ရီဖူရှင်းက သည်နေ့ရက်များတွင် ကစားပွဲကိုးခုမှ အပြောင်းအလဲများ အားလုံးကို သင်ယူ လေ့ကျင့်နေခဲ့သည်။ သူက ကစားပွဲ တစ်ခုစီတိုင်း၌ ကွဲပြားခြားနားသော နည်းလမ်းများအား အသုံးပြုသည်။ သူနှင့်ကစားနေသော အဘိုးအိုများပင် ရီဖူရှင်းက တမင် အရှုံးပေးနေသည်ဟု ခံစားလာရသည်။
တစ်စုံတစ်ယောက်က စစ်တုရင် ကစားနည်းအား ဤနည်းဖြင့် သင်ယူခြင်းကို သူတို့ ပထမဦးဆုံး မြင်တွေ့ဖူးခြင်းလည်း ဖြစ်သည်။ စစ်တုရင်ကျေးရွာတွင် ဤသို့လုပ်ဖူးသော လူတစ်ယောက်မှ မရှိဖူးပေ။ ရီဖူရှင်း၏ လုပ်ဆောင်ချက်များအား ကျိတ်၍ ချီးကျူးနေသူများပင် ရှိပေသည်။
ရီဖူရှင်းက ကစားကွက်ကိုးခုမှ အပြောင်းအလဲများစွာကို ကိုယ်တိုင်ကိုယ်ကျ လေ့လာစေလျက် သူဖတ်မှတ်ထားသော ပညာရပ်များကို လက်တွေ့ အသုံးချသည်။ ထို့ကြောင့် သူ၏ တိုးတက်မှုနှုန်းမှာလည်း ကြောက်မက်ဖွယ် ကောင်းအောင် မြန်ဆန်ခဲ့ပေသည်။
ရီဖူရှင်းအပြင် တခြားလူများကလည်း တိုးတက်ခဲ့သည်။ ကစားပွဲကိုးခုလုံးကို အောင်မြင်နိုင်သူများပင် ရှိလာခဲ့သည်။ သူတို့ကား ဟန်ကျင့်၊ ကျောက်စီရှောင်၊ ကျောက်စီရီ၊ နတ်မိမယ်ချိန်နီ၊ ရှီဟွာတောင်မျ မိုကျွမ်တို့ ဖြစ်ကြသည်။ သူတို့အပြင် တခြား ကစားပွဲရှစ်ခုကို အောင်မြင်ကာ နောက်ဆုံးတစ်ပွဲသာ ကျန်သူများလည်း ရှိကြပေသည်။
အားလုံးက မြန်ဆန်စွာ တိုးတက်နေခဲ့ကြကာ အချို့က မိမိကိုယ်တိုင်ထက် တခြားလူများကို ပိုမို၍ အားကိုးကြသည်။ ဥပမာ ကျောက်စီရှောင်နှင့် သူ့ညီမ ကျောက်စီရီတို့က ရှီဟွာတောင်မှ အကြီးအကဲများ၏ လမ်းညွှန်မှုများကိုသာ လက်ခံသင်ယူကြသည်။ သူတို့ခေါ်လာသော စစ်တုရင် ပညာရှင်များက ရီဖူရှင်းအား ဝမ်ရှင်းက လမ်းညွှန်သလို သူတို့အား လမ်းညွှန်ပေးကြသည်။ မည်သို့ဆိုစေ စစ်တုရင်ရှန့်ထိုက ကစားပွဲကိုးခုကို ကျော်ဖြတ်ရန် မည်သည့် စည်းမျဉ်းစည်းကမ်းမှ ချမှတ်တားမြစ်ထားခြင်း မရှိခဲ့ပေ။
ရန်ရှောင် သတ်မှတ်ထားသော နေ့ရက်က တဖြည်းဖြည်း ရောက်ရှိလာတော့သည်။ သည်နေ့တွင် ယွီကျင့်မြို့မှ ထိပ်သီး တန်ခိုးရှင်များကလည်း လာရောက် ကြည့်ရှုကြသည်။ ကျင့်ဟွာတောင် စစ်တုရင် တောင်ထွတ်ဖျား၌ မရေမတွက်နိုင်သော လူများကို တွေ့ရသည်။
သည်နေ့တွင် စစတုရင်ကျေးရွာမှ များစွာသော အကြီးအကဲများလည်း ရောက်ရှိလာကြကာ သူတို့အားလုံးက နတ်နဂါးစစ်တုရင်ပွဲ၏ ဖွင့်ပွဲအား လာရောက်ကြသည်။
ရီဖူရှင်းတို့အဖွဲ့လည်း ရောက်လာကြပြီ ဖြစ်သည်။ သူတို့က လူများအကြားတွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။
“လျူကျောင်းက အခုထိ ရောက်မလာသေးတာ ငါယုံကို မယုံနိုင်ဘူး…” လူအများအပြားက လျူကျောင်းကို လိုက်ရှာကာ ရေရွတ်မိကြသည်။ သူက အမှန်ပင် စစ်တုရင်ပြိုင်ပွဲကို မလာတော့ဘဲ နေတော့မည်လား။
ကျောက်စီရှောင်နှင့် ကျောက်စီရီတို့ကား တော်ဝင်ပြည်ထောင်၏ မောင်နှမများ ဖြစ်ကြသည်။ သူတို့အားလုံးက ကြော့ရှင်းသော အငွေ့အသက်များအား ထုတ်ပြကြ၏။
မိုကျွမ်၊ ဟန်ကျင့်၊ လီမူ၊ နတ်မိမယ်ချိန်နီတို့ အားလုံးကလည်း လူအုပ်ထဲတွင် ရောက်နေကြပြီ ဖြစ်သည်။
ရီဖူရှင်း၏အနီးမှ မိန်းကလေးများ အားလုံးက ပဝါများဖြင့် မျက်နှာကို ဖုံးကွယ်ထားကြရာ လူအများအပြားက သူတို့၏ရုပ်ရည်များကို စိတ်ဝင်စားကြသည်။
ရီဖူရှင်းနှင့်ပတ်သက်၍ ပြောဆိုကြသူများလည်း ရှိကြသည်။ သူက မြေရိုင်းပြည်နယ်မှာ ကဲ့သို့ မကျော်ကြားသော်လည်း သည်ရက်ပိုင်း သူ၏အပြုအမူများကြောင့် လူအများအပြားက သူ့အား သတိထားမိ လာခဲ့ကြသည်။
ထိုအခိုက်တွင် လူတစ်စုက ရှေးဟောင်းလမ်းမှ တစ်ဆင့် စစ်တုရင် တောင်ထိပ်ကို လှမ်းလာကြသည်။ လူအများအပြားက ရန်ရှောင်နှင့် သူ၏ဂျူနီယာ ရှစ်ယောက်တို့ လှမ်းလာကြသည်ကို မြင်လျှင် သူတို့အတွက် လမ်းဖယ်ပေးကြသည်။
“သူတို့ ရောက်လာကြပြီ…” လူအများအပြားက ရန်ရှောင်တို့အုပ်စုကို ကြည့်ကြသည်။ နတ်နဂါးစစ်တုရင် ကစားပွဲကား စတင် ဖွင့်လှစ်တာ့မည်ဖြစ်သည်။
သူတို့အုပ်စုက စစ်တုရင် တောင်ထိပ်ကို ရောက်သည်တွင် လေထဲတွင် ရပ်ကာ ပြောသည်… “နတ်နဂါး စစ်တုရင်ကစားပွဲက ကျုပ်တို့ဆရာက ကျုပ်တို့ ကိုးယောက်အတွက် ချန်ထားခဲ့တဲ့ အရာတစ်ခုပဲ… ဒီကစားပွဲမှာ အပြောင်းအလဲတွေက မရေမတွက်နိုင်အောင် ရှိပြီး ဒါကို ကျုပ်တို့ ကိုးယောက်က အခု စတင် ခင်းကျင်းတော့မယ်…”
ရန်ရှောင်က နောက်လှည့်ကာ ဘေးတစ်ဖက်တစ်ချက်မှ အကြီးအကဲများအား ပြောသည်… “ဖွင့်ပါ… ”
စစ်တုရင်တောင်ကြားမှ အကြီးအကဲများက ကြီးမားသော တောင်ကုန်းတစ်ခုထံသို့ လျှောက်သွား လိုက်ကြသည်။ ပေါက်ကွဲသံများ ဆက်တိုက် ကြားလိုက်ကြကာ ရောင်စဉ်ရောင်ဝါများ ထွန်းလင်းလျက် ဝင်္ကပါကြီးတစ်ခု ဖြစ်ပေါ်လာသည်။ လူအများအပြားက ထိုမြင်ကွင်းကို ကြည့်ပြီး မှင်တက်သွားကြသည်။ စစ်တုရင်ဝင်္ကပါက ထိုတောင်ကုန်း၌ ကွယ်ဝှက်ထားမည်ဟု သူတို့ မထင်ထားကြပေ။
ဝင်္ကပါက အလွန်အမင်း လင်းလက် တောက်ပနေကာ တောင်ထွတ် တစ်ခုလုံးအား ဖြန့်ကြက်ထားသည်။ အလင်းတန်းများက တောင်ကုန်း အတွင်းအပြင် အားလုံးကို ဖြန့်ကြက်ထားပြီး နောက်ဆုံး တောင်ကုန်းက ဖုန်မှုန်းများဖြစ် ပျောက်ကွယ်သွားကာ အလင်းတန်းများက အားလုံး၏မြင်ကွင်းထဲကို ပေါ်ပေါ်ထင်ထင် ကျဆင်းလာကြသည်။ အလင်းတန်းများက နောက်ဆုံး လေထဲတွင်ပင် ဧရာမ စစ်တုရင်ခုံတစ်ခုအဖြစ် ခင်းကျင်း ပြသထားသည်ကို တွေ့ရတော့သည်။
ရန်ရှောင်နှင့် သူ့ဂျူနီယာများက လင်းလက်နေသော စစ်တုရင်ခုံပေါ်သို့ တက်လာကြသည်။ သူတို့၏ခန္ဓာကိုယ်များက စစ်တုရင်ခုံနှင့် ပေါင်းစပ်သွားကာ အလင်းတန်းများထံ၌ နစ်မြုပ်သွားတော့သည်။
“ဒါက နတ်နဂါးကစားကွက်ပဲ… ကျုပ်တို့ မောင်နှမတွေ အကုန်လုံးက တစ်စိတ်တစ်ဝမ်းတည်း အနေနဲ့ ကစားကွက်တစ်ခုကို တည်ခင်းမယ်… မင်းတို့ထဲက ကြိုက်တဲ့လူ ကစားကွက်ကို စမ်းသပ်စိန်ခေါ်နိုင်တယ်…” ရန်ရှောင်က စစ်တုရင်ခုံပေါ်တွင် ရပ်ကာ အားလုံးကို ကြည့်လျက်ပြောသည်… “ဒါပေမဲ့ ဘယ်သူဖြစ်ဖြစ် ကစားကွက်ထဲကို ရောက်ရင် ဖိအားကလည်း သာမန်ထက် ပြင်းထန်မှာဖြစ်လို့ ယုံကြည်မှုရှိသူများကပဲ စမ်းသပ်စေလိုတယ်…”
လူအများအပြားက ရန်ရှောင်နှင့် သူ့ဂျူနီယာများအား ကြည့်သည်။ စစ်တုရင်ရှန့်ထို၏ တပည့်ကိုးယောက် တည်ခင်းသော ကစားကွက်အား မည်သူက အောင်နိုင်မည်နည်း။
အားလုံးက တွန့်ဆုတ် နေကြသည်။
“ကျုပ် ကြိုးစားကြည့်မယ်…” အသံတစ်သံအား ကြားကြရသည်။ ဟန်ကျင့်က ရှေ့ကို တက်သွားသည်တွင် မရေမတွက်နိုင်သော မျက်လုံးများက သူ့အား ကြည့်ကြသည်။
နတ်နဂါး ကစားကွက်အား ဟန်ကျင့်က ဦးဆုံး စိန်ခေါ်မည်ဖြစ်သည်။
“ကောင်းပြီ…” ရန်ရှောင်က ခေါင်းညိတ်သည်။
ရန်ရှောင်က လက်ဝှေ့ယမ်းကာ စစ်တုရင်ကစားကွက်၏ အလယ်၌ ကြောက်မက်ဖွယ် လောကဓာတ် ပါဝင်နေသော နယ်ရုပ်တစ်ရုပ်အား ချသည်။
ဟန်ကျင့်ကလည်း လက်ဝှေ့ယမ်းကာ သူ၏ပထမဆုံး နယ်ရုပ်ကို ချသည်။ သို့သော်လည်း ဒုတိယနယ်ရုပ်အား ဒုတိယတပည့်ဖြစ်သော လီခိုင်ရှင်းက နေရာချသည်။ သူက လက်ဝှေ့ယမ်းသည်တွင် လျှပ်စီး အလင်းတန်းအလား နယ်ရုပ်က ကောင်းကင်မှ ကျဆင်းလာသည်။
“နတ်နဂါး ကစားကွက်မှာ တပည့် တစ်ယောက်စီးတိုင်းက နယ်ရုပ်တစ်ခုကို နေရာချတာလား…” လူအများအပြားက တိတ်တခိုး မှတ်ချက်ချသည်။
ပထမဆုံး ရွှေ့ကွက်များအား တပည့် တစ်ယောက်စီတိုင်းက နေရာချကြသည်။
နယ်ရုပ်ကိုးခု ဖြစ်ပေါ်လာသည်တွင် စစ်တုရင်ခုံပေါ်တွင် အလွန် ရု့န်ရင်းကြမ်းတမ်းသော အားတစ်ခု စုစည်းလာကာ ဟန်ကျင့်အား ဝါးမျိုရန် ကြိုးစားသည်။
“ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ အရှိန်အဝါလဲ” လူအများအပြားက တုန်လှုပ် သွားကြသည်။ သည်ကစားပွဲက သာမန်မဟုတ်ပေ။ သူတို့က စစ်တုရင် ကစားနေသည်ထက် တိုက်ပွဲတစ်ခု ဆင်နွှဲနေသည့်အလား ထင်မှတ်ရသည်။ ရန်ရှောင်တို့ ကိုးယောက်က အရုပ်တစ်ခုစီ ကျလိုက်ခြင်းဖြင့်ပင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတစ်ခု ဖြစ်တည်လာသည်။
ဟန်ကျင့်က သူ့ထံကို ဝါးမျိုလာသော စွမ်းအားအား ခံစားရသည်။ သူက အလွန်အမင်း လေးနက်သောဟန်ပန်ဖြင့် စစ်တုရင်ကား ဆက်လက်၍ ကစားသည်။ သူနေရာချသော နယ်ရုပ်တစ်ခုစီက တစ်ခုနှင့်တစ်ခု အချိတ်အဆက် ရှိနေဟန်ရကာ ဝင်္ကပါတစ်ခုအား တည်ဆောက်လိုဟန် ရနေသည်။
နှစ်ဖက်လုံးက ဆက်လက်၍ ကစားသည်တွင် စစ်တုရင်ခုံ၌ နယ်ရုပ်များ ပိုမိုများပြားလာသည်။ ဟန်ကျင့်၏နဖူး၌ ချွေးစေးများ ထွက်လာသည်။ စစ်တုရင်ကစားကွက်၌ အခြေခံ အပြောင်းအလဲ ကိုးမျိုးပါဝင်ကာ တစ်မျိုးစီက ကွဲပြားခြားနားသော ကစားဟန်ဖြင့်ဖြစ်ပြီး ကစားဟန်တစ်ခုစီက မရေမတွက်နိုင်သော အပြောင်းအလဲများ ပါဝင်ရာ နားလည်ရ အလွန်အမင်း ခက်ခဲပေသည်။
ဟူး… ဓားအရောင်အဝါတစ်ခု ထွက်ပေါ်လာကာ နယ်ရုပ်တစ်ခုမှ ဖြစ်တည်လာသော ဓားဝင်္ကပါတစ်ခုကလည်း စစ်တုရင်ခုံ၏ ထောင့်တစ်နေရာမှ ပေါ်လာ၏။ ဟန်ကျင့်က ထိုနေရာတွင် နယ်ရုပ်တစ်ခုကို ချထားလိုသော်လည်း နယ်ရုပ်က ထိုနေရာတွင် မချမှီတွင်ပင် ဓားအရောင်အဝါ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
“ဒါက နတ်နဂါးကစားပွဲရဲ့ စည်းကမ်းလား… တစ်ဖက်လူရဲ့ ကစားဟန်ကို တိုက်ရိုက် ပိတ်ဆို့ထားနိုင်တယ်…” အားလုံးက အံ့အားသင့်မှင်တက် သွားကြသည်။ ဟန်ကျင့်ကား ချွေးပြန်နေပြီဖြစ်သည်။ သူက နယ်ရုပ်အား ကိုင်ကာ မည်သည့်နေရာတွင် ချရမည်မသိတော့ပေ။ တချိန်တည်းမှာပင် သူ၏ စိတ်စွမ်းအားကလည်း အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရသည်။ သူက လက်ဝှေ့ယမ်းကာ နောက်ထပ် နယ်ရုပ်တစ်ခုအား နေရာချလိုက်သည်။
“ဟန်ကျင့် ရှုံးတော့မယ်…” ပရိသတ်များထဲမှ အချို့က ကစားပွဲအခြေအနေကို ခန့်မှန်းမိဟန်ဖြင့် ပြောကြသည်။ ဟန်ကျင့်က ကြီးမားသော ဖိအားအောက်တွင် အမှားကြီးတစ်ခုကို ကျူးလွန်မိပြီ ဖြစ်သည်။
ထိုအခိုက်တွင် စတုတ္ထတပည့်က သူ၏နယ်ရုပ်ကို ချလိုက်သည်နှင့် အလွန် ကြမ်းကြုတ်သော နဂါးကြီးတစ်ကောင်က စစ်တုရင်ခုံပေါ်တွင် ဖြစ်ပေါ်လာကာ ဟန်ကျင့်ထံ ပြေးဝင်လာသည်။ ထိုအခိုက်တွင်ပင် ဟန်ကျင့်၏မျက်နှာက ပြာနှမ်းသွားပြီး စစ်တုရင်ခုံပေါ်တွင်ပင် သွေးများ အန်ကျသည်။ သူက လျှပ်တစ်ပြက်ပင် စစ်တုရင်ခုံထက်မှ ဆင်းလာကာ မြေပြင်ပေါ်၌ ထိုင်ပြီး သူ၏ဆုံးရှုံးသွားသော စိတ်စွမ်းအင်များအား ဖြည့်တင်းသည်။
လူအများအပြားက ကစားကွက်အား လှမ်းကြည့်ကြသည်။ ကစားကွက်ထဲ၌ နယ်ရုပ်တစ်ခုစီမှ အချင်းချင်း ပေါင်းစပ်ဖြစ်ပေါ်လာသော ဝင်္ကပါလေးများအား ဝေဝေဝါးဝါး မြင်ကြရသည်။
“ဦးလေး…” ရီဖူရှင်းက လေးနက်သော ဘေးတွင်ရပ်နေသော အမူအရာဖြင့် ခေါ်သည်။ သူက စစ်တုရင်ပညာတွင် ကြီးမားစွာ တိုးတက်လာခဲ့သော်လည်း သည်ကစားကွက်အား ကျော်ဖြတ်ရန် နည်းလမ်းမဲ့ပေသည်။
“အရမ်း ရှုပ်ထွေးတယ်…” ဝမ်ရှင်းက ပြောသည်… “သူတို့ ကိုးယောက်လုံးက စစ်တုရင်ရှန့်ထိုရဲ့ တပည့်တွေပဲ… ဒါကြောင့် သူတို့အားလုံးက ဒီပညာမှာ ထူးချွန်တာ ပြောနေစရာမလိုဘူး… သူတို့နေရာချတဲ့ ကစားကွက်ကလည်း ပုံစံကိုးမျိုး ကွဲနေတယ်… တစ်မျိုးစီကလည်း အပြောင်းအလဲ အမျိုးမျိုးကို လုပ်နိုင်တယ်… ဒါကြောင့် ဒီကစားကွက်ရဲ့ ခက်ခဲမှုက အရမ်းမြင့်တယ်… ပြီးတော့ သူတို့ ကိုးယောက်လုံးက အစဉ်အတိုင်း ကစားတာ မဟုတ်ဘူး…”
ရီဖူရှင်းက ခေါင်းညိတ်သည်။ သူ ဖတ်မှတ်ခဲ့ရသော စစ်တုရင်ပညာများ အားလုံးက သည်ကစားကွက်ထဲတွင် ပါဝင်ကြောင်းလည်း ရီဖူရှင်းက သတိထားမိသည်။ တပည့် ကိုးယောက်လုံးကလည်း စစ်တုရင်ပညာတွင် သူမတူအောင် ထူးချွန်ကြသေးသည်။ အပျော်အပါး မက်ဟန်ရသော ကျင့်ကုန်းစီပင်လျှင် ယခု အလွန်မြင့်မားသော အရည်အသွေးများအား ထုတ်ပြနေသည်။
လူအုပ်ထဲမှ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်တွင် လူအများအပြားက လှမ်းကြည့်ကြသည်။ အဝေးမှ လူတစ်ယောက် လျှောက်လာနေသည်။ သူက ဝတ်စားဆင်ယင်ပုံနှင့် ရုပ်ရည်က သိပ်ထူးခြားဟန် မရသော်လည်း သူ့ထံမှ မိမိကိုယ်ကို ယုံကြည်မှု မြင့်မားဟန်က အထင်းသား ပေါ်လွင်နေသည်။ သူ၏မျက်နှာကျပုံက ထက်ရှဟန်ရှိကာ မည်သည့် ခံစားချက်ကိုမှ သူ့မျက်နှာ၌ ဖမ်းဆုပ်၍ မရပေ။
“လျူကျောင်းရောက်လာပြီ…”
“နောက်ဆုံး သူရောက်လာပြီ…”
ရှီဟွာတောင်၏ နံပါတ်တစ်ပါရမီရှင် ဖြစ်သော လျူကောင်းက ယခု နတ်နဂါးစစ်တုရင် ကစားပွဲဖွင့်လှစ်သော အချိန်တွင် ရောက်လာခဲ့သည်။
“စီနီယာ…” မိုကျွမ်က သူ့အား လှမ်းကြည့်သည်။ မိုကျွမ်ကား လျူကျောင်းထက်ပင် ပိုမို၍ ချောမောခန့်ညားသည်။
လျူကျောင်းက မိုကျွမ်အားကြည့်ကာ ခေါင်းညိတ်ပြသည်။ သို့သော်လည်း လျူကျောင်းက နတ်နဂါးကစားပွဲထံသို့ လျှောက်သွားခြင်း မပြုဘဲ ကစားကွက်ကိုးခု၏ ပထမဆုံး ကစားကွက်ထံသို့ လျှောက်သွားလိုက်သည်။ သူက စစ်တုရင်ခုံရှေ့ကို ရောက်လာကာ အဘိုးအိုအား ပြောသည်… “အဘ… ကျွန်တော်တို့ စရအောင်…”
“ကောင်းပြီ…” အဘိုးအိုက ပြောကာ စတင်၍ ကစားသည်တွင် အံ့အားသင့်ဖွယ် ကောင်းအောင် လူအများအပြားက စိတ်ဝင်တစား ကြည့်ကြသည်။
သူတို့နှစ်ယောက်လုံးက ကစားကွက်ကို တည်ငြိမ်စွာ ခင်းကြကာ မည်သူကမှ စိုးရိမ်ပူပန်သော ဟန်ပန်မရှိပေ။
ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသည်ကား အဘိုးအို၏ ကစားကွက်က အချိန်ကြာလာသည်နှင့်အမျှ ပိုမိုအားကောင်း လာသောအချိန်တွင် လျူကျောင်း၏ ကစားကွက်က အလွန်အမင်း ရိုးရှင်းနေခြင်းပင်။ သို့သော်လည်း အဘိုးအို၏ ကစားကွက်က လျူကျောင်းကို ထိထိရောက်ရောက် မတိုက်ခိုက်နိုင်ပေ။
မကြာမီ အဘိုးအိုက တဖြည်းဖြည်း ကစားရကျပ်လာခဲ့သည်။ သူက တစ်ကွက်နှင့် တစ်ကွက်ကို ရွှေ့ရန် ကြာမြင့်စွာ စဉ်းစားလာခဲ့ရကာ နောက်ဆုံးတွင် သူက ရပ်တန့်လျက် ပြောသည်… “လူငယ်တွေက တကယ်ပဲ လက်ကောင်းလာကြတယ်… ကျုပ်အရှုံးပေးတယ်…”
“ဒါက ဂုဏ်ယူစရာပါ…” လျူကျောင်းက တည်ငြိမ်စွာ ပြေကာ ဒုတိယမြောက် ကစားပွဲကို ဆက်သည်။ သူက တစ်ပွဲပြီးတစ်ပွဲ အနိုင်ယူသွားကာ နောက်ဆုံး ကစားပွဲကိုးပွဲလုံးအား အောင်မြင်ခဲ့သည်။ ကစားပွဲကိုးပွဲလုံးက သူ့အား မည်သည့် အခက်အခဲမှ ပေးစွမ်းနိုင်ခြင်း မရှိခဲ့ပေ။
***