အခန်း (၇၄) မင်းရဲ့ကျင့်စဉ်လမ်းက သေချာပေါက်မှားယွင်းနေလို့ပဲ
သားရဲဥလေးကို ဝိညာဉ်ဆေးရည်များဖြင့် လောင်းပေးပြီးနောက် ကျန်းလန် မရဏဂူသို့ ပြန်လာခဲ့သည်။
အရင်ကတော့ မရဏဂူထဲတွင် သားရဲဥလေးက သူနှင့်အတူရှိသော်လည်း ယခုတော့ သူတစ်ယောက်သာ ကျန်ရစ်တော့သည်။
သို့သော်… သူ့အနေဖြင့် သားရဲဥလေးကို မရဏဂူထဲတွင် မည်သည့်နည်းနှင့်မှ ဆက်မထားနိုင်ပေ။ ဆက်ထားမည်ဆိုပါက သားရဲဥလေး အဖြစ်ဆိုးသွားနိုင်သည်။
သားရဲဥလေးကို ပျိုးထောင်ပေးရသည်မှာ သူ့အတွက် မလွယ်ကူခဲ့ပေ။ ထို့ကြောင့် သားရဲဥလေး ဒီအတိုင်းသေဆုံးသွားမည်ကို မဖြစ်မခံနိုင်ပေ။
မရဏဂူသို့ ပြန်ရောက်သည့်အခါ မရဏအငွေ့အသက်များ ပိုမိုထူထပ်များပြားနေသည်ကို ကျန်းလန် သတိပြုလိုက်မိသည်။
သို့သော်… သူ့ကိုတော့ အန္တရယ်ဖြစ်စေနိုင်မည် မဟုတ်ပေ။
သူ ဂရုစိုက်ရမည့်တစ်ခုတည်းသောအချက်မှာ ကိုယ်တွင်းမိစ္ဆာထွက်ပေါ်မလာအောင် ကာကွယ်ရန်သာ ဖြစ်၏။
ကျန်းလန် မရဏဂူထဲတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။
“နတ်ဘုရားမပန်းချီကားကို အရင်ဆုံး စစ်ဆေးကြည့်မှပဲ…”
ကျင့်ကြံခြင်းမပြုလုပ်မီ ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကား၏ အကျိုးသက်ရော်ကမှုများကို တိတိကျကျ သိရှိအောင် အရင်ပြုလုပ်ရပေမည်။
ကျန်းလန်၏ စိတ်အာရုံထဲမှ ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားက သူ့အရှေ့တွင် ထွက်ပေါ်လာသည်။
ပန်းချီကားကို အသက်သွင်းပြီးပြီ ဖြစ်သောကြောင့် အချိန်မရွေးအသုံးပြုနိုင်တော့မည်ဟု ကျန်းလန် ထင်မှတ်လိုက်သည်။ တွေးရင်း ကျန်းလန် ပန်းချီကားကို ဖွင့်ကြည့်လိုက်သည်။
ယခင်အချိန် ပန်းချီကားကို ဖွင့်ကြည့်စဉ်က ပန်းချီကားထဲတွင် ကျောက်စိမ်းရေကန်တစ်ခုကိုသာ တွေ့ခဲ့ရသည်။
ယခု လုန်ယွိက ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်ပြီ ဖြစ်သောကြောင့် ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်လာခဲ့ပြီး ပန်းချီကားလည်း အသက်ဝင်လာခဲ့သည်။
ထို့ကြောင့်… ပန်းချီကားထဲတွင်လည်း ပြောင်းလဲမှုတစ်စုံတစ်ရာ ဖြစ်ပေါ်သွားနိုင်သည်ဟု ကျန်းလန် တွေးလိုက်သည်။
ပန်းချီကား၏ ပြောင်းလဲမှုက ကျောက်စိမ်းရေကန်ထဲဝင်ရောက်သွားသည့် လုန်ယွိနှင့် အများဆုံး ပတ်သက်ပေလိမ့်မည်။
သို့သော်… ပြောင်းလဲမှုအတိအကျကို သိချင်လျှင်တော့ ပန်းချီကားကို ဖွင့်ကြည့်မှသာ သိနိုင်ပေလိမ့်မည်။
ကျန်းလန် သူ့ရှေ့မှ ပန်းချီကားကို ဖွင့်ကြည့်လိုက်သည်။
ယခင်ကအတိုင်းပင် ကျောက်စိမ်းရေကန်ကို ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ် ထွက်ပေါ်လာသည်။ ပန်းချီကားထဲမှ ကန်ရေပြင်က တည်ငြိမ်လျှက် ရှိ၏။
သို့သော်… ကျောက်စိမ်းရေကန်နတ်ဘုရားမ”လုန်ယွိ” ကို ပန်းချီကားထဲတွင် မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ပေ။
ကျန်းလန် ပန်းချီကားနေရာအနှံ့ လိုက်လံရှာဖွေလိုက်သည်။
နောက်ဆုံးတော့… ကျောက်စိမ်းရေကန် ကမ်းခြေတွင် ရှိနေသည့် အဖြူရောင်နဂါးတစ်ကောင်ကို တွေ့လိုက်ရ၏။
နဂါးလေးက အလွန်သေးငယ်သည့် နဂါးငယ်လေးတစ်ကောင် ဖြစ်သည်။
“ငါ မမှားဘူးဆိုရင်… ဒီနဂါးက လုန်ယွိပဲ ဖြစ်ရမယ် … ၊ ဟို ရေချိုးနေတဲ့မြင်ကွင်းထဲက နဂါးနဲ့ တစ်ပုံစံထဲပဲ… ၊ နည်းနည်းလေးတောင် ကြီးမလာဘူး… ၊ ကြည့်ရတာ နဂါးလေးက အသက်မပြည့်သေးဘူးလား မသိဘူး…”
သို့သော်… လူသားအသွင်ယူထားသည့် လုန်ယွိ၏ ပုံစံကတော့ အသက်မပြည့်သေးသူတစ်ယောက်နှင့် လုံး၀ မတူပေ။ သူမ၏ သေးသွယ်သည့် ခြေထောက်များဆိုလျှင် အလွန်ပင် တပ်မက်ဖွယ်ရာကောင်းလှသည်။
သူမကို ကြည့်ရသည့်မှာ ရင့်ကျက်ဟန် သိပ်မရှိသေးသော်လည်း ကလေးငယ်တစ်ယောက်တော့ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။ လူငယ်တစ်ယောက် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
နဂါးများ၏ ကြီးထွားမှုနှင့် အသက်အရွယ်သတ်မှတ်ချက်များကို ကျန်းလန်လည်း သေသေချာချာ မသိရှိပေ။
သူ ခေါင်းတစ်ချက် ခါရမ်းလိုက်၏။
ထို့နောက်… ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကားကို ကျန်းလန် ဆက်လက်လေ့လာလိုက်သည်။
ဤပန်းချီကားက ကျောက်စိမ်းရေကန်၏ အနှစ်သာရစွမ်းအားများကို ပြန်လည်အသုံးပြုနိုင်အောင် မျှဝေပေးသည့် ကြားခံပစ္စည်းတစ်ခု ဖြစ်သည်။
ဤပန်းချီကားမှတစ်ဆင့် ကျောက်စိမ်းရေကန်၏ အနှစ်သာရစွမ်းအားများနှင့် ကံကြမ္မာအခွင့်ကောင်းများကို မျှေ၀ အသုံးပြုနိုင်မည် ဖြစ်သည်။
သို့သော်… ပန်းချီကားကို သေသေချာချာ လေ့လာပြီးသည့်နောက် မည်သည့် အနှစ်သာရစွမ်းအားများနှင့် ကံကြမ္မာအခွင့်ကောင်းများကိုမှ ကျန်းလန် ခံစားရခြင်း မရှိပေ။
တစ်စုံတစ်ခု မှားယွင်းနေဟန် ရှိသည်။
“ကျောက်စိမ်းရေကန်နတ်ဘုရားမက အခုမှ ထွက်ပေါ်လာကာစမို့လို့ တန်ခိုးစွမ်းအားအနှစ်သာရတွေ ၊ ကံကြမ္မာအခွင့်အလမ်းတွေက ထွက်ပေါ်မလာသေးတာများလား… ၊ ဒါမှမဟုတ် … အဲဒါတွေအကုန်လုံးကို အသုံးပြုလိုက်ပြီလား မပြောတတ်ဘူး…”
ထို့နောက် … လုန်ယွိပေးလိုက်သည့် အပြာရောင်ရေပုလဲကို ကျန်းလန် သတိရလိုက်သည်။
ရေပုလဲသည်လည်း ကျောက်စိမ်းရေကန်၏ အနှစ်သာရ အများအပြားကို စုစည်းထားသည့် ရတနာပစ္စည်းတစ်ခု ဖြစ်သည်။
“ရေပုလဲကို နည်းနည်းလောက် လေ့လာကြည့်လိုက်ဦးမယ်…”
သို့သော်… ရေပုလဲကို လေ့လာကြည့်ပြီးနောက် ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားဖြင့် ဆက်စပ်အတည်ပြုရန် မတတ်နိုင်ခဲ့ပေ။
ထို့ကြောင့်… ဆက်လက်စစ်ဆေးကြည့်နေမည်ဆိုလျှင်လည်း သူ ဘာမှတွေ့ရှိမည် မဟုတ်ပေ။
ကျန်းလန် ကျောက်စိမ်းရေကန်ပန်းချီကားကို သိမ်းဆည်းလိုက်ပြီး စတင်ကျင့်ကြံလိုက်သည်။ တစ်နေ့မကျင့်ကြံလျှင် တစ်နေ့အတွက် ရင်းမြစ်များကို ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။
မရဏအငွေ့အသက်များပေါက်ကွဲထွက်ခြင်းက နှစ်အနည်းငယ်တော့ ကြာမြင့်မည် ဖြစ်သည်။
ပေါက်ကွဲမှုတစ်ကြိမ် ပြီးဆုံးသွားလျှင်တော့ နောက်ထပ် ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားရန် နှစ်ပေါင်း (၁၀၀) စောင့်ဆိုင်းရမည် ဖြစ်သည်။
လုန်ယွိ သူ့ကိုပေးလိုက်သည့် အပြာရောင်ရေပုလဲက ထူးခြားဆန်းကျယ်သည့် အဖိုးတန်ပစ္စည်းတစ်ခု ဖြစ်သည်။
ရေပုလဲထဲမှ စွမ်းအားအနှစ်သာရများကို အလျှင်အမြန်စုပ်ယူ ကျင့်ကြံဖို့ လိုအပ်သည်။
ကျန်းလန်ကတော့ နဝမတောင်ထွတ်မှ ပြင်ပသို့ မထွက်ဘဲ နှစ်ပေါင်း (၃၀) မှ (၅၀) ထိ ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ ဤနှစ်များအတွင်း ဆရာဖြစ်သူက သူ့ကို ပြင်ပလောကသို့ စေလွှတ်ခြင်းမပြုရန် ကျန်းလန်မျှော်လင့်လိုက်သည်။
အတွေ့အကြုံရရန်အတွက် ပြင်ပလောကသို့ ထွက်ရမည်ဆိုလျှင်… သူက ရေခဲပုဇဉ်းရင်ကွဲတောအုပ်သို့သွားပြီး ပုဇဉ်းဖမ်းရန်သာ တောင်းဆိုမည် ဖြစ်သည်။
ကျန်းလန် မည်သည့်အတွေးမှ မတွေးတော့ဘဲ ငြိမ်သက်စွာဖြင့် စတင်ကျင့်ကြံလိုက်သည်။
မရဏအငွေ့အသက်များနှင့် အပြာရောင်ရေပုလဲပေါင်းစည်းလိုက်သည့်အခါ သူ၏ ကျင့်ကြံခြင်းက သိသိသာသာ လျှင်မြန်တိုးတက်လာသည်။
စနစ်တွင် မှတ်ပုံတင်ခြင်းမှ ရရှိသည့် ရင်းမြစ်ပစ္စည်းများနှင့် ပေါင်းစပ်လိုက်သည့်အခါ သူ၏ ကျင့်ကြံခြင်းလျှင်မြန်မှုက ပြောစရာမလိုတော့အောင် မြင့်တက်သွားလေတော့၏။
……………
(၃)နှစ်ကြာပြီးသည့်နောက်…
ငြိမ်ငြိမ်သက်သက် ကျင့်ကြံနေသည့် ကျန်းလန်တစ်ယောက် အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
ထိုအသံက အဆုံးမရှိသည့် အသူရာချောက်နက်ကြီးတစ်ခုအတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုအသံကိုကြားလိုက်ရသည်နှင့် ကျန်းလန်တစ်ယောက် ငရဲတမျှနက်ရှိုင်းသည့် ချောက်နက်ကြီးထဲသို့ ကျရောက်သွားသည့်အလား ခံစားလိုက်ရသည်။
သို့သော်… ကျန်းလန်က သမာဓိအားကောင်းသူဖြစ်လေရာ ချက်ချင်းပင် သူ၏ ကျင့်ကြံခြင်းတန်ခိုးစွမ်းအားများကို လှည့်ပတ်လိုက်သည်။
ထို့နောက်… သူက အသူရာတမျှ နက်ရှိုင်းသည့် ချောက်နက်ကြီးအတွင်းမှ ခြေတစ်လှမ်းချင်းလှမ်းကာ ထွက်ခွာလာခဲ့သည်။
သူ နောက်သို့ လုံး၀ လှည့်မကြည့်ခဲ့ပေ။
သူက စိတ်၏တည်ငြိမ်မှုကို ထိန်းသိမ်းထားပြီး ဖြေးဖြေးမှန်မှန် ခြေလှမ်းတစ်လှမ်းချင်း လှမ်းလာခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးက ပိန်းပိတ်အောင်မှောင်မိုက်နေပြီး ကျန်းလန်မှာ မျက်မမြင်တစ်ယောက်အလား မည်သည့်အရာကိုမှ တွေ့မြင်ရခြင်း မရှိပေ။
အမှောင်တရားဆိုသည်က လူတစ်ယောက်၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို သက်ရောက်မှုအရှိဆုံး အရာဖြစ်၏။
သို့သော်… ကျန်းလန်က အရေးမစိုက်ပေ။
သူ၏ခြေလှမ်းများက တည်ငြိမ်နေပြီး သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က တစ်သားတည်း ကျနေသည်။
ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း လှမ်းရင်း အသူရာချောက်နက်ကြီးအတွင်းမှ ကျန်းလန် လမ်းလျှောက်ထွက်လာခဲ့သည်။
“မင်း ဘာလို့ နောက်လှည့်မကြည့်တာလဲ… ၊ ကြည့်ရတာ… မင်းရဲ့ ကျင့်စဉ်လမ်းက အစကတည်းက မှားယွင်းနေတယ် ထင်တယ်… ၊ မင်းက မင်းကိုယ်မင်း အမှောင်ထုထဲက ရုန်းထွက်သွားတယ်လို့ ထင်နေပေမယ့်… လက်တွ့မှာတော့ မင်းဟာ အသူရာချောက်နက်ကြီးထဲမှာ မျက်စိလည်ရင်း လမ်းလျှောက်နေတာပဲ… ၊ မင်းသာ နောက်လှည့်မကြည့်ဘူးဆိုရင်… မင်းရဲ့ ကျင့်စဉ်လမ်းက သေချာပေါက်မှားယွင်းနေလို့ပဲ… ၊ မင်းလိုက်ခဲ့တဲ့ကျင့်စဉ်လမ်းက တစ်လျှောက်လုံး လမ်းမှားတစ်ခု ဖြစ်နေခဲ့တာပဲ…”
အသံတစ်သံထွက်ပေါ်လာပြီး ထိုအသံက ကျန်းလန်၏ စိတ်အာရုံထဲတွင် ပဲ့တင်ရိုက်ခတ်နေသည်။
ထိုအသံက ကျန်းလန်၏ သမာဓိနှင့် ယုံကြည်မှု ပျက်ပြားသွားပြီး ကိုယ်လျှောက်နေသည့်ကျင့်စဉ်လမ်းကို သံသယဝင်သွားအောင် လုပ်ဆောင်နေလေသည်။
သို့သော်… ကျန်းလန် ထိုအသံကို လျစ်လျူရှုထားခဲ့သည်။
ထိုအသံက မရဏလောကမှ ခေါ်သံဖြစ်၏။ ထိုသို့သောအသံမျိုးက နေရာတိုင်းတွင် တည်ရှိလေသည်။
သို့သော်… ယခုတစ်ကြိမ် ကျန်းလန်ကြားနေရသည့်အသံကတော့ မတော်တဆ ဖောက်ပြန်မှုတစ်ခုကြောင့် ထွက်ပေါ်လာခြင်း ဖြစ်ဟန်တူသည်။
မရဏလောကမှ ခေါ်သံက ကျန်းလန်ကို လွှမ်းမိုးရန် မဖြစ်နိုင်ခဲ့ပေ။
အမှန်တော့… သူလျှောက်လှမ်းနေသည့် ကျင့်စဉ်လမ်းက မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ မည်သူမှ မေးခွန်းထုတ်စရာမလိုသည့်ကိစ္စ ဖြစ်၏။
လမ်းဆုံးထိမရောက်ခင် မှားသည် မှန်သည်ကို မည်သူက သေသေချာချာ သိရှိနိုင်ပါမည်နည်း။
ကျန်းလန်က ထိုအချက်ကို အဘယ့်ကြောင့် သံသယထားနေရပါမည်နည်း။
မှားသည် မှန်သည်ဆိုသည့် ပြဿနာက အစကတည်းက ရှိခဲ့သည့် ပြဿနာ ဖြစ်သည်။ ယခုမှ အရေးလုပ်ပြီး စဉ်းစားခန်းဖွင့် သံသယဝင်နေစရာ မလိုပေ။
ကျန်းလန်က ခြေလှမ်းများကို လုံး၀ မရပ်တန့်ဘဲ ရှေ့သို့ တစ်လှမ်းချင်း ဆက်လျှောက်နေသည်။
ထိုအချိန်…
အမှောင်ထုကို ဖြိုခွင်းပြီး အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။
ကျန်းလန်က အလင်းတန်းထွက်ပေါ်လာရာနေရာသို့ ဖြေးဖြေးမှန်မှန်ပင် လမ်းလျှောက်သွားလိုက်သည်။
ကျန်းလန် အချိန်အကြာကြီး လမ်းလျှောက်နေရသည်ဟု ခံစားရသည်။ သို့သော်… တကယ်တမ်းတွင် ထိုအချိန်က ခဏလေးမျှသာ ဖြစ်သည်။
နောက်ဆုံး… ကျန်းလန် အလင်းရောင်ရှိရာသို့ ရောက်ရှိသွားလေသည်။
ယခင်အချိန်များကသာ မသူရာချောက်နက်ကြီးအတွင်း ကျရောက်သွားမည်ဆိုလျှင် ကျန်းလန် သေချာပေါက် ကြမ္မာဆိုးနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။
ယခုတော့ ကျန်းလန် ရုန်းထွက်နိုင်ခဲ့လေသည်။
ကျန်းလန် မျက်လုံးများကို အသာဖွင့်ကြည့်လိုက်သည်။
နှလုံးခုန်သံများလျှင်မြန်နေပြီး လူလည်း မောဟိုက်လျှက် ရှိသည်။
အလွန်အန္တရယ်များသည့် အချိန်တစ်ခုကို ရင်ဆိုင်ခဲ့ရကြောင်း ကျန်းလန် သိရှိလိုက်သည်။
သူ၏ ခန္ဓာကိုယ်ထဲတွင် ပြဿနာတစ်ခုခုရှိနေမည်လားဟု အရင်ဆုံး စစ်ဆေးခြင်းမပြုမိဘဲ ငရဲတံခါးရှိရာသို့ လှမ်းကြည့်လိုက်မိသည်။
ထိုအခါ… ငရဲတံခါးအတွင်းမှ မရဏအငွေ့အသက်များ အလုံးအရင်းနှင့် ပေါက်ကွဲထွက်နေသည်ကို ကျန်းလန် တွေ့လိုက်ရလေသည်။
“မရဏအငွေ့အသက် ပေါက်ကွဲမှုကြီးက စတင်နေပြီလား… ၊ ဒါကြောင့် ငါ သတိလွတ်တော့မတတ် ဖြစ်သွားရတာပဲ…”
ငရဲတံခါးမှ မရဏအငွေ့အသက်များပေါက်ကွဲမှုကြီးက အထွတ်ထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျန်းလန်၏ စိတ်စွမ်းအားနှင့် သမာဓိ ကောင်းမွန်လွန်းသောကြောင့်သာ ယခုအချိန်ထိ အန္တရယ်မဖြစ်ဘဲ နေထိုင်နိုင်ခြင်း ဖြစ်လေတော့၏။