Switch Mode

အခန်း (၇၂)

ကျောက်စိမ်းရေကန်မှပစ်မှတ်ထားခံရသည့်အလား

အခန်း (၇၂) ကျောက်စိမ်းရေကန်မှပစ်မှတ်ထားခံရသည့်အလား

နဝမတောင်ထွတ်သို့ ကျရောက်သွားသည့် အလင်းတန်းက “ဝုန်း” ခနဲ ကျယ်လောင်သည့်အသံကြီးဖြင့် ပေါက်ကွဲထွက်သွားလေ၏။

ကျောက်စိမ်းရေကန်ဖွင့်ပွဲရောက်ရှိနေသည့် တပည့်များအားလုံး မြင်ကွင်းကို တွေ့မြင်လိုက်ကြရသည်။

ဤသည်က… ကျောက်စိမ်းရေကန်မှအလင်းတန်းက နဝမတောင်ထွတ်၏ ပတ်ဝန်းကျင်နယ်မြေအား ပြုပြင်ပြောင်းလဲပေးမည်ကို နဝမတောင်ထွတ်က လက်မခံသောကြောင့် ဖြစ်ရခြင်းပင်…။

မြင်ကွင်းကိုကြည့်ပြီး ကျန်းလန် သက်ပြင်းချလိုက်မိသည်။

နဝမတောင်ထွတ်က မရဏအငွေ့အသက်များ ဖုံးလွှမ်းနေသည့် နေရာတစ်ခု ဖြစ်၏။

ကျောက်စိမ်းရေကန်မှအလင်းတန်းသည်ပင် နဝမတောင်ထွတ်မှ မရဏအငွေ့အသက်များကို ခံနိုင်ရည် မရှိခဲ့ပေ။

ယခုအချိန်က မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ရန် အချိန်နီးကပ်နေပြီ ဖြစ်သောကြောင့် အခြေအနေက ပိုမိုဆိုးရွားသွားခြင်းလည်း ဖြစ်၏။

ကျောက်စိမ်းရေကန်မှ အလင်းတန်းမှာ ပေါက်ကွဲထွက်သွားပြီး တစ်စစီဖြစ်ကာ ပျောက်ကွယ်သွားလေသည်။

သာမန်အချိန်ဆိုလျှင်လည်း အလင်းတန်းက ပေါက်ကွဲထွက်မသွားသည့်တိုင် နဝမတောင်ထွတ်နှင့် မည်သည့်နည်းနှင့်မှ ပေါင်းစည်းနိုင်မည် မဟုတ်ပေ။

နဝမတောင်ထွတ်က ခွန်လွန်တောင်တွင် အထူးခြားဆုံး နေရာတစ်ခု ဖြစ်၏။

ထို့ကြောင့် ကျောက်စိမ်းရေကန်မှ အလင်းတန်း ပေါက်ကွဲပျက်စီးသွားသည်မှာ အံ့သြစရာကိစ္စ မဟုတ်ပေ။

သို့သော်… ယခုဖြစ်ရပ်ကြောင့် ခွန်လွန်တောင်မှ တပည့်များအလယ်တွင် နဝမတာင်ထွက် ယခင်ကထက်ပိုပြီး အပယ်ခံနေရာတစ်ခု ဖြစ်သွားနိုင်သည်။

ကျောက်စိမ်းရေကန်မှအလင်းတန်း အဘယ့်ကြောင့် ပေါက်ကွဲသွားရကြောင်း တပည့်များအားလုံ းအနည်းနှင့်အများ နားလည်လိုက်ကြသည်။

သို့သော်… မည်သူမှ ထိုအကြောင်း ပြောဆိုဆွေးနွေးခြင်း မပြုလုပ်ကြပေ။

နဝမတောင်ထွတ်ဆိုသည်က သူတို့ စိတ်ဝင်တစား အရေးအရာလုပ်ပြီး ဆွေးနွေးနေရမည့် နေရာတစ်ခု မဟုတ်ပေ။ ထိုကိစ္စကို ဆွေးနွေးမည်ဆိုလျှင် တောင်သခင်များသာလျှင် ဆွေးနွေးကြပေလိမ့်မည်။

ကျင်းထင်နှင့် မုရှိုးကတော့ ကျန်းလန်ကို ကြည့်လိုက်ကြ၏။ ကျန်းလန်က နဝမတောင်ထွတ်မှ တစ်ဦးတည်းသောတပည့် ဖြစ်နေသည် မဟုတ်ပါလား။

ကျောက်စိမ်းရေကန်မှ အလင်းတန်းက နဝမတောင်ထွတ်နှင့် ပေါင်းစည်းနိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့်… ကျောက်စိမ်းရေကန်မှ တန်ခိုးစွမ်းအားများကို နဝမတောင်ထွတ်တွင် ရရှိနိုင်မည် မဟုတ်တော့ပေ။

ထိုသို့ဆိုလျှင်… နဝမတောင်ထွတ်က အခြားတောင်ထွတ် (၈)ခုထက် ပိုမိုအားနည်းသွားပေလိမ့်မည်။

ထို့ကြောင့်… ကျန်းလန်အနေဖြင့် စိတ်မကောင်းဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ကျောက်စိမ်းရေကန်၏ ပြောင်းလဲမှုများက ဆက်လက်ဖြစ်ပေါ်လျှက် ရှိသည်။

ထို့ကြောင့်… တပည့်များအားလုံးက ကျောက်စိမ်းရေကန်၏ အခြေအနေကို ဆက်လက်အာရုံစိုက် ကြည့်ရှုနေကြသည်။

ဤသည်က… နှစ်ပေါင်းများစွာအတွင်း တစ်ကြိမ်တစ်ခါ ဖြစ်ပေါ်သည့် တစ်ခုတည်းသောပြောင်းလဲမှုဖြစ်သည် မဟုတ်ပါလား။

ကျန်းလန်ကတော့ သက်ပြင်းတစ်ချက်ချလိုက်မိသည်မှလွဲပြီး ထူးထူးခြားခြား စိတ်မသက်မသာဖြစ်ခြင်းမျိုး မခံစားခဲ့ရပေ။

နဝမတောင်ထွတ်ဆိုသည်က သူ့အတွက် ကျင့်ကြံရန် အသင့်တော်ဆုံး နေရာတစ်ခုဖြစ်သည်။

အခြားတောင်ထွတ်များက နဝမတောင်ထွတ်ထက် ပိုမိုသာလွန်သည်ဆိုလျှင်လည်း သူက အရေးမစိုက်ပေ။

ကျန်းလန်က အခြားတောင်ထွတ်များကို မနာလိုလည်းမဖြစ်မိသလို အားကျခြင်းလည်း မဖြစ်မိပေ။ သူက ဘက်မလိုက်သည့် ကြားနေသဘောထားကိုသာ ထားရှိခဲ့သည်။

ထိုအချိန်မှာပင်… ကျောက်စိမ်းရေကန်တွင် နောက်ထပ်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

ကျောက်စိမ်းရေကန်မှ မှိန်ဖျော့ဖျော့အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး အလင်းရောင်က လူတိုင်းကို ဖုံးလွှမ်းသွားသည်။

“ဗွမ်း…”

ထို့နောက်… ရေကန်ထဲမှ ရေစက်များက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွင့်စင်ထွက်လာသည်။

ရေစက်များက ဝိညာဉ်စွမ်းအားနှင့် ပြည့်ဝလျှက်ရှိပြီး ထူးဆန်းသည့်ရောင်ဝါများလည်း တောက်ပနေသည်။

ထိုရေစက်များက နေနှင့်လ၏ အနှစ်သာရများကို ပေါင်းစပ်ထားသည့် ရေပုလဲများ ဖြစ်ကြ၏။

ကျောက်စိမ်းရေကန်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကျောက်စိမ်းရေကန်မှ ဖွင့်ပွဲတက်ရောက်သူများကို ပေးအပ်သည့် လက်ဆောင်ဖြစ်လေသည်။

မည်သူမှ ဤသို့ အကျိုးအမြတ်ရလိမ့်မည်ဟု ထင်မထားလေရာ တပည့်များအားလုံး အံ့အားသင့်ပျော်ရွှင်သွားကြသည်။

ကျောက်စိမ်းရေကန်နှင့် အနီးဆုံးတွင် ရှိသူများက ကြီးမားသည့် ရေပုလဲများကို ရရှိသည်။

ကျန်းလန်မှာလည်း ကျောက်စိမ်းရေကန်အတွင်းပိုင်းနယ်မြေဖြစ်သည့် တောင်အစွန်းတစ်နေရာတွင် မတ်တတ်ရပ်နေသူ ဖြစ်လေသည်။ ထို့ကြောင့်… သူ့ရှေ့သို့ ရောက်လာသည့် ရေပုလဲမှာ ဘဲဥတစ်လုံးခန့် အရွယ်အစားရှိ၏။

အတွင်းပိုင်းနယ်မြေတွင်ရှိနေကြသည့် တပည့်များအားလုံး ဘဲဥအရွယ်အစားခန့်ရှိသည့် ရေပုလဲများကို ရရှိကြသည်။

ကျောက်စိမ်းရေကန်အတွင်းပိုင်းနယ်မြေသို့ မဝင်ရောက်နိုင်သည့် တပည့်များကတော့ လက်တစ်ဆစ်မျှသာရှိသည့် ရေပုလဲလုံးလေးများကို ရရှိကြသည်။

ကျန်းလန်က သူ့ရှေ့သို့ ရောက်လာသည့် ရေပုလဲကို ကြည့်နေပြီးမှ အခြားသူများ မည်သို့ပြုလုပ်သည်ကို လေ့လာလိုက်သည်။

ဂိုဏ်းတူအစ်ကိုများနှင့် ဂိုဏ်းတူအစ်မများက သူတို့ရှေ့ရောက်ရှိလာသည့် ရေပုလဲများကို ယူငယ်သိမ်းဆည်းလိုက်သည်ကို တွေ့လိုက်ရသည်။

ကျန်းလန်လည်း ရေပုလဲကို ယူရန် လက်လှမ်းလိုက်သည်။

ကျန်းလန် လက်ဖဝါးကို ဖြန့်လိုက်သည်နှင့် ရေပုလဲက သူ့လက်ဖဝါးထက်သို့ အလိုလို ကျဆင်းလာလေ၏။

ရေပုလဲက လက်ဖဝါးထက် ကျရောက်လာသည်နှင့် တောင်ပေါ်စမ်းရေအေးကဲ့သို့ အေးစိမ့်မှုသည့်အထိအတွေ့ကို ခံစားလိုက်ရသည်။

ရေပုလဲမှာ ဝိညာဉ်စွမ်းအားများနှင့် ပြည့်ဝနေပြီး ကျင့်ကြံခြင်းတွင် များစွာအထောက်အကူပြုနိုင်မည် ဖြစ်သည်။

သို့သော်… ရေပုလဲ ကျန်းလန်၏ လက်ဖဝါးထက်ကျရောက်လာသည်နှင့် ကျန်းလန်ဝတ်ဆင်ထားသည့် အဝတ်အစားများတွင် ကပ်ငြိနေသည့် မရဏငွေ့အသက်လေးများက ရေပုလဲကို စတင် တိုက်ခိုက်လိုက်ကြသည်။

သေးငယ်သည့် အနက်ရောင်မရဏအငွေ့အသက်များက ရေပုလဲအတွင်းသို့ ဝင်ရောက်သွားကြ၏။

မကြာမီ… ရေပုလဲ ဟန်ချက်ပျက်သွားပြီး အတွင်းပိုင်းဖွဲ့စည်းပုံ ပျက်စီးသွားသည်။

“ဖောင်း…”

ချက်ချင်းပင်… ရေပုလဲ အစိတ်စိတ်အမွှာမွှာ ကွဲကြေပျက်စီးသွားကာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ရေများ လွင့်စင်ထွက်ကုန်သည်။

ကျန်းလန်မှာလည်း တစ်ကိုယ်လုံး ရေများဖြင့် ရွှဲရွှဲစိုကုန်တော့၏။

အဖြစ်အပျက်က ရုတ်တရက် ဖြစ်လေရာ ကျန်းလန် အနည်းငယ် အံ့အားသင့်သွားရသည်။

ရေပုလဲမှာ တစ်စစီ ပေါက်ကွဲထွက်သွားပြီ ဖြစ်သည်။

ကျန်းလန်၏ အဝတ်အစားများမှ အနက်ရောင်မရဏအငွေ့အသက်များ ထွက်ပေါ်နေပြီး တစ်ကိုယ်လုံး ရေများလည်း စိုရွှဲလျှက် ရှိသည်။

ရေပုလဲကွဲကြေသွားသည့်တိုင် ရေပုလဲအတွင်းမှ ဝိညာဉ်စွမ်းအားရောင်ဝါကတော့ ပျက်စီးသွားခြင်း မရှိခဲ့ပေ။ သို့သော်… ရေစက်များကို ဘဲဥပုံသဏ္ဍန် ပြန်လည်အစိုင်အခဲပြုလုပ်ရန် မဖြစ်နိုင်တော့ပေ။

ကျန်းလန်မှာ မည်သို့မှမတတ်နိုင်ဘဲ ဒီအတိုင်းသာ ကြည့်နေရတော့သည်။

ကျန်းလန် လက်ကိုဖြည်းဖြည်းချင်းအောက်သို့ ပြန်ချလိုက်သည်။

ရေပုလဲက ရုတ်တရက် ပေါက်ကွဲသွားခြင်းကြောင့် “ဖောင်း” ကနဲ ထွက်ပေါ်လာသည့် အသံကျယ်ကြီးကို လူတိုင်းကြားလိုက်ရသည်။

ထို့ကြောင့်… အားလုံး၏ အကြည့်များက ကျန်းလန်ရှိရာသို့ ရောက်ရှိလာ၏။

ခန္ဓာကိုယ်မှ အနက်ရောင်အငွေ့အသက်များထွက်ပေါ်နေပြီး တစ်ကိုယ်လုံး ရေများစိုရွှဲနေသည့် ကျန်းလန်ကို အားလုံးက တအံ့တသြဖြင့် ဝိုင်းကြည့်နေကြသည်။

အဘယ့်ကြောင့် ရေပုလဲက ရုတ်တရက် ကွဲကြေသွားရပါသနည်း…။

“ဘာဖြစ်သွားတာလဲ…”

လူအများစုက ဘာဖြစ်သွားမှန်း မသိကြပေ။

ကျောက်စိမ်းရေကန်က ကျန်းလန်ကို လက်မခံသောကြောင့်လား…။

သို့မဟုတ်… ကျောက်စိမ်းရေကန်အတွင်းဝင်ရောက်သွားသည့် ကျောက်စိမ်းရေကန်နတ်ဘုရားမက ကျန်းလန်ကို မကျေနပ်သည့်အတွက်လား…။

အတွေးများစွာဖြင့် လူအများက ကျန်းလန်ကို ဝိုင်းကြည့်နေကြလေသည်။

သို့သော်… အဋ္ဌမတောင်ထွတ်မှ လုအန်းက အားလုံးသိချင်နေသည့် အဖြေကို ပြောပြလိုက်သည်။

“ဂိုဏ်းတူညီလေးရဲ့ အဝတ်အစားတွေမှာ ကပ်ငြိနေတဲ့ မရဏအငွေ့အသက်တွေကြောင့် ရေပုလဲ ပေါက်ကွဲသွားရတာပဲ… ၊ ဒီလိုဖြစ်မယ်ဆိုတာကို ဂိုဏ်းတူညီလေးကိုယ်တိုင်တာင် မသိရှာဘူးထင်တယ်…”

လုကျန်း၏ စကားကိုကြားရမှနဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေးမှာ ကျောက်စိမ်းရေကန်မှ ပစ်မှတ်ထားခံရခြင်း မဟုတ်ကြောင်း သိလိုက်ကြရသည်။

ဖြစ်ရပ်က နဝမတောင်ထွတ်နှင့် ပတ်သက်နေသည် မဟုတ်ပါလား။

နဝမတောင်ထွတ်က မရဏအငွေ့အသက်များဖြင့် ပြည့်နက်နေသည့် နေရာတစ်ခု ဖြစ်သည်။ ထို့ကြောင့်… နဝမတောင်ထွတ်မှတပည့်၏ အဝတ်အစားများတွင် မရဏအငွေ့အသက်များ ကပ်ငြိနေသည်မှာ အဆန်းမဟုတ်ပေ။

ယခုတော့… နဝမတောင်ထွတ်နှင့် ပေါင်းစပ်မည့် ကျောက်စိမ်းရေကန်မှ အလင်းတန်းမှာလည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့သလို ရေပုလဲသည်လည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေခဲ့ရပြီ ဖြစ်သည်။

နဝမတောင်ထွတ်နှင့် ကျောက်စိမ်းရေကန် ထိပ်တိုက်ရင်ဆိုင်နေရသည့်အလားပင် ဖြစ်၏။

တပည့်များအားလုံး စကားမဆိုကြသော်လည်း သူတို့စိတ်ထဲမှ တူညီသည့်အတွေးများကို မျက်ဝန်းများက ဖော်ပြနေကြသည်။

သို့သော်… ကျင့်ကြံသူများဖြစ်သည့်အလျှောက် သိပ်ပြီးခေါင်းထဲမထားခဲ့ကြပေ။

လူတိုင်းက ကိုယ့်လမ်းကိုယ်လျှောက်ကြသည်ပဲ ဖြစ်သည်။

ကျင့်စဉ်လမ်းသို့ လိုက်မည်ဆိုလျှင် အရည်အချင်းရှိရန်လိုအပ်သလို ကံကောင်းရန်လည်း လိုအပ်သည်။

နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေးကတော့ အရည်အချင်းလည်းသိပ်မရှိသလို ကံလည်းမကောင်းရှာပေ။

သူ… လျှောက်လှမ်းမည့် ကျင့်စဉ်လမ်းကတော့ မည်သို့ဖြစ်မည်လဲ မသိနိုင်ပေ။

ကျင်းထင်က ကျန်းလန်ကို လှမ်းကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

နဝမတောင်ထွတ်မှ ဂိုဏ်းတူညီငယ်က စိတ်သဘောထား မဆိုးလှပေ။ သူ့ကိုလည်း ယခင်က ကူညီပေးခဲ့သူ ဖြစ်သည်။

သို့သော်… နဝမတောင်ထွတ်မှ တပည့်တစ်ယောက်ဖြစ်ရခြင်းကြောင့် ဝေဖန်ထိုးနှက်မှုများကို ကြံ့ကြံ့ခံနေရသည်မှာတော့ သနားစရာကောင်းလှသည်။

တတ်နိုင်မည်ဆိုလျှင် ညီငယ်ကို သူ ကူညီပေးချင်ပါ၏။ သို့သော်… တကယ်တမ်း သူလည်း ဘာမှတ်မတတ်နိုင်ပေ။

ဟုန်လွမ်နှင့် လင်အန်းကတော့ ကျန်းလန်ကို ကြည့်နေကြဆဲ ဖြစ်သည်။

ကျန်းလန်က နဝမတောင်ထွတ်မှ တပည့်ဖြစ်ကြောင်း ယခုမှ သူတို့ သိရှိရခြင်း ဖြစ်၏။

ရေပုလဲဆိုသည်က ရခဲလှသည့် ရတနာပစ္စည်းဖြစ်ပြီး ကျင့်ကြံခြင်းတွင် များစွာ အထောက်အကူဖြစ်သည်။ ယခု ရေပုလဲပေါက်ကွဲသွားပြီဖြစ်လေရာ ထိုဂိုဏ်းတူညီလေးမှာ အဘယ်မျှ ကံဆိုးလိုက်ပါသနည်း…။

ပထမတောင်ထွတ်မှ လင်အန်းက…

“နဝမတောင်ထွတ်က တပည့်က စိတ်စွမ်းအားအရမ်းကောင်းတယ်လို့ ကြားဖူးတယ်… ၊ ခုလို အရှက်တကွဲကိစ္စတွေဖြစ်ရတော့ သူတည်ငြိမ်နေနိုင်မလား ဒါမှမဟုတ် သူ့ရင်ထဲ မုန်တိုင်းထန်နေမလားဆိုတာ သိချင်မိတယ်…”

ထိုကိစ္စကို လင်အန်း အမှန်တကယ်ပင် သိချင်နေသည်။

သို့သော်… ဟုန်လွမ်ကတော့ မည်သည့်စကားမှ မဆိုဘဲ ခေါင်းတစ်ချက်သာ ခါရမ်းလိုက်၏။

သူမ ထိုကိစ္စများကို မတွေးလိုပေ။ သူမနှင့် သက်ဆိုင်သည့်ကိစ္စမှ မဟုတ်ပေပဲ…။

ကျန်းလန်ကတော့ နေရာတွင်ပင် တည်ငြိမ်စွာဖြင့် ရပ်နေလေ၏။

ရေပုလဲပေါက်ကွဲသွားခြင်းကြောင့် သူ့ရင်ထဲ မည်သို့မှ မခံစားရပေ။

ရေပုလဲမရှိလည်း စနစ်မှပေးသည့် ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကား ရှိနေသည်ပဲ မဟုတ်လား။

သူ့ခေါင်းထဲတွေးနေသည်က ကျောက်စိမ်းရေကန်ဖွင့်ပွဲပြီးလျှင် တောင်ပေါ်ပြန်ပြီး အလျှင်အမြန် ကျင့်ကြံရန်သာ ဖြစ်သည်။ ဤသည်က သူအလုပ်ချင်ဆုံး အလုပ်ဖြစ်၏။

ထိုအချိန်…

ကျောက်စိမ်းရေကန်ထဲမှ လုန်ယွိက ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။

ရေပုလဲပေါက်ကွဲသွားသောကြောင့် တစ်ကိုယ်လုံး ရေများရွှဲရွှဲစိုနေသည့်တိုင် တည်ငြိမ်စွာ မတ်တတ်ရပ်နေသည့် ကျန်းလန်ကို သူမ ကြည့်နေခဲ့သည်။

ထို့နောက်… သူမ ရေကန်ထဲမှ ထွက်လာလေ၏။

လုန်ယွိ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ကျောက်စိမ်းရေကန်တစ်ခုလုံး လှုပ်ရှားသွားပြီး မရေမတွက်နိုင်သည့် ရေစီးကြောင်းများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။

ရေစီးကြောင်းများက လုန်ယွိသွားလေရာရာသို့ စီးဆင်းလိုက်ပါလာကြသည်။

ကျောက်စိမ်းရေကန်နတ်ဘုရားမ ရုတ်တရက် လှုပ်ရှားမှုပြုလုပ်လိုက်သောကြောင့် အားလုံးက သူမကို အာရုံစိုက်လိုက်ကြသည်။

လုန်ယွိကတော့ ကျောက်စိမ်းရေကန်ထဲမှ ခြေလှမ်းတစ်လှမ်းချင်းလှမ်းကာ အပြင်ဘက်သို့ ထွက်လာလေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset