မရေမတွက်နိုင်သော မျက်လုံးများက လျူကျောင်းထံကို ရောက်လာသည်။ သူက ရောက်လာသည်နှင့် ကစားပွဲကိုးခုကို တိုက်ရိုက် အောင်မြင်ခဲ့ကာ နတ်နဂါး ကစားပွဲထံကို လျှောက်လာခဲ့သည်။
“ဒါကြောင့်ပဲ လျူကျောင်းဆိုပြီးတော့ နာမည် ကျော်ကြားနေတာပဲ… အဖေပြောတာက အရှေ့ဘက်ပြည်နယ်ရဲ့ လူငယ်မျိုးဆက်ထဲမှာ လူငယ်တွေရဲ့ ပါရမီအဆင့်အတန်းက ထိပ်သီး သုံးယောက်တည်း ဝင်တယ်တဲ့…. အနာဂတ်မှာ သူက အရှေ့ဘက်ပြည်နယ်ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာမှာ သေချာတယ်…” ထိုအခိုက်တွင် ကျောက်စီရီ တောက်ပသော မျက်လုံးများက လျူကျောင်းထံကို ရောက်လာသည်။ သူက နတ်နဂါးကစားကွက်ကို ကျော်ဖြတ်နိုင်မလား မသိသော်လည်း သူမက မျှော်လင့်ခြင်းများဖြင့် ကြည့်နေသည်။
ကျောက်စီရှောင်း၊ ဟန်ကျင့်၊ လီမူနှင့် နတ်မိမယ်ချိန်နီတို့ အားလုံးက လျူကျောင်းအား ကြည့်ကြသည်။
“ကျွန်တော်က ဒီနေ့ နတ်နဂါး စစ်တုရင် ကစားကွက်ကို စမ်းသပ်ပါမယ်… စီနီယာတို့က လမ်းညွှန်ပြသပေးပါ…” လျူကျောင်းက တည်ငြိမ်စွာ ပြောသည်။
“မင်းက နာမည် ကျော်ထိုက်ပါတယ်…” ရန်ရှောင်က လက်ဝှေ့ယမ်းကာ ခေါင်းညိတ်သည်။
လျူကျောင်းက ပျံသန်းသွားကာ နတ်နဂါး စစ်တုရင်ခုံထက်ကို တက်ရောက်လိုက်သည်။
ရန်ရှောင်က စစ်တုရင် နယ်ရုပ်များအား စတင်၍ နေရာချသည်။ ပထမဆုံး သူနေရာချထားသော အကွက်ကလည်း ဟန်ကျင့်နှင့် ကစားခဲ့သည်းနည်းတူသာ ဖြစ်သည်။ လျူကျောင်းကလည်း လက်ဝှေ့ယမ်းသည်တွင် လောကဓာတ်က အနက်ရောင်နယ် ရုပ်အဖြစ် ပြောင်းလဲသွားပြီး နေရာတွင် ကျသည်။
အားလုံး၏ မျက်လုံးများက ကစားကွက်ပေါ်ကို ရောက်လာသည်။ နှစ်ဖက်လုံးက မြန်ဆန်စွာပင် နေရာချကြ၏။ စစ်တုရင်ရှန့်ထို၏ တပည့်ဖြစ်စေ လျူကျောင်းဖြစ်စေ နှစ်ဖက်လုံးက တွန့်ဆုတ်ခြင်း မရှိကြပေ။ သူတို့က မြန်ဆန်စွာပင် ရင်ဆိုင် တိုက်ခိုက်ကြပြီး စစ်တုရင်ခုံပေါ်တွင်လည်း နယ်ရုပ် အရေအတွက်များ များပြားလာသည်။
စစ်တုရင်ခုံပေါ်တွင် အားကောင်းသော အရောင်အဝါတစ်ခု ရိုက်ခတ်လာသည်။ လျူကျောင်းက သူ့အား အင်အားစုကိုးခုက တစ်ပြိုင်နက်တည်း ဝန်းရံ တိုက်ခိုက်နေသည်ဟု ခံစားရသည်။ သို့သော်လည်း သူကား တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက နယ်ရုပ်များအား တည်ငြိမ်စွာဖြင့် ချသည်။ သူ၏ ကစားဟန်ကလည်း ဆက်တိုက် ပြောင်းလဲနေကာ ကွဲပြားခြားနားသော ကစားဟန်ကိုးခုနှင့် ရင်ဆိုင်ရာတွင် သူကလည်း တစ်ဖက်ကို တန်ပြန်တိုက်ရန် ကွဲပြားခြားနားသော ကစားဟန်ကိုးခုအား အခြေတည်သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် သူ၏စွမ်းရည်က အမှန်ပင် ကြောက်မက်ဖွယ် ကောင်းသည်ဟု ဆိုရပေတော့မည်။
“ထူးချွန် ထက်မြက်တဲ့လူတွေ နောက်က နာမည်ကျော်ကြားမှု ဆိုတာ လိုက်ပါစမြဲပဲ… ငါက လျူကျောင်းနဲ့ယှဉ်ရင် နိမ့်နေသလို ခံစားရတယ်…” ဟန်ကျင့်က ကစားပွဲကို စူးနစ်စွာ ကြည့်ရင်းက လူပုံအလယ်တွင်ပင် ဝန်ခံသည်။ သို့သော်လည်း လျူကျောင်းထက် နိမ့်သည်ဟု ဝန်ခံခြင်းအပေါ် မည်သူကမှ သူ့အား အရှက်ရစရာဟု မတွေးကြပေ။ သည်နေရာတွင် ပါရမီရှင်များစွာ စုစည်း နေကြသော်လည်း မည်သူကမှ လျူကျောင်းထက် ထူးချွန်သည်ဟု မကြေညာရဲကြပေ။
“ပညာရှင်ကိုးယောက်နဲ့ ယှဉ်ဖို့အတွက် ကွဲပြားခြားနားတဲ့ ကစားဟန်ကိုးခုကို အခြေတည်ခဲ့တယ်… ပြီးတော့ ကစားဟန်တစ်ခုစီက ပြိုင်ဘက်ရဲ့ ကစားဟန်ကို ပြန်ထောက်ဖို့အတွက် သီးသန့် ရွေးချယ်ထားတယ်… ဒီလျူကျောင်းဆိုတဲ့ ကောင်လေးက ပညာရပ် အတော်မျာများကို လေ့ကျင့်တဲ့သူဖြစ်ရမယ်…” ဝမ်ရှင်းက ကစားပွဲကို ကြည့်ကာ ပြောသည်။
ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက တစ်လလုံးလုံး စစ်တုရင်ပညာတွင် ခေါင်းနှစ်ခဲ့ရာ သူသာ လျူကျောင်းနေရာတွင် ဆိုပါကလည်း သည့်ထက် ပိုကောင်းအောင် တတ်နိုင်မည် မဟုတ်သည်ကို ဝန်ခံရသည်။
စစ်တုရင်ခုံပေါ်တွင် ထူးဆန်းသော အရိပ်အယောင် တစ်ခုအား မြင်ကြရသည်။ ဓားအရောင်အဝါက လေဟာနယ်အား ထွင်းဖောက်ကာ ပုဆိန်များက အရာခပ်သိမ်းကို ဖြတ်တောက်သည်။ များစွာသော ဝင်္ကပါများက စစ်တုရင်ခုံပေါ်တွင် ဖြစ်ပေါ်လာကာ ကြောက်မက်ဖွယ် မြင်ကွင်းများအား ဖြစ်ပေါ်စေသည်။ လျူကျောင်းက အလယ်တွင် တည်ငြိမ်စွာ ရပ်နေဆဲဖြစ်သည်။ သူ့တွင် ရွှေရောင်အလင်း အရံအတား၏ ကာကွယ်မှုရှိသည်။ ကစားပွဲ၏ဖိအားကို ခံနိုင်ရန် သူ့အား လွှမ်းခြုံထားသော လက်တစ်ထောင် ဗုဒ္ဓပုံရိပ်ကိုလည်း လူအများက ဝေဝေဝါးဝါး မြင်ကြရသည်။
မိုကျွမ်က သူ၏စီနီယာ ကစားသည်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ၏စီနီယာ ကစားနေသော အဆင့်ကား သူမျှော်မှန်းနိုင်သော အရာမဟုတ်ပေ။ လျူကျောင်းကား တော်ဝင်မြေမှ ရှေးဟောင်းစာအုပ်နှင့် ပညာရပ်ဆိုင်ရာ စာအုပ်များစွာတို့ကို အရည်ကြိုသောက် ထားသူဖြစ်သည်။ သူကား သိုင်းပညာအပြင်၊ ဂီတ၊ စစ်တုရင်၊ ပန်းချီနှင့် ပညာရပ်များစွာတို့တွင် နက်နက်နဲနဲ ကျွမ်းကျင်သည်။ သူက ဗုဒ္ဓတရားတော်များကိုပင် နားလည်ဆင်ခြင်ခဲ့ကာ အသိအမြင် ကြွယ်ဝလွန်းသူ ဖြစ်သည်။
စစ်တုရင်ခုံပေါ်မှ တိုက်ပွဲက အလွန်အမင်း ပြင်းထန်ပေသည်။ ပြင်းထန်သော လေမုန်တိုင်းများက နေရာတိုင်းတွင် ဆူညံနေပြီး စစ်တုရင် နယ်ရုပ်တိုင်းက လောကဓာတ်များကို သယ်ဆောင်ကာ သဘာဝ၏ အလုပ်တရားများဖြစ် ထင်မြင်ရသည်။
လျူကျောင်း၏ အမူအရာက အလွန်အမင်း လေးနက်နေကာ မူလကကဲ့သို့ အေးဆေး မနေနိုင်တော့ပေ။ သူက စစ်တုရင်ခုံကို လေးနက်စွာ ကြည့်လျက် လောကဓာတ်များ၏ တိုက်ခိုက်မှုကို လျစ်လျူရှုသည်။ ကစားပွဲတစ်ခုတည်းက တစ်ခုတည်းအဖြစ် ပြောင်းလဲသွားပြီး သူက အရာအားလုံး၏ ချုပ်နှောင်ပိတ်ဆို့မှု အောက်ကို ကျသွားသည်ဟု ခံစားရသည်။ သူ၏တစ်ကွက်ချင်းတိုင်းက လွန်စွာ နှေးကွေး လေးလံလာသည်။
သူက နောက်ဆုံးတွင် ဆက်ကစားနိုင်ဟန် မတူတော့ဘဲ ရပ်လိုက်သည်… “အရမ်းထူးခြားတယ်… ကျွန်တော် အရှုံးပေးပါတယ်…”
ရန်ရှောင်က လက်ဝှေ့ယမ်းသည်တွင် နတ်နဂါးကစားကွက်က ပျောက်ကွယ် သွားသည်။ အရာအားလုံးက တစ်ဖန် တိတ်ဆိတ်သွားသည်။ သူက လျူကျောင်းအား ကြည့်ကာ ပြောသည်… “နတ်နဂါးကစားကွက်ကို ပထမဆုံး ရင်ဆိုင်ဖူးတဲ့လူက ဒီလောက်အထိ ကစားနိုင်တာ တကယ်ပဲ လေးစားချီးကျူးစရာပဲ…”
အားလုံးက သဘောတူ လက်ခံကြသည်။ လျူကျောင်း၏အရှုံးက ရှက်စရာဟု မည်သူကမှ မတွေးကြပေ။ သူကား စစ်တုရင်ရှန့်ထို၏ တပည့်ကိုးယောက်နှင့် ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။ ကစားကွက်ကလည်း စစ်တုရင် ရှန့်ထိုချန်ထားခဲ့သော ကစားကွက်ဖြစ်၏။
“အစ်ကိုကြီးပြောတာ မှန်တယ်… မင်းက ဒီအထိ ကစားနိုင်တယ် ဆိုတာ အရမ်းအရမ်းကို ထူးချွန်နေလို့ပဲ… အချိန်တစ်ခုမှာ မင်းက ဒီကစားကွက်ကို အောင်မြင်ဖို့ အခွင့်လမ်း ရှိမယ်လို့ ငါယုံတယ်… အခု ဒီကစားပွဲက ဖွင့်ပြီးပြီဖြစ်သလို နောက်သုံးလအထိလည်း ဆက်ရှိနေလိမ့်မယ်…” လီခိုင်ရှင်းက ပြောသည်။ သူက လျူကျောင်းအပေါ်တွင် မျှော်လင့်ချက် ကြီးမားစွာ ထားခြင်းက သိသာနေသည်။ မည်သို့ဆိုစေ သူကား လျူကျောင်းကို ဖိတ်ခေါ်ခဲ့သူ မဟုတ်ပါလား။
လျူကျောင်းက သဘောတူဟန်ဖြင့် ခေါင်းညိတ်ကာ စစ်တုရင်ခုံထက်မှ ဆင်းသွားသည်။ သူက မိုကျွမ်နှင့် ရှီဟွာတောင်မှ လူများ ရှိနေရာနေရာသို့ ပြန်လာသည်။
“စီနီယာ…” မိုကျွမ်က ခေါ်သည်။
“မင်းလည်း တစ်ခါလောက် ကြိုးစား ကြည့်သင့်တယ်… ကစားပွဲက တကယ်ပဲ ခက်ခဲလွန်းတယ်… မင်းက တစ်ခုခု သင်ယူနိုင်လိမ့်မယ်…” လျူကျောင်းက ပြောသည်။
“အမှန်ပဲ…” မိုကျွမ်က ခေါင်းညိတ်ကာ စစ်တုရင်ခုံပေါ်ကို လျှောက်သွားသည်။ သူကလည်း သူ၏စီနီယာလိုပင် မကြာခင် ရှုံးသွားသည်။
“မင်းကော မကြိုးစား ကြည့်တော့ဘူးလား…” ဝမ်ရှင်းက ရီဖူရှင်းကိုကြည့်ကာ မေးသည်။
“ကျွန်တော့်ရဲ့လက်ရှိ အရည်အချင်းက နတ်နဂါးကစားပွဲကို ဖြိုခွင်းဖို့ မတတ်နိုင်သေးဘူး… အခုကစားရင် သေချာပေါက် ရှုံးလိမ့်မယ်…” ရီဖူရှင်းက ပြောသည်။
“ကျွန်တော်က တခြား ကစားကွက်ကိုးခုကို သွားပြီးတော့ လေ့လာဦးမယ်…” ရီဖူရှင်းက ပြောကာ ကစားကွက် ကိုးခုထံကို လှမ်းသွားလိုက်သည်။
“မင်း ထပ်လာပြန်ပြီလား…” အဘိုးအိုက ရီဖူရှင်းကို ကြည့်သည်။
“စီနီယာက လမ်းညွှန်ပေးပါဦး…” ရီဖူရှင်းက လက်နှစ်ဖက်ဆုပ်ကိုင်ကာ ပြုံးလျက် ပြောသည်။
အဘိုးအိုက ဘာမှ မပြောဘဲ လက်ဝှေ့ယမ်းကာ စတင်၍ ကစားသည်။ ရီဖူရှင်းကား ယခင်လို တွန့်ဆုတ်နေခြင်း မရှိတော့ပေ။ သူက သူရွှေ့ရမည့် အကွက်များအား မြန်ဆန်စွာပင် နေရာချသည်။
ကစားပွဲက အလွန်မြင်ဆန်စွာ ရင်ဆိုင်ထိတွေ့ကြသည်။ အဘိုးအို၏ မျက်လုံးများက အရောင်လက် သွားကာ ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်းက စစ်တုရင်ပညာကို သင်ယူရန် တမင်တကာ အရှုံးခံခဲ့သည်ကို သိသည်။
ယခု သူက အမှန်တကယ် ကစားနေဟန် ရသည်။ ရီဖူရှင်းက မည်မျှ တိုးတက် လာသည်ကို သူမြင်လိုသည်။
အဘိုးအိုက အလေးအနက် ထားကာ ကစားသည်။ ကစားကွက်ပေါ်တွင် ဝင်္ကပါများ ဖြစ်ပေါ်လာသည်။ မကြာခင် ရွှေရောင်ဖိုအိုးကြီး တစ်လုံးက ကြီးမားသော အရှိန်အဝါဖြင့် ဖြစ်ပေါ်လာသည်။ ရီဖူရှင်းကလည်း တစ်ဖက်လူ၏ ကစားကွက်ကိုလိုက်၍ တန်ပြန် တိုက်စစ်ဆင်သည်။ ကစားကွက်ပေါ်တွင် အားကောင်းသော ကြယ်မုန်တိုင်း တစ်ခုဖြစ်ပေါ်လာကာ အရာအားလုံးကို ရိုက်ခတ်သွားသည်။ နောက်ဆုံးတွင် အဘိုးအို ချလိုက်သော နယ်ရုပ်က အပိုင်းအပိုင်းအစစ ဖြစ်သွားကာ ပျောက်ကွယ်သွားသည်။ အဘိုးအိုက စစ်တုရင်ခုံကို ကြည့်ကာ မျက်နှာက ပြာနှမ်းသွား၏။ သူ ဆက်ကစားနိုင်စွမ်း မရှိတော့ပေ။
“ဒါက ကျေနပ်စရာပါပဲ အဘ…” ရီဖူရှင်းက လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ပြောသည်။ အဘိုးအိုက ရီဖူရှင်းကို ကြည့်ကာ ခေါင်းညိတ်သည်။ ယနေ့ခေတ် လူငယ်များကား အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ ယခု သူက ရီဖူရှင်းအား လုံးဝ မယှဉ်နိုင်တော့ပေ။
ရီဖူရှင်းက နောက်ကစားပွဲတစ်ခုသို့ လျှောက်သွားကာ ကစားသည်တွင် ဆက်လက်၍အနိုင်ရသည်။
ထို့နောက် လျူကျောင်းကဲ့သို့ပင် ရီဖူရှင်းက တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက် ကစားကာ ဆက်တိုက် အနိုင်ရ၏။ သူက ရှစ်ပွဲလုံးကို အနိုင်ရခဲ့ကာ နောက်ဆုံး တစ်ပွဲတွင် အပြင်းအထန် ယှဉ်ပြိုင်ခဲ့ရသည်။ သို့သော်လည်း နောက်ဆုံး ကစားပွဲကိုလည်း သူက အနိုင်ရခဲ့သည်။
လူအများအပြားက ရီဖူရှင်းကို အံ့အားသင့် သွားကြသည်။ လက်ရှိ စစ်တုရင် တောင်ထိပ်တွင် လူအနည်းငယ်ကသာ ကစားကွက်ကိုးခုအား ကျော်ဖြတ်နိုင်သည်။ ရီဖူရှင်းက ထိုလက်တစ်ဆုပ်စာ လူထဲကို ဝင်ရောက်နိုင်ခဲ့၏။
“မြေရိုင်းပြည်နယ်ရဲ့ နိုဘယ်အဆင့် နန်းတော်သခင်က တကယ်ပဲ ထူးခြားတယ်…” လူအများအပြားက မှတ်ချက်ချကြသည်။
ရီဖူရှင်းက ကစားကွက်ကိုးခုကို အနိုင်ရပြီးနောက် နတ်နဂါးကစားကွက်သို့ တိုက်ရိုက် သွားရောက်ခြင်း မရှိဘဲ သူ၏မူလနေရာကို ပြန်သွားကာ ထိုင်သည်။ နောက်ဆုံး ကစားပွဲက သူ့အား ပြဿနာများ အများအပြားကို ပေးခဲ့ကာ ထိုအရာများအား သူက သေသေချာချာ ပြန်တွေးတောရန် လိုပေသည်။
ထို့နောက်တွင် နတ်နဂါးကစားကွက်ကို ဆက်လက် စိန်ခေါ်သူများလည်း ရှိကြသည်။ သို့သော်လည်း နတ်နဂါးကစားကွက်ကို မည်သူကမှ မဖြိုဖျက်နိုင်ပေ။
လျူကျောင်းကလည်း နတ်နဂါးကစားကွက်ကို တစ်ယောက်ပြီး တစ်ယောက် စိန်ခေါ်နေသည်ကို ကြည့်ကာ တစ်စုံတစ်ခုအား စဉ်းစားနေဟန်ရသည်။ ရုတ်တရက် သူက အကြံတစ်ခုရဟန်ဖြင့် ရန်ရှောင်ကို ကြည့်ကာ မေးသည်… “နတ်နဂါးကစားကွက်ကို လူကိုးယောက်က ချမှတ်ထားတယ် ဆိုတော့ ဒါကို ဖြိုဖျက်ဖို့ လူကိုးယောက် အသုံးပြုလို့ရလား…”
“ဒါက ဖြစ်နိုင်ပါတယ်…” ရန်ရှောင်က ခေါင်းညိတ်သည်။
“ကစားကွက်ကို ကျုပ်နဲ့တူ ဖြိုဖျက်ချင်တဲ့လူရှိလား…” လျူကျောင်းက သူ့အနီးမှ လူများကိုကြည့်ကာ မေးသည်။
မိုကျွမ်က ထရပ်ကာ ပြောသည်… “ကျွန်တော် ကူညီပါရစေ စီနီယာ…”
“ကောင်းတယ်…” လျူကျောင်းက ခေါင်းညိတ်သည်။
“ကျုပ်လည်း စမ်းကြည့်ချင်တယ်…” ဟန်ကျင့်က ပြောသည်။ ထို့နောက် ကျောက်စီရှောင်း၊ ကျောက်စီရီ၊ လီမူ၊ နတ်မိမယ်ချိန်နီနှင့် တခြား လူများကလည်း ပူးပေါင်း လာကြသည်။
“ခင်ဗျားရော ပါဝင်ဖို့ စိတ်ဝင်စားလား…” လျူကျောင်းက ရီဖူရှင်းကို ကြည့်သည်။ ရီဖူရှင်း၏ ကစားကွက်ကိုးခုကို ဆက်တိုက် အနိုင်ယူခဲ့သော အပြုအမူက သူ့အား စိတ်ဝင်စားစေသည်။
ရီဖူရှင်းကလည်း လျူကျောင်းအား ကြည့်ကာ ပြုံးလျက်ပြောသည်… “ဒါဆိုလည်း ကောင်းပြီ…” ကစားကွက်မှ အပြောင်းအလဲများကို ကြည့်ရန် သူကလည်း တခြားလူများနှင့် ပူးပေါင်းရန် ဝန်မလေးပေ။
***