Switch Mode

အခန်း (၇၃)

အပြာရောင်ရေပုလဲရှိနေတာအန္တရယ်များတယ်

အခန်း (၇၃) အပြာရောင်ရေပုလဲရှိနေတာအန္တရယ်များတယ်

အားလုံးက လုန်ယွိကို ကြည့်နေကြလေသည်။

သူမလုပ်ရပ်ကို မည်သူမှ နားမလည်ကြပေ။

မကြာမီ… လုန်ယွိ ကျောက်စိမ်းရေကန် အပြင်ဘက်သို့ ရောက်ရှိလာသည်။

လုန်ယွိက လက်နှစ်ဖက်ကို အသာအယာဝှေ့ရမ်းလိုက်၏။ ထိုအခါ… မရေမတွက်နိုင်သည့် ရေစီးကြောင်းများက သူမ၏ လက်ဖဝါးထက်သို့ စုစည်းရောက်ရှိလာကြသည်။

ထို့နောက်… ရေများသိပ်သည်းသွားပြီး ရေဘောလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။

အခိုးအငွေ့မှ အရည် ၊ အရည်မှ အစိုင်အခဲအဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားသည့်အလားပင် ဖြစ်သည်။

လုန်ယွိ ဘာလုပ်နေသည်ကို အခြားသူများ နားမလည်နိုင်ကြသေးပေ။

ထို့နောက်… လုန်ယွိက နဝမတောင်ထွတ်မှ ဂိုဏ်းတူမောင်လေးရှိရာသို့ လမ်းလျှောက်သွားသည်ကို အားလုံးတွေ့လိုက်ကြရသည်။

လုန်ယွိ ကျန်းလန်ထံသို့ လမ်းလျှောက်လာလေသည်။

ထင်မှတ်မထားသည့်ဖြစ်ရပ်ကြောင့် ကျန်းလန်မှာလည်း အံ့အားသင့်သွားရပြီး လုန်ယွိကို လှမ်းကြည့်လိုက်သည်။

လုန်ယွိ၏မျက်ဝန်းများက အလွန်တည်ငြိမ်ပြီး ခန့်မှန်းရလည်း ခက်လှသည်။

သူမကိုကြည့်ရသည်မှာ ကိုယ်မှန်တယ်ထင်လျှင် အကုန်လုပ်မည့် အကျင့်စရိုက်မျိုး ရှိပုံရလေ၏။

လူများအားလုံးက စကားတစ်ခွန်းမှမဆိုဘဲ အခြေအနေများကို အကဲခတ်နေကြသည်။

လုန်ယွိ ဘာလုပ်မည်ကို သူတို့အားလုံး အလွန်တရာ သိချင်နေကြသည်။

သူမက ကျန်းလန်အနားသို့ ရောက်သည်နှင့် လက်နှစ်ဖက်ကိုအသာမြှောက်လိုက်သည်။

သူမလက်ထဲမှ ရေဘောလုံးက တဖြည်းဖြည်း သေးငယ်သွားပြီး အပြာရောင်ရေပုလဲတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။

လုန်ယွိက ကျန်းလန်ရှေ့တွင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အပြာရောင်ရေပုလဲကို  ကျန်းလန်ရှိရာသို့ ကမ်းပေးလိုက်သည်။

ပြီးမှ သာယာသည့်အသံလေးဖြင့်…

“ဒါက ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်ပေးတာပါ…”

အဘယ့်ကြောင့် ကျေးဇူးတင်ရသည်ကို ပြောမပြသည့်တိုင် ကျန်းလန် နားလည်လိမ့်မည်ဟု သူမ ခံယူထားသည်။

သူမ ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်ခြင်းမှာ ကျန်းလန်၏ ကျေးဇူးကြောင့်သာဖြစ်သည် မဟုတ်ပါလား။

ကျန်းလန်က အပြာရောင်ရေပုလဲကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် လက်ခံရန် ဆုံးဖြတ်လိုက်သည်။

ကျန်းလန်က လုန်ယွိလက်ထဲမှ ရေပုလဲကို လှမ်းယူလိုက်ပြီး…

“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်မ…”

ဟု ပြောလိုက်၏။

ကျန်းလန်က သူမပေးသည့် ရေပုလဲကို လက်ခံလိုက်သည်နှင့် လုန်ယွိက ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ကျောက်စိမ်းရေကန်ရှိရာသို့ ပြန်လည်ထွက်ခွာသွားသည်။

ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်လာပြီးနောက် သူမအနေဖြင့် အချိန်အတိုင်းအတာတစ်ခုအထိ ကျောက်စိမ်းရေကန်တွင်သာ နေထိုင်ရတော့မည် ဖြစ်သည်။

ကျန်းလန်က အပြာရောင်ရေပုလဲကို တစ်ချက်ကြည့်လိုက်ပြီး သိမ်းဆည်းထားလိုက်သည်။

ဤရေပုလဲက ကျောက်စိမ်းရေကန်မှ အနှစ်သာရများအားလုံးကို ပေါင်းစပ်ထားသည့် ခွန်လွန်တောင်၏ဖန်းဆင်းခြင်း မှော်ဝင်ပစ္စည်းတစ်ခုဖြစ်ကြောင်း ကျန်းလန် အတတ်ပြောနိုင်သည်။

အဖြစ်အပျက်ကို ကြည့်နေကြသူများအားလုံးမှာ အလွန်အမင်း အံ့အားသင့်သွားကြသည်။

ကျန်းလန် ရရှိလိုက်သည့် အပြာရောင်ရေပုလဲက မည်မျှအဖိုးတန်ကြောင်း သူတို့အားလုံး သိရှိကြလေသည်။

ထိုရေပုလဲဖြင့်သာဆိုလျှင် ကျန်းလန်၏ ကျင့်ကြံခြင်းက (၂)ဆခန့် ပိုမိုလျှင်မြန်သွားနိုင်သည်။ ထို့ပြင်… အပြာရောင်ရေပုလဲက နှစ်ရှည်အသုံးပြုနိုင်သည့် ကြာရှည်ခံ ရတနာပစ္စည်းတစ်ခုလည်း ဖြစ်၏။

သို့သော်… လုန်ယွိက ဤမျှအဖိုးတန်သည့်ပစ္စည်းကို အဘယ့်ကြောင့် ကျန်းလန်ကို လက်ဆောင်ပေးရပါသနည်း။ ထိုအချက်ကို မည်သူမှ နားမလည်နိုင်ကြပေ။

ကျန်းလန်နှင့် လုန်ယွိတို့က အစကတည်းက သိကျွမ်းနေကြသူများလား…။

ကျောက်စိမ်းရေကန်သို့လာရာ ပန်းခင်းလမ်းကို ကျန်းလန်နှင့် လုန်ယွိ အတူတူ ဖြတ်သန်းလာကြကြောင်း သူတို့အားလုံး သိရှိကြသည်။

သို့သော်… ပန်းခင်းလမ်းတွင် တွဲဖက်ပေးခြင်းက ကျဘမ်းဖြစ်၏။ ကိုယ်တွဲချင်သည့်လူနှင့် တွဲဖက်၍ မဖြစ်နိုင်ပေ။ ဤသည်က လူတိုင်းသိကြသည့် အချက်ဖြစ်သည်။

အဖြစ်အပျက်များကို နားမလည်ကြသည့်တိုင် မည်သူ့ကို မေးကြည့်ရမည်မှန်းလဲ မသိကြပေ။

အမှန်တော့… သူတို့အားလုံးက တံခါးပိတ်ကျင့်ကြံနေကြသူများ ဖြစ်ကြလေရာ ကျန်းလန်နှင့် လုန်ယွိ မည်သူမည်ဝါ ဖြစ်သည်ကိုပင် သိရှိကြသူများ မဟုတ်ပေ။

အချိန်ရလျှင်တော့ ဂိုဏ်းထဲမှ လူများထံမှ ကျန်းလန်နှင့် လုန်ယွိအကြောင်း စုံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။

ကျင်းထင်နှင့် မုရှိုးကတော့ အခြေအနေများအားလုံးကို နားလည်သူများ ဖြစ်ကြ၏။

မြူခိုးများကို ဖယ်ရှားသည့်အစီအရင်ကို လုန်ယွိက ကျန်းလန်ထံမှ သင်ယူခဲ့သည် မဟုတ်ပါလား။

ယခု… လုန်ယွိ ကျောက်စိမ်းရေကန်အတွင်းသို့ ဝင်ရောက်နိုင်ခြင်းမှာ ထိုအစီအရင်ကြောင့် ဖြစ်လေသည်။ ထို့ကြောင့်… လုန်ယွိက ကျန်းလန်ကို ကျေးဇူးတင်သည့်အနေဖြင့် အပြာရောင်ရေပုလဲကို ပေးအပ်ခြင်း ဖြစ်၏။

ကျန်းလန်က လုန်ယွိပေးသည့် ရေပုလဲကို လှမ်းယူလိုက်တော့မှ ကျင်းထင်နှင့် မုရှိုးလည်း စိတ်သက်သာရာ ရသွားကြသည်။

နဝမတောင်ထွတ်က အားနည်းချက်များဖြင့် ပြည့်နက်နေသည့် နေရာတစ်ခု ဖြစ်သည်။

ထို့ကြောင့်… ရေပုလဲသာမရှိလျှင် ကျင့်ကြံခြင်းဆက်လက်တိုးတက်ရန် ကျန်းလန်အတွက် အလွန်ခက်ခဲမည်ဖြစ်ကြောင်း သူတို့သိရှိခဲ့ကြသည်။

လုန်ယွိ ကျောက်စိမ်းရေကန်အတွင်းသို့ ပြန်ဝင်သွားပြီးနောက်…  ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးများ စတင်ဖုံးလွှမ်းလာလေသည်။

ကျောက်စိမ်းရေကန်ဖွင့်ပွဲပြီးဆုံးသွားပြီ ဖြစ်သည်။ ပြန်ရန်အချိန်ကျပြီကို အားလုံးနားလည်လိုက်ကြသည်။

ဟုန်လွမ်က လုန်ယွိကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်၏။ ထို့နောက် ထွက်ခွာသွားလေတော့သည်။

အခြားသူများသည်လည်း သူတို့၏ ဓားများကိုစီးနှင်ကာ ကျောက်စိမ်းရေကန်နှင့် ဝေးရာသို့ စီးနှင်ပျံသန်းသွားကြသည်။

လုန်ယွိကတော့ ကျောက်စိမ်းရေကန်တွင် ကျန်ရစ်ခဲ့ရတော့မည် ဖြစ်သည်။

ဂိုဏ်းတူအစ်မနှင့် အချိန်အကြာကြီးခွဲခွာရတော့မည်ဟု လင်စီးယာ ခံစားလိုက်ရသည်။

သို့သော်… အချိန်ကြာလာသည်နှင့်အမျှ သူမတို့ (၂)ယောက်၏ ကျင့်ကြံခြင်းအဆင့်မှာလည်း တဖြည်းဖြည်း ကွာဟသွားပေလိမ့်မည်။

ကျန်းလန်လည်း ဝေ့လည်ကြောင်ပတ်လုပ်မနေတော့ဘဲ ဓားကိုစီးနှင်ကာ နဝမတောင်ထွတ်သို့ ချက်ချင်း ပြန်လာခဲ့သည်။

ကျန်းလန် လမ်းတစ်လျှောက် အလွန်သတိထားပြီး ပြန်လာခဲ့သည်။ သို့သော်… သူ့ကို နှောက်ယှက်မည့်သူ တစ်ယောက်မှ မရှိခဲ့သဖြင့် မည်သည့်ပြဿနာမှ ဖြစ်မလာခဲ့ပေ။

ကျန်တပည့်များမှာလည်း နေထိုင်ရာနေရာသို့ အလျှင်အမြန်ပြန်ပြီး သူတို့ရရှိထားသည့် ရေပုလဲမှ ဝိညာဉ်စွမ်းအားများကို စုပ်ယူကာ ကျင့်ကြံချင်နေကြပြီ ဖြစ်သည်။

ကျောက်စိမ်းရေကန် ဖွင့်ပွဲက ကျန်းလန်အတွက်တော့ များစွာ အကျိုးရှိခဲ့လေသည်။

လုန်ယွိပေးသည့် လက်ဆောင်တစ်ခုတည်းဖြင့်ပင် အတော်လေး အသုံးဝင်နေပြီဖြစ်ရာ ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကိုတော့ ပြောနေစရာပင် မလိုတော့ပေ။

လုန်ယွိ သူ့ကို အဘယ့်ကြောင့် ကျေးဇူးတင်ရသည်ကို ကျန်းလန် နားလည်သည်။

လုန်ယွိက အခြားသူများအပေါ်တွင် အကြွေးတင်ရသည်ကို သဘောကျသူမဟုတ်သလို ကျန်းလန်ကလည်း သူ့အပေါ် မည်သူ့ကိုမှ အကြွေးမတင်စေလိုပေ။

သို့သော်… အပြာရောင်ရေပုလဲကဲ့သို့ အဖိုးတန်ရတနာပစ္စည်းမျိုးကို လုန်ယွိက သူ့ကို ပေးလိမ့်မည်ဟု ကျန်းလန် မျှော်လင့်မထားခဲ့မိပေ။

“ဒီနေ့ ကျောက်စိမ်းရေကန်ဖွင့်ပွဲတက်ရောက်တဲ့သူတွေ အရမ်းများတယ်… ၊ ဆရာတို့ အင်မော်တယ်အဖွဲ့ကတော့ ဘယ်နားကနေ ကြည့်နေကြလဲ မသိဘူး…”

ကျန်းလန် တွေးလိုက်သည်။

“အင်း… လုန်ယွိ ငါ့ကိုပေးလိုက်တဲ့ ရေပုလဲက အရမ်းတန်ဖိုးရှိတယ်… ၊ ပြီးတော့ ငါ့မှာ ဒီလိုအဖိုးတန်ပစ္စည်းတစ်ခုရှိနေတာကို သိသွားတဲ့သူတွေလည်း အများကြီးပဲ… ၊ ဒီတော့… ဆယ်စုနှစ် နည်းနည်းလောက်တော့ နဝမတောင်ထွတ်က အပြင်မထွက်ဘဲနေမှဖြစ်မယ်… ၊ ဒီရေပုလဲထဲက စွမ်းအားတွေကို စုပ်ယူကျင့်ကြံရမယ်… ၊ အချိန်ကြာသွားရင် ဒီရေပုလဲထဲက စွမ်းအားတွေအားလုံးကို စုပ်ယူနိုင်သွားမှာပဲ… ၊ အဲဒီအချိန်ကျ ဘယ်သူမှ ဒီရေပုလဲအကြောင်းကို စိတ်ဝင်စားကြမှာ မဟုတ်တော့ဘူး…”

မကြာမီ… ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်လည်ရောက်ရှိလာသည်။

ရောက်ရောက်ချင်းပင် ဆရာဖြစ်သူကို နှုတ်ဆက်ရန်အတွက် နဝမတောင်ထွတ်အစွန်းသို့ ကျန်းလန် ထွက်ခွာလာခဲ့သည်။

ကျောက်စိမ်းရေကန်တွင် နတ်ဘုရားမ တစ်ပါး ထွက်ပေါ်လာခြင်းက ပေါ့သေးသေးကိစ္စတစ်ခု မဟုတ်ပေ။

ဆရာဖြစ်သူလည်း ထိုအကြောင်းကို သိရှိပြီးဖြစ်ပေလိမ့်မည်။ သို့သော်… သူကလည်း ထိုအကြောင်းကို သွားရောက်ပြောပြချင်နေမိသည်။

“ဆရာ…”

နဝမတောင်ထွတ်အစွန်းသို့ ရောက်သည်နှင့် ကျန်းလန် အော်ခေါ်လိုက်၏။

မော့ကျန်းသုန့်လည်း ကျောက်စိမ်းရေကန်ရှိရာ တောင်ထိပ်မှ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။

မော့ကျန်းသုန့်က ကျန်းလန်ကို ကြည့်လိုက်ပြီး ခပ်တိုးတိုးလေသံဖြင့်…

“ကျောက်စိမ်းရေကန်ဖွင့်ပွဲကနေ အတွေ့အကြုံတွေ အတော်လေး ရလိုက်တယ်မဟုတ်လား…”

ကျန်းလန်က…

“ဟုတ်တယ် ဆရာ… ၊ တတိယတောင်ထွတ်က ဂိုဏ်းတူအစ်မလုန်ယွိက ကျောက်စိမ်းရေကန်ထဲကို ဝင်နိုင်ခဲ့တယ်…”

ကျန်းလန်က သူပြောချင်နေသည့်စကားကို ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

သို့သော်… မော့ကျန်းသုန့်က စကားလမ်းကြောင်းလွှဲလိုက်ပြီး ရုတ်တရက် မေးခွန်းထုတ်လိုက်၏။

“ဒါနဲ့… စကားမစပ်… မင်း ဆက်ပြီးကျင့်ကြံဖို့ ဘာတွေလိုအပ်တာရှိလဲ… ၊ လိုအပ်တာရှိရင် ဆရာ့ကို ပြောလေ…”

ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။

ဆရာဖြစ်သူက အဘယ့်ကြောင့် ရုတ်တရက် စကားလမ်းကြောင်း ပြောင်းလိုက်ရပါသနည်း။

သို့သော်… သူ ချက်ချင်းပင် နားလည်သွားသည်။

ကျောက်စိမ်းရေကန်ဖွင့်လှစ်ပြီးသည့်နောက် ခွန်လွန်တောင်၏ အဓိကတောင်ထွတ်ကြီး (၈)ခု က ကြီးမားသည့် အပြောင်းအလဲများနှင့် တိုးတက်ကောင်းမွန်သွားခဲ့သည်။

သို့သော်… နဝမတောင်ထွတ်ကတော့ နဂိုအတိုင်းပင် မပြောင်းမလဲ ရှိနေသည်။

ဤသည်က ကျန်းလန်အတွက် မျှတမှုမရှိဟု မော့ကျန်းသုန့်က တွေးထင်နေပြီး စိတ်မကောင်းဖြစ်နေဟန် ရှိသည်။ ထို့ကြောင့် သူက တပည့်ဖြစ်သူ လိုအပ်သည့်အရာများကို ကူညီပေးလိုခြင်း ဖြစ်သည်။

ဆရာဖြစ်သူက ကျန်းလန်အတွက် တရားမျှတမှုမရှိဟုတွေးထင်နေဟန် ရှိသည်။

ကျန်းလန်က…

“မရဏအငွေ့အသက်တွေ ပေါက်ကွဲထွက်တဲ့အချိန်ကျရင် ကျွန်တော် မရဏဂူထဲမှာ နေချင်ပါတယ် …ဆရာ…”

ဆရာဖြစ်သူက အခွင့်အရေးပေးမှတော့ ကျန်းလန်လည်း ဂွင်ဝင်တုန်း သူဖြစ်ချင်သည်ကို ပြောလိုက်၏။

မော့ကျန်းသုန့်က…

“ကောင်းပြီလေ… ဒါပေမဲ့ မရဏအငွေ့အသက်တွေပေါက်ကွဲထွက်တဲ့အချိန် အဲဒီမှာပဲ နေချင်တယ်ဆိုရင်တော့ တစ်လတစ်ကြိမ် စစ်ဆေးမှု ပြုလုပ်ရလိမ့်မယ်… ဘယ်လိုလဲ…”

ကျန်းလန်က…

“ဟုတ်… ရပါတယ် ဆရာ… ၊ ကျေးဇူးအများကြီးတင်ပါတယ်…”

အရေးကြီးသည်က သူ မရဏဂူထဲတွင် ဆက်လက်နေထိုင်နိုုင်မည့် အခွင့်အရေးရရှိရန်သာ ဖြစ်သည်။

မရဏအငွေ့အသက်များ ပေါက်ကွဲထွက်သည့်အချိန်တွင် ဆရာဖြစ်သူက မရဏဂူထဲမှ ထွက်ခွာခိုင်းမည်ကို ကျန်းလန် စိတ်ပူနေခြင်းဖြစ်၏။

မရဏဂူတွင် မရဏအငွေ့အသက်များ ပေါက်ကွဲထွက်မှုက မကြာမီအချိန်တွင် အပြင်းထန်ဆုံး ဖြစ်လာပေတော့မည်။

ထိုသို့ဖြစ်လာလျှင် အန္တရယ်ကင်းမည်ဟုတော့ မဆိုသာပေ။ ကျန်းလန်လည်း အလျဉ်းသင့်သလို ကြည့်ကျက်ပြီး နေထိုင်ရမည် ဖြစ်သည်။

ထို့နောက်… ကျန်းလန် နဝမတောင်ထွတ်အစွန်းမှ ပြန်လာခဲ့သည်။

ကျင့်ကြံခြင်းမပြုမီ သူ အရင်နေထိုင်သည့် အဆောက်အဦအဟောင်းတွင် ထားခဲ့သည့် ဝိညာဉ်သားရဲဥလေးကိုလည်း ဝိညာဉ်ဆေးရည်များဖြင့် လောင်းပေးရပေဦးမည်။

မော့ကျန်းသုန့်ကတော့ ကျန်းလန်ထွက်ခွာသွားသည်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့၏။

ဒီတပည့်လေးက သူမျှော်လင့်ထားသည်ထက်ပိုပြီး ထူးချွန်သူ ဖြစ်သည်။

ကျန်းလန်၏ အရည်အချင်းက အခြားတောင်ထွတ်များမှ တပည့်များထက် နိမ့်ကျသော်လည်း သူ့အတွက်တော့ လုံလောက်သည်ဟု ခံစားရသည်။

ဒီလိုတပည့်တစ်ယောက်ရထားသည်မှာ သူ့အတွက် အလွန်ပင် ကံကောင်းလှသည်။ ထိုသို့တွေးမိပါက သူ့ရင်ထဲတွင် ကြည်နူးခြင်းကို ခံစားရလေသည်။

သို့သော်… ကျန်းလန်က ပါရမီရှင်တစ်ယောက် မဟုတ်သောကြောင့် အင်မော်တယ်တစ်ပါးဖြစ်လာရန် ခက်ခဲမည် ဖြစ်သည်။

ထိုအချက်ကို မော့ကျန်းသုန့် သိရှိထားပြီး အစစအရာရာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။

အချိန်ကျလာသည့်အခါတွင်တော့ သူ၏ ဂုဏ်ယူစရာတပည့်လေးအတွက် အကောင်းဆုံးကူညီပေးရန် မော့ကျန်းသုန့် ဆုံးဖြတ်ထားလေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset