ယွီကျင့်မြို့ကား အလွန်အမင်း စည်ကားကာ နာမည် အကျော်ဆုံးနေရာကို ပြပါဆိုလျှင် ချိန်ယွီအိမ်တော်ကို ပြရမည်ဖြစ်သည်။ ကျင့်ဟွာတောင်ကား စွမ်းအားအမြင့်ဆုံး တန်ခိုးရှင်များကို ပိုင်ဆိုင်ပြီး ယွီကျင့်အိမ်တော်က အကောင်းဆုံး သေရည်များအား ပိုင်ဆိုင်သည်။ သို့သော်လည်း ချိန်ယွီအိမ်တော်မူကား အလှဆုံးသော မိန်းမပျိုများအား ပိုင်ဆိုင်သည်။
ထိုနာမည်ကျော် သုံးနေရာတွင် ကျင့်ဟွာတော်ကား စစ်တုရင်ရှန့်ထို နေထိုင်ရာ နေရာဖြစ်ပြီး အစည်ကားဆုံး နေရာ ဖြစ်သည်မှာလည်း သေချာသည်။ ယွီကျင့်အိမ်တော်ကား မြို့တော်ဝန်၏ အိမ်တော်ဖြစ်ကာ အိမ်တော်ကို ဖိတ်ကြားခံရသော ဧည့်သည်များ အကောင်းဆုံးသော သေရည်များကို သုံးဆောင်ရသည်။ ချိန်ယွီအိမ်တော်ကား ကန့်သတ်ချက် များပြားသောနေရာ ဖြစ်သည့်တိုင် ဧည့်သည် အများဆုံးသော နေရာဟုလည်း ပြောနိုင်သည်။
ချိန်ယွီအိမ်တော်ကား အမှန်တကယ်အားဖြင့် အိမ်တော်ဟုခေါ်ရန် ခက်ခဲပြီး တိတိကျကျဆိုရလျှင် ဇိမ်ခံလှေ သို့မဟုတ် ပေါလောမျောနေသော စားသောက်ဆိုင်ဟု ပြောရပေမည်။ ထိုနေရာကား အလွန်အမင်း တက်ကြွလှပသော အဆင်တန်ဆာများဖြင့် ပြင်ဆင်ထားပြီး ကျောက်စိမ်းကမ်းခြေ၏ ရေကန်ထဲကို ထွက်နေသော ကမ်းပါးစွမ်း၌ တည်ဆောက် ထားခြင်းလည်း ဖြစ်သည်။
ရီဖူရှင်းအတွက် အကြီးမားဆုံး ဆွဲဆောင်မှုကား သံသယ ရှိစရာမလိုအောင်ပင် လှေပေါ်မှ မိန်းကလေးများ ဖြစ်ကြသည်။ ထို့ကြောင့် သူက ကျောက်စမ်း ကမ်းခြေကို တမင် ရောက်အောင်လာခဲ့ကာ လှေနံရံတွင်မှီလျက် ထိုင်နေသည်။ သူ့ရှေ့တွင်ကား မိန်းကလေးများ ကခုန်နေသည့် မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ရပေသည်။
“တော်တော် ကြည့်ကောင်းတယ်… ဟုတ်တယ်မလား…” ဟွာဂျီယူက မျက်နှာကိုပဝါဖြင့် ဖုံးကွယ်ထားကာ ရီဖူရှင်း၏ဘေးတွင် ရပ်နေသည်။ ဟွာဂျီယူသာ မဟုတ်ဘဲ ရီဖူရှင်းနှင့်အတူ ပါလာသော မိန်းကလေးများ အားလုံးက ပဝါဖြင့်မျက်နှာကို ကွယ်ထားကြသည်။ အကယ်၍ ထိုသို့ လှပသော မိန်းကလေးများက ဤနေရာကို ရောက်လာသည်ဆိုလျှင် များစွာသော လှုပ်ခတ်မှုများ ဖြစ်လာနိုင်ပေသည်။
“အမှန်ပဲ…” ရီဖူရှင်းက ရိုးရိုးသားသား ခေါင်းညိတ်ကာ ဟွာဂျီယူကို ပြောသည်.. “သေချာတာပေါ့… ငါ့မိန်းမလောက် ဘယ်သူလှပါ့မလဲ…”
“သူတို့ကတာက ပိုလှတယ်လို့ ငါထင်တယ်… မိန်းကလေးတစ်ယောက် ဖြစ်တဲ့ငါကတောင် ငေးကြည့်ရတယ်…” ဟွာဂျီယူက ပြောသည်။
“မင်းပြောတာ မှန်တယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။
ဟွာဂျီယူက ရီဖူရှင်း၏နားတွင် ကပ်၍ တီးတိုးပြောသည်… “ငါနင့်အတွက် ကပေးရမလာ…”
ရီဖူရှင်းက မျက်လုံးပြူးသွားကာ နှလုံးခုန်သွားသလို ခံစားလိုက်ရသည်။ သူတို့ ငယ်ရွယ်စဉ်အချိန်ခါ ဟွာဂျီယူက ကခုန်၍ တစ်မြို့လုံး၏ အာရုံများအား ဆွဲငင်ညို့ယူ သွားခဲ့ဖူးသည်ကို သူပြန်သတိရသည်။ ယခု ထိုသို့ထပ်မံ အခွင့်အရေး ရလာတော့မည်လား။
“ညရောက်တော့မှ ကရအောင်…” ရီဖူရှင်းက တီးတိုးပြောသည်။
“ကောင်းပြီ…” ဟွာဂျီယူက ပြုံးလျက် ပြန်ပြောသည်။ ရီဖူရှင်းက သူမအားကြည့်ကာ မယုံကြည်နိုင်ဖွယ် ခံစားချက်အား ရနေသည်။
“ဂျီယူ… သူက မိန်းကလေးတွေကို ကြည့်ဖို့ပဲ ရောက်လာတယ်လို့ ငါက ဘာလို့ ထင်နေရတာလဲ…” ကျူးကော့မင်းယွီက ဟွာဂျီယူဘေးတွင် ထိုင်လျက် ပြောသည်။ သူမက ရီဖူရှင်းကို ပြုံးလျက်ကြည့်ကာ ဂူတုံးလျိုကို ရိုက်နှက်လိုစိတ်များ ဖြစ်လာသည်… “မင်းတို့အစ်ကို တကယ်ပဲ မိန်းမလှလေးတွေကို ကြည့်ဖို့ အချိန်အခါကောင်း ရောက်နေတာပဲ…”
“မိန်းမလှလေးတွေဆိုတာ ယောက်ျားတွေရဲ့ မျက်စိအစာပဲ…” ဂူတုံးလျိုက လေးနက်စွာ ပြောသည်။ ကျူးကော့မင်းယွီက သူ့အား ပြုံးလျက် ကြည့်သည်။ ရီဖူရှင်းကလည်း လေးနက်သော အမူအရာဖြင့် ကြည့်နေသော ဂူတုံးလျိုအား အံ့အားသင့်စွာ ကြည့်သည်။ စီနီယာကား စီနီယာသာ ဖြစ်သည်။ သူက များစွာ သင်ယူရပေဦးမည်။
လူအုပ်ထဲမှ လှုပ်လှုပ်ရှားရှား အသံများ ကြားကြရသည်။ လှေ၏ခန်းဆီး လိုက်ကာအား ဖယ်လိုက်သည်တွင် နောက်ထပ် မိန်းကလေးတစ်စု ပေါ်လာသည်။ အလယ်ဗဟိုတွင် ကခုန်နေသော မိန်းကလေးကား အလွန်အမင်း လှပချောမောကာ လူတိုင်းက သူမအား ငေးကြည့် ကြရသည်။
“နတ်မိမယ်ဟန်ယွီ…” များစွာသော ခေါ်သံများအား ကြားကြရသည်။ သည်မိန်းမကား ချိန်ယွီအိမ်တော်၏ အလှဆုံး မိန်းကလေးဖြစ်သော နတ်မိမယ်ဟန်ယွီ ဖြစ်သည်။
သူမ၏အလှက ယွီကျင့်မြို့၏ နံပါတစ်အလှမယ် ဖြစ်သော မြို့စားကတော်နှင့် နှိုင်းယှဉ်နိုင်သည်ဟု အတော်များများက သတ်မှတ်ကြသည်။ သို့သော်လည်း သူမ၏နိမ့်ကျသော အဆင့်အတန်းက စစ်တုရင်ရှန့်ထို၏ ဒုတိယတပည့်ကို နှိုင်းယှဉ်ရန် ခက်ခဲပေသည်။
“တကယ်ပဲ မိန်းမလှပဲ…” ရီဖူရှင်းက ပြုံးသည်။ နတ်မိမယ်ဟန်ယွီကား ကု့ချင်းသံစဉ်နှင့်အတူ လိုက်လျောညီထွေစွာ ကပြဖျော်ဖြေပေးနေသည်။ မီးခိုးလေးများက ညင်သာသော လှုပ်ရှားဟန်များကို ပံ့ပေးပေးနေသလို တိတ်ဆိတ်သော ညခင်း အချိန်အခါတွင် အမှန်ပင် ကောင်းကင်မှ နတ်မိမယ်တစ်ပါး မြေပြင်ပေါ်ကို ဆင်းသက် ကခုန်နေသည်နှင့် တူလှပေသည်။
“ဂီတသံစဉ်ကလည်း တော်တော်ကို သာယာလှပတယ်…” ရီဖူရှင်းကလည်း သူမြင်သည်များကို စတင်၍ ချီးကျူးတော့သည်။ ကျူးကော့မင်းယွီက ရီဖူရှင်းအား ပြုံးလျက်ပြောသည်…” လက်ထပ်လိုက်ရင် ယောက်ျား တစ်ယောက်က စပြီးတော့ ပြောင်းလဲတော့တာပဲ…”
“မှန်တယ်…” ဟွာဂျီယူကလည်း ခေါင်းညိတ်သည်။
နတ်မိမယ်ဟန်ယွီက သူမ၏ပရိသတ်များအား ဦးညွှတ်သည်တွင် အားလုံး သောင်းသောင်းဖြဖြ အားပေးကြသည်။ လူအများအပြားက အော်ဟစ်ကြသည်… “သူမကို ဆုချကြဟေ့…” မရေမတွက်နိုင်သော စိတ်ဝိညာဉ် ကျောက်တုံးများ၊ သိဒ္ဓိဝင် လက်နက်များနှင့် ရတနာများက သူမရှိရာ လှေကလေးသို့ ပျံဝဲတက်လာကြသည်။
“ကျင့်ကုန်းစီက ရှီအဆင့် လက်နက်တစ်ခုကို လက်ဆောင်အဖြစ် ပေးအပ်ပါတယ်…” မိန်းကလေး အသံတစ်သံကို ကြားသည်တွင် အားလုံး၏ မျက်လုံးများက လှေ၏ အရှေ့ဆုံးနေရာကို ရောက်သွားကြသည်။ ထိုနေရာတွင်ကား ထူးခြားသော လူငယ်တစ်ယောက်က နတ်မိမယ်ဟန်ယွီ၏ အလှအပများအား ငေးမော ကြည့်ရှုနေသည်။
“ကျင့်ကုန်းစံက အမြဲတမ်း ရက်ရောတာပဲ…” လူအများအပြားက ပြုံးလျက် ပြောကြသည်။
“ကျင့်ကုန်းစီက အမြဲတမ်း ဒီကို လာပြီးတော့ အထူးဧည့်သည်တော် ဖြစ်နေတာလည်း ကြာပြီ… ဒီနေ့လည်း သူက ထုံးစံအတိုင်း ရောက်နေပြီ…” တစ်ယောက်က ပြောသည်။ အဖိုးအထိုက်ဆုံး ရတနာများအား လက်ဆောင် ပေးနိုင်သူများက အထူးဧည့်သည်တော် အဖြစ် ဖိတ်ကြားခံရကာ နတ်မိမယ်ဟန်ယွီ၏ လှေကလေးတွင် ထိုင်၍ အနီးကပ် ကြည့်ရှုနိုင်ပေသည်။
အမှန်တကယ်အားဖြင့် တန်ခိုး အဆင့်မြင့်လာလေလေ အလှအပတရားအား ရာဂစိတ်မပါဘဲ ကြည့်နိုင်ကာ စိတ်နှလုံးများကလည်း ကျောက်စိုင် ကျောက်ခဲများလို ခိုင်မြဲကြသည်သာ။ ထို့ကြောင့် ဤသို့သော တန်ဖိုးကြီး ရတနာများအား မိန်းမလှတစ်ယောက် အပေါ်တွင် လာရောက် ဖြုန်းတီးသော တန်ခိုးရှင် တစ်ယောက်ကား ရှားပါးလွန်းသော ဖြစ်တည်မှု တစ်ခုလည်းဖြစ်သည်။
“ဦးလေး… သူမကို အလယ်အလတ် အဆင့်ရှီ လက်နက်တစ်ခု ပေးလိုက်ပါ…” ရီဖူရှင်းက နောက်လှည့်ကာ ပြောသည်။ သူက ဤနေရာတွင် ဦးလေးဟုခေါ်သော လူတစ်ယောက်တည်းသာ ရှိကာ သူကား ဝမ်ရှင်းဖြစ်သည်။
“အမ်…” ဝမ်ရှင်းက အံ့အားသင့်သွားသည်။ ရီဖူရှင်းက သူ့အား မေးနေသည်လား။ ဝမ်ရှင်းနန်းဆောင် သခင်အား အကမယ်တစ်ယောက်ကို ဆုချခိုင်းနေသည်။ နန်းတော်သခင်ကား သူလုပ်ချင်သလို လုပ်နေလေပြီ။
ရီဖူရှင်းက ဝမ်ရှင်းကို ပြုံးရယ်ကာ ကြည့်သည်။ သူကား မည်သို့ဆိုစေ သူတို့အုပ်စုထဲတွင် အချမ်းသာဆုံး လူတစ်ယောက် ဖြစ်ပေသည်။ ထို့ကြောင့် ဤသို့သော တောင်းဆိုမှုတွင် ဝမ်ရှင်းထက် သင့်တော်သောလူကို သူ ရှာမတွေ့ပေ။
ဝမ်ရှင်းက မသက်မသာပြုံးကာ ခေါင်းယမ်းသည်။ ထို့နောက် သူက ရှီလက်နက်တစ်ခုအား ထုတ်ကာ ပေးလိုက်သည်။ လက်ဆောင်ကို လက်ခံယူသော မိန်းကလေးက နားမလည်ဟန်ဖြင့် မေးသည်… “ဒီလက်ဆောင်ကို ဘယ်သူက ပေးတာပါလဲ လူကြီးမင်းရှင့်…”
“ကျုပ်တို့ရဲ့ဆရာရီ…” ဝမ်ရှင်းက ပြောသည်။ မိန်းကလေးက ခေါင်းညိတ်ကာ ရီဖူရှင်းအား ပြောသည်… “ဆရာရီက အလယ်အလတ် အတန်းစား ရှီလက်နက်တစ်ခုကို လက်ဆောင် ပေးပါတယ်… ”
များလုံးများစွာက ရီဖူရှင်းထံကို ရောက်လာသည်။ အလယ်အလတ် ရှီလက်နက်အား လက်ဆောင် ပေးသည်လား။ ထိုလူငယ်က မည်သူနည်း။ ကျင့်ကုန်းစီကဲ့သို့သော လူများလား။
ရီဖူရှင်းနှင့်ပတ်သက်၍ လူအများအပြားက စိတ်ဝင်စား လာခဲ့ကြသည်။ လက်တလော ယွီကျင့်မြို့ကို လာရောက်သူများ အများအပြားရှိကာ သူက ထိုလူများထဲမှ တစ်ယောက်လား။ သို့သော်လည်း ထိုနာမည်ကျော်များ ထဲတွင် ဆရာရီဟူသော လူကို သူတို့ခန်းမှန်း၍ မရပေ။
ခဏအကြာ လှေပေါ်မှ မိန်းကလေးက ရီဖူရှင်းအားကြည့်ကာ ပြောသည်… “ဆရာရီက လှေကလေးပေါ်ကို လာဖို့ ဖိတ်ကြားပါတယ်…”
နတ်မိမယ် ဟန်ယွီကလည်း လှပသော မျက်လုံးများဖြင့် ရီဖူရှင်းကို ကြည့်ကာ ခေါင်းညိတ်သည်။
“ခင်ဗျားတို့ တီးခတ်တဲ့သံစဉ်နဲ့ အလှတရားကို ကြည့်ရှု ခံစားရရုံနဲ့ ဒါက ပြည့်စုံပါပြီ… နတ်မိမယ်ကို ကျေးဇူးတင်ပါတယ်… ကျင့်ကုန်းစီအတွက် သက်သောင့်သက်သာနဲ့ အပန်းဖြေခြင်းကို မနှောင့်ယှက်လိုပါဘူး… ” ရီဖူရှင်းက ယဉ်ကျေးစွာ ငြင်းပယ်သည်။
လူအများအပြားက နားမလည်စွာ ကြည့်ကြသည်။ လူစိမ်းကား အလယ်အလတ်တန်းစား ရှီလက်နက်ကို လက်ဆောင်အဖြစ် ပေးခဲ့ရုံသာမက လှေပေါ်ကို လာရန်ပင် စိတ်ပါပုံမရပေ။
နတ်မိမယ်ဟန်ယွီ၏ မျက်လုံးများထဲတွင် စိတ်ဝင်စားဟန်များ အထင်းသား တွေ့ရသည်။ တန်ခိုးရှင်များက အလွန် အားကောင်းသော စိတ်အားသတ္တိကို ပိုင်ဆိုင်ကြောင်း သူမက သိနားလည်သော်လည်း သည်နေရာကို ရောက်လာပြီးမှ သူမ၏ ဖိတ်ကြားမှုကို ငြင်းပယ်သူအား မတွေ့ဖူးသေးပေ။
“ကောင်းပါပြီ…” မိန်းကလေးက သိပ်မပြောတော့ပေ။ သူမက ပြုံးလျက်သာ ခေါင်းညိတ်သည်။
ကျင့်ကုံးစီက ရီဖူရှင်းအား ကြည့်သည်တွင် ရီဖူရှင်း၏အနီးမှ မိန်းကလေးများကို မြင်သည်။ ထို့နောက် သူက ပြုံးလျက်မေးသည်… “ဒါဆို မင်းကလည်း မိန်းကလေးတွေကို သဘောကျတာလား.. ”
“ကောင်းပြီ… ဘယ်သူက သဘောမကျလဲ…” ရီဖူရှင်းက ပြောသည်… “သဘောမကျဘူးလို့ ပြောရင် ဒါက လိမ်တာပဲ…”
“စိတ်ဝင်စားစရာပဲ…” ကျင့်ကုန်းစီက ပြုံးလျက်ပြောသည်… “မင်းက ကျင့်ဟွာတောင် ကိစ္စအတွက် လာတာလား…”
“အမှန်ပဲ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ကျင့်ကုန်းစီ၏ နာမည်အရ သူကား ကျင့်ဟွာတောင်၏ နဝမမြောက်တပည့်ဟု ဆိုလိုပေသည်။
“ငါ့မှာ တခြားအစ်ကို အစ်မ ရှစ်ယောက် ရှိသေးတယ်… ဘာလို့ ငါ့ဆီလာတာလဲ…” ကျင့်ကုန်းစိက ပြုံးလျက်မေးသည်။
“မင်းက စိတ်ဝင်စားစရာ အကောင်းဆုံးလူ ဖြစ်လို့ပဲ…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။ ရီဖူရှင်းက သူ၏ကံကို လာစမ်းကတည်းက သိသင့်သိထိုက်သည် များအား စုံစမ်းထားပြီးလည်း ဖြစ်သည်။ စစ်တုရင်ရှန့်ထို၏ စစ်တုရင်ရတနာအား ဆက်ခံလိုသူက တပည့်ကိုးယောက်၏ ထောက်ခံမှုကို ဦးစွာရယူလျက် စစ်တုရင်ကျေးရွာထဲကို ဝင်ရောက်ရမည် ဖြစ်သည်။ ထို့ကြောင့် ရီဖူရှင်းက စစ်တုရင်ရှန့်ထို၏နဝမမြောက်တပည့် လာလေ့ရှိသော နေရာကို ရောက်လာခြင်း ဖြစ်သည်။
“ဒါက လိမ်ညာပြောတဲ့ လေသံနဲ့တူပေမဲ့ ငါသဘောကျတယ်…” ကျင့်ကုန်းစီက ပြုံးလျက်မေးသည်… “မင်းက စစ်တုရင် ကစားတတ်လား…”
ရီဖူရှင်းက ထူးဆန်းသလို ခံစားပြီးမှ ခေါင်းညိတ်ကာ ပြောသည်… “ကစားတတ်တယ် ထင်တာပဲ…”
စစ်တုရင် ကစားခြင်းကား လွယ်ကူသည်။ စစ်တုရင် ကစားခြင်းကို မသိနားမလည်သောသူ လောကကြီးတွင်ကော ရှိပါ၏လော။ ထို့အပြင် တခြားပညာရပ် တစ်ခုကို ပိုမို၍ နားလည်ခြင်းကလည်း ကောင်းမွန်သော ကိစ္စတစ်ခုဖြစ်ပေသည်။
“တစ်ခါလောက် ကစားကြည့်ကြမလား…” ကျင့်ကုန်းစီက ပြုံးလျက် ပြောသည်ကာ လက်ဝှေ့ယမ်း လိုက်သည်။ ချက်ချင်းပင် စားပွဲတစ်လုံးနှင့် စစ်တုရင်တစ်စုံ ဖြစ်ပေါ်လာသည်။ ရီဖူရှင်းကလည်း တုံ့ဆိုင်းမနေဘဲ အနက်ရောင် နယ်ရုပ်တစ်ရုပ်အား စတင်၍ ရွှေ့လိုက်သည်။ ကျင့်ကုန်းစီကလည်း မြန်မြန်ဆန်ဆန်ပင် တစ်ကွက် ရွှေ့လိုက်သည်။
လူအများအပြားက ဝိုင်းအုံလာကြသည်။ ကျင့်ကုန်းစီက ဤနေရာတွင် လူစိမ်းတစ်ယောက်နှင့် စစ်တုရင်ကစားမည်ဟု မည်သူကမှ မထင်ထားကြပေ။
ရီဖူရှင်းကလည်း နောက်တစ်ကွက် ရွှေ့လိုက်သည်။ ကျင့်ကုန်းစီ၏ မျက်လုံးများက ဖျတ်ခနဲ လင်းလက်သွားကာ သူ့မျက်နှာ၌ ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာသည်။ ရီဖူရှင်းက ထိုအကွက်အား အဘယ်ကြောင့် ရွှေ့လိုက်သည်ကို နားလည်ခြင်း မရှိပေ။
ဒါက ကစားသည့်ပုံစံ အသစ်လား….။ ဤသို့သော နည်းလမ်းဖြင့် မည်သူကမှ ကစားကြမည် မဟုတ်ပေ။
ကျင့်ကုန်းစီက တစ်ကွက် ထပ်ရွှေ့သည်။ သူတို့နှစ်ယောက်လုံးက မြန်မြန်ဆန်ဆန် တိုက်ခိုက်ကြကာ မကြာမီ ရီဖူရှင်း၏နောက်မှ ဓားသခင်၊ ဂူတုံးလျိုနှင့် တခြားလူများ အားလုံး သက်သောင့်သက်သာ မရှိသလို ခံစားလိုက်ကြရသည်။
“မင်း တကယ်ကော စစ်တုရင် ကစားတတ်လား…” စုချွဲက လေသံပျော့ဖြင့် မေးသည်။ ရီဖူရှင်း၏ အရုပ်များကား တစ်ဖက်လူထံတွင် မြန်ဆန်စွာပင် အစားခံနေရသည်။
“သိတာပေါ့… အခုကစားနေတာ ဘယ်သူလို့ မင်းထင်လဲ…” ရီဖူရှင်းက စုချွဲကို ဒေါသတကြီး ကြည့်သည်။ ဒါက အကွက်တွေ ရွှေ့တဲ့ကစားနည်းပဲ…။ ဘယ်သူက မရွှေ့တတ်လို့လဲ…။
ပရိသတ်များ အားလုံးက ရီဖူရှင်းက အံ့အားသင့်စွာ ကြည့်ကြသည်။ သူတို့က ကစားသမားကောင်း နှစ်ယောက်၏ပွဲကို ကြည့်ရတော့မည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် သူတို့ရှေ့မှ မြင်ကွင်းကား မယုံကြည်နိုင်စရာပင်။
ဝမ်ရှင်းက သည်ခရီးကို လာခဲ့ခြင်းအပေါ် စတင်၍ နောင်တရလာသည်။ သည်ကောင်ကား နန်းတော်တွင် ပုံမှန်ဖြစ်ကာ ယခုမှ မည်သို့ လူစားမည်သည်ကို စတင်၍ စဉ်းစားလာရသည်။
သူက မှားယွင်းစွာ ဟောကိန်း ထုတ်ခဲ့မိသည်များလား။
မကြာမီ ရီဖူရှင်း၏ဘက်မှ အကောင်များ အားလုံးအစားခံရကာ အရှက်တကွဲ ရှုံးနိမ့်သွားတော့သည်။
“ပွဲကောင်းပဲ… အစ်ကိုရီ…” ကျင့်ကုန်းစီက ရီဖူရှင်းကို ပြောသည်။ သူက ပြိုင်ဘက်ကောင်းနှင့် တွေ့ခဲ့ရသည်မှာ သည်တစ်ခါ ပထမဆုံးလည်း ဖြစ်သည်။
“ကျင့်ကုန်းစီက စစ်တုရင်ပညာမှာ တကယ် ကောင်းတာပဲ… ကျုပ်က အများကြီး သင်ရဦးမယ်… ” ရီဖူရှင်းက ပြောသည်။
အဟွတ်… အဟွတ်… ဘေးနားမှ တစ်ယောက် လည်ချောင်း နင်သွားသည်။ သူကဲ့သို့သော လူနှင့် ကစားရန် စစ်တုရင်ပညာအား များများစားစား ကျွမ်းကျင်ရန် လိုအပ်ပါသလော။
ရီဖူရှင်း၏ အနီးမှလူများကလည်း သူ့အား တစ်ခါမှ သိကျွမ်းခဲ့ခြင်း မရှိသလို သည်နေရာတွင် သူ့အားထားကာ ထွက်သွားရမလား စဉ်းစားနေကြသည်။
“သွားစို့…” ကျင့်ကုန်းစီက ထရပ်ကာ ပြောသည်။
ရီဖူရှင်းက အံ့အားသင့် သွားသည်။ ကျင့်ကုန်းစီက ပြုံးလျက် ပြောသည်.. “မင်းက ကျင့်ဟွာတောင်ကို မသွားတော့ဘူးလား…”
“အမှန်ပဲ…” ရီဖူရှင်းက ထရပ်ကာ ထွက်သွားရန် ဟန်ပြင်သည်။ ဤခရီးအတွက် သူ၏ပထမဆုံး ရည်မှန်းချက်က ပြည်စုံခဲ့ပြီဖြစ်သည်။ စစ်တုရင်ရှန့်ထို၏ နဝမတပည့်ကား အမှန်ပင် ထူးဆန်းသောလူ ဖြစ်သည်။
ကျင့်ဟွာတောင်ကား မြို့စားအိမ်တော်၏ ဘေးနားတွင် တည်ရှိပေသည်။ စစ်တုရင်ရှန့်ထိုက တောင်ထိပ်ပေါ်တွင် နေထိုင်ပြီး ယွီကျင့်အိမ်တော်က တောင်ခြေတွင် အခြေစိုက်ပေသည်။ ထို့ကြောင့် ကျင့်ဟွာ တောင်ပေါ်ကို တက်ရန် ယွီကျင့်အိမ်တော်မှ ဖြတ်သန်း သွားလာရပေသည်။
အရှေ့ဘက် ပြည်နယ်မှာလည်း ထူးချွန် ပြောင်မြောက်သူများ များစွာ ရှိကြကာ ယခု ထိုလူများအားလုံးက ယွီကျင့်အိမ်တော်တွင် ရှိကြသည်။
ရီဖူရှင်းတို့အဖွဲ့က ယွီကျင့်အိမ်တော်ကို ရောက်လာကြသည်။
“မင်းတို့ထဲက တစ်ယောက်ကမှ အခွင့်အရေး ရှိမယ်လို့ ငါမထင်ဘူး…” ကျင့်ကုန်းစီက ရင်းနှီးနွေးထွေးဟန်ဖြင့် ပြောသည်။ ထို့နောက် သူက ရီဖူရှင်းကို ပြောသည်… “သေချာတာပေါ့… မင်းကတော့ စစ်တုရင်ကျေးရွာကို ငါက တစ်ဆင့်သွားရတဲ့ တစ်ဦးတည်းသောသူပဲ… ဒါကြောင့် မင်းကို ငါက ထောက်ခံပေးမယ်…”
ရီဖူရှင်းကား စစ်တုရင်ကို မည်သို့ ကစားရမည်ကိုပင် မသိပေ။ ထို့ကြောင့် အရှေ့ဘက်ပြည်နယ် တစ်ခုလုံးမှ ရောက်လာသူများ ကြားထဲတွင် မည်သည့် အခွင့်အရေးမှ မရှိသည်မှာ သေချာသည်။ ဥပမာ တွက်ချက်ခြင်းနှင့် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ လေ့ကျင့်ခြင်းတွင် အလွန်ထူးချွန်သည်ဟု နာမည်ကျော်ကြားသော ဟန်ကျင့်ကား အမှန်ပင် ကြောက်မက်ဖွယ် ကောင်းအောင် ထက်မြက်သူ ဖြစ်သည်။ သူကား ဝင်္ကပါပညာတွင်လည်း သိနားလည်ကာ စစ်တုရင်ပညာတွင် အဆင့်မြင့်မြင့် တတ်ကျွမ်းသည်။
***