အခန်း (၂၁)

ခေါင်းပြောင်သွားသလို အစွမ်းလည်း ထက်လာတယ်

အပိုင်း (၂၁) ခေါင်းပြောင်သွားသလို အစွမ်းလည်း ထက်လာတယ်

ချယ်လန်း ဝတ်ကျောင်းတော်ကြီးမှာ တိတ်ဆိတ် ငြိမ်သက်နေလေသည်။ အထဲတွင် မည်သူမျှရှိ သည့်ပုံ မပေါ်ပေ။ ဗုဒ္ဓဘုရားသို့ ဝတ်ပြု ပရိတ်ရွတ်သည့် အသံများလည်း မကြားရ၊ သစ်သားငါးရုပ် တုံးခေါက် သံကိုလည်း မကြားရပေ။

အစိမ်းရောင်ဝတ် လူက ဆန်းလျန်ကို ခေါ်ပြီး ဝတ်ကျောင်းတော်ကြီး တံခါးဝမှ ဝင်သွားလေ သည်။ သူတို့ ဝတ်ကျောင်းတော် ခန်းမကျယ်ကြီး တစ်ခုဆီသို့ ရောက်လာလေသည်။

ခန်းမထဲတွင် ချယ်လန်း ဆယ့်ရှစ်ပါး ရုပ်တုများကို တစ်ဖက် တစ်ချက်စီတွင် တန်းစီ ထားလေ သည်။ မေယင်း၊ ဖန်းယင်း၊ ထျန်းကူး၊ ထန်းမြောင်၊ ထန်းမေ၊ မော့မြောင်၊ လေ့ယင်း၊ စစ်ကျီး၊ မြောင်ထန်း၊ ဖန်းရှန်း၊ ရန်ယင်း၊ ဖော်နု၊ စုန့်သယ်၊ ကွမ်းမု၊ မြောင်ယန်၊ ချယ်ထင်း၊ ချယ်ရှစ်နှင့် ပြန့်ရှစ် နတ်ဘုရား ရုပ်တုများ ဖြစ်လေသည်။

ချယ်လန်း ဝတ်ကျောင်းတော်မှာ ငြိမ်သက်အေးချမ်းသော နေရာတစ်ခု ဖြစ်လေသည်။ လူတစ်ယောက်သည် ကံသုံးပါး ကျူးလွန်ထားမှုမှ လွတ်မြောက်လိုလျှင်၊ အာရုံခြောက်ပါးကို သန့်စင်လို လျှင်၊ သဘာဝအတိုင်း ငြိမ်သက်စွာ နေလိုလျှင် သို့မဟုတ် ငြိမ်းချမ်းမှုကို ရှာဖွေလိုလျှင် ချယ်လန်း ဝတ်ကျောင်းတော်တွင် တရားထိုင် ကျင့်ကြံနိုင်လေသည်။

ဗုဒ္ဓ၏ သွန်သင် ဆုံးမမှုများကို တာအိုဝါဒနှင့် ပေါင်းစပ်ထားသည့် ကျင့်စဉ် ဖြစ်လေသည်။

ခန်းမကြီးထဲတွင် လူတစ်ယောက် ရှိနေလေသည်။ ထိုသူမှာ လက်ထဲတွင် သစ်သားငါးရုပ် တုံးလေးကို ကိုင်ထားသည်။ သစ်သားငါးရုပ် တုံးလေးမှာ မီးခိုးရောင် သန်းသည့် ငွေရောင်ရှိပြီး ငါးတစ် ကောင်၏ အရွယ်အစား ရှိလေသည်။ ငါးရုပ်ပုံကို ပန်းပု ထုထားသည်မှာ အသက်ဝင်ပြီး သဘာဝ ကျလွန်း လှလေသည်။

ထိုသူမှာ အသက်သုံးဆယ်ခန့် အရွယ်ဟု ထင်ရလေသည်။ တစ်ချိန်တည်းမှာပင် အသက် နှစ်ဆယ်ခန့် ဟူ၍လည်း ထင်နေရ ပြန်သည်။ သူ့မျက်နှာတွင် မုတ်ဆိတ်မွေး ပါးသိုင်းမွေးများနှင့် အစက် အပျောက်များ မရှိ။ သူ၏ မျက်ခုံးများမှာ ပိုးစာကောင်ကဲ့သို့ ကွေးညွတ် နေကြပြီး အသက်ဓာတ်နှင့် ပြည့်ဝကာ သက်ဝင်လှုပ်ရှား နေသကဲ့သို့ပင်။

သို့သော် ထိုသူ၏ မျက်ခုံးများမှာ တကယ်တမ်း မျက်စိကို ဖမ်းစားနိုင်သည့် အစိတ်အပိုင်းတော့ မဟုတ်ခဲ့ပါ။ သတိမပြုဘဲ မနေနိုင်အောင် ဖမ်းစား နိုင်လွန်းသည့် အစိတ်အပိုင်းမှာ ထိုသူ၏ ဦးခေါင်း ဖြစ်လေသည်။  ထိုသူ၏ ဦးခေါင်းတွင် ဆံပင် တစ်ပင်မျှ မရှိပေ။

ပုံမှန်အားဖြင့် ဘုန်းတော်ကြီးများ ပင်လျှင် ဦးခေါင်းထက်တွင် ပြန်ပေါက်နေသည့် ဆံပင် ငုတ်တို လေးများ ရှိနေကြသေးသည်။

ထိုသူ၏ ဦးခေါင်းကတော့ ချောမွတ်ပြီး ပြောင်ရှင်း နေလေသည်။ ကြည့်ရသည်မှာ ဆံပင် လုံးဝ မပေါက်တော့သည့် ပုံမျိုးဖြစ်လေသည်။ ဆံပင်မွေးနှင့် တူသည့် အရာဟူ၍ တစ်မွေးတစ်မှင်မျှ ရှိမနေ ပေ။

ထိုသူ၏ ဦးခေါင်းမှာ အလွန် ပြောင်လက်နေပြီး အနာအဆာ လုံးဝ မရှိသည်ကို ဆန်းလျန် သတိ ပြုမိ လေသည်။

ထိုသူမှာ အစိမ်းရောင်ဝတ် လူပြောသည့် လင်ချုန်းရှောင်ပင် ဖြစ်ရမည်ဟု ဆန်းလျန် တွေးလိုက် မိသည်။ အမှန်ပင် ထူးခြားသည့် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လေသည်။

“လင်ချုန်းရှောင်ရာ … လင်ချုန်းရှောင် မင်းတော့ ခေါင်းတုံးပြောင်ကြီး ဖြစ်နေပါပေါ့လား”

အစိမ်းရောင်ဝတ် လူက သူမြင်တွေ့လိုက်သည့် မြင်ကွင်းကြောင့် အံ့သြတကြီးနှင့် ပြောလိုက် ပြီးနောက် ရယ်မော လိုက်လေတော့သည်။

“ငါက ခေါင်းပြောင်သွားသလို အစွမ်းလည်းထက်လာတယ်လေ”

လင်ချုန်းရှောင်က စိတ်မဆိုးသည့်အပြင် ပုံမှန် လေသံဖြင့် ပြန်ပြော လိုက်လေသည်။

အစိမ်းရောင်ဝတ် လူက ဆန်းလျန်ကို ရုတ်တရက် တွန်းထုတ် လိုက်လေသည်။ ထို့ကြောင့် ဆန်းလျန်မှာ အခန်းထောင့် တစ်နေရာသို့ လွင့်စင် ထွက်သွားပြီး အဝေးဆုံးတွင် ရှိသည့် ချယ်လန်း နတ် ရုပ်တု တစ်ဆူအောက်သို့ ကျရောက် သွားရလေသည်။

ဆန်းလျန်၏ ခါးမှာ နတ်ရုပ်တုနှင့် ရိုက်မိ သွားသည့်အတွက် မလှုပ်နိုင်တော့ပေ။ သို့သော် သူ ရောက်ရှိနေသည့် အနေအထားမှာ ခန်းမတစ်ခုလုံးကို ကောင်းစွာ မြင်ရသည့် အနေအထား ဖြစ်နေလေ သည်။

“မင်းက အထွတ်အထိပ် ဆုံမှတ်ကို ပွင့်အောင် လေ့ကျင့် လိုက်နိုင်ပြီပဲ။ တာအိုကျင့်စဉ်အရ ပြောရရင် “ကျားဖြူကို ယဉ်ပါးအောင် လုပ်တဲ့အဆင့်” လို့ ခေါ်တာပေါ့။ ဒါဘာများ အထင်ကြီးစရာ ရှိလို့ လဲ”

အစိမ်းရောင်ဝတ် လူက ဟက်ခနဲ တစ်ချက် ရယ်မောရင်း ပြောလိုက်လေသည်။

ဆံပင်များမှာ အတွင်းအား၏ ထိပ်ဖျားပိုင်းများ ဖြစ်လေသည်။ တာအိုကျင့်စဉ်တွင် “ကျားဖြူကို ယဉ်ပါးအောင် လုပ်သည့်အဆင့်” ကို ကျင့်ပြီးသွားလျှင် ဆံပင်များ အကုန် ကျွတ်ကုန်လေသည်။ မွေးညင်းပေါက်များ ပိတ်သွားပြီး အိုမင်း ရင့်ရော်ခြင်းမှာလည်း နှေးကွေး သွားလေသည်။ အသက်တစ်ရာ၊ တစ်ရာ့လေးဆယ်၊ တစ်ရာ့ငါးဆယ် ရှိသည့်တိုင် လူငယ်လေး တစ်ယောက်ပမာ နုပျို နေမည် ဖြစ်ပေလိမ့်မည်။

ယောက်ျားလေး တစ်ယောက် ထိုအဆင့်သို့ ရောက်ရှိသွားပြီ ဆိုလျှင် “ကျားဖြူကို ယဉ်ပါးအောင် လုပ်သည့်အဆင့်” ဟုခေါ်ပြီး မိန်းကလေးများ ထိုအဆင့်သို့ ရောက်အောင် လေ့ကျင့်လျှင်တော့ “နဂါးနီကို သတ်ဖြတ်သည့် အဆင့်” ဟု ခေါ်ကြလေသည်။

လူတစ်ယောက် ထိုအဆင့်သို့ ရောက်ရှိသွားလျှင် အလွန် စွမ်းအားကြီးသည့် အဆင့်သို့ ရောက်ရှိခြင်း မဟုတ်သည့်တိုင် သာမာန် လူတစ်ယောက်နှင့်တော့ မတူတော့ပေ။ ဤအဆင့်မှာ တာအိုကျင့်စဉ် အခြေခံအုတ်မြစ်၏ ပထမအဆင့်သို့ တက်လှမ်းသည့် အဆင့်ပင် ဖြစ်လေသည်။ “အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်” ဟူ၍လည်း ပြောကြသည်။

ထို့ပြင် “အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်” မှာ အခြားသော ကွန်ဖူးပညာ အဆင့်များ နှင့်လည်း တူညီလေသည်။ ရာနှင့် ထောင်နှင့်ချီသော ကျင့်ကြံသူများတွင် ဤအဆင့်သို့ ရောက်ရှိသူမှာ တစ်ယောက် ရှိနိုင်ရန်ပင် ခဲယဉ်း လှလေသည်။ ဤအဆင့်ထိ လေ့လာနိုင်ရန်အတွက် မိုးကောင်းကင်နှင့် အထုံပါရမီ ရှိမှ ရရှိနိုင်မည် ဖြစ်လေသည်။

လင်ချုန်းရှောင်နှင့် အစိမ်းရောင်ဝတ်လူ သိုင်းပညာ သင်ယူခဲ့သည့်ဂိုဏ်းမှာ ကျန်းဟူမှ သိုင်းဂိုဏ်း တစ်ဂိုဏ်း ဖြစ်လေသည်။ တာအိုဝါဒကို အခြေခံခဲ့သော်လည်း မိုးကောင်းကင်နှင့် ပတ်သက်သည့် ဝါဒ၏ အစိတ်အပိုင်းတော့ မဟုတ်ပေ။ ထို့ကြောင့် သူ၏ အောင်မြင်မှုမှာ ဖခင်က ရွာသူကြီးဖြစ်သည့်အတွက် သားက အုပ်ချုပ်ရေးပိုင်းတွင် ရာထူး အလိုလို ရသွားသည့် သဘောနှင့် ခပ်ဆင်ဆင် တူနေလေသည်။  နဂါး တိုင်းပြည်မှ ငါးကြင်းတစ်ကောင် ခုန်ထွက် လာသကဲ့သို့ပင် ဖြစ်လေသည်။

“ငါ့ကိုယ်ငါ ဘာလို့ အထင်ကြီးနေရမှာလဲ။ ဆရာက ငါ့ကို “ထိုက်ဝေ့”ကို ပေးတုန်းက ပြောခဲ့တဲ့ စကားကို မင်း မှတ်မိသေးလား။ငါဟာ တာအိုကျင့်စဉ်ကို လေ့ကျင့်နေတဲ့ သူဆိုတာ အမြဲ အမှတ်ရနေ အောင် ထိုက်ဝေ့ကို သွားလေရာတိုင်းကို ယူသွားပါတဲ့။ ငါးတွေက ညဘက်မှာတောင် မျက်လုံး မှိတ်လေ့ မရှိဘူး။ကျင့်ကြံသူတွေကလည်း သူတို့ရဲ့ ကျင့်စဉ် ကျင့်ကြံမှုနဲ့ လေ့ကျင့်မှုတွေကို နေ့ရောညရော မရပ်မနား လေ့ကျင့်ကြရတယ်”

လင်ချုန်းရှောင် ပြောသော စကားများမှာ တကယ်ပင် မှတ်သားဖွယ်ရာ ပညာရှိ စကားများ ဖြစ်ကြောင်း ဆန်းလျန် သိရှိလိုက်လေသည်။ ငါးများက ညအချိန်မှာပင် မျက်လုံး မမှိတ်သကဲ့သို့ သစ်သားငါးရုပ် တုံးလေးကလည်း ကျင့်စဉ် လေ့ကျင့်ရာတွင် မပျင်းရိဖို့ သတိ ပေးနေသလိုပင်။ လူတစ်ယောက်သည် ကျင့်ကြံသူ လမ်းစဉ်သို့ လိုက်တော့မည်ဟု ဆုံးဖြတ် ပြီးသည်နှင့် အောင်မြင်မှု မရမချင်း နောက်မဆုတ် သင့်ပေ။

“လူသားတွေရဲ့ နှလုံးသားက သစ္စာမဲ့တယ်။တာအိုလမ်းစဉ် လိုက်သူတွေရဲ့ စိတ်ကတော့ နက်နဲ သိမ်မွေ့လွန်းတယ်” ဟူသော ဆိုရိုးစကားအတိုင်း ပြန်လမ်း မရှိသည့် ကျင့်စဉ်လမ်းမှားသို့ မလိုက်မိ စေရန် အထူးသတိထား ကျင့်ကြံရလေသည်။

“ငါက ဆရာ သက်ရှိထင်ရှား ရှိစဉ်တုန်းကတောင် ဆရာ့စကား နားမထောင်တဲ့ ကောင်ပဲ။ ဆရာ သေမှ ငါက ဆရာ့စကား နားထောင်မယ်များ ထင်နေလား။ဆရာ့ကိုလည်း ငါ့လက်နဲ့ သတ်လိုက်တာပဲ”

အစိမ်းရောင်ဝတ် လူက မဲ့ပြုံးတစ်ချက် ပြုံးပြီး ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် ဆရာသမား ဘိုးဘေးများကို သတ်ခြင်းမှာ အရေးမကြီး သကဲ့သို့ပင် သူ့တွင် အပြစ်ရှိသည်ဟု ခံစားမိခြင်း မရှိပေ။

“မင်းစိတ်ထဲ ရှိတဲ့အတိုင်း လုပ်မယ်။လူတွေ လျှောက်သတ်မယ်ဆိုရင် တာအိုကျင့်စဉ်ရဲ့ အနှစ်သာရကို နားလည်မယ်လို့ မင်းက ထင်နေတာလား။မင်း မသိသေးတာက လွတ်လပ်မှုဆိုတာ မင်း လုပ်ချင်တာတွေ လျှောက်လုပ်ဖို့ မဟုတ်ဘူး။မလုပ်သင့်တဲ့ အရာတွေကို မလုပ်ဖို့ မင်းမှာ ရွေးခြယ် ပိုင်ခွင့် ရှိတာကို ပြောချင်တာပဲ”

လင်ချုန်းရှောင်က ဒေါသမရှိဘဲ သိမ်မွေ့စွာဖြင့်ပင် အစိမ်းရောင်ဝတ် လူကို စိတ်ရှည်လက်ရှည် ရှင်းပြ နေလေသည်။

“ခုချိန်ထိ မင်းက ငါ့ရဲ့ဂိုဏ်းတူ အစ်ကိုလို့ ထင်နေတုန်းပဲလား။ မင်းကိုယ်မင်း ငါ့ရဲ့ ဂိုဏ်းတူ အစ်ကိုလို့ သတ်မှတ် ထားတုန်းပဲလား”

“ဒီကျောင်းတော်မှာ ဆရာ့ရဲ့ အရိုးပြာအိုးရှိတယ်။မင်းသေသွားတဲ့ အခါကျရင်လည်း မင်းရဲ့ အရိုးပြာတွေကို ငါက လေထဲ လွှင့်ပစ်မယ်များ ထင်နေလား။မင်းရဲ့ အရိုးပြာအိုးကို ဆရာနဲ့ အတူထားပြီး ဆရာ့ကို အဖော်ပြုခိုင်းမယ်။ဒါမှ မင်းနောက်ဘဝမှာ ဆရာ့ကို တောင်းပန်လို့ ရမှာပေါ့”

လင်ချုန်းရှောင်က သက်ပြင်း တစ်ချက်ချရင်း ပြောလိုက်သည်။

သူ၏ လေသံမှာ အစိမ်းရောင်ဝတ် လူမှာ ကျိန်းသေ သေရမည့် သူတစ်ယောက် ဖြစ်နေလေ သည်။

“ကောင်းတယ် လင်ချုန်းရှောင်။ ငါမင်းလက်နဲ့ သေရမယ်ဆိုရင် ငါ့ရဲ့ သိုင်းပညာကို သူ့ကို လွှဲပြောင်း ပေးခဲ့မယ်။မင်း သဘောတူရဲလား”

ထိုစကားအဓိပ္ပာယ်မှာ အစိမ်းရောင်ဝတ် လူက လင်ချုန်းရှောင်မှာ သူ့ထက် သာသည်ဟု ဝန်ခံ လိုက်ခြင်း ဖြစ်ပြီး ဆန်းလျန်အပေါ် ထားသည့် သူ၏ ရည်ရွယ်ချက်ကိုလည်း အရဲစွန့်ပြီး ပြောလိုက်ခြင်း ဖြစ်လေသည်။

“အလားအလာ ရှိတဲ့သူကို ပညာ လက်ဆင့်ကမ်း ပေးတယ်ဆိုတာ လောကမှာ ဝမ်းမြောက်စရာ အကောင်းဆုံး ကိစ္စပါပဲ”

လင်ချုန်းရှောင်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

“ဆန်းလျန် ဒီပြိုင်ပွဲမှာ ကျုပ်ရှုံးသွားခဲ့ရင် မင်းလည်း အနာဂတ်မှာ တတ်နိုင်မယ်ဆိုရင် ငါ့အတွက် လင်ချုန်းရှောင်ကို လက်စား ချေပေးနိုင်မလား။မင်း သဘောတူတယ် ဆိုရင် မျက်တောင် သုံးချက်ခတ် ပြပါ”

အစိမ်းရောင်ဝတ် လူက ပြောလိုက်သည်။

ဆန်းလျန်က မျက်တောင် တစ်ကြိမ်တောင် မခတ်ပေ။

“ကြည့်ရတာ မင်းရဲ့ မိတ်ဆွေလေးက မင်းပြောတာကို သဘောမတူဘူး ထင်တယ်”

လင်ချုန်းရှောင်က ဆန်းလျန်ကို တစ်ချက် ကြည့်လိုက်ပြီး ခပ်တည်တည်ပင် ပြောလိုက်သည်။

“မင်းကသူ့ကို သိပ်အထင်သေးတာကိုး။ သူကငါ့ကို သိပ်ချစ်ခင် နေတဲ့သူတော့ မဟုတ်ဘူးကွ။ ဒါပေမယ့် သူဖြစ်ချင်တာက မင်းကိုငါ့လက်နဲ့ သတ်စေချင်နေတာ”

အစိမ်းရောင်ဝတ်လူက အလောတကြီးပြောလိုက်လေသည်။

“ဒီလူက ကောက်ကျစ် ယုတ်မာပေမယ့် အကွက် စေ့အောင်တော့ တွေးထား တတ်တဲ့သူပဲ”

ဟုဆန်းလျန် တွေးလိုက်မိသည်။

လင်ချုန်းရှောင် ပြောသည့်စကားမှာ မှန်လေသည်။ ထိုစကားမှာ သူ့စိတ်ထဲတွင် ရှိသည်နှင့် လုံးဝ တူညီလေသည်။ သို့သော် ဆန်းလျန်က အစိမ်းရောင်ဝတ် လူကို မေတ္တာ မထားနိုင်သောကြောင့် မဟုတ်ပါ။

ဆန်းလျန်က အခြားတစ်ယောက်အဖြစ် မရပ်တည်ချင် သောကြောင့် ဖြစ်လေသည်။ သူက “ဆန်းလျန်” ဖြစ်သည်။ သူ့ကိုယ်သူသာ ဖြစ်စေချင်လေသည်။

အစိမ်းရောင်ဝတ် လူကလည်း ထိုအချက်ကို ရိပ်မိလေသည်။ ထိုအချက်က သူ့အကြောင်းကို အများကြီး လှစ်ဟပြသွားလေသည်။ ကောက်ကျစ် ယုတ်မာလွန်းသည့် လူတစ်ယောက် ဖြစ်သည့်တိုင် သူက တုတ်ထိုး အိုးပေါက် ပွင့်ပွင့်လင်းလင်း ရှိသည့် လူတစ်ယောက် ဖြစ်လေသည်။

ဆန်းလျန် တွေးနေစဉ်မှာပင် ခန်းမထဲတွင် ကျယ်လောင်သည့် ကြုံးဝါးသံများဖြင့် ပြည့်နှက် သွား လေသည်။

အပြင်ဘက်တွင် မိုးက သည်းထန်စွာ ရွာနေသည်။

ဂိုဏ်းတူညီအစ်ကို နှစ်ယောက်၏ သူသေကိုယ်သေ တိုက်ပွဲကို ဖုံးကွယ် ထားပေးသည့်အလား မိုးစက်များက သဲကြီးမဲကြီး ရွာသွန်း နေကြခြင်း ဖြစ်လေသည်။

သူတို့ နှစ်ယောက်မှာ ဂိုဏ်းတူညီအစ်ကိုများ ဖြစ်ကြသည့် အလျှောက် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိကြလေသည်။

လင်ချုန်းရှောင်မှာ မည်မျှ အေးဆေး တည်ငြိမ်သူ ဖြစ်ပါစေ သူက လျှပ်စီးလက်သလို တိုက်ခိုက် လေသည်။ သူ၏ မြင့်မားသော အတွင်းအားကြောင့် သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကျောက်သား ကြမ်းပြင်ပေါ်တွင် အက်ကြောင်းများ ထင်ကျန် ခဲ့လေသည်။ ဤအချက်က သူ၏ လက်စား ချေလို စိတ်နှင့် စွမ်းအား မည်မျှ ပြင်းထန်ကြောင်းကို ဖော်ပြ နေလေသည်။

လင်ချုန်းရှောင်၏ သိုင်းကွက်များမှာ စည်းချက် ညီသော်လည်း ကိုးရိုးကားရား ဖြစ်နေလေ သည်။ သူက ရေကဲ့သို့ အဟုန်ဖြင့် ရွေ့လျားပြီး လုံးဝ ရပ်တန့်ခြင်း မရှိပေ။

သူ၏ လက်ဝါးရိုက်ချက် များမှာလည်း လှိုင်းများကဲ့သို့ ဖြစ်လေသည်။ လှိုင်းတစ်ခု နောက်သို့ နောက်ထပ် လှိုင်းတစ်ခုက ထပ်ချပ်မကွာ လိုက်လာပြီး လုံးဝ ရပ်တန့်ခြင်း မရှိပေ။

လင်ချုန်းရှောင်၏ လျင်မြန်မှုအဟုန်မှာ “ကျားဖြူကို ယဉ်ပါးအောင် လုပ်သည့်ကျင့်စဉ်” ပင် ဖြစ် လေသည်။ သူ၏ အတွင်းအားများမှာ သူ့ကိုယ်ထဲတွင် ချုပ်ကိုင်ထားပြီး သူ၏ သိုင်းကွက်များမှာ နားလည်နိုင်သည့် အဆင့်ထက် ကျော်လွန်နေလေသည်။

အစိမ်းရောင်ဝတ် လူကတော့ ထိုသို့ မဟုတ်ပေ။ သူ၏ တိုက်ခိုက်မှုက ရက်စက်ပြီး ကြောက်စရာ ကောင်းသည်။ သို့သော် ကန္တာရထဲတွင် ကြာရှည်စွာ နေခဲ့ရသည့် နောက်ပိုင်း သူက လောကအကြောင်း ကို ကောင်းကောင်းသိမြင် နားလည် လာခဲ့လေသည်။

သဲကန္တာရထဲမှ သဘာဝ ဘေးအန္တရာယ်များကို မည်သည့် သိုင်းပညာကမှ မယှဉ်ပြိုင်နိုင်ပေ။

သဲမုန်တိုင်း တိုက်ခိုက်ပါက နွားအုပ်များ၊ သိုးအုပ်များ၊ မြင်းအုပ်များသာမက  စစ်တပ်ကြီး တစ်ခု လုံးပင်  ထို သဲမုန်တိုင်းကို ရင်မဆိုင် နိုင်ပေ။

သဲမုန်တိုင်းထဲတွင် ထိခိုက်ဒဏ်ရာ မရအောင် နေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ လေနှင့် အတူပေါင်းစပ်ပြီး အပူရှိန်နှင့် ဖုန်မှုန့်များကို အလိုက်သင့် ပွေ့ဖက် ထားဖို့ပင် ဖြစ်လေသည်။

အစိမ်းရောင်ဝတ် လူက သူ့ကိုယ်သူ လေနှင့်အတူ လွင့်မျောခွင့် ပေးလိုက်ပြီး လင်ချုန်းရှောင်၏ အားပါသော တိုက်ခိုက်မှုများ ကြားတွင် လေပြေလေးလို အလိုက်သင့် မျောလွင့် နေလိုက်လေသည်။

သူ့ကို ကြည့်ရသည်မှာ အစိမ်းရောင် လိပ်ပြာလေးနှင့်ပင် တူနေလေသည်။ လေနှင်ရာအတိုင်း လိုက်လံ ကခုန် နေသကဲ့သို့ပင်။

သူတို့၏ လှုပ်ရှားမှုများကို ယှဉ်ကြည့်လျှင် တစ်ယောက်က အားအပြည့်နှင့် တိုက်ခိုက်နေပြီး တစ်ယောက်က အလိုက်သင့်လေး မျောပါနေလေသည်။ သူတို့၏ လှုပ်ရှားမှုများထဲတွင် တာအိုဝါဒ၏ အနှစ်သာရကို တွေ့မြင် နိုင်လေသည်။ သူတို့၏ သိုင်းကွက်များမှာ သဘာဝကျပြီး လွတ်လပ်လေသည်။ ပုံမှန် သိုင်းကွက်များကဲ့သို့ စည်းဘောင်များ အတွင်းတွင် ရှိမနေပေ။


Comment

Leave a Reply


Options

not work with dark mode
Reset