အခန်း (၂၀)

ချယ်လန်းဝတ်ကျောင်းတော်မှမိုးစက်များ

အခန်း (၂၀) ချယ်လန်းဝတ်ကျောင်းတော်မှမိုးစက်များ

“သစ်သားဖြင့် လုပ်ထားသည့်ငါးပုံ၊ သစ်သားပေါ်တွင် ငါးပုံသဏ္ဌာန် ထွင်းထားသည့်ပုံ၊ အတွင်း၌ အခေါင်းပေါက် ရှိပြီး ခေါက်လိုက်လျှင် အသံထွက်လာသည်။ ဗုဒ္ဓဘာသာ ဝတ်ကျောင်းတော်များတွင် ပရိတ် ရွတ်ဖတ်သည့်အခါ အသုံးပြုကြသည်”

ဝမ်မင်ကျဲ့၏ ဆန်းချိုင်တူဟွေ့ (ဝမ်မင်ကျဲ့၏ လောကသုံးပါးစာအုပ်)

အစိမ်းရောင်ဝတ် လူမှာ သစ်သားငါးရုပ် တုံးခေါက်သံကို ကြားဖူးနေကျ ဖြစ်ဟန် တူလေသည်။ သူ၏ မျက်လုံးများ ထဲတွင် စိတ်ရှုပ်ထွေး နေသည်ကို ဆန်းလျန် မြင်နေရလေသည်။

အစိမ်းရောင်ဝတ် လူ၏ ခံစားချက်များကို ဆန်းလျန်ဖတ်ရန် ကြိုးစားနေခြင်း မဟုတ်ပါ။ သူ၏ မျက်ဝန်းထဲမှ စိတ်ရှုပ်ထွေးသည့် ခံစားချက်များက သိသာနေခြင်း ဖြစ်လေသည်။

“မင်းက ဘာဖြစ်လို့လဲလို့ မေးတယ်နော်။မင်းကို ကျုပ်ပြောပြမယ်။ကျုပ် လူတစ်ယောက်နဲ့ သူသေကိုယ်သေ တိုက်ဖို့ရှိတယ်။ ကျုပ်သေသွားရင် ကျုပ်ဘဝ တစ်လျှောက်လုံး သင်ယူခဲ့တဲ့ ပညာတွေ ကို အလကား မဖြစ်စေချင်ဘူး။ကျုပ်ရဲ့ ပညာတွေကို လူငယ် တစ်ယောက်ကို လက်လွှဲ ပေးချင်မိ တယ်။ ဒါပေမယ့် သူက ကံမကောင်းခဲ့ဘူး”

အစိမ်းရောင်ဝတ် လူက တစ်လုံးချင်း ပြောနေလေသည်။ သူ၏ လေသံက ဂရုမစိုက်သလို တည် ငြိမ်သည့် လေသံမျိုး။

“သစ်သားငါးရုပ် တုံးခေါက်နေတဲ့ သူက ခင်ဗျားနဲ့ တိုက်ခိုက်ရမယ့် သူလား”

ဆန်းလျန်ကလည်း စိတ်ရှုပ်ထွေးစွာဖြင့် ပြန်မေး လိုက်လေသည်။

သစ်သားငါးရုပ်မှာ များသောအားဖြင့် ဗုဒ္ဓဘာသာများ အသုံးပြုကြလေသည်။ သို့သော် မူလ ဆင်းသက် လာသည်မှာ တာအိုဝါဒမှ ဆင်းသက်လာခြင်း ဖြစ်လေသည်။ ထို့ကြောင့် သစ်သားငါးရုပ် တုံးခေါက်နေသည့် သူမှာ ဗုဒ္ဓဘာသာဝင်လား၊ တာအိုကျင့်စဉ် ကျင့်ကြံသူလား ဆန်းလျန်မှာ ဝေခွဲမရ ဖြစ်နေခြင်း ဖြစ်လေသည်။

“ထိုက်ဝေ့ရဲ့ ဝိညာဉ်ငြိမ်းချမ်း သံစဉ်ကို မင်းကြားရတယ် ဆိုရင်တော့ တကယ့် ရှားပါး ဖြစ်ရပ်ပဲ။ သာမာန် လူတစ်ယောက်က အဲဒီအသံကို ကြားနိုင်မှာ မဟုတ်ဘူး”

အစိမ်းရောင်ဝတ် လူက ပြုံးပြီး ပြောလိုက်လေသည်။

ဆန်လျန်မှာ မျှော်လင့်ချက်များ ပိုပြီး ရှိလာလေတော့သည်။

“လင်ချုန်းရှောင်ရာ လင်ချုန်းရှောင် … မင်းဘယ်လောက်ပဲ အစွမ်းရှိရှိ ဆန်းလျန်လို လူတစ်ယောက်ကိုတော့ နောက်ဘယ်တော့မှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး”

“လင်ချုန်းရှောင်” ဆိုသည့် နာမည်ကို ကြားလိုက်ရသည်နှင့် ဆန်းလျန် သိချင်စိတ်များ တစ်ဖွားဖွား ဖြစ်ပေါ် လာလေတော့သည်။ အစိမ်းရောင်ဝတ် လူကဲ့သို့ မာနကြီးသည့် လူတစ်ယောက်က “အစွမ်းရှိသည်”ဟု ဝန်ခံရသည့် လူမျိုးမှာ သေချာပေါက် ရှားပါးသည့် ဖြစ်ရပ်ပင် ဖြစ်လေသည်။

လင်ချုန်းရှောင် ဆိုသည်မှာ မည်သို့သော လူစားမျိုး ဖြစ်ပါသနည်း။ အစိမ်းရောင်ဝတ်လူ မတားဆီးနိုင်သည့် လူမျိုး ဖြစ်ပေလိမ့်မည်။ ထိုသူက အစိမ်းရောင်ဝတ် လူကို မုန်းတီးနေသည့် လူတစ်ယောက်လား။

မှန်းဆ ကြည့်ခြင်းမျှသာ ဖြစ်သော်လည်း သူ၏ မှန်းဆမှုများမှာ ရှစ်ဆယ် ရာခိုင်နှုန်း မှန်ကန်တတ် ကြောင်း သူ့ကိုယ်သူ သိလေသည်။

အစိမ်းရောင်ဝတ်လူ ဝတ်ဆင်ထားသည့် အဝတ်အစားများမှာ စတင်ပြီး ဖောင်းပွ လာလေသည်။ ပူဖောင်းတစ်လုံးကဲ့သို့ ဖောင်းပွလာပြီး လှိုင်းများ ထလာလေသည်။ အကျဉ်းခန်းထဲတွင် လေပြင်းများ တိုက်ခတ်နေသည်ကို ဆန်းလျန် ခံစားနေရ လေသည်။ သူ့ခြေထောက်များပင် လေထဲ မြောက်တက် သွားတော့မလို ဖြစ်ရလေသည်။

ပေါက်ကွဲသည့် အသံကဲ့သို့ တစ်ဖြောက်ဖြောက် မြည်သံများ ထွက်ပေါ်လာပြီး ဆယ်မိနစ်ခန့် အကြာတွင်တော့ ပြန်လည်တိတ်ဆိတ် သွားလေသည်။

ဤနေရာမှာ အကျဉ်းထောင်၏ နောက်ပိုင်း အကျဆုံး အပိုင်းဖြစ်သဖြင့် အပြင်ဘက်ရှိ လူများမှာ ထိုအသံများကို  သတိထားမိခြင်း မရှိပေ။

ဆီမီးအိမ်မှ မီးတောက်လေးမှာ လေပြင်းများကြောင့် ယိမ်းထိုး နေလေသည်။ မီးတောက်လေး ငြိမ်းသွားသည့် အခါတွင်တော့ လေပြင်း တိုက်ခတ်မှုလည်း ရပ်တန့်သွားလေသည်။ အစိမ်းရောင်ဝတ် လူ၏ ခြေထိပ် လက်ထိပ်များမှာ ကြမ်းပြင်ပေါ်သို့ ကျသွားပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲကြေ သွားကြ လေသည်။

ခြေထိပ် လက်ထိပ်များမှာ သံမဏိဖြင့် ပြုလုပ်ထားခြင်း ဖြစ်သောကြောင့် အလွန့်အလွန် မာကျောလှလေသည်။ သို့သော် အစိမ်းရောင်ဝတ် လူကတော့ တစ်စစီဖြစ်အောင် လုပ်လိုက်ပြီ ဖြစ်လေ သည်။

သူ၏သိုင်းစွမ်းအားမှာ အဆင့်လွန် မြင့်မားနေပြီ ဖြစ်လေသည်။ သာမာန်လူများ မလုပ်နိုင်သည့် အရာများကို သူက လုပ်ဆောင် နိုင်နေပြီ။

သို့သော် အစိမ်းရောင်ဝတ် လူမှာ သူ၏ လည်ပင်းညှပ်ရိုးဆီမှာ သံကြိုးများကိုတော့ ဖြတ်တောက်ပစ်နိုင်ခြင်း မရှိပေ။ သူ၏လက်ဖြင့်လည်း သံကြိုးများကို ဖယ်ရှားပစ်ခြင်း မပြုပေ။ ကြီးမားသော သံမဏိ ကြိုးကြီးများမှာ သူ့ပခုံးများ အောက်တွင် ချည်နှောင်ထားဆဲ ဖြစ်လေသည်။ ထိတ်လန့်ဖွယ် မြင်ကွင်းဖြစ်သောကြောင့် သူ၏ပုံစံကို မြင်သည့်လူတိုင်း အကြောက်လွန် သွားနိုင်ပေ သည်။

အစိမ်းရောင်ဝတ် လူမှာ လက်ထိပ် ခြေထိပ်များမှ လွတ်သွားသည့်အတွက် ဝမ်းသာသည့် ပုံတော့ မပေါ်ပေ။ သူက ရေခဲတမျှ အေးခဲသော အကြည့်များဖြင့် စိုက်ကြည့် နေလေသည်။ သူ၏ အေးစက် လွန်းသော အကြည့်ကို ခြေလှမ်း တစ်ရာခန့်အထိ ပို့ထားလေသည်။

ဆန်းလျန်က သူ၏ပင်ကိုယ် သိစိတ်ဖြင့် သူ့ကိုယ်သူ ကာကွယ်လိုက်လေသည်။ အလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွားပြီး ဓားမြှောင်ငယ် တစ်လက်မှာ အစိမ်းရောင်ဝတ် လူ၏ ပခုံးကို စိုက်ဝင် သွားလေသည်။ အစိမ်းရောင်ဝတ် လူက အရေးမစိုက်သည့် ပုံစံဖြင့် ပခုံးတစ်ချက် လှုပ်ခါလိုက်တော့ ဓားမြှောင်မှာ သူ၏ ပခုံးအသားထဲမှ လွင့်စင် ထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျ သွားလေသည်။

“ကောင်းတယ်ကောင်လေး … ကျန်းဟူမှာဆိုရင် ကျုပ်ကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့ လက်နက် ဆိုလို့ သုံးခုထက် ပိုမရှိ ဘူး။မင်းရဲ့ ဓားပျံ အစွမ်းလေးက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တော့ လုံလောက် ပါတယ်။ဒါပေမယ့် ဒီနေ့တိုက်ပွဲမှာ ကျုပ်သေပါစေလို့သာ ဆုတောင်းပေတော့။မဟုတ်ရင် ကျုပ်ကို ဒဏ်ရာရအောင် လုပ်တဲ့အတွက် မင်း ပြန်ပေးဆပ်ရမယ်”

အစိမ်းရောင်ဝတ် လူက ဆန်းလျန်၏ ရှေ့တွင် ရပ်လိုက်ပြီး ပြောလိုက်လေသည်။

ပြောပြီးသည့်နောက် သူက အော်ဟစ်ရယ်မော လိုက်လေသည်။ သူ၏ ရယ်သံမှာ ကျယ်လောင်ပြီး နဂါးတစ်ကောင်၏ ကြုံးဝါးသံကဲ့သို့ ဖြစ်လေသည်။ ထိုနောက်တွင်တော့ အလင်းကဲ့သို့ လျင်မြန်လွန်းသည့် အရှိန်ဖြင့် ဆန်းလျန်ကို အကျဉ်းထောင် အပြင်သို့ ခေါ်ထုတ် သွားလေသည်။

အစိမ်းရောင်ဝတ် လူမှာ တစ်လအတွင်း ဝိညာဉ်စွမ်းအား ကျင့်စဉ်ကို ကျင့်ကြံအောင်မြင် ခဲ့လေ သည်။ သို့သော် သူက နတ်ဘုရားတစ်ပါး ဖြစ်လာခြင်း မဟုတ်သည့်အပြင် ထိုသို့ဖြစ်ရန် အတွက်လည်း မနီးစပ် နိုင်သေးပေ။ ယခင်ကာလများနှင့် ယှဉ်လျှင် သိသိသာသာ ပြောင်းလဲ တိုးတက်လာသည့် အဆင့်မျှသာ ရှိလေသည်။

ယခင် အချိန်များတွင် သူက ကျန်းဟူမှ သိုင်းစွမ်းရည် မြင့်မားသည့် လူတစ်ယောက်သာ ဖြစ်လေ သည်။ သူ၏ သိုင်းစွမ်းမှာ ရွှေဓားဘုရင်တို့ အဖွဲ့ထက် မြင့်မားသည်ဟုသာ ဆိုနိုင်လေသည်။ သူ ကျန်းဟူတွင် သွားလာ လှုပ်ရှားနေသည်မှာ သူ၏ နတ်သက်ခြွေဓားသိုင်း အားကိုးကြောင့် ဖြစ်လေသည်။

သို့သော် သူ၏ အတွင်းအားမှာ ပေါက်ကွဲပြီး အထွတ်ထိပ်အဆင့်သို့ ရောက်ရှိသွားလေသည်။

တာအိုလမ်းစဉ် လိုက်သူများမှာ အစားအသောက် စားသုံးခြင်းကို ဖြည်းဖြည်းချင်း ရပ်လိုက်ပြီး ကျင့်စဉ် အောင်မြင်သည်အထိ ဘဝကို တစ်ယောက်တည်း နေထိုင်ကျင့်ကြံ သွားကြရလေသည်။

ဤသည်မှာ အစိမ်းရောင်ဝတ် လူအနေဖြင့် အစားမစား၊ ရေလည်း မသောက်ရဘဲ တစ်လကြာ သည်အထိ အသက်ရှင်နိုင်သည့် အပြင် သိုင်းပညာပါ မြင့်မားတိုးတက် လာရသည့် အကြောင်း ဖြစ်လေ သည်။

သူအတွင်းအား စကျင့်လိုက်သည့် အချိန်တွင် သူ၏ ခန္ဓာကိုယ်ရှိ အထွတ်အထိပ် ရှစ်နေရာမှ ဆုံမှတ်နှစ်ခု ဖြစ်သည့် အတွေးအမြင်ပိုင်းနှင့် အုပ်ချုပ်မှုပိုင်းကို ဖြတ်ကျော်ပြီး ပွင့်ထွက် သွားလေသည်။

အစိမ်းရောင်ဝတ် လူအား ချင်ပြည်နယ် လက်ရွေးစင် တပ်မတော်၊ ဝါးရွက်စိမ်းဂိုဏ်းနှင့် ရွှေဓား ဘုရင်တို့ ဝိုင်းဝန်း တိုက်ခိုက် ကြပြီးနောက် ဒဏ်ရာ အပြင်းအထန်ဖြင့် အသက်ရှင်လျက် ဖမ်းဆီး ရမိခြင်း ဖြစ်လေသည်။ သူတောင်းစားလေးကိုပင် သူ အကာအကွယ် မပေးနိုင်ခဲ့ပေ။

အကျဉ်းထောင်ထဲတွင် သေလုမြောပါး အခြေအနေဖြင့် သူ နိုးထလာသည့် အချိန်တွင်တော့ သူ က သူ၏ ဒဏ်ရာများကို အတွင်းအားဖြင့် ကုသရန် ကြိုးစားလိုက်သည်။

ထို့ကြောင့်ပင် သူ၏ ဟွေ့ရင်း သွေးကြောဆုံမှတ်မှာ မထင်မှတ်ဘဲ ပွင့်ထွက်သွားပြီး ဝမ်းဗိုက် ပိုင်းရှိ ဟွေ့ရင်းဆုံမှတ်နှင့် နောက်ကျောဘက်ရှိ ဟွေ့ရင်း ဆုံမှတ်တို့မှာ တစ်ခုတည်း ပေါင်းစည်း သွားကြ လေသည်။ အတွင်းအားများမှာ ဟွေ့ရင်း ဆုံမှတ်မှ နေပြီး ချန်းချန် ဆုံမှတ်သို့ စီးဆင်း သွားကြလေသည်။

ဟွေ့ရင်း ဆုံမှတ်နှင့် ချန်းချန် ဆုံမှတ်တို့မှာ နီးကပ် ကြသော်လည်း တစ်ခုမှာ အတွေးအမြင်ပိုင်း ဖြစ်ပြီး တစ်ခုမှာ အုပ်ချုပ်မှုပိုင်း ဖြစ်သည့်အတွက် ဆက်စပ်မှု မရှိပေ။

သို့သော်လည်း  သူတို့ နှစ်ခုလုံး ပွင့်သွားသည့်အတွက် အတွင်းအားများမှာ ခန္ဓာကိုယ် တစ်ခုလုံး ဆီသို့ အဆုံးမရှိ စီးဆင်း သွားလေတော့သည်။

ကျန်းဟူမှ လူစွမ်းကောင်း တစ်သိုက်မှာ အစိမ်းရောင်ဝတ် လူ၏ နတ်သက်ခြွေ ဓားသိုင်းကို လိုချင်သောကြောင့် လာခဲ့ကြခြင်း ဖြစ်လေသည်။ သို့သော် သူတို့ လိုချင်သည့် နတ်သက်ခြွေ ဓားသိုင်း ကြောင့်ပင် သူတို့ သေရမည်ကိုတော့ မသိကြရှာပေ။

ထိုသူတို့မှာ နတ်သက်ခြွေ ဓားသိုင်းမှာ အတွင်းအားနှင့် သုံးခြင်းမဟုတ် ဝိညာဉ် စွမ်းအားနှင့်သုံး ခြင်း ဖြစ်သည်ကို မသိကြပေ။ သူတို့အဖွဲ့မှာ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားသည်ကိုပင် သိ မသွား ကြရှာပေ။

နောက်ဘဝတွင် လူအဖြစ်ပြန်လည် မွေးဖွားလာဦးမည် ဆိုလျှင်တောင်မှ ငတုံးများ အဖြစ်သာ ပြန်လည်မွေးဖွား လာကြမည့် သူများ ဖြစ်လေသည်။

ထိုသူများ၏ နှောင့်ယှက်မှုကြောင့် အစိမ်းရောင်ဝတ် လူမှာ နတ်သက်ခြွေ ဓားသိုင်း၏ ဆိုးကျိုး များ ပေါင်းစည်း ခံစားလိုက်ရ လေသည်။

“သင့်ရဲ့ ရန်သူနဲ့ သဘောတူမှု ပြုလုပ်မယ်ဆိုရင် သဘောတူညီမှု ပျက်စီးသွားပါက ရှစ်ဆယ် ရာခိုင်နှုန်း ထိခိုက် နစ်နာမည့်သူမှာ သင်ပင်ဖြစ်သည်”

ဟူသည့် စကားပုံအတိုင်း အစိမ်းရောင်ဝတ် လူ၏ ဝိညာဉ် စွမ်းအားများ ပျက်စီး သွားရလေ သည်။

လွန်ခဲ့သည့် တစ်လခန့်က လင်ချုန်းရှောင်ကသာ ထိုက်ဝေ့ ဝိညာဉ်ငြိမ်းချမ်း သံစဉ်ဖြင့် သူ့ဝိညာဉ် ကို မကုသ ပေးခဲ့လျှင် သူ့အနေဖြင့် ဤအကျဉ်းထောင်မှ ထိုးဖောက် ထွက်နိုင်မည် မဟုတ်ပေ။

ထိုက်ဝေ့ဆိုသည်မှာ လင်ချုန်းရှောင်၏ သစ်သားငါးရုပ် တုံးလေး၏ အမည်ဖြစ်လေသည်။ ထိုအရာလေးမှာ လင်ချုန်းရှောင်တို့ ဂိုဏ်းတွင် အသုံးပြုသည့် စိတ်ဝိညာဉ်ကို အေးချမ်း ငြိမ်းသက် စေသော ရတနာတစ်ပါး ဖြစ်လေသည်။ နတ်သက်ခြွေ ဓားသိုင်းကြောင့် ပျက်စီးသွားသည့် စိတ်ဝိညာဉ် ကို ပြန်ပြီး ကုသ ပေးနိုင်လေသည်။

နတ်သက်ခြွေ ဓားသိုင်းမှာ လူတစ်ယောက်၏ ဝိညာဉ်ကို တိုက်ခိုက်ခြင်း ဖြစ်ပြီး မိုးမြေ၏ ဆန္ဒ သဘောထားနှင့် ဆန့်ကျင်လေသည်။ လင်ချုန်းရှောင်က သူ၏ ဂိုဏ်းသားများကို နတ်သက်ခြွေ ဓားသိုင်း ကျင့်ကြံခြင်းကို တားမြစ် ထားလေသည်။ သူက အရည်အချင်း မရှိသည့် လူဆိုလျှင်တောင်မှ ရိုးသား ဖြောင့်မတ်သူ ဖြစ်လျှင် ဂိုဏ်းသားအဖြစ် လက်ခံလေသည်။

နတ်သက်ခြွေ ဓားသိုင်းကို သုံးသည့် အကြိမ်တိုင်း အသုံးပြုသူ၏ ဝိညာဉ်စွမ်းအား ပျက်စီး ရလေ သည်။ မကြာခဏ အသုံးပြုမည် ဆိုလျှင် ဝိညာဉ်စွမ်းအား ပြန်ကောင်း လာစေရန် လနှင့်ချီ သို့မဟုတ် နှစ်နှင့်ချီပြီး ကြာမည် ဖြစ်လေသည်။

နတ်သက်ခြွေ ဓားသိုင်း၏ ဆိုးကျိုးကို သိသည့်အတွက် အစိမ်းရောင်ဝတ် လူမှာ နှစ်ကြိမ်ခန့်သာ လျှင် အသုံးပြုခဲ့ ဖူးလေသည်။

လင်ချုန်းရှောင်၏ အတွေးကို အစိမ်းရောင်ဝတ် လူက နားလည်လေသည်။ လင်ချုန်းရှောင်မှာ လူတစ်ယောက်ကို သတ်တော့မည် ဆိုလျှင် ထိုသူ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ အကောင်းဆုံး အနေအထားတွင် ရှိကြောင်း သေချာမှ သတ်တတ်လေသည်။ သူ၏ ပြိုင်ဘက် အဆင်သင့် မဖြစ်သေးလျှင် သူက တိုက်ခိုက်တတ်သူ မဟုတ်ပေ။

ဆန်းလျန်ကို အစိမ်းရောင်ဝတ်လူမှာ လက်တစ်ဖက်တည်းဖြင့်ဆွဲခေါ်သွားလေသည်။ သူ့နားထဲတွင် လေတိုးသံများ ကိုတဝီဝီကြားနေရလေသည်။ တိမ်နှင့်မီးခိုးငွေ့များကြားတွင် ပျံသန်းနေရသလိုဖြစ်နေလေသည်။

ထိုသူက အကျဉ်းထောင် အပြင်ဘက် ရောက်သည်အထိ ရပ်တန့် မသွားဘဲ ဆက်သွား နေလေသည်။ ဆန်းလျန်မှာ အိမ်ခေါင်မိုးများကို ရိပ်ခနဲ ရိပ်ခနဲသာ မြင်တွေ့ နေရလေသည်။

တုံးခေါက်သံကို ထပ်မကြားရတော့ပါ။ တုန်လှုပ် ချောက်ချားစရာ ကောင်းပြီး ရှုပ်ထွေးသည့် စာပိုဒ် ရွတ်သံများကို ကြားနေရလေသည်။ စာပိုဒ်မှာ ရှုပ်ထွေးသည့် ရှေးစာလုံးများ ပါဝင်လေသည်။

စာပိုဒ် တစ်ခုလုံးတွင် စကားလုံး တစ်ရာ့ရှစ်လုံး ပါဝင်လေသည်။ ဆန်းလျန်၏ မှတ်ဉာဏ် စွမ်းအားကြောင့်သာ ထိုသို့ မှတ်မိနိုင်ခြင်း ဖြစ်လေသည်။ သို့သော် ထိုစာလုံးများ သူ့မှတ်ဉာဏ် အတွင်းသို့ ဝင်ရောက်သွားသည်နှင့် အလင်းပွင့် သွားပြီး စွမ်းအားများ တိုးတက် လာသကဲ့သို့ ခံစားလိုက် ရလေသည်။

ရုတ်တရက် အလောင်းစင် တစ်ခုပေါ်မှ မှော်ဝင် ဓားတစ်ချောင်း သူ့ဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရပြီး ထိုဓားက ဆန်းလျန်ကို ရိုက်ချ လိုက်လေသည်။ သူ့တစ်ကိုယ်လုံး အေးစက်သည့် ချွေးများ ထက်လာပြီး သူ၏ နဖူးမှာ ရေခဲကဲ့သို့ အေးစက် သွားလေသည်။

အစိမ်းရောင်ဝတ် လူမှာ လှုပ်ရှားနေရာမှ ရပ်တန့်လိုက်သည်။

မိုးရေများထဲတွင် ရှေးဟောင်း ဝတ်ကျောင်းတော်ကြီး တစ်ခုကို တွေ့ရလေသည်။ မိုးကောင်းကင် တစ်ခုလုံးမှာလည်း မီးခိုးရောင်များဖြင့် ညိုမှိုင်း အုံ့ဆိုင်း နေလေသည်။

ဆန်းလျန်မှာ ဤနေရာကို သိလေသည်။ သူတို့ရောက်နေသည့် နေရာမှာ ပြည်နယ်၏ တောင်ဘက်တွင် ရှိသည့် တောင်ထိပ်တစ်ခုတွင် ဖြစ်လေသည်။ အကျဉ်းထောင်မှာ ဆယ်မိုင်ခန့် အဝေး တွင် ကျန်ခဲ့ပြီ ဖြစ်လေသည်။

ဆန်းလျန်က သူ့ခန္ဓာကိုယ်ထဲမှ အတွင်းအား စီးဆင်းမှုကို ကြည့်လိုက်ပြီး အကြမ်းအားဖြင့် ဆယ့်ငါးမိနစ်ခန့် ကြာခဲ့ပြီဟု သိလိုက်လေသည်။

ထို့ပြင် ရှေးဟောင်း ဝတ်ကျောင်းတော်ကြီးကိုလည်း သူမှတ်မိလေသည်။ ထို ဝတ်ကျောင်း တော်ကြီးမှာ ချင်ပြည်နယ် မြို့တော်၏ အပြင်ဘက်တွင် တည်ရှိသည့် ချယ်လန်း ဝတ်ကျောင်းတော်ကြီး ပင် ဖြစ်လေသည်။


Comment

Leave a Reply


Options

not work with dark mode
Reset