သူများလည်း ဖြစ်ကြသည်။

အရှေ့ဘက်ပြည်နယ်တွင် ရှန့်ထိုရှစ်ပါးရှိကာ သုံးပါးက ရှီဟွာတောင်တွင် နေထိုင်ကြသည်။ သူတို့က ရှန့်ထိုအများဆုံး ပိုင်ဆိုင်သော အင်အားစုလည်း ဖြစ်ကြသည်။ ကျောက်မဟာ ပြည်ထောင်ကား ရှီဟွာတောင်ကဲ့သို့ပင် အင်အားကြီးသော်လည်း သူတို့ကား မျိုးရိုးစဉ်ဆက် အားဖြင့်သာ ပညာများကို လက်ဆင့်ကမ်းကြသည့် အလေ့အထရှိရာ များစွာသော ဂုဏ်ယူရသော သားတော်များ သမီးတော်များက ရှီဟွာတောင်တွင်သာ သွားရောက် ပညာသင်လေ့ ရှိကြသည်။

ရှီဟွာတောင်ကား ဟွာထျန်းမြို့တွင် တည်ရှိကာ တော်ဝင်မြေကို ပိုင်ဆိုင်သည့် အတွက်လည်း တစ်လောကလုံးတွင် နာမည်ကျော်ကြား ပေသည်။ ထိုမြို့က အရှေ့ဘက်ပြည်နယ်၏ ဒုတိယအကြီးဆုံး မြို့လည်းဖြစ်ကာ အကြီးမားဆုံးမြို့ကား ကျောက်မဟာ ပြည်ထောင်၏ မြို့တော်ဖြစ်သည်။

ကျောက်မဟာ ပြည်ထောင်မှ မျိုးရိုးစဉ်ဆက် ကြီးမားကာ အစဉ်အလာကြီးသော မြို့တော်ဖြင့် နှိုင်းယှဉ်ပါက ဟွာထျန်းမြို့ကား ပိုမို၍ သက်ဝင် စည်ကားပေသည်။ မည်သို့ဆိုစေ တော်ဝင် မြို့တော်ကား သမိုင်းထဲတွင်သာ ကျန်ရှိတော့ကာ ဟွာထျန်းမြို့ကား ယခင်က တစ်စတစ်စ အင်အား ကြီးမားလာရာ တစ်နေ့တွင် ကျောက်မဟာ တော်ဝင်မြို့၏ နေရာကို အစားထိုးနိုင်မည်ဟု အများအပြားက ယုံကြည်ကြသည်။

ယခု ပြည်နယ်ကိုးခု ညီလာခံက သည်မြို့တွင် ကျင်းပမည်ဖြစ်ရာ ပင်လယ် လှိုင်းလုံးတမျှ များပြားသော လူများက ထိုနေရာအား ယခင်ထက် အဆမတန် သက်ဝင်စေတော့သည်။

ပြည်နယ်ကိုးခု ညီလာခံက သုံးနှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ရာ ပြည်နယ်တစ်ခုက အလှည့်ကျ ကျင်းပရန် အနည်းဆုံး ၂၄နှစ် စောင့်ရပေသည်။ ပြည်နယ်ကိုးခု ညီလာခံက ပြည်နယ်ကိုးခုမှ​ပါရမီရှင်များအား စုံညီစွာ တွေ့ခွင့်ရသည့် ရှားပါးသည့် အချိန်အခါလည်း ဖြစ်သည်။

စားသောက်ဆိုင်များနှင့် တည်းခိုခန်း များတွင်လည်း လူများဖြင့် ပြည့်နှက်နေကာ အများစုပြောနေသော အကြောင်းအရာများက ပြည်နယ်ကိုးခု ညီလာခံနှင့် တစ်ခုခု ဆက်စပ်နေ ကြသည်သာ။

“ဒီတစ်ယောက် ပြည်နယ်ကိုးခု ညီလာခံမှာ ရှီဟွာတောင်က ဘာဆုလာဘ်တွေ ပေးမလဲ​မသိဘူး…” တစ်ယောက်က ပြုံးလျက်ပြောသည်။

“ပြည်နယ်ကိုးခု ညီလာခံကို လက်ခံကျင်းပ နိုင်တာက အရမ်းကို ဂုဏ်ယူစရာ ကောင်းတဲ့ကိစ္စပဲ… တော်ဝင် ရတနာတွေက တန်ဖိုးကြီးမားတယ် ဆိုပေမဲ့ အိမ်ရှင် ပြည်နယ်တွေက တော်ဝင်မြေတွေ ဖြစ်တာမို့လို့ တခြား ပြည်နယ်တွေဆီမှာ ဘယ်သူမှ ဂုဏ်ငယ် မခံချင်ကြဘူး… ဒါကြောင့် ပြိုင်ပွဲဆုလာဘ်တွေက အရင် ပြိုင်ပွဲတွေထက် ပိုမိုကောင်းမွန်လေ့ ရှိကြတယ်… ဒီတစ်ခေါက် ရှီဟွာတောင်ကလည်း သေချာပေါက် အရည်အသွေးမြင့် တော်ဝင်ရတနာကို ဆုအဖြစ် ချီးမြှင့်မှာပဲ… ပြီးတော့ ပြည်နယ်ကိုးခု ညီလာခံက ရှီဟွာတောင်ကို ထက်မြက်တဲ့ လူငယ်တွေကို ရှာဖွေတွေ့ရှိဖို့ အကူအညီ ဖြစ်စေတယ်…”

တစ်ယောက်က ပြန်ပြောသည်… “ဒါပေမဲ့ ရှီဟွာတောင်က အိမ်ရှင် ဆိုတော့လည်း သူတို့က ဆုကို ရဖို့ သေချာပေါက် အပြင်းအထန် ကြိုးစားမှာပဲ… သူတို့က တခြားပြည်နယ်က လူတွေကို အခွင့်အရေးပေးမှာ မဟုတ်ဘူး…”

လူအများအပြားက ရယ်မောလိုက်ကြသည်။ ယခုပြောနေကြသည်ကား မည်သည့် အိမ်ရှင်မဆို တွေးနေကြသော အတွေးများ ဖြစ်ကြသည်။

“ပြည်နယ်ကိုးခုက ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အရှေ့ဘက် ပြည်နယ် တစ်ခုတည်းက ဘယ်လောက်တောင် ကျယ်ပြောလဲ… နာမည်ကျော် တန်ခိုးရှင်တွေ တစ်နေရာတည်းမှာ စုစည်းပြီးတော့ တခြား ပြည်နယ်ကလူတွေနဲ့ ယှဉ်ပြိုင်ကြမှာ ဆိုတော့… ပြည်နယ်ကိုးခု ညီလာခံကို ဘယ်သူတွေ အုပ်စိုးမင်းမူနိုင်မလဲ ဆိုတာ ကျုပ် သိချင်လိုက်တာ… အဲဒီလူက ဘယ်သူဖြစ်မလဲမသိဘူး…”

“သူက ကျုပ်တို့ အရှေ့ဘက်ပြည်နယ်က ဖြစ်လိမ့်မယ်…” တစ်ယောက်က စိတ်အားထက်သန်စွာ ပြောသည်။

“တခြားပြည်နယ်က ပါရမီရှင်တွေကို အနိုင်ယူပြီးတော့ တခြားလူတွေနဲ့ မတူတဲ့ဂုဏ်ကို ပိုင်ဆိုင်တာက ပါရမီရှင်တိုင်းရဲ့ အိပ်မက်ပဲ ဖြစ်လိမ့်မယ်… ပြောကြတာက ပြည်နယ်ကိုးခု ညီလာခံမှာ အောင်ပွဲခံခဲ့တဲ့ လူတွေ အကုန်လုံးက ရှန့်ထို ဖြစ်ကြတာပဲတဲ့… ”

“ပြည်နယ်ကိုးခု ညီလာခံရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်တဲ့လူက ရှန့်ထိုဖြစ်တယ် ဆိုတာ သဘာဝပါပဲ…”

“ငါကြားတာက ဒီတစ်ခေါက် ညီလာခံမှာ မြေရိုင်း ပြည်နယ်ကတောင်မှ ပါဝင်ယှဉ်ပြိုင်မယ်တဲ့… မြေရိုင်းပြည်နယ်က ရှန့်ထိုတစ်ပါး မမွေးထုတ်နိုင်ခဲ့တာ နှစ်ပေါင်း ဘယ်လောက်တောင် ကြာပြီလဲ… ကြည့်ရတာ သူတို့က တခြား ပြည်နယ်တွေနဲ့ သီးခြား ဖြစ်နေပြီးတော့ ပြည်နယ်ကိုးခု ညီလာခံမှာ ဝင်မပါခဲ့တာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီ… ဒီတစ်ခေါက် သူတို့ ဘယ်လောက်အထိ ရောက်မှာလဲ…” တစ်ယောက်က ရုတ်တရက် ပြောသည်။ ယွီကျင့်မြို့မှ သတင်းများက ဟွာထျန်းမြို့ကို ရောက်နေပြီ ဖြစ်သည်။

“ဒါက သေချာပေါက် ခက်ခဲမှာပဲ…” တစ်ယောက်က ထပ်ပြောသည်… “မြေရိုင်းပြည်နယ်က တခြားပြည်နယ်တွေနဲ့ သီးခြားဖြစ်နေတာ ကြာလှပြီ… ရှန့်ထိုမရှိတဲ့ ပြည်နယ်က ပါရမီရှင်တွေက တခြားပြည်နယ်က ပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်ရာမှာ ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ… လက်ရှိ မြေရိုင်းပြည်နယ်ရဲ့ တော်ဝင်ကျဲ နန်းတော်သခင်က အရမ်းကို ပါရမီမြင့်တယ် ဆိုတာကို ငါကြားပေမဲ့ ဒီလို ပါရမီရှင်တစ်ယောက် ပေါ်ထွက်ဖို့ မြေရိုင်းပြည်နယ်က အချိန် ဘယ်လောက် ယူလိုက်ရလဲ… ပြီးတော့ အခု သူက ရှီအဆင့်ကို တက်လှမ်းသွားပြီ ဖြစ်လို့ ညီလာခံမှာ ဝင်ပြိုင်လို့ မရတော့ဘူး… တခြား မြေရိုင်းပြည်နယ်က ပါရမီရှင်တွေကတော့ ငါထင်တယ်… ဒီလောက် စွမ်းနိုင်မှာ မဟုတ်ဘူး…”

“ဒါပေမဲ့ သူကလည်း အမှန်ပဲ နတ်နဂါး စစ်တုရင်ပြိုင်ပွဲကို အောင်မြင်ခဲ့တယ်… ဒါက မယုံကြည်နိုင်စရာပဲ…”

လူအများအပြားက ရောက်တတ်ရာရာ ပြောနေကြသည့်ထဲတွင် ရီဖူရှင်း၏ အကြောင်းများလည်း ပါဝင်နေသည်။ လက်ရှိတွင် အရှေ့ဘက်ပြည်နယ်၌ ရီဖူရှင်းကလည်း အတော်အတန် နာမည်ကျော်ကြား နေပြီဖြစ်သည်။

“မှန်တယ်… မြေရိုင်းပြည်နယ်က တစ်ယောက်က ဒီလို စွမ်းဆောင်နိုင်တယ် ဆိုတာ မထင်မှတ်ထားစရာပဲ… ဆိုးတာက သူက လျူကျောင်းနဲ့ ယှဉ်ပြိုင်မိတာပဲ… လျူကျောင်းက ရှန့်ထိုသုံးပါးရဲ့ လက်ထပ် သင်ပေးခြင်း ခံရတဲ့သူပဲ…”

လူအများက ဆက်၍​ ပြောနေကြသည်။ သူတို့က ထိုသို့ပြောနေစဉ် လျူကျောင်းအပေါ် လေးစားသော အမူအရာများလည်း ဖော်ထုတ် ပြသကြသည်။ မည်သို့ဆိုစေ လျူကျောင်းကား လူငယ်မျိုးဆက်၏ မီးရှူးတန်ဆောင် ဖြစ်သည်။ သူ့လိုလူက အရှေ့ဘက်ပြည်နယ်၌ နောက်တစ်ယောက် မရှိနိုင်ပေ။ အရှေ့ဘက်ပြည်နယ်မှ လူများက အမှန်တကယ် နောင်တရစရာကား လျူကျောင်းက ပြည်နယ်ကိုးခု ညီလာခံတွင် တစ်ကြိမ်တစ်ခါမှ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။ လွန်ခဲ့သော ခြောက်နှစ်က သူကား ဒုတိယတန်းစား နိုဘယ်ဖြစ်သည်။ ထိုစဉ်က သူကား များစွာသော ထိပ်သီးနိုဘယ်များ အကြားတွင် ခြွင်းချက်မရှိ ထွန်းတောက်ခဲ့သော်လည်း တန်ခိုး အဆင့် ကွာဟခြင်းက သူ့အတွက် အခွင့်အရေး မဲ့စေခဲ့သည်။

နောက်သုံးနှစ်တွင် ညီလာခံ ထပ်မံကျင်းပသော အခါတွင်ကား လျူကျောင်းက ရှီအဆင့်ကို တက်လှမ်းသွားပြီး ဖြစ်သည်။ ထိုကိစ္စက အရှေ့ဘက်ပြည်နယ်မှ လူများအတွက် နောင်တရစရာ အချက်တစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း ယခုတစ်ခေါက်တွင် သူတို့က အရှေ့ဘက်ပြည်နယ်၏ ထက်မြက်သော နိုဘယ် တန်ခိုးရှင်များအား သေချာပေါက် မြင်တွေ့ရမည်ဟု တထစ်ချ သတ်မှတ် ထားကြသည်။

လူတစ်စုက စားသောက်ဆိုင် ထောင့်တစ်နေရာတွင် အေးအေးလူလူ ထိုင်ကာ စားသောက် နေကြသည်။ သူတို့က ဤသို့သော နေရာကို ရွေးထိုင်ခြင်းကလည်း သဘာဝကျပေသည်။ စားသောက်ဆိုင်များကား သတင်းများကို စုဆောင်းရရှိရန် အကောင်းဆုံးနေရာ မဟုတ်ပါလား။

ထိုအုပ်စုမှ လှပသော မိန်းကလေး တစ်ယောက်က ရီဖူရှင်းနှင့် လျူကျောင်းတို့၏ အကြောင်းများကို ကြားသည်တွင် ချောမောသော လူငယ်အား ပြုံးလျက် ကြည့်သည်။ သူတို့အုပ်စုကား ရီဖူရှင်းနှင့် သူ့လူများပင် ဖြစ်ကြသည်။ ပတ်ပတ်လည် စားပွဲဝိုင်းမှ လူများကား သူတို့ပြောနေသော လူက အနီးတွင် ရှိနေသည်ကို ရိပ်မိဟန်ပင် မရပေ။

“မင်း ဘယ်လိုထင်လဲ…” ဟောင်ကျူဂီက ရီဖူရှင်းကို ပြုံးလျက် မေးသည်။

ရီဖူရှင်း၏အကြည့်က ယူချင်းထံကို ရောက်လာသည်။

“မင်းက ငါ့ကို ဘာလို့ ကြည့်နေတာလဲ…” ယူချင်းက မေးသည်။ တစ်စုံတစ်ခု ထူးဆန်းနေသည်ကို ယူချင်းက နားလည် ခံစားမိသည်။

တခြားလူများကလည်း ယူချင်းကို ကြည့်ကြသည်။ ယူချင်းကလည်း သူဝါးနေသော အသားဖဲ့အားချကာ တခြားလူများအား ကြည့်သည်။

“ဘာမှ မဟုတ်ဘူး… ဆက်စား…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“မှန်တယ်… တကယ် ဘာမှ မဟုတ်ပါဘူး…” စုချွဲကလည်း ပြောသည်… “ထပ်စားဦး… မင်းအားကောင်းဖို့ လိုတယ်….”

တခြားလူများက စတင်၍​ စားသောက်ကြကာ ယူချင်းက ထူးဆန်းသော အခြေအနေအပေါ် နေသားမကျသလို ဖြစ်နေသည်။ သည်လူများက မည်သို့ ဖြစ်နေကြသနည်း။

ဟောင်ကျူဂီက ရယ်မောလိုက်သည်။ သူက ယူချင်းနှင့် ရှီနန်းတော်ထဲတွင် တိုက်ခိုက်ခဲ့သော အချိန်ကို ပြန်လည် သတိရလာမိသည်။ သူကား ပြန်တွေးကြည့်ရုံ မျှဖြင့်ပင် ကျောချမ်းရသည်။ ရှီတန်ခိုးရှင် ဖြစ်သွားသည့်တိုင် သူ့အား ယူချင်းဖြင့် တိုက်ခိုက်ခိုင်းပါက သူက အကြောက်အကန် ငြင်းဆန်မိမည် ဖြစ်သည်။ ယူချင်းနှင့် ယှဉ်ပြိုင်မည့် တခြားပြည်နယ်မှ နာမည်ကျော် ပါရမီရှင်များအတွက် စိတ်မကောင်း ဖြစ်ရသည်။ ထိုလူများက ယူချင်းနှင့် မတွေ့စေဖို့ သူ ဆုတောင်းမိသည်။

ဂါး…

အဝေးမှ အသံတစ်သံနှင့်အတူ သိမ်းငှက်နက် တစ်ကောင်က ရောက်လာသည်။

“သွားစို့…” ရီဖူရှင်းက ပြောသည်။ သူတို့အုပ်စုက စားလက်စများအား လက်စသတ်ကာ သိမ်းငှက်နက်ပေါ်သို့ ပျံသန်း တက်ရောက် သွားကြသည်။

အတန်ကြာလျှင် သူတို့က တိတ်ဆိတ်သော နေရာတစ်ခုသို့ ရောက်လာကြသည်။ သိမ်းငှက်နက်က မြေပြင်ပေါ်ကို ဆင်းသက်သည်တွင် ရီဖူရှင်းက မြေပြင်ပေါ်မှ လူစုအား ကြည့်သည်။

ထိုနေရာတွင်ကား ကျူးကော့ချန်းဖန်၊ မီးတောက် အင်ပါယာ နန်းတော်သခင်နှင့် သူ့သား လီဖုတု၊​ သူ၏ဇနီး ကျန်းစီရန်၊ တော်ဝင်ကျဲနန်းတော်၏ တပည့် ကျန်းကျိချင်တို့အပြင် တခြားလူများကိုလည်း မြင်ရသည်။ ပိုင်ရီ၊ ချူရှမ်းနှင့် တခြား လူသားကမ္ဘာမှ စွမ်းအားမြင့် တန်ခိုးရှင်များတို့လည်း ပါဝင်သည်။ သူတို့အားလုံးက ရီဖူရှင်းအပေါ် ကြည့်သော အကြည့်များမူကား ကွဲပြားခြားနား သွားပြီဖြစ်သည်။

ရီဖူရှင်းက ယခင်က မည်သူမှ မဟုတ်သော်လည်း ယခု သူက မြေရိုင်းပြည်နယ်၏ ခေါင်းဆောင် ဖြစ်နေလေပြီ။

“နန်းတော်သခင်ကို အရိုအသေပေးပါတယ်…” သူတို့အားလုံးက ဦးညွတ်ကြသည်။ နန်းတော်မှ တပည့်များအပြင် အကြီးအကဲများပါ မကျန် ရီဖူရှင်းအပေါ်​ ရိုသေလေးစား ကြရသည်။

ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်။ သူက ကျူးကော့ချန်းဖန်ကို မေးသည်… “ဦးလေးကရော… ဘာလို့ လိုက်လာတာလဲ…”

“ငါက မြေရိုင်းပြည်နယ် အပြင်ဘက်ကို မရောက်တာ အရမ်းကြာခဲ့ပြီ… အခု တစ်ခါလောက် လာကြည့်တာလည်း မဆိုးဘူးလို့ မြင်တယ်…” ကျူးကော့ချန်းဖန်က ပြုံးလျက် ပြောသည်။ ရီဖူရှင်းက ပြည်နယ် အပြင်ဘက်ကို ထွက်ကာ ခရီးထွက်ခြင်းက တခြားလူများကိုလည်း ထိုသို့ သွားလာလိုစိတ်များ ဖြစ်စေသည်။

ရီဖူရှင်းကလည်း ပြုံးလျက် ခေါင်းညိတ်သည်။ သည်တစ်ကြိမ် အခမ်းအနားကို တက်ရောက်သူ အများအပြား ရှိကြသော်လည်း သူတို့အားလုံးက အတွေ့အကြုံရရန်သာ ရောက်လာကြခြင်း မဟုတ်ပါလား။ သူတို့က ပြည်နယ်ကိုးခုမှ တန်ခိုးရှင်များဖြင့် ယှဉ်ပြိုင်ရန် ခက်ခဲနေဆဲ ဖြစ်သော်လည်း အနည်းဆုံး တခြားပြည်နယ်နှင့် ဟွာဟမှုများကို တွေ့မြင်နိုင်ပေသည်။

ရီဖူရှင်းက ပြောသည်… “မြေရိုင်းပြည်နယ်က ဒီအထိ ခရီးထွက်လာကြတော့ အားလုံး ပင်ပန်းနေကြ လောက်ပြီ… ကျွန်တော်က ပြိုင်ပွဲပုံစံကို သွားလေ့လာ စုံစမ်းတဲ့အချိန်မှာ အားလုံးက သွားပြီး အနားယူကြပါ… သတင်း အချက်အလက်တွေရရင် ကျွန်တော်က အားလုံးကို သတင်းပို့ပါ့မယ်…”

“ကောင်းပြီ…” အားလုံးက ခေါင်းညိတ်ကြသည်။

ပြည်နယ်ကိုးခု ညီလာခံက များစွာသော လူများ၏ အာရုံစိုက်မှုကို ရရှိကာ တန်ခိုးရှင် အရေအတွက် မည်မျှ ရောက်လာမည်ကို မည်သူကမှ မခန့်မှန်းနိုင်ပေ။ ထို့ကြောင့် တန်ခိုးရှင်တိုင်းက ပြိုင်ပွဲဝင်ပြိုင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ပြိုင်ပွဲဝင်ခွင့်ရရန် သေချာသော စိစစ်ရွေးချယ်မှုများအား ကျော်ဖြတ် ရပေမည်။

မကြာမီ သတင်းများ ထွက်လာသည်မှာ ညီလာခံတွင် ပါဝင်ယှဉ်ပြိုင်မည့် သူများက လောက ခေါင်းလောင်းအား တီးခတ်ကာ အသံမြည်ရန် လိုအပ်သည်ဟု ရှီဟွာတောင်က ကြေညာသည်။ အဆင့်မီသူများက ကောင်းကင် စင်မြင့်ထက်တွင် ပြုလုပ်သော ပြိုင်ပွဲ၌ ဝင်ရောက် တိုက်ခိုက် နိုင်ပေသည်။ အရေအတွက် အားဖြင့် လူသုံးထောင်ဟုလည်း သတ်မှတ် ထားကြသည်။

မရေမတွက်နိုင်သော လူများက ရှီဟွာတောင်တွင် ရှိသော လောက ခေါင်းလောင်း တည်နေရာ၌ လာရောက် စုစည်းကြသည်။ ရှီဟွာတောင် ကိုယ်တိုင်က ကောင်းကင်သို့ ထွင်းဖောက်မတတ် မြင့်မား မတ်စောက်သော်လည်း တောင်ခြေမူကား မရေမတွက်နိုင်သော လူများအား နေရာ ပေးနိုင်လောက်အောင် ကျယ်ပြန့်ပေသည်။ ယခု မရေမတွက်နိုင်သော လူများက ထိုနေရာတွင် စုစည်းနေကြသည်။

ရီဖူရှင်းတို့ အဖွဲ့လည်း ရောက်ရှိ လာကြသည်။ သူတို့က ရှီဟွာတေင်ကို ကြည့်ကာ အနည်းငယ် အံ့အားသင့်ကြရသည်။

တော်ဝင်မြေဖြစ်သော ရှီဟွာတောင်ကား မိုးထိုးနေကာ ဗိသုကာ လက်ရာများကလည်း ရှေးဆန်ပြီး ခမ်းနားကြီးကျယ် လွန်းလှသည်။ မြင့်မြတ်သော အရောင်အဝါများ လွှမ်းခြုံနေခြင်းက တော်ဝင်မြေ အမည်နာမနှင့် ကိုက်ညီလှကာ ရောက်ရှိလာသူတိုင်းအား ထူးခြားသော ခံစားချက်များအား ပေးသည်။ တောင်ပေါ်ကို တက်သော လမ်း၏ ခြေလှမ်း သုံးထောင်ခန့်တွင် ဧရာမခေါင်းလောင်းကြီး တစ်လုံးအား ထိပ်သီး တန်ခိုးရှင်များက စောင့်ကြပ် နေကြသည်။ ထိုခေါင်းလောင်းကြီး သည်ပင် ပြိုင်ပွဲဝင်ခွင့်ရရန် တီးခတ်ရမည့် ခေါင်းလောင်း ဖြစ်ပေသည်။

သူတို့အားလုံးက နာမည်ကျော် လောက ခေါင်းလောင်းအား ကြည့်နေကြသည်။ သည်ခေါင်းလောင်းကား ရှီဟွာတောင် ရှန့်ထိုများက သွန်းလုပ်ထားခြင်း ဖြစ်ကာ လောကဓာတ်များကို ရင့်ကျက်အောင် နားလည် ဆင်ခြင်နိုင်စွမ်း ရှိသူများကသာ ခေါင်းလောင်းကို တီးခတ်နိုင်ပေသည်။  ထို့အပြင် ခေါင်းလောင်းသံကို လိုက်၍​ တီးခတ်သူက သူ၏လောကဓာတ် မည်မျှ အဆင့်အထိ ရင့်ကျက်ပြီး ဖြစ်သည်ကိုလည်း သိနိုင်ပေသည်။

အသံအား ဓာတ်ငါးမျိုးကို ကိုယ်စားပြုသော ပုံရိပ်ကိုးခုဖြင့် ဖော်ကျူးပေသည်။ အကယ်၍ လောကဓာတ် တစ်ခုတည်းကိုသာ နားလည်သူက ခေါင်းလောင်းကို တီးခတ်ပါက ခေါင်းလောင်းသံ တစ်ချက်မျှသာ ပေါ်ထွက် နိုင်ပေသည်။

အကယ်၍ တီးခတ်သူက လောကဓာတ်များ အချင်းချင်း ပေါင်းစပ်ခြင်း၊ သက်စောင့်ဝိညာဉ်ဖြင့် ပေါင်းစပ်ခြင်း စသော ထူးခြားသော အရည်အသွေး ပိုင်ရှင်များက ပိုမိုသော ပုံရိပ်များနှင့် အသံများစွာကို မြည်ဟည်း စေနိုင်ပေသည်။ အားအကောင်းဆုံးသော လောကဓာတ်များက ကျားဟိန်းသံများနှင့် နဂါးအော်သံများကိုပင် ဖြစ်စေနိုင်ပေသည်။ ထို့ကြောင့် လောက ခေါင်းလောင်းက တပည့်များ၏ လောကဓာတ်များကို အကဲဖြတ်သော ရတနာတစ်ခုဖြစ် သတ်မှတ်နိုင်ပေသည်။

“ပြည်နယ်ကိုးခုက ပါရမီရှင် အများအပြားက ပြည်နယ်ကိုးခု ညီလာခံမှာ ပါဝင်ကြလိမ့်မယ်… အတော်များများက လောကဓာတ်တွေကို ရင့်မာအောင် ဆင်ခြင် ထားပြီးတဲ့လူတွေပဲ… သူတို့အားလုံးကို ပထမဆုံး လောက ခေါင်းလောင်းနဲ့ အကဲဖြတ်လိမ့်မယ်… ပြီးတော့မှ ဝင်ခွင့်ရတဲ့လူတွေကို ပြိုင်ပွဲဝင်စေမယ်…” တစ်ယောက်က​ ပြောသည်။

“အမှန်ပဲ… ဒီဂုဏ်ယူရတဲ့ သားတော်တွေ သမီးတော်တွေ အားလုံးက ပြည်နယ်ကိုးခုရဲ့ အားထားရတဲ့ လူငယ်တွေပဲ… ဒါပေမဲ့ သူတို့ အားလုံးကို တစ်ခါတည်း ပြိုင်ပွဲဝင်စေတာက အရမ်းကို ရှုပ်ထွေးပြီးတော့ မလိုလားအပ်တဲ့ အချိန်ကြာမြင့်မှုတွေ ဖြစ်နိုင်တယ်… ဒါကြောင့် လောက ခေါင်းလောင်းနဲ့ စိစစ်လိုက်တာက တော်တော် ကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ…”

“ဒီနည်းနဲ့ ကျုပ်တို့က ပြည်နယ်ကိုးခုက အတော်ဆုံး အကောင်းဆုံးဆိုတဲ့ လူတွေရဲ့ အရည်အချင်းတွေကို မြင်တွေ့ ကြရလိမ့်မယ်…” နောက်တစ်ယောက်က ပြုံးလျက် ပြောသည်။

ထိုစဉ် လူတစ်စုက တောင်ပေါ်မှ ဆင်းလာကြသည်။ လူအများအပြားက ထိုအုပ်စု၏ ခေါင်းဆောင်ကို ကြည့်ကာ ပြောကြသည်… “အဲဒါ လျူကျောင်းပဲ… သူက ခေါင်းလောင်းကို တီးရင် ဘယ်လိုဖြစ်မလဲ မသိဘူး…”

“လျူကျောင်းနောက်က လူတွေထဲမှာ စစ်တုရင်ရှန့်ထိုရဲ့ တပည့် ကိုးယောက်လည်း ပါတယ်… စစ်တုရင် တပည့်တွေထဲမှာ အကြီးဆုံး တပည့်က ရှီနဲ့ရှန့်ထို အဆင့်ထဲက တစ်ယောက် အပါအဝင်ပဲ… အခု သူက လျူကျောင်းနောက်မှာ ရပ်နေတယ်… ဒါက ဘာကို ဆိုလိုတာလဲ…” လူအများအပြားက အံ့အားသင့် ကြရသည်။ သူတို့က အမှန်တရားကို မသိကြပေ။ စစ်တုရင် ရှန့်ထို၏ တပည့်ကိုးယောက်က ယခု လျူကျောင်းနောက်ကို လိုက်နေခြင်းက စစ်တုရင်ရှန့်ထို၏ အမွေဆက်ခံခြင်းနှင့်သာ သက်ဆိုင်သည် မဟုတ်ဘဲ စစ်တုရင်ရှန့်ထိုကို ကယ်ဆယ်ရန် အတွက်လည်း ဖြစ်ကြပေသည်။

လျူကျောင်းက လောကခေါင်းလောင်း အနီးကို လျှောက်လာသည်။ သူက လှေကားထစ်ပေါ်တွင် ရပ်ကာ လူအုပ်ကြီးကို ကြည့်လျက် ပြောသည်… “ဒီနေ့ လောက ခေါင်းဆောင်းက ပြိုင်ပွဲဝင်မယ့်လူတွေကိုပဲ​ စမ်းသပ်ခွင့်ပြုတာ မဟုတ်ဘူး … ရှီတွေထဲမှာလည်း ကိုယ်ပိုင်စွမ်းရည်ကို စမ်းသပ်ချင်တဲ့လူက လောက ခေါင်းလောင်းကို တီးခတ် ကြည့်နိုင်တယ်…”

လောက ခေါင်းလောင်းဘေးမှ ရပ်နေသော အကြီးအကဲများက ဘာမှ မပြောဘဲနေခြင်းဖြင့် လျူကျောင်း၏ စကားကို ထောင်ခံကြောင်း ပြသကြသည်။ လျူကျောင်းကား ရှီဟွာတောင်တွင် မြင့်မားသော အဆင့်အတန်း တစ်ခု၌ ရှိပေသည်။ ထို့ကြောင့် အားလုံးက သူ့အား သတိထား ဆက်ဆံကြရပေသည်။ ယခု လျူကျောင်းအား စစ်တုရင်ရှန့်ထို၏ တပည့်ကိုးယောက် လိုက်လံခံစားနေကြရာ သူ့အား ယခင်ထက် ပို၍​ ကြီးကျယ် မြင့်မြတ်စေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset