Switch Mode

အပိုင်း(၇၃၃)

စစ်တုရင်တိုက်ပွဲ

ယွီကျင့်အိမ်တော်တွင် ကျင့်ကုန်းစီက ရီဖူရှင်းတို့ အဖွဲ့အားမေးသည်… “ခင်ဗျားတို့အားလုံးက တောင်ပေါ်ကို လိုက်ကြည့်ကြမလား… ဒါမှမဟုတ် ယွီကျင့် အိမ်တော်မှာပဲ နားနေကြမလား…”

“တောင်ပေါ်ကို သွားရအောင်…” ရီဖူရှင်းက ပြောသည်။ မူလ ရည်ရွယ်ချက်ကပင် စစ်တုရင်ရှန့်ထိုထံကို လာရောက် လည်ပတ်ရန်ဖြစ်ပြီး ယွီကျင့်အိမ်တော်ကို လာရောက်သူ အများစုကလည်း တောင်ပေါ်ကို ရောက်နေလောက် ပေပြီ။

“ကောင်းပြီ…” ကျင့်ကုန်းစီက ခေါင်းညိတ်သည်တွင် သူတို့အဖွဲ့က ယွီကျင့်အိမ်တော် နောက်ဘက်မှ လမ်းကလေးအတိုင်း တောင်ပေါ်ကို တက်လာကြသည်။

ကျင့်ဟွာတောင်ကား မြင့်မား မတ်စောက်ကာ စစ်တုရင် ကျေးရွာကလည်း တောင်ထိပ်ပေါ်တွင် ရှိသည်။ အထူးသဖြင့် ပင်မအဆောက်အဦက ကမ်းပါးတွင် တည်ဆောက်ထားရာ ထူးဆန်း အံ့ဖွယ်ကောင်းသော ခံစားချက်ကို ရသည်။

စစ်တုရင်ကျေးရွာတွင် လူအများအပြားရှိကာ အများစုမှာ ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါများ ကိုယ်စီရှိကြသည်။ ယခု ရွာထဲတွင် စစ်တုရင် တောင်ထိပ်ဟူသော တောင်ကုန်းတစ်ခု ရှိပြီး ထိုနေရာတွင်လည်း လူအများအပြား စုစည်းနေကြသည်။ စစ်တုရင်တောင်ထိပ်မှ ကျောက်တုံးကြီး တစ်ခုစီတိုင်းတွင် လူတစ်ယောက် ရှိကြသည်။ သူတို့အားလုံးက အဝေးကို မျှော်ကြည့်နေကြကာ အားလုံးပေါင်း လေထဲတွင် စစ်တုရင်ခုံကိုးခု ရှိပေသည်။ စစ်တုရင်ခုံတစ်ခုစီက ထူးဆန်းသော စွမ်းအားများ ရှိကြပေသည်။

ယခုတွင် စစ်တုရင်ခုံတစ်ခု၌ ပြင်းထန်သော စစ်တုရင်ပွဲတစ်ခု ဖြစ်နေသည်။ ယှဉ်ပြိုင်နေသော တစ်ယောက်ကား ခရမ်းရောင် ဝတ်စုံနှင့်ဖြစ်ပြီး ဓားရှည်တစ်လက်ကို လွယ်သိုင်းထားသည်။ လူငယ်၏ မျက်နှာချင်းဆိုင်မှ တစ်ယောက်ကား အဘိုးအိုတစ်ယောက် ဖြစ်ကာ မည်သည့် ထူးခြားသော အရောင်အဝါမှ မရှိသော်လည်း သူကိုယ်တိုင်က ရှေ့မှ စစ်တုရင်နှင့် တစ်သားတည်း ဖြစ်နေသည်ဟု ခံစားကြရသည်။

နှစ်ဖက်လုံးက စစ်တုရင်ခုံ၏ တစ်ဖက်တွင် ရပ်နေကြသည်။ လူငယ်က လက်ဝှေ့ယမ်းသည်တွင် ကောင်းကင်မှ စစ်တုရင်ရုပ်တစ်ခုအား သယ်ဆောင်လာပြီး အကွက်တစ်နေရာ၌ ဓားတစ်လက်အလား ထိုးစိုက်ချလိုက်သည်။ ထိုအခိုက်တွင် အလွန်အားကောင်းသော ဓားလောက ဓာတ်တစ်ခု သတ်မှတ်ထားသော နေရာကို ဆင်းသက် လာသည်ဟု ထင်မှတ်ကြရသည်။

အဘိုးအိုက ထူးမခြားနားစွာ လက်ဝှေ့ယမ်းသည်။ ဘုန်းခနဲမြည်သံနှင့်အတူ စစ်တုရင်အရုပ်တစ်ခု ကျဆင်းလာပြီး လူငယ်၏ဓားအသိကို ဖိနှိပ်ထားနိုင်သော မမြင်ရသော အားလှိုင်းတစ်ခု ဆင်းသက်လာသည်။

“ဒါက စစ်တုရင် တိုက်ပွဲပေါ့…” ရီဖူရှင်းက ပြောသည်။

သာမန်လူများအတွက် ကု့ချင်း၊ စစ်တုရင်၊ စာအုပ်နှင့် ပန်းချီဆွဲခြင်းတို့က အနုပညာကို ခံစားသက်ဝင်ခြင်း ဖြစ်သည်။ သို့သော်လည်း တန်ခိုးရှင်များ အတွက်မူကား ထို့ထက်ပိုကာ အဓိကကျသော အချက်က တိုက်ပွဲတွင် အသုံးချခြင်း ဖြစ်သည်။ မည်သူကမှ ကြီးမားများပြားသော အချိန်များပေးကာ တိုက်ပွဲ၌ အသုံးမဝင်သော ပညာရပ်များအား မလေ့ကျင့်ကြပေ။

စစ်တုရင်ရှန့်ထိုက စစ်တုရင်ပညာတွင် နာမည်ကျော်ခြင်းမှာ စစ်တုရင်ကစားတတ်ခြင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ သူ၏ကစားနည်းက မှော်ပညာနှင့် စိတ်ဝိညာဉ် ပညာတို့ဖြင့် ဆက်စပ်နေကာ တိုက်ခိုက်ရေး၌ ကောင်းကောင်း အသုံးချနိုင်ခြင်းကြောင့် နာမည်ကျော်ခြင်း ဖြစ်သည်မှာ ပြောစရာပင် မလိုပေ။

“အမှန်ပဲ…” ကျင့်ကုန်းစီက ခေါင်းညိတ်ကာ စစ်တုရင်တိုက်ပွဲ တိုက်ခိုက်နေသော လူငယ်ကို လက်ညှိုးထိုးလျက် ပြောသည်… “သူ့နာမည်ကလီမူ… သူ့ဆရာက ပြည်နယ်ကိုးခုရှီနဲ့ ရှန့်ထိုအဆင့် ဇယားထဲကပဲ… လီမူကိုယ်တိုင်က နာမည်ကျော် ဓားသမားတစ်ယောက် ဖြစ်ပြီးတော့ နတ်ဓားရှင်က ဓားပညာသာ မဟုတ်ဘဲ ဝင်္ကပါပညာမှာလည်း ထူးချွန်တယ်… ဒါကြောင့် လီလူက ဒီပညာတွေကို ကောင်းကောင်း ဆက်ခံနိုင်ခဲ့တယ်လို့ ပြောရမယ်… သူကဒီကို လာဖို့အတွက် စစ်တုရင်ပညာကို သင်ယူခဲ့ပြီးတော့ သူ့ရဲ့ဓားပညာ အသိတွေနဲ့ ပေါင်းစပ် တိုက်ခိုက်နိုင်တယ်… ခက်တာက ပထမဆုံး ကစားပွဲမှာတင် သူက အတားအဆီးကို ကျော်ဖြတ်ဖို့ ခက်ခဲနေတယ်…”

လီမူက ပြုံးလျက် ရီဖူရှင်းဘက်ကို လှည့်ကာ ပြောသည်… “ဒါဆို မင်းတို့အတွက် ပိုလို့တောင် အခွင့်အရေး နည်းတယ်လို့ ဆိုလိုတာပဲ… ဟုတ်တယ်မလား… တကယ်လို့ မင်းတို့ထဲက စစ်တုရင်ပညာမှာ တတ်ကျွမ်းတဲ့လူရှိရင် လာစမ်းကြည့်လို့ရတယ်… ”

“ကြည့် ရတနာ ကျင့်ကုန်းစီကလည်း စစ်တုရင်ကျေးရွာကို လူတွေ ခေါ်လာပုံပဲ…” ဧရာမကျောက်တုံးပေါ်က တစ်ယောက်က ပြုံးလျက်ပြောသည်။

“အပျော်သဘောပါပဲ…” ကျင့်ကုန်းစီက ပြုံးလျက်ပြောသည်။

ထိုလူက ရီဖူရှင်းအား ကြည့်ကာ ထူးခြား ထက်မြက်သော လူများဖြစ်မည်ဟု ကောက်ချက်ချသည်။ သို့သော်လည်း စစ်တုရင်ကျေးရွာကို ရောက်လာသူများက မည်သို့သာမန်လူများ ဖြစ်မည်နည်း။ သို့သော် အများစုက အပျော်သဘောဖြင့် လာရောက် လည်ပတ်ကြခြင်းသာ ဖြစ်သည်။

ရီဖူရှင်းက တိုက်ပွဲကို ဆက်လက်ကြည့်သည်။ စစ်တုရင် အရုပ်များက ကစားကွက်ပေါ်ကို တစ်ခုပြီးတစ်ခု ကျဆင်းလာနေကြသည်။ လီမူ၏အမူအရာက အလွန်အမင်း လေးနက်နေကာ သူ၏အကွက်များကလည်း နှေးကွေးလေးလံ လာနေသည်။

သူက လက်ကို ဝှေ့ယမ်းသည်တွင် လေထဲမှ ဓားအရောင်အဝါ ဆင်းသက်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားက စစ်တုရင်ခုံကို  ရိုက်ခတ် သွားသော်လည်း ထိုအားလှိုင်းကို စစ်တုရင်ခုံကိုယ်တိုင်က တည်ငြိမ်အောင် ပြန်လည်ထိန်းထားခဲ့သည်။

အဘိုးအိုက လက်ဝှေ့ယမ်းသည်။ ဝုန်းခနဲမြည်သွားကာ ဓားအရောင်အဝါ ဖြစ်တည်လာသော စစ်တုရင်ရုပ်များအားလုံး ဟိုမှသည်သို့ လွင့်ပါးသွားကြသည်။ ဓားအရောင်အဝါကလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။

ရီဖူရှင်းထံတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သူက လွတ်လပ်ခြင်း ကျင့်စဉ်ကို အသက်သွင်းလိုက်ပြီး ထိုအခိုက်တွင် သူက ထိုလူနှစ်ယောက်က အမှန်တကယ် စစ်တုရင်ကစားနေခြင်း မဟုတ်ဘဲ တိုက်ပွဲတွင် စစ်တုရင်ခုံအား အသုံးပြုလျက် တိုက်ခိုက်နေကြခြင်းသာ ဖြစ်ကြောင်း သိလိုက်ရသည်။ ဓားအရောင်အဝါက စစ်မြေပြင်တွင် ဖြတ်သန်း သွားလာနေကာ ပြင်းထန်စွာ တိုက်ခိုက်နေသည်။

ထို့နောက် စစ်တုရင်ခုံပေါ်မှ ဓားများစွာနှင့် ပေါင်းစပ်နိုင်သော နောက်ထပ် ဓားတစ်လက် ဆင်းသက် လာပြန်သည်။ ဓားဝင်္ကပါ ဖြစ်တည်လာကာ မြန်ဆန်စွာဖြင့် တစ်ဖက် စစ်တုရင် ရုပ်တုမျာအား တိုက်ခိုက်သည်။

ထိုအခိုက်တွင် အဘိုးအိုကလည်း ရုပ်တုတစ်ခုကို စစ်တုရင်ခုံပေါ်သို့ချလိုက်သည်။ ရီရှင်းက ကောင်းကင်မှ ဆင်းသက်လာသော ဧရာမဖိုအိုးကြီးကို စိတ်ထဲ မြင်ယောင်လာသည်။ ထိုဖိုအိုးကြီးက ဓားအရောင်အဝါများ အားလုံးကို ဖိနှိပ်သွားကာ တိုက်ခိုက်မှုများ အားလုံးကို ပျက်ပြယ်စေသည်။

ဓားများစွာက တုန်ခါသွားပြီး သူတို့က မည်သည့် အချိန်တွင်မဆို ပျက်စီးသွားတော့မည် အခြေဖြစ်လာသည်။

လီမူက အော်ဟစ်ကာ သူ၏လက်နှစ်ဖက်လုံးအား ရှေ့ကို ညွှန်ပြသည်။ ကောင်းကင်မှ ဓားတစ်လက် ဆင်းသက်လာကာ စစ်တုရင်ရုပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တိုက်ပွဲကွင်းပြင်ထဲကို ရောက်လာသည်။ ထိုအခိုက်တွင် ဓားများအားလုံးက ဓားဝင်္ကပါအဖြစ် ပြောင်းလဲ သွားတော့သည်။

သို့သော်လည်း ဝုန်းခနဲ မြည်သံကြားရကာ အလွန်အမင်း လေးလံသော အရုပ်တစ်ခုက ကောင်းကင်မှ ဆင်သက်လာကာ ထောင့်တစ်ခု၌ နေရာယူသွားသည်။

ထိုအပိုင်းအစက စစ်တုရင်ခုံနှင့် ထိတွေ့သည်တွင် အလွန် အရှိန်အဝါကြီးသော ဖိအားတစ်ခု ဖြစ်ပေါ်လာပြီး ဓားဝင်္ကပါကို ပြင်းထန်စွာ တိုက်ခိုက် ဖျက်ဆီးသည်။ ရွေအိုရောင် ဖိုအိုးကြီးက ရောင်စဉ်ရောင်ဝါများ ထုတ်လွှတ်ကာ ဓားအရောင်အဝါများ အားလုံးကို ပျက်စီးစေပြီး ပတ်ဝန်းကျင် တစ်ခုလုံးအား ပိတ်ဆို့သည်။ လီမူ၏ပါးစပ်မှ သွေးများ စီးကျလာကာ သူ၏ ခန္ဓာကိုယ်ကလည်း ပြင်းထန်စွာ တုန်ခါသည်။

“ကျုပ်ရှုံးသွားပြီ…” လီမူက မသက်မသာ ပြုံးကာ ပြောသည်။ သူကား ပထမဆုံး ကစားပွဲကိုပင် ကျော်ဖြတ်နိုင်စွမ်း မရှိပေ။ စစ်တုရင်ရှန့်ထို၏ နာမည်ကား အမှန်ပင် ကျော်ကြား ထိုက်ပေသည်။ လီမူက စစ်တုရင်ပညာကို ပင်မပညာအဖြစ် မလေ့လာသော်လည်း ဝင်္ကပါပညာတွင် ထူးချွန်သူ တစ်ယောက်အနေဖြင့် စစ်တုရင်ပညာကိုလည်း အနည်းငယ် လေ့လာလိုက်ရုံမျှဖြင့် အဆင့်မြင့်မြင့် ကစားနိုင်ပေသည်။ သို့သော်လည်း စစ်တုရင်ရှန့်ထို ဖန်တီးထားသော ကစားပွဲကိုးခုကား အမှန်ပင် သိမ်မွေ့နက်ရှိုင်းကာ ကျော်ဖြတ်ရန် ခက်ခဲပေသည်။

“ဆရာလီ… ခင်ဗျားရဲ့တိုးတက်မှုက အံ့မခန်းပါပဲ.. ဒီအတိုင်းသာ ဆက်သွားရင် ဒီကစားပွဲကို မင်းက သေချာပေါက် ကျော်ဖြတ်နိုင်မှာပဲ…” အဘိုးအိုက ပြောသည်။

လီမူက ခေါင်းညိတ်သည်။ သူက တစ်ပွဲရှုံးရုံမျှဖြင့် လက်လျှော့မည် မဟုတ်သည်မှာ သေချာသည်။ သူက လက်မြှောက် အရှုံးပေးရကာ စစ်တုရင်ရှန့်ထို၏ ပညာအမွေကို ဆက်ခံနိုင်စွမ်း မရှိလျှင်ပင် ခရီးက သူ့အတွက် အတွေ့အကြုံ ရပေသည်။

“အရမ်း ကောင်းတယ်…” ရီဖူရှင်း၏နောက်မှ ဝမ်ရှင်းက ပြောသည်.. “စစ်တုရင်ရုပ်တွေနဲ့ ဝင်္ကပါ တည်ဆောက်ပြီးတော့ တစ်ဆင့်ချင်း သေသေချာချာ တွက်ဆနိုင်တယ်… ကစားကွဲထဲမှာ အပြောင်းအလဲ အများကြီးကိုလည်း မြင်ရတယ်… ဒါပေမဲ့ အဆုံးသတ်မှာတော့ မူလအရင်းအမြစ် ဆီကိုပဲ ဦးတည်ခဲ့တာပါပဲ…”

“ခင်ဗျားလည်း စစ်တုရင် ကစားလား ဦးလေး…”  ရီဖူရှင်းက မေးသည်။

“တန်ခိုးရှင်တွေရဲ့ လမ်းစဉ်တွေက တစ်ခုနဲ့တစ်ခု တစ်နည်းနည်းနဲ့ ဆက်စပ်နေကြတာပဲ… ဒါကြောင့် တစ်စုံတစ်ယောက်က ပညာရပ်တစ်ခုခုကို လေ့လာချင်စိတ်ရှိရင် ဒါက သိပ်ခက်ခဲတဲ့ကိစ္စ မဟုတ်ဘူး…” ဝမ်ရှင်းက ပြောသည်။

“ဘယ်လိုလဲ…” ရီဖူရှင်းက စိတ်ဝင်စားစွာ မေးသည်။

“စစ်တုရင်ကစားတာက အကွက်ခင်းတာနဲ့ တစ်ဖက်လူရဲ့ အကွက်တွေကို ခန့်မှန်း တွက်ချက်တာမှာ မူတည်တယ်… ဒီဖြစ်စဉ်မှာ မင်းက တစ်ဆင့်ချင်းတိုင်းကို တစ်ဖက်လူရဲ့ လုပ်ရှားမှုအပေါ် မူတည်ပြီး တွက်ချက်ရတာပဲ… ဒါကြောင့် ကစားသမားက ဖြစ်နိုင်ဖွယ် တွက်ချက်မှုကို တိတိကျကျ လုပ်နိုင်ရင် ဒါက ရိုးရှင်းတဲ့အရာတစ်ခုပဲ…” ဝမ်ရှင်းက ပြောသည်။

ရီဖူရှင်း၏ မျက်လုံးများထဲတွင် အရောင်များ လက်သွားသည်။ သည်ဗေဒင်ဆရာကား နတ်က္ခတ်ပညာတွင် ထူးချွန်ပေသည်။ အကယ်၍ သူက လူတစ်ယောက်၏ ကံကြမ္မာကိုပင် တွက်ချက်နိုင်သည် ဆိုပါက စစ်တုရင် ကစားပွဲအပေါ် တွက်ချက်ခြင်းက သူ့အတွက် အမှန်ပင် လွယ်ကူလွန်းပေသည်။

ကျင့်ကုံးစီက ဝမ်ရှင်းအား အံ့အားသင့်စွာ ကြည့်သည်။ သည်အဘိုးအိုက ရူးသွပ်သွားပြီလား…။ ဖြစ်နိုင်ဖွယ်များ အားလုံးကို တွက်ချက်သည်တဲ့လား။

“စစ်တုရင်ခုံတစ်ခုမှာ နယ်ရုပ်တွေအတွက် နေရာအများကြီး ရှိတယ်ဆိုပေမဲ့ ဖြစ်နိုင်ဖွယ်တွေ ကလည်း အရမ်းကို များလွန်းတယ်… ဒါကြောင့် ဖြစ်လာနိုင်ဖွယ် ရွှေ့ကွက် တစ်ခုစီတိုင်းကို လိုက်ပြီးတော့ တွက်ချက်တယ် ဆိုတာ ဖြစ်နိုင်ပါ့မလား…” သူက ဝမ်ရှင်းကို နားမလည်သလို ကြည့်သည်။ ဝမ်ရှင်းပြောသည်က သဘောတရားအရ ဖြစ်နိုင်သော်လည်း ကျင့်ကုန်းစီ၏ဆရာက ပြောသည့် စစ်တုရင်ပညာ၏ အနှစ်သာရနှင့် လွန်စွာ ကွဲလွဲနေသည်။

စစ်တုရင်ကစားရန် အမှန်ပင် ရိုးရှင်းသော်လည်း ပြည်နယ်ကိုးခုတွင် စစ်တုရင် ရှန့်ထို တစ်ယောက်တည်းက အဘယ်ကြောင့် ကျော်ကြား ရသနည်း။

“ဒါကို အများကြီး ရှုပ်ထွေးအောင် မစဉ်းစားနဲ့… မင်းက တစ်ဖက်လူရဲ့ ရွှေ့ကွက်တွေကိုပဲ တွက်ဖို့လိုတာ…” ဝမ်ရှင်းက ပုံမှန်သဘောဖြင့် ပြောသည်။

“ရူးနေတာပဲ…” ကျင့်ကုန်းစီက သူ့ဘက်ကို လှည့်ကာ ပြုံးလျက်ပြောသည်… “ဒါဆိုလည်း ခင်ဗျားတို့က တစ်ပွဲလောက် စမ်းကြည့်ပါလား…”

ဝမ်ရှင်းက ရီဖူရှင်းနှင့် တခြားလူများကို ကြည့်ကာပြောသည်… “မင်းတို့ထဲက တစ်ယောက်ယောက် ငါ့ကိုယ်စား ကစားကြည့်ချင်လား…”

ရီဖူရှင်းက မျက်လုံးပြူးသွားကာ ပတ်ပတ်လည်မှ လူများကို မေးသည်… “ဘယ်သူရှိလဲ…” သို့သော်လည်း မျက်လုံးများ အားလုံးက ရီဖူရှင်းထံတွင် ရောက်နေသည်။ ရီဖူရှင်း စိတ်ပျက်သွားသည်။ အမြဲတမ်း နန်းတော်သခင် ကိုယ်တိုင်က ဝင်ပါနေရမှာလား..။

“စုချွဲ…” ရီဖူရှင်းက ခေါ်လိုက်သည်တွင် စုချွဲ၏မျက်လုံးက တစ်ဖက်ကို လှည့်သွားသည်။

“ချိန်ချူ…” ရီဖူရှင်းက ထပ်ခေါ်လိုက်သည်တွင် ကျွေ့ချိန်ချူကလည်း သူ၏သေရည်ကို ထုတ်လျှက် တစ်ဖက်ကို လှည့်ကာ သောက်နေသည်။

“အစ်ကိုခုနစ်…” ရီဖူရှင်း ခေါ်သည်တွင် ဖက်တီးက သူ့အား သနားစဖွယ်ကြည့်ကာ တစ်ဖက်ကို လှည့်သွားသည်။

ရီဖူရှင်း၏မျက်နှာက သုန်မှုန်သွားသည်။ ကောင်းပြီလေ… နန်းတော်သခင်က လွတ်လပ်တဲ့ စိတ်နှလုံးရှိလို့ ဒီလူတွေအပေါ်မှာ အားမကိုးတော့ဘူး…။ ထိုသို့ တွေးရင်းဖြင့်ပင် သူက စစ်တုရင်ခုံထက်ကို တက်လိုက်သည်။ ချက်ချင်းပင် ထူးဆန်းသော စွမ်းအင်တစ်ခုအား ရီဖူရှင်းက ခံစားရသည်။ ထိုစွမ်းအားက ပါဝင်ယှဉ်ပြိုင်သူ၏ တန်ခိုးအဆင့်အား ကန့်သတ်လိုက်ကာ တန်ခိုးအဆင့် မြင့်မားခြင်းဖြင့် အသာစီးရမည်ကို တားမြစ် ထားခြင်းလည်း ဖြစ်သည်။

“စီနီယာက လမ်းညွှန်ပေးပါ…” ရီဖူရှင်းက ဦးညွှတ်ကာ ပြောသည်။

“မင်းအရင်ရွှေ့ပါ…” အဘိုးအိုက ပြောသည်။

“ကျေးဇူးပြုလို့ စီနီယာက အရင်ရွှေ့ပေးပါ…” ရီဖူရှင်းက ပြောသည်။ သူက မည်သည့်အကွက်ကို စတင် ရွှေ့ရမည် နားမလည်ပေ။

အဘိုးအိုက ဘာမှ မပြောဘဲ​ လက်ဝှေ့ယမ်းလိုက်သည်။ ပထမဆုံးအရုပ်က အလွန်အမင်း လေးလံစွာဖြင့် တောင်တစ်လုံးအလား ကျဆင်းလာသည်။ ရီဖူရှင်းက ကြီးမားသော ဖိအားကို ခံစားရကာ စစ်တုရင် ကစားနေရသည်ထက် တကယ်တိုက်ပွဲ တစ်ခုကို ရင်ဆိုင်နေရသလို ခံစားလိုက်ရသည်။

ရီဖူရှင်း စောင့်နေသည်။

“မင်းစိတ်ထဲ ပေါ်လာသလိုသာ ရွေ့လိုက်…” ဝမ်ရှင်းက ပြောသည်။

ရီဖူရှင်းက တစ်စုံတစ်ယောက်ကို ရိုက်နှက်ချင်စိတ် ဖြစ်လာသည်။ သူက စစ်တုရင်ကို ကောင်းကောင်း ကစားတတ်လျှင်ပင် စစ်တုရင်ကျေးရွာမှလူကို မယှဉ်နိုင်ပေ။ ပိုဆိုးသည်ကား သူက စစ်တုရင်ကို နားမလည်ခြင်းပင်။

သူက လက်ဝှေ့ယမ်းကာ လောကဓာတ်အား အရုပ်တွင် ပေါင်းစပ်စေလျက် ကစားကွက်တစ်ခုထဲ ထည့်လိုက်သည်။ ဝုန်းခနဲမြည်သွားကာ ကြယ်တစ်လုံးက စစ်တုရင်ခုံပေါ်ကို ရောက်လာသည်။

“သူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…” လူအများအပြားက ရီဖူရှင်းကို ကြည့်ကြသည်။ ပထမဆုံး အကွက်အား မည်သူကမှ နားလည်နိုင်စွမ်း မရှိကြပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset