တစ်ဖက်က အဘိုးအိုက ရီဖူရှင်း၏ ရွှေ့ကွက်ကို မြင်သည်တွင် မျက်မှောင်ကြုတ် လိုက်သည်။ သို့သော်လည်း သူက လက်ဝှေ့ယမ်းကာ နောက်တစ်ကွက်အား ရွှေ့လိုက်သည်။ သူက တစ်ဖက်လူ၏ အခင်းအကျင်းထက် မိမိ၏ အခင်းအကျင်းကိုသာ ခိုင်မာ ကျစ်လျစ်အောင် စတင် တည်ဆောက်သည်။ ရီဖူရှင်းက မည်သို့ ရွှေ့ပါစေ နောက်ဆုံးရလဒ်က အတူတူ ဖြစ်ပေလိမ့်မည်။
ရီဖူရှင်းက သူ့ထက် အဆင့်အတန်း မြင့်မားသောပညာဖြင့် ကစားခြင်း မဟုတ်လျှင် ရီဖူရှင်းက သူ၏ ကစားကွက်ကို ဖြိုဖျက်နိုင်မည် မဟုတ်သည်မှာ သေချာသည်။
ဝမ်ရှင်းက ဘာမှ မပြောရာ ရီဖူရှင်းကလည်း သူ့စိတ်ရှိသည့်နေရာကို အရုပ်ချသည်။ သို့သော်လည်း သူ့အပေါ် တဖြည်းဖြည်း ဆင်းသက်လာသော ဖိအားများကို စတင် ခံစားလာရသည်။ ထိုဖိအားက စစ်တုရင်ခုံမှ လာခြင်းဖြစ်ကာ တစ်ဖက် ကစားကွက်က အင်အားများ စတင် စုစည်းလာသည်ကို ခံစားနေရသည်။ တစ်ဖက်လူက တစ်ကွက် ရွှေ့လိုက်တိုင်း အင်အားက ပိုမို ကြီးမားလာသည်။
ရီဖူရှင်းက လွတ်လပ်ခြင်း ကျင့်စဉ်ကို အသက်သွင်းလိုက်ကာ ကစားကွက်ကို ကြည့်သည်။ သူကား ကစားပွဲကို ကစားနေသည်နှင့် မတူတော့ဘဲ ကစားကွက်ထဲတွင် ပိတ်လှောင်ခံထားရသလို ခံစားရသည်။ လောကဓာတ်များက သူ့အား ချုပ်နှောင်ကြသည်။ ထိုအရာက ကောင်းကင်မှ ဆင်းသက်လာသော အရာဖြစ်ကာ သူ့ခန္ဓာကိုယ်ကို တိုက်ရိုက် သက်ရောက်သည်။ ထိုသို့သော ဖိအားအောက်တွင် ကစားသမားက စိတ်စွမ်းအားကိုလည်း မှန်ကန်စွာ အသုံးချရသလို ကစားပွဲကိုလည်း ကောင်းကောင်း အာရုံစိုက်ရရာ အမှန်ပင် ခက်ခဲသော အလုပ်ဖြစ်ပေသည်။
ရီဖူရှင်းက ကစားပွဲထဲမှ ထူးဆန်းသော ခံစားချက်ကို စတင် နှစ်ခြိုက် သဘောကျ လာတော့သည်။ သည်အရာ စစ်တုရင် ကစားကွက်တဲ့လား…။ သည်ခံစားချက်က သူ့အတွက် အသစ်အဆန်း ဖြစ်နေသည်။
သူက ဝမ်ရှင်း၏ လမ်းညွှန်မှုကို မစောင့်ဆိုင်းတော့ဘဲ လက်ဝှေ့ယမ်းကာ ကြယ်တာရာ လောကဓာတ်ဖြင့် နောက်ထပ် အရုပ်တစ်ခုအား ချလိုက်သည်။ သူက ဝမ်ရှင်း၏ ညွှန်ကြားချက်ဖြင့် မဟုတ်တော့ဘဲ မိမိကိုယ်ပိုင် ကစားကွက်ကို စတင် တည်ဆောက်သည်။ လွတ်လပ်ခြင်း ကျင့်စဉ်ဖြင့် သူကား တစ်ဖက်လူ၏ အင်အား အထောက်အပံ့လာရာ လမ်းကြောင်းများကို မြင်နိုင်စွမ်းရှိကာ ထိုအရာများအား စတင် ဖြတ်တောက်ရန် ကြိုးစားသည်။ ဤတွင် တစ်ဖက်လူက ခိုင်မာသော ဝင်္ကပါကို တည်ဆောက်ပြီး ရီဖူရှင်းက တစ်ဖက်လူ၏ ဝင်္ကပါကို စတင် တိုက်ခိုက်ဖျက်ဆီးသော တိုက်ပွဲတစ်ခု ဖြစ်လာသည်။ ရီဖူရှင်းကား အမှန်ပင် စစ်တုရင်ကစားပွဲ တစ်ခုကို ကစားနေသည်။
“ခုနစ်ရဲ့ နံပါတ်ငါး အကွက်ကို ထည့်…” ဝမ်ရှင်းက ပြောသည်တွင် ရီဖူရှင်း၏ စိတ်လှုပ်ရှားမှုများ အားလုံး ရပ်တန့်သွားသည်။ သူက တိတ်တခိုး ဆဲရေးလိုက်ကာ ပြောသည့်အတိုင်း ခုနစ်၏နံပါတ်ငါး အကွက်တွင် ထည့်လိုက်သည်။
ထိုနေရာတွင် ထည့်လိုက်ခြင်းကပင် အဘိုအို၏ အပြောင်းအလဲ ဟန်ချက်များ အားလုံးကို ပျက်ယွင်း သွားစေခဲ့သည်။ အဘိုးအို၏မျက်လုံးတွင် အရောင်တစ်ချက် လက်သွားကာ သူက နောက်ထပ် အရုပ်တစ်ခုကို ထည့်ပြီး ဝင်္ကပါကို ပြန်လည် ဖာထေးသည်။
“ခြောက်ရဲ့နံပါတ်ရှစ်…” ဝမ်ရှင်းက ထပ်ပြောသည်တွင် ရီဖူရှင်းက အရုပ်များကို ထပ်ထည့်သည်။ ဝမ်ရှင်းနေရာ ချထားခြင်းက သူ့ထက် ပိုမို၍ တိကျသေချာသည်ကို ရီဖူရှင်းက ခံစားရသည်။
“ခြောက်ရဲ့ နံပါတ်လေး…”
“ကိုးရဲ့နံပါတ်ခုနစ်…”
ရီဖူရှင်း၏နားထဲကို တစ်သံပြီးတစ်သံ ဝင်လာသည်။ အဘိုးအိုက မျက်မှောင်ကြုတ်ကာ အလွန်အမင်း လေးနက်သော အမူအရာ ဖြစ်လာသည်။ မည်သို့သော ညစ်ပတ်ကာ ရက်စက်သော ကစားနည်းလဲ။ တစ်ဖက်လူ၏ ကစားဟန်တွင် မည်သည့်နည်းစနစ်မျှ မတွေ့ရဘဲ အင်အား စုစည်းခြင်းမျိုးလည်း မရှိပေ။ ပိုဆိုးသည်ကား တစ်ဖက်လူ၏ နယ်ရုပ်များက တကွဲတပြားဖြင့် အကွက်ဟူ၍ မည်မည်ရရ မရှိခြင်းပင်။ သို့သော်လည်း ထိုသို့သော ကစားဟန်ကပင် သူ့ကစားကွက်ကို ကောင်းကောင်း ဒုက္ခပေးနိုင်ပေသည်။
နယ်ရုပ်တစ်ခုစီက ထိုသို့နည်းဖြင့် နေရာချထားနေရာ အဘိုးအိုက လွန်စွာ သဘောမကျ ဖြစ်လာသော်လည်း သူက ကစားပွဲကို ဆက်လက် ကစားသည်။ ဤသို့သော ဖရိုဖရဲ ကစားဟန်က သူ့ကစားကွက်ကို ဖျက်ဆီးနိုင်မည်ဟုလည်း သူမယုံကြည်ပေ။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာပြီး စစ်တုရင်ခုံတွင်လည်း နယ်ရုပ်များဖြင့် ပြည့်နှက်လာခဲ့သည်။ လောကဓာတ်များက ပတ်ဝန်းကျင်သို့ အားကောင်းစွာ စိမ့်ထွက် လာနေကြသည်။ လူအများအပြားက ကစားပွဲကို ရယ်ရွှင်ဖွယ်ရာ အမူအရာဖြင့် ကြည့်နေကြသည်။
ဤသို့သော အရှက်မရှိသော ကစားဟန်လည်း အမှန်တကယ် ရှိသေးသလော။ အားလုံးက ဖရိုဖရဲဆန်လှသည်။ သို့သော် ထိုဖရိုဖရဲ ကစားကွက်က အမှန်တကယ်လည်း အလုပ်ဖြစ်ပေသည်။
ရွှေဖားဖိုကြီးက နေရာယူကာ ကစားပွဲကို ထိန်းချုပ်ရန် ကြိုးစားပြီး ကစားပွဲတစ်ခုလုံး၏ စွမ်းအားများကို ဖိနှိပ်လာသည်။ သို့သော်လည်း ဖရိုဖရဲဖြစ်နေသော နယ်ရုပ်တိုင်းက ကိုယ်စီကြီးမားသော စွမ်းအားများကို ပိုင်ဆိုင်ကြကာ ရွှေဖားဖိုကြီးက ဘာမှ တတ်နိုင်စွမ်း မရှိပေ။
စစ်တုရင်ခုံပေါ်တွင် နယ်ရုပ်များ များပြားလာခဲ့ပြီ။ အဘိုးအိုက လက်ဝှေ့ယမ်းကာ လောကဓာတ်ပါဝင်သော နယ်ရုပ်တစ်ခုအား နေရာချရန် ကြံလိုက်သော်လည်း တွန့်ဆုတ်နေသော အမူအရာကိုလည်း မြင်ကြရသည်။ သူက အလွန်အမင်း စိတ်ပျက်နေဟန်ရကာ သူက မည်သို့ပင် ကစားကွက်ကို တည်ဆောက်ရန် ကြိုးစားသော်လည်း ဝင်္ကပါကို ကောင်းကောင်း တည်၍မရဘဲဖြစ်နေသည်။
“ဒါကို ဆက်မကစား နိုင်တော့ဘူး…” အဘိုးအိုက စစ်တုရင်နယ်ရုပ်အား ဘုန်းခနဲ ရိုက်လိုက်သည်တွင် ကစားပွဲလည်း ပျက်စီး သွားတော့သည်။
ရီဖူရှင်းက နားမလည်ခြင်း များစွာဖြင့် ဝမ်ရှင်းကို ကြည့်သည်။ သည်အဘိုးကြီးကား အမှန်ပင် တစ်ခုခုဖြစ်သည်။ သူက ဖြစ်နိုင်ဖွယ် ပြောင်းလဲမှုများကို အမှန်ပင် တွက်ချက်နိုင်ခဲ့ကာ ကစားပွဲကို ဆက်၍ မရအောင် ပြုလုပ်ခဲ့သည်။
စစ်တုရင် တောင်ထိပ်မှ လူများအားလုံးက ရီဖူရှင်းကို ကြည့်ကြသည်။ သူက အမှန်တကယ် လုပ်လိုက်သည်လား။
လူအများအပြားက စစ်တုရင် ပညာတွင် ဗဟုသုတ ကြွယ်ဝကြကာ အမှန်တကယ် အရည်အချင်း မြင့်သူများသာလျှင် စစ်တုရင် တောင်ကြားကို ရောက်လာကြခြင်းလည်း ဖြစ်သည်။ သူတို့အားလုံးက ဤသို့ အရုပ်ဆိုးသော ကစားနည်းကို မြင်တွေ့ဖူးကြခြင်း ဖြစ်သည်။ သို့သော်လည်း အမှန်တကယ်လည်း ထိုကစားနည်းက စိတ်ဝင်စားဖွယ် ကောင်းနေပြန်သည်။ တစ်ဖက်လူ၏ ဖြစ်နိုင်ဖွယ် ရွှေ့ကွက်များကို ကြိုတင်ခန့်မှန်းကာ ပိတ်ဆို့ ဖြတ်တောက်ခြင်းက ထိုလူ၏ အတွက်အချက်စွမ်းရည် မည်မျှ အားကောင်းသည်ကို သိနိုင်သည်။
ရီဖူရှင်းက သူ၏မူလနေရာကို ပြန်သွားသည်တွင် ဝမ်ရှင်းက ပြုံးနေသည်ကို မြင်ရသည်။ ကျင့်ကုန်းစီက ရီဖူရှင်းကစားခဲ့ခြင်း မဟုတ်ကြောင်း သိသည်။ ရီဖူရှင်းက ဝမ်ရှင်း၏ လမ်းညွှန်မှုကို လိုက်နာခဲ့ခြင်းသာ ဖြစ်သည်။ ထိုလူက ကစားပွဲ၏ အပြောင်းအလဲများကို တွက်ချက်လိုခဲ့ကာ ကျင့်ကုန်းစီက ဟာသတစ်ခုအဖြစ် ထင်မှတ်ခဲ့ပြီး ထိုလူကလည်း အမှန်တကယ် တွက်ချက်ပြခဲ့သည်။
“ဒါဆို အောင်မြင်တယ်လို့ ပြောလို့ရလား…” ရီဖူရှင်းက ကျင့်ကုန်းစီအား မေးသည်။
ကျင့်ကုန်းစီက ရီဖူရှင်းအားကြည့်ကာ ပြောစရာ စကားမဲ့ဟန်ဖြင့် ခေါင်းညိတ်သည်။
“ကောင်းပြီ… ဒုတိယပွဲကို ဆက်ကစားရအောင်…” ရီဖူရှင်းက တက်ကြွစွာ ပြောသည်။ သူက ဒုတိယစစ်တုရင်ခုံပေါ်ကို တက်သွားသည်တွင် မျက်လုံးပေါင်းများစွာက သူ့ထံကို ရောက်လာသည်။
ပထမ ကစားပွဲကဲ့သို့ပင် ရီဖူရှင်းက သူ့စိတ်ထင်ရာ နယ်ရုပ်များကို နေရာချသည်။ သူ့တွင် မည်သည့်ကစားကွက်မှ မရှိဘဲ တစ်ဖက်လူ၏ ကစားကွက်ကို အင်အားများ စုစည်းခြင်း ဝင်္ကပါ တည်ဆောက်ခြင်း များအား တည်မရအောင် နှောင့်ယှက် ဖျက်ဆီးရန်သာ အားထုတ်ရာ နယ်ရုပ်များက ဖရိုဖရဲဖြစ်နေကာ ထိုနည်းကလည်း အမှန်ပင် အလုပ်ဖြစ်နေသည်။ ဒုတိယကစားပွဲမှ အဘိုးအိုကလည်း အလွန်အမင်း ဒေါသထွက်ဟန်ဖြင့် ပြောသည်… “ငါက ဒီလိုအရုပ်ဆိုးတဲ့ကစားကွက်နဲ့ ဘယ်တုန်းကမှ မကစားဖူးဘူး…”
တတိယပွဲနှင့် စတုတ္ထပွဲတို့က နောက်မှ လိုက်ပါလာသည်။ ရီဖူရှင်းက ခြောက်ပွဲဆက်တိုက် အနိုင်ယူခဲ့ကာ ခက်ခဲမှုကလည်း ပိုမိုလာခဲ့သည်။ ဝမ်ရှင်းအတွက်ပင် ကစားကွက်ကို ခန့်မှန်း တွက်ချက်ရခြင်းက အလွန်အမင်း ခက်ခဲလာခဲ့၏။ နောက်ဆုံး သတ္တမပွဲတွင် ရီဖူရှင်းက ရှုံးနိမ့်ခဲ့တော့သည်။ သို့သော်လည်း ခြောက်ပွဲဆက်တိုက် အနိုင်ရခဲ့ခြင်းက သူတို့အုပ်စုအား လူအများက စိတ်ဝင်စားစေခဲ့သည်။
ခုနစ်ပွဲခန့် စစ်တုရင် ကစားပြီးနောက် ရီဖူရှင်းက အမှန်ပင် စစ်တုရင် ကစားခြင်းတွင် ခုံမင် နှစ်သက်လာခဲ့ကာ စစ်တုရင်ကစားခြင်းက စိတ်ဝင်စားဖွယ် အလွန်ကောင်းသည်ဟု သူတွေးလာခဲ့သည်။
“အပြောင်းအလဲတွေ အများကြီးကို တွက်ချက်ခဲ့တာလား…” ရီဖူရှင်းက ဝမ်ရှင်းကို မေးသည်။
“ကြည့်ရတာ ငါက စစ်တုရင်ကစားတာကို လျှော့တွက်မိတာပဲ… ဒီသေးငယ်တဲ့ စစ်တုရင်ခုံမှာ ဒီလောက် အပြောင်းအလဲ များမယ်လို့ ငါမထင်ထားဘူး… ဒါက မဟာလမ်းစဉ် တစ်ခုလိုပဲ… ကစားဟန်တိုင်းမှာ အားသာချက် အားနည်းချက်တွေ ရှိပြီး သူ့နောက်ကွယ်က အင်အားတွေကလည်း ကွဲပြားခြားနားတယ်…” ဝမ်ရှင်းက အမှန်ပင် အထင်ကြီးဟန်ဖြင့် ပြောသည်။
သို့တိုင်အောင် စစ်တုရင် ကစားခြင်းကို နားလည်ခြင်းမရှိဘဲ ရီဖူရှင်းအား ခြောက်ပွဲအနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခြင်းက သူ၏အတွက်အချက် မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သိသာစေသည်။
သည်ကစားကွက်များကား သာမန်များ မဟုတ်ပေ။ စစ်တုရင် ခုံတစ်ခုစီအား စစ်တုရင်ရှန့်ထိုက ပြုလုပ်ထားခြင်းဖြစ်ကာ အလွန်အမင်း ခက်ခဲပေသည်။
“ကစားကွက်တွေက စိတ်ဝင်စားဖို့ ကောင်းတယ်… ငါက စစ်တုရင်ကို နှစ်သက်လာပြီ…” ရီဖူရှင်က ကျင့်ကုန်းစီဘက်ကို လှည့်ကာ မေးသည်… “ဒါဆို ကစားပွဲကိုးခုလုံးကို အောင်မြင်မှ စစ်တုရင် ရှန့်ထိုရဲ့အမွေကို လက်ခံနိုင်မှာပေါ့…”
ကျင့်ကုန်းစီက ပြုံးလျက်ပြောသည်… “မဟုတ်ဘူး… ကစားပွဲ ကိုးပွဲနိုင်ပြီးရင် ပိုပြီး ခက်ခဲတဲ့ကစားကွက် တစ်ခုကို အောင်မြင်အောင် ကျော်ဖြတ်ဖို့ လိုသေးတယ်… ဒါမှ ကစားပွဲအားလုံးကို ကျော်ဖြတ်နိုင်တယ်လို့ သတ်မှတ်တယ်…”
ရီဖူရှင်းနှင့်ဝမ်ရှင်းက အချင်းချင်း ကြည့်လိုက်ကြသည်။ ဝမ်ရှင်းက သူ့အား ခြောက်ပွဲဆက်တိုက် အနိုင်ရရှိစေခဲ့ကာ နောက်ပိုင်းပွဲများက ပိုမို၍ ခက်ခဲလာခဲ့သည်။ ထို့အပြင် နောက်ဆုံးတစ်ပွဲကလည်း အလွန်အမင်း ခက်ခဲမည့်ပုံစံ ရှိသည်။
“ဘယ်လိုဖြစ်ဖြစ် ဒါကို စိတ်ပူနေစရာ မလိုဘူး… ဟန်ကျင့်က စစ်တုရင်နဲ့ ဝင်္ကပါပညာမှာ ထူးချွန်တယ်… သူ့ရဲ့အတွက်အချက် စွမ်းရည်ကလည်း မြင့်တယ်… ဒါတောင်မှ သူက သတ္တမ ကစားကွက်ကိုပဲ အောင်မြင်နိုင်တယ်… ကစားကွက် ကိုးခုလုံးကို အောင်မြင်မယ် ဆိုတာက တစ်ရက်နှစ်ရက်တည်းနဲ့ လုပ်လို့ရတာ မဟုတ်ဘူး… ကျင့်ကုန်းစီက ပြုံးလျက် ပြောသည်။
သူ၏ဆရာစီမံထားသော ကစားကွက်များက ထိုမျှ မရိုးရှင်းပေ။
“ကောင်းပြီ… ဒါဆိုလည်း တောင်အောက်ကို ဆင်းရအောင်…” ရီဖူရှင်းက ယွီကျင့်အိမ်တော်ကို သွားရောက် အနားယူရန် စဉ်းစားကာ ပြောသည်။
“ကောင်းပြီ…” ကျင့်ကုန်းစီက ခေါင်းညိတ်သည်။ သူက ဝမ်ရှင်းဘက်ကို လှည့်ကာ ပြောသည်… “အဘကသာ စစ်တုရင် ကစားနည်းကို လေ့လာသင်ယူရင် သေချာပေါက် ကစားပွဲကိုးခုလုံးကို အောင်မြင်မှာပဲ…”
“ငါစိတ်ဝင်စားတာက တခြားမှာ ရှိနေတယ်…” ဝမ်ရှင်းက ခေါင်းယမ်းသည်။
စစ်တုရင် ကစားခြင်းကား စစ်တုရင်ခုံအတွင်းမှ ပြောင်းလဲမှုများကို တွက်ချက်ခြင်းသာ ဖြစ်သည်။ နက္ခတ်ဗေဒကား ကောင်းကင်နှင့်မြေပြင်မှ အပြောင်းအလဲများကို တွက်ချက်ကာ လောကကြီးတွင် ဖြစ်ပျက်မည့် အကြောင်းအရာများအား ကြိုတင်ခန့်မှန်းခြင်း ဖြစ်သည်။
သူတို့က တောင်ခြေရှိ ယွီကျင့်အိမ်တော်ကို ဆင်းလာပြီးနောက် အဘိုးအိုတစ်ယောက်နှင့် တွေ့ကြရသည်။ အဘိုးအိုကား သာမန်လူ တစ်ယောက်ကဲ့သို့ ထင်မှတ်ရကာ ရင်းနှီးဖော်ရွေစွာဖြင့် ရီဖူရှင်းတို့ကို ကြည့်ကာ ပြောသည်…” ညီကိုး… မင်းက လူအချို့ကို ဖိတ်ခေါ်လာတယ် ကြားတယ်… ဒီမိတ်ဆွေတွေက မင်းဖိတ်ခေါ်လာတာလား…”
“ဟုတ်တယ်…” ကျင့်ကုန်းစီက ခေါင်းညိတ်လျက် ပြောသည်… “ဒါက ကျုပ်ရဲ့ အစ်ကို၂ပဲ… သူ့ကို လူတွေက ဆရာအားလို့ ခေါ်ကြတယ်…”
ရီဖူရှင်းက အရောင်အဝါများ ကင်းမဲ့သော အဘိုးအိုအား ကြည့်သည်။ သို့သော်လည်း စစ်တုရင်ရှန့်ထို၏ ဒုတိယတပည့်ဖြစ်သော လီခိုင်ရှင်းကား အလွန်အမင်း အားကောင်းသော ရှီတန်ခိုးရှင် တစ်ယောက်ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။
ရီဖူရှင်းက ဦးညွှတ်ကာ နှုတ်ဆက်သည်…”ဆရာအားနဲ့ တွေ့ရတာ ဝမ်းသာပါတယ်…”
“ဒီကို ရောက်လာသူတိုင်းက ကျုပ်တို့ ဧည့်သည်တွေပါပဲ… မင်းတို့အားလုံးက ယွီကျင့်အိမ်တော်ကို ကိုယ့်အိမ်လို သဘောထားကြပါ..” လီခိုင်ရှင်းက ပြုံးလျက်ပြောကာ ထွက်သွားသည်။
“ဆရာအားက တခြားလူတွေအားလုံးနဲ့ အဆင်ပြေပြေ ပေါင်းသင်းနိုင်တဲ့ ထူးခြားတဲ့ လူတစ်ယောက်ပဲ…” ရီဖူရှင်းက ကျင့်ကုန်းစီကို ပြောသည်။ ရီဖူရှင်း ရထားသော သတင်းများအရ စစ်တုရင်ရှန့်ထို၏ ဒုတိယတပည့် လီခိုင်ရှင်းကား လူကောင်းတစ်ယောက် ဖြစ်သည်။
“ဟုတ်တယ်… အစ်ကို၂က ကြင်နာတတ်ပြီး စိတ်ကောင်း နှလုံးကောင်းရှိတယ်… သူ့မှာ မိတ်ဆွေတွေ အများကြီး ရှိပြီးတော့ လျူကျောင်းကလည်း အစ်ကို၂ရဲ့ ဖိတ်ခေါ်မှုကြောင့် ဒီကို ရောက်လာတယ်… ငါတို့ ပြောနေချိန်မှာ သူက ဒီကို လာနေလောက်ပြီ…” ကျင့်ကုန်းစီက ပြုံးလျက်ပြောသည်။
“လျူကျောင်း…” ရီဖူရှင်းက သံယောင်လိုက်သည်။
“မင်းက လျူကျောင်းကို တကယ် မသိဘူးလား…” ကျင့်ကုန်းစီက ရီဖူရှင်းကို ရယ်ရွှင်ဖွယ်ရာ အမူအရာဖြင့် ပြောသည်။ လျူကျောင်းအား အရှေ့ဘက် ပြည်နယ်တစ်ခုလုံးတွင် နာမည် ကျော်ကြားပေသည်။
သည်လူများက မည်သည့်နေရာက လာကြသနည်း။
“ဘယ်သူလဲ…” ရီဖူရှင်းကလည်း ပြုံးလျက်မေးသည်။
ကျင့်ကုန်းစီက နားမလည်ဟန်ဖြင့် ပြန်ဖြေသည်… “ကစားပွဲကိုးပွဲလုံးကို ကျော်ဖြတ်နိုင်စွမ်းရှိသူ…”
ရီဖူရှင်းက ထပ်မံ၍ မမေးတော့ပေ။ သူက နောက်ရက် အနည်းငယ်တွင်ပင် ယွီကျင့်အိမ်တော်မှ လူတိုင်းက သူနှင့်ပတ်သက်၍ ပြောဆိုနေကြရာ လျူကျောင်းနဲ့ ပတ်သက်၍ သိလာရသည်။ ထိုအထဲတွင် ကျောက်စီရှောင်နှင့် ပတ်သက်၍လည်း လူပြောများကြသည်။
ကျောက်စီရှောင်က ယွီကျင့်အိမ်တော်ကို ရောက်လာသောအခါ စစ်တုရင်ရှန့်ထို၏ အကြီးဆုံးတပည့် ဖြစ်သော ရန်ရှောင်ကိုယ်တိုင်က သွားရောက် ကြိုဆိုခဲ့သည်။ ယွီကျင့်အိမ်တော်တွင် နာမည်ကျော်များ ပိုမို၍ ရောက်ရှိလာခဲ့ရာ အလွန် စည်ကားလာခဲ့သည်။
ရီဖူရှင်းမူကား ယွီကျင့်အိမ်တော်တွင် အေးအေးလူလူ နားနေသည်။ သူကား အမြဲတမ်းအားဖြင့် စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် အချိန်ဖြုန်း နေတတ်သည်။ ယခု သူက စစ်တုရင်ရုပ်ပုံများ ပြထားသော စာအုပ်တစ်အုပ်ကို ဖိတ်နေ၏။
***