Switch Mode

အပိုင်း (၇၃၆)

အတွေ့အကြုံရှာခြင်း

ရန်ရှောင်က နတ်နဂါး စစ်တုရင်ပွဲအတွက် အချိန်ကို သတ်မှတ်ခဲ့ပြီးဖြစ်ကာ ယွီကျင့်မြို့သို့ ပိုမိုများပြားသော လူများ ရောက်ရှိ လာနေကြသည်။ အရှေ့ဘက်မြေမှ လူများကလည်း ယွီကျင့်မြို့ကို လာရောက် စုစည်းနေကြသည်။ သူတို့အားလုံးက နတ်နဂါးစစ်တုရင်ပွဲကို ကြည့်ရန် လာကြခြင်းဖြစ်သည်။

လျူကျောင်းကား ရောက်မလာသေးပေ။ အချို့က လျူကျောင်း ရောက်လာတော့မည်ဟု ပြောကြသော်လည်း မည်သူကမှ ရေရေရာရာ မပြောနိုင်။ ရှီဟွာတောင်မှ လူငယ်များကား ခန့်မှန်းရ ခက်ခဲသူများထဲတွင် ပါဝင်ပေသည်။ ထို့အပြင် မြေရိုင်းပြည်နယ်၏ နန်းတော်သခင်ကလည်း ယွီကျင့်ပြည်နယ်ကို ရောက်နေသည့်သတင်းက တောမီးလိုပင် မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့သည်။

လူအများအပြားက မြေရိုင်းပြည်နယ် အတွက် သက်ပြင်းချကြသည်။ ပြည်နယ်တစ်ခု၏ တော်ဝင်မြေခေါင်းဆောင် တစ်ယောက်က ဤသို့သော အဖြစ်အပျက်မျိုးတွင် ကိုယ်တိုင် ပါဝင်ပတ်သက်ခြင်းက မဖြစ်သင့်ပေ။ ဤသို့ လုပ်ဆောင်ခြင်းကပင် ထိုပြည်နယ် မည်မျှ နိမ့်ပါးသွားသည်ကို သိသာစေသည်။ လက်ရှိ တော်ဝင်ကျဲနန်းတော် ခေါင်းဆောင်က ရှန့်ထို၏ အမွေအနှစ်ကိုရရှိရန် ကိုယ်တိုင် ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်နေရသည်။ သို့သော်လည်း ထိုနိုဘယ်အဆင့် နန်းတော်သခင်ကား သူ၏ပြည်နယ်အတွက် အမှန်ပင် ကြိုးစားနေဟန် ရသည်။ သို့သော်လည်း သူ၏တန်ခိုးအဆင့်က နိမ့်ပါးနေသေးကာ သူ့အနေဖြင့် မြေရိုင်းပြည်နယ်ကို နှစ်အနည်းငယ် အတွင်း တစ်စုံတစ်ခု ပြောင်းလဲပေးနိုင်ရန် များစွာ လိုအပ်ပေသေးသည်။

ယခု ယွီကျင့်အိမ်တော်ရှိ ရီဖူရှင်းတည်းခိုရာ အဆောက်အဦထဲတွင် ရီဖူရှင်းက စာအုပ်ပုံများ၊ စာရွက်လိပ်များ ကြားထဲတွင် ခေါင်းမြုပ်နေသည်။ ထိုစာပေများ အားလုံးက စစ်တုရင်နှင့် ပတ်သက်သည်များ ဖြစ်ကြသည်။ ကျင့်ကုန်းစီက သူ့အတွက် လက်လှမ်းမီသမျှ စာအုပ်များကို စုစည်း ပေးထားခဲ့သည်။

စစ်တုရင်ရှန့်ထို၏ နဝမမြောက် တပည့်ဖြစ်သူ ကျင့်ကုန်းစီ ကိုယ်တိုင်က စစ်တုရင်ကျေးရွာမျ စာအုပ်များအပြင် တခြားနေရာများမှ ရှာဖွေ စုဆောင်းပေးသာ စာအုပ်များဖြစ်ရာ ထိုစာအုပ်များက အလွန်ကြွယ်ဝသော အသိပညာ ဗဟုသုတများ အဆင့်မြင့်မားသော ကစားနည်းဟန်များ ပညာရပ်များကို ပေးစွမ်းနိုင်ပေသည်။ အမှန်တကယ်အားဖြင့် ရီဖူရှင်းကဲ့သို့ အရူးအမူး စာဖတ်သူများ သိပ်မရှိပေ။ သို့သော်လည်း ရီဖူရှင်းက ဤအလေ့အထကို ကော့တေးတွင် ကတည်းက ရရှိခဲ့သည်။

ကော့တေး၏ စာအုပ်ဂူထဲတွင် ရီဖူရှင်းက ဤသို့ပင် အရူးအမူး စာဖတ်ခဲ့ဖူးသည်။ သူ့အတွက် စာဖတ်ခြင်း သိပ်ပျင်းရိစရာ မဟုတ်ပေ။

ယခု ရီဖူရှင်း၏ စိတ်ထဲတွင်ကား စစ်တုရင် အတွေးများဖြင့် ပြည့်နှက်နေသည်။ သူကိုယ်တိုင်ကလည်း သည်ပညာတွင် စိတ်ပါဝင်စားနေခြင်းက သူ့အတွက် ထိုအရာများဖြင့်သာ အချိန်ဖြုန်း ဖြစ်စေခဲ့သည်။

ရီဖူရှင်းထံကို လူတစ်ယောက်က လျှောက်လာကာ စာအုပ်ပုံထဲ၌​ ခေါင်းမြုပ်နေသော ရီဖူရှင်းအား ကြည့်ပြီး အံ့အားသင့်စွာ မေးသည်… “မင်းက စစ်တုရင်ကျေးရွာက စာအုပ်တွေ အကုန်လုံးကို ဖတ်မလို့လား…”

သူကား ကျင့်ကုန်းစီ ဖြစ်သည်။ သူ့ဆရာထံမှ စစ်တုရင်ပညာကို သင်ယူခဲ့ရသည့်တိုင် ရီဖူရှင်းကဲ့သို့ ရူးသွပ်ခြင်း မရှိဖူးပေ။ သူဖတ်ခဲ့သော စာအုပ်များက ယခု ရီဖူရှင်း ဖတ်ပြီးသော စာအုပ်များထက် အဆမတန် နည်းနေသေးသည်။

“ကျုပ်တို့ရဲ့ တကယ့် အားနည်းချက်က အားထုတ်ခြင်းပဲ…” ရီဖူရှင်းက ပြုံးလျက်ပြောသည်… “ကြိုးစား အားထုတ်မှုကို ဂုဏ်ယူပါ…”

တန်ခိုးရှင်များက တခြားလူများနှင့် မတူကွဲပြားခြင်းကပင် ကံကောင်းသည် ဆိုရပေမည်။ သူတို့၏စိတ်စွမ်းအားက သာမန်လူများထက် ပိုမိုအားကောင်းကြရာ ရှီအဆင့်တွင်ရှိသော ရီဖူရှင်းအတွက် စာအုပ်တစ်အုပ်အား ဖတ်မှတ်ရန် သိပ်မကြာပေ။ အနည်းငယ်သော အချိန်အတွင်းမှာပင် သူက စာအုပ်၏ အနှစ်သာရ သဘောတရားများကို နားလည်နိုင်စွမ်း ရှိပေသည်။

“ဒါက အရေးကြီးတာတော့ မဟုတ်ဘူး… ချိန်ယွီအိမ်တော်က ငါ့ကလေးကို သွားမတွေ့ရတာ တစ်ခုပဲ…” ကျင့်ကုန်းစီက စိတ်ပျက်ဟန်ဖြင့် ပြောသည်… “ဒီလိုဖြစ်မယ်မှန်းသိရင် မင်းကို ခေါ်လာမှတောင် မဟုတ်ဘူး… ”

“ဟဟ… အခုတော့ နောက်ကျသွားပြီ…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။

ကျင့်ကုန်းစီက ခေါင်းယမ်းကာ ပြောသည်… “မင်းက ဘယ်လိုလူလဲ.. မြေရိုင်းပြည်နယ် တော်ဝင်မြေရဲ့ ခေါင်းဆောင်က ဘာတွေ လုပ်နေတာလဲ.. ငရှုပ်တစ်ကောင်လား… ကြိုးစားတဲ့ တပည့်တစ်ယောက်လား…”

ရီဖူရှင်းက သူ့ရှေ့မှ လူရှုပ်လူပွေအား ကြည့်သည်။ ကျင့်ကုန်းစီက သူ့အား ဤသို့ ကြိုးစား လေ့လာမည့်သူဟု မသတ်မှတ်ခဲ့ပေ။

“ငါလား…” ရီဖူရှင်းက ပြုံးလျက်ပြောသည်.. “ချောမောခန့်ညားပြီး တခြားလူတွေနဲ့ မတူတဲ့ ပါရမီရှင်ပေါ့… ”

“မင်းက အရှက်မရှိတာပဲ…” ကျင့်ကုန်းစီက ဆွံ့အရသည်။ သည်အကောင်၏ အသားအရေက မည်မျှ ထူပေသနည်း။

“လေးလေးနက်နက် ပြောရရင် အချိန်က ပြည့်တော့မှာ ဖြစ်လို့ မင်းမှာ ဒီအတွက် ယုံကြည်မှု ရှိနေပြီလားဆိုတာပဲ… ငါက ဒီမှာ ဘာမှ စိတ်ပူစရာ မရှိတဲ့တစ်ယောက်ပဲ… မင်းကလည်း ငါဖိတ်ခေါ်ခဲ့တဲ့ တစ်ဦးတည်းသော ဧည့်သည်ပဲ… အစ်ကိုအစ်မတွေက တောင်ကုန်းရဲ့ အရေးကိစ္စတွေကို စီမံနေတဲ့အချိန်မှာ ငါက အေးအေးဆေးဆေး ပျော်ပါးနေလို့ရတယ်… မင်းကို ငါက ဘာတစ်ခုမှ စွမ်းဆောင်နိုင်မယ်လို့ အစကတည်းက မထင်ထားခဲ့တာ… အခု မင်းက ဒီလောက် ကြိုးစားနေတာ မြင်တော့ ဘာပြောရမှန်းတောင် မသိတော့ဘူး…”

ကျင့်ကုန်းစီက ရီဖူရှင်းကို ကြည့်ကာ ခေါင်းယမ်းသည်… “ငါလည်း ရူးသွားတော့မယ် ထင်တယ်… အစ်ကို၂က လျူကျောင်း၊ ကျောင်းစီရှောင်၊ ဟန်ကျင့်နဲ့ တခြားလူတွေကို ဖိတ်ကြားခဲ့တယ်… မင်း တိုးတက်နှုန်းက လျှပ်စီးထက် မြန်ရင်တောင် နတ်နဂါးကစားပွဲကို ဖြတ်ကျော်နိုင်မယ်လို့ ငါမထင်ဘူး.. တခြားလူတွေလည်း အောင်မြင်ချင်မှ အောင်မြင်လိမ့်မယ်…”

သူက ခေါင်းယမ်းကာ ထွက်သွားသည်။

“စိတ်ဝင်စားဖို့ ကောင်းတဲ့လူငယ်ပဲ…” ဝမ်ရှင်းက ကျင့်ကုန်းစီ ထွက်သွားသည်ကို ကြည့်ကာ ပြောသည်။

“တကယ်စိတ်ဝင်စားဖို့ ကောင်းတဲ့အကောင်ပဲ… သူက တပည့်ကိုးယောက်ထဲမှာ အငယ်ဆုံးဆိုတော့ ဒီလိုဖြစ်နေတာလည်း မထူးဆန်းဘူး…” သူက ကော့တေးတွင် ရှိစဉ်တုန်းက သူ့ဘဝကို ပြန်တွေးမိကာ ပြုံးမိသည်။

“မင်း အခု ဘယ်လို အခြေအနေရှိလဲ…” ဝမ်ရှင်းက​မေးသည်။

“ကျွန်တော်က ကစားပွဲကို ကိုယ်တိုင် တည်ခင်းနိုင်ပြီလို့ ထင်တာပဲ… မှန်တာပေါ့… ဦးလေးလို အတွက်အချက် ပိုင်းမှာတော့ မကောင်းနိုင်ဘူး… ဒီတော့ ကျွန်တော် ကစားတဲ့ဟန်ပင်က ကွဲသွားလိမ့်မယ်…” ရီဖူရှင်းက ပြောသည်။

“လူတိုင်းက တစ်ခုတည်းကိုပဲ တည်ပြီး လေ့လာရင်တောင် သူတို့တွေရဲ့ ကိုယ်ပိုင်အမြင် အတွေ့အကြုံတွေကြောင့် ရလဒ်တွေက ကွာခြားကြတာပဲ… မင်းက ငါနဲ့ဘယ်တူနိုင်ပါ့မလဲ…” ဝမ်ရှင်းက ပြောသည်… “ငါက စစ်တုရင်နဲ့ပတ်သက်ပြီး ဘာမှ မသိပေမဲ့ ခြောက်ပွဲဆက်တိုက် အနိုင်ယူခဲ့တယ်… အခု မင်းနဲ့အတူ စာအုပ်တွေ ဖတ်ပြီးတော့ ငါလည်း အတော်ပဲ သိနားလည် လာတာတွေ ရှိတယ်… တကယ်လို့ အခုနေသာ ဆက်ကစားရင် ငါက ရှစ်ပွဲလောက်အထိ အောင်မြင်မယ်လို့ ယုံကြည်တယ်… ပြီးတော့ ကိုးပွဲမြောက်ကို အောင်မြင်ဖို့လည်း အခွင့်အရေးများတယ်…” ဝမ်ရှင်းက ပြောသည်။

“ဦးလေး သင်ပေးတာတွေကို ကျွန်တော်က နားလည်အောင်လုပ်ပြီး ကိုယ်ပိုင်ဟန်နဲ့ အနိုင်ရအောင် လုပ်ကြည့်မယ်…” ရီဖူရှင်က ပြောသည်။

“ကောင်းပြီ…” ဝမ်ရှင်းက ခေါင်းညိတ်သည်… “မင်းက ကွဲပြားခြားနားတဲ့ ချဉ်းကပ်ပုံနဲ့ သွားနိုင်တယ်…”

“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“မင်းတို့ တစ်ချိန်လုံး စစ်တုရင် အကြောင်းတွေ ပြောနေရတာ ကြားနေတော့ ငါကိုယ်တိုင် အဆင့်မြင့် စစ်တုရင်ပညာရှင်လို့ ခံစားလာရတယ်…” ကျူးကော့မင်းယွီနှင့် ဂူတုံးလျိုတို့က လျှောက်လာရင်း ပြောသည်။ သူတို့အားလုံးက စစ်တုရင် စာအုပ်အား ဖတ်ခဲ့ကြကာ ပျင်းရိငြီးငွေ့သောကြောင့် ဆက်မဖတ် ဖြစ်ကြတော့ပေ။

သည်ကဲ့သို့သော ပညာရပ်များတွင် ရီဖူရှင်းကသာ အဆင်ပြေပုံရပေသည်။

“အစ်မ၂… အစ်ကို၃…” ရီဖူရှင်းက ခေါ်သည်။

“ငါက စစ်တုရင်နဲ့ ပတ်သက်ပြီး သိပ်မသိဘူး… ဒါကြောင့် ငါမင်းကို သိပ်မကူညီနိုင်ဘူး… ဒါပေမဲ့ လမ်းစဉ်တွေက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်… စစ်တုရင်ကလည်း ကျင့်ကြံခြင်း တစ်မျိုးပဲ… နယ်ရုပ်တစ်ခုစီက တိုက်ခိုက်ခြင်းနဲ့ ခုခံခြင်းအတွက် အသုံးချတဲ့အရာပဲ… မင်းက ပြိုင်ဘက်ကို အနိုင်ယူမယ်ဆိုရင် ဘယ်လို ခုခံရမယ်ဆိုတာ နားလည်ရမယ်.. တစ်ဖက်လူရဲ့ အားနည်းချက်ကို ဘယ်လိုထိမိအောင် တိုက်ခိုက်ရမယ်ဆိုတာ သိဖို့လိုတယ်… ဒါ့အပြင် အခု စစ်တုရင်ကစားပွဲက မင်းရဲ့ စိတ်စွမ်းအားကိုလည်း ကောင်းကောင်း အသုံးချတတ်ဖို့ လိုတယ်…” ဂူတုံးလျိုက ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်… “ကျွန်တော် မှတ်ထားပါ့မယ်.. အစ်ကို၃…”

“သိပ်ပြီးလည်း အရမ်း စိတ်မထည့်ထားနဲ့…” ဂူတုံးလျိုက ပြောသည်။ ရီဖူရှင်းက သည်ရက်ပိုင်း လုံးဝ နားခြင်းမရှိခဲ့ပေ။ စစ်တုရင်ပညာကလည်း စိတ်စွမ်းအားကို ခန်းခြောက်စေတတ်သော အရဖြစ်ရာ အကယ်၍ လွန်ကဲစွာ စိတ်ကို မြှုပ်နှံပါက မကောင်းသော အကျိုးဆက်များ ဖြစ်လာနိုင်ပေသည်။

ရီဖူရှင်းက ခေါင်းညိတ်သည်… “ရတယ် အစ်ကို… ကျွန်တော်ကလည်း စစ်တုရင်ကို သဘောကျပါတယ်…”

ဂူတုံးလျိုက ခေါင်းညိတ်ကာ ဘာမှ မပြောတော့ပေ။

နောက်တစ်နေ့ နံနက်တွင် ပထမဆုံး အကြိမ်အဖြစ် စစ်တုရင် တောင်ထပ်ကို သွားသည်။ ကစားကွက်ကိုးခုက ထိုနေရာတွင်ပင် ရှိနေဆဲဖြစ်ပြီး အချို့က ဧရာမ ကျောက်တုံးကြီးများ ပေါ်တွင် ထိုင်နေသည်ကို မြင်ရသည်။ သူတို့အားလုံးက လာမည့် နတ်နဂါး စစ်တုရင်ပွဲအတွက် အကြို လက်ရည်သွေး နေကြခြင်းလည်း ဖြစ်သည်။

သူတို့က အနိုင်ရရန် အခွင့်အရေး နည်းသည်ကို သိကြသော်လည်း အနည်းဆုံး ဤနေရာကို ရောက်မှတော့ ကြိုးစားကြည့်ခြင်းက မမှားပေ။ ထို့အပြင် သူတို့အားလုံးက အရှေ့ဘက်နယ်မှ ထိပ်သီး ပါရမီရှင်များကိုလည်း မြင်ခွင့်တွေ့ခွင့် ရသည်မဟုတ်ပါလား။

ပထမကစားကွက်ကို လက်ခံကစားပေးသော အဘိုးအိုက ရီဖူရှင်းကို ကြည့်သည်… “မင်းက ခြောက်ပွဲ အနိုင်ရထားပြီးပြီ ဆိုတော့ သတ္တမကစားကွက်က ပြန်စသင့်တယ်… နိုင်ပြီးသားအတွက် ပြန်ကစားဖို့မလိုဘူး…”

ထိုနေ့က ရီဖူရှင်းနှင့် ကစားခဲ့ရခြင်း အပေါ် သူက သဘောမကျ ဖြစ်နေသည်မှာ သေချာသည်။

ရီဖူရှင်းက ပြုံးမိသည်။ သူက အဘိုးအိုအား ကြည့်ကာ ရိုကျိုးသော အမူအရာဖြင့် ပြောသည်… “ကျွန်တော်က အစက ပြန်ကစားဖို့ လိုပါတယ်… အဘက လမ်းညွှန်ပြသပေးပါဦး…”

“ဒါဆိုလည်း ကောင်းပြီ…” အဘိုးအိုက စိတ်မရှည်စွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။ လောကဓာတ်များ ပါဝင်သော နယ်ရုပ်တစ်ခုက စစ်တုရင်ခုံပေါ်ကို ဒုန်းခနဲ ကျလာသည်။

ရီဖူရှင်းက လွတ်လပ်ခြင်း ကျင့်စဉ်ကို အသက်သွင်း လိုက်သည်တွင် ကစားပွဲမှ အပြောင်းအလဲများကို ပိုမို၍ ရှင်းရှင်းလင်းလင်း မြင်လာသည်။ သူက လက်ဝှေ့ယမ်းကာ နယ်ရုပ်တစ်ခုအာ မြန်ဆန်စွာ ခင်းလိုက်သည်။

အဘိုးအိုက နယ်ရုပ်များကို ဆက်တိုက်ချနေကာ ရီဖူရှင်းကလည်း မြန်ဆန်စွာပင် လိုက်လံ၍ အကွက်ခင်းသည်။ မကြာမီ ရီဖူရှင်းအား အဘိုးအိုက ထူးဆန်းစွာ ကြည့်သည်။ ရီဖူရှင်းက ယခင်လို အရုပ်ဆိုးစွာ မကစားတော့ပေ။ သူ၏အရည်အချင်းကလည်း အလွန် ထူးခြား ကောင်းမွန်နေသည်ဟု ခံစားရသည်။

စစ်တုရင်ခုံပေါ်တွင် နယ်ရုပ်များ ပိုမိုဖြစ်ပေါ် လာသည်နှင့်အမျှ ရီဖူရှင်း၏စိတ်ထဲတွင် စစ်တုရင်ခုံတစ်ခု ဖြစ်ပေါ်လာကာ သူ ကစားနေသည်များကို ရှင်းရှင်းလင်းလင်း အာရုံထဲ ထင်မြင်နိုင်သည်။

ရီဖူရှင်းက လက်ဝှေ့ယမ်းကာ အဘိုးအို နေရာချမည်ဟု ခံစားနေရသော နေရာကို မျက်လုံးက စူးနစ်စွာ ကြည့်ပြီး နေရာယူလိုက်သည်။ သူ ထင်မှတ်ထားသည့် အတိုင်းပင် အဘိုးအိုက ထိုနေရာတွင် နေရာချလိုက်ပြီး စွမ်းအားတစ်ခုကို စတည်သည်။ အားကောင်းသော ဖိုအိုးကြီးက ရီဖူရှင်း၏စိတ်ကို လာရောက် ဖိနှိပ်ကာ သူ့အား ဆက်လက်၍ ကစားနိုင်စွမ်း မရှိဖြစ်စေသည်။

ရီဖူရှင်းက အတန်ကြာ  မှက်တက်နေပြီးမှ ထွက်မသွားသေးဘဲ ထပ်မေးသည်…“အဘ.. ကျွန်တော်တို့ ဆက်ကစားလို့ ရမလား…”

အဘိုးအိုက မျက်မှောင်ကြုတ် လိုက်ကာ ဘာမှ မပြောတော့ဘဲ ဆက်ကစားသည်။

“အဘ.. နောက်တစ်ပွဲ…” ရီဖူရှင်းက တစ်ပွဲပြီးတစ်ပွဲ ကစားသည်။ အဘိုးအိုကား အလွန်အမင်း စိတ်မရှည်ဖြစ်လာကာ ဒေါသတကြီး ပြောသည်… “မင်းရဲ့ စစ်တုရင်ပညာက အလကားပဲ… ဘာလို့ အချိန်ဖြုန်း နေတာလဲ…”

ရီဖူရှင်းက စိတ်မဆိုးဘဲ​ ပြုံးလျက် ဆက်ကစားသည်။ သူကား အမှန်တကယ် စစ်တုရင်ကစားခြင်း၏ အတွေ့အကြုံများကို စုဆောင်းနေခြင်း ဖြစ်သည်။

စစ်တုရင်တောင်ထိပ်မှ လူအများအပြားက ရီဖူရှင်းကို လှမ်းကြည့်ကြသည်။ သည်အကောင်… သူကား အမှန်ပင် စစ်တုရင် မကစားတတ်ပေ။ ထိုနေ့က သူအနိုင်ရခြင်းမှာလည်း သူနှင့်ပါလာသောသူ တစ်ယောက်က ညွှန်ကြားခြင်းကြောင့် ဖြစ်ရပေမည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset