ကိုးယောက်လုံးက စစ်တုရင်ခုံပေါ်ကို ရောက်လာသည်။ ဂူတုံးလျိုနှင့် ယူချင်းတို့ကလည်း ရှေ့အတန်းတွင် နေရာယူကြကာ ဟောင်ကျူဂီနှင့် ရီဝူချင်းတို့က နောက်အတန်းတွင် နေရာယူကြသည်။
ရီဖူရှင်းက ဗဟိုတွင်ရပ်ကာ ကျူးကော့မင်းယွီနှင့် ဟွာဂျီယူတို့က ဘေးတွင် ရပ်ကြသည်။ ဓားသခင်က နောက်ဆုံးတွင် ရပ်ကာ စုချွဲကား နောက်မှ ထောင့်တစ်နေရာတွင် နေရာချထားခြင်း ခံရကာ သူ့အား အလွန်အမင်း မသက်မသာ ဖြစ်စေသည်။
ရီဖူရှင်းက လွတ်လပ်ခြင်း ကျင့်စဉ်အား အသက်သွင်း လိုက်သည်။ သူ၏ သက်စောင့် ဟော်နန်း၌ စစ်တုရင်ဝိညာဉ်ကလည်း အသက် ဝင်လာသည်။ စစ်တုရင်ခုံပေါ်တွင် လူဆယ့်ရှစ်ယောက်က ရပ်နေကြကာ ရီဖူရှင်း၏ မျက်လုံးများက သူသက်စောင့် ဟော်နန်းထဲတွင် ရှိနေသည်။
နတ်နဂါး ကစားကွက်ကား ဝင်္ကပါကိုးခု ပေါင်းစပ်ခြင်းမှ ဖြစ်လာခြင်းဖြစ်ကာ သီးခြား စည်းမျဉ်းများ မရှိဘဲ ဝင်္ကပါ တစ်ခုချင်းစီက သီးသန့် ရပ်တည်မှုလည်း တည်ရှိပေသည်။ တစ်ကွက်ချင်းစီတွင် မရေမတွက်နိုင်သော အပြောင်းအလဲများ ရှိသည်။ ထို့ကြောင့် ရီဖူရှင်းက ဖြစ်နိုင်ဖွယ် အပြောင်းအလဲများ အတွက် ရက်ပေါင်းများစွာ စိစစ်လေ့လာကာ ပြင်ဆင်ရသည်။
ယခု လာမည့် ကစားပွဲကား သည်နှစ်လအတွင်း သူမည်မျှ ဖမ်းဆုပ်နိုင်သည်ကို သိသာစေမည် ဖြစ်သည်။
“စီနီယာက အရင်စပါ…” ရီဖူရှင်းက ရန်ရှောင်ကို ဦးညွှတ်ကာ ပြောသည်။
မရေမတွက်နိုင်သော လူများက စစ်တုရင်ခုံကို ကြည့်နေကြသည်။ ရီဖူရှင်းတို့အဖွဲ့က ရိုးရှင်းသော ဝင်္ကပါပုံစံ တစ်ခုကို ခင်းထားကြကာ အားလုံးက သည်ကစားပွဲသည်လည်း လေးနက်စွာ ကြည့်ရမည့် ပွဲတစ်ပွဲဟု ခံစားမိနေကြသည်။ ရီဖူရှင်းတို့ အဖွဲ့ကလည်း အမှန်ပင် သည်ကစားကွက်ကို ချိုးဖျက်ရန် ရောက်လာကြဟန် ရသည်။
ရန်ရှောင်က လက်ဝှေ့ယမ်းကာ သူ၏ပထမဆုံး နယ်ရုပ်ကို ချသည်။
ဒုတိယပွဲကား ပထမကစားပွဲပြီး၍ မကြာမီတွင်ပင် ကစားရသည်။
ရီဖူရှင်းက လက်ဝှေ့ယမ်းကာ နောက်ထပ် လောကဓာတ်များ ကိန်းအောင်းနေသော နယ်ရုပ်တစ်ခုအား ချသည်။ ထိုအခိုက်တွင်ပင် ထိုနယ်ရုပ် အနီးပတ်ဝန်းကျင်က အေးခဲသွားသည်။
လီခိုင်ရှင်းက နောက်ထပ် နယ်ရုပ်တစ်ခုအား ချသည်။
ဂူတုံးလျိုကလည်း နောက်ထပ် နယ်ရုပ်တစ်ခုကို ချသည်။ ဂူတုံးလျိုက ထိုနယ်ရုပ်အား ချသော်လည်း အမှန်တကယ် အားဖြင့် ထိုနယ်ရုပ်အား ထိုနေရာတွင်ချရန် ရီဖူရှင်းက ညွှန်ကြားခြင်း ဖြစ်သည်။
ဂူတုံးလျိုနှင့် တခြားလူများက စစ်တုရင်ပညာအား တတ်သိနားလည်ခြင်း မရှိကြပေ။
“တစ်ယောက်တည်းက ကိုးယောက်အတွက် စစ်တုရင် ကစားတယ်…” အားလုံး၏ မျက်လုံးများက အရောင်လက်သွားကာ ရီဖူရှင်းကို ကြည့်ကြသည်။ သူတို့အတွေးများက ရှင်းလင်းသွားကာ ရိဖူရှင်းကား အမှန်ပင် ကိုးယောက်လုံးအတွက် ကစားနေခြင်း ဖြစ်သည်။ သို့သော်လည်း ကွဲပြားခြားနားသော လောကဓာတ် ကိုးမျိုးအား ကွဲပြားခြားနားသော ဟန်ပင်ဖြင့် ကစားစေခြင်းလည်း ဖြစ်သည်။ သို့သော် ကစားကွက် တစ်ခုလုံးအား ရီဖူရှင်းက ထိန်းချုပ်ကာ တစ်ယောက်ချင်းစီ၏ တစ်ကိုယ် ရေတွက်ချက်မှုများ ကိုလည်း ရီဖူရှင်းက လုပ်ဆောင်သည်။
လျူကျောင်းက ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်း သူနှင့် တူညီသော အတွေးရှိသည်မှာ သေချာသည်။ နတ်နဂါး ကစားကွက်ကား တစ်ဦး တစ်ယောက်တည်းဖြင့် ဖြိုခွင်း၍ ရသောအရာ မဟုတ်သည်ကို သူတို့နှစ်ဦးလုံး နားလည်ကြသည်။ သူ့နည်းတူ ကစားသည့်ပုံစံကသာ နတ်နဂါး ကစားကွက်အား ချိုးဖျက်ရန် အခွင့်အရေး ရှိပေသည်။
နယ်ရုပ်များ တစ်ခုပြီးတစ်ခု ကျလာသည်တွင် ယခင်ကဲ့သို့ပင် အလွန် အားကောင်းသော လောကဓာတ်များ ရစ်သိုင်း လာတော့သည်။ ကစားပွဲက အချိန်တို အတွင်း၌ပင် ကြီးမားသော အရှိန်အဝါများ ဖြာထွက်လာသည်။
လျူကျောင်းက ကစားကွက်ကို ကြည့်ကာ သူ၏အမူအရာက အလွန်အမင်း လေးနက်သွားသည်။ မြေရိုင်းပြည်နယ်မှ ထိုမျှ ထူးချွန်သော ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာမည်ဟု သူလုံးဝ မထင်ထားပေ။
ကစားသမား ကိုးယောက်က ကွဲပြားခြားနားသော ကစားဟန်ကိုးခုနှင့် ကွဲပြားခြားနားသော ကစားကွက်ကိုးခုကို ဖော်ထုတ်ကြသည်။
ဂူတုံးလျို၏ကစားကွက်က ဒီရေအလား အဆက်မပြတ် ဆန်တက်လာသော ဓားအားလှိုင်းများဟု ထင်မှတ်ရကာ ယူချင်း၏ ထောင့်ဘက်မှလည်း ကြီးမားသော ခွန်အားများကို ထုတ်ဖော်သည်။ ကစားသမား နှစ်ယောက်လုံးက အချင်းချင်း လိုက်လျောညီထွေရှိကာ နတ်နဂါး ကစားကွက်အား ရှေ့ဆုံးမှ ခုခံကြသည်။ ဟောင်ကျူဂီ၏ဝင်္ကပါက အလွန်ထက်ရှသော မြှားဝင်္ကပါဖြစ်ကာ သူ၏နယ်ရုပ်တစ်ခုစီတိုင်းက အလွန် အန္တရာယ် များလှပေသည်။ ရီဝူချင်း၏ကစားကွက်က အဝင်အထွက် ညီမျှသော အဖြည့်ပုံစံဖြင့် ဖြစ်ကာ တစ်ချိန်တည်းတွင်ပင် တစ်ဖက်ကစားသမား၏ အားနည်းချက်ကို အချိန်မရွေး တိုက်ခိုက်နိုင်စွမ်း ရှိသည်။
ကစားသမားတိုင်း၏ ကစားဟန်က အလွန်အမင်း ထူးခြားကာ သီးသန့်ဆန်သည်။ သို့တိုင်အောင် သူတို့၏စွမ်းအားနှင့် ကစားပုံတို့က အချင်းချင်း ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်ကာ အားကောင်းစွာ လည်ပတ်နိုင်သော ယန္တရား တစ်ခုအား တည်ဆောင် ထားနိုင်ခဲ့သည်။
အမှန်တကယ်အားဖြင့် ထိုအလုပ်များ အားလုံးကို ရီဖူရှင်းတစ်ယောက်တည်း လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။ သူတစ်ယောက်တည်းက ကိုးယောက်စာ တာဝန်များကို ယူထားကာ ကွဲပြားခြားနားသော ကစားဟန်နှင့် ကစားကွက်အား ဖော်ထုတ်ခြင်း ဖြစ်သည်။ ထိုနည်းဖြင့် သူက နတ်နဂါးကစားကွက်ကို ရင်ဆိုင်သည်။ သည်ကဲ့သို့သော အရည်အချင်းက စစ်တုရင်ပညာ၏ အထွတ်အထိပ်ပညာရှင်များ တွင်သာ ရှိပေသည်။
ဝမ်ရှင်းက စစ်တုရင်ခုံကို ကြည့်ကာ ထူးဆန်းသော အရောင်အဝါများ သူ၏မျက်လုံးထဲမှ စိမ့်ထွက်နေသည်။ ရီဖူရှင်းကား တော်ဝင်ကျဲနန်းတော် သခင်နေရာနှင့် အမှန်ထိုက်တန်သူ ပါရမီရှင်ဖြစ်သည်။ မြေရိုင်းပြည်နယ်၏ အနာဂတ်က မကြာခင် မြင့်မားလာမည်ဟု သူ တထစ်ချ ယုံကြည်ပေသည်။
သည်ကစားကွက်က အရှေ့ဘက် ပြည်နယ်တွင် ရီဖူရှင်း၏ပထမဆုံး တောက်ပ ထွန်းပြောင်မှုတစ်ခုလည်း ဖြစ်ပေမည်။
သူ၏ တန်ခိုးအဆင့်က နိမ့်သော်လည်း ပြည်နယ်ကိုးခုလုံးက သူ့နာမည်ကို ကြားသိရန် အချိန်တစ်ခုသာ စောင့်ရန် လိုအပ်ပေသည်။ ထိုအချိန်တွင် သူ့အားမည်သူကမှ အထင်သေးရဲ တော့မည် မဟုတ်တော့ပေ။
ရန်ရှောင်၊ လီခိုင်ရှင်းနှင့် တခြားလူများကလည်း အလွန်အမင်း လေးနက်သော မျက်လုံးများဖြင့် တစ်ဖက် ကစားကွက်ကို ကြည့်နေကြသည်။ သူတို့က ဤသို့သော ဖိအားကို လုံးဝ မမျှော်လင့်ခဲ့ကြပေ။ ယခု သူတို့အားလုံးက အနည်းငယ်မျှပင် သတိမလစ်ဟင်းစေဘဲ အလွန်လေးနက်စွာ ကစား နေကြရသည်။
လီခိုင်ရှင်းက ကြီးမားသော အရှိန်အဝါဖြင့် နယ်ရုပ်အား ချလိုက်သည်။ ထိုအရာက ရုန့်ရင်းကြမ်းတမ်းသော တိုက်ခိုက်ရေး ပုဆိန်တစ်ခုဖြစ်ကာ တစ်ဖက် ကစားကွက်အား တိုက်ရိုက် ဖြတ်တောက်ရန် ကြံစည်သည်။
“စုချွဲ… ကိုးနဲ့နံပါတ်သုံးကိုသွား..” ရီဖူရှင်းက ပြောသည်။ ရီဖူရှင်းဘက်မှ ကိုးယောက်က အလှည့်ကျ ကစားခြင်း မဟုတ်ဘဲ ရီဖူရှင်း၏ ညွှန်ကြားချက် ရမှသာလျှင် လှုပ်ရှားကြသည်။
စုချွဲ၏ နေရာချထားခြင်းက နတ်နဂါးကစားကွက်၏ အရေးပါသော လမ်းကြောင်းများအား ခြိမ်းခြောက်ထားသည်။ သူက ထောင့်ကျကာ နယ်ရုပ် တစ်ခုချင်းစီက အထီးကျန် ဆန်ဟန်ရသော်လည်း သူကား ခန့်မှန်းမရနိုင်သော လူသတ်သမား တစ်ယောက်နှင့်တူကာ သူ၏လူသတ်လိုသော အငွေ့အသက်ကလည်း လျစ်လျူရှု မရနိုင်သော အရာတစ်ခုဖြစ်သည်။
“ဝင်္ကပါကို ဝင်္ကပါနဲ့ တိုက်ခိုက်တာ…” ရန်ရှောင်က စစ်တုရင်ခုံကို ကြည့်ကာ ရေရွတ်သည်။ ရီဖူရှင်းက ကစားပွဲအား မည်သို့သော အခြေအနေသို့ ဆွဲခေါ်နေသည် ကိုလည်း နားလည်လိုက်သည်။
နတ်နဂါး ကစားကွက်၏ သီးခြားဝင်္ကပါကိုးခုက ယခု စစ်တုရင်ခုံပေါ်တွင် ပြည့်စုံတွင် ခင်းကျင်းထားပြီး ဖြစ်ကာ ရီဖူရှင်းကလည်း ထိုသို့ ခင်းကျင်းခြင်းအား တားဆီးမည့် လက္ခဏာမရှိပေ။ သူက မူကလည်းကပင် ထိုသို့ ရည်ရွယ်ချက် ရှိဟန်မရပေ။ သို့သော်လည်း နတ်နဂါးဝင်္ကပါကား ကစားကွက်ကိုးခုကို အခြေတည်၍ ဖြစ်လာခြင်း ဖြစ်သည်။ ယခု ရီဖူရှင်းဘက်တွင်လည်း ဝင်္ကပါကိုးခု ဖြစ်တည်လာသည်။ ထို့အပြင် ဝင်္ကပါငယ်များထဲတွင် ဂူတုံးလျိုနှင့် ယူချင်းတို့က တစ်တွဲ၊ ဟောင်ဂျူနီနှင့် ရီဝူချင်းတို့က တစ်တွဲ၊ ကျူးကော့မင်းယွီနှင့် ဟွာဂျီယူတို့က တစ်တွဲအပြင် ဓားသခင်နှင့် စုချွဲတို့က တစ်တွဲအဖြစ် အလုပ်လုပ်ပြီး ထိုအရာများ အားလုံးကို ရီဖူရှင်းဖြင့် ဆက်နွှယ်ထားသည်။
ထိုကစားကွက်က နတ်နဂါးကစားကွက်၏ ဖိအားကို ဆန့်ကျင်ရန် ပုံဖော်ထားခြင်း ဖြစ်ဟန်ရသည်။ တိုက်ခိုက်ခြင်းအား တိုက်ခိုက်ခြင်းဖြင့် ပြန်လည် တုံ့ပြန်သည်။
နတ်နဂါး ကစားကွက်ကား အားနည်းချက်မရှိ၊ ဟာကွက်မရှိသော ကစားကွက်ဖြစ်ရာ အားနည်းချက်ကို ရှာနေ၍ မရပေ။ တစ်ဖက် ကစားကွက်အား ရင်ဆိုင်ရန် ပိုမိုအားကောင်းသော ကစားကွက်အား တည်ဆောက်ရန်သာ လိုပေသည်။
စစ်တုရင် ကျေးရွာမှလူများက စစ်တုရင်ကို အဆင့်အတန်း မြင့်မြင့် မကစားနိုင်သော်လည်း သူတို့က စစ်တုရင်ခုံပေါ်မှ ဖြစ်ပျက်နေသည်များအား နားလည် ကြပေသည်။
ဆန့်ကျင်ဘက် အင်အားစုနှစ်ခုက တစ်ခုနှင့်တစ်ခု ရင်ဆိုင ်တိုက်ခိုက်နေကြကာ တကယ့်စစ်မြေပြင်အလား ထင်မှတ်ရသည်။
“သူက ဘယ်လိုလုပ် နိုင်ခဲ့တာလဲ…” ကျောက်စီရီက စစ်တုရင်ခုံပေါ်မှ မြင်ကွင်းကို ကြည့်ကာ မှင်တက်နေသည်။
“မင်းသမီးစီရီ… ရီဖူရှင်းရဲ့ စစ်တုရင်ပညာက သိပ်မဆိုးဘူး… ဒါကို ခင်ဗျားနဲ့ မိုကျွမ်တို့ကို စိန်ခေါ်ခဲ့ကတည်းက သက်သေပြပြီးပြီ… ဒီကစားပွဲက သမိုင်းတွင်လိမ့်မယ်…” လျူကျောင်းက ပြောသည်… “သူ့အပေါ် မကောင်းမြင်နေစရာ မလိုဘူး…”
ကျောက်စီရီ၏ နက်မှောင်သော မျက်လုံးများက လျူကျောင်းကို နွေးထွေးစွာ ကြည့်သည်။ သူမက ပြုံးလျက် ခေါင်းညိတ်ကာ သူ၏အပြုအမူ စိတ်နေ သဘောထားတို့အား လေးစားချီးကျူး ရသည်။
“ကျွန်မရဲ့ နာမည်ကိုပဲ ခေါ်ပါ…” ကျောက်စီရီက ညင်သာစွာ ပြောသည်။
လျူကျောင်းက သူမအား ကြည့်သည်တွင် သူမက တစ်ဖက်ကို လှည့်သွားသည်။ သူမ၏ရှက်ရွံ့ဟန်တို့က လျူကျောင်း၏ မျက်နှာတွင် အပြုံးများ ဝေဆာစေသည်။
“ကျီရီ… ကစားပွဲက နှစ်သက်စရာ ကောင်းတယ်…” လျူကျောင်းက ပြောသည်။ ကျောက်စီရီ၏မျက်နှာ၌ အလွန်အမင်း တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။
ထိုအခိုက်တွင် စစ်တုရင်ခုံပေါ်တွင် အလွန်ပြင်းထန်သော တိုက်ပွဲဖြစ်နေပြီ ဖြစ်သည်။ ရီဖူရှင်းက သူ၏သက်စောင့် ဟော်နန်းထဲရှိ စစ်တုရင်ဝိညာဉ်က ဖြစ်နိုင်ဖွယ် ကစားကွက်များအား အဆက်မပြတ် လှုပ်ရှား လည်ပတ်နေကာ မြန်ဆန်စွာ တွက်ချက်မှုများ လုပ်နေသည်။
ဝုန်းခနဲ မည်သံနှင့်အတူ စစ်တုရင် ရှန့်ထို၏လေးယောက် မြောက်တပည့်က နယ်ရုပ်ကို ချသည်။ ကြီးမားသော ဖိအားက စစ်တုရင် ခုံပေါ်တွင် သိသိသာသာ ထွက်ပေါ်လာသည်။ နဂါးကြီး၏ ခန္ဓာကိုယ်က ဝင်္ကပါပေါ်တွင် ဖြစ်တည်လာကာ ရီဖူရှင်းနှင့် သူ့အဖွဲ့အား ဖိအားများ ဝင်စေသည်။ ရီဖူရှင်းတို့အာလုံးက သူတို့ထံကို ဆင်းသက်လာသော ဖိအားများကို ခံစားကြရသည်။ ထိုအရာက သူတို့ထံကို စစ်မှန်သော နဂါးကြီးက ဆင်းသက် လာသကဲ့သို့ပင်။
“ယူချင်း…” ရီဖူရှင်းက ခေါ်လိုက်သည်။ ယူချင်းက သူ၏နယ်ရုပ်အား စစ်တုရင်၏ အလယ်တစ်နေရာတွင် ချလိုက်သည်။ ကြီးမားသော ခွန်အားက စစ်တုရင်ခုံကို ရိုက်ခတ်သွားကာ နဂါးကြီး၏ ဖိအားကို ခုခံသည်။ နတ်ဆိုးကဲ့သို့ ပုံသဏ္ဌာန်အား စစ်တုရင်ခုံပေါ်တွင် ရေးရေးမျှ မြင်ရသည်။
တခြား တစ်ဖက်မှ နယ်ရုပ်တစ်ရုပ် ကျလာသည်။ ထောင့်တစ်နေရာမှ နဂါးကြီး၏အမြီးက အနီးမှ နယ်ရုပ်များအား ခြိမ်းခြောက်သည်။
“အစ်ကိုကြီး…” ရီဖူရှင်းက ဆက်ပြောသည်။ သူက ဓားသခင်အား နယ်ရုပ်ကို ရွှေ့စေသည်။ နောက်ဆုံးမှ ဝင်္ကပါက အသက်ဝင်လာကာ နဂါးကြီး၏အမြီးအား ဖြတ်တောက်ရန် ကြိုးစားသည်။
“လောကဓာတ်တွေနဲ့ တည်ဆောက်ထားတဲ့ ဝင်္ကပါတွေက စစ်မှန်တဲ့ ခွန်အားတွေကို ဖော်ထုတ်နိုင်တယ်…” အားလုံးက တုန်ယင်စွာဖြင့် ရေရွတ်မိကြသည်။ သူတို့၏စိတ်ထဲတွင် ရှိနေသည်ကား ကစားပွဲ မဟုတ်တော့ဘဲ အလွန်စစ်မှန်ကာ ကြမ်းတမ်းသော တိုက်ပွဲတစ်ခုလည်း ဖြစ်သည်။
နှစ်ဘက်လုံးက သူတို့၏ နယ်ရုပ်များကို ချလိုက်သည်တွင် နယ်ရုပ်တိုင်းက နဲနက်ကာ ခန့်မှန်းရခက်သော အပြောင်းအလဲများအား သယ်ဆောင် လာကြသည်။ စစ်တုရင်ခုံ၏ ဖိအားကလည်း အလွန်ကြမ်းတမ်းကာ ကြီးမားလှသည်။
ရန်ရှောင်၏မျက်နှာက အလွန်အာရုံ စူးစိုက်ထားဟန် ရသည်မှာ ထင်ရှားသည်။ သူက တစ်နေ့တည်းတွင် ဤမျှ ထူးခြား ထက်မြက်သော ပညာရှင် နှစ်ယောက်ဖြင့် ရင်ဆိုင်ရမည်ဟု မထင်ထားပေ။ ရီဖူရှင်းက လျူကျောင်း ပြီးသည်နှင့် နတ်နဂါးစစ်တုရင် ခုံပေါ်ကို တက်လာကာ သူနှင့် တိုက်ရိုက် ရင်ဆိုင် တိုက်ခိုက်နိုင်ခဲ့သည်။
“ခွင့်ပြုပါ…” အသံတစ်သံ ကြားရကာ သူကား လီခိုင်ရှင်း ဖြစ်သည်။ သူက ရှေ့ကို တက်လာကာ သူ၏ခန္ဓာကိုယ်ကို နယ်ရုပ်အဖြစ် အသုံးပြု၍ ထောင့်တစ်နေရာတွင် နေရာယူသည်။ နယ်ရုပ်များ တစ်ခုပြီးတစ်ခု ဆက်တက် ကြေပျက် သွားရသည်။ လီခိုင်ရှင်း၏ နယ်ရုပ်ကား ယူချင်းနှင့် ဂူတုံးလျိုတို့ အကြားတွင် ရှိနေကာ ရီဖူရှင်းအား မျက်နှာချင်း ဆိုင်ထားသည်။ များစွာသော နယ်ရုပ်များကလည်း ချက်ချင်း ဝါးမျိုခံရသည်။
“အစ်ကို၃…” ရီဖူရှင်းက ခေါ်လိုက်သည်။ ဂူတုံးလျိုက အကွက် ရွှေ့လိုက်သည်။ သူက ရှေ့ကို ခြေလှမ်းအသေး တစ်လှမ်း လှမ်းလိုက်ကာ တစ်နေရာတွင် ရပ်သည်။ ပြင်းထန် အားကောင်းသော ဓားစွမ်းအင်က အပေါ်ကို ဆန်တက်လာသည့် အလား တဝုန်းဝုန်းဖြင့် ရိုက်ခတ်လာကာ များစွာသော နယ်ရုပ်များအား ဖြတ်တောက် သွားသည်။
ရန်ရှောင်၏ဇရီးက ရှေ့ကို တက်လာကာ တစ်နေရာ ယူလိုက်သည်တွင် ရီဖူရှင်းတို့ တစ်ဖွဲ့လုံးက ရေခဲရိုက်ထားသလို ခံစား လိုက်ရသည်။
ကျူးကော့မင်းယွီက ရှေ့ကို တစ်လှမ်း တက်လိုက်ကာ ဂူတုံးလျို၏ဘေးကို ရောက်လာသည်။ သူမက နယ်ပယ်တစ်ခုနှင့် တစ်ခုအား တစ်စုံအဖြစ် ပေါင်းစပ်လိုက်ကာ အေးခဲမှုဒဏ်အား ခြေဖျက် လိုက်သည်။
လူတစ်ယောက်ပြီး တစ်ယောက် ရှေ့ကို တက်လာကြသည်။ ကိုးယောက်လုံးက နယ်ရုပ်များအား မဖန်တီးကြတော့ဘဲ သူတို့ကိုယ်တိုင် နယ်ရုပ်များအဖြစ် ဆောင်ရွက်ကာ တစ်ဖက်ပြိုင်ဘက်များအား ရင်ဆိုင်ကြသည်။
နှစ်ဖက်လုံးက အချင်းချင်း ရင်ဆိုင်တိုက်ခိုက် ကြသော်လည်း ကစားကွက် အချင်းချင်း ထိခိုက်အောင် မလုပ်နိုင်ကြသေးပေ။
***