စီစီညံညံအသံများ နားကွဲလုမတတ် ဆူညံနေသည်။ ဒုတိယအထပ်ဝင်ပေါက်မှ ထွက်လာကြသူများပင် ရှိသည်။ သူတို့အားလုံးသည် ရက်စက်ကြမ်းတမ်းသော အသွင်ဖြင့် ဝမ်ပေါင်လဲ့၏ အရိပ်အယောင်ကို တွေ့လို့တွေ့ငြား ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် ရှာဖွေ ကြည့်ရှုနေကြလေသည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် သတိအနေအထား ဖြစ်သွားလေသည်။ သူသည် လူတစ်ယောက်တည်းကို မကြောက်သော်ငြား လူအုပ်ကြီး ဖြစ်နေလျှင်ကားကြောက်စိတ်ဝင်လေသည်။
ဝမ်ပေါင်လဲ့က မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်သည်။ လူအုပ်ကြီး၏ ရှေ့မှောက်၌ သူရဲဘောကြောင်ရခြင်းမှာ အလွန် ရှက်စရာမကောင်းကြောင်း ခံစားနေရသည်။ ကံကောင်းထောက်မစွာဖြင့် အသင်းထဲရှိ လူများမှာ ပုံစံစုံ၊ အရွယ်အစားစုံလင်ကြသည်။ ဝတုတ်နေသည်မှာ သူတစ်ယောက်တည်း မဟုတ်သည့်အပြင် သူ့ပုံစံမှာ ထင်သာ၊မြင်သာခြင်း မရှိပေ။ ဝမ်ပေါင်လဲ့က အသင်းထဲမှ အမြန်ထွက်လာကာ ကောင်းကင်တာအိုကျောင်းသို့ ပြန်လာခဲ့သည်။
လူအုပ်ကြီးက အသင်းထဲတွင် ယုန်ဖက်တီးကို ရှာမတွေ့ရလေကား ပို၍ အခဲမကြေနိုင် ဖြစ်ကာ ဒေါသအမျက်ချောင်းချောင်း ထွက်နေကြလေသည်။ သူတို့သည် အံကို တင်းတင်းကြိတ်ကာ ယုန်ဖက်တီး နောက်တစ်ကြိမ်လာပါက မှတ်လောက်သားလောက်အောင် သင်ခန်းစာ ကောင်းကောင်းပေးပစ်ရန် စိတ်ထဲတွင် တေးမှတ်ထားလိုက်ကြသည်။
သို့သော် လူတိုင်းက တိုက်ခိုက်ရေးအသင်းဂေဟာကို နေ့စဥ်လာရောက်ကြသည် မဟုတ်ပေ။ အလားတူ အသင်းဂေဟာထဲ၌ ရှိသည့် လူဦးရေမှာလည်း များပြားလွန်းလှသည်။ အသင်းဟေဟာသို့ လာရောက်သူများမှာ ကောင်းကင်မြို့တော် တစ်ခုလုံးတွင် ရှိသမျှသော တိုက်ခိုက်ရေးကို နှစ်ခြိုက်သူများ ဖြစ်နေသောကြောင့် လူများလွန်းလှသည်။
ထို့ကြောင့် ယမန်နေ့က ဝမ်ပေါင်လဲ့၏ အထက်စီးမှ ဖိနှိပ်တိုက်ကွက်များကို မျက်မြင်တွေ့လိုက်သူများ အများအပြားရှိသော်လည်း နောက်သုံးရက်အကြာ သူ ထပ်လာသောအခါ အစကတည်းက သူ့ကို သတိပြုမိသူ အနည်းငယ်မျှသာ ရှိလေသည်။
သတိပြုမိသူတချို့ရှိသော်လည်း အရေအတွက်မှာ နည်းပါးလွန်းသဖြင့် သတင်းပျံ့ခြင်း မရှိပေ။ သို့ဖြစ်၍ ဝမ်ပေါင်လဲ့သည် တိုက်ခိုက်ရေးအသင်းဂေဟာကို ရက်ခြားသွား၍ အဆင်ပြေနေသည်။ သူသွားသည့်အခါတိုင်း ပထမဆုံးတိုက်ပွဲ၌ လူမသိသူမသိ ပြီးဆုံးသွားသော်လည်း နောက်ပွဲများတွင် ကြည့်ရှုနေသူများကို ဒေါသူပုန်ထစေခဲ့သည်သာ ဖြစ်သည်။ တဖြည်းဖြည်း အသင်းဂေဟာသို့ ဆယ်ကြိမ်အထက် လာရောက်ပြီးသောအခါ လက်ချောင်းများကို လှန်ချိုးသော ယုန်ဖက်တီး၏ သတင်းများက ဝမ်ပေါင်လဲ့ သိုသိုသိပ်သိပ် နေထိုင်သည့်ကြားမှ ပျံ့နှံ့လာခဲ့သည်။
” အသင်းထဲမှာ သူများလက်တွေကို လှန်ချိုးရတာ ကြိုက်တဲ့ ယုန်ဖက်တီးတစ်ယောက် ပေါ်လာတယ်လို့ ငါကြားတယ် ”
” တအား ယုတ်မာတဲ့ ယုန်ဖက်တီးတစ်ကောင် အကြောင်း ကောလဟလတွေ ပျံ့နေတာ။ သူက တခြားလူ တွေနဲ့ တိုက်ခိုက်ရင် သူတို့လက်ချောင်းတွေကိုပဲ မျက်လုံးထဲ မြင်တာတဲ့ ”
” အဲဒီကောင်က တော်တော်ကြမ်းတယ်လို့တောင် ငါ ကြားခဲ့တာ။ သူက လက်ချောင်းတွေ ဘယ်လိုမှ လှန်ချိုးလို့ မရဘူးဆိုရင် ပြိုင်ဘက်ရဲ့ ခြေချောင်းတွေကိုတောင် အလွတ်မပေးဘူးတဲ့ ”
ကောလဟလများနှင့် ဆူဆူညံညံဆွေးနွေးသံများ အသင်းဂေဟာထဲတွင် အဆက်မပြတ် ထွက်ပေါ်နေသည်။ လူတိုင်းက ယုန်ဖက်တီးကို သိနေသည့် အဆင့်ထိ မရောက်သေးသော်လည်း နောက်ဆုံးတွင်မူ ဝမ်ပေါင်လဲ့ ပေါ်လာသည်နှင့်တပြိုင်နက် သူ့ဘေးတွင် ပွဲကြည့်ပရိသတ်များ ပြည့်နှက်သွားသည့်အဆင့်သို့ ရောက်လာသည်။ လူများက ပထမထပ်ရှိ ဝင်ပေါက်တိုင်းကို အာရုံစိုက် သတိထားကြည့်နေကြကြောင်း ဝမ်ပေါင်လဲ့ သတိထားမိလာသည်။
ထိုမျှသာမကသေး လူတချို့က ယုန်ချေမှုန်းရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်းထားကြသည်ကို အခြားသူများထံမှတစ်ဆင့် ဝမ်ပေါင်လဲ့ ပြန်ကြားလိုက်ရသည်။ ထိုသတင်းကြောင့် သူ အလွန်တရာ အံ့အားသင့်သွားရသည်။ ကံကောင်းစွာဖြင့် သူသည် တိုက်ပွဲပေါင်း ရာချီတိုက်ခိုက်ရာမှ လက်ချောင်းလှန်ချိုးခြင်းကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်လာပြီ ဖြစ်သည်။ သိုသိုသိပ်သိပ်နေရန် လိုအပ်လာပြီဟု ခံစားရသဖြင့် လေ့ကျင့်ခြင်းကို အပြီးသတ်ရန် ဆုံးဖြတ်လိုက်သည်။
“ ဒီလူတွေက တော်တော်ကို လွန်လွန်းတယ်။ ဒါက အလွတ်တမ်း တိုက်ခိုက်ရေး အသင်းဂေဟာပဲကို ဘာလို့ အဲဒီလောက် စိတ်တွေ တိုနေရတာလဲ။ ငါက လက်တွေ လှန်ချိုးတာမဟုတ်ပါဘူး။ ငါ့ရဲ့ ရစ်ပတ်ခြင်း ပညာရပ်လေး လေ့ကျင့်တာပဲကို ”
ဝမ်ပေါင်လဲ့သည် စိတ်တိုကာ ပွစိပွစိ ရေရွတ်လိုက်သည်။ အမှန်တကယ်တွင် သူသည် ပုံရိပ်ယောင်နယ်မြေသို့ နေ့တိုင်းနီးနီး ဝင်ကာ စီနီယာလေ့ကျင့်ဖော်နှင့် တိုက်ခိုက်မြဲဖြစ်သည်။ သူကိုယ်တိုင် အတိုင်းအတာတစ်ခုအထိ နှိပ်စက်ခံရပြီးမှသာ အသင်းသို့ ခြေဦးလှည့်ခြင်းဖြစ်သည်။
ထိုသို့လည်ပတ်နေခြင်းက သူ၏ ဖိစီးမှုများကို ပြေလျော့စေရုံသာမက ပညာရပ်ကိုလည်း သိသိသာသာ တိုးတက်စေသည်။ သူသည် စီနီယာလေ့ကျင့်ဖော်ကို လုံးဝ မယှဥ်နိုင်ဘဲ တခဏချင်း အလဲထိုးခံရသည့်အဆင့်မှ အချိန်အနည်းငယ်ကြာ ခုခံနိုင်သည့်အဆင့်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
ထိုတိုးတက်မှုကြောင့် ဝမ်ပေါင်လဲ့အတွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာခြင်း ဖြစ်သည်။ သူသည် တိုက်ခိုက်ရေးအသင်းဂေဟာသို့ မသွားရဲသေးသော်လည်း တစ်ယောက်တည်း ဆက်လက်လေ့ကျင့်နေဆဲ ဖြစ်ကာ ယုံကြည်ချက် အနည်းငယ် ရှိလာသောကြောင့် အသက်ကို ဝဝရှူကာ ပုံရိပ်ယောင်နယ်မြေကို ဖွင့်လိုက်သည်။
ခိုက်ခိုက်တုန်အောင် အေးခဲနေသော လေပြင်းနှင့်အတူ ဝေ့ဝဲကာ လွင့်ကျနေသော နှင်းပွင့်လေးများက နယ်မြေတစ်ခုလုံးကို ရေခဲများဖြင့် ဖုံးလွှမ်းနေစေသည်။ အကျွမ်းတဝင်ရှိနေသော ပတ်ဝန်းကျင်က ဝမ်ပေါင်လဲ့ကို အာရုံစုစည်းသွားစေသည်။ သူ့အနီးတွင် ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာနေသော စီနီယာလေ့ကျင့်ဖော်ကို ကြည့်ကာ သူ့မျက်လုံးများက တိုက်ခိုက်လိုသောစိတ်ဝိညာဥ်များဖြင့် လောင်ကျွမ်းနေသည်။ စီနီယာလေ့ကျင့်ဖော်နှင့် အတူ တိုက်ခိုက်ခဲ့ရသော လများအတွင်း သူသည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လက်ချောင်းများ လှန်ချိုးခံရခြင်းကြောင့် မခံချိမခံသာ ဖြစ်နေရသည်။
“ ဒီတစ်ခါတော့ ခင်ဗျား အရှုံးပေးကို ပေးစေရမယ် ”
ဝမ်ပေါင်လဲ့က လက်များကို တခဏမျှ ဖြေလျှော့နေခိုက် သူ၏ အရှိန်အဝါက ရုတ်ချည်း ပြောင်းလဲသွားပြီး မယုံနိုင်ဖွယ်ရာ စူးရှထက်မြက်လာလေသည်။
ယခင် ဝမ်ပေါင်လဲ့သည် ရုပ်လုံးမပေါ်သေးသော ဓါးတစ်လက်ဖြစ်ခဲ့ပါက ယခု ဝမ်ပေါင်လဲ့သည် အသင်းဂေဟာထဲ၌ တိုက်ပွဲများစွာ တိုက်ပြီးနောက် လျင်မြန်စွာ အသွင်ပြောင်းလာသော ဓါးအိမ်ထဲမှ လတ်လတ်ဆတ်ဆတ် ထုတ်ထားသည့် ချွန်ထက်သော ဓါးတစ်လက်ဖြစ်သည်။
သူသည် တိုက်ပွဲအတွေ့အကြုံ များများ မရှိသော်လည်း ယခင်ပုံစံကို ကျော်လွန်ခဲ့သည်မှာ ကြာလေပြီ။
စီနီယာလေ့ကျင့်ဖော် ပေါ်လာသည့် အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့အရှိန်နှုန်းမှာ ရုတ်တရက် မြင့်တက်လာသည်။ သူက ရှေ့သို့ တမုဟုတ်ချင်း ခုန်ထွက်ကာ သူ့ပြိုင်ဘက်ဘေး၌ ပေါ်လာပြီး ညာဘက်ကို မြှောက်ကာ ရှေ့သို့ ဆောင့်ဆွဲရန် ပြင်လိုက်သည်။
စီနီယာလေ့ကျင့်ဖော်၏ အမူအရာမှာ မပြောင်းမလဲ ရှိနေဆဲ ဖြစ်သည်။ သူက နောက်မဆုတ်သည့်အပြင် ရှေ့သို့ တိုးလာသည်။ ဝမ်ပေါင်လဲ့ကို ဖမ်းဆွဲလိုက်စဥ် သူ့ထံမှ ရုတ်တရက် စုပ်အား ဆောင့်ထွက်လာသည်။ သူတို့နှစ်ယောက် ထိလုထိခင် အခိုက်အတန့်လေး၌ ဝမ်ပေါင်လဲ့၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားလေသည်။ သူက စုပ်အားကို မမြင်ရသော ဝဲဂယက်အသွင် ထုတ်လွှတ်လိုက်ရာ သူတို့နှစ်ယောက်ကြားတွင် ပေါ်လာသည်။ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ဆွဲနေကြစဥ် ဝင်တိုက်မိသွားကြသည်။
ဝုန်းခနဲအသံနှင့်အတူ ဝမ်ပေါင်လဲ့ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ စီနီယာလေ့ကျင့်ဖော်မှာလည်း ထူးမခြားနားပင်။ စုပ်အားများ ထုတ်လွှတ်စဥ် မည်သူမျှ အသာစီးရယူနိုင်ခြင်း မရှိပေ။
ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် အရောင်တလက်လက် ဖြစ်နေလေသည်။ နောက်တစ်ကြိမ် အမြန် ချဥ်းကပ်လိုက်ပြီးနောက် မကြာခင် ဝမ်ပေါင်လဲ့နှင့် စီနီယာလေ့ကျင့်ဖော်တို့သည် ပုံရိပ်ယောင် နယ်မြေထဲ၌ အချီအချ ထိုးသတ်နေကြတော့သည်။
သူက မြန်သော်လည်း စီနီယာလေ့ကျင့်ဖော်မှာလည်း မနှေးလှပေ။ တဖြည်းဖြည်း သူတို့နှစ်ယောက်မှာ ပူးကပ်လုံးထွေးကာ သတ်ပုတ်နေကြသည်။ စုပ်အားပမာဏ အတိုင်းအတာတစ်ခုထိ ရောက်သွားသည့် အချိန်တိုင်း သူတို့ နောက်သို့ လွင့်စင်ထွက်သွားကြရသည်။ သို့ဖြစ်၍ ပတ်ဝန်းကျင်မှ နှင်းပွင့်၊ နှင်းမှုန်လေးများသည် စုပ်အားကြောင့် သူတို့ရှိရာသို့ ပြေးဝင်လာကြပြီးနောက် တစ်ဖန် အရှိန်ပြင်းထန်စွာ ဘေးဘက်သို့ ပြန့်ကျဲသွားရပြန်သည်။
အခြားလူများသာ ဤမြင်ကွင်းကို မြင်ရလျှင် သေချာပေါက် အလန့်တကြား ဖြစ်သွားကြပေမည်။ အမှန်တကယ်တွင် ဝမ်ပေါင်လဲ့နှင့် စီနီယာလေ့ကျင့်ဖော်တို့၏ တိုက်ပွဲမှာ ခန္ဓာအချုပ်အနှောင်အဆင့်ကို ကျော်လွန်နေပြီ ဖြစ်သည်။ ဖွံ့ထွားသွေးကြော ပညာရှင်တစ်ယောက်ပင် ဤတိုက်ပွဲကြောင့် အံ့ဩမှင်သက်သွားမည်ဖြစ်သည်။
အမှန်တကယ်တွင် သူတို့ ယှဥ်ပြိုင်နေသည့်အရာမှာ အမြန်နှုန်းနှင့် အပြင်အားတို့ မဟုတ်ဘဲ ပိုမိုအရေးပါသည့် စုပ်အားများကို ထိန်းချုပ်နိုင်စွမ်းဖြစ်သည်။ ၎င်းသည် အသေးစိတ်ကျသော ထိန်းချုပ်မှုဖြစ်ပြီး တချိန်လုံး ချိန်ညှိနေရန်လည်း လိုအပ်သည်။ မတူညီသော ကြိမ်နှုန်းများဖြင့် ထုတ်လွှတ်မှသာ လိုချင်သည့်ရလဒ်ကို ရရှိနိုင်မည် ဖြစ်သည်။
ယင်းအပြင် စုပ်အားမှာ လက်ဖဝါးပြင်တစ်ခုတည်းမှ ထုတ်လွှတ်နေခြင်း မဟုတ်ဘဲ တစ်ကိုယ်လုံးမှ ထုတ်လွှတ်နေခြင်း ဖြစ်သည်။ သို့ဖြစ်ရာ တိုက်ပွဲနည်းဗျူဟာ အပြောင်းအလဲများလည်း များပြားလာသည်။ ထိုမှတစ်ဆင့် ရန်သူ၏ တိုက်ပွဲဗျူဟာကို ခန့်မှန်း၍ ရန်သူကို ထောင်ချောက်ဆင်ရန်မှာ လိုအပ်ချက်တစ်ခု ဖြစ်လာသည်။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာပြီး သူတို့တိုက်ပွဲမှ ထိခိုက်သံများကလည်း ပတ်ဝန်းကျင်တစ်ခုလုံးကို လှုပ်ခတ်စေသည်။ ငါးမိနစ်ကြာသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ဟောဟဲဆိုက်နေသော်လည်း မျက်လုံးများမှာမူ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလေသည်။ သူသည် ယခုအချိန်ထိ စီနီယာလေ့ကျင့်ဖော်၏ လက်လှန်ချိုးခြင်း မခံရသေးပေ။ ထိုအချက်က သူ့ကို ယုံကြည်ချက်များ တိုးလာစေ၏။
“ ဒီပွဲကို အဆုံးသတ်ဖို့ အချိန်ကျပြီ။ စီနီယာလေ့ကျင့်ဖော် … ခင်ဗျား လက်ကို လှန်ချိုးခံရတာ ဘယ်လောက်တောင် အရသာကောင်းလဲဆိုတာ သိအောင်လုပ်ပေးမယ်”
ဝမ်ပေါင်လဲ့က ရယ်မောကာ ကြုံးဝါးလိုက်သည်။ စီနီယာလေ့ကျင့်ဖော် ချဥ်းကပ်လာသည့် အခိုက်အတန့်တွင် သူ့မျက်လုံးများက ထူးဆန်းစွာ အရောင်လက်နေသည်။ ဝမ်ပေါင်လဲ့က ခန္ဓာအချုပ်အနှောင်အဆင့်မှ ပညာရပ်တစ်ခုကို သုံးကာ ချွေးပေါက်များအားလုံးကို ရုတ်တရက် ပိတ်ပစ်လိုက်သည်။
တဒင်္ဂအတွင်း သူ့ခန္ဓာကိုယ်၏ အတွင်းနှင့် အပြင်ကမ္ဘာမှာ တစ်ခုနှင့် တစ်ခု သီးခြားဖြစ်ကာ သီးသန့်ကမ္ဘာနှစ်ခု ဖြစ်သွားလေသည်။ တချိန်တည်းမှာပင် ဝါးမျိုခြင်းသစ်စေ့က သူ၏ ထိန်းချုပ်မှုနှင့်အတူ ကြမ်းတမ်းပြင်းထန်လှသော စုပ်အားကို စတင်ထုတ်လွှတ်လိုက်သည်။ တစ်ဆက်တည်း သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာပြီး စုပ်အားသည်လည်း အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိသွားသည်။ သူ့ခန္ဓာကိုယ်မှာ မသိမသာ ပုံစံပြောင်းသွားသည့်အလား အနည်းငယ် ပိန်သွယ်သွားသည်။
အပြင်ခန္ဓာကို ချုပ်နှောင်ခြင်းအားဖြင့် စုပ်အားသည် သူ့ခန္ဓာကိုယ်ထဲသို့ အပြည့်အဝ စိမ့်ဝင်နိုင်ခြင်း မရှိတော့ပေ။ သို့ဖြစ်၍ လေဟာနယ်တစ်ခု ဖြစ်ပေါ်လာသည်။ စီနီယာလေ့ကျင့်ဖော်က ရှေ့သို့ ရောက်လာသည့် အခိုက် ဝမ်ပေါင်လဲ့က ကြုံးဝါးလိုက်သည်။ သူက ခန္ဓာအချုပ်အနှောင်ကို ချက်ချင်း ဖယ်ရှားပစ်လိုက်ရာ အားယူစပြုနေသည့် စုပ်အားသည် အလုံးအရင်းနှင့် ကန်ထွက်လာတော့သည်။
ပေါက်ကွဲသံများကြားတွင် လေပြင်းနှင့် ဆီးနှင်းတို့က လှိုင်းလုံးသဖွယ် မြင့်တက်လာသည်။ စီနီယာလေ့ကျင့်ဖော်သည် ဝမ်ပေါင်လဲ့ထံမှ ဤကဲ့သို့ တိုက်ကွက်မျိုး မျှော်လင့်မထားခဲ့သည်မှာ သိသာလှသည်။ နောက်ဆုံးတွင် အနီးကပ်ရောက်လာသည့် သူ့ခန္ဓာကိုယ်က စုပ်အား၏ လွှမ်းမိုးခြင်းကို ခံလိုက်ရပြီး အနည်းငယ် ယိုင်ကျသွားလေသည်။
ထိုယိုင်ကျသွားသည့် ခြေလှမ်းတစ်ချက်ကပင် ဝမ်ပေါင်လဲ့ကို အခွင့်အရေးတစ်ခု ရစေခဲ့သည်။ သွေးရူးသွေးတန်း ရယ်မောသံနှင့်အတူ ဝမ်ပေါင်လဲ့က ရှေ့သို့ တစ်လှမ်းတိုးကာ စီနီယာလေ့ကျင့်ဖော် ရှေ့မှောက် ရောက်ရှိသွားသည်။ ဝမ်ပေါင်လဲ့၏ ညာဘက်လက်က လျှပ်စီးလက်သည့်အလား ရန်သူ၏လက်ချောင်းကို အမိအရဖမ်းလိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် အညှာအတာမရှိ အပေါ်ဘက်သို့ ဆောင့်ဆွဲပစ်လိုက်သည်။
“ ဒူးထောက်ပြီး ငါ့ကို အဖေခေါ်စမ်း ”
စီနီယာလေ့ကျင့်ဖော်၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲ လှုပ်ရှားသွားပြီး ဒူးထောက်တော့မည့်ဆဲဆဲတွင် သူ့မျက်လုံးထဲ၌ အနက်ရောင် အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။ ထိုအလင်းရောင်မှာ အနက်ရောင်မျက်နှာဖုံးထဲရှိ အလင်းရောင်နှင့် ချွတ်စွပ်တူနေသည်။ တစ်ပြိုင်နက်တည်းမှာပင် စီနီယာလေ့ကျင့်ဖော်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ချက် ထင်ဟပ်သွားလေသည်။ အခြားလက်တစ်ဘက်ကို အမြန် မြှောက်ချလိုက်ပြီး ဝမ်ပေါင်လဲ့၏ လက်ကောက်ဝတ်ကို မြဲမြံစွာ ဖိချလိုက်သည်။
ထိုသို့ဖိချပြီးနောက် မတ်မတ် ထရပ်နိုင်ရုံမျှမက သူ၏ ဖိအားက ဝမ်ပေါင်လဲ့ကို ငယ်သံပါအောင် အော်ဟစ်သွားစေသည်။ သူ့လက်ဖဝါးမှာ တခဏအတွင်း အင်အားများ ယုတ်လျော့ကာ ရန်သူ၏ လက်ကို ဆွဲမထားနိုင်တော့ပေ။ သူ၏ စုပ်အားမှာလည်း တစ်စုံတစ်ရာသော အကြောင်းကြောင့် စက္ကန့်ပိုင်းအတွင်း ပျက်စီးသွားရလေသည်။
ထိုမျှသာမက စီနီယာလေ့ကျင့်ဖော် ထရပ်လိုက်စဥ် သူက ညာဘက်ခြေထောက်ကို လျင်မြန်စွာ မြှောက်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ ပေါင်ကြားကို ပိတ်ကန်လိုက်လေသည်။
ယခင်ကထက် ပို၍ ဝမ်းနည်းကြေကွဲဖွယ်ကောင်းကာ စူးရှပြီး နားကွဲလုမတတ် အော်သံ ဝမ်ပေါင်လဲ့ထံမှ ထွက်ပေါ်လာသည်။ ဤကဲ့သို့ မကြုံဖူးသူများမှာ ယခုကဲ့သို့ အော်ဟစ်သံမျိုးကို ခန့်မှန်းမရနိုင်ချေ။
ဝမ်ပေါင်လဲ့သည် အက်ကွဲသံကိုပင် ကြားလိုက်ရသည်ဟု ထင်မိသည်။ တစ်ခါမျှ မကြုံခဲ့ဖူးသော နာကျင်မှုကြောင့် တခဏအတွင်း သူ့စိတ်တစ်ခုလုံး ဗလာကျင်းသွားလေသည်။ နာလွန်းလှသောကြောင့် အားအင်များ ပျောက်ဆုံးကာ ဝမ်းပမ်းတနည်း အော်ဟစ်ညည်းညူနေရသည်။ ပေါင်ကြားကို လက်ဖြင့်အုပ်ကာ မြေကြီးပေါ်တွင် လူးလွန့်လျက်ရှိသည်။
ဝမ်ပေါင်လဲ့မှာ မျက်ရည်များဝဲနေလျက် အင်္ကျီတစ်ထည်လုံးမှာလည်း ချွေးများ ရွှဲနစ်နေသည်။ အေးခဲလှသော လေပြင်းများကပင် သူ့ကို အေးသွားအောင် မစွမ်းနိုင်တော့ပေ။ သူသည် သွက်သွက်ခါ ရူးတော့မည့်အဖြစ်မှ လက်တစ်ကမ်းသာ လိုတော့သည်။ နာကျင်မှုကြောင့် ပုံမှန်နှင့်မတူသည့် အသံတစ်မျိုးဖြင့် တအီအီအော်ညည်းနေရသည်။
“ အကြိတ်ခံလိုက်ရပြီ။ သောက်ကျိုးနည်း … ကြိတ်ခံလိုက်ရပြီ ”
စီနီယာလေ့ကျင့်ဖော်မှာ ဆက်လက် တိုက်ခိုက်ခြင်း မရှိပေ။ သူက ဘေးတွင် အသာရပ်နေရင်း ဝမ်ပေါင်လဲ့ကို မျက်နှာသေဖြင့် စောင့်ကြည့်နေလေသည်။ အချိန်အနည်းငယ်ကြာသွားပြီး ပြင်းထန်လှသော နာကျင်မှု အတန်ငယ် လျော့ပါးသွားမှ ဝမ်ပေါင်လဲ့သည် ဖြူဖျော့နေသော မျက်နှာဖြင့် ဘောင်းဘီကို အမြန်ဟကြည့်လိုက်သည်။ ငုံ့ကြည့်ပြီးသောအခါမှ သူ သက်ပြင်းချနိုင်တော့သည်။ သို့သော် မျက်နှာပေါ်မှာ စွဲထင်နေသော အကြောက်တရားက ပို၍ ပြင်းထန်လာလေသည်။
“ အရှက်မရှိလိုက်တာ၊ ရွံစရာကောင်းလိုက်တာ ”
ဝမ်ပေါင်လဲ့က မော့ကြည့်ကာ အံကြိတ်လိုက်သည်။ စီနီယာလေ့ကျင့်ဖော်ကို မုန်းသည့်အမုန်းမှာ ဖော်ပြ၍ပင် မရနိုင်ချေ။ သူသည် ယုံကြည်ချက်အပြည့်နှင့် အနိုင်ရလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် စီနီယာလေ့ကျင့်ဖော်မှာ ဤမျှ ယုတ်မာလှသော အကွက်ကို ထုတ်သုံးမည်ဟု ထင်မထားခဲ့ပေ။
သူ့ကို ဆက်လက် တိုက်ခိုက်ချင်သော်လည်း အတော်ကြောက်ရွံ့နေပြီဖြစ်သည်။ သူ၏ ပေါင်ကြားကို ကာကွယ်ချင်သော်လည်း ပုံရိပ်ယောင်နယ်မြေတွင် လုပ်မရနိုင်ကြောင်း သတိရသွားသည်။ စီနီယာလေ့ကျင့်ဖော် ပြောင်းလဲသွားပြီးနောက် တမူထူးခြားသည့် အရာတစ်ခုခု ရှိနေသည်ဟု ခံစားနေရသည်။
နောက်ဆုံးတွင် ဝမ်ပေါင်လဲ့သည် အလွန်စိတ်ဓာတ်ကျကာ ပုံရိပ်ယောင်နယ်မြေမှ ထွက်ခွာလာခဲ့သည်။ သူသည် အပြင်ဘက်တွင် အတော်လေးကြာအောင် စဥ်းစားကာ ဝေခွဲမရ ဖြစ်နေသည်။ တစ်ဖက်တွင် သူသည် ဆက်လက်တိုက်ခိုက်ပါက ကြီးစွာသော ဝေဒနာကို ဆက်လက်ခံစားရမည်ဖြစ်ပြီး တခြားတစ်ဖက်တွင် ကျောင်းသားခေါင်းဆောင် ဖြစ်ရန် မျှော်လင့်ချက်ရှိနေသည်။ နောက်ဆုံးတွင် ကျောင်းသားခေါင်းဆောင် ဖြစ်လိုစိတ်က အနိုင်ရသွားပြီး ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးကာ ဝမ်ပေါင်လဲ့သည် ပုံရိပ်ယောင်နယ်မြေထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားပြန်သည်။
သူ၏ ကြေကွဲဖွယ် အော်သံများ ပုံရိပ်ယောင်နယ်မြေတစ်ခုလုံး၌ ကြိုကြားကြိုကြား ပဲ့တင်ရိုက်ကာ ထွက်ပေါ်လာသည်။ အကြိမ်တိုင်းပင် ဝမ်ပေါင်လဲ့မှာ သူ၏ရတနာများ အကြိတ်ခံနေရသည့်အလား ခံစားရသည်။
လဝက်ခန့် ကြာသွားပြီးနောက် သူ့စိတ်မှာ ပရမ်းပတာဖြစ်နေပြီး ရူးတော့မည့်အခြေအနေသို့ ဆိုက်ရောက်လာသည်။ ကောင်းကင်တာအိုကျောင်းတော်ထဲ၌ လမ်းလျှောက်သွားခိုက် တစ်စုံတစ်ယောက်က သူ့ကို ငဲ့ကြည့်လျှင်ပင် မသိစိတ်က သူ့ပေါင်ကြားနေရာကို အုပ်ထားလျက်သား ဖြစ်နေသည်။
ဤသို့သော အချက်များကြောင့် သူ စိတ်ဓါတ်ကျကာ မခံချိမခံသာ ဒေါသများဖြင့် လောင်ကျွမ်းနေရသည်။ သို့နှင့် ထိုဒေါသများကို ဖြေဖျောက်ရန် အလွတ်တမ်း တိုက်ခိုက်ရေးအသင်းဂေဟာသို့ ခြေဦးလှည့်ခဲ့ပြန်သည်။
“ ငါ တကယ့် တိုက်ပွဲအစစ်မှာ ဝင်တိုက်ချင်တယ်… ”