ဓားအရောင်အဝါ အလင်းတန်းများက ကောင်းကင်မှ ဆင်းသက်လာကာ အလွန်အမင်း ထက်ရှသောဟန်ပင်ဖြင့် ပျောက်ကွယ် သွားကြသည်။ စစ်တုရင်ခုံပေါ်တွင် ကြောက်မက်ဖွယ် ကောင်းအောင် ထက်ရှသော အရောင်အဝါ တစ်ခုဖြစ်ပေါ်လာသည်။ လူအများအပြားက စစ်တုရင်ခုံကို တုန်ယင်စွာ ကြည့်ကြသည်။ သူတို့က အမှန်တကယ် စစ်တုရင်ကို ကစားနေကြသည်လား။
စစ်တုရင်ခုန်တွင် ဖြစ်ပျက်နေသည်က တကယ့် စစ်မြေပြင်အလား ထင်မှတ်ရသည်။ လူဆယ့်ရှစ်ယောက်က စစ်တုရင်ခုံပေါ်တွင် နယ်ရုပ်များအလား ကစားနေကြသည်။ သူတို့၏ခန္ဓာကိုယ်က နယ်ရုပ်များနှင့်အတူ ကျဆင်းနေကြကာ အလွန်ပြင်းထန်သော အားလှိုင်းများက အချင်းချင်း ရင်ဆိုင်တွေ့နေကြသည်။
“နတ်နဂါးစစ်တုရင် ကစားကွက်…” ထိုအခိုက်တွင် လူအများအပြားက စစ်တုရင်ခုံပေါ်မှ အဆုံးအစမဲ့အောင် ရှည်လျားဟန်ရသော ရစ်ခွေနဂါးအား မြင်ကြရသည်။ သူ၏ခြေသည်းများက ဓားသွားများလို ထက်ရှကာ အေးစက်သော အငွေ့အသက်များ လျှံထွက်နေသည်။ နယ်ရုပ် ကျဆင်းလာသည်တွင် ဓားဝင်္ကပါက စစ်တုရင်ခုံအား ခွင်းလျက် အရာအားလုံးကို ဖျက်ဆီးရန် ကြိုးစားသည်။ သို့သော်လည်း လျူကျောင်းအား အလယ်ဗဟိုတွင် ထား၍ ခက်မများက ရွှေရောင်များအဖြစ် ဖြာထွက်လာကာ လျူကျောင်းကိုယ်တိုင်က လက်ဝါးတစ်ထောင် ဗုဒ္ဓရုပ်ပွားတော် ဖြစ်လာသည်။ ဗုဒ္ဓ၏တရားတော်က လေထုကို တုန်ခါစေကာ နယ်ရုပ်အား ချသည်။ ရွှေရောင် အကိုင်းအခက်များက ရွှေရောင်လက်ဝါးတော်များ အဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် အင်အားတစ်ခု ဖြစ်လာစေသည်။
“စစ်တုရင်တိုက်ပွဲ…” လွတ်လပ်ခြင်း ကျင့်စဉ်၏ အလုပ်လုပ်ခြင်းတွင် ရီဖူရှင်းက ဝင်္ကပါများဖြင့် တိုက်ခိုက်သော စစ်မှန်သော စစ်တုရင်ပုံစံအား မြင်တွေ့ခွင့် ရပေသည်။ သည်အရာက စစ်တုရင်ကစားပွဲ တစ်ခုသာ မဟုတ်တော့ပေ။ သည်အာက စစ်တုရင်အနုပညာ၏ တစ်ဖက်ကမ်းခတ်သော အဆင့်လည်း ဖြစ်ပေသည်။ လျူကျောင်းက နတ်နဂါးကစားကွက်ကို သူ၏ အဆင့်အမြင့်ဆုံးသော ပုံစံအား ထုတ်ဖော်စေရန် တွန်းအားပေးခဲ့သည်။ နဂါးကြီးက ထွက်ပေါ်လာကာ လေထဲတွင် ကခုန်သည်။
ယခု လျူကျောင်းအပြင် တခြား ကစားသမား ရှစ်ယောက်က အလွန်ကြီးမားသော ဖိအားကို ခံစားနေရသည်။ အထူးသဖြင့် ကျောက်စီရီ၏ မျက်နှာက ပြာနှမ်းနေကာ ပြင်းထန်စွာ အသက်ရှူနေရသည်။ သူမ၏အဝတ်စများက လေထဲတွင် လွင့်ပါးနေကာ ဝင်းဝါသော အသားအရေများအား ပေါ်လွင် စေသော်လည်း သူမက ထိုအရာများအား ဂရုထားနိုင်ခြင်း မရှိပေ။ ထိုအရာကပင် လက်ရှိ သူတို့ခံစားနေရသော ဖိအားများ ဖြစ်ကြသည်။
နတ်နဂါး ကစားကွက်ကား အားနည်းချက် မရှိသလို ဖြိုခွင်းရန်လည်း နည်းလမ်းမရှိပေ။ နယ်ရုပ်တစ်ခုစီတိုင်းက ကြောက်မက်ဖွယ် အားများကို ထုတ်ပေးနိုင်ပေသည်။
နဂါးပုံရိပ်က အလွန်အမင်း အားကောင်းကာ သူ၏ ဧရာမခန္ဓာကိုယ်ဖြင့် ဖိအား ပေးလာပေသည်။ နောက်ထပ် နယ်ရုပ်တစ်ခု ကျလာသည်တွင် နဂါးကြီး၏ထက်ရှသော လက်သည်းများက အရာအားလုံးကို ကျော်ဖြတ်လျက် ရှေ့ကို ဦးတည်လာသည်။
အဆုံးသတ်က သူတို့ရှေ့တွင်ပင် ရောက်လာပြီဖြစ်ကာ လျူကျောင်းတို့ အုပ်စုကား ရှုံးနိမ့်ရန် နီးကပ်လာပြီ ဖြစ်သည်။
“မကောင်းတော့ဘူး…” လူအများအပြား၏ မျက်နှာများ ပြောင်းလဲ သွားကြသည်။ နတ်နဂါးကစားကွက်က ကြောက်မက်ဖွယ် ကောင်းသော အဆုံးသတ်ကွက်ကို ဖော်ထုတ် လာသည်တွင် လျူကျောင်း၏ အင်အားစုများက ပြိုကွဲတော့မည်ကဲ့သို့ ဖြစ်လာသည်။ သို့သော်လည်း နောက်တစ်ကွက် အရောက်တွင် ရီဖူရှင်း၏ မျက်နှာက ပြောင်းလဲသွားသည်။ လီခိုင်ရှင်းက ထိုအကွက်ကို အဘယ်ကြောင့် ရွှေ့ရသည်ကို သူနားမလည်ပေ။ သူက လျူကျောင်း၏ အင်အားစုများအား ဖြတ်တောက်ကာ တစ်စစီပြိုကွဲအောင် လုပ်နိုင်မည့် အလွန်အမင်း ကောင်းမွန်သော အကွက်များ သုံးခွင့်ရခဲ့သည်။
တစ်ချိန်တည်းမှာပင် လျူကျောင်းကလည်း နယ်ရုပ်အား ထပ်ရွှေ့လိုက်သည်။ ထိုအခိုက်တွင်ပင် သူက အလုံးစုံကို ထိန်းချုပ်ခွင့် ရသွားသည်။ ကောင်းကင်က အရောင်ပြောင်းသွားကာ ဗုဒ္ဓလက်ဝါးက ရောက်လာသော နဂါးလည်သည်းအား ရိုက်ချိုးလိုက်သည်။ ရန်ရှောင်နှင့် တခြားလူများ၏ အမူအရာများက ပျက်ယွင်းသွားကြသည်။ နောက်တစ်ကွက် ရွေ့သည်တွင် လျူကျောင်းက မြန်ဆန်စွာပင် တန်ပြန် တိုက်စစ်ဆင်သည်။
ဗုဒ္ဓ၏တိုက်ခိုက်မှုက တစ်ခုတည်း အဖြစ် ပြောင်းလဲသွားကာ နဂါးကြီး၏လက်အား ရိုက်ထုတ်လိုက်သည်။ ကြောက်မက်ဖွယ် ပုံရိပ်ယောင် တစ်ခုပေါ်လာသည်။ နဂါးလက်သည်းက ကြေပျက်သွားကာ စုဖွဲ့မှုက ပြိုကွဲသွားပြီး လီခိုင်ရှင်း ဖွဲ့စည်းထားသော ဝင်္ကပါက ပျက်စီး သွားတော့သည်။ သူ၏ဝင်္ကပါက ပင်မဝင်္ကပါ၏ အထက်ရှဆုံး တိုက်ခိုက်ရေး လက်နက်တစ်ခု ဖြစ်သော်လည်း ယခု ပျက်စီးသွားရသည်။
“လျူကျောင်း…” အချို့က နာမည်အား အော်ဟစ်ကာ အားပေးနေကြပြီ ဖြစ်သည်။ သူက အနိုင်ရတော့မည်လား။
မရေမတွက်နိုင်သော လူများက အသက်ကို ပြင်းပြင်းရှိုက်ကာ စစ်တုရင်ခုံအား ကြည့်နေကြသည်။ လျူကျောင်းက အမှန်ပင် အသာစီး ရလာသည်။
ရန်ရှောင်နှင့် သူ့လူများက ဆက်လက်၍ ကစားကြသည်။ သူတို့၏ မျက်နှာများက ပြာနှမ်း နေကြသည်။ စစ်တုရင်ခုံက ကစားသူ၏ တန်ခိုးအဆင့်ကို လျစ်လျူရှုကာ ကစားသူ တစ်ဦးစီအား ညီတူညီမျှ စွမ်းအားများ ပေးသည်။ ထို့ကြောင့် သူတို့ကိုယ်တိုင် ခံစားနေရသော ဖိအားကလည်း တူညီပေသည်။
နောက်ဆုံးတွင် လျူကျောင်းက အဆုံးသတ်အကွက်ဖြင့် တိုက်ခိုက် လိုက်သည်တွင် နဂါးကြီး၏ဝမ်းဗိုက်က ပွင့်ထွက်သွားကာ ကစားကွက်ကလည်း ပျက်စီး သွားတော့သည်။
ဝင်္ကပါကိုးခုက တစ်ခုပြီးတစ်ခု ပျက်စီးပြိုကွဲ သွားတော့သည်။
ရန်ရှောင်နှင့် သူ့လူများ၏ မျက်လုံးများက အေးခဲသွားကြသည်။ ရန်ရှောင်က သူ့ညီ လီခိုင်ရှင်းအား သေသေချာချာ ကြည့်သော်လည်း သူက ဘာမှတော့ မပြောပေ။
ရန်ရှောင်က ပြုံးလျက် လျူကျောင်းကို ကြည့်ကာ ပြောသည်.. “ဂုဏ်ပြုပါတယ်…”
ကစားကွက်ကား ပျက်စီးသွားပြီဖြစ်သည်။ လူအုပ်ကား အုန်းအုန်းကျွက်ကျွက် ဖြစ်လာသည်။
“အဲဒါ ပျက်သွားပြီ..”
“လျူကျောင်းက စစ်တုရင်ရှန့်ထိုရဲ့ နတ်နဂါး ကစားကွက်ကို တကယ်ဖျက်ခဲ့တယ်… သူက စစ်တုရင်ရှန့်ထိုရဲ့ မျှော်မှန်းချက်ကို ပြည့်မီအောင် လုပ်နိုင်ခဲ့တယ်…”
“ဒါက တကယ်ပဲ လျူကျောင်းပဲ… တခြားလူနဲ့မတူတဲ့ ထိပ်သီးပါရမီရှင်ပဲ…”
အားလုံးက ချီးကျူးထောမနာ ပြုကြသည်။ သို့သော် ရီဖူရှင်းကား မျက်မှောင်ကြုတ် နေသည်။ သူက လျူကျောင်းနှင့် လီခိုင်ရှင်းတို့ကို တစ်လှည့်စီ ကြည့်သည်။
တစ်စုံတစ်ယောက်က ပြောသည်ကို သူကြားဖူးသည်… “စစ်တုရင်ရှန့်ထိုရဲ့ ဒုတိယ တပည့်ဖြစ်တဲ့ လီခိုင်ရှင်းက ရိုးသား ဖြောင့်မတ်သူပဲ…”
သို့သော် သူက အမှန်တကယ်ကော ရိုးသားပါ၏လော။
နတ်နဂါး ကစားကွက်က ထိုမျှ အားနည်းသော အဖွင့် ဟာကွက် မရှိသင့်ပေ။ သို့သော် အလွန်ရိုးစင်းသော အဖွင့်ဟာကွက် ပေါ်လာသည်။
ရီဖူရှင်းက ဂုဏ်ယူဝမ်းမြောက် နေကြသူများ အားလုံးကို ကြည့်သည်။ မည်သို့ဆိုစေ လျူကျောင်းကား အရှေ့ဘက် ပြည်နယ်တော်ဝင်မြေ၏ ဆက်ခံသူ တစ်ယောက် ဖြစ်ကာ ရှန့်ထိုတန်ခိုးရှင်၏ တပည့်လည်း ဖြစ်သည်။ လူအများက သူ့အား နတ်နဂါး ကစားကွက်ကို ကျော်ဖြတ်နိုင်ရန် ပုံမှန်အားဖြင့် လိုလားကြပေသည်။
အားလုံးက သူ့အတွက် ပျော်ရွှင်ကြသည်။
ရီဖူရှင်းက ထပ်မံ၍ မတွေးလိုတော့ပေ။ စစ်တုရင် ပညာကား လုံးဝဥဿုံ မှန်ကန်ခြင်း မရှိနိုင်ပေ။ ရွေးချယ်မှုတိုင်းတွင် ဖြစ်နိုင်ဖွယ် အပြောင်းအလဲများက များပြား လွန်းပေသည်။ သူက ထရပ်ကာ လီခိုင်ရှင်းအား စွပ်စွဲရန် မဖြစ်နိုင်ပေ။
စစ်တုရင်တွင် မိမိရွေးချယ်မှုကို မိမိကိုယ်တိုင်က ပြုလုပ်သည်။ အနိုင်အရှုံးက မည်သို့ပင်ဖြစ်စေ ဖြစ်ပြီးသည့် အရာက ပြန်ပြင်၍ မရပေ။ ရီဖူရှင်းက ထောက်ပြလျှင်ပင် ပြင်ပလူများက ပိုမိုရှင်းလင်းသော အမြင်ကို မြင်နိုင်ရှင်းက ပုံမှန်ဖြစ်ကာ ထိုအချိန်တွင် လီခိုင်ရှင်း၏ စိတ်ထဲ၌ဖြစ်ပျက် နေသည်များကို မည်သူကမှ စွတ်စွဲ၍မရပေ။ လီခိုင်ရှင်းက သူ့ပြိုင်ဘက်အား လျှော့ပေးခဲ့ခြင်းအား သွားရောက် စွပ်စွဲ၍ မရပေ။
ထိုအရာအား ရီဖူရှင်း တစ်ယောက်သာ နားလည်သည် မဟုတ်ဘဲ ရန်ရှောင်နှင့် တခြားလူများကလည်း နားလည်ကြ ပေသည်။
နတ်နဂါးကစားကွက်က ပြိုကွဲသွားခဲ့သည်မှာ မှန်ကန်သော အချက်အလက် ဖြစ်သည်။ ရန်ရှောင်က ထိုရွှေ့ကွက်တွင် ပြဿနာ ရှိသည်ဟု ပြောလျှင်ပင် ထိုသို့ပြောခြင်းက သူ့ညီကား စစ်တုရင်ပညာတွင် လိုအပ်ချက်များ ရှိသည်ဟုသာ သတ်မှတ်၍ ရပေသည်။ ထိုအရာက လျူကျောင်း၏ အနိုင်ရလဒ်အား ပြောင်းလဲနိုင်စွမ်း မရှိပေ။
ရန်ရှောင်နှင့် တခြားလူများက လီခိုင်ရှင်းကို အတန်ကြာ စိုက်ကြည့်နေကြသည်။ အကယ်၍စစ်တုရင်ကျေးရွာမှ တခြားလူများက ထိုသို့အမှားမိပါက သူတို့အားလုံး နားလည် လက်ခံကြမည် ဖြစ်သည်။ သို့သော်လည်း လီခိုင်ရှင်းကား စစ်တုရင်ရှန့်ထို၏ တပည့်အရင်းဖြစ်ကာ စစ်တုရင်ပညာ၌လည်း အလွန်အဆင့်အတန်း မြင့်မားပေသည်။ ယခု သာမန်ဂျူနီယာများပင် မမှားသင့်သော အမှားအား သူလုပ်ခဲ့သည်။
နံပါတ်ရှစ်နှင့် နံပါတ်ကိုးတို့က ထိုသို့ အမှားလုပ်ပါက နားလည်ပေး၍ ရပေသည်။ သို့သော်လည်း လီခိုင်ရှင်းက ထိုသို့ လုံးဝ မမှားသင့်ပေ။
ရန်ရှောင်က လျူကျောင်းကို ကြည့်ကာ ပြုံးလျက်ပြောသည်… “နတ်နဂါးကစားကွက်က ပျက်သွားခဲ့ပြီ… ဂုဏ်ပြုပါတယ်…”
လီခိုင်ရှင်းက လျူကျောင်းကို အလျှော့ပေးလိုက်သည့် တိုင်အောင် လျူကျောင်း၏ စစ်တုရင်ကျွမ်းကျင်မှုကို သံသယဖြစ်စရာ မလိုပေ။ ကစားသမား တစ်ယောက် အနေဖြင့် လျူကျောင်းကား သူတို့ ကိုးယောက်နှင့် ပညာအဆင့်အတန်း သိပ်မကွာခြားပေ။ ထို့အပြင် လျူကျောင်းကား သူ၏ ကိုးယောက်အဖွဲ့အား ဦးဆောင် ထိန်းချုပ်သူဖြစ်ရာ အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းရည်အား အသိအမှတ် ပြုရပေမည်။
ထို့ကြောင့် လျူကျောင်းကား အကောင်းဆုံး ရွေးချယ်မှု ဖြစ်နေဆဲပင်။
“ကျေးဇူးတင်ပါတယ် စီနီယာ… ကျွန်တော်က ကံကောင်း သွားတာပါ…” လျူကျောင်းက ဦးညွှတ်လျက် ပြောသည်။
သူ့ဘေးမှ လူများကလည်း အလွန်အမင်း ပျော်ရွှင် ဝမ်းမြောက် နေကြသည်။ ကျောက်စီရီက ပြုံးလျက် ပြောသည်… “လျူကျောင်း… နတ်နဂါး ကစားကွက်က အရမ်းနက်နဲပြီး အားကောင်းတယ်… အရှေ့ဘက်ပြည်နယ် ရှန့်ထိုအဆင့်အောက်မှာ နင်က ဒီကစားကွက်ကို ဖျက်နိုင်တဲ့ တစ်ဦးတည်းသောသူပဲ…”
“တခြား ပါရမီမြင့်တဲ့လူတွေ အများကြီး ရှိသေးတယ်… ဒီလိုပြောလို့တော့ မရဘူး…” လျူကျောင်းက ခေါင်းယမ်းကာ ပြောသည်။
“လျူကျောင်း… မင်းက အရမ်း နှိမ့်ချတတ်တာပဲ…” ဟန်ကျင့်က ပြောသည်။ သူက စစ်မှန်သော နတ်နဂါး ကစားကွက်အား တွေ့မြင်ခွင့် ရခဲ့သည်။ အကယ်၍ လျူကျောင်းကသာ ဦးစီးထိန်းချုပ်မှု မရှိခဲ့လျှင် သူတို့က ဆိုးဝါးစွာ ရှုံးနိမ့်ရပေမည်။ ထိုအချိန်က သူကား ကျောက်စီရီကဲ့သို့ပင် ချွေးစေးများ ပြန်နေခဲ့သည်။
ထိုအနီးမှ လူများအားလုံးက လျူကျောင်းကို ချီးကျူးထောမနာ ပြုနေကြသည်။
နတ်နဂါး ကစားကွက်ကား နောက်ဆုံးတွင် ပြိုကွဲသွားပြီဖြစ်ကာ အားလုံးသူက စိတ်လှုပ်ရှား ဝမ်းသာ နေကြသည်။ သည်အောင်မြင်မှုက လျူကျောင်း၏ နာမည်ကို ပိုမို ကျော်ကြား စေလိမ့်မည်။
ရန်ရှောင်က လူအုပ်ထဲကို ကြည့်သည်။ အရာအားလုံးက နတ်နဂါး ကစားကွက် ပြိုကွဲခြင်းဖြင့် အဆုံးသတ်သွားပြီ ဖြစ်သည်။ သို့သော်လည်း ထိုအခိုက်တွင် သူက မူမမှန်သော ခံစားချက်ကိုသည်။ သူ့အား တစ်စုံတစ်ယောက်က ကြည့်နေသည်ကို ခံစားရကာ တစ်ဖက်ကို လှည့်လိုက်လျှင် ရီဖူရှင်းအား မြင်သည်။
“နန်းတော်သခင်ရီက တစ်ခုခု ပြောချင်ပါသလား…” ရန်ရှောင်က မေးသည်။
ရီဖူရှင်းက ခေါင်းညိတ်သည်… “အမှန်ပြောရရင် ကျွန်တော်က နတ်နဂါး ကစားကွက်ကို စိန်ခေါ်ဖို့ ဒီနေ့ ရည်မှန်း ထားခဲ့တယ်.. ဒါပေမဲ့ အခု ကစားကွက်ကို အောင်မြင်တဲ့လူ ရှိသွားပြီဆိုတော့ စီနီယာတို့ကို မနှောင့်ယှက် သင့်တော့ဘူး.. ဒါပေမဲ့ ကျွန်တောက ဒီအတိုင်း မကြိုးစားဘဲ ထွက်သွားရမှာ တကယ်ပဲ နောင်တရစရာ ကောင်းတယ်…” ရီဖူရှင်းက ခေါင်းယမ်းကာ မသက်မသာ ပြုံးသည်။ သူက သည်နေ့အတွက် နေ့ရက်များစွာ ပြင်ဆင်ခဲ့ရပေသည်။ ယခု သူ့အတွက် ကြိုးစားခွင့် တစ်စုံတစ်ရာပင် မရှိတော့ပေ။ သည်အရာကား အမှန်ပင် နောင်တရစရာ ကောင်းလှပေသည်။
နတ်နဂါးကစားကွက်ကား အမှန်ပင် နက်နဲလွန်းလှသည်။ သူက ပြည့်စုံသော ကစားကွက် တစ်ခုအား ခင်းရန် ရက်ပေါင်းများစွာ အချိန်ယူခဲ့ရကာ စစ်တုရင်ပညာကို စိတ်ပါဝင်စားစွာ စူးစူးနစ်နစ် လေ့လာခဲ့သည်။ သူ၏လက်ရှိ စစ်တုရင် ပညာအဆင့်တွင် နတ်နဂါးကစားကွက်ကား အဆင့်အမြင့်ဆုံးသော ပညာတစ်ရပ် ဖြစ်ပေသည်။
ရန်ရှောင်က ပြုံးလျက် ပြောသည်… “ကောင်းပြီ.. နန်းတော်သခင်ရီက ဒီလောက် အကြာကြီး ပြင်ဆင်ထားတယ် ဆိုမှတော့ ကြိုးစားဖို့ သင့်ပါပေတယ်…”
“အစ်ကို… ကစားကွက်ကို အနိုင်ရသူပေါ်လာပြီပဲ… ဘာလို့ နောက်တစ်ခေါက် ပေးကစားတော့မှာလဲ…” လီခိုင်ရှင်းက မည်သည့် ခံစားချက်မှ မပေါ်လွင်ဘဲ မေးသည်။
“အစ်ကို၂… အားလုံးက ကျုပ်တို့ဧည့်သည်ပဲ… နန်းတော်သခင်ရီက ကျုပ်လည်း နတ်နဂါး ကစားကွက်ကို စိန်ခေါ်ဖို့ ဒီလောက် အကြာကြီး ပြင်ဆင်လာခဲ့တယ်… သူက တကယ် အနိုင်ရတာ မရတာထက် သူ့ကို အခွင့်အရေး ပေးသင့်တယ်လို့ ကျုပ်ယူဆတယ်… တစ်ပွဲက ဒီလောက် မကြာပါဘူး…” ကျင့်ကုန်းစီကလည်း ပြောသည်။
လီခိုင်ရှင်းက ဘာမှ ထပ်မပြောတော့ပေ။ သူက ရီဖူရှင်းအား ကြည့်ကာ ခေါင်းညိတ်သည်။
“နန်းတော်သခင်ရီ… ကစားကြရအောင်…” ရန်ရှောင်ကလည်း ပြုံးလျက် ပြောသည်။
“ကျေးဇူးတင်ပါတယ် စီနီယာ…” ရီဖူရှင်းက ရှေ့ကို တက်သွားကာ ပြောသည်။ သူ့ဘေးမှ လူရှစ်ယောက်ကလည်း စစ်တုရင်ခုံပေါ်ကို တက်လာကြသည်။ လျူကျောင်းကဲ့သို့ပင် ရီဖူရှင်းကလည်း ကိုးယောက်တစ်ဖွဲ့ဖြင့် စိန်ခေါ်မည်ဖြစ်သည်။
လျူကျောင်းက စစ်တုရင်ခုံအား ကြည့်သည်။ ရီဖူရှင်းက မိုကျွမ်နှင့် ကျောက်စီရီတို့အား အနိုင်ယူခဲ့ကတည်းက ရီဖူရှင်း၏ ကြောက်မက်ဖွယ် ကောင်းသော စစ်တုရင်ပညာကို မြင်တွေ့ခဲ့ရသည်။
ရီဖူရှင်းနှင့်အတူ စစ်တုရင်ခုံပေါ်ကို တက်လာသူများကား ဓားသခင်၊ ဂူတုံးလျို၊ ကျူးကော့မင်းယွီ၊ ဟွာဂျီယူ၊ ယူချင်း၊ ဟောင်ဂျူဂီ၊ စုချွဲနှင့် ရီဝူချင်းတို့ ဖြစ်ကြသည်။ ထိုလူများကား ရီဖူရှင်းကိုယ်တိုင် သင့်တော်သူများအား ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။
သည်ကစားပွဲကား စစ်တုရင်ကစားရန်ထက် တကယ့် တိုက်ပွဲတစ်ခုကို ဆင်နွှဲရန် ရွေးချယ်ခဲ့သည့်အလား ထင်မှတ်ရသည်။ ရီဖူရှင်းက သူတို့ အထူးပြုသော ဓာတ်သဘာဝများကို အခြေခံ၍ ရွေးခဲ့ခြင်းလည်း ဖြစ်သည်။
***