Switch Mode

အခန်း ( ၂၃ )

အရှက်မရှိသော ယုန်ဖက်တီး

အစတွင် ဝမ်ပေါင်လဲ့က အလွတ်တန်း တိုက်ခိုက်ရေးအသင်းဂေဟာဆီသို့ မသွားချင်ခဲ့ပေ။ သူက ထင်ထင်ပေါ်ပေါ် မနေချင်ပါသော်လည်း အခြားရွေးချယ်စရာ မရှိတော့‌ချေ။ ဂျူနီယာလေ့ကျင့်ဖော်မှာ ချုပ်တည်းခံထားရသောကြောင့်လားတော့ မသိ။ သူ မည်မျှပင် အားထည့်၍ ကန်ကျောက်စေကာမူ လုံးဝတုံ့ပြန်မှုမရှိပေ။

သူသည် ထိုအခြေအနေမှာ မျှတမှုလုံးဝမရှိဟု ခံစားနေရပြီး ရူးသွပ်လုမတတ် ဖြစ်‌နေ၏။ ထို့ကြောင့် ဤတိုက်ခိုက်ရေးအသင်းဂေဟာအပေါ်သို့ ပြန်၍ မျက်စိကျလာခဲ့ခြင်းဖြစ်သည်။

” ငါ့ကို ရန်မစနဲ့နော် ”
လဝက်တစ်ခုလုံး အဆက်မပြတ် ပေါင်ကြားအား အကန်ခံနေရသည့် ဝမ်ပေါင်လဲ့မှာ အမျက်ချောင်းချောင်း ထွက်နေတော့သည်။ သူသည် တာအိုကျောင်းမှ ရန်စွယ်ငေါငေါနှင့် ထွက်ခွာသွားပြီး တိုက်ခိုက်ရေးအသင်းဂေဟာထဲသို့ ဝင်သွားလိုက်သည်။ ထို့နောက် သူက တံခါးပေါက်တစ်ပေါက်ကို ရှာတွေ့လိုက်ပြီးနောက် လိုအပ်သည့် အထောက်အထားများကို ပြသကာ အထဲသို့ဝင်သွားလိုက်သည်။

များမကြာခင် သူသည် ယုန်မျက်နှာဖုံးကို တပ်ဆင်ထားလျက် ဒုတိယအထပ်ရှိ တိုက်ခိုက်ရေးကွင်းထဲတွင် ပေါ်ပေါက်လာသည်။ လဝက်တိတိ ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း သူ့အား တခြားလူများက မှတ်မိနေဆဲဖြစ်သောကြောင့် ချက်ချင်းပင် မျက်မှန်းတန်းမိသွားကြသည်။ ထိုအခါ ဂေဟာ၏ ဒုတိယထပ်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။

” လက်‌ချောင်းလှန်ချိုးတဲ့ ယုန်ဖက်တီးပါလား ”

” ယုန်ဖက်တီး ရောက်လာပြီဟေ့။ ဒီ အရှက်မရှိတဲ့ မျိုးမစစ်ကောင်က နောက်ဆုံးတော့ ပေါ်လာပြီပေါ့ ”

” လက်ချောင်းလှန်ချိုးတဲ့ ယုန်ဖက်တီး ဂေဟာထဲ ရောက်နေပြီဟေ့ ”

လူများစွာ သူတို့၏ အသံထုတ်လွှင့်ခြင်းပစ္စည်းများကို ချက်ချင်းဆိုသလိုပင် ထုတ်ယူလိုက်ကြသောကြောင့် ဆူဆူညံညံ ဖြစ်သွား၏။ ကောင်းကင်မြို့တော်ထဲရှိ နေရာများစွာတွင် အလုပ်ရှုပ်နေကြသော လူများစွာက ထိုသတင်းအား ကြားသိလိုက်ရတော့သည်။

ဥပမာပြရလျှင် ကောင်းကင်မြို့တော်ထဲရှိ အထက်တန်းစား ရပ်ကွက်တစ်ခုထဲတွင် ကြီးမားကျယ်ဝန်းသော စံအိမ်ဥယျာဉ်ကြီးတစ်ခု ရှိနေ၏။ ပြည်ထောင်စု၏ အဓိကမြို့ကြီး ဆယ့်ခုနစ်မြို့ထဲတွင် ထိုကဲ့သို့ စံအိမ်ဥယျာဥ်မျိုးကို ပိုင်ဆိုင်နိုင်ရန်မှာ အလွန် ငွေကုန်ကြေးကျ များမည်သာဖြစ်သည်။ ထိုဥယျာဉ်ထဲတွင် ချောမောလှပသော မိန်းမပျိုလေးနှစ်ယောက် လေ့ကျင့်နေကြသည်။

အသက်ပိုငယ်ပုံရသည့် မိန်းမပျိုလေးက အသက် ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေး၏။ သူမသည် ခန္ဓာအချုပ်အနှောင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ခပ်ပွပွ လေ့ကျင့်ရေး အဝတ်အစားများကို ဆင်မြန်းထားသည်။ သူမ၏ ကျစ်ဆံမြီးမှာ ခန္ဓာကိုယ်၏ လှုပ်ရှားမှုအတိုင်း လိုက်၍ ရွေ့လျားနေသည်။ သူမ၏ ပန်းရောင်သန်းနေသော အသားအရေက အလွန် ချောမွတ်နူးညံ့နေပြီး ချွေးများစီးကျနေ၏။ သူမနှင့်အတူ လေ့ကျင့်နေသည့် အမျိုးသမီးမှာ သူမထက် အနည်းငယ် ပို၍ အသက်ကြီးသည့်ပုံ ပေါ်သည်။ သူမသည် အသက်နှစ်ဆယ်ကျော် ရှိနေပြီဖြစ်ပြီး ပို၍ ချောမောလှပနေ၏။ သူမသည် တင်းကျပ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ချောမောလှပသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ခန္ဓာအချုပ်အနှောင်အဆင့်ထက် သာလွန်နေပြီဖြစ်ပြီး ဖွံ့ထွားသွေးကြော အစောပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။

” နောက်ဆုံးတော့ မမ ပြန်လာပြီပေါ့။ အဲဒီ သောက်ယုန်ဖက်တီးက ဘယ်လောက် အရှက်မရှိလဲဆိုတာကို မမ သိမှာတောင် မဟုတ်ဘူး။ အဲဒီလိုလူမျိုး ညီမလေးတို့ ဂေဟာထဲမှာ ရှိနေတာ တော်တော်ကို ရှက်ဖို့ကောင်းတယ် ”
အသက်ငယ်သည့် မိန်းမပျိုလေးမှာ အံကြိတ်ရင်း အသက်ပုံမှန်ရှူနိုင်ရန်ပင် ကြိုးပမ်းနေရ၏။ သူမသည် ဝမ်ပေါင်လဲ့ ရင်ဆိုင်ခဲ့သည့် စိန်ခေါ်သူ အယောက်တစ်ရာကျော်ထဲမှ တစ်ယောက်ဖြစ်သောကြောင့် သူ မမှတ်မိလောက်ပေ။ သို့သော် ထို ကြောင်မျက်နှာဖုံးနှင့် ကောင်မလေးကမူ သူ့အား စွဲစွဲမြဲမြဲ မှတ်မိနေပြီ ဖြစ်သည်။

အစ်မဖြစ်သူမှာ ညီမလေး၏ စကားကို ကြားလိုက်ရသောအခါ ရယ်မောလိုက်၏။ ညီမလေးအား နှစ်သိမ့်ရန် ပြင်လိုက်စဉ်တွင် သူမ၏ အသံထုတ်လွှင့်ခြင်း လက်စွပ် တုန်ရီသွားသည်။ ထို့ကြောင့် သူမက ရပ်တန့်သွားပြီး ထိုအသံထုတ်လွှင့်မှုအား နားထောင်လိုက်သောအခါ ချက်ချင်းဆိုသလိုပင် မျက်လုံးများ ပြူးကျယ်သွားရတော့သည်။

” မမ။ ယုန်ဖက်တီး ပြန်ပေါ်လာပြီတဲ့။ သူ့ကို သင်ခန်းစာတစ်ခု ကောင်းကောင်းပေးဖို့ ညီမလေးကို ကူညီပေးရမယ်နော် ”

ထိုအချိန်တွင် ကောင်းကင်တာအိုကျောင်း၏ အဆင့်နိမ့်ကျွန်းရှိ သိုင်းပညာဌာန၏ လေ့ကျင့်ရေးအခန်းတစ်ခန်းထဲတွင် လူငယ်တစ်ယောက်က လူတစ်ယောက်ပုံရှိသော သစ်သားရုပ်တစ်ရုပ်ကို ရက်ရက်စက်စက် ထိုးကြိတ်နေ၏။ ထိုသစ်သားရုပ်က သူ့အတွက် အထူးတလည် ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်မှာ ဝဖြီးနေပါပြီး ဝမ်ပေါင်လဲ့နှင့် ဆင်တူသည့် ယုန်မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားသည်။

” မင်းကများ ငါ့ကို အဖေလို့ခေါ်ခိုင်းရဲတယ်။ ငါ မင်းကို အသက်ထွက်တဲ့အထိ ထိုးကြိတ်ပစ်မယ် ”

ထိုလူငယ်လေးမှာ ထိုသို့ထိုးကြိတ်နေရင်း ရုတ်တရက်ဆိုသလို ရပ်တန့်သွားပြီး အသံထုတ်လွှင့်ခြင်းလက်စွပ်အား ကြည့်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများ ဝင်းလက်သွားပြီး သူသည် ခေါင်းမော့ကာ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

” ယုန်ဖက်တီး။ ဒီတစ်ခေါက် မင်း ငါ့ကို အဖေလို့ ခေါ်ရအောင် လုပ်ပြမယ် ”

ကောင်းကင်မြို့တော်ထဲရှိ နေရာအနှံ့အပြားတွင် ထိုကဲ့သို့ အခြင်းအရာများ ဖြစ်ပေါ်နေတော့သည်။ မရေမတွက်နိုင်သော လူရိပ်ပေါင်းများစွာ မြို့ထဲရှိ နေရာတိုင်းမှနေ၍ တိုက်ခိုက်ရေးအသင်းဂေဟာဆီသို့ အပြေးရောက်လာကြသည်။ ဂေဟာထဲမှ ဆူညံပွက်လောရိုက်နေသော ဆွေးနွေးငြင်းခုန်သံများမှာလည်း ပို၍ ကျယ်လောင်လာ၏။ ဝမ်ပေါင်လဲ့ရှိနေသည့် တိုက်ခိုက်ရေးကွင်း၏ ပတ်ပတ်လည်တွင် ကြီမားသော လူအုပ်ကြီးတစ်ခု ရှိနေသည်။ အခြား တိုက်ခိုက်ရေးကွင်းများထဲမှ လူများပင် သူတို့၏တိုက်ပွဲများကို ရပ်တန့်လိုက်ကြပြီး အပြေးရောက်လာကြတော့သည်။

ဝမ်ပေါင်လဲ့ရောက်လာပြီး နောက်တစ်နာရီအကြာတွင် သူသည် စိန်ခေါ်သူဆယ်ယောက်ကျော်အား ရင်ဆိုင်ပြီးသွားပြီဖြစ်သည်။ သူတို့အားလုံး လက်ချောင်းများ လှန်ချိုးခံလိုက်ရပြီးနောက် သနားစရာကောင်းစွာ အော်ဟစ်မြည်တမ်း၍ ဝမ်ပေါင်လဲ့အား အဖေဟုခေါ်ကာ အရှုံးပေးခဲ့ကြရသည်။

ဝမ်ပေါင်လဲ့မှာလည်း အလွန် စိတ်ပျက်လက်ပျက်ဖြစ်နေ၏။ သူ၏ ပြိုင်ဘက်များမှာ အားနည်းလွန်းနေသောကြောင့် အနိုင်ယူနိုင်စွမ်း ရှိနေသည်။ ထို့ကြောင့် သူသည် ပေါင်ကြားကန်ကျောက်သည့် အလဲထိုးတိုက်ကွက်ကို ထုတ်သုံးရန် အခွင့်အရေး မရသေးပေ။

သူသည် ထိုတိုက်ကွက်အား အတင်းအကျပ် အသုံးပြုလိုက်မည်ဆိုပါက လေ့ကျင့်ဖော်လေ့ကျင့်ဘက် တစ်ယောက်အား ကန်ကျောက်ရသကဲ့သို့ အပြည့်အဝ ခံစားရမည် မဟုတ်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အလွန် အားမလိုအားမရဖြစ်နေရတော့သည်။ သူသည် ပတ်ပတ်လည်ရှိ လူအုပ်ကြီးကို ကြည့်ကာ ဝင့်ကြွားစွာ ရင်ကော့လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်သည်။
” နည်းနည်းလေးပိုပြီးတော့ အစွမ်းထက်တဲ့လူတောင် မရှိတော့ဘူးလား။ မင်းတို့အကုန်လုံးက အားနည်းလွန်းနေတယ် ”

သူ ထိုသို့ ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးမှာ ပို၍ပင် ဒေါသထွက်သွားရတော့သည်။ သူတို့က ဝမ်ပေါင်လဲ့အား အရှက်မရှိဟု သတ်မှတ်ထားသည့်အပြင် ယခုတွင် သူတို့ အလှောင်ခံနေရပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံး ချက်ချင်းဆိုသလိုပင် အသံကျယ်ကျယ်ဖြင့် ဝိုင်းအော်လိုက်ကြ၏။

” ယုန်ဖက်တီး။ မင်း အဲဒီလောက် အစွမ်းထက်နေတယ်ဆိုရင် လက်ချောင်းတွေကို လှန်မချိုးနဲ့လေ ”

” ဟုတ်တယ်။ မင်းကိုယ်မင်း အစွမ်းအစရှိတယ်လို့ ယုံကြည်ရင် မင်းရဲ့ လက်သီးတွေကိုပဲ သုံးပြီးတိုက်ခိုက်မှာပေါ့ ”

ဝမ်ပေါင်လဲ့က ထိုစကားများကို ကြားလိုက်ရသောအခါ လူအုပ်ကြီးအား စိုက်ကြည့်ကာ ပြန်ပြောလိုက်သည်။

” မင်းတို့ကောင်တွေက အော်ဖို့ဟစ်ဖို့လောက်ပဲ သိတာ။ မင်းတို့ အစွမ်းအစရှိတယ်ဆိုရင် ကြောက်မနေနဲ့လေ။ ကိုယ့်ကိုယ်ကို သိပ်တော်တယ်ထင်နေရင် ထွက်လာခဲ့လိုက်စမ်းပါ ”

ဝမ်ပေါင်လဲ့၏ တုံ့ပြန်မှုမှာ မီးတောက်တစ်ခုပေါ်သို့ ဓာတ်ဆီဖြင့် လောင်းလိုက်သကဲ့သို့ပင်။ လူအုပ်ကြီးမှာ ဒေါသအိုးများ ပေါက်ကွဲသွားကြပြီး သူတို့၏အော်ဟစ်သံများကြောင့် အသံလှိုင်းများပေါ်ထွက်လာပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားရတော့သည်။ ဂေဟာမှ ဝန်ထမ်းများပင် အဓိကရုဏ်းတစ်ခုအဖြစ်သို့ ရောက်သွားမည် စိုးသဖြင့် အလျင်အမြန်ပင် ပြေးလာကြပြီး ဘေးနားတစ်ဝိုက်တွင် စောင့်ဆိုင်းနေကြရတော့သည်။

ဝမ်ပေါင်လဲ့မှာ တုန်လှုပ်ချောက်ချားသွားရပါသော်လည်း ဝန်ထမ်းများကို မြင်လိုက်ရသောအခါ စိတ်အေးသွား၏။ ထို့ကြောင့် သူသည် ထိုနေရာတွင်ရပ်ကာ လူအုပ်ကြီးအား ဆက်၍ရန်စနေတော့သည်။ ဝန်ထမ်းများမှာမူ ချွေးများရွှဲကာ ရှုံ့မဲ့မဲ့နှင့် ရယ်မောနေကြရ၏။ ဂေဟာထဲတွင် ထိုကဲ့သို့သော ကိစ္စရပ်မျိုး ဖြစ်ပွားလေ့ မရှိပေ။ ထို့အပြင် သာမန်လူတစ်ယောက်မှာ လူများစွာအား ယခုလို ဒေါသတကြီး အော်ဟစ်အောင် လုပ်နိုင်စွမ်းရှိမည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာမူ သူတို့အား စိတ်ထဲပင် မထည့်ထားပေ။ သူသည် သူ့အား စိန်ခေါ်ရန် လိုအပ်သည့် ဝိညာဉ်ကျောက်တုံး အရေအတွက်ကို အတုံးနှစ်ဆယ်အထိ မြှင့်တင်လိုက်သည်။ ထိုအရေအတွက်ကြောင့် ငပျော့မြောက်မြားစွာအား ချက်ချင်းပင် ရှင်းထုတ်လိုက်သကဲ့သို့ ဖြစ်သွားပြီး အများစုမှာ စဉ်းစားတွေးတောခြင်း မရှိဘဲ တိုက်ခိုက်ရေးကွင်းထဲသို့ ဝင်လာကြတော့မည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ ကြာမြင့်စွာ စောင့်ဆိုင်းနေရသည့်အတွက် စိတ်မရှည်တော့ဘဲ ဝိညာဉ်ကျောက်တုံး အရေအတွက်အား လျှော့ချရန် ပြင်လိုက်စဉ်မှာပင် တိုက်ခိုက်ရေကွင်း အပြင်ဘက်မှ အသံတစ်သံ ရုတ်တရက်ဆိုသလို ကျယ်လောင်စွာ ပေါ်ထွက်လာ၏။

” ယုန်ဖက်တီး။ မင်းကို စိန်ခေါ်ဖို့ မင်းရဲ့အဖေ ရောက်လာပြီကွ ”
ထိုအသံကို ကြားလိုက်ရသောအခါ လူတိုင်း ချက်ချင်းဆိုသလိုပင် လှမ်း၍ ကြည့်လိုက်ကြသည်။ ဝမ်ပေါင်လဲ့မှာလည်း သိချင်ဇောဖြင့် လှမ်းကြည့်လိုက်သောအခါ သူရင်းနှီးနေသည့် လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူငယ်လေးမှာ မောက်မာဝံ့ကြွားမှုနှင့် ယုံကြည်မှုအပြည့်ဖြင့် လျင်မြန်ဖျတ်လက်စွာ လျှောက်လှမ်းလာနေ၏။

ထိုလူငယ်လေးမှာ အဖြူရောင် သိုင်းဝတ်စုံကို ဆင်မြန်းထား၏။ သူသည် ခန္ဓာအချုပ်အနှောင် ထိပ်ဆုံးအဆင့်ရှိသော အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်ထားပြီး ၎င်းအား ဖုံးကွယ်ထားခြင်းမရှိပေ။ ထို့အပြင် သူနှင့်အတူ လက်နက်တစ်ခုကိုပင် ယူဆောင်လာခဲ့၏။ ၎င်းမှာ အထူးပြုလုပ်ထားသော လက်အိတ်နှစ်ဖက် ဖြစ်သည်။

ထိုလက်အိတ်နှစ်ဖက်အား သူ၏ လက်တွင် တင်းကျပ်စွာ စွပ်ထားပြီး သူ၏ လက်ချောင်းများကို လုံခြုံစွာ ကာကွယ်ထားသည်။ ထို့ကြောင့် အခြားသူများမှာ သူ၏ လက်ချောင်းများကို ဖမ်းဆုပ်ကာ လှန်ချိုး၍ ရမည်မဟုတ်ပေ။

ထိုလူငယ်လေးမှာ ထိုလက်အိတ်များကို စွပ်ထားသဖြင့် သူ့ကိုယ်သူ ကျေနပ်အားရမှုအပြည့် ရှိနေသည်။ လူအုပ်ကြီးက စိတ်လှုပ်တရှားနှင့် အော်ဟစ်အားပေးနေကြစဉ် သူသည် ရှေ့သို့ လျှောက်လှမ်းလာပြီး တိုက်ခိုက်ရေးကွင်းဆီသို့ တည့်တည့်မတ်မတ် ပြေးလာနေ၏။

” သူက ကောင်းကင်တာအိုကျောင်းရဲ့ သိုင်းပညာဌာနက လုကျစ်ဟောင်ပဲ ”

” ယုန်ဖက်တီးက အရင်တုန်းက သူ့ လက်ချောင်းတွေကို ဘယ်နှကြိမ်မှန်း မသိလောက်အောင် လှန်ချိုးခဲ့တာလေ။ ဒီတစ်ခေါက် သူက အထူးပြုလုပ်ထားတဲ့ လက်အိတ်တွေကို ယူလာတာပဲ။ သိပ်တော်တယ် ”

” ဟားဟား။ ကြည့်ရတာ ဉာဏ်ပြေးတဲ့ လူတချို့ ရှိသားပဲကွ။ အဲဒီ လက်အိတ်တွေနဲ့သာဆိုရင် ယုန်ဖက်တီးရဲ့ လက်ချောင်းလှန်ချိုးတဲ့ ပညာရပ်က သူ့အလိုလို အသုံးဝင်တော့မှာ မဟုတ်ဘူး ”

လူအုပ်ကြီး ထိုကဲ့သို့ စိတ်လှုပ်တရှား ဖြစ်နေကြစဉ် ဝမ်ပေါင်လဲ့ကမူ ထိုလူငယ်လေး၏ အထူးပြုလုပ်ထားသော လက်အိတ်များကို သေသေချာချာ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူသည် ချောင်းဟန့်လိုက်ပြီး အစွမ်းထက်သော ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်ရန် သူ့ကိုယ်သူ မာန်တင်းလိုက်သည့် အမူအရာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွား၏။

ဝမ်ပေါင်လဲ့၏ အမူအရာကို မြင်လိုက်ရသောအခါ ထိုလူငယ်လေးမှာ ပို၍ပင် စိတ်လှုပ်ရှားသွားပြီး တိုက်ခိုက်ရန် ကွင်းထဲသို့ ချက်ချင်းပင် ခုန်ဝင်လာတော့သည်။

” ယုန်ဖက်တီး။ မင်းက လက်ချောင်းလှန်ချိုးဖို့လောက်ပဲ တတ်တာပါ။ ဒီတစ်ခေါက်တော့ မင်း သေချာပေါက် ရှုံးနိမ့်‌စေရမယ် ”
ထိုလူငယ်လေးမှာ ကျယ်လောင်စွာ ရယ်မောလိုက်ပါသော်လည်း ဝမ်ပေါင်လဲ့အား လျှော့တော့မတွက်ပေ။ သူသည် အံ့သြမှင်တက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ရှေ့သို့ ပြေးထွက်သွားပြီး ဝမ်ပေါင်လဲ့ဆီသို့ တည့်မတ်စွာ ပြေးဝင်လာတော့သည်။

သူသည် တာအိုကျောင်းထဲရှိ လေ့ကျင့်ရေးအခန်းများထဲတွင် ယခုကဲ့သို့ အခြေအနေမျိုးအတွက် အချိန်ကြာမြင့်စွာ လေ့ကျင့်ထားခဲ့သည်။ ထို့ကြောင့် သူသည် အင်အားစိုက်ထုတ်ကာ လေ့ကျင့်ထားခဲ့သည့် လေဟုန်လက်သီးတိုက်ကွက်၏ အစွမ်းကို ယုန်ဖက်တီး သိသွားအောင် ပြသနိုင်လိမ့်မည်ဟု ယုံကြည်နေ၏။

” သိုင်းပညာဌာနက ကျောင်းသားတစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ် ”

” သူ့ရဲ့ အငွေ့အသက် တစ်ခုတည်းနဲ့တင် သူ့ကိုခန္ဓာအချုပ်အနှောင်အဆင့်မှာ ရှိတဲ့ လူတွေထဲက အတော်ဆုံးတစ်ယောက်အဖြစ် သတ်မှတ်လို့ ရနေပြီ ”

” ဒီတိုက်ပွဲက ကြည့်ကောင်းတော့မှာ အမှန်ပဲ။ ယုန်ဖက်တီးတော့ ကိစ္စတုံးပြီဟေ့ ”

လူအုပ်ကြီးမှာ စိတ်လှုပ်တရှားဖြင့် စောင့်ကြည့်နေကြပြီး အံ့ဩဖွယ်ကောင်းသော တိုက်ပွဲကြီးတစ်ခု ပေါ်ထွက်လာရန် စောင့်ဆိုင်းနေကြတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့က နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်သွားသောကြောင့် တိုက်ခိုက်ရေကွင်းထဲမှ အခြေအနေမှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။ လူငယ်လေးမှာ သူ့ဆီသို့ ချဉ်းကပ်လာသောအခါ ဝမ်ပေါင်လဲ့က ရုတ်တရက်ဆိုသလို ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် လှမ်းလိုက်သည်။ ထို့နောက် သူ၏ ညာဘက်လက်ကို မြှောက်လိုက်၏။ သို့သော် ယခုအကြိမ်တွင်မူ သူသည် လက်ချောင်းများကို လှန်မချိုးတော့ဘဲ ထိုလူငယ်လေး၏ လက်ကောက်ဝတ်အား အားဖြင့်ဖိထားလိုက်တော့သည်။

သူ၏လက်ဖဝါးထဲမှ ထွက်ပေါ်လာသည့် စုပ်အားမှာ အလွန် မြန်ဆန်နေသောကြောင့် ထိုလူငယ်လေးမှာ မရှောင်တိမ်းနိုင်လိုက်ပေ။ ဝမ်ပေါင်လဲ့က လက်ကောက်ဝတ်အား ဆုပ်ကိုင်လိုက်ပြီး လက်ကောက်ဝတ်အဆစ်အား လှန်ချိုးလိုက်တော့သည်။

ထိုအခါ လက်ချောင်းလှန်ချိုးခံရသည့်အခါ ပေါ်ထွက်လာသည့် နာကျင်မှုမျိုး ထိုလူငယ်လေး၏ ခန္ဓာကိုယ်အနှံ့အပြားသို့ ချက်ချင်းပင် ပျံ့နှံ့သွားသဖြင့် ထိုလူငယ်မှာ အသံထွက်၍ မအော်မိအောင် အောင့်အည်းထားလိုက်ရတော့သည်။ သူသည် တုံ့ပြန်တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် အံ့ဩမှင်တက်ဖွယ်ကောင်းသော စုပ်အားတစ်မျိုး လွင့်ပျံလာသဖြင့် သူသည် ရွှံ့ဗွက်အိုင်ထဲတွင် နစ်နေသည့်အလား နှေးကွေးသွားရတော့သည်။ ဝမ်ပေါင်လဲ့ ထိန်းချုပ်ထားသော စုပ်အားကြောင့် သူ၏ ဘေးနားတစ်ဝိုက်မှ နေရာများမှာ သူ၏ ပိုင်နက်တစ်ခုကဲ့သို့ ဖြစ်သွား၏။

ထိုနှေးကွေးမှုမှာ တစ်ဒင်္ဂမျှသာ ကြာလိုက်၏။ ဝမ်ပေါင်လဲ့က အခြားတိုက်ကွက်များကို အသုံးပြုလိုက်မည်ဆိုပါက ထိုအခွင့်အရေးကို ဖြုန်းတီးရာ ကျသွားမည် ဖြစ်သည်။ သူသည် ပြိုင်ဘက်များကို တိုက်ကွက်တစ်ကွက်တည်းဖြင့် အလဲမထိုးနိုင်ပါက သူတို့မှာ ဒဏ်ရာမှ ပြန်၍ သက်သာလာမည်သာ ဖြစ်သည်။

သို့သော် မဟာဟင်းလင်းပြင် ရစ်ပတ်ခြင်းပညာရပ်မှာမူ ရန်သူအား တိုက်ကွက်တစ်ကွက်တည်းဖြင့် အလဲထိုးနိုင်ရန် ဖန်တီးထားခြင်းပင် ဖြစ်သည်။

ထိုပညာရပ်၏ အနှစ်သာရမှာ အားနည်းသူက အားသာသူအား အနိုင်ယူနိုင်ခြင်းပင် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် ထိုလူငယ်လေး၏ လက်ကောက်ဝတ်ကို ဖိချလိုက်ပြီး အဆစ်များ လှန်ချိုးခံလိုက်ရသောကြောင့် နာကျင်ခံစားနေရချိန်တွင် ညာခြေထောက်ဖြင့် ထိုလူငယ်လေး၏ ပေါင်ကြားကို အရှိန်ပြင်းစွာ လှမ်းကန်လိုက်တော့သည်။

” ငါ့ကို အဖေလို့ ခေါ်စမ်း ”
ဝမ်ပေါင်လဲ့က အမိန့်ပေးလိုက်ပါသော်လည်း အားကုန်ထုတ်၍ မကန်လိုက်ပေ။ သို့သော် သူ၏ကန်ချက်က ထိုလူငယ်လေး၏ ပေါင်ကြားထဲသို့ ရောက်သွားသောအခါ ထိုလူငယ်လေးမှာ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။ သူ၏ မျက်နှာမှာ သာမန်အခြေအနေတွင် ရှိနေရာမှ ဖြူဆုတ်သွားပြီးနောက် ချက်ချင်းဆိုသလိုပင် နီမြန်းသွားတော့သည်။ နောက်ဆုံးတွင် သူ၏မျက်နှာမှာ ခရမ်းရောင်သို့ ပြောင်းလဲသွားပြီး သူ၏ ပါးစပ်ထဲမှ စူးရှကျယ်လောင်သော အော်ဟစ်သံတစ်သံ ပေါ်ထွက်လာတော့သည်။

” အု…အု…. အု… ”
ထိုလူငယ်လေးမှာ ပေါင်ကြားအား လက်ဖြင့်ဆုပ်ကိုင်ရင်း မြေကြီးပေါ်သို့ ပုံခနဲ လဲကျသွားတော့သည်။ ထို့နောက် အော်ဟစ်မြည်တမ်းရင်း သူ၏ ပါးပြင်ပေါ်တွင် မျက်ရည်များ စီးကျလာ၏။ ထိုကဲ့သို့ ပေါင်ကြားအား လက်ဖြင့်ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရသောအခါ ဘေးပတ်ပတ်လည်ရှိ ယောက်ျားများအားလုံးမှာလည်း သူတို့၏ ပေါင်ကြားများကို အလိုအလျောက် လက်ဖြင့် အုပ်လိုက်ကြတော့သည်။

ထိုအခြင်းအရာမှာ ယောက်ျားများအတွက် အလွန် စိတ်ထိခိုက်စရာကောင်း၏။ သူတို့အားလုံး ထိုနာကျင်မှုကို သိကြသောကြောင့် သူတို့၏ ဦးရေခွံများပင် ထုံကျဥ်သွားရတော့သည်။ ဘေးနားတစ်ဝိုက်ရှိ အစောင့်များပင် ပင့်သက်များ ရှိုက်မိသွားကြသည်။

သူတို့က ထိုနာကျင်မှုမျိုးကို ကိုယ်ချင်းစာနိုင်သောကြောင့်လားတော့ မသိပေ။ သိပ်မကြာခင် ယခင်ကထက်ပင် ပို၍ကျယ်လောင်သည့် ဒေါသတကြီး အော်ဟစ်သံများ ပေါ်ထွက်လာကြတော့သည်။ ထိုကဲ့သို့ အော်ဟစ်သံမျိုးကို မည်သူကမှ မကြားဖူးပေ။

” အရှက်မရှိလိုက်တာ။ မင်း အစွမ်းအစ ရှိတယ်ဆိုရင် ဖွံ့ထွားသွေးကြောအဆင့်က လူတွေကိုပါ မင်းကို စိန်ခေါ်ခွင့် ပေးလိုက်လေ ”

” တောက်ကွာ။ သူက တကယ်ကို ပေါင်ကြားတွေထဲ လိုက်ကန်နေတာဟ။ အဲ့ ယုန်ဖက်တီးရဲ့ မျက်နှာဖုံးကို ချွတ်နိုင်တဲ့လူကို ငါ ဝိညာဉ်ကျောက်တုံး အတုံးသုံးဆယ်ပေးမယ်။ သူ ဘယ်သူလဲဆိုတာ ငါသိချင်တယ် ”

လူအုပ်ကြီးက ထိုကဲ့သို့ ဆူညံပွက်လောရိုက်နေစဉ် ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေး ကြိုးစားရုန်းကန်၍ တိုက်ခိုက်ရေးကွင်းထဲမှ တွားသွားကာ ထွက်ခွာသွားသည်ကို သနားညှာတာစွာ ကြည့်နေ၏။ သူသည် သူ့ပြိုင်ဘက် ခံစားနေရသည့် နာကျင်မှုကို ကောင်းကောင်းသိထားသောကြောင့် စိတ်ချမ်းသာသွားရတော့သည်။

” ဘယ်သူကမှ ငါ့ကို စိန်မခေါ်ကြတော့ဘူးလား ”
ဝမ်ပေါင်လဲ့မှာ ဟန်လုပ်ကာ ချောင်းဟန့်လိုက်ပြီး လူအုပ်ကြီးအား စိုက်ကြည့်လိုက်သည်။ အလွတ်တန်းတိုက်ခိုက်ရေးအသင်းဂေဟာ၏ စည်းမျဉ်းများမှာ မိမိထက် အဆင့်တစ်ဆင့် ပို၍မြင့်သော လူများကို စိန်ခေါ်ခွင့်ပြုထားပါသော်လည်း ဝမ်ပေါင်လဲ့ကမူ ထိုကဲ့သို့ စိန်မခေါ်ခဲ့ပေ။ သူသည် ဖွံ့ထွားသွေးကြောအဆင့်၏ အောက်တွင်ရှိသော လူများကိုသာ စိန်ခေါ်ခွင့်ပေးထားသည်။

သူ ထိုကဲ့သို့ ပေါင်ကြားများကို လိုက်လံကန်ကျောက်နေသည့် သတင်းများ ပျံ့နှံ့သွားသောအခါ သူ့အား အထင်အမြင်သေးသော စကားသံများ ပို၍ များပြားလာတော့သည်။ သို့သော် သူ့အား စိန်ခေါ်သည့် လူအရေအတွက်မှာမူ သိသိသာသာ လျော့ကျသွား၏။ လူအုပ်ကြီးက သူ၏ လက်ချောင်းလှန်ချိုးခြင်းကို မခံမရပ်နိုင်ဖြစ်သည့် အဆင့်တွင်သာ ရှိသော်လည်း ပေါင်ကြားများအား လိုက်လံကန်ကျောက်ခြင်းမှာမူ လူတိုင်းအား ကျောချမ်းသွားစေ၏။ ထို့ကြောင့် မည်သူကမှ သူ့အား နမော်နမဲ့နှင့် စိန်မခေါ်ရဲကြတော့ပေ။

သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့၏ အမူအရာမှာ အလွန် မော်ကြွားသည့်ပုံ ပေါက်နေ၏။ သူသည် တိုက်ခိုက်ရေးကွင်း၏ ဘေးတွင်ရပ်ကာ ပရိတ်သတ်များကို ယခင်ကအတိုင်းပင် လှောင်ပြောင်နေတော့သည်။

” ဒီလောက် ကြီးမားတဲ့ ဂေဟာကြီးထဲမှာတောင် ငါ့ကို တိုက်ခိုက်ရဲတဲ့လူ မရှိဘူးတဲ့ကွာ။ စိတ်ပျက်ဖို့ ကောင်းလိုက်တာ ”

လူတချို့မှာ ဝမ်ပေါင်လဲ့အား သည်းမခံနိုင်တော့သောကြောင့် မကျေမနပ်ဖြစ်ကာ တဖြည်းဖြည်း ထွက်လာကြ၏။ နေ့တစ်ပိုင်းခန့် ကုန်ဆုံးသွားသည့်တိုင်အောင် သနားဖွယ်ရာ အော်ဟစ်မြည်တမ်းသံများ အဆက်မပြတ် ထွက်ပေါ်နေဆဲပင်။ ဝမ်ပေါင်လဲ့မှာလည်း စဉ်ဆက်မပြတ် လေ့ကျင့်နေသလို ဖြစ်နေသောကြောင့် ပေါင်ကြားကန်ကျောက်သော ပညာရပ်မှာလည်း ပို၍ တိုးတက်လာတော့သည်။

ဒုတိယအထပ်ရှိ အခြေအနေမှာ တင်းမာနေပြီဖြစ်သောကြောင့် ဂေဟာကြီးမှာ အစောင့်အရေအတွက်ကိုပင် တိုးလိုက်ရသည်။ ကင်မရာများစွာမှာလည်း ကြောက်မက်ဖွယ်ကောင်းသော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အလား ထိုတိုက်ခိုက်ရေးကွင်းအား ချိန်ရွယ်ထား၏။

တတိယအထပ်ရှိ ဂေဟာ၏ လုံခြုံရေးအခန်းထဲမှ လူတချို့ပင် ပြဿနာများ ထပ်၍ တက်လာမည်စိုးသောကြောင့် သူတို့ကိုယ်သူတို့ မာန်တင်းနေကြရသည်။ ဤအခြေအနေကြီးကို သူတို့ သေသေချာချာ စောင့်ကြည့်နေကြပြီး ထိန်းချုပ်၍ မရနိုင်လောက်သည့် အဆင့်အထိ ရောက်သွားမည်ကို စိုးရိမ်နေတော့သည်။

” ဒီ သောက်ယုန်ဖက်တီးကတော့ကွာ။ ငါ့မှာ လုပ်ပိုင်ခွင့် အာဏာသာရှိရင် ဒီမျိုးမစစ်ကောင်က ဘယ်သူလဲဆိုတာ သိအောင်ကိုလုပ်မှာ ”
လုံခြုံရေးအခန်းထဲမှ ဖွံ့ထွားသွေးကြောအဆင့်ဝါရင့်တချို့က အံတကြိတ်ကြိတ်နှင့် ကြိမ်းဝါးနေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset