Switch Mode

အပိုင်း(၇၄၃)

အရှက်ကွဲခြင်း

ပေါ်ပေါ်ထင်ထင် ညွှန်ကြားစရာ မလိုသည့်တိုင်အောင် လျူကျောင်းကား သူ၏အပြုအမူနှင့် ပတ်သက်၍ ရိုးသားပေသည်။ သူက မိုကျွမ်အား စိတ်ဖြင့် တိတ်တခိုး ညွှန်ကြားမည့်အစား လူအများ ကြားသာအောင် ညွှန်ကြားခြင်းဖြင့် အားလုံးကို သိစေသည်။

ရီဖူရှင်းက လျူကျောင်းကို ကြည့်ကာ ဘာမှမပြောပေ။ မိုကျွမ်၏အင်အားက အလွန်အမင်း အားနည်းသွားခဲ့ပြီ ဖြစ်သည်။ သူက ယူချင်း၏ အရှိန်အဝါနှင့် ကစားကွက်၏ ဖိအားများအောက်တွင် ကစားပွဲအခြေအနေကို သုံးသပ်နိုင်စွမ်းလည်း မဲ့သွားပြီဖြစ်သည်။ အနိုင်အရှုံး ရလဒ်အား နောက်နှစ်ကွက်တွင် ဆုံးဖြတ်တော့မည် ဖြစ်သည်။ သို့သော်လည်း လျူကျောင်းကား မိုကျွမ်မဟုတ်ပေ။ သူညွှန်ကြား လိုက်သော အကွက်ကား အလွန်အမင်း တိကျ ကောင်းမွန်လွန်းရာ ထိုအခိုက်အတန့်တွင် အကောင်းဆုံး ရွှေ့ကွက်ဟုပင် သတ်မှတ်နိုင်သည်။

မိုကျွမ်က နယ်ရုပ်အား တွန့်ဆုတ်ခြင်း မရှိဘဲ ထိုနေရာ၌ ချလိုက်သည်။ အားကောင်းသော ဓားဝင်္ကပါက စတင်၍ ပြန်လည် အသက်ဝင်ရန် လက္ခဏာများ ပြလာသည်။ စစ်တုရင်ခုံ၏ အားကောင်းသော အရှိန်အဝါကလည်း တစ်ဖန်ပြန်လည် စုစည်းလာပြန်သည်။

ရီဖူရှင်းက သိပ်စဉ်းစားမနေဘဲ အော်လိုက်သည်… “ခြောက်ရဲ့နံပါတ်ကိုး…”

ယူချင်းက ခေါင်းညိတ်ကာ ညွှန်ကြားသည့်အတိုင်း ရွှေ့လိုက်သည်။ ထိုနယ်ရုပ်က ချက်ချင်းပင် မိုကျွမ်၏ အသက်ဝင်စအားများနှင့် ဝင်္ကတို့အား ဖျက်ဆီးသွားသည်။ အလွန်အမင်း အားကောင်းသော လောကဓာတ်များက ကစားကွက်ကိုပင် နှစ်ခြမ်း ဖြစ်သွားစေဟန်ရသည်။

“ခုနစ်ရဲ့နံပါတ်ရှစ်…” လျူကျောင်းက ပြောသည်တွင် ရီဖူရှင်းကလည်း ချက်ချင်း တုံ့ပြန်သည်။ နှစ်ယောက်လုံးက နောက်နှစ်ကွက်မျှ ရွှေ့ပြီးသောအခါ အလွန်အမင်း အားကောင်း ကြမ်းတမ်းသော အရှိန်အဝါက အဖြူရောင် နယ်ရုပ်များအား ဖျက်ဆီး သွားတော့သည်။ အဖြူရောင် နယ်ရုပ်များက ပြန်လည် ရှင်သန်ရန် အခွင့်အရေးမျှ မရခဲ့ဘဲ ပျက်စီး သွားတော့သည်။

စစ်တုရင်ခုံပေါ်မှ ပြင်းထန်သော အားလှိုင်းများကား ယခု စစ်တုရင် တောင်ထိပ်နှင့်အတူ တိတ်ဆိတ်သွားပြီ ဖြစ်သည်။

မိုကျွမ်ကား ရှီဟွာတောင် ရှန့်ထိုများ၏ တပည့်ဖြစ်ကာ စစ်တုရင်ပညာ၌​အလွန်ထူးချွန်သူလည်း ဖြစ်သည်။ သူ၏ကစားဟန်က အနည်းငယ် ဖရိုဖရဲဆန်ကာ မောက်မာသော်လည်း ယခု အရှက်တကွဲ ရှုံးနိမ့်ခဲ့သည်။ လျူကျောင်း၏ ကြိုးစား အားထုတ်မှုဖြင့်ပင် မိုကျွမ်ကား မည်သည့်နည်းနှင့်မျှ ပြန်လည် ရုန်းထနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

လူအများအပြားက ရီဖူရှင်းအား ကြည့်ကြသည်။ သူက တိတ်ဆိတ်စွာ ရပ်နေလျှင် အဖြူရောင် ဝတ်စုံနှင့် အနက်ရောင်ဆံပင်တို့က လေထဲတွင် တလွင့်လွင့် လှုပ်ခတ်နေကြရာ သူ့အား အလွန်အမင်း ခန့်ညား ချောမောစေသည်။ ထိုအခိုက်တွင် လူအများအပြားက မြေရိုင်းပြည်နယ် တော်ဝင်ကျဲ နန်းတော်သခင် ရီဖူရှင်း၏ အရှိန်အဝါအား အသိအမှတ် ပြုကြရသည်။

ရီဖူရှင်းက စစ်တုရင်ကစားခြင်းနှင့် ပတ်သက်၍ အမှန်တကယ် သိနားလည်ခြင်း မရှိခဲ့ပေဘူးလား။ မိုကျွမ်က ရီဖူရှင်းအား ကြည့်သည်။ သူက ယမန်နေ့က ရီဖူရှင်းအား စစ်တုရင်နှင့် ပတ်သက်၍​ ဘာမှ သိနားလည်ခြင်း မရှိသူဟု ဝေဖန် ပြောဆိုခဲ့ဖူးသည်။ သို့သော် ယခုတွင် မည်သူက စစ်တုရင်ပညာကို မသိနားမလည်သူ ဖြစ်သနည်း။

“မနေ့က ကျုပ်ရဲ့ မဆင်မခြင် ပြောတဲ့စကားတွေ အတွက် တောင်းပန်ပါတယ်…” မိုကျွမ်က လက်နှစ်ဖက်ကို ဆုပ်ကာပြောသည်။ ထို့နောက် သူက နောက်လှည့်ကာ စစ်တုရင်ခုံပေါ်မှ ဆင်းသွားသည်။ သူကား အရှုံးနှင့် ရင်ဆိုင်ရသည့်တိုင် ရှန့်ထို တပည့်တစ်ယောက်၏ သည်းခံအားကို လေးစားဖွယ် ကောင်းအောင် ပိုင်ဆိုင် ထားပေသေးသည်။

အခြေအနေ အလှည့်အပြောင်းအား သဘောမကျစွာ ကြည့်နေသူ နောက်တစ်ယောက်လည်း ရှိသေးသည်။ သူမကား ကျောက်စီရီ ဖြစ်သည်။

သည်စစ်တုရင် တိုက်ပွဲကား သူမကြောင့် ဖြစ်လာခြင်း ဖြစ်သည်။

မိုကျွမ်ကား သူမအတွက် ကစားပေးခြင်းမျှသာ ဖြစ်သည်။

ရီဖူရှင်းက အနိုင်ရသူ ဖြစ်လာသောအခါ အမှန်ပင် ရီဖူရှင်းက သူ၏စကားကို အလုပ်နှင့်သက်သေ ပြနိုင်ခဲ့ကာ သူမကား ကိုးယောက်ထဲတွင် အဆိုးဝါးဆုံး စစ်တုရင် ကစားသူ ဖြစ်လာခဲ့သည်။

“မင်း ဘယ်လိုထင်လဲ…” ရီဖူရှင်းက သူမကို ကြည့်ကာ မေးသည်။

ကျောက်စီရီက ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “ရှင်က ကစားပွဲကို အနိုင်ရခဲ့ရင်တောင်မှ မနေ့က နတ်နဂါး ကစားကွက်မှာ ရှင့်ကြောင့် အနိုင်မရခဲ့တာ မဟုတ်ဘူးလို့ ပြောနေတာလား…”

ရီဖူရှင်းက သူမအား ကြည့်လိုက်ပြီးမှ ရှေ့ကို တက်လာကာ ပြောသည်… “မင်းက လက်မလျှော့ချင်သေးဘူး ဆိုမှတော့ ငါက မင်းကို ပြရသေးတာပေါ့…”

အားလုံး၏ မျက်လုံးများက ရီဖူရှင်းထံတွင် ရှိနေသည်။ သူက လေထဲတွင် ပေါလောပေါ်နေသော စစ်တုရင်ခုံထက်ကို လျှောက်သွားသည်တွင် အားလုံးက နားမလည်စွာ ကြည့်ကြသည်။

သူက ဘာလုပ်ချင်သနည်း။

ရီဖူရှင်းက စစ်တုရင်ခုံပေါ်တွင် ပေါ်လာကာ ကျောက်စီရီက သူ့အား အနည်းငယ် မျက်မှောင်ကြုတ်လျက် ကြည့်သည်။

ရီဖူရှင်းက သူ၏ လက်နှစ်ဖက်လုံးအား ဆန့်တန်းကာ ကြည့်သည်တွင် စစ်တုရင်ရုပ်တုများက လေထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာသည်။ နယ်ရုပ်များ အားလုံးက ကွဲပြားခြာနားသော လောကဓာတ်များ ပါဝင်နေသည်။ သူက လက်ကို ဝှေ့ယမ်းသည်တွင် စစ်တုရင်နယ်ရုပ်များက စစ်တုရင်ခုံပေါ်ကို တစ်ခုပြီးတစ်ခု ဆက်တိုက် ကျလာကြသည်။ နယ်ရုပ်များ အားလုံးက ကစားကွက်အဖြစ် ပီပြင်လာသောအခါ လူတိုင်းက ရင်းနှီးသော မြင်ကွင်းကို မြင်ကြရသည်။

“နတ်နဂါးကစားကွက်…”

ရီဖူရှင်း ခင်းကျင်းလိုက်သော ကစားကွက်ကား နတ်နဂါးကားကွက်ကို သူတို့ ကိုးယောက်က အတူတကွ ရင်ဆိုင်ခဲ့စဉ်က အတိုင်းဖြစ်ကာ နောက်ရွှေ့ရမည့် အကွက်ကလည်း လျူကျောင်း၏ ညွှန်ကြားချက်ကို ရီဖူရှင်းက ပထမဆုံး သွေဖည်ခဲ့သော နေရာလည်း ဖြစ်သည်။

ရီဖူရှင်းက ကစားပွဲအပြီး နောက်တစ်နေ့တွင်ပင် ထိုကစားကွက်ကို အသေးစိတ် အချက်အလက်များပင် မကျန်အောင် ပြန်လည်၍ ဖန်တီးခဲ့သည်။ သူက ကျောက်စီရီကို ကြည့်ကာပြောသည်… “အဲဒီနယ်ရုပ်ကို မင်းက ရွှေ့ပေးလို့ရမလား…” ရီဖူရှင်းက ရန်ရှောင်၏ နေရာတွင် သွားရပ်ကာ ပြောသည်။

ကျောက်စီရီက သူ့အား ဒေါသတကြီး ကြည့်ကာ လျူကျောင်းကို ကြည့်သည်။ သူမက လျှပ်တစ်ပြက် စစ်တုရင်ခုံးထက်ကို တက်လာကာ လျူကျောင်း ပြောခဲ့သော နေရာအား တွန့်ဆုတ်ခြင်း မရှိဘဲ​ ရွှေ့လိုက်သည်။

ထိုအခိုက်တွင်ပင် အားကောင်းသော ဝင်္ကပါတစ်ခု ဖြစ်ပေါ်လာကာ အဖြူရောင် နယ်ရုပ်များအား ဖျက်ဆီးရန် ဖြန့်ကြက် ဝင်လာသည်။

ရီဖူရှင်းက ကျောက်စီရီအား တည်ငြိမ်စွာ ကြည့်ကာ လက်ကို ဝှေ့ယမ်းသည်။ သူ့အား ခြိမ်းခြောက် လာသော ကစားကွက်အား ဂရုစိုက်ခြင်းပင် မရှိဘဲ အသုံးဝင်ခြင်းပင် မရှိဟန်ရသော အရုပ်တစ်ခုက  စစ်တုရင်ခုံပေါ်ကို ကျဆင်းလာသည်။ ရီဖူရှင်းဘက်မှ ကစားကွက်က မည်သို့ အခြေအနေ ဖြစ်လာသည်ကို တစ်ယောက်မှ ခန့်မှန်းနိုင်ခြင်း မရှိကြပေ။

ရန်ရှောင်၏ မျက်လုံးများက အရောင်တစ်ချက် လက်သွားသည်။ ရီဖူရှင်းက ထိုအကွက်အား မြင်နိုင်စွမ်းရှိမည်ဟု မထင်ထားပေ။

လျူကျောင်း၏ မျက်လုံးများကလည်း အရောင်လက် သွားသည်။ ရောက်လာမည့် အန္တရာယ်အား သူညွှန်ကြားခဲ့သော ရွှေ့ကွက်က မည်သို့မှ အသုံးမဝင်စေခဲ့ပေ။ သူကား ဖြစ်လာနိုင်ဖွယ် အကွက်များအား ဆက်တိုက် စဉ်းစား ဆင်ခြင်နေခဲ့ကာ ရီဖူရှင်းရွှေ့ခဲ့သော အကွက်လည်း အပါအဝင်ဖြစ်သည်။ သို့သော်လည်း လျူကျောင်းက ထိုရွှေ့ကွက်ပြီးနောက် ထပ်မံ ဖြစ်လာနိုင်ဖွယ် များအား မတွက်ချက်ခဲ့ပေ။

အပြောင်းအလဲ တစ်ကွက်တွင်ပင် များစွာသော ဖြစ်လာနိုင်ဖွယ် ရွှေ့ကွက်များ ရှိပေသည်။ တစ်ကွက်ကြိုတင်၍ စဉ်းစား ဆင်ခြင်ခြင်းနှင့် နှစ်ကွက်ကြိုတင်၍ စဉ်းစား ဆင်ခြင်ခြင်း မတူပေ။ ဖြစ်လာနိုင်ဖွယ် ရွှေ့ကွက် တစ်ခုစီချင်းတွင် မရေမတွက်နိုင်သော ဖြစ်လာနိုင်ဖွယ် ရွှေ့ကွက်များ ရှိပေသည်။ ထို့ကြောင့် ရန်ရှောင်၏ ရွှေ့ကွက်တိုင်းအား လျူကျောင်းက စဉ်းစားဆင်ခြင်ရန် မတတ်နိုင်ဘဲ ဖြစ်ခဲ့သည်။ ထိုအကွက်ကား သူ မစဉ်းစားမိသော အကွက်လည်း ဖြစ်သည်။

ယခု ကစားကွက်ကို ကြည့်လျှင် မည်သည်နယ်ရုပ်က မည်သည့်အခန်းကဏ္ဍမှ ပါဝင် ပတ်သက်နေသည်၊​ ဘာဖြစ်လာမည်ကို မည်သူကမှ အတိကအကျ မပြောနိုင်ပေ။ ရီဖူရှင်းနှင့် မိုကျွမ်တို့ ယှဉ်ပြိုင်ခဲ့သော စစ်တုရင်ပွဲအရ ရီဖူရှင်းကား စစ်တုရင်ပညာတွင် အလွန်အမင်း တိုးတက် လာခဲ့သည်မှာ ထင်ရှားပေသည်။ ဆိုလိုသည်က သူက အသုံးမဝင်သော အကွက်အား ရွှေ့ခဲ့မည် မဟုတ်ပေ။ လျူကျောင်းက ကစားကွက်အား သူ၏စိတ်ထဲတွင် စဉ်းစား ဆင်ခြင်ရင်းက သူ၏အမူအရာက မြန်ဆန်စွာပင် ပြောင်းလဲ လာခဲ့သည်။

ကစားပွဲကား ထိုနယ်ရုပ်ဖြင့်ပင် အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။

“ရှင်က နတ်နဂါး ကစားကွက်ကို စော်ကားနေတာပဲ… ” ကျောက်စီရီက အပြစ်တင် လိုက်သည်။ လျူကျောင်းက ဘာဖြစ်လာတော့မည်ကို ပြောနိုင်သော်လည်း သူမက မပြောနိုင်ပေ။ ရီဖူရှင်း၏ ရွှေ့ကွက်က အသုံးမဝင်ဟု သူမက တွေးထင်နေဆဲ ဖြစ်သည်။ သူမက လက်ကို ဝှေ့ယမ်းသည်တွင် နောက်ထပ် နယ်ရုပ်တစ်ခု ကျဆင်းလာပြီး အားကောင်းသော အရှိန်အဝါက ဖြန့်ကြက်လာပြီး အချို့သော အဖြူရောင် နယ်ရုပ်များအား ဝါးမျိုသွားသည်။

“အကွက်ကောင်းပဲ…” လူအများအပြားက တိတ်တခိုး ချီးကျူးမိကြသည်။ ကျောက်စီရီ၏ ရွှေ့ကွက်နှင့် ပတ်သက်၍ ဘာမှ မှားယွင်းခြင်း မရှိပေ။ မည်သူမဆို ထိုအခြေအနေတွင် သူမကဲ့သို့ပင် ရွှေ့ကာ တစ်ဖက်လူ၏ကစားကွက်အား ဖျက်ဆီးမည် ဖြစ်သည်။

ရီဖူရှင်းက သူမအား ထူးမခြားနားစွာ ကြည့်ကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် နောက်ထပ် နယ်ရုပ်တစ်ခု ကျဆင်းလာသည်တွင် နတ်နဂါး ကစားကွက်တစ်ခုလုံး ပြောင်းလဲသွားခဲ့သည်။ မည်သည့်နည်းနှင့်မှ အသုံးမဝင်ဟု ယူဆခဲ့သော နယ်ရုပ်များက ရုတ်တရက် အချိတ်အဆက် မိသွားကာ စစ်တုရင်ခုံပေါ်မှ နယ်ရုပ်များ အားလုံးပေါင်းပြီး ဧရာမဝက်ပါပြီး တစ်ခုဖြစ်ပေါ်လာပြီး တစ်ဖက် ကစားကွက်အား ကြီးမားသော အရှိန်အဝါဖြင့် ဝါးမျိုသွားတော့သည်။ အဝေးမှပင် နဂါးကြီးတစ်ကောင်က စစ်တုရင်ခုံပေါ်တွင် လှည့်ပတ်လျက် အရာအားလုံးကို ဝါးမျိုသွားသည်အား မြင်ကြရသည်။

အားလုံး၏ စိတ်များက တုန်လှုပ်သွားကြကာ ကျောက်စီရီ၏ မျက်နှာကလည်း ပြာနှမ်းသွားသည်။

ကစားပွဲကား နှစ်ကွက်မျှဖြင့် အဆုံးသတ်ခဲ့ရသည်။ ကျောက်စီရီက ကစားပွဲအား ကြည့်ကာ လက်များပင် တုန်ယင်လာသည်။ ယမန်နေ့က သူမရွှေ့ခဲ့သော အကွက်များ အားလုံးက တစ်ဖက် ကစားသမား အားအတွက် အခွင့်အရေးများ ပေးသလို ဖြစ်နေခဲ့သည်။

သူမက လက်ကို မြှောက်လိုက်သော်လည်း ဆက်၍ ကစားရန် အားမဲ့ခဲ့ရသည်။

“ထပ်ရွှေ့စရာ မလိုတော့ဘူး.. သူမှန်တယ်… အဲဒီတုန်းက ရွှေ့လိုက်တဲ့အကွက်က ကစားပွဲကို ဆုံးဖြတ်ခဲ့တာ… တကယ်လို့ ကျုပ်ပြောတဲ့အတိုင်း သူက ရွှေ့ခဲ့ရင် ကျုပ်တို့ အားလုံးက မြန်မြန်ဆန်ဆန်နဲ့ ဆိုးဆိုးဝါးဝါး ရှုံးသွားလိမ့်မယ်…” လျူကျောင်းက ရီဖူရှင်းကိုကြည့်ကာ ပြောသည်။ ရီဖူရှင်းက ထိုမျှ တွက်ချက်နိုင်မည်ဟု သူမထင်ထားခဲ့ပေ။

“နတ်နဂါးကစားကွက်က စီနီယာစစ်တုရင် ရှန့်ထိုချန်ထားခဲ့တာ ဖြစ်ပြီးတော့ နာမည်ကျော်ကြား ထိုက်ပါပေတယ်… အပြောင်းအလဲတွေက ရှုပ်ထွေးပြီးတော့ ဖုံးကွယ်ထားတဲ့ အန္တရာယ်တွေ၊ ထောင်ချောက်တွေကလည်း အပြည့်ပဲ… နယ်ရုပ်တွေကလည်း တစ်ခုနဲ့တစ်ခု အပိုအလိုမရှိ ဆက်စပ် နေကြတယ်…   လျူကျောင်းက တိတ်တဆိတ် ချီးကျူးမိသည်။

ကျောက်စီရီကား တုန်လှုပ်နေသည်။ လျူကျောင်းပင် သူ မှားခဲ့ကြောင်း ဝန်ခံခဲ့သည်။

ယခု သူမအတွက် တခြားဘာမှ ပြောစရာ မရှိတော့ပေ။

ထို့အပြင် ရီဖူရှင်းက သူအမှား မလုပ်ခဲ့ကြောင်း သက်သေပြခဲ့ရုံမက ကျောက်စီရီကသာ လူကိုးယောက်ထဲတွင် အဆိုးဝါးဆုံး ဖြစ်ကြောင်း သိသာစေခဲ့သည်။

ဤမတိုင်မီက သူမ၏အပြစ်တင် စကားလုံးများကို ပြန်တွေးမိသည်။ ရီဖူရှင်းက သူမအရှက်ရအောင် ဘာမှ ထပ်မပြောတော့သည့် တိုင်အောင် အားလုံးက သူမအား စိုက်ကြည့်နေသလို ခံစားရကာ ပါးပြင်များပင် နီရဲလာရောင် အရှက်ရလာခဲ့သည်။

“နတ်နဂါး ကစားကွက်ရဲ့ အပြောင်းအလဲတွေကို မြင်တွေ့နိုင်တဲ့ ခင်ဗျားရဲ့ တိုးတက်နှုန်းက တကယ်ပဲ အံ့အားသင့်ဖို့ ကောင်းတယ် နန်းတော်သခင်ရီ.. မြေရိုင်းပြည်နယ် တော်ဝင်မြေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ခင်ဗျားအဆင့်အတန်းက တကယ်ပဲ ထိုက်တန်ပါပေတယ်… ကျောက်စီရီ ရှုံးခဲ့တာ မထူးဆန်းတော့ဘူး…” မိုကျွမ်က ကျောက်စီရီ၏ မသက်မသာ ဖြစ်နေသော အခြေအနေအား ပြေလျော့စေအောင် ဝင်ရောက် ပြောဆိုသည်။

ရီဖူရှင်းအား ဤသို့ ချီးကျူးလိုက်ခြင်းဖြင့် ကျောက်စီရီ ရှုံးနိမ့်ခဲ့ခြင်းမှာ ဖြစ်သင့်သည့်အရာ ဖြစ်ပြီး ကျောက်စီရီ အတွက်လည်း ရှုံးနိမ့်ခြင်းကြောင့် သိပ်အရှက်ရစရာ မဖြစ်တော့ပေ။ ထို့အပြင် ရီဖူရှင်းက ထိုသို့လုပ်ရန် နတ်နဂါးကစားကွက်၏ အရှိန်အဝါအား အသုံးပြုခဲ့သည်။

“သူမ ရှုံးတာက ဖြစ်သင်တဲ့ကိစ္စပဲ…ဒါပေမဲ့ အဆင့်အတန်း မြင့်မားတဲ့လူတွေရဲ့ အရည်အသွေးမှာ မိမိကိုယ်ကို နားလည်ခြင်းလည်း ပါဝင်တယ်… တခြားလူတွေကို ဘာမှ နားမလည်ဘဲ ဝေဖန်ခြင်းက အရှက်တကွဲ ဖြစ်မှာကို ဖိတ်ခေါ်နေသလိုပဲ.. ဒါကြောင့်ပဲ တော်ဝင်မြေ မင်းသမီး တစ်ယောက်က ဘာမှ မဟုတ်တော့သလို ဖြစ်သွားတယ်…” အသံတစ်သံအား ကြားရသည်တွင် မိုကျွမ်က လှည့်ကြည့်သည်တွင် ဝမ်ရှင်း၏ ဘေးနားတွင် ရပ်နေသော မိန်းကလေး တစ်ယောက်ကို မြင်သည်။ သူမကား ဟွာဂျီယူ ဖြစ်သည်။

ဟွာဂျီယူကား တည်ငြိမ်သော အမူအရာရှိသည်။ သူမတို့က ရီဖူရှင်းနန်းတော် သခင်ဖြစ်ပြီး နောက်ပိုင်း မြေရိုင်း ပြည်နယ်ပြင်ပကို ပထမဆုံး ထွက်လာခဲ့ခြင်း ဖြစ်ကာ သူကား အလွန်အမင်း ကြီးမားသော ဖိအားနှင့်တာဝန်ကို ထမ်းပိုး ထားခဲ့ရသည်။ သို့တိုင်အောင် သူကား သွားသည့် နေရာတိုင်းတွင် မလေးမစား ဆက်ဆံခံရသည်။ သို့သော်လည်း ရီဖူရှင်းကား ထိုအရာများ အားလုံးကို စိတ်နှလုံးထဲတွင် မြှုပ်နှံကာ ပိုမိုအားကောင်းရန်သာ ကြိုးစား လေ့ကျင့်နေခဲ့သည်။ သို့သော်လည်း သူမက ထိုစော်ကားမှုများ အားလုံးကို သည်းခံနိုင်သည်တော့ မဟုတ်ပေ။

သည်ရက်ပိုင်း ရီဖူရှင်းက မည်မျှ ကြိုးစားခဲ့သည်ကို သူမအသိဆုံး ဖြစ်သည်။ သို့သော်လည်း ကျောက်စီရီကား ရီဖူရှင်းအပေါ် စော်ကား ပြောဆိုရာတွင် အထိန်းအကွပ် မဲ့လှသည်။ ထို့အပြင် ထိုအပြုအမူများက ထပ်ခါ တလဲလဲဖြစ်နေရာ သူမအား မိုကျွမ်၏ စကားအချို့ဖြင့် သည်အတိုင်း လျှော့ပေးလိုက်ခြင်းကား အလွန်တရာ သဘောကောင်းလွန်း နေပေလိမ့်မည်။

ကျောက်စီရီက မျက်နှာတွင် ပဝါဖုံးထားသော ဟွာဂျီယူကို ကြည့်သည်။ ပဝါဖြင့် ဖုံးထားသည့်တိုင် သူမထံမှ ထွက်လာသော အငွေ့အသက်နှင့် လှပသော မျက်လုံးအစုံကြောင့် သူမအား သေချာပေါက် မိန်းမလှတစ်ယောက် ဖြစ်ရပေမည်။

“ရှင်က ဘယ်သူလဲ…” ကျောက်စီရီက မေးသည်။

“မြေရိုင်းပြည်နယ် တော်ဝင်ကျဲ နန်းတော်သခင်မပါ…” သူမဘေးမှ ဝမ်ရှင်းက ဖြေသည်။ သည်အချိန်တွင်ကား ဟွာဂျီယူ၏ အဆင့်အတန်းကို ရှင်းလင်စွာ ပြောရန် အချိန်ကျလာပြီ ဖြစ်သည်။

ကျောက်စီရီက ဟွာဂျီယူအား အေးစက်စွာ ကြည့်ကာ လက်ဝှေ့ယမ်းလိုက်ပြီး စစ်တုရင်ခုံပေါ်မှ နယ်ရုပ်မျာအား ဖျက်ဆီးလိုက်သည်။ ထို့နောက် သူမက အေးစက်စွာ ပြောသည်… “ငါက တကယ်ပဲ အရှက်တကွဲ ဖြစ်မှာကို ဖိတ်ခေါ်နေတာပဲ…” ထို့နောက် သူမက အေးစက်စွာဖြင့် ပြန်လည် ဆင်းသွားသည်။ တော်ဝင်မြေ၏ မင်းသမီးတစ်ပါး အနေဖြင့် သူမကား လူပုံအလယ်တွင် အရှက်တကွဲ ဖြစ်ခဲ့ရသည်။ ဤတစ်ကြိမ်ကလည်း သူမအတွက် ပထမဆုံး အကြိမ်ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset