အပိုင်း (၇၃၀)

ရည်မှန်းချက်

တော်ဝင်ရှီနန်းဆောင်က ရီဖူရှင်းနှင့် တခြားလူများ လေ့ကျင့်ရေး ပြီးဆုံးသည်ကို ကြိုဆိုသည့် အနေဖြင့် ဧည့်ခံပွဲတစ်ခု ကျင်းပသည်။

“ဒါက အောင်ပွဲခံတာနဲ့ ဘာလို့ ဒီလောက် တူနေရတာလဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သူတို့က စစ်ပွဲတစ်ပွဲ တိုက်ခိုက်ခဲ့သည်လည်း မဟုတ်ပေ။

“ပြီးခဲ့တဲ့တစ်နှစ်လုံး ရှီနန်းတော်ရဲ့ ခေါင်းလောင်းက မကြာမကြာ မြည်နေခဲ့တယ်… တော်ဝင်ကျဲ နန်းတော်အတွက် ဒါက စစ်ပွဲတစ်ပွဲနိုင်တာထက် ကြီးကျယ်တယ်… မင်းတို့က နန်းတော်ထဲမှာ ဘယ်လိုတွေ လေ့ကျင့်ခဲ့လဲ ပြန်ပြောပြချင်တဲ့စိတ် မရှိကြဘူးလား…” ထို့ကျန်းက ပြောသည်… “ဘယ်လိုပြောပြော မင်းတို့အားလုံးက ပြီးခဲ့တဲ့နှစ် လက်ရည်စမ်းပွဲကို လွဲခဲ့ကြတာပဲ…”

“ကောင်းပြီ… သွားရအောင် ဦးလေးထို့ကျန်း…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

သူတို့အုပ်စုက ထိုင်ခုံတွင် နေရာယူလိုက်ကြသည်။ ယန်ဟောင်နှင့် နန်းဆောင် သခင်များအားလုံးက ရီဖူရှင်းအား ခြံရံလျက် ထိုင်ကြသည်။ တော်ဝင်ကျဲ နန်းတော်၏ ညစာစားပွဲကို တက်ရောက်သူများ အားလုံးက ထူးဆန်းသော ခံစားချက်များကို ရကြသည်။ တော်ဝင်ကျဲ နန်းတော်ကား ယခင်က ဤသို့တစ်ခါမှ သက်သောင့်သက်သာ မနေဖူးကြပေ။ ရီဖူရှင်းက နန်းတော်သခင် နေရာကို ယူလိုက်ကတည်းက နန်းတော်၏ အငွေ့အသက်ကလည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။

“နန်းတော်သခင်… ရှီအဆင့်ကို တက်လှမ်းတာ ဘယ်လို ခံစားရလဲ…” ဓားမိစ္ဆာကပြုံးလျက် မေးသည်။

ရီဖူရှင်းက အားလုံးကို ကြည့်ကာ ပြောသည်… “ရှီတန်ခိုးရှင်တွေရဲ့စိတ်က ပတ်ဝန်းကျင်နဲ့ ပေါင်းစပ်နိုင်တယ်… ကျုပ်က ကောင်းကင်နဲ့မြေပြင်ကို ပိုမိုနက်နက်ရှိုင်းရှိုင်း နားလည်လာတယ်လို့ ခံစားရတယ်… ရှီတန်ခိုးရှင်တွေက လွှမ်းမိုးခံခြင်း ကင်းတဲ့စိတ် အင်အားကို ပိုင်ဆိုင်ပြီး လွတ်လပ်တဲ့စိတ်က တန်ခိုးအဆင့် တက်လှမ်းရာမှာ လိုအပ်တဲ့အရာတွေ ဖြစ်တယ်ဆိုတာ သိခဲ့ရတယ်… ဒါက လေ့ကျင့်မှုနဲ့ မသက်ဆိုင်ပေမဲ့ တကယ်လို့ တစ်ယောက်ယောက်ကသာ အမြင် ကျဉ်းမြောင်းတဲ့ပုံစံနဲ့ လေ့ကျင့်ရင် ဘယ်တော့မှ အဆင့်တက်မှာ မဟုတ်ဘူး… ဒီလိုဖြစ်နေရင်လည်း သူက ပတ်ဝန်းကျင်နဲ့ ပေါင်းစပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး…”

“တော်ဝင်ကျဲနန်းတော်မှာ တပည့်တွေ အများကြီး ရှိနေနိုင်တယ်.. ဒါပေမဲ့ ခြွင်းချက်မရှိတဲ့ ပါရမီကို ပိုင်ဆိုင်ထားတဲ့လူတွေ ကိုယ်တိုင်တောင်မှ နိုဘယ်အဆင့် အမြင့်ဆုံးမှာ ရပ်တန့်နေကြပြီးတော့ အကန့်အသတ်ကို မကျော်လွန်နိုင်ခဲ့ကြဘူး… အချိန်ကြာလာတဲ့အမျှ ပါရမီဆိုတဲ့ အခန်းကဏ္ဍက နည်းလာပြီးတော့ သူတို့ကိုယ်တိုင်ရဲ့ ယုံကြည်ချက်၊ ခံယူချက်၊ စိတ်နှလုံး ခိုင်မာမှုအပေါ်မှာ အဓိကကျလာတယ်… သော့ချက်က စိတ်နှလုံးအပေါ်မှာ မူတည်တယ်… ကျွန်တော် ရှင်းပြတာကို နားလည်ကြမယ်လို့ ယူဆတယ်…” ရီဖူရှင်းက ပြောသည်။

လူအများအပြားက ခေါင်းညိတ်ကြသည်။ လောကကြီး လည်ပတ်နေခြင်းတွင် သေချာသော လောက စည်းကမ်းများ ရှိပေသည်။ ထိုအရာက လွန်စွာ ထူးဆန်းကာ နက်ရှိုင်းသော အရာလည်းဖြစ်သည်။

တော်ဝင်ကျဲနန်းတော်မှ တပည့်များက ရီဖူရှင်းကို အလွန်အထင်ကြီး လေးစားရသည်။ ပိုင်လွေလီကို အနိုင်ယူခဲ့သော ပါရမီရှင်ကား ယခု အသက်၃၀ပင် မပြည့်မီသေးဘဲ ရှီအဆင့်ကို တက်လှမ်းခဲ့ပြီဖြစ်သည်။ ထို့အပြင် သူ၏တကယ့်လက်တွေ့ တိုက်ခိုက်ရေး စွမ်းအားက ပိုမို၍ အားကောင်းပေသည်။ ရီဖူရှင်းနှင့် ပတ်သက်သမျှကာ တော်ဝင်ကျဲနန်းတော် သမိုင်းတစ်လျှောက်တွင် ပထမဆုံး မှတ်တမ်းများလည်း ဖြစ်ကြသည်။ တော်ဝင်ကျဲနန်းတော် သခင်ဟောင်းက ရီဖူရှင်းကို နန်းတော်သခင် အဖြစ် ပေးအပ်ကာ အသက်စွန့်ခဲ့ခြင်းက သက်သေပင်။ သို့သော်လည်း ထိုဆုံးဖြတ်ချက်ကို သဘောတူလက်ခံခြင်း မရှိသော သူများစွာလည်း ရှိပေသည်။ အချို့က တန်ခိုးအဆင့်ကို အပြစ်တင်ကြသလို အချို့ကလည်း သူ့စိတ်နေ သဘောထားကို အပြစ်တင်ကြသည်။

ဥပမာ ယခင် ပါရမီရှင်အဆင့်၁ စီမင်ဟန်ကျင့် ဖြစ်သည်။ သူကား ရှီနန်းတော်ထဲကို ဝင်ခွင့်ရသူများထဲ၌ မပါဝင်ခဲ့ပေ။

ယခင်က ရှီနန်းတော်ဝင်ခွင့် မရခြင်းမှာ လိုအပ်ချက်များ အလွန်မြင့်မားသည့် အတွက်ဟု ခံယူကာ ထိုသို့ ဝင်ခွင့်မရခြင်း အပေါ်တွင်လည်း မိမိကိုယ်ကိုသာ အပြစ်တင်ခဲ့သည်။ သူ့ကို ကျော်၍ ရီဖူရှင်းကို ရွေးချယ်ခဲ့သော အခါတွင်လည်း ရီဖူရှင်းနှင့် တိုက်ခိုက်ပြီးနောက် ရှုံးနိမ့်ခဲ့ကာ ထိုဆုံးဖြတ်ချက်ကို ထပ်မံ၍ လက်ခံခဲ့သည်။ သို့သော်လည်း ယခု ရှီနန်းတော်ကို ပါရမီရှင် အများအပြားက ဝင်ခွင့်ရသော အချိန်တွင် အများစုမှာ ရီဖူရှင်းနှင့် ရင်းနှီးနေသူများ ဖြစ်ကြပြီး သူ့ကိုမူ ထပ်မံ၍ ချန်လှပ် ထားခဲ့ပြန်သည်။ ဤအချက်ကိုမူကား သူက လုံးဝ လက်ခံနိုင်စွမ်း မရှိပေ။

စီမင်ဟန်ကျင့်က သေရည်တစ်ခွက်ကို တစ်ကျိုက်တည်း မော့လိုက်ကာ မေးသည်… “ကျွန်တော် နားမလည်တာ တစ်ခုရှိပါတယ်… နန်းတော်သခင်က ရှင်းပြပေးနိုင်ပါ့မလား…”

ရီဖူရှင်းက စီမင်ဟန်ကျင့်၏ စကားကိုကြားသည်တွင် သူ့အား ကြည့်သည်။ သူကား တည်ငြိမ်အေးဆေး နိုင်သော်လည်း စိတ်ထဲတွင်ကား သက်ပြင်းချနေသည်။ သူကဓားမိစ္ဆာ၊​ ထို့ကျန်းနှင့် တခြားလူများအား ကြည့်သည်။ သူက စီမင်ဟန်ကျင့်အား ဝင်ခွင့်ပေးရန် ရွေးချယ်ခဲ့သော်လည်း ဓားမိစ္ဆာ၊ ထို့ကျန်းနှင့် တခြားလူများက စီမင်ဟန်ကျင့်ကို ထပ်မံ၍ စောင့်ကြည့်ရန် ပြောဆိုခဲ့ကြသည်။

သူတို့က ရှီနန်းတော်ထဲကို ဝင်ရောက်မည့်လူများအား ရွေးချယ်သောအခါတွင် သူတို့က ပါရမီထက် သူတို့၏ စိတ်နေ သဘောထားနှင့် ခံယူချက်တို့ကို အလေးထား သုံးသပ်ခဲ့ကြသည်။ ရှီနန်းတော်ကား တော်ဝင်ကျဲနန်းတော်၏ အရေးပါသော နေရာတစ်ခုဖြစ်သည်။ တော်ဝင်ကျဲနန်းတော်က ပညာအမွေ လက်ဆင့်ကမ်းမည့်လူကို ကန့်သတ်ခြင်း မရှိသော်လည်း ရှီနန်းတော်ကို ဝင်မည့်လူကားက ပုံမှန်အားဖြင့် နန်းတော် အခက်အခဲကြုံရချိန်တွင် နန်းတော်ဘက်မှ ဝင်ရောက် ရပ်တည်နိုင်မည့်လူများ ဖြစ်ရပေမည်။ အနည်းဆုံး ကျိရှမ်းကမ်းပါးဘက်ကို သွားရောက် ရပ်တည်သူများကဲ့သို့ မဖြစ်ရန် လိုအပ်ပေသည်။

အကယ်၍​ သူတို့ ရွေးချယ်လိုက်သောသူက ထိုသို့သောလူ ဖြစ်နေပါက တော်ဝင်ကျဲ နန်းတော်အတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုများ ဖြစ်လာနိုင်ပေသည်။

“ပြောပါ…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။

“နန်းတော်သခင်… ခင်ဗျားပြောတာက လေ့ကျင့်တဲ့လူက စိတ်ကို အရင်ဆုံးလေ့ကျင့်ဖို့ လိုတယ်လို့ ပြောတယ်… ရှီတန်ခိုးရှင်တွေက အရာအားလုံးကို လွတ်လပ်တဲ့အမြင်နဲ့ ကြည့်နိုင်တဲ့လူ ဖြစ်ရမယ်လို့ ပြောတယ်… ဒါပေမဲ့… ရှီနန်းတော်ထဲကို ဝင်ခွင့်ရတဲ့လူတွေက ခင်ဗျားရဲ့ မိတ်ဆွေတွေပဲ ဘာလို့ ဖြစ်နေရတာလဲ…” စီမင်ဟန်ကျင့်က မေးသည်။ ညစာစားပွဲက ထိုမေးခွန်းကို ကြားသည်တွင် တိတ်ဆိတ် သွားကြသည်။ စီမင်ဟန်ကျင့်ကဲ့သို့ တွေးထင် သူများလည်း ရှိကြကာ သူတို့အားလုံးက ရီဖူရှင်းကို ကြည့်ကြသည်။

“ကျုပ်စကားတွေက အတင့်ရဲနေတယ် ဆိုရင်တော့ ဒီမေးခွန်းကို မမေးခဲ့ဘူးလို့ သတ်မှတ်လို့ရပါတယ်…” စီမင်ဟန်ကျင့် ပြောသည်။ ကျူးကော့ရှင်းက ဥပမာအနေဖြင့် ပြသသွားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း စီမင်ဟန်ကျင့်က ဂရုမစိုက်ပေ။ သူကား လက်ရှိအဆင့်တွင် ရပ်တန့်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး အကယ်၍​ တော်ဝင်ကျဲနန်းတော်မှ ထုတ်ပယ်ခံရလျှင်ပင် သူက မိမိကလန်ကို ပြန်ရန် အဆင်သင့်ဖြစ်နေပြီး ဖြစ်သည်။

“ဒါက အဆင်ပြေတယ်…” ရီဖူရှင်းက ခေါင်းယမ်းကာ ပြောသည်… “ရှီနန်းတော်ထဲကို ဝင်တဲ့လူ အများစုက မင်းရဲ့ ဂျူနီယာတွေ ဖြစ်ကြတယ်… ဒါပေမဲ့ သူတို့ရဲ့ တန်ခိုးအဆင့်တွေက မင်းထက် မနိမ့်တော့ဘူး… ဒါကြောင့် သူတို့ထဲက ကြိုက်တဲ့တစ်ယောက်ကို ခေါ်ပြီး လက်ရည်စမ်း ကြည့်လို့ရတယ်… တကယ်လို မင်းအနိုင်ရတယ်ဆိုရင် ငါက ရှီနန်းတော်ထဲကို ဝင်ခွင့်ပေးမယ်…”

ရီဖူရှင်း၏စကားကို ကြားသူများအားလုံးက အေးခဲသွားကြသည်။ စီမင်ဟန်ကျင့်ကား ထိုလူများထဲမှ ကြိုက်သော တစ်ယောက်အား ရွေးချယ်ကာ စိန်ခေါ်ပိုင်ခွင့် ရှိသည်။

စီမင်ဟန်ကျင့်က လက်ရှိမျိုးဆက်များ ထဲတွင် အဆိုးဝါးဆုံး ပါရမီရှင်အဆင့်၁အဖြစ် သတ်မှတ် ခံခဲ့ရသော်လည်း သူကား ပါရမီရှင် အဆင့်၁သာဖြစ်သည်။

သူက ဤသို့အမြဲ အထင်သေး ခံနေရမည်လား။ စီမင်ဟန်ကျင့်၏ အမူအရာက အရုပ်ဆိုးသွားသည်။ သူက နိုဘယ်အဆင့်မှ လွတ်မြောက်နိုင်ခြင်း မရှိသေးသော်လည်း ရင့်ကျက်သော လောကဓာတ်များအား နားလည် ဆင်ခြင်ထားနိုင်ပြီး ဖြစ်သည်။ သို့တိုင်အောင် သူကဤသို့ အရှက်ခွဲ ခံနေရမည်လား။

“နန်းတော်သခင်က ဒီလိုပြောမှတော့ ကျွန်တော်က ငြင်းပယ်စရာ မရှိပါဘူး…” စီမင်ဟန်ကျင့်က ထရပ်ကာ ပြောသည်… “ကျုပ်က ဓားပညာကို လေ့ကျင့်တယ်… ဒါကြောင့် ဓားနန်းတော်ရဲ့တပည့် ရီဝူချင်းကို စိန်ခေါ်ပါတယ်…”

စီမင်ဟန်ကျင့်က ပုံမှန်အားဖြင့် ရီဖူရှင်းနှင့် ယူချင်းကို ရွေးချယ်မည် မဟုတ်ပေ။ မိန်းကလေးများကို စိန်ခေါ်ခြင်းကလည်း အမြင်မသင့်တော်ပေ။ စုချွဲကား ထင်းဆွေဓား ဆက်ခံသူဖြစ်ကာ အနိုင်ရရန် ယုံကြည်ချက် မရှိပေ။ ထို့ကြောင့် ရီဝူချင်းကို စိန်ခေါ်ခြင်းက အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

“အဆင်ပြေတယ်..” ရီဖူရှင်းက စီမင်ဟန်ကျင့်ကို ပြောသည်။ ဓားမိစ္ဆာနှင့် တခြားလူများ အားလုံးက စိတ်ပျက် သွားကြသည်။ အမှန်တကယ်အားဖြင့် စီမင်ဟန်ကျင့်အား ရှီနန်းတော်ထဲကို ဝင်ရန် တားဆီးခဲ့သူမှာ ဓားမိစ္ဆာဖြစ်သည်။ စီမင်ဟန်ကျင့်က ယခင် ရီဖူရှင်း ရှီနန်းတော်ကို ဝင်ခွင့်ရချိန် မကျေမနပ် စိန်ခေါ်ခဲ့ကတည်းက သည်လူငယ်၏ စိတ်နေသဘောထားကို ဆက်လက် စမ်းသပ်ရန် ဓားမိစ္ဆာက ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် သည်တစ်ခေါက် ရှီနန်းတော်ထဲကို တခြားလူများ ဝင်ခွင့်ရခြင်းအပေါ် စီမင်ဟန်ကျင့်က သည်းခံနိုင်ခဲ့ပါက သူတို့အားလုံးက စီမင်ဟန်ကျင့်အား ပိုမို၍ ပြုစုပျိုးထောင်ပေးရန် ရည်ရွယ် ထားခဲ့ကြသည်။ သို့သော် စီမင်ဟန်ကျင့်က သူတို့အား စိတ်ပျက်စေခဲ့သည်။ ပိုဆိုးသည်ကား သူက အများစုထဲတွင် မည်သည့်အခါကမှ ပေါ်ပေါ်ထင်ထင် မနေတတ်သော်လည်း အလွန်တရာ ကြိုးစားသော ရီဝူချင်းအား စိန်ခေါ်ခြင်းပင်။

သူက အားကောင်းသော လူများအား ရှောင်ဖယ်ကာ အားအနည်းဆုံးဟု ယူဆရသူအား စိန်ခေါ်ခြင်းက သိသာနေသည်။ ထိုအရာက သူ၏မိမိကိုယ်ကို ယုံကြည်မှု အတိုင်းအတာကို ဖော်ပြနေကာ ထိုအချက်ကပင် သူ၏ လေ့ကျင့်မှုများကို အတားအဆီး ဖြစ်နေပေမည်။

ယခုတွင် စီမင်ဟန်ကျင့်က သူ့အခြေအနေ မည်သို့ရှိနေသည်ကို သိရှိနားလည်ဟန် မတူခဲ့ပေ။

ရီဝူချင်းက ဓားနန်းတော် တပည့်များထဲမှ ထွက်လာကာ လေထဲကို ခုန်တက်သွားသည်။ စီမင်ဟန်ကျင့်ကလည်း လေထဲကို ပျံတက်သွား၏။

သူတို့နှစ်ယောက်လုံးက အားကောင်းသော ဓားအရှိန်အဝါအား ထုတ်လွှတ်ထားကြပြီး လောကဓာတ်များက ကွဲထွက်လာကြကာ ရီဖူရှင်းရှိနေရာ လောဟာနယ်က ရေခဲများ ဖုံးအုပ်သွားသည်။ ရေခဲဓာတ်က ရီဝူချင်းအား စတင် ရစ်ပတ်လာသည်။

ရီဝူချင်းထံမှ ဓားကိုယ်ရောင် ကိုယ်ဝါက ကွဲထွက်လာသည်တွင် ရေခဲများ ကြေပျက်သွားကြသည်။ စီမင်ဟန်ကျင့်က လျှပ်တစ်ပြက်ဖြင့် ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားကာ ရီဝူချင်းထံသို့ တိုးဝင်သွားသည်။ ဓားစွမ်းအင် လောကဓာတ်များက သူ၏လက်ထဲမှ ဓားကို စီးဆင်းလာကာ သူ့ရှေ့မှ လေဟာနယ်အား ပိုင်းဖြတ်လိုက်သည်။

စီမင်ဟန်ကျင့်ကား လောကဓာတ်များကို အသုံးပြု၍ ဓားကို ကျင်လည်စွာ ကစားနိုင်ကာ အလွန် ပြင်းထန်သော ဖျက်ဆီးအားများကို ပေးစွမ်းနိုင်ပေသည်။ သူ့ရှေ့တွင် မည်သည့် အတားအဆီမဆို ပြိုပျက်ရမည် ဖြစ်သည်။

ရီဝူချင်းကား ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေသည်။ သူ၏မျက်လုံးများက ဓားနှစ်လက်အလား ကြောက်မက်ဖွယ် ကောင်းအောင် ထက်ရှသွားသည်။ ထိုအခိုက်တွင် စီမင်ဟန်ကျင့်ကား တစ်စုံတစ်ခု၏ ပိတ်ဆို့ခြင်းကို ခံစားလိုက်ရသလို သူ၏ မျက်လုံးများကလည်း တစ်စုံတစ်ခု၏ ဆွဲငင်မှုနောက်ကို လိုက်ပါသွားသည်။ သူ၏စိတ်ထဲတွင် ပုံရိပ်ယောင်များဖြင့် ပြည့်နှက်သွားပြီး သူ့အား ကြောက်မက်ဖွယ် ကောင်းသော ဓားအသိတစ်ခုက ရစ်ပတ်သွားသည်။

စီမင်ဟန်ကျင့်၏ စိတ်ထဲတွင် ရီဝူချင်း၏ ပုံသဏ္ဌာန်က အလွန်အမင်း ကြီးမားနေသည်။ စီမင်ဟန်ကျင့်ထံသို့ ဓားတစ်လက် ဝင်လာကာ သူ၏နဖူးကို ဦးတည်နေသည်။

စီမင်ဟန်ကျင့်၏ အမူအရာက အလွန်အမင်း အေးစက်သွားသည်။ လောကဓာတ်များ ကွဲထွက်လာကာ ရီဝူချင်း၏ခန္ဓာကိုယ်ကို သွားရောက် ရစ်ပတ်ကြပြီး တစ်ဖက်တွင်သူက မြန်ဆန်စွာဖြင့် ဓားနှင့်အတူ ရီဝူချင်းထံကို ပျံသန်းသွားသည်။

လူအများအပြားက ထိုမြင်ကွင်းကို ထူးဆန်းစွာ ကြည့်နေကြသည်။ ရီဝူချင်းက ပုံရိပ်ယောင် ဓားတစ်ချက် ထုတ်လွှတ်လိုက်သည်ကို အားလုံးက မြင်ကြသည်။ သို့သော်လည်း သူကိုယ်တိုင်ကား မူလနေရာတွင် ရပ်နေဆဲဖြစ်ကာ စီမင်ဟန်ကျင့်၏ဓားက သူ့ရှေ့ကို ရောက်လာမှ စတင် လှုပ်ရှားသည်။

ဓားအလင်းတစ်ချက် ဖျတ်ခနဲ လက်သွားသည်။ ထိုအခိုက်တွင်ပင် စီမင်ဟန်ကျင့်ကား သတိဝင်လာသည်။ သို့သော် သူကား အလွန် နောက်ကျသွားပြီ ဖြစ်သည်။ ကြောက်မက်ဖွယ် ဓားကိုယ်ရောင်ကိုယ်ဝါက သူ့အား ရစ်ပတ်သွားပြီးဖြစ်ကာ ဓားဖျားတစ်ခုက သူ၏လည်ပင်းအား ထောက်ထားသည်။ စီမင်ဟန်ကျင့်၏မျက်နှာက အကြီးအကျယ် ပျက်ယွင်းသွား၏။

“ပုံရိပ်ယောင် ဓားလောကဓာတ်… ငါသိပြီ…” ဓားမိစ္ဆာက ရီဝူချင်းကို ကြည့်သည်။ ပုံရိပ်ယောင် ဓားလောကဓာတ်ကား အလွန်ရှားပါးသော လောကဓာတ် တစ်မျိုးဖြစ်ကာ စိတ်စွမ်းအင် အခြေပြုသူများသာ နားလည်နိုင်သည်။ ထိုလောကဓာတ်က ယောင်ပြမှသည် အစစ်အမှန်သို့ပင် ပြောင်းလဲနိုင်၏။

ရီဝူချင်းက သူ၏ဓားကို သိမ်းလိုက်သည်။ စီမင်ဟန်ကျင့်ကား အလွန်အမင်း အရှက်ရသွားကာ လေထဲတွင် ကျောက်ရုပ်အလား ရပ်နေမိသည်။ အတန်ကြာမှ သူက ခေါင်းငုံ့လျက် သူ့ထိုင်နေရာကို ပြန်သွားသည်။ သူကား ယခင်ပါရမီရှင် အဆင့်၁ဖြစ်ကာ အားအနည်းဆုံးဟု သူထင်မှတ်ရသူအား ရွေးချယ်စိန်ခေါ်သည့်တိုင် သူကား အနိုင်မရခဲ့ပေ။

တော်ဝင်ကျဲနန်းတော်မှ တပည့်များစွာက ထိုမြင်ကွင်းကို ကြည့်ပြီး အံ့ဩ ထိတ်လန့်ရသည်။ ရီဖူရှင်းကို ထပ်မံ၍ သံသယဝင်စရာ မလိုတော့ပေ။

ရီဖူရှင်းက စီမင်ဟန်ကျင့်ကို တည်ငြိမ်စွာ ကြည့်ကာ ဘာမှ မပြောတော့ပေ။ စီမင်ဟန်ကျင့် ကိုယ်တိုင်က စိတ်နေ စိတ်ထားပိုင်းဆိုင်ရာ ပြဿနာ အနည်းငယ် ရှိနေသော်လည်း သူကား ကျူးကော့ရှင်းကဲ့သို့ မဆိုးဝါးပေ။ အကယ်၍​ သူကိုယ်တိုင် မိမိကိုယ်ကို သိမြင် နားလည်လာသော အချိန်တွင် သူ၏စစ်မှန်သော ပါရမီများကလည်း ပေါ်ထွက်လာနိုင်ပြီး တကယ့်ထူးချွန် ထက်မြက်သူ ဖြစ်လာနိုင်ပေသည်။

“ရှီနန်းတော်ကို ဒီတစ်ခေါက် ဝင်ဖို့ ရွေးချယ် ခံရသူတွေက နန်းဆောင်သခင်တွေ အားလုံးက စိစစ်ဆုံးဖြတ်ခဲ့တာပဲ… တကယ်လို့ တော်ဝင်ကျဲနန်းတော် တပည့်တွေက ဒီရွေးချယ်မှုအပေါ်မှာ သဘောတူခြင်းမရှိရင် ကိုယ့်ရဲ့ နန်းဆောင်သခင်တွေကို ပြောပြပြီး ကိုယ့်အရည်အချင်းကို သက်သေပြလို့ရတယ်… တကယ်လို့ ကျေနပ်လောက်စရာ အရည်အချင်းကို ပြသနိုင်ရင် သူက သေချာပေါက် ဝင်ခွင့်ရလိမ့်မယ်…” ရီဖူရှင်းက ထပ်ပြောသည်… “ဒါပေမဲ့ တော်ဝင်ကျဲ နန်းတော်တပည့်တွေက ရှီနန်းတော် တစ်ခုတည်းကိုပဲ ဦးတည်ချက်အဖြစ် မသတ်မှတ်သင့်ဘူး…”

“ဘာကို ဆိုလိုပါသလဲ နန်းတော်သခင်…” တစ်ယောက်က ရီဖူရှင်းကို ကြည့်ကာ မေးသည်။

“ရှီနန်းတော်မှာ လေ့ကျင့်ခွင့်က အချိန်တစ်နှစ်ပဲရှိတယ်… ပထမ အဖွဲ့ဝင်တဲ့လူတွေက အခု ထွက်လာကြပြီ… တော်ဝင်ကျဲနန်းတော်ထဲမှာ ရှီနန်းတော်ထဲ ဝင်ခွင့်ရတဲ့ အရေအတွက်ကို မကန့်သတ်ထားဘူး… ဆိုလိုတာက ဒါကို အခြေခံအဆင့်ပဲ သတ်မှတ်ပြီးတော့ နန်တော်တပည့်တွေက ဒီထက် ကြီးမားတဲ့ ရည်မှန်းချက်တွေ ထားသင့်တယ်…” ရီဖူရှင်းအား အားလုံးကို ကြည့်ကာ ပြောသည်… “ပြည်နယ်ကိုးခုလုံးနဲ့ သက်ဆိုင်တဲ့ ပြိုင်ပွဲတွေ ရှိတယ်… မြေရိုင်းပြည်နယ်က ပြည်နယ်ကိုးခုထဲမှာ သီးသန့်ဖြစ်နေတာ ကြာပြီဖြစ်လို့ အတော်များများက ဒါကို နားလည်ခြင်း မရှိကြဘူး… ဒါပေမဲ့ ငါတို့က အမြဲတမ်း သီးသန့် မျက်စိပိတ်ပြီး မနေသင့်တော့ဘူး… အရင်တုန်းက တော်ဝင်ကျဲနန်းတော်ရဲ့ ထိပ်သီးပါရမီရှင်တွေက ပြင်ပလောကကို အတွေ့အကြုံရှာဖို့ ခရီးထွက်ကြတယ်… ဒါကြောင့် အခု တော်ဝင်ကျဲနန်းတော် တပည့်တွေကလည်း ပိုမိုဝေးကွာတဲ့ နယ်မြေတွေကို ခရီးထွက်ပြီး အတွေ့အကြုံ ရှာသင့်တယ်.. တကယ့်အခက်အခဲ တွေကမှ တစ်စုံတစ်ယောက်ရဲ့ အလားအလာကို ထိထိရောက်ရောက် ဆွဲထုတ်နိုင်ပြီး ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို ရနိုင်မယ်…”

***


Comment

Leave a Reply


Options

not work with dark mode
Reset